အခန်း (၁၀၀၅)
Vol. 68 Ch. 1005
နွားရိုင်းနီနတ်ဆိုးအရှင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး သူ၏နတ်ဆိုးစွမ်းအားများကို လှည့်ပတ်ကာ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်သည်။
သို့ရာတွင် သူ ကြိုးစားလိုက်သည့်အချိန်၌ ဤအသေးအမွှားကိစ္စလေးကိုပင် သူ မလုပ်ဆောင်နိုင်သည်အား တွေ့ရှိလိုက်ရသည်။ ဤသည်မှာ ဤတောင်ကြားကို တစ်စုံတစ်ခုသော စွမ်းအားဖြင့် ချိပ်ပိတ်ထားသည့်အလားဖြစ်ကာ သူ၏နတ်ဆိုးစွမ်းအားများပင်လျှင် ချုပ်နှောင်ခြင်းခံလိုက်ရသည်။
ထို့ထက်ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ သေသေချာချာ အာရုံခံကြည့်လိုက်ပြီးနောက် သူ၏နတ်ဆိုးစွမ်းအားများနှင့်သက်စောင့်စွမ်းအားတို့သည် အဆက်မပြတ် လျော့ပါးနေသည်ကို သတိပြုလိုက်မိခြင်းပင်။
ဤသည်မှာ သူသည် အသံတစ်သံမျှ မထွက်နိုင်ဘဲ သားသတ်ရုံတွင် အသတ်ခံရရန် စောင့်ဆိုင်းနေသော သိုးငယ်တစ်ကောင်ကဲ့သို့ အခြေအနေသို့ ကျရောက်သွားခဲ့လေပြီ။
ဘုန်း....
နွားရိုင်းနီနတ်ဆိုးအရှင်၏ စိတ်နှလုံးသားထဲတွင် ကြီးမားသော ကံဆိုးမိုးမှောင်ကျမှု၏ နိမိတ်တစ်ခု ဝင်ရောက်လာပြီး သူ၏ကြီးမားသော မျက်လုံးများ ပြူးကျယ်သည်။
ဤဘုန်းတော်ကြီးသည် အစကတည်းက သူတို့ကို အမဲလိုက်ရန် ရည်ရွယ်ထားခဲ့သလော...
သူသည် ရုတ်တရက် အောက်သို့ငုံ့ကြည့်လိုက်ရာ တခြားနတ်ဆိုးများသည်လည်း အလားတူအခြေအနေမျိုး၌ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ နတ်ဆိုးများအားလုံးထံ၌ ထိတ်လန့်ကြောက်ရွံမှုများ စတင်၍ပျံ့နှံ့လာကာ နောက်သို့ ပြန်လှည့်ကြည့်နေကြသည်။
"ဘာလို့လဲ... ဘာလို့ ငါ့ရဲ့ သက်စောင့်စွမ်းအားတွေက အဆက်မပြတ် ယိုစိမ့်နေတာလဲ"
"သောက်ကျိုးနည်းပါကွာ...."
"ဒါက ဒီဘုန်းကြီးရဲ့လက်ချက်ပဲ ဖြစ်ရမယ်...."
"ယုတ်မာလိုက်တာ... မင်းက ငါတို့ နတ်ဆိုးမျိုးနွယ်စုကို တိုက်ခိုက်ရဲတယ်ပေါ့... မင်း နောက်ပိုင်းကျရင် သေချာပေါက် အသေဆိုးနဲ့ သေရလိမ့်မယ်"
"အား"
နတ်ဆိုးများသည် ကြောက်ရွံ့ခြင်း ဒေါသထွက်ခြင်းတို့ဖြင့် အော်ဟစ်နေကြသော်လည်း သူတို့သည် အိုးထဲသို့ရောက်နေသော လိပ်များကဲ့သို့ ဖြစ်နေကြလေပြီ။
သူတို့၏ကျိန်ဆဲသံများ တဖြည်းဖြည်း တိမ်ဝင်သွားပြီး ပင်ပန်းနွမ်းနယ်လာကာ သူတို့၏ အရှိန်အဝါများသည်လည်း အားနည်းသထက် ပို၍အားနည်းလာပေ၏။ နွားရိုင်းနီနတ်ဆိုး၏ ခန္ဓာကိုယ်သည် အဆက်မပြတ် ကျုံ့ဝင်သွားပြီး ပေပေါင်းများစွာ မြင့်မားသော အရိုးခြောက်ကြီးပေါ်တွင် အရေပြားများ တွဲလောင်းကျနေသည်မှလွဲ၍ တခြားမည်သည့်အရာမျှ မရှိတော့ချေ။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် တစ်ချိန်က မကောင်းဆိုးဝါးစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သော ကြောက်မက်ဖွယ် နတ်ဆိုးများသည် ယခုအချိန်၌ သေလုမျောပါး ဖြစ်နေကြလေပြီ။ သူတို့၏ စွမ်းအားကြီးမားသော ခန္ဓာကိုယ်များကြောင့်သာ အသက်ငွေ့ငွေ့ကျန်ရှိနေပြီး သူတို့အားလုံး သေဆုံးလုဆဲဆဲ အခြေအနေသို့ ရောက်ရှိနေပေ၏။
အထီးကျန်တောင်ကြားတစ်ခုလုံးတွင် သေခြင်းတရား၏အငွေ့အသက်များဖြင့် ပြည့်နှက်သွားတော့သည်။
ဘုန်းတော်ကြီးခွန်ပန်၏အသံသည်လည်း ရပ်တန့်သွားပြီး သူ၏မျက်နှာပေါ်တွင် ကျေနပ်အားရသည့် အပြုံးတစ်ခု ထင်ဟပ်လာကာ အလွန်နှစ်သက်သဘောကျနေပုံရသည်။
"အော် မီ တော ဖော... ဒကာကြီးတို့က နောက်ဆုံးတော့ တိတ်တိတ်ဆိတ်ဆိတ် နားထောင်ရကောင်းမှန်းသိပြီး ပိုလို့တောင် ယဉ်ကျေးလာကြပါလား... ဗုဒ္ဓအရှင်အပေါ် တိမ်းညွတ်တဲ့ စိတ်နှလုံးရှိတာက တကယ့်ကို ချီးကျူးစရာပဲ"
"အဲ့ဒီလိုဖြစ်လာတာကြောင့် ဒီကိုယ်တော်က တကာကြီးတို့ကို ဗုဒ္ဓရဲ့ အံ့အားသင့်ဖို့ကောင်းတဲ့ တရားဓမ္မသံတွေကို နားထောင်ဖို့ ပို့ဆောင်ပေးပါ့မယ်... ဒီအချိန်ကစပြီးတော့ တကာကြီးတို့က ဗုဒ္ဓရဲ့အရိပ်အောက်မှာ ခိုလှုံကြတော့"
ဘုန်းတော်ကြီးခွန်ပန်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ရင်း သူ၏ညာလက်ဝါးကို ဆန့်တန်းကာ ဖိနှိပ်လိုက်၏။
ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်လက်ဝါးပုံရိပ်ယောင်ကြီးသည် ယခင်ကထက် အဆပေါင်းများစွာ ပို၍ပြင်းထန်သော စွမ်းအားဖြင့် တောင်ကြီးတစ်လုံးအလား အထီးကျန်တောင်ကြားပေါ်သို့ ကျဆင်းလာသည်။ နတ်ဆိုးများ၏ညည်းတွားသံများသည် တောင်ကြားအတွင်း၌ ပဲ့တင်ထပ်သွားပြီး အမှန်တကယ်ကို ထိတ်လန့်ဖွယ်ကောင်းသည်။
လက်ဖဝါးကြီး ပျောက်ကွယ်သွားချိန်တွင် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။
အမှောင်ထု၏နက်ရှိုင်းသော နေရာမှ နတ်ဆိုးအရိုးစုများ၏ ဒီရေလှိုင်းသည်လည်း ပျောက်ကွယ်သွားခဲ့လေပြီ။
အနက်ရောင်နယ်မြေ တစ်ခုလုံးသည် သုသာန်တစပြင်အလား တိတ်ဆိတ်ခြင်းသို့ ကျရောက်သွားတော့သည်။
နောက်ဆုံးတွင် ငြိမ်းချမ်းမှု ရောက်ရှိလာသည်။ ဘုန်းတော်ကြီးခွန်ပန်သည် လက်အုပ်ချီလိုက်ပြီး စိတ်ကျေနပ်စွာဖြင့် ပြုံးလိုက်၏။
"အော် မီ တော ဖော... ဒီဘုန်းကြီးက ကောင်းမှုကုသိုလ်တစ်ခု ထပ်လုပ်လိုက်ပြန်ပြီ... သူတပါးအပေါ် ကြင်နာတတ်ခြင်းက ပျော်ရွှင်မှုရဲ့ အရင်းအမြစ်ပါပဲ... သူတပါးကို ဗုဒ္ဓဂိုဏ်းဝင်တွေဖြစ်အောင် ကူညီပေးတာက ဒီဘုန်းကြီး အလိုချင်ဆုံး အရာပါ... ဒါက တကယ်ကို အတိုင်းအဆမရှိတဲ့ ကောင်းမှုကုသိုလ်ပဲ"
ထိုသို့ပြောပြီးနောက် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော ဘုန်းတော်ကြီးသည် သူ၏အင်္ကျီလက်အတွင်းမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် စာအုပ်အတွင်းရှိ အဆုံးမရှိသော အသိပညာပင်လယ်ထဲသို့ နောက်တစ်ကြိမ် ဝင်ရောက်သွားပြီး ခြေတစ်လှမ်းလှမ်းကာ လေဟာနယ်လှိုင်းဂယက်များကြားသို့ တိုးဝက်ပျောက်ကွယ်သွားတော့သည်။
ထိုလေဟာနယ်လှိုင်းဂယက်များ ပျောက်ကွယ်သွားပြီးနောက် မကြာမီတွင်....
အနက်ရောင်နယ်မြေ၏ တခြားတစ်နေရာ၌ အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး သူတော်စင်ခုနစ်ယောက်သည် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ဝင်ရောက်လာကြသည်။ သူတို့သည် အထွတ်အထိပ် သူတော်စင်လက်နက်များကို ကိုင်ဆောင်ထားကြပြီး အလွန်သတိထားကာ ရှေ့ဆက်သွားနေကြသည်။
သို့ရာတွင် သူတို့၏ နတ်ဘုရားစိတ်အာရုံများကို ဖြန့်ကျက်လိုက်သည့်အချိန်၌...
မည်သည့်နတ်ဆိုးအရှိန်အဝါကိုမျှ မတွေ့ရဘဲ အနက်ရောင်နယ်မြေသည် ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်ကို တွေ့လိုက်ရသည်။
သူတို့ကို ဦးဆောင်လာသော သူတော်စင်ချင်းယွင်သည် မျက်မှောင်ကြုတ်ပြီး နောက်သို့ပြန်ကြည့်လိုက်၏။
"အားလုံးပဲ... ဒီအနက်ရောင်နယ်မြေက အရမ်းထူးဆန်းနေတယ်... ငါတို့ သေချာသတိထားကြမှ ဖြစ်မယ်... ငါတို့က စုံစမ်းဖို့လာတာ... တိုက်ခိုက်ဖို့လာတာ မဟုတ်ဘူး... အခု လူခွဲလိုက်ကြစို့... တစ်ခုခုဖြစ်ရင် အချင်းချင်း ကူညီကြတာပေါ့"
သူတော်စင်များသည် တည်ကြည်လေးနက်စွာ တုံ့ပြန်လိုက်ကြပြီး တိတ်တဆိတ် လူစုခွဲကာ ထွက်ခွာသွားကြသည်။
သူတို့သည် အချိန်အကြာကြီး ရှာဖွေသည့်တိုင် မည်သည့်အရာကိုမျှ မတွေ့ရပေ။ အနက်ရောင်နယ်မြေတွင် မည်သည့်အရှိန်အဝါမျှ မရှိရုံသာမက နတ်ဆိုးတစ်ကောင်ကိုမျှလည်း မတွေ့ရသည့်အတွက် သူတော်စင်ခုနစ်ယောက်သည် ကျောက်စိမ်းပြားများမှတဆင့် သတင်းပို့ကြကာ သူတို့အားလုံး ဇဝေဇဝါ ဖြစ်နေကြသည်။
ဤသည်မှာ တစ်စုံတစ်ယောက်သည် အထီးကျန်တောင်ကြားသို့ ရောက်ရှိသွားပြီး အရေးပေါ်သတင်း ပေးပို့လိုက်သည့်အချိန်အထိပင်။
သူတော်စင်ခုနစ်ယောက်သည် ထိတ်လန့်အံ့သြမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် နေရာတွင် မတ်တတ်ရပ်နေကြ၏။
သူတို့၏ရှေ့ရှိ အထီးကျန်တောင်ကြားတွင် မရေမတွက်နိုင်သော နတ်ဆိုးအလောင်းများ ပြန့်ကျဲနေသည်။ ထို့ပြင် လူဘီလူးကြီးတစ်ဦး ရိုက်ချလိုက်သကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ကျန်းတစ်ရာခန့်နက်သည့် လက်ဝါးရာကြီးတစ်ခု ရှိနေသည်။
ထိုကြောက်မက်ဖွယ် လက်ဝါးရာကြီးအတွင်းတွင် ကြီးမားသော နွားရိုင်းနတ်ဆိုး၏ အရိုးအပိုင်းအစများပင် သေးငယ်နေသယောင် ထင်ရသည်။ မည်ကဲ့သို့သော တည်ရှိမှုမျိုးက ဤမျှထိ မြင့်မားသော ကျင့်ကြံဆင့်မျိုးကို ပိုင်ဆိုင်ထားသည်အား သူတို့ တွေးကြည့်ရန်ပင် ခက်ခဲနေသည်။
ပိုင်ဖျောင်ဖျောင်သည် တည်ကြည်လေးနက်သော မျက်နှာအမူအယာဖြင့် အဝေးသို့ ငေးကြည့်နေပြီး သူမကိုယ်သူမ သေးငယ်သထက် သေးငယ်လာသည်ဟု ခံစားနေရသည်။
ဤကဲ့သို့ တည်ရှိမှုမျိုး၏ ရှေ့မှောက်တွင် သူမ၏ ကျင့်ကြံခြင်းကွာဟချက်သည် ကြီးမားလွန်းသည်။ အကယ်၍ နောင်တစ်ချိန်တွင် ဤမျှထိ စွမ်းအားကြီးသော ရန်သူမျိုးနှင့် တွေ့ဆုံခဲ့ပါက ရီဖုန်းပင်လျှင် ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။
ပြိုင်ဘက်ကင်း ဓားသူတော်စင် စုကျဲကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်၏ မျက်လုံးများတွင်ပင် ဖိအားကိုခံစားရသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
"ဒီနတ်ဆိုးတွေ သေဆုံးသွားပြီ ဆိုပေမယ့် ကျန်ရစ်ခဲ့တဲ့ အငွေ့အသက်တွေက မယုံနိုင်ကောင်းလောက်အောင် စွမ်းအားကြီးနေတုန်းပဲ... ငါတောင်မှ သူတို့ကို ယှဥ်ပြိုင်နိုင်မှာ မဟုတ်ဘူး...."
သူတော်စင်ချင်းယွင်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး တွင်းနက်ကြီးနှင့် ပြန့်ကျဲနေသော နတ်ဆိုးအလောင်းများကို စိုးရိမ်ပူပန်တကြီး ကြည့်လိုက်၏။
"အမှန်ပဲ"
"ဒီကျန်ရစ်ခဲ့တဲ့ အငွေ့အသက်တွေကို ကြည့်ရတာ ဒီအလောင်းအပိုင်းအစတွေက နတ်ဆိုးတွေပဲ... ဒါပြင် သူတို့က အရမ်းအစွမ်းထက်တဲ့ နတ်ဆိုးတွေပဲ...တကယ်လို့ ငါတို့သာ ဒီနတ်ဆိုးတွေနဲ့ တွေ့ဆုံခဲ့ရင် ငါတို့ခုနစ်ယောက်လုံး ပူးပေါင်းပြီးတိုက်ရင်တောင် အသက်ရှင်ဖို့ အခွင့်အရေး သိပ်မရှိဘူး"
"ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေ အကုန်လုံး ဒီနေရာမှာ ပျက်စီးသွားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဖူးဘူး... ဒီကိစ္စက တကယ်ကို ထိတ်လန့်စရာပဲ"
သူတို့၏နံဘေးမှ ထင်ရှားကျော်ကြားသော ဘုန်းတော်ကြီးက သူ၏လက်ကို ပူးဆုပ်လိုက်သည်။
"အော် မီ တော ဖော... နတ်ဆိုးတွေ အကုန်လုံး ဖိနှိပ်ခံရပြီးတော့ အပိုင်းပိုင်းအစစ ဖြစ်သွားကြတယ်... ဒီလိုနည်းလမ်းက အရမ်းရက်စက်ကြမ်းတမ်းလွန်းတယ်... ဒီပုဂ္ဂိုလ်က မိတ်ဆွေလား ရန်သူလား ဆိုတာ ငါတို့ မသိနိုင်ဘူး"
ဤစကားကြောင့် သူတော်စင်ခုနစ်ယောက်လုံး တိတ်ဆိတ်ငြိမ်သက်သွားကြသည်။
သူတို့သည် သူတော်စင်ဝိညာဉ်များကိုပင် လောင်းကြေးထပ်ကာ ကြီးမားသော ဆုံးဖြတ်ချက်ဖြင့် အနက်ရောင်နယ်မြေသို့ ဝင်ရောက်လာခဲ့ကြ၏။ သို့ရာတွင် နတ်ဆိုးမျိုးနွယ်စုထက် များစွာပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးကို တွေ့ရှိရလိမ့်မည်ဟု မည်သည့်အချိန်ကမျှ သူတို့ မျှော်လင့်မထားခဲ့ကြပေ။
အရာအားလုံး နားလည်ရခက်ခဲနေသည်။ သူတို့ ရင်ဆိုင်နေရသော ကြီးမားသည့် အကျပ်အတည်းသည် ချက်ချင်းပြေလည်သွားပုံရသော်လည်း မိုးနှင့်မြေကို လွှမ်းခြုံထားသည့် ပို၍ကြောက်မက်ဖွယ်ကောင်းသော အရိပ်တစ်ခုကို ဆောင်ကြဉ်းလာကာ သူတော်စင်များ၏စိတ်နှလုံးသားထဲတွင် မှောင်မိုက်သော အရိပ်တစ်ခုကို ကျရောက်စေသည်။
ပိုင်ဖျောင်ဖျောင်နှင့် စုကျဲတို့သည် တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူမတို့၏မျက်ဝန်းများတွင် ဖိအားအရိပ်အယောင်များ သိသာထင်ရှားနေသည်။
သူမတို့သည် စကားမပြောဘဲနှင့်ပင် တစ်ယောက်၏ ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုများကို ကျန်တစ်ယောက်က နားလည်နေကြသည်။ ယွင်ရှင်းနယ်မြေ၏ ထိပ်သီးကျင့်ကြံသူများသည် ထွက်ခွာလာကြပြီးနောက် ယနေ့တွင် ဤကဲ့သို့ ကြောက်မက်ဖွယ် မြင်ကွင်းကို မြင်တွေ့လိုက်ရချိန်၌ သူတို့သည် ပို၍ပင် စွမ်းအားမဲ့သွားသကဲ့သို့ ခံစားနေရသည်။
ဤသည်မှာ မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့မည်နှင့် တူညီနေကာ ကြီးမားသော ဘေးအန္တရာယ်တစ်ခု ကျရောက်လာတော့မည့်အလားပင်။
သူတော်စင်များသည်ပင် ကျယ်ပြောလှသော သမုဒ္ဒရာထဲရှိ အထီးကျန်လှေငယ်လေးများနှင့် တူညီနေကာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း မရှိကြချေ။
သူတော်စင်ခုနစ်ယောက်သည် တည်ကြည်လေးနက်စွာဖြင့် လေဟာနယ်ကို ဆုတ်ဖြဲကာ ထွက်ခွာသွားကြတော့သည်။
ဤကိစ္စကို ထျန်းရှာမဟာမိတ်အဖွဲ့ထံသို့ သတင်းပေးပို့လိုက်ရာ နယ်မြေအားလုံးသို့ ထိတ်လန့်တုန်လှုပ်မှုများ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော အင်အားစုများကြားတွင် ထိတ်လန့်မှုနှင့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သည်။
...
နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေ...
စည်ကားနေသော လမ်းမရှည်ကြီးပေါ်တွင် ရီဖုန်းသည် ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေသည်။
မူလက သူသည် ရှေးဟောင်းမိသားစု ဖြစ်သော ကုမိသားစုမှ သူ့ကို လက်စားလာချေမည့်အချိန်ကို စောင့်ဆိုင်းနိုင်မည်ဟု ထင်မှတ်ထားခဲ့ပေ၏။
သို့ရာတွင် သူထုံကျင်လာသည်အထိ စောင့်ဆိုင်းခဲ့သော်လည်း ကောလာဟလ တစ်ခုတစ်လေမျှပင် မကြားရချေ။
သူသည် ကုမိသားစုအပေါ်ထားရှိသော မျှော်လင့်ချက်များအား လျှော့ချလိုက်လေပြီ။ ဤမျှကြီးမားသော ဒုက္ခများကြား၌ပင် သူသည် မသေနိုင်သေးချေ။ ရီဖုန်းသည် သူ နေထိုင်ခဲ့သော ခြံဝန်းငယ်လေးကို ရောင်းချလိုက်ပြီး အခြေချနေထိုင်ရန်နှင့် ခေတ္တအနားယူရန် နေရာတစ်နေရာကို ရှာဖွေရန် ပြင်ဆင်လိုက်သည်။
သေလမ်းရှာတဲ့အစီအစဉ်ကို ငရဲကိုပို့လိုက်တော့... သောက်ကျိုးနည်းစနစ်ရဲ့ တာဝန်တွေကိုလည်း ငရဲကို ပို့လိုက်တော့....
မြို့တံခါးမှ ထွက်လာပြီးနောက် ရီဖုန်းက မန်မန်ကို ဆင့်ခေါ်လိုက်သည်။
သူသည် ခရုကြီးကိုစီးကာ လမ်းမအတိုင်း သွားနေသဖြင့် လမ်းတစ်လျှောက်တွင် လက်ညှိုးထိုး ပြောဆိုမှုများကို ဆွဲဆောင်နိုင်ခဲ့သော်လည်း သူ အနည်းငယ်မျှ ဂရုမစိုက်ချေ။ လောကကြီးရှိ အရာအားလုံးသည် ဆူညံနေသည်ဟုသာ သူ ခံစားမိလေ၏။ သူသည် တိတ်ဆိတ်သော နေရာတစ်နေရာ ရှာဖွေကာ ပျင်းရိသော ငါးဆားနယ်တစ်ကောင်ကဲ့သို့ ရက်အနည်းငယ်ကြာ လှဲလျောင်းနေထိုင်လိုသည်။
သူ မည်မျှထိကြာကြာ လမ်းလျှောက်ခဲ့ပြီး မည်သည့်နေရာသို့ ရောက်နေသည်အား မသိတော့ချေ။
ရုတ်တရက် မိုးကောင်းကင်ယံမှနေ၍ အားရပါးရ ရယ်မောသံတစ်သံ ထွက်ပေါ်လာသည်။
"ဟား ဟား ဟား... လူငယ်လေး... ဘယ်သွားမလို့လဲ"
ရီဖုန်းသည် သူ၏ ငါးသေမျက်လုံးကိုလှန်၍ မထုံတက်တေးအမူအယာဖြင့် မော့ကြည့်လိုက်ရာ လေထုအတွင်းမှ အဘိုးအိုတစ်ဦး ဆင်းသက်သည်ကို မြင်တွေ့လိုက်ရသည်။ ထိုအဘိုးအိုသည် သူနှင့်အတူ အဆိပ်စမ်းသပ်ခံဖူးပြီး သေလုနီးပါး ဖြစ်ခဲ့ဖူးသော ရဲရင့်သည့် စစ်သည်တော် ဖုနန်ထျန်း မဟုတ်လော။
သူသည် ဤအဘိုးအိုကို အနည်းငယ် အားကျမိသည်အား ဝန်ခံရပေမည်။
အဘိုးအို၏ကျင့်ကြံဆင့်သည် အနည်းငယ် အားနည်းသော်လည်း သေရန်ကြိုးစားရာတွင်မူ သူ့ထက် ပို၍လွယ်ကူသည်။ ယခင်က အဆိပ်စမ်းသပ်ခံရင်း ထိုအဘိုးအိုသည် အသက်ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ဖူးသည်။ လူချင်းယှဉ်ကြည့်လိုက်ချိန်တွင် သူ့အတွက် အမှန်တကယ်ကို ဒေါသထွက်စရာ ကောင်းသည်။
ထိုလူကို မိတ်ဆွေဟောင်းဟု သဘောထားကာ ရီဖုန်းက ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်သည်။
"ကျွန်တော်လည်း မသိဘူး..."
ဖုနန်ထျန်းသည် သူ၏နံဘေးသို့ ဆင်းသက်လာပြီး အချိန်တခဏကြာ အကဲခတ်လိုက်သည်။ ရီဖုန်း၏စိတ်ညစ်နေသော ပုံစံကို မြင်လိုက်ရချိန်၌ သူက ရယ်မောပြီး စနောက်လိုက်၏။
"လူငယ်လေး... ငါတို့ မတွေ့တာ သိပ်မကြာသေးပါဘူး... ဘာလို့ ဒီလောက်တောင် စိတ်ပျက်လက်ပျက်ဖြစ်နေရတာလဲ... ဒါက လူငယ်တစ်ယောက်ရဲ့ ပုံစံမဟုတ်ဘူး... ငါနဲ့အတူ အရက်နည်းနည်းလောက် သောက်မလား"
ရီဖုန်းသည် များစွာတွေးတောမနေတော့ချေ။ အရက်သောက်ခြင်းက မဆိုးလှပေ... သူ၏ဝမ်းနည်းပူဆွေးမှုများကို ဖြေဖျောက်ပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
"ကောင်းပြီလေ"
သူတို့နှစ်ဦးသည် ချက်ချင်းဆိုသလိုပင် သဘောတူညီမှု ရရှိသွားကြပြီး လမ်းပေါ်ရှိ စားသောက်ဆိုင်တစ်ဆိုင်ကို လျင်မြန်စွာ ရှာတွေ့သွားကြသည်။
စားပွဲဝိုင်း၌ ထိုင်လိုက်ကြပြီးနောက် ဖုနန်ထျန်းထံတွင် လက်စားချေလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ယခင်က စစ်တုရင်ကစားရာတွင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ဖူးပြီး ပြီးခဲ့သော အကြိမ်က ကောင်းကင်အဆိပ်ကျွန်းတွင် သူ မျက်နှာပျက်ခဲ့ရသည်။ ဒီတစ်ကြိမ်တွင်တော့ ဂျင်းသည် ပိုရင့်လေ ပိုစပ်လေ ဆိုသည်ကို ဤကောင်လေး သိသွားအောင် လုပ်ဆောင်ရန် သူ ဆုံးဖြတ်ထားပေ၏။
ဖုနန်ထျန်းက ပန်းကန်လုံးကြီးကို ကိုင်လိုက်ပြီး အပြုံးနှင့် ရဲရင့်စွာ ဖိတ်ခေါ်လိုက်သည်။
"လာပါ... ဒီနေ့ မူးအောင် သောက်ကြတာပေါ့"
ရီဖုန်းသည်လည်း အချိန်အကြာကြီး စိတ်ညစ်နေခဲ့ရသဖြင့် ပန်းကန်လုံးကို အားပါးတရ မြှောက်လိုက်ပြီး ခွက်ချင်းတိုက်လိုက်။
"ကောင်းပြီ...မူးအောင် သောက်ကြတာပေါ့"
နေဝင်ချိန် ရောက်လာချိန်၌...
ဖုနန်ထျန်းသည် စားပွဲအောက်တွင် မှောက်လျက်သား ဖြစ်နေပြီး သူ၏လက်ကို ခါယမ်းကာ အသည်းအသန် ငြင်းဆန်နေတော့သည်။
"မသောက်... မသောက်တော့ဘူး... ဘာပဲဖြစ်ဖြစ် ထပ်မသောက်တော့ဘူး"
သေလုနီးပါး ဖြစ်နေသော အဘိုးအိုကို ကြည့်ရင်း အမှန်တကယ်ပင် အကန့်အသတ် ရောက်နေပြီ ဖြစ်ကြောင်း သိလိုက်သဖြင့် ရီဖုန်းသည် ဆက်ပြီးမတိုက်တွန်းတော့ပေ။ သူသည် စိတ်ပျက်လက်ပျက်ဖြင့် အရက်ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီး သူ၏ စိုးရိမ်ပူပန်မှုများအားလုံးကို တစ်ကျိုက်တည်း မော့ချလိုက်သည်။
ပူနွေးသော ခံစားမှုတစ်ခု ပြန်လည်၍ မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားကာ ဖော်ပြရန်မစွမ်းသော ကြည်နူးမှုတစ်ခု ဖြစ်ပေါ်လာသည်။
ဤရဲရင့်သော သောက်ပုံသောက်နည်းသည် ယခုလေးတင် ထထိုင်လိုက်သော ဖုနန်ထျန်းကို ကြောင်အသွားစေသည်။ သူသည် ပါးစပ်ကို လျှာဖြင့်သပ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောနိုင်တော့ချေ။
ရီဖုန်းက နောက်ထပ် အရက်ပန်းကန်လုံးကြီး အများအပြား ထပ်သောက်လိုက်သည်ကို ကြည့်ရင်း ဖုနန်ထျန်း လုံးလုံးလျားလျား စိတ်ကုန်သွားတော့သည်။
ဤအနာဂတ်တပည့်လေးသည် အမှန်တကယ်ကို နည်းနည်း ပုံမှန်မဟုတ်ပေ။ စစ်တုရင်တွင်လည်း သူ့ကို မနိုင်ခဲ့ကာ ကြွားဝါရန် ကြိုးစားလည်း မအောင်မြင်သည့်ပြင် ယခု အရက်သောက်သည်အထိ သူ့ကို မယှဉ်နိုင်ခဲ့ချေ။ ဤသည်မှာ အမှန်တကယ် အလွန်ထူးဆန်းနေသည်။
အကယ်၍ သူ့ထံတွင် စွမ်းအားကြီးမားသော ကျင့်ကြံခြင်းသာ မရှိခဲ့လျှင် ဖုနန်ထျန်းသည် ဤနေရာတွင် ဆက်နေရန် သတ္တိပင် ရှိတော့မည် မဟုတ်ပေ။ သူ၏ သူတော်စင်အဆင့် ကျင့်ကြံခြင်းသည် သူ၏ နောက်ဆုံးဝှက်ဖဲဖြစ်ပြီး သူ၏ တစ်ခုတည်းသော ဖြေသိမ့်ရာပင်။
နောင်တစ်ချိန်တွင် ရီဖုန်းသည် သူ၏ ကျင့်ကြံခြင်းအကြောင်းကို သိသွားသည်နှင့် တပြိုင်နက် သူ၏မျက်နှာပန်း ပြန်လှလာမည်ဖြစ်ပြီး ယခင်က ကျရှုံးမှုများသည် ကိစ္စရှိတော့မည် မဟုတ်ချေ။ တပည့်လက်ခံမည့် သူ၏အစီအစဉ်သည်လည်း သေချာပေါက် အောင်မြင်ပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ တပည့်လက်ခံရာတွင် စွမ်းအားသည်သာ အဓိက မဟုတ်လော...
ဤသို့ တွေးလိုက်မိပြီးနောက်...
ဖုနန်ထျန်းသည် နောက်ဆုံးတွင် အားတက်လာပြီး သူ၏ မျက်လုံးပေါက်ကျဉ်းကျဉ်းလေးများ ရွေ့လျားသွားသည်။
ဤကောင်လေးအကြောင်း သူနားလည်ထားသည်မှာ ပထမဆုံးအကြိမ် စစ်တုရင် ကစားစဥ်၌ ငြင်းပယ်ခံရသည်ကို ကြည့်ခြင်းအားဖြင့် ဤကောင်လေးသည် အလွန်မာနကြီးပေ၏။
သူ့ကို တပည့်အဖြစ် လက်ခံနိုင်ရန်မှာ တစ်ညတည်းနှင့် ဖြစ်လာမည့်ကိစ္စ မဟုတ်ပေ။
ဤကောင်လေးကို သူ၏လက်အောက်သို့ ရောက်လာစေရန် သူ သေသေချာချာ အစီအစဥ်ဆွဲမှ ဖြစ်ပေမည်။
ဤကောင်လေးကို ခေါ်ဆောင်သွားပြီး တဖြည်းဖြည်း သိမ်းသွင်းသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ထိုသို့ တွေးမိလိုက်သည်နှင့် သူသည် နှုတ်ခမ်းထောင့်စွန်းကို မော့ကာ ပြုံးလိုက်သည်။
"လူငယ်လေး... မင်း စိတ်ညစ်နေပြီးတော့ လုပ်စရာ ဘာမှမရှိဘူးလို့ ငါထင်တယ်... ငါနဲ့အတူ အရမ်းကောင်းတဲ့ နေရာတစ်နေရာကို လိုက်ခဲ့ပြီး ရက်နည်းနည်းလောက် အနားယူလိုက်ပါလား"
ရီဖုန်းသည် အရက်ပန်းကန်လုံးကို ချလိုက်၏။
သူသည် မူလက ငြင်းဆန်ရန် ရည်ရွယ်ထားသော်လည်း သူ သွားရန်နေရာ မရှိသည်အား စဉ်းစားမိပြီးနောက် သဘောတူလိုက်သည်။
အချိန်တခဏကြာ အနားယူပြီးနောက် သူတို့နှစ်ဦးသည် အလွန်ကောင်းသည်ဆိုသော နေရာသို့ ထွက်ခွာသွားကြတော့သည်။