← Chapters

လျို့ဝှက်ရည်ရွယ်ချက်များ

Vol. 9 Ch. 85

လျို့ဝှက်ရည်ရွယ်ချက်များ

Vol. 9 Ch. 85

လင်းလင်လင်...

ချန်ဟွိုက်အန် ထိုမိန်းကလေး၏ နာမည်ကို ပထမဆုံး သိရှိရသောအခါ သူ့ကို ချက်ချင်း ဥသုံးလုံး သို့မဟုတ် သုညသုံးလုံးဟု နာမည်ပြောင် ပေးခဲ့သည်။

သူ၏ အထင်တွင် လင်းလင်လင်က သူ့ထက်ပင် ပိုဆိုးသော ထင်ယောင်ထင်မှားရောဂါရှိသည့် ကလေးမ တစ်ဦးသာ။

သို့သော် သူတို့တွင် အပြန်အလှန် ဆက်ဆံမှု မရှိသလောက်ဖြစ်ပြီး တစ်ကြိမ်သာ တွေ့ဆုံဖူးသည်။

သို့ဆိုလျှင် အမှန်တကယ် မေးစရာရှိသည်မှာ...

ထိုမျှ ရင်းနှီးမှုမရှိသော မိန်းကလေးက အဘယ်ကြောင့် သူ၏ တံခါးဝသို့ ရုတ်တရက် ရောက်လာသနည်း။

ထို့ပြင် သူ မမှားပါက သူသည် ရှေ့တံခါးကို အသုံးမပြုခဲ့။

ပြတင်းပေါက်မှနေ၍ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

“အင်း၊ ဒီဈေးပေါတဲ့ဟိုတယ်ရဲ့ လုံခြုံရေးစနစ်က အတော်လေး အသုံးမဝင်ဘူးပဲ...”

ကြမ်းပြင်တစ်ခုလုံးရှိ သွေးကွက်များကို ကြည့်ရင်း ချန်ဟွိုက်အန် ခေါင်းကိုက်လာသည်။

ဒါကို သူ ဘယ်လို သန့်ရှင်းရေး လုပ်ရမလဲ။

ပိုအရေးကြီးတာက သန့်ရှင်းရေးဌာနကို ဘယ်လို ရှင်းပြရမလဲ။

“ထားလိုက်တော့။ သူ့ကို အရင်ဆုံး အထဲ ခေါ်သွားရအောင်။ ကြမ်းပြင်မှာက အတော် အေးတယ်။”

လေးစားမှုအရ ချန်ဟွိုက်အန်သည် အတွင်းသို့ ပြန်ဝင်ကာ အဝတ်အစားများ ဝတ်ဆင်ပြီးမှ သုညသုံးလုံးကို သယ်ဆောင်လာခဲ့သည်။

သူက ဘောင်းဘီတို တစ်ထည်သာ ဝတ်ထားခဲ့သည်။

ဆိုဖာပေါ်တွင် အမြဲ နိုးကြားနေသော ပါ့ကျီက ချန်ဟွိုက်အန်က သူခိုးလေးကို အထဲ သယ်ဆောင်လာသည်ကို မြင်သောအခါ တောင့်တင်းသွား၏။

ဘာလို့လဲ။

ဆရာကြီးက ဒီသူခိုးလေးကို ဖုန်မှုန့်လို ဘာလို့ မကြေမွပစ်တာလဲ။

ဘာလို့ ဒီလောက် နူးနူးညံ့ညံ့ သယ်လာတာလဲ။

ငါ အရင်က လူမှားပြီး တိုက်ခိုက်ခဲ့တာလား။

ပါ့ကျီ စဉ်းစားလေလေ၊ ပိုကြောက်လာလေလေ ဖြစ်သည်။

ဒီသူခိုးလေး နိုးလာတာနဲ့ အမှန်တရားကို ဖွင့်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ဆရာကြီးက သူ မိစ္ဆာ ဖြစ်နေတာကို သိသွားရင် ဘယ်လိုလုပ်မလဲ။

ဒါက မှတ်ဉာဏ် ပြန်လည်နိုးထခြင်းကို ဖြစ်စေပြီးတော့ အဆုံးမဲ့ ကောင်းကင်မိုးကြိုးတွေကို ခေါ်ပြီး သူ့ကို မီးလောင်တုံးဖြစ်အောင် လုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ။

ပြီးရင် သူ့ကို အိုးထဲ ပစ်ထည့်၊ ကြက်သွန်မြိတ်နဲ့ ဟင်းချက်ဝိုင် နည်းနည်းဖြူး၊ အပိုင်းပိုင်းဖြတ်၊ ပဲငံပြာရည်နဲ့ တို့ပြီး အရက်သောက်ဖို့ အမြည်းလုပ်စားလိမ့်မယ်...

ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလား။

သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ ရုန်းကန်မှုတွေ အားလုံးက ဘာမှ မဟုတ်တော့ဘူးလား။

မိစ္ဆာသားရဲ တောက်တီးတစ်ကောင်၏ ဘဝအဓိပ္ပာယ် အကြပ်အတည်းကို လုံးဝ မသိရှိသော ချန်ဟွိုက်အန်က ၁၂၀သို့ ခေါ်ဆိုနေ၏။

မှန်ပေသည်။ သူ့ရဲ့ နွေဦးပြန်လည်နိုးထမှု အပ်စိုက်နည်းက ပါ့ကျီ အခြေအနေတွင် အလုပ်ဖြစ်နိုင်သော်လည်း ယခုက သေရေးရှင်ရေးအခြေအနေ ဖြစ်နေသည်။

အပ်အနည်းငယ်ဖြင့် မရဘဲ သေသွားရင် သူက ပင်မသံသယရှိသူ ဖြစ်သွားမည် မဟုတ်ပါလား။

ဖုန်းကို လည်ပင်းနဲ့ ပခုံးကြား ညှပ်ထားပြီး သူက မိန်းကလေးကို ဆိုဖာပေါ် ဂရုတစိုက် ချထားလိုက်သည်။

သုညသုံးလုံး လဲလျောင်းလိုက်သည်နှင့် သူ၏ခေါင်းက ဘေးသို့ ယိမ်းကျသွားပြီး...

“အော့...”

သွေးတစ်ပွက် ကြမ်းပြင်ပေါ်သို့ ပန်းထွက်လာသည်။

“ဘုရားရေ... သူက မတော်တဆမှု အကြီးအကျယ် ဖြစ်ခဲ့တာလား။”

ချန်ဟွိုက်အန် အံ့အားသင့်သွား၏။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သည်နှင့် သူက သုညသုံးလုံး၏ အခြေအနေကို ဆရာဝန်အား လျင်မြန်စွာ ဖော်ပြခဲ့သည်။

[“သူရဲ့ ဒဏ်ရာတွေက အရေးကြီးတယ်။ ခင်ဗျား အခုချက်ချင်း ရှေးဦးသူနာပြုစုမှု ပေးရမယ်။ ကျွန်တော် လမ်းညွှန်ပေးမယ်”]

ဆရာဝန်က သွေးထွက်ရပ်အောင်လုပ်ရန်နှင့် စီပီအာ ပြုလုပ်ရန် ညွှန်ကြားခဲ့သည်။

သူ၏ သွေးစွန်းနေသော ကျောင်းဝတ်စုံကို မတင်လိုက်ရာ ချန်ဟွိုက်အန်က သူ၏ ရင်ဘတ်နှင့် ဝမ်းဗိုက်ပေါ်တွင် နက်ရှိုင်းပြီး စုတ်ပြဲနေသော ဒဏ်ရာများနှင့် လက်သည်းရာများကို တွေ့လိုက်ရသည်။

အသားများက ပုံပျက်ပန်းပျက် ဖြစ်နေပြီး အရေပြားများ ပွင့်ထွက်နေ၏။

၎င်းတို့က လူသားကြောင့် မဟုတ်သည်မှာ သေချာပေသည်။

မတွန့်ဆုတ်ဘဲ သူက အိပ်ရာခင်းများကို ဆွဲယူကာ အမြှောင်းလိုက် ဆွဲဖြဲပြီး သူ၏ ဒဏ်ရာများကို လျင်မြန်စွာ စည်းပေးလိုက်သည်။

ယခုအခြေအနေတွင် သူ ဟိုတယ်တွင် ဆက်နေ၍ မရတော့ကြောင်း သိလိုက်လေပြီ။

ဒါဆို ဘာလို့ ဂရုစိုက်နေရဦးမှာလဲ။

“နောက်တစ်ခုက စီပီအာ...”

ဆရာဝန်၏ ဗီဒီယိုသင်ခန်းစာအတိုင်း လိုက်နာပြီး သူ၏ လက်များကို သူ၏ ရင်ဘတ်ပေါ်တွင် နေရာချကာ ဖိချလိုက်သည်...

ဂွက်...

“အော့...”

သုညသုံးလုံးက နောက်ထပ် သွေးတစ်ပွက်ကို မျက်နှာကြက်ပေါ်သို့ တည့်တည့် ထွေးထုတ်လိုက်သည်။

ချန်ဟွိုက်အန် - “...”

နေပါဦး။

သူ့ရဲ့ ခွန်အားက ဘယ်တုန်းက ဒီလောက် ကြမ်းသွားတာလဲ။

တစ်ချက် ဖိလိုက်တာနဲ့ သူရဲ့ နံရိုးတွေကို ချိုးလိုက်တာလား။

ခပ်နွမ်းနွမ်း သုညသုံးလုံးက ယခင်ဒဏ်ရာများကြောင့် နံရိုးသုံးချောင်း ကျိုးနေပြီးသား ဖြစ်သည်။

ယခုမူ ချန်ဟွိုက်အန်၏ ကျေးဇူးကြောင့် သူတွင် နံရိုးကျိုး သုံးချောင်း ပိုလာသည်။

နှစ်ဖက်စလုံးတွင် လုံးဝ ညီမျှသွား၏။

“ဒီလိုဆို အလုပ်မဖြစ်ဘူး။ ငါ အပ်စိုက်ကုထုံး သုံးရမယ်။”

သူ အသက်ရှူနေရုံမျှသာ ရှိသည်ကို မြင်သောအခါ ချန်ဟွိုက်အန် တွန့်ဆုတ် မနေနိုင်တော့ပေ။

ဥပဒေရေးရာ အကျိုးဆက်များကို ဂရုမစိုက်တော့။

ယခု မလုပ်ရင် သူ သေသွားပေလိမ့်မည်။

သူက ငွေအပ်များကို လျင်မြန်စွာ ဆွဲထုတ်လိုက်သည်။

အကြောင်းတစ်ခုခုကြောင့် လှုပ်ရှားမှုများမှာ ယနေ့ ပို၍ ထက်မြက်လာသည်။ ယခင်ကထက် ပို၍ မြန်ဆန်၊ ပို၍ တိကျပြီး ပို၍ တည်ငြိမ်နေ၏။

ခဏလေးအတွင်းမှာပင် သူက သွေးထွက်ရပ်အောင် လုပ်ရန် လိုအပ်သော အပ်စိုက်ကုထုံး နေရာများကို ပစ်မှတ်ထားပြီးသား ဖြစ်သည်။

ထို့နောက် သူက အရိုးပြန်လည်ဖြစ်ပေါ်ခြင်းကို လှုံ့ဆော်ရန် ဆက်လုပ်သည်။

မည်သို့ အလုပ်လုပ်သနည်း။

သူ မသိပေ။

ပင်မဆဲလ် ထုတ်လုပ်မှုကို မြှင့်တင်ပေးခြင်းမျိုး ဖြစ်နိုင်၏။

[“ဆရာကြီးက... သူ့ကို ကိုယ်တိုင် ကုသပေးနေတာလား။ သူကဘယ်သူလဲ။”]

ပါ့ကျီသည် ချန်ဟွိုက်အန် ကျွမ်းကျင်စွာ အပ်စိုက်ကုထုံး ပေးနေသည်ကို ကြောက်လန့်တကြား ကြည့်နေသည်။

သူ မျှော်လင့်ချက် အားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။

ဆရာကြီး ကိုယ်တိုင် အပ်စိုက်ကုထုံး ပေးနေတယ်ဆိုတာက အားလုံးကို ပြောနေတာပဲ။

ပါ့ကျီသည် ထောင့်တစ်နေရာသို့ ကျုံ့ဝင်ကာ သူ၏ ဆိုးရွားသောကံကြမ္မာကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

“ငါ လုပ်နိုင်တာ အားလုံး လုပ်ခဲ့ပြီ။ ကျန်တာက ကံကြမ္မာပေါ်မှာပဲ မူတည်တော့တယ်။”

ချန်ဟွိုက်အန်က သုညသုံးလုံးကို ဆိုဖာပေါ်မှ ဂရုတစိုက် ရွှေ့လိုက်သည်။

ပါ့ကျီ အရှေ့ တည့်တည့်ပင်။

ပါ့ကျီ - “......”

ဆရာကြီးက သူ့ကို သေဒဏ်ပေးနေတာပဲ...

ဒါပေမဲ့... သူ ရွေ့လျားရဲလား။

မရဲပေ။

“ထူးဆန်းတယ်။ ဒီနေ့ ပါ့ကျီက ဘာလို့ ဒီလောက် ကြောက်နေတာလဲ။”

ချန်ဟွိုက်အန်က ထောင့်တွင် ကျုံ့နေသော ကြောင်နက်ကို လှမ်းကြည့်လိုက်သော်လည်း သိပ်မစဉ်းစားပေ။

ကြောက်နေခြင်း ဖြစ်နိုင်သည်။

ကြောင်များက သဘာဝအတိုင်း ထိလွယ်ရှလွယ် သတ္တဝါများဖြစ်ပြီး မရင်းနှီးသော အနံ့များကို အမြဲပင် သတိထားလေ့ရှိသည်။

ဆယ်မိနစ် မပြည့်သေးခင်မှာပင် လင်းလင်လင် သတိပြန်ရလာသည်။

သွေး အများအပြား ဆုံးရှုံးမှုနှင့် ဆာလောင်မှုတို့ကြောင့် သူ ခေါင်းမူးနေ၏။

သို့သော် သူ၏ မျက်လုံးများက ပါ့ကျီကို မြင်လိုက်သည်နှင့် ပြင်းထန်သော မိစ္ဆာစွမ်းအင်က သူကို လုံးဝ နိုးကြားသွားစေသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထိတ်လန့်တကြား တုန်ယင်သွား၏။

ပါ့ကျီက စိုက်ကြည့်နေသောကြောင့် လင်းလင်လင်သည် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။

သူ မလှုပ်ရှားရဲပေ။

၎င်းက သူ့ကို ပြတင်းပေါက်မှ ပစ်ထုတ်ခဲ့သော မိစ္ဆာကောင်ပင်။

သူ၏ အသက်ရှူသံ တုန်ယင်လာပြီး မျှော်လင့်ချက်မဲ့ခြင်းက ရင်ဘတ်ကို ပြည့်နှက်သွားသည်။

သူ၏ မစ်ရှင်မှာ ညက အကြီးအကျယ် မှားယွင်းသွားခဲ့သည်။

ပစ်မှတ်က အဆင့်(B) မိစ္ဆာလေးမျှသာ ဖြစ်သည်ဟု သူ သတင်းရရှိခဲ့သည်။

နောက်ဆုံးတွင် ထိုသတင်းက နောက်ကျနေသည်။

၎င်းက မိစ္ဆာတစ်ကောင်တည်း မဟုတ်၊ တစ်သိုက်လုံး ဖြစ်နေသည်။

ထို အဆင့်(B) ကြွက်နက် မိစ္ဆာက အဆင့်(A)သို့ မျိုးဗီဇပြောင်းလဲပြီး ဖြစ်သည်။ ထို့ပြင် အဆင့်(C)နှင့် (D) သားပေါက်များ အုပ်လိုက်ကြီး မွေးထား၏။

သူသည် အဆင့်(A) မိစ္ဆာတစ်ကောင်တည်းကို ကိုင်တွယ်နိုင်ချင် နိုင်လိမ့်လိမ့်မည်။

သို့‌သော် အုံလိုက်ကိုလား။

လုံးဝ မရနိုင်ပေ။

သူက အသက်ကို မနည်းလုပြီး ထွက်ပြေးခဲ့ရသည်။

နောက်ဆုံးတွင် နောက်ထပ် သေမင်းထောင်ချောက် တစ်ခုထဲသို့ တည့်တည့် ထွက်ပြေးလာခြင်းသာ ဖြစ်၏။

ယခု သူ အမှန်တကယ် ကံကုန်လေပြီ။

သူ ထိုကဲ့သို့ တွေးလိုက်စဉ် ကြောင်နက်က တစ်လှမ်း ရှေ့တိုးလာသည်။

၎င်း၏ ရွှေရောင် မျက်လုံးများက သူ့ကို စိုက်ကြည့်နေပြီး မျက်တောင်မခတ်ပေ။

ဒီတစ်ခါ တကယ်သေပြီ။

သူ သေတော့မယ်။ သူကို စားတော့မယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ဆွဲဖြဲပြီး ဘာမှမကျန်အောင် လုပ်ပစ်တော့မှာ။

လင်းလင်လင် စိတ်ထဲ၌ ညည်းတွားလိုက်သည်။

သူက ကျောင်းသူလေးသာ ရှိသေးသည်။

မိန်းကလေးငယ်လေးသာ။

ဓားပျံကိုပင် မစီးရသေးပေ။

ဒီနေရာမှာ ဘယ်လိုလုပ် သေရမှာလဲ။

“ညှောင်...”

နူးညံ့သော၊ သိမ်မွေ့သော ကြောင်အော်သံတစ်ခုက သူ၏ ထိတ်လန့်နေသော အတွေးများကို ရုတ်တရက် ရပ်တန့် သွားစေသည်။

သူ၏ ကျယ်ပြန့်ပြီး ကြောက်လန့်နေသော မျက်လုံးများက အနည်းငယ် ရွေ့သွားသည်။

ကြောင်နက်က အခုတွင် အလွန် နီးကပ်နေလေပြီ။

ထို့နောက်...

ရှလွတ်...

လင်းလင်လင်၏ မျက်လုံးများ ပြူးလာခဲ့သည်။

သူ့ကို လျက်လိုက်၏။

ဆိုးရွားသော မိစ္ဆာကြီးက သူ့ကို လျက်လိုက်၏။

သူ၏ အမြင်အာရုံ ပြန်လည်လာခဲ့သည်။

သူ နောက်တစ်ကြိမ် မူးမေ့လဲကျလုနီးပါး ဖြစ်သွား၏။

“ဟေး။ မင်း နိုးလာပြီပဲ...”

မယုံနိုင်လောက်အောင် ချောမောသော မျက်နှာတစ်ခု ရုတ်တရက် ပေါ်လာသည်။

ချန်ဟွိုက်အန်သည် ပါ့ကျီက လင်းလင်လင်၏ မျက်နှာကို လျက်နေသည်ကို မြင်သောအခါ ပြုံးလိုက်၏။

“ဟမ်... ပါ့ကျီ မင်းကို တကယ် သဘောကျတဲ့ပုံပဲ။ သူက ငါ့မျက်နှာကို တစ်ခါမှ မလျက်ဖူးဘူး။”

လင်းလင်လင် ထိတ်လန့်သွား၏။

ဒါက ဘာလဲ။

ဒီမိစ္ဆာကို ပါ့ကျီလို့ ခေါ်လိုက်တာလား။

ပါ့ကျီသည် ခေါင်းအစခြေအဆုံး တုန်ယင်သွား၏။

ဆရာကြီးရဲ့ မျက်နှာကို လျက်ဖို့လား။

အဲဒါ ထောင်ချောက်ပဲ။

ဘယ်လိုမှ မလုပ်နိုင်ဘူး။

ဒီသားရဲက နောက်ထပ် နှစ်အနည်းငယ်လောက် ဆက်ရှင်သန်ချင်သေးတယ်။

သူ အဲဒီထောင်ချောက်ထဲ ဘယ်လိုမှ ကျမှာ မဟုတ်ဘူး..

“က...ကယ်ပေးတဲ့အတွက်... ကျေးဇူးတင်ပါတယ်...”

လင်းလင်လင်က ချန်ဟွိုက်အန်၏ အရူးအမူး ချောမောသော မျက်နှာကို စိုက်ကြည့်ရင်း တုန်တုန်ယင်ယင် ပြောလိုက်သည်။

သူ၏ စိတ်က အခုထိ ရှုပ်ထွေးနေဆဲ ဖြစ်သည်။

ခန္ဓာကိုယ်က အားနည်းနေသဖြင့် မျက်လုံးများကို မှိတ်ကာ အတွေးများကို စုစည်းရန် ကြိုးစားလိုက်သည်။

“ကျေးဇူးတင်စရာ မလိုပါဘူး။ လူနာတင်ယာဉ် ရောက်တော့မှာပါ။”

ထို့နောက် အချိန်ကိုက်ပင်...

သူတို့ အခန်းထဲသို့ သူနာပြုအဖွဲ့ တစ်ဖွဲ့ ဝင်ရောက်လာပြီး ဟိုတယ် ဝန်ထမ်းများက နောက်မှ လိုက်လာကြသည်။ စက္ကန့်ပိုင်းအတွင်း လင်းလင်လင်ကို လူနာကုတင်ပေါ်တွင် လုံခြုံစွာ ချည်နှောင်လိုက်သည်။

ပါ့ကျီသည် အစကတည်းက စိတ်လှုပ်ရှားနေသော်လည်း နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားသည်။

ကောင်းတယ်။ သူ သွားပြီ။

ထာဝရ...

သူ လူနာတင်ယာဉ်ထဲသို့ ရောက်မှ လင်းလင်လင်၏ စိတ်က အနည်းငယ် ကြည်လင်လာသည်။

ချန်ဟွိုက်အန်နှင့် ပါ့ကျီတို့၏ ဆက်ဆံရေးမှာ မရှင်းလင်းပေ။

သို့သော် အရာတစ်ခုမှာ သေချာသည်။

ချန်ဟွိုက်အန်က ဆိုးသွမ်းပြီး ရက်စက်ကြမ်းကြုတ်သော မကောင်းဆိုးဝါးတစ်ကောင် မဟုတ်ပေ။

သူ၏ ကိုယ်ပေါ်ရှိ အဆောင်များက ကြောင်နက်နှင့် ဆက်စပ်နေခြင်း ဖြစ်နေနိုင်သလား။

မိစ္ဆာနှိမ်နင်းရေးဗျူရိုတွင် စွမ်းအားရရှိရန် မိစ္ဆာများနှင့် စာချုပ် ချုပ်ထားသော နိုးထသူများ ရှိသည်။

ထိုကဲ့သို့ အခြေအနေက မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

နေဦး...

သူ့ရဲ့ သွေးကွက်တွေ...

အဲဒီကြွက်နက်မိစ္ဆာတွေက အနံ့ခံပြီး သူ့ကို ခြေရာခံနိုင်တယ်။

ဒုက္ခပဲ....

မဖြစ်ဘူး။ မဖြစ်ဘူး...

လင်းလင်လင် ထထိုင်ရန် ရုန်းကန်နေပြီး ချန်ဟွိုက်အန်ကို သတိပေးရန် အသည်းအသန် ကြိုးစားလိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင်...

သူနာပြုနှစ်ဦးက သူ့ကို ပြန်တွန်းချလိုက်သည်။

ထို့နောက်...

အောက်ဆီဂျင် မျက်နှာဖုံးတစ်ခုကို သူ၏ မျက်နှာပေါ်တွင် စည်းလိုက်၏။

“လူနာ အခြေအနေ စိုးရိမ်ရတယ်။ တက်နေတယ်။ အရေးပေါ် ကုသဖို့ ဆေးရုံကို ပြန်ပို့ရမယ်။”

ခေါင်းဆောင် ဆရာဝန်က တင်းကျပ်သောအမိန့်ကို ထုတ်ပြန်လိုက်သည်။

လူနာတင်ယာဉ်က ဥသြသံများဖြင့် အရှိန်အဟုန်ဖြင့် ထွက်ခွာသွားတော့သည်။

လူနာကုတင်ပေါ်တွင် လင်းလင်လင်က ဖြူဖျော့သော မျက်နှာကြက်ကို ကြောင်တောင်တောင် စိုက်ကြည့် နေသည်။

နောင်တ မျက်ရည်တစ်စက်က သူ၏ မျက်လုံးထောင့်မှ စီးကျသွား၏။

ဆရာကြီး၊ ကျွန်မ တောင်းပန်ပါတယ်... ကျွန်မ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး...

All Chapters