← Chapters

သရဲတစ်ကောင်ကို မြင်လိုက်ရခြင်း

Vol. 42 Ch. 628

သရဲတစ်ကောင်ကို မြင်လိုက်ရခြင်း

Vol. 42 Ch. 628

ဤသည်မှာ ဟွာရှားနိုင်ငံ၏ အသေးစိတ်ကျသော မြေပုံတစ်ခုဖြစ်ပြီး ကျန်းမုန့်လောင်ဝိုင်းထားသည့် စက်ဝိုင်းမှာ ခေတ်သစ်မြို့တစ်ခုနီးနီး ကြီးမားသော ဟွာရှားအနောက်ပိုင်းနယ်မြေတစ်ခုတွင် ရှိ၏။

"မုန့်လောင်… ဒီနေရာအောက်မှာ ရှေးဟောင်းမြို့တော်တစ်ခု ရှိတယ်လို့ ပြောနေတာလား"

လောင်ကျိုးခမျာ ယုံရခက်နေချေသည်။ လက်ရှိမြေပုံပေါ်တွင် ကျန်းမုန့်လောင် အမှတ်အသားပြုထားသော နယ်မြေသည် သစ်ပင်ပန်းမန်မရှိဘဲ အလွန်ကြမ်းတမ်းလှသော သဲကန္တာရပြင်ကြီးပင်။ ထိုကဲ့သို့သော နေရာတစ်ခုတွင် လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်တုန်းက မျိုးနွယ်စုတစ်ခု တကယ်ရှိနိုင်မည်လား။

ရှေးဟောင်းမျိုးနွယ်စုများကို တည်ထောင်ခြင်းမှာ ပတ်ဝန်းကျင်အနေအထားကိုလည်း မှီခိုအားထားရကြောင်း လူတိုင်းသိသည်။ ယခုအချိန်အထိ ရှာဖွေတွေ့ရှိခဲ့သော မျိုးနွယ်စုများကိုကြည့်ပါက အားလုံးက ယန်းဇီမြစ်နှင့် မြစ်ဝါမြစ်တစ်လျှောက်တွင် တောင်တန်းများနှင့် မြစ်ချောင်းများဘေး၌ တိုးတက်ဖွံ့ဖြိုးခဲ့ကြခြင်းဖြစ်၏။

သဲကန္တာရထဲတွင်သာ မျိုးနွယ်စုတစ်ခုကို တည်ထောင်ပါက သူတို့အနေနှင့် ဘာကိုစားပြီး ဘာကိုသောက်ရလေမလဲ။ ဤသည်မှာ ထိုခေတ်ကာလတုန်းက မျိုးနွယ်စုတစ်ခုတည်ထောင်ရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်လိုအပ်ချက်များနှင့် မကိုက်ညီချေ။

"တူးကြည့်ပြီးမှ သိရမှာပေါ့"

ကျန်းမုန့်လောင်က ပြုံးပြုံးလေးပြောလိုက်သည်။

"ဒီနေရာက အခုတော့ သဲကန္တာရဖြစ်နေပေမဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်တုန်းကတော့ ရေမြေကောင်းတဲ့ ရတနာမြေလို့ သတ်မှတ်ခဲ့ကြတာ"

"ငါ အဲဒါကိုသံသယမဖြစ်ပါဘူး"

လောင်ကျိုးက ဆို၏။ ဤနယ်မြေထဲရှိ ဘူမိဗေဒဆိုင်ရာ လှုပ်ရှားမှုများမှာ အလွန်တက်ကြွပြီး မြေလွှာရွေ့လျားမှုများလည်း မကြာခဏရှိတတ်သည်။ ဘူမိဗေဒပညာရှင်များကပင် ဤနေရာသည် အမြဲတမ်း သဲကန္တာရမဟုတ်ကြောင်း ခန့်မှန်းခဲ့သည်။ အကြောင်းမှာ ဤသဲထဲမှ ရေနေသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိဖူးသောကြောင့်ပင်။

ဤနယ်မြေကား အလွန်ထူးဆန်းလှသည်။ မီးတောင်ပေါက်ကွဲမှု သို့မဟုတ် ငလျင်ကြောင့် ရုတ်တရက်ပြောင်းလဲမှုများ မရှိပါက ပထဝီဝင်လှုပ်ရှားမှုများက အဆင့်ဆင့်ဖြစ်ပေါ်လေ့ရှိသည်။

သို့သော် တိုင်းတာထားသော အချက်အလက်များအရ မြေအောက်အထိ နက်ရှိုင်းသော ဘူမိဗေဒအလွှာများတွင် နှစ်ထောင်ပေါင်းများစွာအတွင်း သိသာလှသော ပြောင်းလဲမှုများ မရှိခဲ့သော်ငြား မြေမျက်နှာသွင်ပြင်တွင်မူ ဘူမိဗေဒပြောင်းလဲမှုများက သိသာလှသည်။

ငလျင်အရင်းအမြစ်က အလွန်နက်ရှိုင်းလှသောကြောင့် အလွန်ထူးဆန်းလှသည်။ အတွင်းပိုင်းတွင် ဘာပြောင်းလဲမှုမှမရှိဘဲ မြေမျက်နှာသွင်ပြင်တွင် အဘယ်ကြောင့် ပြောင်းလဲမှုများ ဖြစ်နေရသလဲ။

"ဒီလိုလုပ်ရင်ရော.. သံသယဖြစ်နေတယ်ဆိုရင်လည်း တူးဖော်စရိတ်ကို ကျွန်တော်ပဲ အကုန်အကျခံပါ့မယ်"

ကျန်းမုန့်လောင်က ဆို၏။

"ဒါပေမဲ့ ဩဇာအာဏာရှိတဲ့ ပညာရှင်တွေကိုတော့ ထည့်မှဖြစ်မယ်။ ချင်းချိုးလူမျိုးတွေ အကြောင်းပြချက်ပေါင်းစုံနဲ့ ငြင်းလာမှာကို မလိုချင်ဘူး"

"အဲဒါတော့မလိုပါဘူး။ နိုင်ငံတော်က ချမ်းသာနေတုန်းပါပဲ။ တကယ်လို့ ဒီလောက်အထိကြီးမားတဲ့ ရှေးဟောင်းသုတေသနတွေ့ရှိချက်မျိုးရှိမယ်ဆိုရင် ဘယ်လောက်ကုန်ကုန် တန်ပါတယ်"

...

ဟွာရှားနိုင်ငံ၏ သဲကန္တာရကြီးရှစ်ခုထဲမှ တစ်ခုဖြစ်သည့် ကူတမ်သဲကန္တာရကား ဆောင်းရာသီတွင် မူမမှန်စွာအေးစက်ပြီး ခြောက်သွေ့လှသည်။ ညဘက်တွင်မူ အပူချိန်က သုညဒီဂရီအောက်အထိ ကျဆင်းသွားလေရာ ထိုသို့သောအခြေအနေမျိုးတွင် သာမန်လူများအနေနှင့် ဤနေရာသို့ သွားလာခြင်းမပြုပေ။

ညကောင်းကင်ယံတွင် အလင်းတန်းတစ်ခု တဖြည်းဖြည်းကြီးထွားလာပြီး သဲကန္တာရ၏အလယ်ဗဟိုသို့ ဆင်းသက်လာသည်။ ၎င်းမှာ လုံရှားအထူးစစ်ဆင်ရေးအဖွဲ့၏ အမှတ်တံဆိပ်ပါရှိသော ဟွာရှားနိုင်ငံ၏နောက်ဆုံးပေါ် ကိုယ်ပျောက်တိုက်လေယာဉ်ပင်။

အထူးသားရေဝတ်စုံကို ဝတ်ဆင်ထားသည့် ယောကျာ်းနှစ်ယောက်နှင့် မိန်းမတစ်ယောက်က အပြင်သို့ထွက်လာပြီး အဆုံးမရှိကျယ်ပြောသော ကန္တာရကို ဝေ့ကြည့်လိုက်သည်။

"ဒီလိုခေါင်ခိုက်နေတဲ့နေရာကြီးမှာ ရှေးဟောင်းသုတေသနစစ်ဆေးရေးလုပ်ဖို့ ညကြီးသန်းခေါင်လွှတ်လိုက်တာ ဌာနချုပ်က ဘာတွေများစဉ်းစားနေတာလဲ"

အသက်နှစ်ဆယ်ဝန်းကျင်ရှိသော အနီရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ယောက်က တွန့်ဆုတ်ဟန်ဖြင့် ပြောလိုက်သည်။

"ဟုတ်ပါ့။ ဒါကိုစစ်ဆေးဖို့အတွက် လုံရှားအဖွဲ့ဝင်တွေကို လိုလို့လား"

မိန်းကလေးကလည်း စိတ်မရှည်ဟန်အမူအရာဖြင့် ဆိုလာလေသည်။

လုံရှားအဖွဲ့ဝင်များမှာ များသောအားဖြင့် အရေးကြီးပြီး အန္တရာယ်များသော မစ်ရှင်များကို ကိုင်တွယ်လေ့ရှိသည်။ သဲကန္တာရကို စစ်ဆေးခြင်းမှာ ခြင်တစ်ကောင်ကိုသတ်ရန်အတွက် အမြောက်တစ်ခုကို ထုတ်သုံးနေသလိုပင်။ ရှေးဟောင်းသုတေသနအဖွဲ့များက အသုံးမကျကြတော့ဘူးလား။

"ညည်းနေတာတွေ တော်လိုက်တော့"

အတန်ငယ်အသက်ကြီးသော အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

"ဒီနေရာရဲ့ မြေအောက်၁၇မီတာ ၁၈မီတာမှာ ရှေးဟောင်းမြို့ကြီးတစ်ခုရှိတယ်လို့ ဌာနချုပ်ကပြောတယ်။ ဒီလိုအနက်မျိုးမှာ တူးဖော်ဖို့ဆိုရင် ခက်ခဲမှုကလည်းမြင့်ပြီး ကုန်ကျစရိတ်ကလည်း များတာကြောင့် အချက်အလက်က မှန်မမှန်စစ်ဆေးစေချင်တာတဲ့"

"အဲဒီလောက်အနက်ကြီးမှာ ဘယ်လိုလုပ်ပြီး မြို့တစ်မြို့ရှိရမှာလဲ"

ထိုလူငယ်လေးက လှောင်ပြောင်ထေ့ငေါ့လိုက်၏။

"ဒီနေရာမှာ မီးတောင်လည်းမရှိဘူး။ မီးတောင်ပြာနဲ့ဖုံးသွားတယ်ဆိုရင်တောင် ၁၇မီတာ ၁၈မီတာအနက်တော့ မဖြစ်နိုင်ဘူးမလား။ ပုံပေမြို့တောင် ခြောက်မီတာ ခုနစ်မီတာလောက်ပဲ မြုပ်ခဲ့တာ"

"ဟုတ်တယ်။ ဒီသဲကန္တာရရဲ့ ပျှမ်းမျှအနက်က သုံးမီတာ လေးမီတာပဲရှိတာ။ အဲဒီနောက်မှာ ကျောက်လွှာရှိတယ်။ ဒီမြို့က ကျောက်တုံးအောက်မှာ မြုပ်နေတာတော့ မဟုတ်လောက်ပါဘူးနော်"

"စကားများမနေကြနဲ့ အထက်က အမိန့်ပေးထားမှတော့ နာခံရမှာပဲ"

အဖွဲ့ခေါင်းဆောင်က ဆိုလာလေသည်။

"ဒီနေရာမှာ ရှေးဟောင်းမြို့တစ်ခု တကယ်ရှိတယ်ဆိုရင် ဒါက ကြီးကျယ်ခမ်းနားတဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခု ဖြစ်လိမ့်မယ်"

"ငါကတော့ နိုင်ငံတကာစိတ်စွမ်းအားရှင်တွေနဲ့ ပွဲစဉ်သုံးရာလောက်သာ တိုက်ခိုက်ချင်တော့တယ်။ ဒီနေရာမှာ တူးဖော်ရတာ စိတ်ဝင်စားဖို့မကောင်းလိုက်တာ"

ထိုလူငယ်က ယခုလိုပြောနေသည့်တိုင် ပေးထားသော ညွှန်ကြားချက်များကိုတော့ နာခံနေဆဲပင်။

သူ့မျက်လုံးထဲတွင် အပြာရောင်အလင်းတစ်ချက် လင်းလက်သွားပြီး သူ့ရှေ့ရှိ သဲများကလည်း အသက်ဝင်နေသည့်အလား အရူးအမူးရွေ့လျားနေသည်။ သူ့စွမ်းရည်မှာ သဲများနှင့် ကျောက်တုံးများကို ထိန်းချုပ်နိုင်ခြင်းပင်။ သူ့စွမ်းရည်သာ သန်မာပါက ပြင်းအား၁၀ရှိသော ငလျင်ကြီးကိုပင် ဖန်တီးနိုင်သည်။

"ခေါင်းဆောင် ကြည့်လိုက်။ အဲဒါက ကျောက်သားအလွှာမဟုတ်လား"

ထိုလူငယ်ရှေ့တွင် အချင်းဆယ်မီတာကျော်ရှိသော သဲတွင်းတစ်ခု ပေါ်လာခဲ့သည်။ သို့သော် ထိုတွင်းထဲတွင် မာကျောပြီး ခြောက်သွေ့နေသော မြေကြီးသာရှိသည်။

"ငါ စစ်ကြည့်လိုက်မယ်"

တပ်ဖွဲ့ခေါင်းဆောင်က အောက်သို့ ခုန်ဆင်းပြီးနောက် မြေပြင်ကို စစ်ဆေးရန်အတွက် ကိရိယာတစ်ခုကို ထုတ်ယူလိုက်သည်။

"ခေါင်းဆောင်.. အဲဒီနေရာမှာ ရှိမှာမဟုတ်ဘူး။ အောက်မှာသာ မြို့ကြီးတစ်မြို့ရှိတယ်ဆိုရင် အရင်ကတည်းက ရှာတွေ့ပြီးသားဖြစ်နေမှာပေါ့။ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ငတုံးတွေလို့ ထင်နေတာပဲဖြစ်မယ်"

"မဟုတ်သေးဘူး"

ခေါင်းဆောင်က ရုတ်တရက်ပြောလာလေသည်။

"ဒီကျောက်သားအလွှာတွေရဲ့ ဖွဲ့စည်းပုံက အချက်အလက်တွေနဲ့ မတူဘူး"

"ဘာ"

ထိုအခိုက်ဝယ် လူငယ်အဖွဲ့ဝင်နှစ်ယောက်၏ အမူအရာကား ပြောင်းလဲသွားသည်။

"ဘာအဓိပ္ပာယ်လဲ"

"ကြည့်လိုက်။ မှတ်တမ်းတွေအရ ကျောက်သားအလွှာက လွန်ခဲ့တဲ့နှစ်ပေါင်း၁၂၀၀၀၀တုန်းက ဘူမိဗေဒပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတာမျိုးပဲဖြစ်ရမှာ။ ဒါပေမဲ့ ဒီအလွှာက နှစ်နှစ်သောင်းပဲရှိသေးတယ်လို့ ပြနေတယ်။ ဒီလိုကွဲလွဲမှုမျိုးက ဖြစ်မှမဖြစ်သင့်တာ"

"ဒါဆို ဒါက… ဒီကျောက်သားအလွှာကို တစ်ယောက်ယောက်က ဒီနေရာကို ရွှေ့ခဲ့တာလို့ ပြောချင်တာလား"

ကျောက်သားများကို ထိန်းချုပ်နိုင်စွမ်းရှိသည့် စိတ်စွမ်းအားရှင်တစ်ယောက်က ဤစွမ်းရည်အကြောင်း ကောင်းကောင်းသိသည်။

"ဟုတ်တယ်။ ဒီကျောက်သားအလွှာကို တခြားနည်းလမ်းတွေနဲ့ ဒီကိုရွှေ့ပြောင်းခဲ့တာ သေချာတယ်"

"ဒါတော့ မဖြစ်နိုင်ဘူး။ မြေပုံအရဆိုရင် ဒီမြို့က စတုရန်းကီလိုမီတာနှစ်ဆယ်ကျော် ကျယ်ဝန်းတယ်။ ဒီလောက်ကြီးတဲ့ကျောက်သားအလွှာကြီးကို ခေါင်းဆောင်ရဲ့စွမ်းအားနဲ့တောင် မရွှေ့နိုင်ဘူး။ လွန်ခဲ့တဲ့နှစ်ငါးထောင်တုန်းက လူတွေက ဘယ်လိုများလုပ်နိုင်ခဲ့တာလဲ။ ဂြိုလ်သားတွေများလား"

ဒါက ဂြိုလ်သားတွေရဲ့လက်ချက်လို့ ငါလည်းယုံလာပြီ"

ခေါင်းဆောင်မှာ အသက်ပြင်းပြင်းရှူရှိုက်လိုက်သည်။

"ဒါကို အဲဒီခေတ်တုန်းက စိတ်စွမ်းအားရှင်တွေ လုပ်ခဲ့တာသာဆိုရင် သူတို့က အရမ်းအစွမ်းထက်တာပဲဖြစ်ရမယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုရင် စွမ်းအင်ယူနစ်သုံးဆယ်တော့ အနည်းဆုံးရှိနေမှဖြစ်မှာ"

"အလျင်စလိုကောက်ချက်မချနဲ့ဦး။ အောက်မှာ ဘာရှိလဲဆိုတာ အရင်ကြည့်ကြရအောင်"

"ဟုတ်ကဲ့"

လူတိုင်း၏ စိတ်ခံစားချက်ကား စိတ်မရှည်ရာမှ စူးစမ်းလိုစိတ်တို့ဖြင့် ပြည့်နှက်သွားသည်။ ဤသည်မှာ ဘူမိဗေဒနှင့် ရှေးဟောင်းသုတေသနများအတွက်ပင် ကြီးမားသော ရှာဖွေတွေ့ရှိချက်မျိုးမဟုတ်ပေ။ လူသားမျိုးနွယ်၏ စိတ်စွမ်းအားရှင်များ၏ ဇစ်မြစ်ကို နားလည်နိုင်မည့် အခွင့်အရေးတစ်ခုလည်းဖြစ်၏။

"ခရက်"

မြေအောက်ကျောက်သားအလွှာများ စတင်တုန်ခါလာသည်။

"ဆုနျန် ငါ့ကိုကူပါဦး။ ဒီကျောက်သားအလွှာက အရမ်းမာတယ်။ အကုန်လုံးက ဂရက်နိုက်တွေချည်းပဲ။ ငါတစ်ယောက်တည်းမနိုင်ဘူး"

ဆုနျန်ဟုခေါ်သော စိတ်စွမ်းအားရှင်ကလည်း ဝင်ပူးပေါင်းလိုက်သည်။

မြေပြင်မှ အက်ကွဲကြောင်းက တစ်မီတာ၊နှစ်မီတာ၊ ငါးမီတာအထိ ကျယ်လာပြီးနောက် ဆယ်မီတာနီးပါးသို့ ရောက်လာသောအခါ မြေအောက်နေရာလွတ်တစ်ခုကို ရှာတွေ့လိုက်သည်။

"အောက်မှာ ကျောက်တုံးအမာကြီးမဟုတ်တော့ဘူး။ မြေအောက်နေရာလွတ်ကြီးတစ်ခုရှိတယ်"

သုံးယောက်သား အကြည့်ချင်းဆုံလိုက်မိကြသည်။ အထက်ကချပေးလိုက်သော အချက်အလက်များမှာ မှန်ကန်တိကျကြောင်း ယခုတော့ သေချာသွားပြီဖြစ်၏။ ဤနေရာတွင် မြေအောက်မြို့တော်တစ်ခု တကယ်ရှိနေနိုင်သည်။

"ဆင်းကြည့်ရအောင်"

သူတို့သုံးယောက်စလုံးက မြေစွမ်းအားရှင်များဖြစ်သောကြောင့် လူတစ်ယောက်ဝင်နိုင်လောက်သော အက်ကွဲကြောင်းတစ်ခုကို ဆွဲဖွင့်လိုက်သည်။

ထို့နောက် ထိုအက်ကွဲကြောင်းတစ်လျှောက် ခုန်ဆင်းသွားပြီးနောက် ဖုန်မှုန့်များ ပျံတက်လာပြီးနောက် မြေညီတစ်ခုပေါ်သို့ ရောက်လာခဲ့ကြသည်။ ပတ်ပတ်လည်တွင် ပိန်းပိတ်အောင် မှောင်မည်းနေသောကြောင့် ဘာမှမမြင်ရချေ။

"ရော့"

နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားသော အလင်းချောင်းတစ်ခုကို ပစ်သွင်းလိုက်လေရာ ထိုနေရာတစ်ခုလုံး နေ့ခင်းဘက်အလား လင်းထိန်သွားလေသည်။

"ဒါက…"

ထိုသုံးယောက်၏နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်သွားချေသည်။

"ဒါက.. ဒါက ရူးချင်စရာပဲ"

********************

All Chapters