ဒါက အဲဒါတွေထဲက တစ်ခုပဲရှိသေးတယ်
Vol. 42 Ch. 629
ဤသည်မှာ နှစ်ပေါင်းငါးထောင်ကျော်သက်တမ်းရှိသော ဖုန်မှုန့်များအောက်တွင် ပိတ်လှောင်ခံခဲ့ရသည့် ရှေးဟောင်းမြို့တစ်ခုပင်။ ၎င်း၏ဗိသုကာပုံစံမှာ ရှေးဟောင်းဟွာရှားနှင့် သိသိသာသာကွဲပြားခြားနားပြီး ခေတ်မီလှသော အလှဆင်ဒီဇိုင်းများလည်း ပါဝင်နေသည်။
မြင်နိုင်သမျှ နယ်မြေဧရိယာတိုင်းတွင် စနစ်တကျစီစဉ်ထားသော အဆောက်အအုံများဖြင့် ပြည့်နှက်နေပြီး သေသပ်တိကျသော အဆောက်အအုံပုံစံကြောင့် မြို့တစ်ခုလုံးကို မြို့စီမံကိန်းရေးဆွဲသူတစ်ယောက်က စီစဉ်ထားသည်ဟု ခံစားရသည်။
ဤရာစုနှစ်အစောပိုင်းရှိ ဟွာရှားနိုင်ငံကို ဥပမာယူကြည့်လျှင် မြို့ပြ၍ဖြစ်စေ ကျေးလက်၌ဖြစ်စေ လူနေမှုအဆင့်အတန်းက မမျှမတဖြစ်ခဲ့ရသည်။ အချို့က ဇိမ်ခံတိုက်ခန်းများနှင့် ဗီလာများတွင် နေထိုင်ကြသော်ငြား အချို့ကတော့ ကိုယ်တိုင်ဆောက်လုပ်ထားသော အုတ်ကြွပ်အိမ်များတွင်သာ နေထိုင်ခဲ့ကြရသည်။
သို့သော် ဤမြို့ထဲတွင်မူ ဗိသုကာပညာတွင် တော်ဝင်မျိုးနွယ်နှင့် သာမန်လူများအကြား ကွဲပြားခြားနားမှုရှိနေသေးသော်ငြား ပုံစံနှင့် အရောင်အဆင်းတို့ကမူ တစ်သမတ်တည်းရှိ၏။ ဤမြို့က လွန်ခဲ့သည့်နှစ်ပေါင်းငါးထောင်တုန်းက "တန်းတူညီမျှသာယာဝပြောရေး"စနစ်ကို ရရှိခဲ့ခြင်း သို့မဟုတ် မြို့အရှင်များက ဗိသုကာပညာကို တစ်သမတ်တည်းဖြစ်စေသည်အထိ အုပ်ချုပ်ရေးအင်အားကောင်းမွန်ခဲ့ခြင်းပင် ဖြစ်ရမည်။
"မယုံနိုင်စရာပဲ။ ဒီအဆောက်အအုံတွေရဲ့ အပြင်ပိုင်းမှာ ကွန်ကရစ်အဆောက်အအုံတွေလိုမျိုး ချောမွေ့နေတာပဲ"
သူတို့သုံးယောက်လည်း ထိုရှေးဟောင်းမြို့၏ လမ်းမတစ်လျှောက် လျှောက်သွားနေကြသည်။ ကျယ်ပြောလှသော လမ်းဘေးတွင် အဆောက်အအုံများက သပ်ရပ်စွာ စီတန်းတည်ရှိနေပြီး မသိနိုင်သော အကြောင်းပြချက်တချို့ကြောင့် ပျက်စီးမှုတချို့ရှိထားသော်ငြား အံ့ဩစရာကောင်းလောက်အောင်ပင် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းစောင့်ရှောက်ထားသည်။
"ဒါက ကမ္ဘာပေါ်ကိုရောက်လာတဲ့ ဂြိုလ်သားတွေဆောက်ခဲ့တဲ့မြို့တစ်မြို့များလား"
လူငယ်လေးက တအံ့တဩရေရွတ်လိုက်သည်။
"ဒါတွေက လွန်ခဲ့တဲ့နှစ်ငါးထောင်တုန်းက အဆောက်အအုံတွေလို့ ပြောရအောင်လည်း မျက်စိနဲ့တပ်အပ်မမြင်ရဘူးဆိုရင် အသေသတ်ရင်တောင် ယုံမှာမဟုတ်ဘူး"
"ဒါက ဗိသုကာသမိုင်းမှာ အံ့ဖွယ်တစ်ရပ်ပဲ"
"ဟိုဘက်ကိုကြည့်လိုက်ဦး။ မြန်မြန်"
ခေါင်းဆောင်က ထိုသို့ပြောရင်း အရှေ့သို့ လက်ညှိုးထိုးပြသည်။
ကျန်နှစ်ယောက်လည်း သူတို့၏မီးအလင်းများကို အရှေ့သို့ချိန်လိုက်လေရာ မျက်လုံးများကား အဆမတန်ပြူးကျယ်သွားရသည်။
"ဒါ..ဒါက အံ့ဖွယ်တစ်ပါးပဲ"
သူတို့အရှေ့တွင် ကြီးမားလှသော ချောက်နက်ကြီးတစ်ခုရှိနေပေသည်။ တစ်စုံတစ်ယောက်က မြေကြီးကို အတင်းအကျပ်ထွင်းထုထားသကဲ့သို့ ဖြစ်နေပြီး အနည်းဆုံးတော့ အနက် ပေငါးဆယ် သို့မဟုတ် ခြောက်ဆယ်မီတာခန့်ရှိကာ ဤမြေအောက်မြို့၏ ဗဟိုတွင် တည်ရှိသည်။ ဤတွင်းကြီးထဲတွင် ခမ်းနားထည်ဝါလှသော နန်းတော်တစ်ခုကိုလည်း တည်ဆောက်ထားသေးသည်။
ထိုနန်းတော်၏ ဗိသုကာလက်ရာမှာ လက်ရှိခေတ်၏ စံနှုန်းများနှင့် တိုင်းတာလျှင်ပင် ခေတ်ရှေ့ပြေးနေသေးသည်။ ၎င်းမှာ ပိရမစ်ပုံစံရှိသော်လည်း ဘေးတစ်ဖက်တစ်ချက်စီတွင် အတုံးပုံစံဖြင့် အပြင်သို့ထိုးထွက်နေသော အခန်းများလည်းပါသည်။ ၎င်း၏စုစုပေါင်းမျက်နှာပြင်ဧရိယာမှာ နန်းတော်ကြီးတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
"ဒါကို ဒီမြို့ရဲ့အရှင်သခင်တွေက တည်ဆောက်ခဲ့တာလား"
"လွန်ခဲ့တဲ့နှစ်ပေါင်းငါးထောင်ကျော်တုန်းက ဒီလိုဗိသုကာလက်ရာမျိုးနဲ့ ဒီဇိုင်းစွမ်းရည်တွေ ရှိခဲ့တယ်ဆိုရင် ဒါက ဂြိုလ်သားတွေရဲ့အမွေအနှစ်မဟုတ်ဘူးဆိုရင် ငါ ဒီတစ်မြို့လုံးကို စားပြမယ်"
"ဟိုအမှတ်တံဆိပ်"
ဆုနျန်ဟုခေါ်သော အမျိုးသမီးအဖွဲ့ဝင်က အဆောက်အအုံထိပ်ဖျားကို လက်ညှိုးထိုးပြလေသည်။
"အဲဒီသင်္ကေတ"
"အဲဒါက ချင်းချိုးနိုင်ငံက ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းမြို့တော်ထဲက အမှတ်တံဆိပ်ပဲ"
"မဟုတ်ဘူး။ ချင်းချိုးနိုင်ငံကဟာက ရွှေနဲ့လုပ်ထားတာ။ ဒီအမှတ်တံဆိပ်က ခရမ်းရောင်သလင်းကျောက်နဲ့လုပ်ထားတာ"
သူတို့သုံးယောက်လည်း အဆောက်အအုံထိပ်ဖျားသို့ ခုန်တက်သွားပြီးနောက် ထိုခရမ်းရောင်အမှတ်တံဆိပ်ကို ထိကြည့်လိုက်သည်။
"မဟုတ်ဘူး။ ဒါက ခရမ်းနီလာမဟုတ်ဘူး။ ဒါ.. ဒါက.. ခရမ်းရောင်စိန်ပဲ"
"ဘာ? ခရမ်းရောင်စိန်လား"
လူတိုင်း ကြောင်အကုန်ကြသည်။
ချင်းချိုးနိုင်ငံမှ ရှာဖွေတွေ့ရှိခဲ့သော အမွေအနှစ်တွင် အလွန်သန့်စင်လှသော ရွှေပါဝင်နေခြင်းကပင် အံ့ဩစရာကောင်းနေလေပြီ။ သို့သော် ရွှေဆိုသည်မှာ အရည်ကျို၍ရနိုင်သေးသည်။ ရွှေအလုံအလောက်ရှိပါက ထိုအမှတ်တံဆိပ်ကို ဖန်တီး၍ ရနိုင်သည်။
သို့သော် ဤခရမ်းရောင်စိန်၏ အရွယ်အစားမှာ ချင်းချိုး၏ ရွှေအမှတ်တံဆိပ်ထက်ပင် ပိုကြီးမားပြီး တစ်သားတည်းဆက်ထားသည့် ပြစ်မျိုးမှဲ့မထင်စိန်တစ်လုံးဖြစ်၏။ အဓိပ္ပာယ်မှာ စိန်တုံးက မပျက်မစီးရှိနေဆဲသာ။
၇မီတာ၈မီတာအချင်းရှိသော စိန်တစ်လုံးတဲ့။ ဤသည်မှာ ဖြစ်ရောဖြစ်နိုင်ရဲ့လား။
"ဂြိုလ်သားတွေဆိုတာ သေချာတယ်"
လူငယ်အမျိုးသားက ပြောလိုက်သည်။
"နေအဖွဲ့အစည်းရဲ့အပြင်ဘက်ဂြိုလ်တွေမှာ လေထုဖိအားပြင်းထန်ပြီး သက်ရောက်မှုကြီးမားတဲ့ ပတ်ဝန်းကျင်မျိုးရှိတဲ့အတွက် စိန်အကြီးကြီးတွေလည်း ပေါ်ပေါက်နိုင်တယ်။ ဒါကို တခြားဂြိုလ်က ဂြိုလ်သားတွေ ရွှေ့ပြောင်းလာတာပဲဖြစ်ရမယ်။ အတည်ပြုလိုက်ပြီ"
သို့သော် သူ့စကားကို မည်သူကမှ ဂရုမစိုက်ကြချေ။ သူတို့က အထက်ရှိ ပုံစံများကိုသာ အာရုံစိုက်နေကြသည်။
"ခရမ်းရောင်အမှတ်တံဆိပ်၊ နေရောင်အောက်မှာရပ်နေတဲ့ ဘုရင်တစ်ပါးရဲ့ရုပ်ကြွ.. ဒါတွေက ကျန်းမုန့်လောင်ထုတ်ပြခဲ့တဲ့ မျိုးနွယ်စုအမှတ်တံဆိပ်နဲ့ တစ်ထေရာတည်းပဲ"
"ကျန်းမုန့်လောင်က ဂြိုလ်သားပဲ"
"တော်တော့။ ဂြိုလ်သားတွေ ဂြိုလ်သားမဟုတ်တာတွေ တော်ပြီ"
ထိုလူငယ်က တစ်ချိန်လုံး ဂြိုလ်သားအကြောင်းချည်း ပြောနေသဖြင့် ခေါင်းဆောင်လည်း စိတ်ရှုပ်လာသဖြင့် ဖြတ်ပြောလိုက်သည်။
"ခေါင်းဆောင် အမှတ်တံဆိပ်နှစ်ခု ကျန်သေးတယ်"
နန်းတော်၏ တစ်ဖက်ခြမ်းတွင် ရင်ပြင်တစ်ခုရှိပြီး ထိုရင်ပြင်ပေါ်တွင် အမှတ်တံဆိပ်နှစ်ခု ရှိပေသည်။ တစ်ခုက ရွှေရောင်ဖြစ်ပြီး အခြားတစ်ခုကမူူ ကြေးနီရောင်ဖြစ်လေရာ ကျန်းမုန့်လောင်ပြသခဲ့သော ကျန်မျိုးနွယ်စုအမှတ်တံဆိပ်နှစ်ခုနှင့် အတူတူပင်။
ရှေးခေတ်တုန်းက ကြေးနီ၏တန်ဖိုးမှာ ရွှေထက် ပိုမြင့်မားခဲ့သည်။ သို့ဖြစ်လေရာ ဤအချက်များကလည်း ရှေးခေတ်တုန်းက အချက်အလက်များနှင့် ကိုက်ညီနေပေသည်။
"ဒီရှာဖွေတွေ့ရှိမှုက အရမ်းခမ်းနားကြီးကျယ်တာပဲ။ ငါတို့ ချက်ချင်းသတင်းပြန်ပို့ရမယ်"
"အင်း"
...
ဟွာရှားနိုင်ငံရှိ ကူတမ်သဲကန္တာရတွင် ကြီးမားလှသော ရှေးဟောင်းမြို့တစ်မြို့ကို ရှာဖွေတွေ့ရှိခဲ့သည့်အတွက် ရှေးဟောင်းသုတေသနပညာရှင်များ၊ ဘူမိဗေဒပညာရှင်များနှင့် သမိုင်းပညာရှင်များကို အတူတကွလေ့လာစူစမ်းရန် ခေါ်ယူလျက်ရှိသည်။
နောက်တစ်နေ့တွင် ထိုသတင်းက တစ်ကမ္ဘာလုံးအနှံ့ ပျံ့နှံ့သွားသည်။
စတုရန်းကီလိုမီတာငါးဆယ်ကျယ်ဝန်းသော မြို့အောက်မြို့တော်တစ်ခုပင်တည်း။
အိုင်ဆိုတုပ်စစ်ဆေးမှုအရ မြို့၏အဆောက်အအုံများမှာ ဘီစီ၃၈၅၀မှ ၃၉၅၀ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။
ချင်းချိုးနိုင်ငံ၏ ရှေးဟောင်းမြို့တော်ရှိ အမှတ်တံဆိပ်များနှင့် တူညီသော မြို့အမွေအနှစ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ကျန်းမုန့်လောင် ပြသခဲ့သော မျိုးနွယ်စုအမှတ်တံဆိပ်သုံးခုကလည်း ထိုမြို့ထဲမှ ပေါ်ထွက်လာခဲ့သည်။
ပေါက်ကွဲအားပြင်းသော သတင်းတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အစတုန်းက ချင်းချိုးနိုင်ငံ၏ ရှေးဟောင်းမျိုးနွယ်စုကို လေ့လာနေကြသူများမှာ စိတ်ဝင်စားမှုလျော့နည်းသွားသည်။
သိပ်မကြာခင်က ကျန်းမုန့်လောင်သည် ဤရှေးဟောင်းမြို့တော်၏တည်ထောင်သူများမှာ သူတို့၏အစေခံများဖြစ်ကြောင်း ကြွေးကြော်ခဲ့ပြီး သူတို့မိသားစု၏ မျိုးနွယ်စုအမှတ်တံဆိပ်များကိုပင် ပြသခဲ့သည်။
သို့သော် ချင်းချိုးလူမျိုးများကတော့ ထိုအရာကို ငြင်းဆန်ခဲ့ရုံသာမက သူတို့၏ဘိုးဘေးများကိုပါ ပြစ်တင်ကဲ့ရဲ့ခဲ့ကြသည်။
သို့သော် ရက်အနည်းငယ်အတွင်းမှာပင် အမှန်တရား ထွက်ပေါ်လာခဲ့သည်။
သက်သေအထောက်အထား ထွက်ပေါ်လာပြီဖြစ်ရာ သူတို့အနေနှင့် ဘာများရှင်းပြနိုင်ဦးမည်နည်း။
ထိုအမှတ်တံဆိပ်သုံးခု၏ အဆင့်အတန်းကို သက်သေပြနိုင်မည့် အထောက်အထားများ မရှိသော်ငြား ဟွာရှားနိုင်ငံ၏ ရှေးဟောင်းမြို့တော်ရှိ ထိုအမှတ်တံဆိပ်သုံးခု၏နေရာ၊ အရွယ်အစားနှင့် ၎င်းတို့ပေါ်ရှိ ရုပ်ကြွများကပင် သူတို့ကြားရှိ ကွာခြားချက်ကို ပြသနေချေသည်။
ထို့ပြင် ယခင်က မည်သူကမှ ဤအမှတ်တံဆိပ်သုံးခုကို တွေ့ဖူးခြင်းမရှိသောကြောင့် ကျန်းမုန့်လောင်၏ လိမ်လည်ဖန်တီးမှုများလည်း မဖြစ်နိုင်ပေ။
ပညာရှင်ပထမတစ်သုတ်က မြေအောက်နန်းတော်ထဲသို့ ဝင်သွားပြီး ပြန်ထွက်လာသောအခါ သူတို့၏မျက်နှာထက်တွင် ထိတ်လန့်မှုအရိပ်အယောင်များက အထင်းသားပေါ်လွင်နေသည်။ ဤရှေးဟောင်းမြို့တော်ကား သူတို့ထင်ထားသည်ထက် သာလွန်နေချေသည်။ ကျန်းမုန့်လောင်က ဤရှေးဟောင်းမြို့တော်၏ မျိုးဆက်တစ်ယောက်င်။ သို့မဟုတ် ဤရှေးဟောင်းမြို့တော်ကို တည်ထောင်ခဲ့သော တည်ထောင်သူများ၏ မျိုးဆက်ပင်တည်း။
ကမ္ဘာကြီးတော့ ရူးသွားလေပြီ။
"သောက်ကျိုးနည်း.. ကျန်းမိသားစုရဲ့သမိုင်းက အရမ်းဒဏ္ဍာရီဆန်လွန်းတယ်"
"ဒီအမွေအနှစ်ကို ဒီနေ့မှ မတူးဖော်ခဲ့ရဘူးဆိုရင် ဒီလိုအရာမျိုးကို ငါ လုံးဝယုံမှာမဟုတ်ဘူး"
"နှစ်ပေါင်းငါးထောင်ကျော် ခြောက်ထောင်နီးပါးတည်ရှိလာတဲ့ မျိုးနွယ်စုတစ်ခုတဲ့။ ဘုရားရေ.. သူတို့တွေ နေ့တိုင်းသုံးနေတဲ့ပစ္စည်းတွေက နှစ်ပေါင်းခြောက်ထောင်ကြာပြီးတဲ့နောက်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်နေမှာပဲ။ ဘယ်လိုလုပ်ပြီး မချမ်းသာဘဲ နေနိုင်မှာလဲ"
"ရယ်ရတယ်ဟေ့။ ချင်းချိုးလူမျိုးတွေက သူတို့ရဲ့အမွေအနှစ်က တော်တော်ထူးခြားတယ်လို့ထင်ပြီး ငါတို့ကိုတောင် မဟာမျိုးနွယ်စုကြီးလေးခုကနေ ဖယ်ထုတ်ချင်ခဲ့ကြသေးတာ"
"ဟားဟား.. သူတို့က အဲဒီရှေးဟောင်းနိုင်ငံရဲ့မျိုးဆက်တွေဖြစ်ကြောင်း ဝန်ခံထားတာမဟုတ်လား။ ဒါဆို သူတို့က ကျန်းမိသားစုရဲ့ အစေခံတွေ ဖြစ်မသွားဘူးလား။ ဒါက တကယ့်ကို ကျွန်အမွေအနှစ်ပါပဲလား"
"ကျွန်က သခင့်ကို ရှေးဟောင်းအမွေအနှစ်စာရင်းထဲကတောင် ဖယ်ထုတ်ပစ်ချင်နေတယ်တဲ့။ ငါတော့ ရယ်သေတော့မှာပဲ"
"မာန်တက်နေလိုက်ကြဦး။ ဆက်ခုန်ပေါက်နေလိုက်ဦး။ မင်းတို့ဘာပြောပြော တစ်ခါ ကျွန်ဖြစ်ဖူးရင် အမြဲတမ်း ကျွန်ဖြစ်နေဦးမှာပဲ"
"မစ္စတာကျန်းက ဒုတိယမျိုးဆက်လူချမ်းသာတစ်ယောက်လို့ ငါထင်နေခဲ့တာ။ ဒါပေမဲ့ ငါ့အမြင်က သိပ်ကျဉ်းနေမှန်း အခုမှသိလိုက်ရတယ်"
"အပေါ်ထပ်က ညီအစ်ကိုရေ.. မင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ ငါတို့အားလုံး အမြင်ကျဉ်းခဲ့ကြတာ။ မစ္စတာကျန်းက မျိုးဆက်တစ်ထောင်စာ ချမ်းသာကြွယ်ဝတဲ့လူပဲ"
...
"လောင်ကျန်း မင်း.. မင်းကြောင့် ငါ တော်တော်အံ့ဩသွားတာ"
ဝမ်လင်နှင့် ချင်ဖုန်းတို့က ကျန်းမုန့်လောင်နှင့် အဖွဲ့လိုက်စကားပြောဝိုင်းတစ်ခုတည်းတွင် ရှိနေကြသည်။ ထိုသတင်းကိုကြားပြီးနောက် နှစ်ယောက်စလုံး တစ်ပြိုင်တည်းစာပို့လိုက်ကြသည်။
"မပြောပလောက်ပါဘူးကွာ"
ကျန်းမုန့်လောင်ကမူ နှိမ့်ချစွာ ဆိုလိုက်သည်။
"အစတုန်းကတော့ ငါ ခပ်လျှိုလျှိုနေချင်ခဲ့တာလေ။ ဒါပေမဲ့ ငါ့ခွန်အားကမှ ခွင့်မပြုတာ။ ငါ့ဘိုးဘေးတွေက အကြိမ်ပေါင်းများစွာ နေရာရွှေ့ပြောင်းနေခဲ့တာ။ ဒါက သာမန်နေရာတွေထဲက တစ်ခုပါပဲ"
*********************