← Chapters

အခန်း (၁၀၀၁)

Vol. 68 Ch. 1001

အခန်း (၁၀၀၁)

Vol. 68 Ch. 1001

ကုထိုက်ယွမ်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။ ထိုအချိန်မှာပင် မြေပြင်ပေါ်၌ ဝင်္ကပါပုံစံများ လင်းလက်လာကာ ပတ်ဝန်းကျင်ရှိ ဧရာမတိုင်ကြီးများမှ ခပ်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်လာပေ၏။ ထို့နောက် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးလည်း ထွက်ပေါ်လာပြီး ကုထိုက်ယွမ်၏နံဘေးတွင် တိတ်တဆိတ် မတ်တတ်ရပ်နေသည်။

ဤလူသည် တခြားလူမဟုတ်ဘဲ ကုမိသားစုခေါင်းဆောင် ကုတောက်ဟိုင်ပင်။ သူသည် အစီအစဉ်အောင်မြင်သည်ကို တွေ့မြင်ရသဖြင့် အလွန်စိတ်လှုပ်ရှားနေပြီး သူ ဦးညွှတ်အရိုအသေပြုလိုက်စဉ်တွင် သူ၏လက်များ အနည်းငယ်တုန်ယင်နေသည်။

"ဘိုးဘေးက တကယ့်ကို ထက်မြက်ပါပေတယ်"

"ကျွန်တော်တို့ ကုမိသားစုက ချင်းချန်လိုမျိုး ပါရမီရှင်တစ်ယောက်ကို ဆုံးရှုံးရပြီးတော့ ကံဆိုးမှုကြီးနဲ့ ကြုံခဲ့ရပေမဲ့...ဒီနေ့ ဒီထိပ်သီးတည်ရှိမှုကြီးတွေကို ဖမ်းဆီးနိုင်ခဲ့တာကြောင့် ကျွန်တော်တို့အတွက် အကျိုးအမြတ်က အရမ်းကြီးမားမှာ သေချာတယ်...ဒီကောင်းကင်ဘုံကပေးအပ်တဲ့ အခွင့်အရေးကြီးက ဘိုးဘေးရဲ့ နည်းဗျူဟာကျတဲ့ အစီအစဉ်ကြောင့်ပဲ"

"ဟား ဟား ဟား..."

သူတို့နှစ်ယောက်သည် မရပ်မနား ရယ်မောနေကြပြီး သူတို့၏မျက်နှာများသည် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကာ စိုးရိမ်ကြောင့်ကြမှု အရိပ်အယောင်ပင် မပြကြချေ။ သူတို့သည် နောက်ဆုံးတွင် သူတို့၏ဟန်ဆောင်မျက်နှာဖုံးများကို ဆွဲဖြုတ်လိုက်ကြပြီး အရာအားလုံးကို ထိန်းချုပ်ထားနိုင်သည့် အမူအယာများကို ထုတ်ဖော်ပြသလိုက်ကြ၏။

မြေကွက်လပ်အတွင်း၌ လုပမ်ဝေတို့တစ်သိုက်သည် တုံ့ပြန်မှု အနည်းငယ်သာ ပြကြပြီး ဝင်္ကပါပုံစံများကို အာရုံမစိုက်ကြချေ။ သူတို့သည် ထိုလူနှစ်ဦး၏ ရိုင်းစိုင်းသောအမူအယာကို နားမလည်နိုင်သော မျက်နှာအမူအယာများဖြင့် ကြည့်နေကြသည်။ သူတို့သည် အရူးများ ကခုန်နေသည်ကို ကြည့်နေရသည့်အလား အံ့အားတသင့် ကျွတ်စုပ်နေကြ၏။

"ကျွတ် ကျွတ်...အစ်ကိုကြီး ဒီလူနှစ်ယောက်က ရူးသွားပြီလို့ အစ်ကိုကြီး ထင်လား"

"အစ်ကိုခွေးပြောတာ အမှန်ပဲ..သူတို့က မိန်းမလှလေးတွေနဲ့ မခွဲနိုင်မခွဲရက် ဖြစ်နေတာကြောင့် စိတ်ဖောက်ပြန်သွားကြတာလို့ ငါ ထင်တယ်"

"မိန်းမလှလေးတွေအတွက်နဲ့ အစ်ကိုကြီးကို ဆန့်ကျင်ရဲတယ်... ဒီလိုအချိန်မျိုးမှာ သူတို့က ကတိဖျက်ရဲတယ်... သူတို့ရဲ့သတ္တိက တကယ့်ကို ပြိုင်ဘက်ကင်းပဲ"

"သူတို့ကို ကြည့်ရသလောက်တော့ အထဲမှာ မိန်းမလှလေးတစ်ယောက် ရှိကိုရှိနေရမယ်"

လုပမ်ဝေသည် သူ၏မေးကို လက်ဖြင့်ထောက်လိုက်ပြီး အံ့အားတသင့် ရေရွတ်လိုက်၏။

"ဒါက ဒီလိုကိုး...ဒါက အချစ်ရဲ့စွမ်းအားပဲ.. တကယ့်ကို အားကျဖို့ ကောင်းတယ်.."

ထိုငတုံးငအများသည် တစ်ယောက်ပြီးတစ်ယောက် စကားများပြောဆိုနေကြပြီး ဒေါသထွက်ရန်ကို မဆိုထားနှင့် တင်းမာခက်ထန်မှု အရိပ်အယောင်ကိုပင် အနည်းငယ်မျှ မပြသကြပေ။ သူတို့သည် အန္တရာယ်အတွင်းသို့ ကျရောက်နေခြင်းနှင့် မတူညီဘဲ ပွဲကြည့်နေသော ပရိသတ်များနှင့် တိတိကျကျ တူညီနေပေ၏။

အကယ်၍ အကြောင်းအရာကို မသိရှိသူတစ်ဦး ရှိနေခဲ့လျှင် မည်သူက မည်သူ့ကို ထောင်ချောက်ဆင်ခဲ့သည်အား ပြောနိုင်မည် မဟုတ်ပေ။ သူတို့၏အမူအယာတွင် လေးစားမှု အနည်းငယ်မျှပင် မရှိချေ။

စိတ်ဓာတ်တက်ကြွနေသော ကုထိုက်ယွမ်သည် သူတို့၏ တည်ငြိမ်သောတုံ့ပြန်မှုကို သတိပြုမိချိန်၌ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဤထိပ်သီးကျင့်ကြံသူများသည် အမှန်တကယ်ကို မာန်မာနကြီးပြီး ဦးနှောက်မရှိကြပေ။ သေခြင်းတရားနှင့် နီးကပ်နေသည့်တိုင် သူတို့ကိုယ်သူတို့ သတိပြုမိခြင်း မရှိကြချေ။ ဤလူများသည် ဤကဲ့သို့ အဆင့်အထိရောက်အောင် မည်ကဲ့သို့ ကျင့်ကြံခဲ့ကြသည်ကို သူ အမှန်တကယ် မသိတော့ချေ။

ဤတုံ့ပြန်မှုသည် သူ လိုချင်ခဲ့သည့်အရာ မဟုတ်ချေ။ သူ လိုချင်သည်မှာ သူတို့ထံမှ ထိတ်လန့်တကြားကျိန်ဆဲသံများနှင့် အကူအညီမဲ့သော ဒေါသထွက်ခြင်းများပင်။ ထိုသို့ဖြစ်လာမှသာလျှင် သူ၏အကွက်ချကြံစည်မှု အောင်မြင်ခဲ့သော ခံစားချက်မျိုးရရှိကာ သူ စိတ်ကျေနပ်နိုင်ပေမည်။ ထို့ပြင် ဤထိပ်သီးကျင့်ကြံသူများကို အနိုင်ယူခြင်း၏ပျော်ရွှင်မှုကို သူ့အား ပေးစွမ်းနိုင်ပေမည်။

အသက်ရှူချိန်အနည်းငယ် ကြာမြင့်ပြီးနောက် ကုထိုက်ယွမ်၏မျက်နှာပေါ်တွင် စိတ်ပျက်ညှိုးငယ်သော အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာသည်။

"ဟမ့်.. တည်ငြိမ်ချင်ယောင်ဆောင် မနေစမ်းနဲ့... မင်းတို့ရဲ့ကျင့်ကြံမှု ဘယ်လောက်ပဲ သာလွန်ထူးကဲနေပါစေ.... ဒီမဟာဝင်္ကပါထဲကို ခြေချလိုက်တာနဲ့ မင်းတို့သေဖို့ ကံကြမ္မာပါလာပြီပဲ"

"မင်းတို့ သေဆုံးရတာအတွက် ငါ့ကို အပြစ်တင်လို့မရဘူး... ကျင့်ကြံခြင်းလမ်းကြောင်းမှာ အင်အားကြီးသူကသာ ရှင်သန်ရတာပဲ... မင်းတို့က အမြဲတမ်း သတိရှိရှိနေသင့်တယ်... မင်းတို့က အရမ်းတုံးအတာကြောင့် မင်းတို့ကိုယ်မင်းတို့ပဲ အပြစ်တင်ကြတော့..."

"ဒီနေ့က မင်းတို့ သေရမယ့်နေ့ပဲ"

ကုထိုက်ယွမ်သည် သူ၏ခွန်အားရှိသမျှကို စုစည်းလိုက်ပြီး သူ၏စကားလုံးများတွင် မကျေမနပ်ဖြစ်နေသော စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ယခင်က စော်ကားခံရမှုများကို ဆေးကြောလိုက်ရသည့်အလား ကြီးစွာသော စိတ်သက်သာရာရမှု ခံစားမိလေ၏။

သူ၏အသံ အဆုံးသတ်သည်နှင့် မြေကွက်လပ်အတွင်းရှိ အနက်ရောင်ပုံရိပ်များထံမှ ရယ်မောသံများ ပွင့်အံ့ထွက်လာသည်။

"ဟား ဟား ဟား.."

"အချစ်က လူကို စုံလုံးကန်းစေတာပဲ"

"အမှိုက်လို ဝင်္ကပါတစ်ခုနဲ့ ငါတို့ကို တိုက်ခိုက်ဖို့ စဉ်းစားမိတာက ဒီအဘိုးကြီး ရူးသွပ်သွားတာပဲ ဖြစ်ရမယ်"

"ငါ နောက်ဆုံးတော့ အချစ်ကို နားလည်သွားပြီ... ဒီအရာအတွက် သူက အသက်ကိုတောင် ဂရုမစိုက်ကြဘူး... ဒါက ပျားရည်လိုမျိုး ချိုမြိန်ပြီး ကောင်းမွန်နေရမယ်"

"မဆိုးဘူး....မဆိုးဘူး...မင်းရဲ့ မျက်နှာချိုသွေးတာက တိုးတက်လာပြီပဲ"

"အမ်... ချီးမွမ်းတဲ့အတွက် ကျေးဇူးပါပဲ အစ်ကိုကြီး... ဟီးဟီးဟီး"

"ဟားဟားဟား..."

ရယ်သံများ ပို၍ပို၍ကျယ်လောင်လာသည်။ ထိုငတုံးငအများသည် ဤကိစ္စကို လုံးလုံးလျားလျား အလေးအနက် မထားဘဲ ကစားပွဲတစ်ခု ကစားနေသည့်အလား စကားပြောရင်း ရယ်မောကာ အဆက်မပြတ် နောက်ပြောင်နေကြသည်။

ဤသည်မှာ သေခါနီးလူများ၏အမူအယာ ဖြစ်နိုင်သလော....

ကုထိုက်ယွမ်သည် ဘိုးဘေးများ၏ မဟာဝင်္ကပါကြီးကိုပင် အသက်သွင်းခဲ့ပြီး သူတို့အပေါ် အလအနက်ထားမှုကို အပြည့်အဝ ပြသခဲ့သည်။ ဤလူများသည် မဟာဝင်္ကပါကြီးအကြောင်းကို မကြားဖူးလျှင်ပင် အနည်းဆုံးအနေဖြင့် ကြောက်ရွံ့မှုအနည်းငယ်ကို ပြသသင့်သည် မဟုတ်လော။

သို့ရာတွင် သူတို့ကမူ အန္တရာယ်အပေါ် အာရုံခံစားမှု အနည်းငယ်မျှမရှိဘဲ သူတို့၏ နက်နဲသိမ်မွေ့သော ကျင့်ကြံမှုအပေါ် အားကိုးကာ အလွန် မာနကြီးပြီး တခြားလူများကို လုံးလုံးလျားလျား လျစ်လျူရှုထားကြသည်။

ကုထိုက်ယွမ်၏မျက်နှာ သုန်မှုန်သွားပြီး သူ၏ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အဆက်မပြတ် ပျံ့နှံ့သွားပေ၏။

သူ၏နောက်မှ ကုတောက်ဟိုင်ကလည်း ရှေးဟောင်းမိသားစု၏ မိသားစုခေါင်းဆောင်ဟူသော သူ၏ဂုဏ်ပုဒ်ကို လုံးလုံးလျားလျား စွန့်လွှတ်ကာ သူ၏လူယုတ်မာစရိုက်မှန်ကို အပြည့်အဝ ဖော်ထုတ်ပြီး မထီမဲ့မြင်အပြုံးဖြင့် ဆဲဆိုလိုက်သည်။

"အသိဉာဏ်မရှိတဲ့ အရူးတစ်သိုက်..."

"မင်းတို့မှာ ကျင့်ကြံမှုနည်းနည်းရှိတာနဲ့ အရမ်းမာနကြီးနေကြတာပါလား... ဒါက ငါတို့ ကုမိသားစုရဲ့ ဘိုးဘေးမဟာဝင်္ကပါကြီးပဲ... ငါတို့ ဘိုးဘေးကိုယ်တိုင် ဒါကို ခင်းကျင်းခဲ့တာ..ဒါက စစ်တုရင်နဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေရဲ့ ပြီးပြည့်စုံတဲ့ ပေါင်းစပ်မှုပဲ... မင်းတို့ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

"ငါက မင်းတို့ကို ထိပ်သီးကျင့်ကြွသူကြီးတွေ ထင်နေတာ... ဒါပေမဲ့ မင်းတို့က ဘာမှမသိနားမလည်တဲ့ အရူးတစ်သိုက်ပဲ ဖြစ်နေပါလား... ငါတို့ ကုမိသားစုရဲ့ ရတနာတွေကို တပ်မက်ပြီးတော့ စကားလေးနည်းနည်းလောက်ကို နားထောင်ရုံနဲ့ ဒီဝင်္ကပါထဲကို ကျရောက်သွားကြတယ်"

"ငါတို့က နည်းနည်းလေးတောင် အားစိုက်ထုတ်ဖို့ မလိုခဲ့ဘူး... ကြည့်ရတာ ကောင်းကင်ဘုံက ငါတို့ကုမိသားစုကို တကယ်ကြီး မျက်နှာသာပေးနေပုံပဲ"

မထီမဲ့မြင်ပြုသော စကားသံများ ပဲ့တင်ထပ်လာပြီးနောက် ထိုငတုံးငအများ ရုတ်တရက် တိတ်ဆိတ်သွားကြသည်။ ဤမြင်ကွင်းကို ပျော်ရွှင်စွာ ကြည့်ရှုနေခဲ့သော လုပမ်ဝေပင်လျှင် ပြောင်းလဲသွားပုံရသည်။ သူ၏ဟောင်းလောင်းပေါက်မျက်လုံးတစ်စုံဖြင့် သူ၏ရှေ့သို့ တည်ကြည်လေးနက်စွာ စူးစိုက်၍ ကြည့်နေလေ၏။

ယခုမှသာ သာမန်တုံ့ပြန်မှုတစ်ခု ဖြစ်လာပေ၏။

မင်းတို့ မြန်မြန် ကျိန်ဆဲကြစမ်း...

'လူယုတ်မာ' ဆိုသည်မှာ သူတို့အတွက် အမြင့်မားဆုံး ချီးကျူးမှုပင်။

ကုထိုက်ယွမ်တို့နှစ်ယောက်သည် ကြာရှည်စွာ စောင့်မျှော်ခဲ့ရသော အောင်မြင်မှု ခံစားချက်ကို ခံစားရန် အသင့်အနေအထားဖြင့် မျှော်လင့်တကြီး ကြည့်ရှုနေကြသည်။

သူတို့နှစ်ဦး ကြည့်ရှုနေစဉ်တွင် စိတ်ပျက်အားငယ်သောလေသံဖြင့် မေးလိုက်သော မေးခွန်းတစ်ခုကို ကြားလိုက်ရလေ၏။

"မင်းတို့က ငါ့ကို တလျှောက်လုံး လိမ်နေခဲ့တာပဲ... ဒီနေရာမှာ ဘာမိန်းမလေးမှ မရှိဘူးမဟုတ်လား"

ကုထိုက်ယွမ်၏မျက်လုံးများ ကြောင်စီစီဖြစ်သွားသည်။ မိန်းမလှလေးဟု ဆိုသလော။ သေခြင်းတရားတံခါးဝတွင် သူတို့ထံတွက် အကူအညီမဲ့သော ဒေါသများ ရှိနေသင့်သည် မဟုတ်လော။ မည်သူသည် ဤကဲ့သို့သော မဖြစ်စလောက် ကိစ္စရပ်အပေါ် အာရုံစိုက်ကာ ဤသို့ တုံ့ပြန်မည်နည်း။

သူတို့၏ အမူအယာနှင့်လေသံအရ သူတို့သည် အမှန်တကယ်ကို အမျိုးသမီးများအတွက် လာခဲ့ကြပုံပင်။ ဤမျှထိ နိမ့်ပါးသောအတွေးအခေါ်နှင့် ကိလေသာကြီးသော တည်ရှိမှုများသည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ထားနိုင်သည်မှာ နားလည်ရခက်ပေ၏။

ကုထိုက်ယွမ်သည် သူ၏ဘဝတသက်တာလုံး ကြိုးစားပမ်းစား ကျင့်ကြံခဲ့သော်လည်း သူသည် ဤကိလေသာကြီးသော တည်ရှိမှုများထက် နိမ့်ကျနေဆဲပင်။

ဤသည်မှာ အနည်းငယ်မျှ တရားမျှတမှုမရှိချေ။

သူ၏အတွင်းစိတ်မှ မာနတရားနှင့်အောင်မြင်မှု ခံစားချက်သည် နောက်တစ်ကြိမ် ပျောက်ကွယ်သွားပေ၏။ စိတ်ဆိုးဒေါသထွက်နေသော ကူထိုက်ယွမ်သည် ဤလူများကို ညှဉ်းပန်းနှိပ်စက်ရန် စိတ်ဝင်စားမှု မရှိတော့ချေ။

"ဟမ့်..."

"အခုမှပဲ သဘောပေါက်တာလား.. မင်းတို့က တကယ့်ကို သေသင့်တယ်"

ဤသို့ပြောဆိုရင်း ကုထိုက်ယွမ်က ရက်စက်ကြမ်းတမ်းသော အကြည့်ဖြင့် ကုတောက်ဟိုင်ကို ကြည့်လိုက်သည်။ ကူတောက်ဟိုင်သည် သူ၏သိုလှောင်လက်စွပ်ထဲမှ စာလိပ်တစ်လိပ်ကို ထုတ်ယူပြီး ဖြန့်လိုက်ရာ ကြောက်မက်ဖွယ် တာအိုစွမ်းအားသည် လမ်းကြောင်းပေါင်းစုံမှ တိုးထွက်လာပေ၏။ ရုတ်ချည်းဆိုသလိုပင် ဝင်္ကပါပုံစံများသည် မျက်စိကျိန်းလောက်အောင် လင်းလက်လာပြီး နေ့နှင့်ည ပြောင်းပြန်ဖြစ်ကာ ကြယ်တာရာများ ပြည့်နှက်နေသော ကောင်းကင်ကြီးတစ်ခု ပေါ်ထွက်လာသည်။

မြေပြင်ပေါ်ရှိ ရှုပ်ထွေးသော ဝင်္ကပါပုံစံများသည် အဆက်မပြတ် လင်းလက်လာပြီး ဧရာမတိုင်ကြီးများကြားတွင် အလင်းတန်းများ စုစည်းသွားကာ ကောင်းကင်ယံသို့ ပျံ့လွင့်သွားသော ကြယ်ရောင်အလင်းတန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ကြယ်များသည် လမ်းကြောင်းများအဖြစ် ချိတ်ဆက်သွားပြီး အဆုံးမဲ့သော တာအိုစွမ်းအားသည် ကြယ်များကို ကောင်းကင်ယံထက်၌ ပုံဖော်လိုက်သည်။ ဤကြယ်ကောင်းကင်ယံသည် ကုမိသားစု၏ မြင့်မြတ်သောမြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားလုနီးပါးပင်။ ထိုအရာမှစွမ်းအားသည် တိမ်တိုက်များကြားသို့ ထွင်းဖောက်သွားကာ တုန်ခါသံများကို ဖြစ်ပေါ်စေသည်။

မိုးကောင်းကင်ယံကို စစ်တုရင်ခုံအဖြစ် သုံး၍ ကြယ်များကို စစ်တုရင်နယ်ရုပ်များအဖြစ် အသုံးပြုထားသဖြင့် ဤဝင်္ကပါနှင့် ရင်ဆိုင်ရချိန်၌ သူတော်စင်တစ်ဦးပင်လျှင် ကူကယ်ရာမဲ့ ဖြစ်သွားပေမည်။

ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းဆောင်မှုတစ်ခုပင်။ ကုထိုက်ယွမ်တို့နှစ်ယောက်သည် ဤမြင်ကွင်းကို ကြောက်ရွံ့ရိုသေစွာ ကြည့်ရှုနေရင်း စိတ်လှုပ်ရှားစွာဖြင့် ထပ်ခါတလဲလဲ ချီးကျူးနေကြ၏။

"ကြယ်ကြွေစစ်တုရင်ခုံ... ဒါက အစစ်အမှန် ကြယ်ကြွေစစ်တုရင်ခုံပဲ"

"ဒီနေ့ ကျွန်တော်တို့က ဘိုးဘေးဝင်္ကပါကြီးကို ပြန်ပြီးအသက်သွင်းလိုက်ပါပြီ... ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေက ကျွန်တော်တို့ကို အကာအကွယ်ပေးပြီးတော့ ဒီဒုက္ခပေးတဲ့ကောင်တွေကို သတ်ဖြတ်ပေးပါ... သူတို့ဆီကနေ ကြီးမြတ်တဲ့ရတနာတွေ ရရှိပြီးတော့ ကျွန်တော်တို့ ကုမိသားစု အခုထက်ပိုပြီး ထွန်းတောက်လာစေဖို့ မျှော်လင့်ပါတယ်"

သူတို့နှစ်ဦးသည် ဂုဏ်ယူဝံ့ကြွားမှုတို့ ပြည့်နှက်နေသော မျက်နှာများဖြင့် ရိုသေစွာ ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။ ထို့နောက် သူတို့သည် ဂုဏ်ယူမှုနှင့်မျှော်လင့်ချက်တို့ ရောယှက်နေသော မျက်နှာများဖြင့် လုပမ်ဝေတို့ကို ကြည့်လိုက်ကြ၏။

သူတို့ မျှော်လင့်ထားသည့်အတိုင်း..

ဤတစ်ကြိမ်တွင် သူတို့၏အကြည့်အောက်၌ သူတို့ မျှော်လင့်ထားသော ဒေါသအမူအယာကို ထိုတည်ရှိမှုကြီးတစ်သိုက်ထံတွင် မြင်တွေ့လိုက်ရသည်။ အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော သက်ရှိများ၏မျက်နှာများပေါ်တွင် ဒေါသများ ထင်ဟပ်လာကြပြီး ရုတ်တရက် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ အဆက်မပြတ် စုဝေးလာသည်။

အထူးသဖြင့် ခေါင်းဆောင်ဖြစ်သော အရိုးစုထံတွင် ယခင်ကဲ့သို့ လွတ်လပ်ပေါ့ပါးသော အမူအယာမျိုး မရှိတော့ဘဲ သူတို့ကို တိတ်ဆိတ်ငြိမ်သက်စွာ စူးစိုက်ကြည့်နေသည်။ သူ၏ဟောင်းလောင်းပေါက် မျက်လုံးအိမ်များသည် ကြယ်ရောင်ကို ရောင်ပြန်ဟပ်စေပြီး သူ့ထံတွင် အေးစက်တင်းမာသော အမူအယာတစ်ရပ် ရှိနေသည်။

တစ်ချက် ကြည့်လိုက်ရုံမျှဖြင့် နက်ရှိုင်းသော ဒေါသကို ခံစားနိုင်ပြီး အသံတိတ်စကားလုံးများသည် ဆဲဆိုမှုများအားလုံးထက် ကျော်လွန်သွားသည်။

ကုထိုက်ယွမ်သည် နောက်ဆုံးတွင် စိတ်ကျေနပ်သွားပြီး ရူးသွပ်နေသော တစ္ဆေတစ်ယောက်ကဲ့သို့ ရယ်မောလိုက်တော့သည်။

"ဟား ဟား ဟား"

"ကျွတ် ကျွတ် ကျွတ်... မင်းတို့ အခု ဒေါသထွက်နေပြီလား... ငါတို့ကို သတ်ချင်နေပြီလား... ကံမကောင်းစွာနဲ့ပဲ ဒါက အရမ်း နောက်ကျသွားပြီ... မင်းတို့ကို အမှန်အတိုင်း ပြောရရင် ငါတို့ ကုမိသားစုဘိုးဘေးက မိုးကောင်းကင်တာအိုရဲ့ အမွေဆက်ခံသူ... သူက မရေမတွက်နိုင်တဲ့ နှစ်တွေအများကြီးကြာအောင် ကျင့်ကြံခဲ့တဲ့ ပြီးပြည့်စုံခြင်းအဆင့် သဘာဝသူတော်စင် တစ်ပါးပဲ"

"မင်းတို့မှာ ဘိုးဘေးနဲ့ တူညီတဲ့ ကျင့်ကြံမှုရှိရင်တောင်မှ စစ်တုရင်နဲ့ ဝင်္ကပါဖွဲ့စည်းပုံတွေ ပေါင်းစပ်ထားတဲ့ ကြယ်ကြွေစစ်တုရင်ခုံရဲ့ ရှေ့မှာ မင်းတို့ ဒဏ်ရာအပြင်းအထန်ရမှာ သေချာတယ်"

ကုထိုက်ယွမ်တို့နှစ်ဦးက အောင်ပွဲသည် သူတို့၏ လက်ထဲတွင် ရှိနေပြီးသည့်အလား သူတို့၏မျက်နှာကြွက်သားများ တုန်ခါလာသည်အထိ ရယ်မောလိုက်ကြ၏။ သူတို့သည် ယခင်က ပို၍ နှိမ့်ချရို့ကျိုးခဲ့လေလေ ယခုချိန်၌ သူတို့၏မာန်မာနကြီးမားသော စရိုက်လက္ခဏာ ထွက်ပေါ်မှုက ပို၍ကြီးမားလေလေဖြစ်ပြီး သူတို့၏လူယုတ်မာစရိုက်မှန်ကို လုံးလုံးလျားလျား ဖော်ပြနေသည်။

သူတို့သည် အောင်မြင်မှုကိုခံစား၍ ရယ်မောနေချိန်၌ ...

လုပန်ဝေသည် ခြေတစ်လှမ်းကို ရှေ့သို့ ဖြည်းညှင်းစွာ လှမ်းလိုက်၏။

ရှပ်...

ထိုခြေတစ်လှမ်းတည်းဖြင့် သူ၏အရှိန်အဝါ သိသိသာသာ ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ဖိအားတစ်ရပ်သည် ဒီရေကဲ့သို့ တလိမ့်လိမ့်ထလာပြီး ကုထိုက်ယွမ်တို့နှစ်ဦးကို ချက်ချင်းလွှမ်းခြုံသွားသည်။

ဤသည်မှာ ဧရာမတောင်ကြီးတစ်လုံးက သူတို့အပေါ် ဖိနှိပ်ထားသည်နှင့် တူညီနေသဖြင့် သူတို့၏မျက်နှာများပေါ်ရှိ အပြုံးများ အေးခဲတောင့်တင်းသွားသည်။ ကုထိုက်ယွမ်၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာသည် ချက်ချင်းဖြူဖျော့သွားပေ၏။

"ဒါ... ဒါက... ဘယ်လိုဖြစ်နိုင်မှာလဲ... မင်းတို့က ကြယ်ကြွေစစ်တုရင်ခုံထဲမှာ ရှိနေတာ... ဘာလို့ မင်းတို့က လှုပ်ရှားနိုင်သေးတာလဲ... ဒါက ပြီးပြည့်စုံခြင်းအဆင့် သဘာဝသူတော်စင်တစ်ပါးရဲ့ တာအိုစွမ်းအားပဲ... မင်းတို့က သေဖို့ စောင့်နေသင့်တာ မဟုတ်ဘူးလား"

သူ၏မေးခွန်းအပေါ် မည်သည့်တုံ့ပြန်မှု မရှိခဲ့ဘဲ ခြေသံတစ်သံကိုသာ ကြားလိုက်ရသည်။

ရှပ်....

ဒုတိယ ခြေလှမ်းမျှဖြင့် ဖိအားသည် အလွန်တရာ ကြီးမားနေခဲ့လေပြီ။ ကုထိုက်ယွမ်တို့နှစ်ဦးသည် အလွန်ကြီးမားသောဖိအားကို တောင့်မခံနိုင်ကြသဖြင့် ဧရာမတောင်ကြီးတစ်လုံး၏ ဖိနှိပ်ခြင်းကိုခံရသည့်အလား သူတို့နှစ်ဦးလုံး မြေပြင်ပေါ်တွင် ဒူးထောက်ရက်သား ပြိုလဲကျသွားသည်။

"ဘုန်း...."

သူတို့၏ဒူးအောက်မှ မြေကြီးနှင့်ကျောက်တုံးများ ကြေမွှပျက်စီးသွားသဖြင့် တုန်ခါသံတစ်သံ ပဲ့တင်ထပ်လာသည်။ သူတို့သည် စကားပင် မပြောနိုင်တော့ဘဲ သူတို့၏လည်ချောင်းထဲတွင် ချိုမြမြအရသာကို ခံစားလိုက်ရ၏။

"ဖူး..."

သူတော်စင်အဆင့်သို့ အတင်းအကြပ် တက်လှမ်းခဲ့ရသော ကုတောက်ဟိုင်သည် ချက်ချင်းဆိုသလိုပင် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။

All Chapters