တကယ်ကြီးလား
Vol. 9 Ch. 82
“တပည့် ချင်းရန်က ကောင်းကင်ဘုံကို သနားကြင်နာဖို့၊ ဘေးအန္တရာယ်တွေ ပပျောက်ဖို့၊ ကျွန်မရဲ့ ဆရာကို ဘေးကင်းငြိမ်းချမ်းစေဖို့ စိတ်ရင်းမှန်နဲ့ ဆုတောင်းပါတယ်။”
နောက်တစ်နေ့ မနက်အရုဏ်ဦးတွင် လီချင်းရန်က သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း အမွှေးနံ့သာရေဖြင့် ရေချိုးခြင်း၊ ကောင်းကင်ကို သုံးကြိမ် ဦးညွှတ်ခြင်းတို့ဖြင့် ဆရာဖြစ်သူ၏ အေးချမ်းသာယာရေးအတွက် ဆုတောင်းခဲ့သည်။ ထို့နောက်တွင် သူသည် စီနီယာအစ်မ ကျောက်လဲ့ လက်ဆောင်ပေးခဲ့သော နတ်ကြိုးကြာကို စီးနင်းကာ ဂိုဏ်း၏ ဓားကျောင်းတော် ရင်ပြင်သို့ ဦးတည်ခဲ့သည်။
သူက အချိန်တိကျသူဖြစ်ပြီး စောရောက်ခြင်းက လုံလောက်သည်ဟု ယုံကြည်ထားသော်လည်း ရင်ပြင်သို့ ရောက်သည်နှင့် သူ အံ့အားသင့်သွားသည်။
ရင်ပြင်တစ်ခုလုံး လူများဖြင့် ပြည့်နှက်နေ၏။
ခေါင်မိုးများ၊ ရှေးဟောင်းထင်းရှူးပင်ကြီးများ၊ ဝါးတောထဲရှိ ဝါးရွက်ဖျားများနှင့် ရပ်နိုင်၊ ထိုင်နိုင်၊ လဲလျောင်းနိုင်၊ သို့မဟုတ် တရားထိုင်နိုင်သည့် နေရာတိုင်းတွင် ဓားကျောင်းတော်မှ တပည့်များဖြင့် ပြည့်နေသည်။
ပို၍ မြင်ကွင်းကျယ်သော နေရာများတွင် ပို၍ စည်ကားသည်။
ရွှမ်း...
ရုတ်တရက် ဓားသံတစ်ခု လေထဲသို့ ထိုးဖောက်ဝင်ရောက်လာပြီး လူအုပ်ရှေ့မှ မျက်စိကျိန်းလောက်သော ဓားအလင်းတန်းတစ်ခု ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
ထို့နောက် တိုက်ခိုက်သံများ ထွက်ပေါ်လာခဲ့သည်။
“ဖယ်စမ်း။ ဒါ ငါ့နေရာ...”
“မင်း ပြောတိုင်း မင်းနေရာ ဖြစ်ရမှာလား။ ငါ့နေရာလို့ ငါ ပြောရင်ကော။”
“ဒီနေရာကို ပိုင်ဆိုင်ကြောင်း သက်သေပြဖို့ ငါ့ရဲ့ ဓားပျံကို ဒီမှာ ထားခဲ့တာ...”
“သောက်ဂရုမစိုက်ဘူး....”
ပြင်းထန်သော ဓားချင်းရိုက်ခတ်သံများ ကောင်းကင်ယံတွင် ဟိန်းနေ၏။
သို့သော် ပတ်ဝန်းကျင်ရှိ ဓားကျောင်းတော်မှ တပည့်များက ဝင်ရောက်စွက်ဖက်ရန် စိတ်အားထက်သန်ခြင်း မရှိကြပေ။
ထိုအစား မည်သူ အနိုင်ရမည်ကိုပင် ဆွေးနွေးရင်း စိတ်ဝင်တစား ကြည့်ရှုနေကြသည်။
“ဂျူနီယာညီမ၊ နောက်တစ်ခါဆိုရင် ပိုပြီးတော့ စောစောလာမှ ရလိမ့်မယ်။”
အပေါ်မှ အသံတစ်ခု ထွက်ပေါ်လာပြီး ပုံသဏ္ဌာန်တစ်ခုက သူ့ဘေးနားရှိ ဝါးရွက်ဖျားပေါ်သို့ ကျော့ရှင်းစွာ ဆင်းသက်လာသည်။
သူ့ကို မနေ့က စိတ်ဝိညာဉ်ဝိုင် လက်ဆောင်ပေးခဲ့သော စီနီယာအစ်ကို ရှုအန် ဖြစ်သည်။
“စီနီယာအစ်ကို ရှုအန်။” လီချင်းရန်က လျင်မြန်စွာ ဦးညွှတ်အရိုအသေ ပေးလိုက်သည်။
“ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး။”
ဝိုင်ပုလင်းကို ကိုင်ထားသော ရှုအန်က အနည်းငယ် မူးယစ်နေသည့် ပုံပေါ်သော်လည်း ရယ်မောလိုက်သည်။
“ဂိုဏ်းရဲ့ မနက်ခင်း သင်ခန်းစာတွေက အရမ်းအရေးကြီးတယ်။ အဲဒီအချိန်မှာ အကြီးအကဲတွေက ကျင့်ကြံမှု မေးခွန်းတွေကို ဖြေပေးတယ်။ တိုက်ရိုက်တပည့်တွေက သူတို့ရဲ့ တိုက်ပွဲ အတွေ့အကြုံတွေကို ဝေမျှတယ်။ ဒီနောက်မှပဲ ဂိုဏ်းရဲ့ ထိပ်သီးအသီးသီးက အကြီးအကဲတွေက သူတို့ရဲ့ တပည့်တွေကို ခေါ်သွားပြီး အထူးပြု ဓားသင်တန်းတွေ သင်ပေးတာ။”
“ဒီလိုလား...”
လီချင်းရန်သည် ခေါင်းညိတ်လိုက်သော်လည်း အနည်းငယ် ရှုပ်ထွေးနေဆဲ ဖြစ်သည်။
ဓားကျောင်းတော်၏ သင်ကြားမှုပုံစံသည် ချင်းယွန်ဂိုဏ်းနှင့် အလွန်ကွာခြားသည်။
၎င်းသည် ပတ်ဝန်းကျင်ကို ထိန်းသိမ်းသော ပုံစံမျိုးပင် ဖြစ်နေသည်။
“အဲဒါကြောင့် မင်း စောစောလာပြီး နေရာကောင်း ရအောင် ယူထားဖို့ လိုတာ။ တချို့အချိန်တွေမှာ တိုက်ရိုက်တပည့်တွေက သိုင်းပညာ ဖလှယ် တိုက်ခိုက်ကြလေ့ရှိတယ်။ မင်း ရှေ့ဆုံးကို ရောက်လေလေ၊ သူတို့ရဲ့ အသေးစိတ်လှုပ်ရှားမှုတွေကို ပိုပြီး လေ့လာနိုင်လေပဲ။ ဒါက ကျင့်ကြံမှုနဲ့ ဓားသိုင်းပညာ နှစ်ခုလုံးအတွက် အရမ်း အကျိုးရှိတယ်...”
ရှုအန်က ရှင်းပြသည်။
ဝါးရွက်ဖျားပေါ်တွင် မူးရူးနေပုံဖြင့် မခိုင်မခိုင် လှုပ်ယိမ်းနေသော်လည်း ခြေထောက်များက ဝါးရွက်ဖျားပေါ်တွင် မြဲမြံစွာ ရပ်နေဆဲပင်။
“ဒါပေမဲ့ စီနီယာအစ်ကိုလည်း နောက်ကျပြီးမှ ရောက်လာတာပဲလေ။”
“ငါလား။”
ရှုအန်က လက်ပြကာ ပယ်ချလိုက်သည်။
“ဘယ်သူမှ ငါ့နေရာကို ယူရဲမှာ မဟုတ်ဘူး။ ရှေ့ဆုံးနေရာက ထိပ်သီးအသီးသီးက ထိပ်ဆုံး တိုက်ရိုက်တပည့် သုံးဦးအတွက် ချန်ထားတာ။ ဘယ်သူဆို ငါ့နေရာကို လိုချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူရလိမ့်မယ်။”
ရှေ့ဆုံးမှာတော့ ဓားတိုက်ပွဲ ပြီးဆုံးသွားပုံရသည်။
တပည့်တစ်ဦးသည် ကျိန်ဆဲသံများဖြင့် အနီးရှိ ခေါင်မိုးပေါ်သို့ ခုန်တက်ကာ နေရာကောင်း ရထားပြီးသား တခြားတပည့်တစ်ဦးကို ချက်ချင်း တွန်းချလိုက်ပြီး ထိုနေရာကို သူ့ဘာသာ ယူလိုက်သည်။
ဒေါင်..ဒေါင်...ဒေါင်
ဝေးကွာသော တောင်တန်းများမှ မရေမရာ ခေါင်းလောင်းသံ မြည်ဟီးလာ၏။
စုစုပေါင်း ကိုးချက်ပင်။
ချက်ချင်း ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
“မနက်ခင်း သင်ခန်းစာတွေ စပြီ။”
ရှုအန်၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး မူးယစ်မှုမှာ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဂျူနီယာညီမ၊ ငါ ရှေ့ကို သွားလိုက်ဦးမယ်နော်...”
သူ စကားပြောပြီးသည်နှင့် လီချင်းရန် မျက်တောင် တစ်ချက်ခတ်လိုက်ချိန်တွင် ရှုအန်မှာ လဲလျောင်းနေသော ဝါးပင်ကိုသာ ထားခဲ့ပြီး ပျောက်ကွယ်သွားခဲ့သည်။
လီချင်းရန်သည် မနက်ခင်း သင်ခန်းစာများတွင် လုံးဝ နစ်မြုပ်နေခဲ့သည်။
ဓားကျောင်းတော်၏ အကြီးအကဲများသည် ကိုယ်ပိုင် အတွေ့အကြုံများကို တပည့်များထံ ပုံအောချပေးပြီး တစ်နေကုန် ခေါ်ထားသည်မဟုတ်ပေ။
ကျင့်ကြံမှုအဆင့်များ ကွာဟချက် အလွန်ကြီးမားသောကြောင့် သူတို့၏ ဗဟုသုတ အများစုကို အဆင့်နိမ့် တပည့်များက နားလည်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူတို့သည် သူတို့၏ ထိုးထွင်းသိမြင်မှုများကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကာ တပည့်အားလုံး အလွယ်တကူ နားလည်နိုင်စေရန် ကျင့်ကြံမှုအဆင့်အလိုက် ညှိနှိုင်းပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် သူတို့သည် တပည့်များ၏ တိုးတက်မှုကို အနှောင့်အယှက် မဖြစ်စေဘဲ လက်ရှိအဆင့်ထက် မြင့်မားသော အသိပညာများကို ထိတွေ့စေခဲ့သည်။
ထိုအရာက လီချင်းရန်ကို ချင်းယွန်ဂိုဏ်းတွင် ရှိစဉ်က အချိန်များကို သတိရစေသည်။
ထိုအချိန်က တာအိုပညာရှင် ချင်းရွှမ်းသည် သူကို ချီယွန်ကျင့်စဉ် သင်ကြားပေးသောအခါ မန္တန်ကို ရွတ်ဆိုပြီး သူ့ဘာသာ နားလည်အောင် လုပ်ခိုင်းခဲ့သည်။
မန္တန်က သူ တကယ် နားလည်နိုင်သည့်အရာဖြစ်နေရာ ဘာသာပြန်ရန်ပင် မယုံနိုင်လောက်အောင် အားထုတ်ခဲ့ရသည်။
မနက်ခင်း သင်ခန်းစာများ ပြီးဆုံးသောအခါ တပည့်များသည် သက်ဆိုင်ရာ အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ထွက်ခွာသွားကြသည်။
သို့သော် လီချင်းရန် ချက်ချင်း မထွက်ခွာသေးပေ။
သူက ရင်ပြင်ငယ်ပတ်လည်တွင် ခဏမျှ လှည့်လည်နေခဲ့သည်။
နောက်ဆုံးတွင် သူက ဓားကျောင်းတော်၏ ဂိုဏ်းချုပ် စုချီနျန်ကို မတ်မတ်မားမား ရှိနေသော ရှေးဟောင်းထင်းရှူးပင်ကြီးပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။
“ဂိုဏ်းချုပ်၊ ဒီတပည့်မှာ သတင်းပို့စရာ တစ်ခု ရှိပါတယ်။”
သူသည် သစ်ပင်အောက်တွင် ရပ်လျက် အရိုအသေပေးကာ ဦးညွှတ်လိုက်သည်။
တုံ့ပြန်မှု မရှိပေ။
သူ မော့ကြည့်လိုက်ရာ ထိုအခြေတည်ဝိညာဉ် နောက်ဆုံးအဆင့် တန်ခိုးရှင်သည် လုံးဝ ကာကွယ်မှုမရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။
“ဂိုဏ်းချုပ်။”
“ဂျူနီယာညီမ၊ ဒါနဲ့ သူ့ကို နှိုးလို့ရမှာ မဟုတ်ဘူး။”
ဘယ်ကမှန်းမသိ ယွဲ့ချန်ချီ ပေါ်လာပြီး လီချင်းရန်၏ ပခုံးကို လက်ဖြင့်ဖက်ကာ ကောက်ကျစ်စွာ ပြုံးလိုက်သည်။
“ဆရာက မိုင်ပေါင်းတစ်ရာအကွာက သတ်ချင်တဲ့စိတ်ကို ခံစားနိုင်ပေမယ့် ဓားကျောင်းတော်ထဲမှာတော့ ဘယ်တပည့်က သူ့ကို ဘယ်လောက်ပဲ နီးကပ်နီးကပ်၊ သူ အိပ်ပျော်နေမှာပဲ။”
ယွဲ့ချန်ချီက ရှင်းပြရင်း သူ၏ သိုလှောင်အိတ်ကို မွှေနှောက်နေသည်။
မကြာမီတွင် သူသည် ကြေးမောင်းတစ်ခုနှင့် သစ်သားတူတစ်ခုကို ဆွဲထုတ်လိုက်၏။
သူက လီချင်းရန်ကို မျက်ခုံးပင့်ကာ ကြည့်လိုက်သည်။
“ဒီနေ့ စီနီယာအစ်မက နင့်ကို အိပ်ပျော်နေတဲ့ ဂိုဏ်းချုပ်တစ်ဦးကို ဘယ်လို နှိုးရမလဲဆိုတာ သင်ပေးမယ်။”
လီချင်းရန်၏ မျက်နှာ ဖြူဖတ်သွား၏။
“စီနီယာအစ်မ၊ ဒါ... ဒါက မသင့်တော်ဘူး ထင်တယ်...”
ယွဲ့ချန်ချီ မည်သည်ကို ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း သူ ခန့်မှန်းမိပြီးသား ဖြစ်သည်။
၎င်းက လုံးဝကို မလေးစားရာ ရောက်ပေသည်။
ချင်းယွန်ဂိုဏ်းတွင်ဆိုလျှင် ထိုသို့ပြစ်မှုမျိုးက အဖွဲ့မှ ထုတ်ပယ်ခံရနိုင်သည်။
“ရပါတယ်။” ယွဲ့ချန်ချီသည် သစ်ပင်ပေါ်သို့ ခုန်တက်ကာ စုချီနျန်၏ ဦးခေါင်းအထက်တွင် ကြေးမောင်းကို နေရာချပြီး သစ်သားတူကို လွှဲလိုက်၏။
ဒုန်း...
လီချင်းရန်သည် ထိတ်လန့်တကြား မျက်လုံးများကို အလိုလို မှိတ်ထားလိုက်သည်။
ပဲ့တင်သံ နောက်ဆုံးတွင် မှေးမှိန်သွားသောအခါ သူက သတိထားပြီး မျက်လုံးများကို ပြန်ဖွင့်လိုက်၏။
စုချီနျန်သည် ယခုအခါ ခြေချိတ်ထိုင်နေပြီး မျက်နှာတွင် မိုးကြိုးပစ်တော့မည့်အတိုင်း မည်းမှောင်နေကာ မေးရိုးများပင် တဆတ်ဆတ်တုန်နေသည်ကိုသာ တွေ့လိုက်ရသည်။
အပြစ်ကျူးလွန်သူ ယွဲ့ချန်ချီကိုမူ မည်သည့်နေရာမှ ရှာမတွေ့တော့။
ဒုက္ခပဲ။
လီချင်းရန်က အလျင်အမြန် ဦးညွှတ်လိုက်သည်။
“ဂိုဏ်းချုပ်၊ အဲဒါ ကျွန်မ မဟုတ်ပါဘူး။ အဲဒါက...”
သူ နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး နောက်ဆုံးတွင်တော့ သူ၏ စီနီယာအစ်မကို သစ္စာမဖောက်ရန် ဆုံးဖြတ်လိုက်သည်။
ဂိုဏ်းချုပ် သူ့ဘာသာ အဖြေရှာပါစေ။
သူ မျက်လုံးများကို မှိတ်လျက် လက်လျှော့ပြီး တီးတိုး ရေရွတ်လိုက်သည်။
“တပည့် မျက်လုံးထဲ ဖုန်ဝင်သွားလို့ ဘာမှ မမြင်လိုက်ပါဘူး...”
“အဟက် အဲဒီသောက်ကောင်မလေးယွဲ့ချန်ချီဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား။”
စုချီနျန်က အံကြိတ်လိုက်ပြီး လက်များကို အင်္ကျီလက်ဖုံးအတွင်း၌ ဆုပ်ထားသည်။
“အဲဒီ ကောင်မလေးက ပိုပြီး အတင့်ရဲလာပြီ။ ငါ သူ့ကို ဂိုဏ်းရဲ့ အစောင့်အရှောက်သားရဲ ချေးတွေကို ရှင်းခိုင်းပစ်မယ်...”
“အာ... ဒါပဲလား။” လီချင်းရန် သက်ပြင်းချကာ စိတ်သက်သာရာ ရသွားသည်။
အစောင့်အရှောက်သားရဲ ချေးများကို ရှင်းရခြင်းက အပြစ်ပေးခြင်းပင် မဟုတ်ပေ။
သူ ယခင်က အများကြီး လုပ်ခဲ့ဖူး၏။ အနံ့ နည်းနည်း ဆိုးရုံသာ...
သို့သော် သူ၏ တုံ့ပြန်မှုကို ကြားသောအခါ စုချီနျန်၏ မျက်နှာအမူအရာမှာ ကောက်ကွေးသွားသည်။
ကြောက်မက်ဖွယ်ကောင်းသော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။
“ဟဲဟဲ... သူကိုး... ဟဲဟဲဟဲ... ကောင်းပြီ။ ကောင်းကောင်း လုပ်ခဲ့တာပဲ။ ဟဲဟဲဟဲ...”
လီချင်းရန် ထိတ်လန့်သွား၏။
ဂိုဏ်းချုပ်က သူ့ကို ဝန်ခံအောင် လှည့်စားလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
သတိမထားမိဘဲ သူက စီနီယာအစ်မကို သစ္စာဖောက်လိုက်ပြီ ဖြစ်သည်။
ခေါင်းကို ငုံ့လျက်နှင့် သူက လက်နှစ်ဖက်ကိုစုပြီး တိတ်တဆိတ် တောင်းပန်လိုက်သည်။
[ စီနီယာအစ်မ၊ ကျွန်မ တောင်းပန်ပါတယ် 😭 ။ ဂိုဏ်းချုပ်က အရမ်းကို ကောက်ကျစ်လွန်းတယ် ]
“မင်းရဲ့ ဆုတောင်းတွေကို ချန်ထားလိုက်။ အဲဒီ ကောင်မလေးတော့ သေပြီ။”
စုချီနျန်က ထင်းရှူးပင်မှ ခုန်ဆင်းလာပြီး သူ၏ ဝတ်ရုံကို ခါလိုက်ကာ မေးလိုက်၏။
“ထားပါ။ မင်း ငါ့ကို ဘာလို့ လာရှာတာလဲ။”
လီချင်းရန်က ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းလိုက်ပြီး နက်နက်ရှိုင်းရှိုင်း ဦးညွှတ်လိုက်သည်။
“ဂိုဏ်းချုပ်။ ကျွန်မရဲ့ ဆရာ၊ အန္တိမအကြီးအကဲချန်က အခုလက်ရှိမှာ ကြီးမားတဲ့ မိစ္ဆာတစ်ကောင်နဲ့ တိုက်ခိုက် နေပါတယ်။ သူ အဆိပ်သင့်နေပြီးတော့ အချိန်သိပ်မကျန်တော့ဘူးလို့ ပြောပါတယ်။ သူက ဓားကျောင်းတော်ရဲ့ အန္တိမအကြီးအကဲ ဖြစ်တဲ့အတွက် ဂိုဏ်းချုပ်ကို သတင်းပို့သင့်တယ်လို့ ကျွန်မ ထင်ပါတယ်။”
ဆရာ။ ဓားကျောင်းတော်၏ အန္တိမအကြီးအကဲ။ အဆိပ်မိနေတယ်။
ဘာလားဟ...
စုချီနျန်၏ မျက်လုံးများ တုန်ခါသွား၏။
နေပါဦး... ဒါက တကယ်ကြီးလား။