← Chapters

အခန်း (၁၀၀၂)

Vol. 68 Ch. 1002

အခန်း (၁၀၀၂)

Vol. 68 Ch. 1002

ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါတစ်ခုတည်းကပင် သူတို့နှစ်ဦးလုံးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။

ကုထိုက်ယွမ်တို့နှစ်ယောက်သည် ကြောက်လန့်တကြားဖြစ်သွားကာ သူတို့၏မျက်နှာများ ဖြူဖျော့သွားသည်။ သူတို့၏ နှလုံးသားများ ဗုံတီးနေသကဲ့သို့ တုန်ခါနေကာ သူတို့သည် တပြိုင်နက်တည်း အံ့အားတသင့် မော့ကြည့်လိုက်ကြ၏။

"ဒါ ဒါက မဖြစ်နိုင်ဘူး... ငါတို့ရဲ့ ဘိုးဘေးက ပြီးပြည့်စုံခြင်းအဆင့် သဘာဝသူတော်စင်တစ်ပါးပဲ... ကြယ်ကြွေစစ်တုရင်ဝင်္ကပါကို တစ်ယောက်ယောက်က ဒီလောက်ထိ လွယ်လွယ်ကူကူ ချိုးဖျက်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

သူတို့သည် သူတို့၏မျက်လုံးများဖြင့် ရှေ့သို့ စူးစိုက်၍ကြည့်ရှုလိုက်ကြသည်။

ယခင်က ထူးဆန်းသောသက်ရှိများဖြင့် ဖွဲ့စည်းထားသော ဆပ်ကပ်အဖွဲ့တစ်ဖွဲ့နှင့်တူသည့် သက်ရှိများသည် ဤအချိန်အခိုက်အတန့်တွင် မြေပြန့်ပေါ်၌ လမ်းလျှောက်နေသည့်အလားပင်။ခွေး ကင်းခြေများ ဝက်ဝံကြီး စိတ်ဝိညာဥ်ဘုရင်တို့သည် တပြိုင်နက်တည်း ရှေ့တိုးလာကြ၏။

ဤအနက်ရောင်ဝတ်ရုံဝတ်ပုံရိပ်များသည် ကောင်းကင်နှင့်နေရောင်ကို ပိတ်ဖုံးလုမတတ် ဖြစ်နေပြီး ပတ်ဝန်းကျင်မှ ကြယ်ရောင်များကို မှိန်ဖျော့သွားစေသည်။

ဦးဆောင်လာသော အရိုးစုသည် ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်။ သူ ဖြတ်သန်းသွားလေရာတိုင်းရှိ ကြယ်ရောင်များသည် လမ်းဖယ်ပေးကြရပြီး ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုနှင့် တွေ့ကြုံရသည့်အလားပင်။

ကုထိုက်ယွမ်၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏စိတ်နှလုံးသား မွန်းကြပ်သွားပေ၏။

သူ ရုတ်တရက် နားလည်သွားပုံရကာ သူ၏ စိတ်ထဲတွင် ယုတ္တိမတန်သော အတွေးတစ်ခု ပေါ်ပေါက်လာသည်။

'ဒီတည်ရှိမှုကြီးတွေက သူတော်စင်အဆင့်မှာတင် ရှိနေကြတာ မဟုတ်ဘူး'

သူ ထိတ်လန့်တကြား တွေးလိုက်မိသည်။

ကုမိသားစုဘိုးဘေးသည် ထူးချွန်သော အရည်အချင်း ရှိသူဖြစ်ပြီး စစ်တုရင် ကစားခြင်းမှတစ်ဆင့် ဉာဏ်အလင်းပွင့်ကာ သူတော်စင် ဖြစ်လာခဲ့သူပင်။ သူသည် ဝင်္ကပါပညာရပ်များတွင်လည်း ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် နှစ်သောင်းချီ၍ တည်ရှိခဲ့သော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ပြီးပြည့်စုံသော ကျင့်ကြံမှု ရှိသည့် နတ်ဘုရားတစ်ပါးကဲ့သို့သော သူတော်စင်တစ်ယောက် ဖြစ်ပေ၏။ ထိုဘိုးဘေး၏ ကြွင်းကျန်နေသော ဂုဏ်သတင်းကြောင့်သာ ကုမိသားစုသည် ယနေ့တိုင် ခိုင်မာစွာ ရပ်တည်နေနိုင်ခြင်းဖြစ်သည်။

ထိုသို့သော တည်ရှိမှုသည် လောကကြီးရှိ လူအများ၏အမြင်အရ ဒဏ္ဍာရီတစ်ခု ဖြစ်နေခဲ့လေပြီ။

သူတို့၏ရှေ့မှ တည်ရှိမှုများသည် ကုမိသားစုဘိုးဘေး၏စွမ်းအားကို ကျော်လွန်သွားခဲ့ပြီး ဒဏ္ဍာရီလာ တည်ရှိမှုတစ်ခုထက် ကျော်လွန်သွားခဲ့သည်။ ကုတိုက်ယွမ်မှ နတ်ဘုရားကဲ့သို့ သတ်မှတ်ထားသော သူ့ဘိုးဘေး၏ဂုဏ်ကျက်သရေသည် ယခုချိန်၌ လွယ်လင့်တကူ နင်းချေခြင်းခံနေရလေပြီ။

ဤအခိုက်အတန့်တွင် ကုထိုက်ယွမ်၏ တာအိုနှလုံးသားသည် ကြီးမားစွာ ပျက်စီးသွားပြီး သူ၏လည်ချောင်းထဲသို့ ချိုမြိန်သော အရသာတစ်ခု ထိုးတက်လာပေ၏။

သူ့ထံ၌ ထိတ်လန့်ကြောက်ရွံ့မှုများ ချက်ချင်းထွက်ပေါ်လာခဲ့သည်

အရိုးစုသည် သူ၏ရှေ့တွင် ရပ်တန့်နေခဲ့ပြီး ဖြစ်ကာ မြေကွက်လပ်မှ ထွက်ခွာလာရန် ခြေတစ်လှမ်းတည်းသာ လိုတော့သည်။

သူ၏လျစ်လျူရှုသော အကြည့်သည် ပုရွက်ဆိတ်များကို ကြည့်နေသည့်အလားပင်။

"ပြီးပြည့်စုံတဲ့ သဘာဝသူတော်စင်ဆိုတာ ဘာလဲ... ဒီနတ်ဘုရားရဲ့ရှေ့မှာ မင်းက ဒါကို ထည့်ပြောရဲသေးတာလား..."

နတ်ဘုရား...

ဤစကားများကို ကြားလိုက်ရချိန်တွင် ကုထိုက်ယွမ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။

သူသည် အနည်းငယ်အလှမ်းဝေးသောနေရာမှ အရိုးစုကို ကြည့်ရင်း သူ၏အိုမင်းသော မျက်နှာသည် စိမ်းတလှည့် နီတလှည့် ဖြစ်နေသည်။ သူသည် အသက်ရှူချိန်အနည်းငယ်ကြာမျှ မှင်သက်နေပြီးနောက် လုံးလုံးလျားလျား ရူးသွပ်သွားကာ အော်ဟစ်ရယ်မောရင်း တီးတိုးရေရွတ်နေပေ၏။

"နတ်ဘုရား... နတ်ဘုရား...."

"မင်းက ကိုယ့်ကိုယ်ကိုယ် နတ်ဘုရားလို့ တကယ်ကြီး ထုတ်ပြန်ကြေညာနေတာပဲ... ဟား ဟားဟား ဟား ဟား..."

"မင်းရဲ့ကျင့်ကြံဆင့်က တကယ့်ကို နက်နဲသိမ်မွေ့ပြီးတော့ ငါက ငါ့ရဲ့ညံ့ဖျင်းမှုကို ဝန်ခံတယ်... ဒါပေမဲ့ မင်းက ဒီလို မရေရာတဲ့ စကားလုံးတွေနဲ့ ငါ့ကို ခြိမ်းခြောက်ချင်ရအောင် ငါ့ကို သုံးနှစ်သား ကလေးလို့ မင်း ထင်နေတာလား"

သူ၏မျက်နှာအမူအယာသည် အလွန်တရာ ရှုံတွကာ ပုံပျက်နေပြီး ရာစုနှစ်တစ်ခုသက်တမ်းရှိ ခြောက်သွေ့နေသော သစ်အိုပင်ကြီးတစ်ပင်မှ အော်ဟစ်နေသည့်အလားပင်။

သို့ရာတွင် သူ မည်သို့ပင် ဆူညံစွာ အော်ဟစ်နေပါစေ သွေးတိုးစမ်းနေပါစေ သို့မဟုတ် မည်သို့သော စိတ်ကို အနှောင့်အယှက်ပေးနိုင်သည့် လှည့်ကွက်များကို အသုံးပြုနေပါစေ သူ၏ပရိယာယ်များအားလုံး အသုံးမဝင်တော့သည့်အလား သူ တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိခဲ့ချေ။

လုပမ်ဝေသည် ကုထိုက်ယွမ်ကို လျစ်လျူရှုပြီး အေးစက်စက်မျက်နှာအမူအယာဖြင့် အရိုးလက်ညှိုးတစ်ချောင်းကို ဆန့်တန်းလိုက်၏။

ဘုန်း....

ကြယ်ရောင်များ လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီး မြေပြင်တပြင်လုံး ရှင်းလင်းသွားသည်

ထိုလက်ညှိုးတစ်ချောင်းသည် အဆုံးမဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို ယူဆောင်လာခဲ့သည်။ မဟာတာအို၏စွမ်းအားသည် ချက်ချင်းဆိုသလိုပင် ဝါးမြိုခြင်း ခံလိုက်ရပြီး ပျံ့လွင့်သွားသော အငွေ့အသက်တစ်ခုတည်းကပင် လူအများ၏စိတ်နှလုံးသားကို တုန်လှုပ်စေသည်။ အရာအားလုံးသည် မီးခိုးငွေ့များအလား လွင့်မျောသွားပေ၏။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ရိုးရှင်းပုံရသော လှုပ်ရှားမှုတစ်ခုသည် သက်ရှိ စွမ်းအင် အားလုံးကို လုယူသွားခဲ့သည်။ သက်မဲ့ အရာဝတ္ထုများပင် ကြွင်းကျန်နိုင်ခဲ့ခြင်းမရှိချေ။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ချက်ချင်းပျက်စီးသွားသည်။

မြေကွက်လပ်သည် မီးလောင်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ဧရာမတိုင်ကြီးများသည် အမှုန်အမွှားအဖြစ်သို့ ကြေမွှသွားပေ၏။

ကုမိသားစု ဂုဏ်ယူဝင့်ကြွားခဲ့သော ဘိုးဘေးဝင်္ကပါကြီးနှင့် ရှေးကျသောမိသားစု၏ ဂုဏ်ကျက်သရေကို သယ်ဆောင်ထားသော အရာအားလုံး ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများ အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုကြောက်မက်ဖွယ်မြင်ကွင်းကို မျက်မြင်တွေ့လိုက်ချိန်၌ ကုထိုက်ယွမ်၏မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏လက်များကို ဆန့်တန်းကာ မိုးကောင်းကင်ယံသို့ မော့ကြည့်ရင်း အော်ဟစ် ငိုကြွေးလိုက်၏။

"မဟုတ်ဘူး... မဟုတ်ဘူး"

ဤအချိန်အခိုက်အတန့်တွင် သူသည် နောက်ဆုံး၌ ပြင်းထန်သော ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားလိုက်ရပြီး သူ၏စိတ်ထဲတွင် အဆက်မပြတ်ပျံ့နှံ့သွားကာ သူ၏တာအိုနှလုံးသားသည် လုံးလုံးလျားလျား ကြေမွှပျက်စီးသွားခဲ့သည်။

"ဖူး..."

ကုထိုက်ယွမ်သည် သွေးတစ်လုတ် အန်ထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ် တုန်ခါသွားသည်။

သူသည် ထိုးဖောက်ခံလိုက်ရသော ဘောလုံးတစ်လုံးကဲ့သို့ ပိန်ချုံးသွားပြီး ချက်ချင်းဆိုသလိုပင် နှစ်ပေါင်းများစွာ အိုမင်းသွားသကဲ့သို့ ဖြစ်သွားလေ၏။ သူ၏ဆံပင်ဖြူများ ရှုပ်ပွသွားပြီး သူ၏ကွဲအက်နေသော နှုတ်ခမ်းများ တဆတ်ဆတ်တုန်ရီနေသည်။

မလှမ်းမကမ်းမှ အရိုးစုပုံသဏ္ဌာန်ကို ကြည့်ရင်း သူသည် ထိုလျှို့ဝှက်ဆန်းကြယ်ပြီး ခံစားချက်ကင်းမဲ့နေသော မျက်နှာဖြင့် သူ၏စိတ်ဝိညာဉ်ကို ချိတ်ပိတ်ခံထားရသကဲ့သို့ ခံစားနေရသည်။ သူသည် သေမင်းကို သူ ကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အလား နောက်ထပ် စကားမပြောဝံ့တော့ချေ။

ဤအချိန်အခိုက်အတန့်တွင် ကုထိုက်ယွမ်၏ မျှော်လင့်ချက် ကုန်ဆုံးသွားသည်။

သူ တစ်ချိန်က မျှော်လင့်ထားခဲ့သော ဒေါသကို သူ နောက်ဆုံးတွင် မြင်တွေ့ခဲ့ရသော်လည်း သူထိုအရာကို တောင့်မခံနိုင်လိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။ ကုမိသားစု တစ်စုလုံးပင်လျှင် ထိုသို့သော တည်ရှိမှုကြီး၏ ကြောက်မက်ဖွယ် အမျက်ဒေါသကို ခံနိုင်ရည်မရှိခဲ့ချေ။

ပြိုင်ဘက်ကင်းစွမ်းအား၏ ရှေ့မှောက်တွင် မည်သည့်လှည့်ကွက်မဆို သေခြင်းကိုရှာဖွေသော မိုက်မဲသည့် လုပ်ရပ်တစ်ခုမျှသာ ဖြစ်ပေမည်။

မျှော်လင့်ချက်ကင်းမဲ့မှုများ ဆက်လက်၍ ပျံ့နှံ့လာသည်နှင့်အမျှ ကုထိုက်ယွမ်၏တုန်ရီနေသော မျက်နှာပေါ်တွင် အပြုံးတစ်ခု အမှန်တကယ် ထွက်ပေါ်လာ။

"နတ်ဘုရား... နတ်ဘုရား..."

သူသည် အဆက်မပြတ် ရေရွတ်နေပြီး သူ၏ မျက်လုံးများအတွင်း၌ သက်ဝင်လှုပ်ရှားမှုများ စတင်၍ ပျောက်ဆုံးလာသည်။

သူ၏နံဘေးတွင်ရှိနေသော လက်ရှိကုမိသားစုခေါင်းဆောင် ကုတောက်ဟိုင်သည်လည်း အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေသည်။ သူ၏ဘိုးဘေးသည် ဤကဲ့သို့အခြေအနေတွင် ရှိနေသည်ကို မြင်ချိန်၌ သူ တုန်လှုပ်ခြောက်ခြားသွားကာ မြေပြင်ပေါ် ဒူးထောက်ပြီး အဆက်မပြတ် ဦးတိုက်တောင်းပန်နေလေ၏။

"စီနီယာ... စီနီယာတို့... ကျေးဇူးပြုပြီး ငါ့ကိုအသက်ချမ်းသာပေးပါ... ကျေးဇူးပြုပြီး... ကုမိသားစုကို ချမ်းသာပေးပါ"

သူ၏ငိုကြွေးသံများ ပဲ့တင်ထပ်နေသော်လည်း တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိခဲ့ချေ။

ကုမိသားစု၏ မြင့်မြတ်သောနေရာသည် တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားပြီး အစောပိုင်းက ထို ပေါ့ပေါ့ပါးပါး လက်ညှိုးတစ်ချောင်းမှ စွမ်းအားသည်လည်း မိုးကောင်းကင်သို့ ပျံ့လွင့်သွားသည်။ ထိုစွမ်းအားသည် မိုင်ပေါင်းထောင်နှင့်ချီအကွာထိ တုန်ခါမှုများ ဖြစ်ပေါ်စေကာ မြေပြင်တပြင်လုံးကို မတည်ငြိမ်နိုင် ဖြစ်စေခဲ့သည်။

...

မိုင်ခြောက်ထောင် အကွာတွင်...

အစွမ်းထက်သော အရှိန်အဝါ အမြောက်အများသည် လေဟာနယ်ကို ဖြတ်သန်းလာကြ၏။ စုကျဲနှင့်အဘိုးအိုတစ်ဦးသည် ထိုလူစုကို ဦးဆောင်လာပြီး ပိုင်ဖျောင်ဖျောင်သည်လည်း သူတို့နှင့်အတူ လိုက်ပါလာသည်။ ဤလူခုနစ်ဦးစလုံးသည် ထျန်းရှာအဖွဲ့အစည်း၏ ထိပ်သီးတိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး သူတို့အားလုံး သူတော်စင်နယ်ပယ်တွင် ရှိကြသည်။

နတ်ဆိုးများ ဤနေရာတွင် ယခင်က ထွက်ပေါ်လာခဲ့ပြီးနောက် အမျိုးအမည်မသိရသော အကြောင်းအရင်းများကြောင့် ပျောက်ကွယ်သွားသည်ဟု သူတို့ သတင်းရရှိခဲ့သည်။ ဤနယ်မြေမှနေ၍ နတ်ဆိုး နယ်မြေသို့ ခရီးသွားခြင်းသည် သတင်း စုဆောင်းရန် အကောင်းဆုံးနည်းလမ်း ဖြစ်သည်မှာ သေချာပေ၏။

လူသားမျိုးနွယ်၏ ဘေးကင်းလုံခြုံရေးနှင့် ပတ်သက်နေသဖြင့် လူများအားလုံး၏မျက်နှာ အမူအယာများ တင်းမာခက်ထန်နေသည်။

သို့ရာတွင် သူတို့သည် ဤနယ်မြေသို့ ခြေချလိုက်သည်နှင့် တပြိုင်နက် သူတို့ တစ်စုံတစ်ရာ မလုပ်ဆောင်နိုင်မီပင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ရပ် ပျံ့လွင့်လာသည်ကို ခံစားလိုက်ရသည်။

မိုင်ပေါင်းထောင်နှင့်ချီ အကွာအဝေးမှ အရှိန်အဝါတစွန်းတစကပင် သူတော်စင်များ၏ နတ်ဘုရားစိတ်အာရုံများကို အလျင်အမြန် ဆုတ်ခွာသွားစေရန် လုံလောက်ပေ၏။

လူစုကိုဦးဆောင်လာသော အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏မျက်လုံးများအတွင်းတွင် အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

"ဒီ စွမ်းအားအရိပ်အယောင်က တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်... လောကကြီးမှာ ဒီလိုတည်ရှိမှုမျိုးကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး"

စုကျဲ၏မျက်လုံးများတွင် တည်ကြည်လေးနက်မှုများ ထင်ဟပ်လာပြီး သူမ၏အေးစက်စက် အကြည့်အတွင်း၌ ဖိအားတစ်ရပ် ရောယှက်နေသည်။

"ငါ ခုနက ခံစားမိသလောက်တော့... ဒါက ကုမိသားစုရဲ့ သူတော်စင်နယ်မြေရှိတဲ့ နေရာ ဖြစ်ပုံရတယ်... နတ်ဆိုးတွေက ကုမိသားစုကို တိုက်ခိုက်တာများလား..."

ပိုင်ဖျောင်ဖျောင်သည် ကုမိသားစုအပေါ် မကျေမနပ်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် ပိုအရေးပါသော ကောင်းကျိုးအတွက် သူမက ပြတ်သားစွာ ပြောဆိုလိုက်သည်။

"ကျွန်မတို့က နတ်ဆိုးမျိုးနွယ်ကို စုံစမ်းဖို့ လာခဲ့တာ... ဒီကိစ္စမှာ ကျွန်မတို့ လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး"

သူတော်စင်များသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

ကြီးမားသော ဖိအားများ ရှိနေသော်လည်း ဤသည်မှာ သူတော်စင်တို့၏ ဖြောင့်မတ်မှန်ကန်မှုကို မလှုပ်ခတ်စေနိုင်ခဲ့ချေ။ ရုတ်ချည်းဆိုသလိုပင် အဘိုးအို၏ဦးဆောင်မှုဖြင့် သူတို့သည် ရှေ့သို့ တိုးလိုက်ကြပြီး အသက်တစ်ချက်ရှိုက်စာ အချိန်အတွင်းမှာပင် မိုင်တစ်ထောင်အကွာသို့ ရောက်ရှိသွားသည်။

အချိန်တခဏအတွင်းတွင် သူတော်စင်ခုနစ်ဦးသည် မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာကြ၏။ သတိထားသည့် အနေဖြင့် သူတို့သည် အဝေးရှိ ဧရာမတောင်ထွတ်တစ်ခုပေါ်မှသာ လေ့လာကြည့်ရှုခဲ့ကြပြီး သူတို့၏နတ်ဘုရား စိတ်အာရုံများကို ဖြန့်ကျက်ခြင်းမပြုခံ့ချေ။

မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရခြင်းသည် နတ်ဘုရားစိတ်အာရုံဖြင့် ခံစားသိရှိခြင်းထက် များစွာပို၍ တုန်လှုပ်ဖွယ် ကောင်းလိမ့်မည်ဟု မည်သူက သိရှိမည်နည်း...

မရေမတွက်နိုင်သော ခန်းမဆောင်များ၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် ကုမိသားစု၏ အနောက်ဘက်တောင်ကုန်းတည်ရှိကာ ဘိုးဘေးများ၏သင်္ချိုင်းဂူနေရာပင်။

ကျယ်ပြောလှသော မြေကွက်လပ်ကြီးသည် မီးလောင်ပြင်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်။ အဘိုးအိုတစ်ဦးသည် လေဖြတ်သကဲ့သို့ ထိုင်နေပြီး သူ၏မျက်နှာအမူအယာသည် ကြောင်စီစီဖြစ်နေပေ၏။ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဆက်မပြတ် ဦးတိုက်တောင်းပန်နေပြီး အကြောက်လွန်ကာ စိတ်ဖောက်ပြန်နေလေပြီ။

သူတို့၏ရှေ့တွင် ထူးဆန်းသော အနက်ရောင်ဝတ်ရုံဝတ် ပုံရိပ်တချို့သာရှိနေသည်။ ထိုအနက်ရောင်ဝတ်ရုံဝတ် တည်ရှိမှုများကို အရိုးစုတစ်ခုက ဦးဆောင်ထားကာ ထိုလူနှစ်ယောက်ကို ဂရုမစိုက်သော အမူအယာဖြင့် ကြည့်ရှုနေပြီး မည်သည့်လှုပ်ရှားမှုကိုမျှ မပြုလုပ်ချေ။

ဦးတိုက်နေသောလူများကို အသက်ရှူချိန် အနည်းငယ်မျှ ကြည့်ရှုပြီးနောက် သူတို့၏ မျက်နှာများကို မှတ်မိသွားချိန်၌ စုကျဲ၏မျက်ခုံးများ ထိတ်လန့်တုန်လှုပ်မှုကြောင့် တွန့်ကွေးသွားသည်။

"အဲ့ဒါက... ကုမိသားစုခေါင်းဆောင် ကုတောက်ဟိုင် မဟုတ်လား"

စုကျဲ၏နံဘေးမှ အဘိုးအိုသည် သူ၏လက်ထဲမှ သားမြီးယပ်တောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး သူ၏အသက်ရှူသံများ မြန်ဆန်လာသည်။

"နောက်တစ်ယောက်က ကုမိသားစုရဲ့ဘိုးဘေး ကုထိုက်ယွမ်ပဲ"

သူတော်စင်များအားလုံး ထိတ်လန့်သွားကြပြီး တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြသည်။

ကုမိသားစုသည် ယူရှန်းနယ်မြေတွင်ပင် နာမည်ကျော်ကြားမှုတချို့ ရှိသော ရှေးကျသည့် မိသားစုတစ်စုပင်။ သူတို့၏ ဘိုးဘေးနှင့် မိသားစုခေါင်းဆောင်တို့၏ ကျင့်ကြံမှုနှင့် အဆင့်အတန်းသည် သာမန်လူများအတွက် စိတ်ကူးမယဉ်နိုင်လောက်အောင် ဖြစ်ပြီး စုကျဲတို့လူစုနှင့်ပင် တန်းတူနီးပါးရှိပေ၏။

ထိုသို့ဆိုသည့်တိုင် ဤလူနှစ်ဦးအနက် တစ်ဦးသည်ခရူးသွပ်သွားပြီး တခြားတစ်ဦးမှာ အဆက်မပြတ် ဦးတိုက်နေသည်။

မည်သို့သော တည်ရှိမှုမျိုးက ဤကဲ့သို့ဖြစ်စေသော စွမ်းအားကို ပိုင်ဆိုင်နိုင်မည်နည်း...

သူသည် နတ်ဆိုးတစ်ကောင် ဖြစ်နေသလော...

ကြီးမားသောတုန်ခါမှုတစ်ခု ပျံ့နှံ့လာပြီး သူတော်စင်များအားလုံး တုန်လှုပ်သွားကြကာ သူတို့၏မျက်နှာအမူအယာများ အလွန်တင်းမာသွားသည်။ လူသားမျိုးနွယ်၏ ဘေးကင်းလုံခြုံရေးအတွက် သူတို့သည် သူတို့၏ကိုယ်ပိုင် ကောင်းကျိုးကို လျစ်လျူရှုကာ စုံစမ်းစစ်ဆေးရန်အတွက် သူတို့၏နတ်ဘုရားစိတ်အာရုံများကို ပြတ်ပြတ်သားသား ဖြန့်ကျက်လိုက်ကြသည်။

သို့ရာတွင် ထိုနေရာ၌ နတ်ဆိုးအရှိန်အဝါဟူ၍ တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဤသည်မှာ သာမန် အငြင်းပွားမှုတစ်ခုမျှသာ ဖြစ်ပုံရသည်။

သို့ရာတွင် သူသည် နတ်ဆိုးမဟုတ်ပါက မည်သူဖြစ်သနည်း။ ထိုသူသည် မည်ကဲ့သို့ တည်ရှိမှုမျိုးဖြစ်သောကြောင့် ရှေးကျသော မိသားစုတစ်ခု၏ထိပ်သီးပုဂ္ဂိုလ်များကို ဤကဲ့သို့ အခြေအနေမျိုးသို့ရောက်အောင် တွန်းပို့နိုင်သနည်း။

သူတို့၏သံသယများ ပို၍ပင်ကြီးထွားလာသည်။

ကုမိသားစုသည် လူသားမျိုးနွယ်ဖြစ်သော်လည်း စုကျဲတို့ထံတွင် ကြီးမားသော တာဝန်တစ်ခုရှိနေသည်။ ထို့ပြင် အနက်ရောင်ဝတ်စုံဝတ် တည်ရှိမှုများ၏ ကျင့်ကြံဆင့်စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသဖြင့် သူတို့ လွယ်လင့်တကူ ဝင်ရောက် စွက်ဖက်နိုင်ခြင်း မရှိခဲ့ပေ။ သူတို့သည် စောင့်ကြည့်နေရုံသာ တတ်နိုင်ပေ၏။

ရုတ်တရက် သူတို့၏အမြင်အာရုံထဲမှ ကုတောက်ဟိုင်သည် ရူးသွပ်သွားပုံရပြီး ပို၍ပင် ပြင်းထန်စွာဦးတိုက်လိုက်ကာ သူ၏နဖူးမှ သွေးများပင် ယိုစိမ့်ထွက်လာသည်။

ဤသည်မှာ အမှန်တကယ်ကို အလွန်အမင်း သွေးပျက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပင်။

သူတော်စင်တစ်ဦး၏ရုပ်ခန္ဓာကိုယ်သည် သာမန်နှင့် အလှမ်းကွာဝေးသည်။ ဦးတိုက်ခြင်းမှ သွေးထွက်လာခြင်းသည် ကုတောက်ဟိုင် မည်မျှထိ ကြောက်ရွံ့ထိတ်လန့်နေသည်ကို ပြသနေပေ၏။

ဤယုတ္တိမတန်သော မြင်ကွင်းကို မျက်မြင်တွေ့လိုက်ရချိန်၌ ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့သည် မနေနိုင်တော့ဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူမတို့၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုနှင့် စိတ်ခံစားမှုများဖြင့် ပြည့်နှက်သွားသည်။

တစ်ချိန်က ခမ်းနားထည်ဝါခဲ့သော ရှေးကျသည့် ကုမိသားစုသည် ဤမျှအတိုင်းအတာအထိ ခြိမ်းခြောက်ခံရလိမ့်မည်ဟု သူမတို့ စိတ်ကူးပင်မယဉ်နိုင်ခဲ့ကြချေ။ သူမတို့၏မျက်လုံးများထဲမှ ထိတ်လန့်ကြောက်ရွံ့မှုအရိပ်အယောင်များ ပို၍ပင်ကြီးမားလာသည်။

ဧရာမတောင်ထွတ်ပေါ်မှပင် သူတော်စင်များသည် ကြောက်မက်ဖွယ် ဖိနှိပ်ချုပ်ကိုင်နိုင်မှု အရှိန်အဝါကို ခံစားနေရသည်။

သူတို့၏မျက်လုံးများအားလုံးသည် သာမန်ဟု ထင်ရသော ထိုအရိုးစုပေါ်တွင် စူးစိုက်နေကြပြီး

သူတော်စင်များ၏စိတ်နှလုံးသားများထဲတွင် ကြောက်ရွံ့မှုနှင့် ရိုသေလေးစားမှုများ ပေါက်ဖွားလာသည်။ သူတို့ထံတွင် သံသယများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူတို့သည် မဆင်မခြင် မလုပ်ဆောင်ဝံ့ကြချေ။

သူတို့၏အကြည့်များအောက်တွင် အရိုးစုသည် လက်တစ်ဖက်ကို ဆန့်တန်းလိုက်၏။ သူ၏ ဖြူဖျော့သောအရိုးများသည် အရိုးစိမ့်အောင် အေးစက်နေကာ လေဟာနယ်အတွင်းသို့ ညင်သာစွာ ဖမ်းဆုပ်လိုက်သည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ဤသည်မှာ အလွန်သာမန်ကျသော လှုပ်ရှားမှုတစ်ခုကဲ့သို့ ထင်ရပြီး သူတော်စင်များ နားမလည်နိုင်ခဲ့ကြချေ။

သူတို့ အံ့အားနေစဉ်မှာပင် ရုတ်တရက် ပြင်းထန်သောလေပြင်းတစ်ရပ် တိုက်ခတ်လာသည်။

"ဘုန်း"

မြေပြင်ကို တုန်ခါစေသော မြည်ဟီးသံကြီး ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ် ပျံ့နှံ့လာကာ ပတ်ဝန်းကျင်နေရာတဝိုက်ကို လေလှိုင်းလုံးကြီးတစ်ခုကဲ့သို့ တိုက်ခတ်သွားသည်။ ထိုစွမ်းအားသည် ဆက်လက်၍ပျံ့နှံ့နေပြီး နောက်ချန်အားလှိုင်းများကပင်လျှင် သူတော်စင်များကို နောက်သို့တွန်းထုတ်လိုက်သည်။

သူတော်စင်များသည် သူတို့၏တာအိုစွမ်းအားများကို အသက်သွင်းပြီးမှသာ သူတို့ကိုယ်သူတို့ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ကြသည်။

အစွမ်းထက်သော သူတော်စင် ခုနစ်ဦးပင်လျှင် ဤအချိန်အခိုက်အတန့်တွင် ကျယ်ပြောလှသော သမုဒ္ဒရာထဲမှ အထီးကျန်လှေငယ်များအလား ယိမ်းထိုးနေကြ၏။

ထိုသို့သော စွမ်းအားနှင့် တွေ့ကြုံနေရသော်လည်း သူတို့သည် သူတို့၏ကိုယ်ကျိုးကို လျစ်လျူရှုကာ ကုမိသားစုနေရာသို့ ကြည့်လိုက်ကြသည်။ ထိုအကြည့်တစ်ချက်ဖြင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကာ အသက်ရှူသံများ ချက်ချင်းရပ်တန့်သွားသည်။

သူတို့၏အမြင်အာရုံထဲတွင် တစ်ချိန်က အင်မော်တယ်တောင်ကုန်းပေါ်တွင် တည်ရှိခဲ့သော ထိုသူတော်စင်နေရာသည် ယခုချိန်၌ အချည်းနှီး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တောင်တန်းများနှင့် မြစ်ချောင်းများ...

နန်းတော်များနှင့် ခန်းမဆောင်များ...

တိမ်တိုက်များ မြူခိုးများဖြင့် ဖုံးလွှမ်းနေသော သူတော်စင်နယ်မြေတစ်ခုလုံး ရုတ်တရက် လောကကြီးအတွင်းမှ ပျောက်ကွယ်သွားပေ၏။

အရာအားလုံးသည် အိပ်မက်တစ်ခုအလားပင်။

သူတော်စင်ခုနစ်ဦးသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သူတို့၏လက်ဝါးများတွင် ချွေးများစို့နေကာ သာမန်လူများကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ရှေ့မှ အရာအားလုံး ပျောက်ကွယ်သွားခဲ့ကာ မကြုံစဖူး ထိတ်လန့်တုန်လှုပ်မှုသည် သူတို့ကို အချိန်အတော်ကြာသည့်တိုင် တည်ငြိမ်မှု မရစေခဲ့ချေ။

သူတို့၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာတွင် ထိုသေမင်းတမန် နတ်ဘုရားကဲ့သို့သော အရိုးစုမျက်နှာသည် နက်ရှိုင်းစွာ စွဲထင်သွားခဲ့ပေ၏။

All Chapters