မင်းတို့ဘိုးဘေးတွေကို မှတ်မိရင်လည်း မျိုးနွယ်စုထဲကို ပြန်လာခဲ့
Vol. 42 Ch. 625
"ဒါ.. ဒါက နင့်မိသားစုထဲက အစေခံတွေတည်ထောင်ထားတဲ့နိုင်ငံလား"
ထိုPPTများကို နားထောင်ပြီးနောက် ကျန်းမုန့်လောင်၏မိသားစုက ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲဆိုသည်ကို အဆုံးမှာတော့ လုရီယောင် နားလည်လိုက်လေပြီ။ သူတို့က နှစ်ပေါင်းငါးထောင်သက်တမ်းရှိသော စည်းစိမ်ဥစ္စာများကို လက်ဆင့်ကမ်းလာခဲ့ကြပြီး လူသားများ၏စိတ်ကူးထက် ကျော်လွန်သော အားသာချက်တစ်ခုရှိနေပေသည်။ မျိုးဆက်ဆယ်ဆက်တိတိ ဦးနှောက်သေသွားလျှင်ပင် ချမ်းသာမြဲချမ်းသာနေဦးမည်သာ။
သို့သော် တစ်ကမ္ဘာလုံး၏ အာရုံစိုက်မှုကို ရရှိထားပြီး ရှေးဟောင်းမျိုးနွယ်စုလေးခုကိုပင် ကျော်လွန်နေသည့် ရှာဖွေတွေ့ရှိခါစ ဤမျိုးနွယ်စုကြီးမှာ ကျန်းမုန့်လောင်၏မိသားစုထဲရှိ အစေခံများ တည်ထောင်ထားသတဲ့။ ဤသည်မှာ စင်စစ်အံ့ဩဖွယ်ရာပင်။
"ဟုတ်မယ်"
ကျန်းမုန့်လောင်လည်း သေချာမသိပေ။ အကြောင်းမှာ သူ့မိသားစုထဲရှိ ဘယ်အစေခံများက ဤနိုင်ငံကို တည်ထောင်ခဲ့သလဲဆိုသည်ကို သူ လုံးဝမသိချေ။ ထိုမျိုးနွယ်စုအမှတ်တံဆိပ်သာမရှိလျှင် ဤမျိုးနွယ်စုကို သူ့မိသားစုထဲရှိ အစေခံများ ဖန်တီးထားသည်ဟု ထင်မိမည်မဟုတ်ချေ။
"ဟုန်းရီ မင်းရောသိလား"
"ကျွန်မသိပါတယ်"
ဟုန်းရီက ဆို၏။
"ကျွန်မတို့မှာ လက်အောက်ခံမိသားစုတွေနဲ့ အစေခံတွေအပါအဝင် ရှင်တို့မိသားစုရဲ့မိသားစုအခွဲတိုင်းအတွက် အသေးစိတ်မှတ်တမ်းတွေ ရှိပါတယ်။ ဒီနိုင်ငံက အားပုရှယ်လို့ခေါ်တဲ့ အစေခံမျိုးနွယ်စုတစ်ခုက တည်ထောင်ထားတာဖြစ်ပါလိမ့်မယ်"
"အသေးစိတ်ရှင်းပြပေးလို့ရမလား"
ကျန်းမုန့်လောင် တောင်းဆိုလိုက်သည်။
"ရပါတယ်"
ဟုန်းရီကလည်း ပြန်ဖြေလိုက်၏။
"အဲဒီနှစ်တုန်းက ရှင့်ဘိုးဘေးတစ်ယောက် နယ်ပယ်တစ်ခုကို ထိုးဖောက်ကျော်လွှားခဲ့တဲ့အချိန်ပဲဖြစ်မယ်။ ပတ်ပတ်လည်မှာရှိတဲ့ စွမ်းအင်တွေ မတည်မငြိမ်ဖြစ်သွားလို့ မိုးကြိုးမုန်တိုင်းပြင်းတွေ ကျရောက်ပြီး သူ့စွမ်းအားကြောင့် ငလျင်တွေတောင် လှုပ်ခတ်ခဲ့တယ်။ အဲဒါကြောင့် သူတို့ တည်ဆောက်ထားတဲ့မြို့ကို လုံးဝပျက်စီးစေခဲ့တယ်"
"မစ္စတာကျန်းရဲ့ဘိုးဘေးက အဆင့်ဖြတ်ကျော်ပြီးတဲ့နောက် အရှေ့တောင်အာရှမှာ သယံဇာတပေါများတယ်ဆိုတာကို အာရုံရလို့ သတိထားမိလိုက်လို့ ကျန်းမိသားစုရဲ့တိုက်ရိုက်မျိုးဆက်တွေနဲ့ လက်အောက်ခံမိသားစုတွေကိုခေါ်ပြီး ထွက်သွားခဲ့တယ်။ ကျန်ရစ်ခဲ့တဲ့ လက်အောက်ခံမိသားစုတွေနဲ့ အစေခံမိသားစုတွေကတော့ နေရာရွှေ့ပြောင်းပြီး အသက်မွေးဝမ်းကြောင်းပြုခဲ့ရတာပေါ့"
"ဒါဆို အားပုရှယ်မျိုးနွယ်စုက ကျန်ရစ်ခဲ့တဲ့အဖွဲ့ကပေါ့"
"ဟုတ်ပါတယ်"
ဟုန်းရီ ခေါင်းညိတ်ပြလိုက်သည်။
"မှတ်တမ်းတွေအရ အားပုရှယ်မျိုးနွယ်စုခေါင်းဆောင်ဆီမှာ အရမ်းချစ်ဖို့ကောင်းတဲ့ သားတစ်ယောက်ရှိပါတယ်။ မစ္စတာကျန်းရဲ့ဘိုးဘေးက ဒီကလေးကို အရမ်းချစ်လို့ အဆင့်မြင့်သတ္တုဗေဒနဲ့ စိုက်ပျိုးရေးပညာတချို့ကို သင်ပေးခဲ့ပါတယ်။ အခုခေတ်နဲ့ယှဉ်လိုက်ရင် ကိရိယာတချို့မရှိတာကလွဲရင် ခေတ်နောက်ကျနေတာမျိုးမရှိပါဘူး"
"သူတို့က အခု ချင်းချိုနိုင်ငံရှိတဲ့နေရာကို ရွှေ့ပြောင်းသွားခဲ့ကြတာပေါ့"
"မှန်ပါတယ်"
ဟုန်းရီက ဆက်ပြောသည်။
"အဲဒီအချိန်တုန်းက အဲဒီနေရာမှာ အရမ်းတိတ်ဆိတ်တဲ့ မီးတောင်ရှင်ကြီးတစ်ခုရှိတယ်။ ဒါပေမဲ့ အရင်တုန်းက ပေါက်ကွဲခဲ့ဖူးတာကြောင့် အဲဒီကထွက်တဲ့ ပြာတွေက မြေဆီလွှာကို မြေဩဇာပြည့်ဝစေပြီး အဲဒီခေတ်မှာ နေထိုင်ဖို့အတွက် အကောင်းဆုံးဒေသတစ်ခု ဖြစ်လာစေခဲ့တယ်။ ဒါနဲ့ သူတို့ကလည်း အဲဒီမှာပဲ မျိုးနွယ်စုကိုတည်ထောင်ပြီး လယ်ယာစိုက်ပျိုးရေး၊ မျိုးပွားရေးနဲ့ အဂ္ဂိရတ်နည်းပညာတွေကို လေ့ကျင့်ခဲ့ကြတယ်"
"မစ္စတာကျန်းရဲ့ဘိုးဘေးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သူတို့က မြေအောက်နန်းတော်တစ်ခုကို ဆောက်လုပ်ပြီး သူတို့ရဲ့ မျိုးနွယ်စုအမှတ်တံဆိပ်ကို ရွှေနဲ့ ပုံသွန်းခဲ့ကြတယ်"
"ဒါဆို သူတို့က ဘာလို့ ဆက်မကြီးပွားနိုင်ခဲ့တာလဲ"
"ပြဿနာကတော့ မီးတောင်ပါပဲ"
ဟုန်းရီက ရှင်းပြလိုက်ပြန်သည်။
"ကံဆိုးမိုးမှောင်ကျတာလို့ပဲ ပြောရတော့မှာပေါ့။ နှစ်ထောင်ပေါင်းများစွာ မပေါက်ကွဲခဲ့တဲ့ မီးတောင်ကြီးက သူတို့တွေ ရှေးဟောင်းနိုင်ငံကို တည်ထောင်ပြီး နှစ်သုံးရာကျော်မှာပဲ ပေါက်ကွဲခဲ့တယ်။ ရှေးဟောင်းနိုင်ငံထဲက လူအားလုံးနီးပါး ကပ်ဘေးကနေ မလွတ်မြောက်ခဲ့ကြဘဲ မီးတောင်ပြာတွေအောက်မှာ မြှုပ်နှံခံခဲ့ရတယ်။ အဲဒီလိုနဲ့ မကြာသေးခင်ကမှ သူတို့ကို ရှာဖွေတွေ့ရှိခဲ့တာပါ"
"တကယ်တော့ အရမ်းနှမြောဖို့ကောင်းတာပဲ"
ကျန်းမုန့်လောင်မှာ စိတ်မကောင်းဖြစ်သွားရသည်။ ဤကပ်ဘေးသာ မရှိခဲ့လျှင် ယနေ့ ချင်းချိုးနိုင်ငံဆိုတာလည်း ရှိလာမည်မဟုတ်ချေ။ ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုနှင့် ယှဉ်ပြိုင်နိုင်ပြီး ယနေ့အထိ ထင်ရှားနေမည့် ကြီးကျယ်မြင့်မြတ်လှသော နိုင်ငံတစ်ခု ဖြစ်နေမည်သာ။။
"ဒါနဲ့ ငါတို့မိသားစုက တခြားမျိုးနွယ်စုတွေကိုရော ချန်ထားခဲ့တာမျိုး ရှိသေးလား"
ကျန်းမုန့်လောင်က သိချင်စိတ်ဖြင့် မေးလိုက်၏။
"ရှိပါတယ်"
ဟုန်းရီက အတည်ပြုလိုက်သည်။
"ဂန္ဓာရမျိုးနွယ်စု၊ အက်ဇ်တက်မျိုးနွယ်စု၊ မာယန်မျိုးနွယ်စု၊ မက်ဆိုပိုတေးမီးယားမျိုးနွယ်စုနဲ့ တခြားရှေးဟောင်းမျိုးနွယ်စုအများအပြားက မစ္စတာကျန်းရဲ့မိသားစုနဲ့ ဆက်စပ်ပြီး တည်ထောင်ထားခဲ့တာတွေပါပဲ။ ဒဏ္ဍာရီတွေထဲမှာပဲ ရှိတယ်လို့ယူဆရတဲ့ မျိုးနွယ်စုတော်တော်များများလည်း တကယ်ရှိခဲ့ပါတယ်"
"မအံ့ဩတော့ပါဘူး"
ကျန်းမုန့်လောင်မှာ အံ့ဩနေဟန်မတူဘဲ ပြောလိုက်သည်။ ဥပမာ ဂန္ဓာရမျိုးနွယ်စုကိုပင် ကြည့်ပါလေ။ ထိုမျိုးနွယ်စုမှာ အနာဂတ်ကို ကြိုမြင်နိုင်သည့် စွမ်းရည်ရှိသည်ဟု ဆိုကြ၏။ ဤမျိုးနွယ်စုထဲရှိ အမျိုးသားများဆိုလျှင် နဖူးပေါ်မှာ တတိယမျက်လုံးရှိပြီး အံ့ဖွယ်စွမ်းအားများကိုပါ ပိုင်ဆိုင်ထားသည်ဟုလည်း ဆိုကြသည်။
သို့သော် ဒဏ္ဍာရီဆိုသည်မှာ ဒဏ္ဍာရီသက်သက်သာ။ မယုံနိုင်စရာကောင်းသော ဤပုံပြင်များကို အသိအမှတ်ပြုထားခြင်းလည်း မရှိခဲ့ပေ။ သို့သော် ယခုပြန်စဉ်းစားကြည့်မည်ဆိုပါက ဤဒဏ္ဍာရီများဟာ မှန်ကန်နေခြင်းမျိုးလည်း ဖြစ်နိုင်သည်။ ကျန်းမိသားစုဝင်များမှာ ထိုစဉ်တုန်းက ထူးရှယ်နတ်ဘုရားကျောင်းတော်မှ နတ်ဘုရားအလား စွမ်းအားများကို ရရှိခဲ့ကြခြင်းဖြစ်သောကြောင့် ထိုအစေခံများနှင့် လက်အောက်ခံမိသားစုတချို့ကို ဤပညာများ သင်ပေးခဲ့ခြင်းလည်း ဖြစ်နိုင်သည်။
အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်ခြင်းပင်ဖြစ်စေ၊ တတိယမျက်လုံးရှိခြင်းပင်ဖြစ်စေ အရေးမကြီးချေ။ ခေါင်းပေါ်မှာ ဦးချိုပေါက်ခြင်း သို့မဟုတ် အနောက်မှာ အမြီးရှိခြင်းကလည်း ထူးဆန်းသောကိစ္စတစ်ရပ် မဟုတ်တော့ပေ။
"ဒီတစ်ခါတော့ ငါ တကယ်အံ့သြသွားပြီ!"
ကျန်းမိသားစု၏ဇာတ်လမ်းကို ကြားပြီးနောက် လုရီယောင်ခမျာ ထိတ်လန့်သွားရလေသည်။
"ဒါက ကမ္ဘာမြေတစ်ခုလုံးကို နင်တို့မိသားစုက ပိုင်တယ်လို့ပြောတာနဲ့ ဘာကွာလို့လဲ။ ငါက ကမ္ဘာဂြိုဟ်ရဲ့အရှင်သခင်နဲ့ တွဲနေတာလား။ ဘုရားရေ"
"အသာလုပ်ပါ"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်၏။
"ဒါပေမဲ့ ဒီမျိုးနွယ်စုက ချင်းချိုးနိုင်ငံနဲ့ ဘာမှမဆိုင်သလိုပဲ။ သူတို့က ဒီမျိုးနွယ်စုနဲ့ ပတ်သက်မှုရှိတယ်တို့ သူတို့က အဲဒီမျိုးနွယ်စုရဲ့ မျိုးဆက်တွေပါလို့ အတင်းအကျပ်ပြောနေရင်လည်း ငါ့ဘက်က ကန့်ကွက်စရာမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် အစေခံမျိုးဆက်ရဲ့ နိုင်ငံတစ်နိုင်ငံပေါ်လာတာကလည်း သိပ်မဆိုးပါဘူး"
"ဟားဟားဟား နင်ကအရမ်းဆိုးတာပဲ!"
"သူတို့ အရမ်းမမောက်မာဖို့ပဲ မျှော်လင့်တယ်။ မဟုတ်ရင်တော့..."
ကျန်းမုန့်လောင်က စကားမဆုံးခင်မှာပင် မျက်လုံးများမှာ အနည်းငယ်အေးစက်သွားသည်။
"ငါ တကယ်စိတ်ကုန်နေပြီ။ သူတို့ ဘယ်ကနေများ ဒီလိုမာန်မာနမျိုးကိုရလာပြီး ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုကို စိန်ခေါ်ရဲတာလဲ"
"ဘာဖြစ်လို့လဲ"
လုရီယောင်က စပ်စုလိုဟန်ဖြင့် မေးလိုက်၏။
"ကြည့်လိုက်"
ကျန်းမုန့်လောင်က သူမကို ဖုန်းထိုးပေးလိုက်သည်။
"သူတို့က ကုလသမဂ္ဂကိုတောင် လျှောက်ထားနေကြပြီ။ ခေတ်သစ်ကမ္ဘာရဲ့ ထိပ်တန်းရှေးဟောင်းမျိုးနွယ်စုကြီးလေးခုထဲက တစ်ခုအဖြစ် အသိအမှတ်ပြုပေးဖို့တဲ့!"
ချင်းချိုးနိုင်ငံရှိ သမိုင်းပညာရှင်များမှာ ဤရက်ပိုင်းအတွင်း အလွန်အလုပ်ရှုပ်နေကြသည်။ တချို့က အမွေအနှစ်အဖြစ် လျှောက်ထားနေကြပြီး တချို့ကမူ မူပိုင်ခွင့်အတွက် မှတ်ပုံတင်နေကြ၏။ တချို့ဆိုလျှင် ကုန်အမှတ်တံဆိပ် လျှောက်ထားဖို့အထိ လုပ်နေကြသည်။
နှစ်ပေါင်းငါးထောင်ကျော်သမိုင်းရှိသည့် ရှေးဟောင်းနိုင်ငံတစ်ခုနှင့် သူတို့ကိုယ်သူတို့ ဆက်စပ်နိုင်မည်ဆိုပါက ဤသည်မှာ သူတို့အတွက် ဂုဏ်အယူရဆုံးသော အောင်မြင်မှုတစ်ခု ဖြစ်လာလိမ့်မည်။
မကြာသေးမီကပင် ချင်းချိုးနိုင်ငံရှိ သမိုင်းပညာရှင်တစ်ဦးက သူတို့ချင်းချိုးနိုင်ငံသားများဟာ ဤရှေးဟောင်းမျိုးနွယ်စု၏ မျိုးဆက်သစ်များဖြစ်ကြောင်း သက်သေပြနိုင်မည့် အထောက်အထားများကို အပျက်အစီးတချို့မှာ တွေ့ရှိခဲ့သည်ဟု ကြေညာထားသည်။
ချင်းချိုးနိုင်ငံထဲရှိ တောင်ပေါ်ရွာလေးတစ်ခုမှာ အလွန်သေးငယ်ပြီး အနည်းငယ်ခေတ်နောက်ကျနေသေးသည့် တိုင်းရင်းသားမျိုးနွယ်စုတစ်ခုရှိသည်။ သူတို့တည်ဆောက်ထားသည့် ဘုရားကျောင်းထဲတွင် ထိုရှေးဟောင်းမျိုးနွယ်စု၏ အမှတ်တံဆိပ်နှင့် တစ်ထပ်တည်းတူညီသည့် နတ်ဘုရားရုပ်ထုတစ်ခု ရှိနေချေသည်။
ဤရွာထဲရှိ သက်ကြီးရွယ်အိုများကမူ သူတို့မျိုးနွယ်စုဟာ ဤတောင်ပေါ်ရွာလေးမှာ သူတို့တစ်သက် နေထိုင်လာခဲ့ခြင်းဖြစ်ပြီး ခေတ်သစ်စစ်ပွဲများနှင့် မြို့ပြ၏ခေတ်မီတိုးတက်မှုများကို ဖြတ်သန်းခဲ့ရသော်ငြား သူတို့ရွာလေးကတော့ ပျောက်ကွယ်မသွားခဲ့ဘူးဟု ဆိုကြသည်။ သူတို့ ဤရွာတွင်နေလာခဲ့သည်မှာ ဘယ်လောက်ကြာသွားပြီလဲဆိုသည်ကိုပင် သူတို့ကိုယ်တိုင် မသိကြချေ။
ဤသည်မှာ အငြင်းပွားဖွယ်ရာ သတင်းကြီးတစ်ပုဒ်ပင်။ ချင်းချိုးနိုင်ငံသားများက ဤဇာတ်လမ်းကိုစုစည်းပြီး မွမ်းမံလိုက်သည်နှင့် ဤရွာသားများက ရှေးဟောင်းမျိုးနွယ်စု၏ တိုက်ရိုက်မျိုးဆက်များ ဖြစ်သွားပြီး ချင်းချိုးလူမျိုးများဟာ ရှေးဟောင်းမျိုးနွယ်စု၏ မျိုးဆက်များ ဖြစ်လာမည်မှာ သံသယဖြစ်စရာမရှိပေ။
ဤအကွက်တစ်ကွက်တည်းနှင့် ချင်းချိုးနိုင်ငံသားများမှာ အစုလိုက်အပြုံလိုက် စိတ်လှုပ်ရှားကုန်ကြသည်။ ထို့နောက် မိုက်မဲသည့် ရွေးချယ်မှုများကို အလွယ်တကူချမှတ်ကြတော့သည်။
သူတို့က နိုင်ငံတကာအဖွဲ့အစည်းအား ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုကို ငါးခုအဖြစ် ပြောင်းလဲဖို့ တောင်းဆိုခဲ့ခြင်းမဟုတ်ဘဲ ရှေးဟောင်းမျိုးနွယ်စုအဟောင်းလေးခု၏နေရာကို အစုအသစ်တစ်ခုအနေနှင့် အစားထိုးချင်နေကြခြင်းပင်။
ထို့ပြင် သူတို့သည် တစ်ချိန်ကရှိခဲ့ဖူးသည့် ရှေးဟောင်းမျိုးနွယ်စုကြီးငါးခု၏နေရာကိုပါ ယူဖို့ ရည်ရွယ်ထားကြသည်။
ဤသည်မှာ ရေးကြီးခွင်ကျယ်မဟုတ်ဘူးဟု ထင်ရသော်လည်း ကမ္ဘာက အသိအမှတ်ပြုထားသည့် အချက်အလက်များအရ ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုထဲတွင် ဟွာရှားနိုင်ငံက သမိုင်းကာလအတိုဆုံးဟု သတ်မှတ်ခံထားရသည်။
ဟွာရှားနိုင်ငံ၏ ရှမင်းဆက်ယဉ်ကျေးမှုကို ဆက်လက်ခြေရာခံ၍ ရနိုင်သော်ငြား ထိုဖြစ်တည်မှုကို ကမ္ဘာ့သမိုင်းနှင့် ရှေးဟောင်းသုတေသနပညာက အသိအမှတ်မပြုခဲ့ပေ။ သူတို့သည် ဘီစီ၁၅၀၀ဝန်းကျင်က ရှန်းမင်းဆက်ကစတင်သော ဟွာရှားယဉ်ကျေးမှုကိုသာ အသိအမှတ်ပြုထားသည်။
သမိုင်းကြောင်းအရ ရှေးဟောင်းမျိုးနွယ်စုစာရင်းထဲမှ တစ်ခုကို အမှန်တကယ်ဖယ်ရှားရမည်ဆိုပါက ဟွာရှားနိုင်ငံက ဖယ်ရှားခံရမည့်အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။
ဤအဖြစ်ကို ဘယ်ဟွာရှားလူမျိုးကများ သည်းခံနိုင်မည်နည်း။
မင်းတို့က ရှေးဟောင်းယဉ်ကျေးမှုတစ်ခုကို အားကိုးပြီး အခုကျတော့ နှစ်ပေါင်းငါးထောင်သမိုင်းကြောင်းရှိတဲ့ ဟွာရှားနိုင်ငံကို စိန်ခေါ်ရဲတယ်ဟုတ်လား။ မင်းတို့ဦးနှောက်ထဲမှာ အညစ်အကြေးတွေနဲ့ ပြည့်နေပြီလား။
ဤသတင်းကိုဖတ်ပြီး ကျန်းမုန့်လောင် သွေးတက်လာတာ မဆန်းပါချေ။
မင်းတို့ကို ဆုံးမထားတာ မလုံလောက်သေးလို့လား...
ကျန်းမုန့်လောင်က ဖေ့စ်ဘွတ်ခ်ကိုဖွင့်ပြီး ထိုသတင်းကိုကြေညာခဲ့သည့် ချင်းချိုးနိုင်ငံ၏ တရားဝင်အကောင့်ကို မန်းရှင်းခေါ်လိုက်သည်။
"ဒါဆို မင်းတို့က အဲဒီရှေးဟောင်းမျိုးနွယ်စုရဲ့ မျိုးဆက်တွေလို့ ပြောချင်တာပေါ့လေ။ သူတို့က ငါ့မိသားစုရဲ့ အစေခံတွေကွ။ ဒီတော့ မင်းတို့ရဲ့မျိုးရိုးကို အသိအမှတ်ပြုပြီး မျိုးနွယ်စုဆီကို အမြန်ပြန်လာခဲ့ကြတော့"
*****************