ဩဇာတိက္ကမကြီးမားသူများ အားလုံးပေါ်ထွက်လာခြင်း
Vol. 42 Ch. 626
"ဟားဟားဟား ကျန်းမုန့်လောင်တော့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေပြန်ပြီ။ ဒါပေမဲ့ ငါကတော့ သဘောကျတယ်!"
"ငါထင်တာကတော့ လုံးဝအဓိပ္ပာယ်မရှိတာလည်း ဟုတ်ချင်မှဟုတ်မယ်။ မင်းတို့တွေးကြည့်လေ။ ကျန်းမိသားစုက ဒီလောက်ချမ်းသာနေတာ အဲဒီခေတ်တွေကတည်းက အမွေဆက်ခံလာတာလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ သူက အဲဒီရှေးဟောင်းမျိုးနွယ်စုရဲ့ တိုက်ရိုက်မျိုးဆက်လည်း ဖြစ်နေနိုင်တယ်!"
"အပေါ်ထပ်ရေ ဒီမှာရော့ ခဲတံ။ မင်းရဲ့လက်ရာမပါရင် ဒီနှစ်ဟူဂိုဆုပေးပွဲကို ငါ မကြည့်တော့ဘူး!"
ကျန်းမုန့်လောင်၏စကားနှင့်ပတ်သက်ပြီး အင်တာနက် အသုံးပြုသူများက စနောက်သည်ဟုသာ သဘောထားကြသည်။ အကြောင်းမှာ လွန်ခဲ့သည့်နှစ်ငါးထောင်ကျော်က နိုင်ငံဆိုသည်မှာ လက်ရှိခေတ်နှင့် အလှမ်းဝေးလွန်းလှပြီး ဒဏ္ဍာရီနှင့်ပင် အလားသဏ္ဌာန်တူလှသည်။
ဘယ်လိုမိသားစုမျိုးကများ နှစ်ပေါင်းငါးထောင်ကြာအောင် ကျဆုံးပျက်စီးခြင်းမရှိဘဲ ယနေ့ခေတ်အထိ ဆက်လက် တည်တံ့နိုင်မည်နည်း။
သမိုင်းအကြာဆုံးဖြစ်သည့် ကွန်ဖြူးရှပ်၏မိသားစုတောင် သမိုင်းကြောင်းနှစ်၂၅၀၀သာရှိသည်။ ကွန်ဖြူးရှပ်၏အရှေ့တွင် သူ့ဘိုးဘေးများ မရှိခဲ့ဖူးဘူးဟု မဆိုနိုင်သော်လည်း လူတိုင်းက ကွန်ဖြူးရှပ်ကိုသာ သိကြသည့်အတွက် နှစ်ပေါင်း၂၅၀၀ဆိုသည်မှာ မိသားစုမျိုးရိုးတစ်ခုအတွက် အမြင့်ဆုံးကန့်သတ်ချက်ဖြစ်နေလေပြီ။
အကယ်၍ ထိုမိသားစုသာ ယနေ့အထိ ဆက်လက်တည်ရှိနေမည်ဆိုပါက သမိုင်းကြောင်းဟာ နှစ်၆၀၀၀နီးပါး ရှိနေပြီဖြစ်လေရာ စဉ်းစားကြည့်ပါက ချဲ့ကားလွန်းသွားပြီဖြစ်၏။
ယခုအချိန်အထိ ထိုတောင်ပေါ်ရွာလေးရှိ လူများက ထိုနိုင်ငံ၏ မျိုးဆက်ဟုတ်မဟုတ်ဆိုခြင်းမှာ မသေချာမှုများဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ ချင်းချိုးနိုင်ငံက ဖန်တီးထားသည့် လိမ်ညာမှုသက်သက်လားဆိုသည်ကိုလည်း ဘယ်သူမှမသိနိုင်ပေ။
ထို့ကြောင့် ကျန်းမုန့်လောင်၏စကားကို အင်တာနက်အသုံးပြုသူများက ရယ်စရာတစ်ခုအဖြစ်သာ သဘောထားခဲ့ကြသည်။
သူက သည်းမခံနိုင်တော့လို့များ ဤငမိုက်သားများကို လှောင်ပြောင်ဖို့ စာတင်လိုက်တာများလား။
သူ စာတင်လိုက်သည့်အချိန်မှာပင် တစ်ဖက်ကလည်း အရှိုက်တည့်တည့်ထိသွားပုံရ၏။ သူတို့က ကမ္ဘာ့ရှေးအကျဆုံး လူမျိုးစုပင် မဟုတ်လော။ သူတို့၏စိတ်ထဲမှာ ချင်းချိုးနိုင်ငံသည် ကမ္ဘာ့ထိပ်တန်းရှေးဟောင်းမျိုးနွယ်စုကြီးလေးခုအနက် ဦးဆောင်သူဟု သတ်မှတ်ထားပြီးသားဖြစ်သောကြောင့် ကြီးကျယ်ခမ်းနားလှသော သူတို့၏မျိုးနွယ်စုအား စော်ကားနေသည့်အဖြစ်ကို ဘယ်လိုသည်းခံနိုင်မည်နည်း။
ချင်းချိုးနိုင်ငံ၏ သမိုင်းပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များမှာ ရုတ်တရက်ဆိုသလိုပင် ကီးဘုတ်ဖိုက်တာများအဖြစ် ပြောင်းလဲသွားပြီး ကီးဘုတ်များကိုကိုင်ကာ ကျန်းမုန့်လောင်ကို အွန်လိုင်းမှာ ပြန်လည်ရင်ဆိုင်ခဲ့ကြသည်။ ကွန်ပျူတာမသုံးတတ်သူများကတော့ သူတို့၏မြေးများ သို့မဟုတ် ဆွေမျိုးသားချင်းများကို ဟွာရှားရှိ ဝေးပေါ် သို့မဟုတ် တခြားလူမှုကွန်ရက်များတွင် အကောင့်ဖွင့်ခိုင်းခဲ့ကြသည်။
"@ကျန်းမုန့်လောင် ငါတို့ချင်းချိုးလူမျိုးတွေကို ချက်ချင်း တောင်းပန်ပေးဖို့ တောင်းဆိုပါတယ်!"
"မင်းက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်နေတော့ရော ဘာအရေးလဲ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတာနဲ့ပဲ ပြောချင်တိုင်းပြောလို့ရလို့လား။ ငါတို့လူမျိုးကို အထင်သေးတဲ့အတွက် တန်ရာတန်ကြေးပြန်ပေးဆပ်ရမယ်။ ပြီးတော့ တောင်းပန်တဲ့အနေနဲ့ ရှေးဟောင်းမျိုးနွယ်စုအဖွဲ့က နှုတ်ထွက်ရမယ်"
"ဒါဟာ ကြီးကျယ်ခမ်းနားတဲ့ ငါတို့မျိုးနွယ်ကို မနာလိုတဲ့ သဘောနဲ့ အကောက်ကြံပြီး စော်ကားတာပဲ။ ကျန်းမုန့်လောင် မင်းတောင်းပန်ရမယ်။ မဟုတ်ရင် မင်းက တစ်ကမ္ဘာလုံးရဲ့မျိုးနွယ်စုဆိုင်ရာ ရာဇဝတ်သားဖြစ်လာလိမ့်မယ်!"
"ကြည့်ကြပါဦး။ ဒါက ကမ္ဘာ့အချမ်းသာဆုံးလူတဲ့လား။ ဒါက လူ့သမိုင်းမှာ အသက်အငယ်ဆုံးနိုဘယ်ဆုရှင်တဲ့လား။ ဒါက လူ့သမိုင်းရဲ့ ရာစုနှစ်တစ်ခုအတွင်း အကြီးမြတ်ဆုံး သင်္ချာပါရမီရှင်တဲ့လား။ သူက နာမည်ကြီးချင်လို့ သက်သက်အတန်းရှင်းရှာနေတာပဲဖြစ်ရမယ်"
...
ချင်းချိုးနိုင်ငံသားများက ကျန်းမုန့်လောင်ကို အရူးအမူးစော်ကားနေခြင်းမှာ တစ်ကဏ္ဍပင်။ အကြောင်းမှာ သူတို့သည် မျိုးနွယ်စုရော ယဉ်ကျေးမှုပါ မတူညီကြပေ။ ထို့ကြောင့် အချင်းချင်းမသင့်မြတ်ကြချေ။
မင်းက ငါ့ကိုစော်ကားရင် ငါကလည်း မင်းကို ပြန်စော်ကားမယ်။
သို့သော် လုံးဝမမျှော်လင့်ထားသည့် ကိစ္စကတော့ ပြည်တွင်းရှိ လူအများအပြားကပါ ကျန်းမုန့်လောင်အပေါ် မကျေနပ်ကြောင်း ပြသခဲ့ကြပြီး ပညာရပ်ဆိုင်ရာ အာဏာပိုင်တချို့ကပင် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည်။
"@ကျန်းမုန့်လောင် ကျုပ်တို့အနေနဲ့ ယဉ်ကျေးမှုတိုင်းကို လေးစားသင့်တယ်။ ခင်ဗျားရဲ့အပြုအမူက သမိုင်းကို စော်ကားဖျက်ဆီးနေတာပဲ"
"@ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် ဒါက မင်းတို့ကျောင်းက သင်ကြားပေးထားတဲ့ ကျောင်းသားလား။ ပညာရေးက ကိုယ်ကျင့်တရားနဲ့ စတင်သင့်တယ်။ ခင်ဗျားတို့ကျောင်းအနေနဲ့ ကျောင်းသားတွေရဲ့ ကိုယ်ကျင့်တရားနဲ့ အတွေးအခေါ်ဆိုင်ရာပညာရေးကို ပိုမြှင့်တင်ဖို့ အာရုံစိုက်သင့်တယ်။ နိုင်ငံတကာရှေ့မှာ ငါတို့ကို မျက်နှာပျက်ရအောင် မလုပ်ပါနဲ့"
"ချင်းချိုးရှေးဟောင်းယဉ်ကျေးမှုကို ရှာဖွေတွေ့ရှိတာက ကြီးကျယ်ခမ်းနားတဲ့ ရှေးဟောင်းသုတေသနဆိုင်ရာ ရှာဖွေတွေ့ရှိမှုတစ်ခုပဲ။ ငါတို့ဘက်က အသိအမှတ်မပြုဘူးဆိုရင်တောင် အဲဒါကို ချင်းချိုးနယ်မြေထဲမှာ တူးဖော်တွေ့ရှိတာမို့ သူတို့ပဲ ပိုင်တယ်လေ။ မင်းရဲ့မှတ်ချက်က အရမ်းအမြင်ကျဉ်းလွန်းတယ်"
...
"အာ.. ကမ္ဘာပေါ်မှာ ငတုံးတွေ ဘာလို့ ဒီလောက်တောင်များနေရတာလဲ"
ကျန်းမုန့်လောင်ခမျာ ရယ်လည်းရယ်ချင်သလို စိတ်လည်းတိုနေရသည်။
ချင်းချိုးနိုင်ငံသားတွေက မင်းတို့ရဲ့အဖေတွေလား။ ဘာလို့ ဒီလိုကာကွယ်ပေးနေကြတာလဲ။
သူတို့က ငါတို့ကို ကမ္ဘာ့ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုနဲ့ ကမ္ဘာ့ထိပ်တန်းယဉ်ကျေးမှုကြီးငါးခုစာရင်းထဲက ကန်ထုတ်ချင်နေတာကို မင်းတို့ကတော့ ဒီမှာမြှောက်ပင့်နေကြတယ်...
ကျန်းမုန့်လောင်က သူတို့နှင့် တိုက်ရိုက်ရင်မဆိုင်ဘဲ ပို့စ်ထပ်တင်လိုက်၏။
"အသိဉာဏ်မဲ့ခြင်းက လူသားတွေရဲ့ အကြီးမားဆုံးသော ဝမ်းနည်းစရာတစ်ခုပဲ! မင်းတို့က ဒါကို ကြီးကျယ်ခမ်းနားတဲ့မျိုးနွယ်စုလို့ ထင်နေကြပေမဲ့ ဒါက အစေခံတွေဖန်တီးခဲ့တဲ့ မျိုးနွယ်စုတစ်ခုသက်သက်ပဲ"
...
"မုန့်လောင် မင်း ဘာတွေလုပ်နေတာလဲ"
ကျန်းမုန်လုံး၏ဆရာဖြစ်သူ ဟန်ကျင်းယွီအနေနှင့် ကျန်းနန်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် အစော်ကားခံနေရခြင်းကို လုံးဝသည်းခံနိုင်မည်မဟုတ်ပေ။ ယခုဆိုလျှင် သူသည် တက္ကသိုလ်ဥက္ကဋ္ဌဆီက ဖိအားပေးခံနေရသည်။
"ပါမောက္ခဟန် ကျွန်တော်က အမှန်တရားကို ပြောပြနေတာပါ။ အဲဒီနိုင်ငံကို ကျွန်တော်တို့ရဲ့အစေခံတွေက တည်ထောင်ခဲ့တာ"
ကျန်းမုန့်လောင်လည်း သူ့ကို ဘယ်လိုပြောပြရမလဲဆိုသည်ကို မသိတော့ပေ။
"လျှောက်မပြောနဲ့တော့။ မင်းတို့မိသားစုရဲ့ အစေခံတွေက လွန်ခဲ့တဲ့နှစ်ငါးထောင်ကျော်က မျိုးနွယ်စုတစ်ခုကို တည်ထောင်ခဲ့တယ် ဟုတ်လား။ လူသားတွေရဲ့မျိုးနွယ်စုအားလုံးကို သူတို့ ဖန်တီးခဲ့တာလို့သာ ပြောလိုက်ပါတော့လား"
ဟန်ကျင်းယွီက ဆိုချေသည်။
"ငါတို့ကျောင်းက အခု လူရယ်စရာဖြစ်နေပြီ"
"ဒါပေမဲ့ ကျွန်တော် တကယ်ပြောနေတာပါ။ သက်သေပြဖို့ လူရှာပေးရမလား"
"မင်းတကယ်ပြောနေတာလား"
ကျန်းမုန့်လောင်၏လေသံကို နားထောင်ပြီးနောက် ထိုးထွင်းသိမြင်ရခက်သည့် သူ့နောက်ခံသမိုင်းကြောင်းကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်သောအခါ ဤအရာက မဖြစ်နိုင်တာတော့လည်း မဟုတ်ချေ။
"ကျွန်တော်က တကယ်တော့ ခပ်လျှိုလျှိုပဲနေချင်တာ။ ဒါပေမဲ့ လူတိုင်းက ကျွန်တော့်ကို ဝေဖန်နေကြတာမို့ ကိုယ့်အပြစ်ကင်းစင်မှုကို သက်သေပြဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူး"
ကျန်းမုန့်လောင် သက်ပြင်းချလိုက်လေသည်။
"ဒါပေမဲ့ အခြေအနေက နည်းနည်းတော့ ထိန်းမနိုင်သိမ်းမရဖြစ်သွားနိုင်တယ်"
"ဘာကိုဆိုလိုတာလဲ။ စိတ်လိုက်မာန်ပါတွေမလုပ်နဲ့နော်။ ဟေး"
...
"ဟုန်းရီ မိသားစုတချို့ကို အကြောင်းကြားပြီး စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောခိုင်းလိုက်"
"ဟုတ်ကဲ့ပါ မစ္စတာကျန်း"
...
ကျန်းမုန့်လောင်က လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံသုံးပုံ တင်လိုက်သည်။
"ဒါက ငါတို့ရဲ့မျိုးနွယ်အဆက်ဆက် လက်ဆင့်ကမ်းလာတဲ့ မျိုးနွယ်စုအမှတ်တံဆိပ်ပဲ"
ထိုအရာမှာ ခရမ်းရောင်အမှတ်တံဆိပ်အတွက် စာတင်ခြင်းပင်။
"ဒါက ငါတို့ရဲ့လက်အောက်ခံမိသားစုတွေ သီးသန့်အသုံးပြုတဲ့ အမှတ်အသားပဲ"
ဤသည်မှာ အနီရောင်အမှတ်တံဆိပ်အတွက် စာတန်းပင်။
"ဒါကတော့ ငါတို့ရဲ့အစေခံတွေ အသုံးပြုရတဲ့အမှတ်တံဆိပ်ပဲ"
၎င်းမှာမူ ရွှေရောင်အမှတ်တံဆိပ်အတွက် စာတန်းပင်တည်း။
ခရမ်းရောင်အမှတ်တံဆိပ်မှာ ပလ္လင်ပေါ်ထိုင်နေသည့် လူတစ်ယောက်၏ရုပ်ပုံကို ထွင်းထုထားပြီး ဝတ်ထားသည့် အဝတ်အစားကလည်း ခမ်းနားကြီးကျယ်ပြီး ပုံကြီးချဲ့ထားပုံမှာ အကြီးမြတ်ဆုံးအုပ်စိုးရှင်တစ်ယောက်အလားပင်။
အနီရောင်အမှတ်တံဆိပ်တွင်မူ မြေပြင်ပေါ်တွင် ဒူးထောက်နေသည့် လူအုပ်စုကို ထည့်သွင်းထားပြီး ရိုးရှင်းသောအဝတ်အစားများကို ဝတ်ဆင်ထားသည်။
ရွှေရောင်အမှတ်တံဆိပ်မှာတော့ လူတိုင်းက မှောက်လျက်လဲနေကြပြီး ကိုယ်လုံးတီးဖြစ်နေလေရာ ကျေးကျွန်အစေခံများ၏ ခယနေသည့်ပုံစံကို အပြည့်အဝဖော်ညွှန်းနေသည်။
"ဘုရားရေ! ဒါက တကယ်ပဲ ကျန်းမိသားစုရဲ့မျိုးနွယ်စုအမှတ်တံဆိပ်လား"
"မဖြစ်နိုင်တာ။ မစ္စတာကျန်းရဲ့စကားက တကယ်မှန်နေတာများလား။ ဒါက အဓိပ္ပာယ်မရှိတာကြီး"
"ဒါက အလျင်စလိုဖန်တီးထားတဲ့ လိမ်ညာမှုတစ်ခုများ ဖြစ်နေမလား"
"ငါမှတ်မိပြီ။ နိုဘယ်ရူပဗေဒဆုပေးပွဲတုန်းက မစ္စတာကျန်းက အဲဒီခရမ်းရောင်တံဆိပ်ပါတဲ့ ဝတ်စုံကို ဝတ်ထားတာ"
"ဟုတ်တယ်။ ဟုတ်တယ်။ ငါလည်း မှတ်မိတယ်။ ဒါက အခုမှဖန်တီးထားတာ မဖြစ်နိုင်ဘူး။ အချိန်လည်း မကိုက်ညီဘူး!"
...
အင်တာနက်အသုံးပြုသူများအားလုံး ဤမျိုးနွယ်စုအမှတ်တံဆိပ်အမျိုးမျိုးအကြောင်း အရူးအမူးဆွေးနွေးနေကြချိန်မှာပင် ကာပက်စ်ဒိုရယ်လာဟုအမည်ရသော ပုဂ္ဂိုလ်တစ်ယောက်က သူ့ကိုယ်ပိုင်လူမှုကွန်ရက်အကောင့်မှာ ဓာတ်ပုံတစ်ပုံကို တင်လိုက်၏။
ထိုဓာတ်ပုံမှာ ကျန်းမုန့်လောင်ထုတ်ပြခဲ့သည့် အနီရောင်အမှတ်တံဆိပ်ပင်။
ကာပက်စ်က ဘယ်သူမို့လို့လဲ။ အပြင်လူများက သူ့အား ထင်ရှားကျော်ကြားသော ဥရောပနိုင်ငံရေးသမားတစ်ဦးအဖြစ်သာ သိကြသော်ငြား သူသည် ဥရောပတိုက်တစ်ခုလုံး၏ အုပ်စိုးသူဖြစ်သည့် ဒိုရယ်လာမိသားစုက ဆင်းသက်လာကြောင်းကိုမူ လူအနည်းစုကသာ သိထားကြသည်။
သူ့နောက်ခံကို သိထားကြသူများမှာ ချက်ချင်းဆိုသလို အံ့အားသင့်သွားကြသည်။
ဤသည်မှာ ဘာအဓိပ္ပာယ်လေလဲ။ ကျန်းမုန့်လောင်က ပို့စ်တင်လိုက်သည်နှင့် ဒိုရယ်လာမိသားစုဝင်တစ်ယောက်က သူ့ဖြစ်တည်မှုကို အသိအမှတ်ပြုလိုက်ခြင်းလေလား။ သူတို့က ကျန်းမုန့်လောင်၏ လက်အောက်ခံမိသားစုဖြစ်ကြောင်း ဝန်ခံလိုက်ခြင်းလေလား။
သူတို့ အံ့သြနေချိန်မှာပင် ဥရောပရှိ ရော့စ်ချိုင်းမိသားစုခေါင်းဆောင်ကလည်း သူ့ဆိုရှယ်မီဒီယာတွင် မျိုးနွယ်စုအမှတ်တံဆိပ်ကို ထုတ်ပြလာသည်။ သို့သော် သူတို့၏အမှတ်တံဆိပ်က ခရမ်းရောင်လည်းမဟုတ်သလို အနီရောင်လည်း မဟုတ်ပေ။ ရွှေရောင်အမှတ်တံဆိပ်ပင်။ ဤသည်မှာ ရှေးဟောင်းအမွေအနှစ်ထဲမှ တူးဖော်ရရှိခဲ့သော အရာနှင့် တစ်ပုံစံတည်းပင်။
ဘာရယ်? ရော့စ်ချိုင်းမိသားစုက ကျန်းမုန့်လောင်ရဲ့အစေခံလား?
ဒါကြီးက... ပြင်းထန်တဲ့ရောဂါတစ်ခုများ ဖြစ်နေကြတာလား။
*****************