ကျုပ်ရဲ့ဇာတိမြို့ထဲကိုဝင်ဖို့ ခွင့်ပြုချက်တောင်းရဦးမှာလား
Vol. 42 Ch. 630
ဟွာရှားတွင် ရှေးဟောင်းမြို့ကို တူးဖော်တွေ့ရှိခြင်းကြောင့် ဟွာရှားနိုင်ငံမှာ ရှေးဟောင်းသုတေသနလောက၏ ဗဟိုချက်ဖြစ်လာခဲ့သည်။
သမိုင်းတွင် ရှေးဟောင်းမြို့ပေါင်းများစွာ ပေါ်ထွက်ခဲ့သည်မှာ မှန်ပါသော်လည်း ဤမျှအထိ ပြည့်ပြည့်စုံစုံ ထိန်းသိမ်းထားနိုင်ခြင်းမျိုး မရှိခဲ့ပေ။ အထူးသဖြင့် မြို့၏ ဗဟိုချက်ရှိ နန်းတော်နှင့်အလားသဏ္ဍာန်တူသော အဆောက်အအုံမှာ တစ်ရာရာခိုင်နှုန်းနီးပါး မပျက်စီးဘဲရှိနေဆဲပင်။
ဤသို့သော ရှေးဟောင်းသုတေသနရှာဖွေတွေ့ရှိမှုမျိုးကြောင့် လူတွေလည်း စိတ်မလှုပ်ရှားဘဲ ဘယ်နေနိုင်မည်နည်း။
"သွားရအောင်။ ပစ္စည်းတွေထုပ်ပိုးပြီး ဟွာရှားကို သွားကြမယ်!"
"ချင်းချိုးနိုင်ငံရဲ့ အမွေအနှစ်တွေကို ဘာလို့ဂရုစိုက်နေမှာလဲ။ ဟွာရှားရဲ့ရှေးဟောင်းမြို့က သူတို့ဘိုးဘေးတွေရဲ့မြို့နော်။ သူတို့က သခင်တွေပဲ။ ငါတို့ လေ့လာမယ်ဆိုရင်လည်း သခင်ရဲ့အိမ်ကိုပဲ သွားလေ့လာသင့်တာပေါ့၊ အစေခံတစ်ယောက်ရဲ့အိမ်ကို လေ့လာနေတာ မရှက်ဘူးလား"
"ချင်းချိုးနိုင်ငံက သုတေသနကြေးတောင် ကောက်ရဲသေးတယ်။ ဟွာရှားကတော့ တစ်ကမ္ဘာလုံးကို အခမဲ့ဖွင့်ပေးထားတာ။ အဲဒီချင်းချိုးကို ဘယ်သူကဂရုစိုက်နေမှာလဲ။ ကြိုက်တဲ့လူ အဲဒီကိုသွားပါစေ"
ချင်းချိုးနိုင်ငံသို့သွားရန် စီစဉ်ထားပြီး ရွက်ဖျင်တဲများပင် ထိုးထားကြသော ပညာရှင်များလည်း နောက်ကြောင်းပြန်လှည့်ကာ ဟွာရှားသို့ အလျင်အမြန်သွားကြလေသည်။ ရက်အနည်းငယ်အကြာကမှ စည်ကားနေသော တစ်ဖက်ရှေးဟောင်းမြို့ကား ရုတ်တရက်လူပါးသွားပြီး သူတို့၏ သုတေသနပညာရှင်များနှင့် လာရောက်လည်ပတ်သူအနည်းငယ်သာ ကျန်တော့သည်။
ထိုအချိန်တွင် ကုလသမဂ္ဂမှ အမွေအနှစ်လျှောက်လွှာက ရောက်ရှိလာခဲ့သည်။
ရှေးဟောင်းမျိုးနွယ်စုကြီးလေးခုနှင့် ရှေးဟောင်းယဉ်ကျေးမှုကြီးငါးခုထဲရှိ ဟွာရှား၏နေရာကို အစားထိုးလိုသည့် ချင်းချိုးနိုင်ငံ၏မျှော်လင့်ချက်လည်း ရက်ရက်စက်စက် ပယ်ချခံလိုက်ရသည်။ ပယ်ချခံရသည့် အကြောင်းအရင်းများတွင်ပင် သူတို့အပေါ် လှောင်ပြောင်ထားသော စကားများဖြင့် ပြည့်နှက်နေသည်။
ယခုနှစ်ရက်အတွင်း ဟွာရှားနိုင်ငံ၌ ရှေးဟောင်းအမွေအနှစ်အသစ်များကို ရှာဖွေတွေ့ရှိခြင်းမရှိပါက သူတို့လည်း အလန့်တကြားအရှုံးပေးလိုက်ရဖွယ်ရှိသည်။
အမွေအနှစ်များက သူတို့နိုင်ငံတွင် ရှိနေသည်မှာ မှန်ပါသော်ငြား ၎င်းမှာ သူတို့နှင့် လုံးဝသက်ဆိုင်မှုမရှိပေ။ ဤရှေးဟောင်းနိုင်ငံက ဟွာရှားရှိ ရှေးဟောင်းမြို့မှ မျိုးနွယ်ခွဲတစ်ခုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
မင်းတို့က မင်းတို့ရဲ့အမွေအနှစ်လို့ အခိုင်အမာပြောချင်ရင်လည်း ရပါတယ်။ ဒါပေမဲ့ မင်းတို့က ကျွန်မျိုးဆက်တွေဖြစ်ကြောင်း သွယ်ဝိုက်ဝန်ခံလိုက်သလို ဖြစ်သွားမှာပဲ။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးဖို့ ဆက်တိုက်ပြောနေရင်... ကောင်းပြီ... ငါတို့မှာလည်း ရွေးချယ်စရာမရှိဘူး။ ဒါကို အသိအမှတ်ပြုပြီးမှ လျှောက်လွှာလာတင်လှည့်...
ချင်းချိုးနိုင်ငံက ပယ်ချခံရသည့်စာကို လက်ခံရရှိလိုက်သောအခါ ပြည်သူများမှာ လုံးဝဆွံ့အသွားကြသည်။ ဘယ်လိုလုပ်ရတော့မလဲ။ ဆက်ပြီးလျှောက်လွှာတင်မလား။ ထိုသို့ဆိုလျှင် သူတို့သည် တစ်ကမ္ဘာလုံးထံမှ အလှောင်ခံရပြီး 'ကျွန်မျိုးနွယ်စု'ဟူသော အမည်ကလည်း သူတို့၏မျက်နှာထက်တွင် ထာဝရကပ်ငြိနေလိမ့်မည်။
သို့သော် ပြန်မလျှောက်ထားပါက အရေးပါသော ဤရှေးဟောင်းသုတေသနတွေ့ရှိချက်ကား အလွန်ရယ်စရာကောင်းလောက်အောင် ဖြစ်သွားမည်။ ထို့ပြင် ၎င်း၏တည်ရှိမှုကလည်း ဟွာရှားနိုင်ငံနှင့် တိုက်ရိုက်ချိတ်ဆက်သွားပေလိမ့်မည်။
ဤရှေးဟောင်းမြို့အမွေအနှစ်အကြောင်း ပြောဆိုကြသောအခါ ထိုအရာကို မည်သူကမှ ချင်းချိုးနိုင်ငံ၏ အမွေအနှစ်ဟု မထင်ဘဲ ဟွာရှားနိုင်ငံ၏ အမွေအနှစ်ဟုသာ ထင်ကြမည်ဖြစ်၏။
သူတို့နိုင်ငံထဲရှိ အမွေအနှစ်က အခြားနိုင်ငံ၏အမွေအနှစ် ဖြစ်နေကြောင်း ဝန်ခံရခြင်းကား ဘယ်လောက် ရှက်စရာကောင်းလိုက်မလဲ။
သို့သော် သိက္ခာနှင့် ဂုဏ်သတင်းအကြား ရွေးချယ်ရမည့် အခြေအနေမျိုးတွင် သူတို့သည် နောက်ဆုံးမှာတော့ ဂုဏ်သတင်းကိုသာ ရွေးချယ်လိုက်ကြသည်။ သူတို့က ဟွာရှားနိုင်ငံ၏ ကျွန်မျိုးဆက်များဖြစ်ကြောင်း ဝန်ခံလိုက်ပါက အနာဂတ်တွင် အင်္ဂါဂြိုဟ်သို့သာ ထွက်ပြေးရလိမ့်မည်။ အကြောင်းမှာ အင်္ဂါဂြိုဟ်ပေါ်ရှိ မည်သူကမှ သူတို့ကို မမှတ်မိပေ။
...
ဘူမိဗေဒဆိုင်ရာ စူးစမ်းရှာဖွေမှုများအရ မြေအောက်မြို့၏ ဧရိယာက ခန့်မှန်းခြေအားဖြင့် ၄၈.၆စတုရန်းကီလိုမီတာရှိပြီး မြေအောက်အနက်ပျမ်းမျှ ၁၇မီတာတွင် တည်ရှိသည်။ မြို့၏အပေါ်ဘက်တွင် ကျယ်ပြန့်လှသော သဲကန္တာရတစ်ခုရှိပြီး ဟွာရှား၏စွမ်းအားရှင်များ ဖောက်ထွင်းဖွင့်လှစ်ခဲ့သော ဝင်ပေါက်မှလွဲ၍ ကျန်ကျောက်လွှာများမှာ လုံးဝမပျက်စီးသေးပေ။
ဤအချက်က ပြဿနာနှစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
ပထမတစ်ခုမှာ ဤမြို့သည် စတင်တည်ထောင်စဉ်ကတည်းက မြေအောက်တွင် တည်ဆောက်ခဲ့ခြင်းလော။ သို့မဟုတ် မူလက မြေပေါ်တွင်ရှိခဲ့ပြီး မသိနိုင်သောအကြောင်းအရင်းတစ်ခုကြောင့် မြုပ်သွားခဲ့ခြင်းလော။
ဒုတိယအချက်မှာမူ ကျောက်လွှာအောက် မီတာဆယ်ဂဏန်းအထိ နစ်မြုပ်နေသော ဤမြို့က မည်သို့သော နည်းလမ်းဖြင့် ရုတ်တရက်ပြန်ပေါ်လာရသလဲ။
ဤသည်မှာ အမွေအနှစ်ထဲသို့ ဝင်ရောက်ခဲ့သော ပညာရှင်များ စူးစမ်းချင်စိတ်အဖြစ်ဆုံး မေးခွန်းများပင်။
လူတိုင်းက ဤအမွေအနှစ်ကို အံ့အားသင့်နေကြချိန်တွင် ဟွာရှား၏ သြဇာအာဏာအကြီးဆုံး ရှေးဟောင်းသုတေသနအဖွဲ့အစည်းက ဤမြို့ကို ရှာဖွေတွေ့ရှိခြင်းမှာ မတော်တဆမှုတစ်ခုကြောင့် မဟုတ်ဘဲ တစ်စုံတစ်ယောက်က တည်နေရာအတိအကျကို ဖော်ပြခဲ့သောကြောင့်သာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရုတ်တရက်ကြေညာခဲ့သည်။
ထိုပုဂ္ဂိုလ်မှာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ကျန်းမုန့်လောင်ပင်။
ထိုအချိန်တွင် လူတိုင်း ရုတ်တရက်သတိရသွားကြသည်။ ဟုတ်ပေသည်။ ကျန်းမုန့်လောင် ပြောခဲ့သည်မဟုတ်လား။ ချင်းချိုးနိုင်ငံရှိ ရှေးဟောင်းမြို့အမွေအနှစ်မှာ သူတို့မိသားစု၏ ကျွန်အမွေအနှစ်ဖြစ်ပြီး ထိုသင်္ကေတကလည်း သူတို့၏မျိုးနွယ်ခွဲများတွင် အသုံးပြုခဲ့သော အမှတ်တံဆိပ်တစ်ခုဖြစ်သည်ဟု ဆိုခဲ့သည်။ ယခု ကျန်းမုန့်လောင်က ဤမြေအောက်ရှေးဟောင်းမြို့တော်၏ တည်နေရာကို တိတိကျကျပြောပြခဲ့ခြင်းမှာ သူပြောခဲ့သော အရာအားလုံးက ဟုတ်မှန်ကြောင်း သက်သေပြလိုက်ပြီမဟုတ်ပါလား။
အချက်အလက်အားလုံးက တိုက်ဆိုင်နေသည်။ လုံးဝမှန်ကန်ပေသည်။
ထို့ပြင် ကျန်းမိသားစု၏ မျိုးနွယ်စုအမှတ်တံဆိပ်က ဤရှေးဟောင်းမြို့တော်၏ အမြင့်ဆုံးအဆင့်အတန်းကို ကိုယ်စားပြုသော သင်္ကေတဖြစ်ပြီး သူ့ဘိုးဘေးများကလည်း ဤမြို့၏ အဆင့်မြင့်အရာရှိများ၊ အုပ်ချုပ်သူများ၊ သို့မဟုတ် မြို့ပိုင်ရှင်များပင် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ရှင်းရှင်းလင်းလင်းဖော်ပြနေသည်။
ထိုအချိန်တွင် လူပြောများသော အကြောင်းအရာများက ထိုရှေးဟောင်းမြို့တော်မှတစ်ဆင့် ကျန်းမုန့်လောင်ထံသို့ ပြောင်းသွားခဲ့သည်။
"ရှေးဟောင်းနိုင်ငံ၏မင်းသားလေး"၊ "မျိုးဆက်ပေါင်းများစွာချမ်းသာကြွယ်ဝသူ"စသည့် ခေါင်းစဉ်များနှင့် အခြားအမည်နာမအမျိုးမျိုးဖြင့် သူ့ကို ခေါ်ဝေါ်ခဲ့ကြသည်။
နှစ်ပေါင်းငါးထောင်ကျော် တည်တံ့ခဲ့သော မျိုးနွယ်တစ်ခုတဲ့။ ဤသည်မှာ နိုင်ငံတစ်နိုင်ငံ၏သမိုင်းကို လေ့လာခြင်းထက် ပိုစိတ်လှုပ်ရှားစရာ မကောင်းပေဘူးလား။ ကမ္ဘာပေါ်မှာ ဘယ်နှနိုင်ငံကများ ယခုလိုသမိုင်းမျိုးကို ကြွားဝါနိုင်မည်နည်း။ သူတို့၏အနိမ့်အမြင့်အတက်အကျများက စိတ်ဝင်စားစရာမကောင်းလောက်ဘူးလား။
ရှေးဟောင်းသုတေသနနှင့် သမိုင်းပညာလောကထဲရှိ လူများမှာ ချက်ချင်းပင် လှုပ်ရှားလာကြပြီး ခေါင်းစဉ်အသစ်နှင့် ဘာသာရပ်အသစ်တစ်ခုကို အမြန်ဖန်တီးခဲ့ကြသည်။
"လေ့လာစူးစမ်းကြ။ တစ်ခုခုကို တကယ်ရှာဖွေနိုင်ခဲ့ရင် မင်းတို့အနိုင်ပဲ"
ကျန်းမုန့်လောင်က သတင်းများကိုကြည့်ရင်း ကူကယ်ရာမဲ့စွာပြုံးလျက် ပြောလိုက်သည်။
သူ့မိသားစု၏ သြဇာအာဏာက နေကိုပင် ဖုံးလွှမ်းနိုင်သော်လည်း လူမြင်ကွင်းသို့ ထွက်ပြခြင်း သို့မဟုတ် ကြွားဝါတတ်ခြင်းမျိုးကို သိပ်မလုပ်ကြချေ။ လုပ်ငန်းအများစုကို သူတို့၏လက်အောက်ခံမိသားစု သို့မဟုတ် အစေခံမိသားစုများမှတစ်ဆင့် ဆောင်ရွက်ခဲ့ကြပြီး ကျန်းမိသားစုထဲတွင် ထင်ထင်ပေါ်ပေါ် လူလုံးထွက်ပြခဲ့သူမှာ သူတစ်ယောက်တည်းသာဖြစ်၏။
ဤအခွင့်အရေးက ဟွာရှားနိုင်ငံကို ရှေးဟောင်းမျိုးနွယ်စုကြီး လေးခုထဲတွင် စတုတ္ထနေရာမှ ပထမနေရာသို့ တွန်းတင်ပေးလိုက်သည်။
ကုလသမဂ္ဂက ရှမင်းဆက်၏ယဉ်ကျေးမှုကို အသိအမှတ်မပြုဘဲ ဟွာရှားနိုင်ငံ၏ယဉ်ကျေးမှုက ဘီစီ၁၅၀၀ခန့်အထိသာ ရှိသည်ဟု ဆိုခဲ့သည်မဟုတ်ပါလား။
ယခုအချိန်တွင် သက်သေအထောက်အထားက မျက်စိရှေ့သို့ ရောက်လာလေပြီ။ ဘီစီ၄၀၀၀နီးပါးခန့်က ရှေးဟောင်းမြို့ကြီးတစ်ခု ပေါ်ထွက်လာသည့်အတွက် ဟွာရှားနိုင်ငံ၏သမိုင်းမှာ နှစ်၃၅၀၀သာရှိသည်ဟု ဆက်ပြောနိုင်ဦးမည်လော။
မည်သည့်ရှေးဟောင်းဘုရင့်နိုင်ငံ သို့မဟုတ် ဘယ်မျိုးနွယ်စုမဆို ဟွာရှားနှင့်နှိုင်းယှဉ်လိုက်လျှင် မှေးမှိန်သွားရသည်။
"မုန့်လောင်...မနက်ဖြန်ကျရင် ရှေးဟောင်းမြို့တော်မှာ ဖွင့်ပွဲအခမ်းအနားရှိတယ်။ မင်းလာနိုင်မလား"
လောင်ကျိုးက ကျန်းမုန့်လောင်အား ဖိတ်စာပေးပို့လိုက်သည်။
"မင်း အင်တာဗျူးတချို့ကိုလည်း ဖြေရနိုင်တယ်။ မင်းသိတဲ့အတိုင်းပဲ... ဒီကိစ္စက နိုင်ငံတကာမှာ အရမ်းအာရုံစိုက်ခံနေရပြီး ဖုန်းခေါ်ဆိုမှုတွေကလည်း မနိုင်မနင်းဖြစ်နေတာ။ ငါတို့တွေချည်းပဲ မဖြေရှင်းနိုင်ဘူး"
"ဟားဟားဟား ရပါတယ်။ မနက်ဖြန်ကျရင် ကျွန်တော် သွားလိုက်ပါ့မယ်"
ကျန်းမုန့်လောင် ရယ်မောလိုက်သည်။ ဤနေရာကိုတော့ စိတ်ဝင်စားမိသည်။ ၎င်းမှာ သူ တစ်ခါမှမတွေ့ဖူးသော အိမ်အိုကြီးတစ်ခုဆီသို့ ပြန်လာရသည့်အလား ရင်းနှီးနေသော်လည်း စိမ်းသက်နေသည့်ခံစားမှုမျိုးပင်။
...
မူလတုန်းက ငှက်များပင် အသိုက်မဝပ်ချင်သော နေရာတစ်ခုဖြစ်သည့် ကူတမ်သဲကန္တာရကား ယခုအခါတွင်မူ ကမ္ဘာတစ်ဝန်းမှ ပညာရှင်များနှင့် ကျွမ်းကျင်သူများ အလုံးအရင်းဖြင့် ရောက်ရှိလာခြင်းကြောင့် စည်ကားနေချေသည်။ ဟွာရှားနိုင်ငံက ဝင်ပေါက်တွင် ကြီးမားလှသော သုတေသနအခြေစိုက်စခန်းတစ်ခုကို ချက်ချင်းတည်ဆောက်ခဲ့သည်။
ဆောက်လုပ်ဆဲဖြစ်သော်လည်း လျှပ်စစ်နှင့် ရေပေးဝေရေး စက်ပစ္စည်းများက အခြေစိုက်စခန်း၏ နေ့စဉ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီဖြစ်၏။
ဤဧရိယာတွင် သယ်ယူပို့ဆောင်ရေးယာဉ်နှင့် လမ်းကြမ်းမောင်းနှင်သောယာဉ်များ အဆက်မပြတ် သွားလာလှုပ်ရှားနေကြသည်။
ကျန်းမုန့်လောင်၏ ရဟတ်ယာဉ်က ယာယီရဟတ်ယာဉ်ကွင်းပေါ် ဆင်းသက်လာပြီးနောက် သူသည် နေကာမျက်မှန်တပ်လျက် လေယာဉ်ပေါ်မှ ဆင်းလာခဲ့သည်။
အမွေအနှစ်၏ဝင်ပေါက်တွင် ပညာရှင်ပေါင်းများစွာက အထဲသို့ဝင်ရန် တန်းစီနေကြသည်။ ဤဖွင့်ပွဲသို့ လာရောက်ရန် အရည်အချင်းပြည့်မီသူများမှာ နိုင်ငံတကာမှ နာမည်ကျော်သမိုင်းပညာရှင်များ၊ ဘူမိဗေဒပညာရှင်များနှင့် ရှေးဟောင်းသုတေသနပညာရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီက အနည်းဆုံးလူတစ်ဒါဇင်ပါသည့် ကိုယ်ပိုင်အဖွဲ့များကို ခေါ်ဆောင်လာကြသည်။ အချို့မှာ သူတို့၏စတူဒီယိုတစ်ခုလုံးကို ဤနေရာသို့ရွှေ့ရန်ပင် စိတ်အားထက်သန်နေကြသည်။
နှစ်ငါးထောင်ကျော်သက်တမ်းရှိသည့် မြို့တစ်မြို့ဖြစ်လေရာ မည်မျှများပြားသော လျှို့ဝှက်ချက်များနှင့် ဇာတ်လမ်းများကို ဖုံးကွယ်ထားလိမ့်မည်နည်း။
"ကျေးဇူးပြုပြီး တန်းစီပြီးတာနဲ့ ခွင့်ပြုမိန့်နဲ့ဖိတ်စာတွေကို ပြပေးပါ"
ဝန်ထမ်းများက ဝင်ပေါက်တွင် အသံအကျယ်ကြီးဖြင့် အော်ဟစ်ရင်း စည်းကမ်းထိန်းသိမ်းနေကြသည်။
လုံရှားအဖွဲ့အစည်း၏ အကူအညီဖြင့် လူဒါဇင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်းသယ်ယူနိုင်သည့် ဓာတ်လှေကားကို ဝင်ပေါက်၌တည်ဆောက်ထားပြီး လမ်းလျှောက်ပြီး အတက်အဆင်းလုပ်နိုင်ရန်အတွက်လည်း လုံခြုံစိတ်ချရသည့် လှေကားထစ်တစ်ခုကို ဆောက်လုပ်ထားသည်။
"တစ်ဆိတ်လောက်ပါ လူကြီးမင်း.. ခင်ဗျားရဲ့ဖိတ်စာနဲ့ ခွင့်ပြုမိန့်ကို ပြပေးနိုင်မလား"
ကျန်းမုန့်လောင်အလှည့်ကို ရောက်သောအခါ ဝန်ထမ်းများက သူ့ကို ချက်ချင်းတားလိုက်ကြသည်။
"ကိုယ့်အိမ်အဟောင်းကို ပြန်လာဖို့ ခွင့်ပြုမိန့်လိုသေးတာလား"
ထိုအချိန်တွင် ကျန်းမုန့်လောင်လည်း တစ်ချိန်တုန်းက ပုယီတစ်ယောက် တားမြစ်မြို့တော်ထဲသို့ ဝင်ရောက်ခဲ့စဉ်က မည်သို့ခံစားခဲ့ရသလဲဆိုသည်ကို နားလည်သွားသည်။ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ခွင့်ပြုမိန့်လိုဦးမှာလား။
*********************