အခန်း (၁၀၀၆)
Vol. 68 Ch. 1006
မြစိမ်းရောင်တောင်ထိပ်များကို နောက်ခံပြုလျက် မှန်ကဲ့ကြည်လင်သော ရေကန်ကို မျက်နှာမူထားသည့် တိတ်ဆိတ်သော တောင်ပေါ်ရွာလေးတစ်ရွာ၌ မြူခိုးများ ညင်သာစွာ ဝေ့ဝဲနေပြီး လှေငယ်တစ်စင်း အေးချမ်းစွာ ရွေ့လျားနေသည်။
လှေပေါ်မှနေ၍ ထိုမြင်ကွင်းကို မြင်တွေ့ရချိန်တွင် စိတ်၏ငြိမ်းချမ်းမှုကို ခံစားရပြီး ရီဖုန်းသည် သူ၏စိုးရိမ်ပူပန်မှုများကို ဖယ်ရှားလိုက်ကာ ရှားပါးသော စိတ်အပန်းပြေခြင်းနှင့် သက်သောင့်သက်သာရှိမှုကို ခံစားနေရသည်။
တောင်ပေါ်တွင် ပေါ့ပေါ့ပါးပါး နေထိုင်ရခြင်း... ဤသည်မှာ စစ်မှန်သော ကျေနပ်အားရစေမှုပင်။
သူသည် အဘိုးအို၏နောက်သို့လိုက်ကာ ကမ်းပေါ်သို့ တက်လိုက်ပြီးနောက် လမ်းလျှောက်သွားကြရာ တောင်သူလယ်သမားများနှင့် မုဆိုးများကိုသာ တွေ့မြင်ရသောကြောင့် သူ၏အတိတ်ဘဝသို့ ပြန်ရောက်သွားသကဲ့သို့ ခံစားရသည်။
သိုင်းပညာခန်းမကို ဖွင့်လှစ်ခဲ့သော ပျော်ရွှင်ဖွယ်နေ့ရက်များကို သတိရလိုက်ချိန်တွင် ရီဖုန်း၏စိတ်ခံစားချက်သည် သိသိသာသာ ပေါ့ပါးသွားပြီး မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ပျင်းရိငြီးငွေ့မှုများကို ဘေးဖယ်ထားလိုက်သည်။
ရီဖုန်း၏မျက်နှာပေါ်တွင် တဖြည်းဖြည်း အပြုံးတစ်ခု ထင်ဟပ်လာခြင်းနှင့်အတူ စိတ်အေးလက်အေးရှိသော ပတ်ဝန်းကျင်တွင် အာရုံနှစ်မြုပ်သွားတော့သည်။
ဦးဆောင်သွားနေသော ဖုနန်ထျန်းသည် နောက်သို့ လှည့်ကြည့်လိုက်ပြီးနောက် ယုံကြည်မှုများ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။
သူ့အနာဂတ်တပည့်လေး၏ ရိုးစင်းသောအပြုမူကို မြင်လိုက်ရချိန်၌ သူသည် ပို၍ပင် စိတ်ကျေနပ်သွားပေ၏။
ယခု မြင်တွေ့နေရသော တောင်သူလယ်သမားများသည် သာမန်မဟုတ်ကြောင်း နှင့် ရွာတစ်ရွာလုံးသည် ပြိုင်ဘက်ကင်းကျင့်ကြံသူများဖြင့် ပြည့်နှက်နေကြောင်းကို ဤကောင်လေး မည်သို့မျှ တွေးထင်မိမည် မဟုတ်ချေ။
နောက်ဆုံးတွင် အမှန်တရားကို သိရှိသွားသည့်အချိန်၌ ဤကောင်လေးသည် လုံးလုံးလျားလျား ကြက်သေသေသွားမည် မဟုတ်လော။
အဟမ်း... အဟမ်း...
သူ တွေးတောမိလေလေ မျှော်လင့်ချက်များ ကြီးမားလာလေလေ ဖြစ်ပြီး ဖုနန်ထျန်းသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ တက်ကြွစွာဖြင့် ရှေ့သို့ဆက်လက်၍ လျှောက်လှမ်းသွားသည်။
တစ်ချိန်တည်းမှာပင် သူသည် ရွာသူရွာသားများထံသို့ အသံသတင်းစကားပေးပို့ပြီး အသိပေးလိုက်၏။
"အားလုံးပဲ... ဒါက ငါ့ရဲ့ အနာဂတ်တပည့်လေးပဲ... သူ မလန့်သွားအောင် မင်းတို့ရဲ့အရှိန်အဝါတွေကို ဖုံးကွယ်ထားကြပါ"
အစွမ်းထက်သော အရှိန်အဝါများသည် ချက်ချင်းပြန်လည်ရုတ်သိမ်းသွားပြီး သဘောတူညီကြောင်းအသံများ ပဲ့တင်ထပ်လာသည်။
အရာအားလုံး အဆင်သင့်ဖြစ်သွားသောကြောင့် ဖုနန်ထျန်းသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထိုနောက် သူသည် ရွာအဝင်ရှိ ခြံဝန်းငယ်လေးထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားကာ ရီဖုန်းကို နေရာချပေးလိုက်သည်။
ရက်အနည်းငယ်ကြာသည်အထိ သူတို့နှစ်ဦးသည် အတူတကွ စားသောက်နေထိုင်ကြလေ၏။
သူတို့သည် နေ့ခင်းဘက်တွင် ငါးမျှားကာ လက်ဖက်ရည်သောက်ကြပြီး ညဘက် လရောင်အောက်၌ ရှုခင်းများကို ကြည့်ရှုကာ ဝိုင်အရက်သောက်ရင်း စကားစမြည် ပြောဆိုကြသည်။
ဤသည်မှာ အလွန်အမင်း စိတ်အေးလက်အေး ရှိပြီး ပျော်ရွှင်ဖွယ်ကောင်းသည်။
ရီဖုန်းသည် သူ၏မကြာသေးမီက ဒုက္ခများနှင့် စိုးရိမ်ပူပန်မှုများကို ယာယီဘေးဖယ်ထားလိုက်ပြီး သူ ကြာမြင့်စွာ စောင့်မျှော်နေခဲ့ရသော စိတ်၏အပန်းပြေမှုကို ခံစားနေရသည်။
ဖုနန်ထျန်းသည်လည်း ဤအခွင့်အရေးကို အသုံးပြုကာ သူ၏အနာဂတ်တပည့်လေးအကြောင်းကို ပို၍သိရှိလာခဲ့ပြီး လူငယ်လေး၏ စရိုက်နှင့်အပြုအမူအပေါ် ပို၍ပင် တန်ဖိုးထားလာတော့သည်။
သို့ရာတွင် ဤတစ်ကြိမ်တွင် ဖုနန်ထျန်းသည် ယခင် သင်ခန်းစာများမှ သင်ယူခဲ့ပြီးဖြစ်သောကြောင့် သိသိသာသာ ပို၍တည်ငြိမ်နေပြီး ရီဖုန်းကို တပည့်အဖြစ် လက်ခံမည်ဟု ချက်ချင်းမပြောဆိုခဲ့ချေ။
အကြိမ်ပေါင်းများစွာ ကျရှုံးပြီးနောက် သူသည် တစ်စုံတစ်ခုကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့သည်။
ရီဖုန်းသည် ပျင်းရိနေပုံရသော်လည်း အမှန်အားဖြင့် သူသည် ခေါင်းမာသော လူငယ်တစ်ဦးပင်။
သူ၏ ကျွမ်းကျင်မှုများကို ပြသရန် အခွင့်အရေးရှာပြီး ရီဖုန်း၏ လေးစားမှုကို ရရှိအောင် လုပ်ရပေမည်။ ထိုအချိန်မှသာ ဤလူငယ်လေးသည် သူ့အား အသိအမှတ်ပြုကာ သူ၏တပည့် ဖြစ်လာပေလိမ့်မည်။
ထိုသို့မဟုတ်ပါက ဤကောင်လေးသည် ထိုကိစ္စကို သေချာပေါက် လက်ခံမည် မဟုတ်ချေ။
ရက်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ဖုနန်ထျန်းသည် နောက်ဆုံးတွင် ပြီးပြည့်စုံသော အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့သည်။
နေ့လယ်စာ စားပြီးနောက် သူတို့နှစ်ဦးသည် ပုံမှန်အတိုင်း ငါးမျှားရန် ထွက်ခွာတော့မည်ဖြစ်သော်လည်း ဖုနန်ထျန်းသည် အေးအေးဆေးဆေး ထိုင်နေဆဲဖြစ်ပြီး မတ်တတ်ထရန် ရည်ရွယ်ချက် မရှိချေ။
ရီဖုန်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
"လူအိုကြီး.. အစာတစ်ခုခု မှားစားမိတာလား... ခင်ဗျားရဲ့မျက်နှာက နီရဲနေတာပဲ... အသက်ကြီးလာလို့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့တာလား"
ဖုနန်ထျန်းသည် ဒေါသထွက်ကာ စကားမပြောနိုင်လုနီးပါး ဖြစ်သွားပေ၏။
သူသည် သူ၏ စိတ်အနှောင့်အယှက်ဖြစ်မှုကို ထိန်းချုပ်လိုက်ပြီး စကားတစ်ခွန်းမျှ မပြောမိအောင် အချိန်အတော်ကြာ ထိန်းချုပ်ခဲ့ရသည်။
ဖုနန်ထျန်းသည် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်မှာ ဤကောင်လေးသည် သူ့ကို လေးစားမှုမရှိခြင်းပင်။
ကောင်းကင်အဆိပ်ကျွန်းတွင် ကျရှုံးမှုနှင့် အတူယှဥ်တွဲ ဤကောင်လေးသည် သူ၏ကျင့်ကြံဆင့်စွမ်းအားကို ထူးခြားသည်ဟု မထင်မှတ်တော့ချေ။
ဤအတိုင်းဆက်သွား၍ မဖြစ်ချေ။ သူသည် သူ၏ ကျွမ်းကျင်မှုများကို ပြသပြီး သူ၏ကျင့်ကြံဆင့်စွမ်းအားများကို သက်သေပြရန် အခွင့်အရေးရှာရပေမည်။
သူ၏စိတ်နှလုံးသားထဲတွင် ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ဖုနန်ထျန်းသည် အန္တရာယ်ရှိသော လျှို့ဝှက်နယ်မြေများအကြောင်း စတင်၍စဉ်းစားလိုက်၏။
နောက်ဆုံးတွင် ရှေးဟောင်းစင်္ကြန်လမ်းကို သတိရလိုက်သည်။
ဤသည်မှာ ယွင်ရှင်းနယ်မြေနှင့် တခြားကြယ်နယ်မြေများကို ဆက်သွယ်ထားသော ရှေးဟောင်းစင်္ကြန်လမ်းပင်။ ထိုအရာသည် ကြယ်မြစ်၏ နက်ရှိုင်းသောနေရာတွင် တည်ရှိသော အကျော်ကြားဆုံး ရှေးဟောင်းလျှို့ဝှက်နယ်မြေလည်း ဖြစ်ကာ မရေမတွက်နိုင်သော အန္တရာယ်များ လျှို့ဝှက်ထောင်ချောက်များဖြင့် ပြည့်နှက်နေသည်။
ထိုနေရာသို့ ဝင်ရောက်ခြင်းသည် သေဆုံးရမည်မှာ သေချာသလောက်နီးပါးဖြစ်သည့် အခြေအနေကို ဆိုလိုခြင်းပင်။
အကယ်၍ သူသည် ဤကောင်လေးကို ထိုနေရာသို့ ခေါ်ဆောင်သွားပြီး သူ၏အစွမ်းထက်သော သူတော်စင်အဆင့် ကျင့်ကြံဆင့်စွမ်းကို ပြသလိုက်ပါက ကောင်လေးသည် ကြောက်ရွံ့အံ့အားသင့်သွားပြီး ချက်ချင်းဆိုသလိုပင် သူ့ကို ရိုသေလေးစားစွာ ဦးညွှတ်ကာ သူ၏တပည့်ဖြစ်လာမည် မဟုတ်လော။
သူသည် မူလက သာမန်လူတစ်ဦးအဖြစ် တပည့်လက်ခံရန် ရည်ရွယ်ထားသော်လည်း ဤမျှထိ မထီမဲ့မြင်ပြုခံရခြင်းနှင့် မလေးမစားခံရခြင်းတို့ကို ကြုံတွေ့ရလိမ့်မည်ဟု သူ မျှော်လင့်မထားပေ။
သူ့ထံ၌ တခြားနည်းလမ်း မရှိတော့သဖြင့် ယနေ့တွင် သူ၏ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို ထုတ်ဖော်ပြသရပေမည်။
ဖုနန်ထျန်းသည် တွေးတောလေလေ ဆုံးဖြတ်ချက် ပိုခိုင်မာလေလေ ဖြစ်ပြီး အစွမ်းထက်သော ယောက်ျားတစ်ဦး၏အပြုံးသည် သူ၏မျက်နှာပေါ်တွင် တဖြည်းဖြည်း ပွင့်လန်းလာသည်။
အဘိုးအိုသည် ငေးငိုင်စွာ ထိုင်နေရင်းမှ ရုတ်တရက် ထူးဆန်းစွာ ပြုံးလိုက်သည်အား မြင်လိုက်ရချိန်၌ ရီဖုန်းသည် အနည်းငယ် စိုးရိမ်လာပြီး တီးတိုးမေးမြန်းလိုက်သည်။
"လူအိုကြီး... အဆင်ပြေရဲ့လား"
"တကယ်လို့ မထိန်းနိုင်ရင် အိမ်သာကို သွားလိုက်ပါ... ကိုယ့်ကိုယ်ကိုယ် ထိန်းထားပြီးတော့ ဒုက္ခရောက်မခံနဲ့... ဘောင်းဘီပေတာက အသေးအမွှားပါ... အရှက်မရဖို့အတွက် ဒီလောက်ထိ ဒုက္ခမခံပါနဲ့"
ဖုနန်ထျန်းသည် နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး သူ၏ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်၏။
"အဟမ်း... အဟမ်း"
"မင်း ဘာတွေ တွေးနေတာလဲ"
ဖုနန်ထျန်းက ရီဖုန်းကို မျက်စောင်းထိုးလိုက်ပြီး အလိမ်အညာစကားများကို ပြောဆိုလိုက်သည်။
"မင်းက ကောင်းတာဆိုလို့ ဘာတစ်ခုမှ မတွေးဘူး... ငါ မင်းကို အမှန်အတိုင်း ပြောရရင် ငါ ငါးမျှားဖို့ အကောင်းဆုံး နေရာတစ်နေရာကို စဉ်းစားနေတာ... ဒီနေ့ ငါတို့ သေချာပေါက် ငါးအကြီးကြီးတွေ ရလိမ့်မယ်"
ရီဖုန်းက နားလည်သဘောပေါက်သွားကာ ခေါင်းညိတ်လိုက်ပြီး အဘိုးအို၏ဘောင်းဘီတွင် အပြောင်းအလဲမရှိသည်ကို မြင်တွေ့ချိန်၌ သူ၏ စိုးရိမ်ပူပန်မှုများကို ယာယီဘေးဖယ်ထားလိုက်သည်။
ငါးမျှားရန်နေရာအကြောင်း ကြားလိုက်ရချိန်တွင် သူသည် ထပ်မံ၍ များစွာမစဉ်းစားတော့ပေ။
"အော်... ငါ နားလည်ပြီ"
"ဒီလိုဆိုရင် ညဘက်ငါးမျှားရင်း ခြင်စာမဖြစ်အောင် အမြန်သွားကြစို့"
ဖုနန်ထျန်းက အပြုံးနှင့် ခေါင်းညိတ်လိုက်ပြီး သူ၏ဝါးခမောက်ကို ဆောင်းကာ ငါးမျှားတံကို ကိုင်ဆောင်လျက် ခြံဝန်းတံခါးမှ ထွက်ခွာသွားသည်။
ရီဖုန်းသည် နောက်မှ ထပ်ချပ်မကွာ လိုက်ပါသွားလေ၏။
သူတို့နှစ်ဦးသည် လမ်းလျှောက်ရင်း လေထုထဲတွင် ပျံသန်းလိုက်ကြပြီး ပို၍ပို၍ဝေးရာသို့ သွားနေကြသည်။
ရီဖုန်းသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တဖြည်းဖြည်း နားလည်သဘောပေါက်သွားပြီး ငါးမျှားရန် သူ၏စိတ်အားထက်သန်မှုများ အနည်းငယ် လျော့နည်းသွားသည်။
"လူအိုကြီး... ဘာလို့ မရောက်သေးတာလဲ... ငါတို့ ဘယ်လောက်ကြာကြာ သွားရအုံးမှာလဲ"
ဖုနန်ထျန်းက ရယ်မောပြီး တုံ့ပြန်အဖြေပေးသည်။
"ရတနာငါးမျှားစခန်းက ဒီအနီးအနားမှာ ရှိနေတာ မဟုတ်သလို သာမန်လူတွေ သိနိုင်တဲ့ နေရာလည်း မဟုတ်ဘူး... ငါတို့ မကြာခင် ရောက်တော့မှာပါ... အလျင်မလိုနဲ့... အလျင်မလိုနဲ့"
ရီဖုန်းသည် ဤစကားကို ကြားချိန်၌ ခေါင်းညိတ်လိုက်ပြီး တိတ်တဆိတ် လိုက်ပါသွားတော့သည်။
ဤသည်မှာ ကျိုးကြောင်းဆီလျော်ပေ၏။
ထိုနေရာသည် ငါးများ အကြီးအကျယ် ဖမ်းဆီးနိုင်ခြေရှိသော ရတနာငါးမျှားစခန်းဖြစ်သောကြောင့် မည်သူမဆို သိနိုင်မည် မဟုတ်ချေ။
သူသည် လမ်းနည်းနည်း ထပ်လျှောက်ရသည်က အဆင်ပြေပြီး အနည်းဆုံးအနေဖြင့် အကျိုးအမြတ်တချို့ ရနိုင်ပေ၏။
သို့ရာတွင် "အကျိုးအမြတ်" ဟူသော စကားလုံးကို တွေးလိုက်သည်နှင့် သူ မကြာသေးမီက မေ့လျော့သွားခဲ့သော စိုးရိမ်ပူပန်မှုများ ပြန်ပေါ်လာသည်။
ရီဖုန်းသည် သေလမ်းရှာရန် ဖြစ်နိုင်ခြေရှိသမျှ နည်းလမ်းတိုင်းကို ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်ခဲ့ရသည်။
သူ၏ သေလမ်းရှာသောအစီအစဉ်သည် တိုးတက်မှုမရှိဘဲ သူ၏ကျင့်ကြံဆင့်သည် ပို၍ပို၍ အစွမ်းထက်လာသောကြောင့် ယခင်က ရိုးရှင်းသောဘဝသို့ သူ ပြန်သွားရန် မဖြစ်နိုင်တော့ချေ။
ဤသည်မှာ ကံကြမ္မာ၏ ရက်စက်သော လှည့်ကွက်ပင်။
သူ လမ်းလျှောက်လေလေ စကားမပြောနိုင်အောင် ခံစားရလေလေပင်။
ရီဖုန်းသည် ငေးငိုင်စွာ လျှောက်လှမ်းသွားပြီး မေးခွန်းများ ထပ်မံ၍မမေးမြန်းလိုတော့ဘဲ သူ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
ရှေ့တွင်ရှိနေသော ဖုနန်ထျန်းကမူ တွက်ချက်မှုများကို တိတ်တဆိတ် ပြုလုပ်နေသည်။
ဤကောင်လေး၏ အထင်သေးခြင်းကို ခံရသည်မှာ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းသော်လည်း တခြားရှုထောင့်မှတွေးတောကြည့်ပါက သိပ်မဆိုးလှဟု ထင်ရပေ၏။
အကြောင်းအရင်းမှာ အထင်အမြင်သေးခံရပြီးမှ နောင်တစ်ချိန်တွင် သူ ထိုကောင်လေးကို ပေးမည့် အံ့အားသင့်မှုနှင့်ထိတ်လန့်မှုသည် ပို၍ပင် ပြင်းထန်လာပေမည်။ ထိုသို့ဖြစ်လာပါက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုသည် အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်သည်။
သူ၏ကြောက်မက်ဖွယ်ကောင်းသော သူတော်စင်အဆင့် ကျင့်ကြံစွမ်းအားကို ဖော်ပြလိုက်သည့်အချိန်၌...
ဟဲ ဟဲ... ဒီကောင်လေးက လျှပ်စီးပစ်ခံရသလိုမျိုး ကြောင်အသွားမှာ မဟုတ်လား....
ဤသည်မှာ အစပိုင်းတွင် ဖိနှိပ်ထားပြီးနောက် နောက်ပိုင်းမှ ကြီးကျယ်ခမ်းနားစွာ ဖော်ပြခြင်းမျိုး သေချာပေါက် ဖြစ်လာပေမည်။
ရှေးဟောင်းစင်္ကြန်လမ်းသို့ မရောက်မီကပင် ဖုနန်ထျန်းသည် ဖြစ်လာတော့မည့် အရာအားလုံးကို ကြိုတင်မြင်ယောင်နေသည်။
တစ်ချိန်က မာနကြီးပြီး ရဲတင်းခဲ့သော ကောင်လေးသည် နောက်ဆုံးတွင် စီနီယာတစ်ယောက်၏ စစ်မှန်သောလက္ခဏာရပ်ကို သိရှိသွားပြီး ရှက်ရွံ့ခြင်းများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြောက်ရွံ့တုန်လှုပ်စွာ ဦးညွှတ်လာပေလိမ့်မည်။
'ဘာ... အရှင်က တကယ်ပဲ ဒဏ္ဍာရီလာ သူတော်စင် ဖြစ်နေတာပေါ့'
'ဒီတပည့်လေးက မျက်ကန်းဖြစ်ခဲ့ပြီးတော့ မလေးမစား ပြောဆိုခဲ့မိပါတယ်... အရှင်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်...တကယ်လို့ အရှင်က ကျွန်တော့်ရဲ့ အတိတ်က အပြစ်တွေကို မေ့ပစ်နိုင်မယ်ဆိုရင် ကျွန်တော် ရီဖုန်းက အရှင်ရဲ့ တပည့်ဖြစ်ရတာကို ဂုဏ်ယူမိမှာပါ'
ဤအံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းကို တွေးတောမိချိန်၌ ဖုနန်ထျန်း၏ မျက်နှာပေါ်မှ အပြုံးသည် ပို၍ကြီးမားကျယ်ပြန်လာပြီး သူသည် မယုံနိုင်လောက်အောင် စိတ်ကျေနပ်နေတော့သည်။
ဤသည်မှာ သူ၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာသော အချိန်အထိပင်။
"ဟေး... လူအိုကြီး... ဘာတွေ တွေးနေတာလဲ... ဒီလို မချိုမချဥ်အပြုံးမျိုးက ဘာလို့ပြုံးနေတာလဲ..."
ဖုနန်ထျန်းသည် ဆက်လက်၍လျှောက်လှမ်းရင်း သူ၏အပြုံးကို လျင်မြန်စွာ ဖုံးကွယ်လိုက်ပြီး နောက်သို့ပေါ့ပေါ့ပါးပါး လှည့်ကြည့်ကာ စကားအနည်းငယ်ဖြင့် ပယ်ချလိုက်သည်။
"ဘာမှမဟုတ်ဘူး... ဒီနေ့ ငါးဖမ်းရတာ အရမ်းကောင်းလိမ့်မယ်"
ရီဖုန်းသည် ဆွံ့အသွားပြီး ခေါင်းညိတ်ကြကာ အဘိုးအို၏နောက်မှ လိုက်ပါသွားသည်။
သူတို့သည် မည်မျှထိဝေးဝေး လျှောက်လှမ်းခဲ့ရသည်ကို သူ မသိတော့ချေ။ ဖုနန်ထျန်းသည် လိမ္မာပါးနပ်သောအပြုံးနှင့် အော်ဟစ်လိုက်သည်။
"လူငယ်လေး...မြန်မြန်သွားကြစို့"
"အင်း"
ရီဖုန်းသည် ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး များစွာအာရုံစိုက်ခြင်းမပြုဘဲ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သို့ရာတွင် ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူ၏ ခြေထောက်အောက်တွင် ကြီးမားကျယ်ပြန့်သော ကြယ်တာရာများ ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။
ရီဖုန်းသည် သူ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု တွေးထင်ပြီး အာရုံစူးစိုက်၍ ကြည့်လိုက်သည်။
သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ပြီး နံဘေးပတ်လည်ကို ကြည့်လိုက်ချိန်၌ စိမ်းလန်းသောသစ်ပင်များ ရေကန်များ သို့မဟုတ် တောင်များ မရှိတော့ဘဲ အဆုံးမရှိသော ကြယ်တာရာစကြာဝဠာကြီးသာ ရှိနေပြီး သူသည် လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်ကို နားလည်သဘောပေါက်သွားသည်။
ရုတ်ချည်းဆိုသလိုပင် ရီဖုန်းသည် အိပ်မက်မှ နိုးလာသည့်အလား သူ၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။
ဒါ..
ဒါက ငါးမျှားကန် မဟုတ်ဘူး....
ရီဖုန်း၏ ဇဝေဇဝါ ဖြစ်နေသော အမူအယာကို မြင်လိုက်ရချိန်၌ ဖုနန်ထျန်းသည် မယုံနိုင်လောက်အောင် စိတ်ကျေနပ်သွားပေ၏။
အရာအားလုံးသည် သူ၏မျှော်လင့်ချက်အတိုင်း ဖြစ်နေသည်။ ကြွင်းကျန်သည့်ကိစ္စမှာ ရီဖုန်းကို အံ့အားသင့်စေပြီးနောက် သူ၏စွမ်းအားကို ကြီးကျယ်ခမ်းနားစွာ ဖော်ပြရန်ပင်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ဖုနန်ထျန်းသည် သူ၏ဘဝတွင် အကောင်းဆုံး သရုပ်ဆောင်မှုကို ထုတ်ဖော်ပြသလိုက်သည်။
သူ၏လက်များ တုန်ယင်လာပြီး သူ၏ငါးမျှားတံသည် ကြယ်တာရာပင်လယ်ထဲသို့ ပြုတ်ကျသွားပေ၏။
ထိုရိုးရှင်းသော တုန်ယင်မှုသည် ဤအချိန်တွင် သူ ခံစားရမည့် ထိတ်လန့်မှုနှင့်တုန်လှုပ်ချောက်ချားမှုတို့ကို အပြည့်အဝ ဖော်ပြနေသည်။
ထို့ပြင် သူ ချစ်မြတ်နိုးရသော ငါးမျှားတံ ကြယ်တာရာပင်လယ်ထဲသို့ ပြုတ်ကျသွားခြင်းသည် သူ၏စိတ်ပျက်အားငယ်မှုကို ပို၍ပင် ကျယ်ပြန့်စေပြီး တုန်လှုပ်ချောက်ချားဖွယ် အခြေအနေကို တည်ဆောက်နေသည်။
မည်သည့်အကြောင်းအရင်းကိုမျှ မသိရသော လူတစ်ယောက် ဤနေရာ၌ ရှိနေလျှင်ပင် ဤစိတ်ပျက်အားငယ်မှုနှင့် ထိတ်လန့်ကြောက်လန့်မှုကို ခံစားရပေမည်။ ဤသည်မှာ သူသည် တုန်ချိချိအဘိုးအိုတစ်ယောက်ဖြစ်ကာ သေချာပေါက် သေဆုံးရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့်အလားပင်။
သူကိုယ်တိုင်အကဲဖြတ်ထားသော သူ၏သရုပ်ဆောင်မှုရမှတ်သည် ၉၉.၉၉ အထိပင် မြင့်မားပေ၏။
ဖုနန်ထျန်းသည် ဂုဏ်ယူဝံ့ကြွားခြင်းမရှိဘဲ ဇာတ်ရုပ်အတွင်းတွင် ဆက်လက်၍နစ်မြုပ်နေသည်။ သူ၏မျက်နှာပေါ်တွင်အံ့အားသင့်မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေကာ ရုတ်တရက် သူက ရီဖုန်းကို လှည့်ကြည့်လိုက်သည်။
"အား... ကံဆိုးလှချည်လား"
"ဘာအကြောင်းကြောင့်မှန်းမသိဘူး... ငါတို့က မတော်တဆ ဒဏ္ဍာရီလာ ရှေးဟောင်းစင်္ကြန်လမ်းထဲကို ရောက်သွားပြီ... ငါတို့ ဘာလုပ်ကြမလဲ"