အခန်း (၁၀၀၃)
Vol. 68 Ch. 1003
အရာအားလုံးသည် မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားခဲ့ပြီး အနက်ရောင်ဝတ်ရုံဝတ် တည်ရှိမှုများသည် လေဟာနယ်ထဲသို့ ပျောက်ကွယ်သွားကြ၏။ သူတော်စင်ခုနစ်ဦးသည် ထိုဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့လိုက်ရပြီး သူတို့၏ စိတ်နှလုံးသားများ ထိတ်လန့်တုန်လှုပ်မှုကြောင့် တုန်ခါနေခဲ့သည်။
ကုမိသားစု၏ သူတော်စင်နယ်မြေ ပျောက်ကွယ်သွားခဲ့သည့် နေရာကို ကြည့်ရင်း စုကျဲသည် သူမ၏သူတော်စင်ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး လူများအားလုံးကို ကြည့်လိုက်သည်။
"ဂုဏ်သတင်းကြီးမားတဲ့ကုမိသားစုက တစ်ချက်တည်းနဲ့ ရှင်းလင်းဖျက်ဆီးခံလိုက်ရပြီ... အဲ့ဒီအရိုးစုရဲ့ကျင့်ကြံဆင့်စွမ်းအားက တကယ့်ကို ကြောက်ဖို့ကောင်းတယ်... အကြီးအကဲတို့ထဲမှာ သူ့ရဲ့ဇစ်မြစ်ကို သိတဲ့သူရှိလား"
သူတော်စင်များတွင်လည်း အဆင့်များ ခွဲခြားထားပေ၏။ သူတို့ကို ပထမအဆင့်မှ နဝမအဆင့်အထိ ထို့နောက် ပြီးပြည့်စုံခြင်းဟူ၍ အမျိုးအစား ခွဲခြားထားသည်။ သူတို့၏အဆင့်သည် သူတို့၏ ဉာဏ်အလင်းပွင့်မှုအဆင့်ပေါ်တွင် မူတည်ပေ၏။ သူတို့၏ ဉာဏ်အလင်းပွင့်မှု အဆင့် ပို၍မြင့်မားလေလေ သူတို့၏သူတော်စင်အဆင့် ပို၍မြင့်မားလေလေပင်။
ဥပမာအားဖြင့် စုကျဲနှင့် အစောပိုင်းက သေဆုံးသွားသော ကုချင်းချန်တို့သည် ဒုတိယအဆင့် သူတော်စင်များ ဖြစ်ကြသည်။ ကုထိုက်ယွမ်ကဲ့သို့သူတော်စင်များသည် တတိယအဆင့် သူတော်စင်များပင်။ သို့ရာတွင် ဤသူတော်စင်များသည် နှစ်ထောင်ပေါင်းများစွာကြာအောင် ကျင့်ကြံသည့်တိုင် အဆင့်တစ်ဆင့်ပင် တက်လှမ်းနိုင်မည် မဟုတ်ချေ။
သူတော်စင်ဖြစ်လာသည်မှာ မကြာသေးသော ပိုင်ဖျောင်ဖျောင်မှာမူ သူမသည် ပထမအဆင့် သူတော်စင် တစ်ဦးသာ ဖြစ်ပေ၏။ သို့ရာတွင် မွေးရာပါသူတော်စင်တစ်ဦးအနေဖြင့် သူမ၏ ဉာဏ်အလင်းပွင့်မှုတွင် အခက်အခဲ အတားအဆီး မရှိခဲ့ချေ။ ဤသည်မှာ သူမသည် မမျှော်လင့်ဘဲ သေကြေပျက်စီးသွားခြင်း မရှိသရွေ့ သူမသည် အနာဂတ်တွင် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိရန် ကံကြမ္မာပါလာသည်ဟု ဆိုလိုလေ၏။ ဤသည်မှာ မွေးရာပါ သူတော်စင်များနှင့် မွေးဖွားပြီးမှ ဖြစ်လာသော သူတော်စင်များအကြားရှိ အကြီးမားဆုံး ကွာခြားချက်ပင်။
ဤစကားကိုကြားချိန်၌ သူတော်စင်များသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့အားလုံး စိတ်ရှုပ်ထွေးသွားကြသည်။ သားမြီးယပ်တောင်ကိုင်ဆောင်ထားသော အဘိုးအိုထံတွင် တင်းမာခက်ထန်သောအမူအယာ ရှိနေသည်။
"ဒီလိုနည်းလမ်းတွေကို ငါ ဘယ်တုန်းကမှ မမြင်ဖူးဘူး... ဒီလူကိုလည်း မမြင်ဖူးဘူး... သူ့ရဲ့ ကျင့်ကြံမှုက ပဉ္စမအဆင့် သူတော်စင်ရဲ့ အထက်မှာ သေချာပေါက် ရှိနေတယ်"
"ပဉ္စမအဆင့် သူတော်စင်"
ဤစကားကိုကြားချိန်၌ စုကျဲသည် မနေနိုင်မထိုင်နိုင် ထိတ်လန့်သွားပေ၏။ ပဉ္စမအဆင့် သူတော်စင်သည် မွေးရာပါနတ်ဘုရားစွမ်းရည်များကို နားလည်သဘောပေါက်သည့် အဆင့် ဖြစ်သည်။ မည်သည့်သူတော်စင်မဆို ဤအဆင့်သို့ ရောက်ရှိသည့်အချိန်တွင် သူတို့ နားလည် သဘောပေါက်ခဲ့သော တာအိုအပေါ် အခြေခံ၍ မွေးရာပါနတ်ဘုရားစွမ်းရည်များကို နားလည် သဘောပေါက်ကြပေလိမ့်မည်။
"အမှန်ပဲ... ကုမိသားစုကို ဒီလောက်ထိ လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်တာက ပဉ္စမအဆင့် ဒါမှမဟုတ် ဒီထက် အဆင့်မြင့်တဲ့ သူတော်စင်တစ်ယောက်ပဲ ဖြစ်ရမယ်... ဒီလို ထိပ်သီးတည်ရှိမှုကြီးတစ်ယောက် ရုတ်တရက်ကြီး ထွက်ပေါ်လာတာက အရမ်းထူးဆန်းတယ်..."
တခြားသူတော်စင်များကလည်း ဝင်ရောက် ပြောဆိုကြသည်။
"အဲ့ဒီအရိုးစုက တကယ့်ကို အစွမ်းထက်တယ်... ကံကောင်းစွာနဲ့ ဒါက နတ်ဆိုးတစ်ကောင် မဟုတ်ခဲ့ဘူး... မဟုတ်ရင် ငါတို့တွေ အန္တရာယ်ထဲကို ကျရောက်နေလောက်ပြီ"
"မကြာသေးခင်ကစပြီးတော့ သီးသန့်ကျင့်ကြံနေတဲ့ ထိပ်သီးကျင့်ကြံသူတွေ ထွက်ပေါ်လာတယ်... ငါတို့ မသိတဲ့ တည်ရှိမှုတွေအများကြီးက တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာပြီးတော့ သူတို့အားလုံးက မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ကျင့်ကြံဆင့်တွေ ရှိကြတယ်... ရှုပ်ထွေးတဲ့ခေတ်ကာလတစ်ခုက ငါတို့အပေါ် ကျရောက်လာတော့မှာကို ငါ စိုးရိမ်မိတယ်..."
"ကုမိသားစု ပျက်စီးသွားတာက ဝမ်းနည်းစရာပဲ... ငါတို့ လူသားမျိုးနွယ်အတွက် တိုက်ခိုက်ရေး စွမ်းအားတစ်ချို့ ဆုံးရှုံးသွားခဲ့ပြီ... ကုမိသားစုမှာ နာမည်ဆိုး ရှိခဲ့ရင်တောင်... သူတို့က အနာဂတ်မှာ နတ်ဆိုးမျိုးနွယ်ကို ခုခံတွန်းလှန်တဲ့ အချိန်ကာလကျရင် အကူအညီတစ်ခု ဖြစ်နေအုံးမှာပဲ"
"ဒါက မဖြစ်နိုင်ဘူး.. ကုထိုက်ယွမ်က ကောက်ကျစ်ပြီးတော့ ရက်စက်ယုတ်မာတယ်... အကျိုးအမြတ်သေးသေးလေး အတွက် သူ့ရဲ့အသက်ကို စွန့်စားဖို့ ဆန္ဒရှိပေမယ့် အရေးကြီးတဲ့ ကိစ္စတွေမှာ တွန့်ဆုတ်နေတတ်တယ်... ဒီလို လူမျိုးက ကြီးမားတဲ့တာဝန်တွေကို မထမ်းဆောင်နိုင်ဘူး... အနာဂတ်မှာ သူက ငါတို့ကို နောက်ကနေ ဓားနဲ့ ထိုးနိုင်တယ်... ဒါမှမဟုတ် ငါတို့ကို သစ္စာဖောက်ပြီး နတ်ဆိုးမျိုးနွယ်ဘက်ကို ကူးပြောင်းသွားနိုင်တယ်... ငါတို့က သူနဲ့ မဟာမိတ်ဖွဲ့ပြီးတော့ နတ်ဆိုးတွေကို တိုက်ခိုက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး"
"တာအိုမိတ်ဆွေရွှီ ပြောတာ မှန်တယ်... ငါသဘောတူတယ်"
သူတော်စင်များသည် အဆက်မပြတ် တီးတိုး ပြောဆိုနေကြပြီး အခြေအနေ ပို၍ပို၍ပြင်းထန်လာသည်။
ပိုင်ဖျောင်ဖျောင်နှင့်စုကျဲတို့၏ မျက်နှာအမူအယာများ တင်းမာခက်ထန်နေကာ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ကုမိသားစုအကြောင်း လျှို့ဝှက်သောဇာတ်လမ်းများစွာကို ကြားသိပြီးနောက် သူမတို့သည် သူတို့၏စက်ဆုပ်ရွံရှာဖွယ် မိသားစုပုံစံကို သက်ပြင်းချလိုက်မိသည်။ အမှန်အားဖြင့် ထုတ်တန်း မဖြောင့်လျှင် အောက်တန်းလည်းကောက်သည် ဆိုသည်မှာ အနှစ်မရှိသော ဆိုရိုးစကား မဟုတ်ခဲ့ချေ။
လူသားမျိုးနွယ်၏ သူတော်စင်နယ်မြေတစ်ခု ပျက်စီးသွားခြင်းကို သူမတို့ မျက်မြင်တွေ့ခဲ့ရသော်လည်း သူမတို့သည် နှမြောတသစိတ်အနည်းငယ်သာ ခံစားရပြီး သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြသည်။ ဤသူတော်စင်များအားလုံးသည် ကုမိသားစုနှင့် ရန်ငြိုးရှိခဲ့ကြ၏။ ထို့ကြောင့် ဤနတ်ဆိုးသုတ်သင်ရေးခရီးစဉ်အတွက် ကုမိသားစုမှ မည်သူတစ်ဦးတစ်ယောက်မျှ ရွေးချယ်မခံခဲ့ရခြင်းပင်။
ထိုသို့ဆိုလျှင် ကုမိသားစု၏ပျက်စီးခြင်းသည် အမှန်အားဖြင့် ကောင်းမွန်သော အရာတစ်ခု ဖြစ်သည်။ အနည်းဆုံးအနေဖြင့် ဤသည်မှာ အနာဂတ်တွင် ဖြစ်လာနိုင်သော လျှို့ဝှက်အန္တရာယ်များကို ဖြေရှင်းပေးနိုင်ခဲ့ပြီး သစ္စာဖောက်သူတော်စင်တစ်ဦးကြောင့် ဖြစ်လာမည့် အရှုပ်တော်ပုံကို ရှောင်ရှားနိုင်ခဲ့သည်။ ထို့ပြင် ရီဖုန်း အတွက် ဘေးအန္တရာယ်တစ်ခုကိုလည်း ဖယ်ရှားပေးခဲ့လေ၏။ ဤသည်မှာ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပင်။
အရိုးစု၏မူရင်းဇစ်မြစ် မည်သို့ပင်ရှိစေကာမူ သူသည် မရည်ရွယ်ဘဲ ကောင်းမှုတစ်ခုကို လုပ်ဆောင်ခဲ့သည်။ ပိုင်ဖျောင်ဖျောင်သည် လုံးလုံးလျားလျား စိတ်သက်သာရာ ရသွားပြီး သူမ၏မျက်နှာအမူအယာသည် တဖန်ပြန်၍ တည်ကြည်ပြတ်သားသွားခဲ့သည်။
"အကြီးအကဲတို့... ဒီကိစ္စကို ဖြေရှင်းပြီးပြီဆိုတော့... ကျွန်မတို့က အခြေအနေကို စုံစမ်းစစ်ဆေးဖို့ နတ်ဆိုးနယ်မြေကို ဦးတည်သင့်ပါတယ်... ဒါက အရမ်းအရေးကြီးတဲ့ကိစ္စ ဖြစ်တာကြောင့် ကျွန်မတို့က ဒီနေရာမှာ အချိန်ဆွဲနေလို့မရဘူး"
ခေါင်းဆောင်ဖြစ်သူ တာအိုသူတော်စင်ချင်းယွင်က သဘောတူညီသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
"အမှန်ပဲ.. ဧကရီပိုင်ပြောတာက အမှန်ကန်ဆုံးစကားပဲ"
ထိုစကားကိုပြောဆိုနေရင်း မသေမျိုးနှင့်တူညီသော အဘိုးအိုသည် သူ၏သားမြီးယပ်တောင်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ လေဟာနယ်ထဲတွင် လှိုင်းများ ဖြစ်ပေါ်သွားလေ၏။ သူ၏သိုလှောင်လက်စွပ်ထဲမှ ခပ်ဖျော့ဖျော့အလင်းတန်းတစ်တန်း ထွက်ပေါ်လာပြီး ကြီးကျယ်ခမ်းနားသော အငွေ့အသက်များ ထုတ်လွှတ်နေသည့် တောက်ပသော ရှေးဟောင်းဓားမြှောင်တစ်လက်အဖြစ်သို့ သိပ်သည်းသွားသည်။
ထိုဓားမြှောင်သည် လေထုအလယ်တွင် ပျံဝဲနေပြီး သာမန်ဟု ထင်ရသော်လည်း ထိုအရာပေါ်တွင် မရေမတွက်နိုင်သော ရွှေရောင်စာလုံးများကို ထွင်းထုထားသည်။ မဟာတာအို၏စွမ်းအားများသည် အဆက်မပြတ် စုစည်းလာပြီးနောက် စွမ်းအားလှိုင်းများ ပွင့်အံ့ထွက်လာကာ သူတော်စင်များ၏မျက်နှာအမူအယာများကို ပြောင်းလဲသွားစေသည်။
"တာအိုသူတော်စင်ချင်းယွင်..မင်းက ချင်းယွင် ကျောင်းတော်ရဲ့ အစွမ်းထက်ဆုံးရတနာ ဖြစ်တဲ့ သေမျိုးဓားကို တကယ်ကြီး ယူလာခဲ့တာလား"
"အမ်... ဒါက ဒဏ္ဍာရီလာ သေမျိုးဓားလား... ဒီဓားကို တာအိုဘိုးဘေးလောင်ဇီရဲ့ မြင့်မြတ်တဲ့ဓားကနေ သန့်စင်ခဲ့ပြီးတော့ သူတော်စင်အဆင့်ရှိတဲ့ ရွှေနက်တွေကို မရေမတွက်နိုင်အောင် သုံးစွဲခဲ့တယ်လို့ ဆိုကြတယ်... အဲဒီတုန်းက ဒီဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ မိုးကောင်းကင်ကို အက်ကွဲစေခဲ့ပြီး ဓားချီအလင်းတန်းက နယ်မြေကိုးခုကို အေးခဲစေခဲ့တယ်...သူတော်စင်တွေတောင် ဒီဓားရဲ့ဓားသွားကို ရှောင်ရှားခဲ့ရတယ်"
"တာအိုသူတော်စင်ချင်းယွင်... မင်းက လူသားမျိုးနွယ်ရဲ့ကောင်းကျိုးအတွက် မင်းမှာ တစ်ကိုယ်ကောင်းဆန်မှု မရှိခဲ့ဘူး... ဒါက တကယ့်ကို မြင့်မြတ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ လုပ်ရပ်ပဲ... ငါတို့ အရိုအသေပြုတာကို လက်ခံပေးပါ"
သူတော်စင်များသည် ဦးညွှတ်အရိုအသေပြုရန် ဟန်ပြင်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ သူတော်စင်ချင်းယွင်အပေါ် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေပေ၏။ တာအိုသူတော်စင်ချင်းယွင်သည် သူ၏ သားမြီးယပ်တောင်ကို ညင်သာစွာဝှေ့ယမ်းလိုက်ပြီး သူတော်စင်များကို ထူမပေးလိုက်သည်။
"တာအိုမိတ်ဆွေတို့... လူသားမျိုးနွယ် ရှင်သန်ရေးအတွက် ငါတို့က ဒီလိုပဲ လုပ်ဆောင်သင့်တယ်... ဒါက ငါတို့ရဲ့ တာဝန်ပဲ... ဒီလို ချီးမွမ်းစကားတွေ မလိုအပ်ပါဘူး... ကျေးဇူးပြုပြီးတော့ မင်းတို့ပိုင်ဆိုင်တဲ့ ရတနာတွေကို မတွန့်တိုကြပါနဲ့... ဒီခရီးစဉ်က သတိကြီးစွာ ကိုင်တွယ်ဖို့ လိုအပ်ပြီး... ယုံကြည်မှုလွန်ကဲတာမျိုး မင်းတို့မှာ လုံးဝမရှိသင့်ဘူး"
မဟာတာအို၏ကြောက်မက်ဖွယ် စွမ်းအားသည် သူတော်စင်များကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ချင်းယွင်၏ပြတ်သားသော စကားများသည် သူတို့၏အမူအယာများကို တည်ကြည်လေးနက်သွားစေ၏။ သူတော်စင်များအားလုံး ခေါင်းညိတ်လိုက်ကြပြီး သူတို့၏အကြည့်များ ပို၍တည်ကြည်လေးနက်လာသည်။
"အကြီးအကဲချင်းယွင် ပြောတာ အမှန်ပဲ... ငါတို့က လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ တာဝန်ကို ထမ်းပိုးထားရတာကြောင့် လုံးဝပေါ့ဆလို့ မဖြစ်ဘူး"
"ဟုတ်တယ်... နတ်ဆိုးနယ်မြေကို သွားတာက သူတော်စင်တွေ ဖြစ်နေရင်တောင်... ငါတို့က သေခြင်းတရားနဲ့ ရင်ဆိုင်ရမှာ သေချာသလောက်နီးပါးပဲ.. စစ်မှန်တဲ့ ယောက်ျားတစ်ယောက်က ကောင်းကင်နဲ့မြေပြင်ကြားမှာ မားမားမတ်မတ် ရပ်တည်တယ်... ပိုပြီးကြီးမားတဲ့သော ကောင်းကျိုးအတွက် ကိုယ့်ကိုယ်ကိုယ် စတေးတာက ငါ့ရဲ့ဆန္ဒပဲ"
"ကောင်းတယ်... အရမ်း ကောင်းတယ်... ငါက ငရဲကိုသွားရရင်တောင် တွေဝေမှာမဟုတ်ဘူး... သာမန်သေမျိုးတွေကို ကယ်တင်ဖို့က ငါတို့ မဖြစ်မနေလုပ်ရမယ့် တာဝန်ပဲ"
အချိန်တခဏအတွင်းမှာပင် သူတော်စင်များ၏ အထွတ်အထိပ်ရတနာများအားလုံး ထွက်ပေါ်လာသည်။ အသက်အိုမင်းသော ဘုန်းတော်ကြီးတစ်ပါးသည် သူ၏လက်များကို ပူးကပ်လိုက်ရာ အနက်ရောင်ပုတီးတစ်ကုံး ပျံ့လွင့်လာသည်။ ထိုအရာသည် အလင်းတန်းတစ်တန်းကို ထုတ်လွှတ်ထားကာ ထိုအရာအတွင်း၌ တာအို၏အနှစ်သာရများ ဖြတ်သန်းစီးဆင်းနေပေ၏။ သူ၏နောက်ကွယ်တွင် ဗုဒ္ဓရတနာ၏ပုံရိပ်ယောင်တစ်ခု ထွက်ပေါ်လာပြီး ထိုအရာ၏ရွှေရောင်အလင်းတန်းသည် မိုးကောင်းကင်ကို လွှမ်းခြုံထားကာ တည်ကြည်လေးနက်ပြီး ခမ်းနားထည်ဝါသည်။ ဗုဒ္ဓမန္တန်ရွတ်ဆိုသံများ ပဲ့တင်ထပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ အရာအားလုံး ငြိမ်းချမ်းသွားပေ၏။
သူတော်စင်တစ်ဦးသည် သူ၏လက်ကို ညင်သာစွာ ဖမ်းဆုပ်လိုက်ရာ သူ၏လက်ချောင်းများ အကြားတွင် ဝံပုလွေမွှေးစုတ်တံ တစ်ချောင်း ထွက်ပေါ်လာသည်။ စာပေတာအို၏စွမ်းအားသည် အဆများစွာပြင်းထန်လာပြီး ကောင်းကင်နှင့်မြေပြင်မှ အားဖြည့်ပေးလိုက်သည့်အလား သူ၏အရှိန်အဝါ ရုတ်တရက် မြင့်တက်လာသည်။ ထိုအရှိန်အဝါသည် ဘုန်းတော်ကြီး၏ နက်နဲသိမ်မွေ့သော ဗုဒ္ဓမန္တန်ရွတ်ဆိုသံများထက် မည်သို့မျှ မနိမ့်ကျချေ။
စုကျဲက သူမ၏သူတော်စင်ဓားကို တင်းတင်း ကြပ်ကြပ်ဆုပ်ကိုင်ထားပြီး ဓားချီသည် ကောင်းကင်နှင့်မြေပြင်ကို ဖြတ်သန်းသွားကာ ကြာမြင့်စွာ ငြိမ်သက်နေသော တုန်ခါသံသည် တဖန်ပြန်၍ ပဲ့တင်ထပ်လာပေ၏။ သူမသည် ဂျူနီယာတစ်ဦး ဖြစ်သော်လည်း သူမ၏ဓားတာအိုသည် ဉာဏ်အလင်းပွင့်မှုတစ်ခုကို ထပ်မံရရှိလိုက်သည့်အလား မြင့်မားသော ကျွမ်းကျင်မှုအဆင့်သို့ ချဉ်းကပ်နေခဲ့လေပြီ။
ဤသဘာဝလွန်ဖြစ်ရပ်သည် တခြားသူတော်စင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီး သူတို့၏ ယုံကြည်မှုကို များစွာမြင့်တက်စေသည်။
ပိုင်ဖျောင်ဖျောင်သည် သူတော်စင်အသစ်တစ်ယောက်ဖြစ်သဖြင့် ထိပ်တန်းအဆင့် သူတော်စင်ရတနာကို အသုံးမပြုသေးသည်မှာ တခြားသူတော်စင်များအတွက် အံ့အားသင့်စရာ မဖြစ်ခဲ့ပေ။ သို့ရာတွင် သူမ၏ သိပ်သည်းပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားကို ခံစားမိသည့်အချိန်တွင် ထိုအရာသည် အလွန်နက်နဲသိမ်မွေ့ပြီး သန့်စင်နေသဖြင့် သူတော်စင်များအားလုံး ချီးကျူးကာ ခေါင်းညိတ်လိုက်ကြ၏။
"ဓားသူတော်စင်နဲ့ ဧကရီပိုင်တို့ရဲ့ အရည်အချင်းတွေက ထူးကဲတယ်... သူတို့ရဲ့အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ်ရှိမှာ မဟုတ်ဘူး"
"မင်းတို့နှစ်ယောက်က ငါတို့နဲ့အတူ ခရီးသွားနိုင်တာ အံ့အားသင့်စရာ မရှိတော့ဘူး... ဒီလို ငယ်ရွယ်တဲ့ အသက်အရွယ်မှာတောင် မင်းတို့မှာ မြင့်မားတဲ့ နားလည်သဘောပေါက်မှုတွေ ရှိနေတယ်...မျိုးဆက်သစ်တွေရဲ့စွမ်းအားက တကယ့်ကို ကြောက်ဖို့ကောင်းလာပြီ"
"ဒီနတ်ဆိုးနယ်မြေခရီးစဉ်က အရမ်းအန္တရာယ်များတယ်... မင်းတို့လို လူငယ်ပါရမီရှင်နှစ်ယောက်က ဒီလိုအန္တရာယ်တွေကို တာဝန်ယူရတာကို မြင်ရတာ ငါ့ရဲ့နှလုံးသားကို နာကျင်စေပါတယ်... မင်းတို့မှာ မတော်တဆမှုတစ်ခုခုသာ ဖြစ်သွားခဲ့ရင် ဒါက ငါတို့လူသားမျိုးနွယ်အတွက် ကြီးမားတဲ့ဘေးအန္တရာယ်တစ်ခု ဖြစ်လာလိမ့်မယ်... မင်းတို့ နှစ်ယောက် သေချာ စဉ်းစားရမယ်..."
တာအိုသူတော်စင်ချင်းယွင်က ပြောဆိုသည်။
"တာအိုသူတော်စင် ချင်းယွင် ပြောတာ အမှန်ပဲ.... မင်းတို့နှစ်ယောက် ပြန်စဉ်းစားလိမ့်မယ်လို့ ငါ မျှော်လင့်မိတယ်... မင်းတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက အကန့်အသတ် မရှိဘူး... ဒီ ခရီးစဉ်က အရမ်းအန္တရာယ်များတယ်"
သူတော်စင်များသည် စစ်မှန်သောအကြံဉာဏ်များ ပေးကြပြီး သူတို့၏စကားများတွင် ဖြောင့်မတ်မှန်ကန်မှုများဖြင့် ပြည့်နှက်နေပေ၏။ ဤအကြီးအကဲများ၏ စိတ်စေတနာကောင်းကို ရင်ဆိုင်ရချိန်၌ စုကျဲနှင့်ပိုင်ဖျောင်ဖျောင်တို့သည်လည်း စိတ်လှုပ်ရှားသွားသည်။ ဤ သူတော်စင်များသည် ဤကဲ့သို့ အရေးကြီးသော အချိန်အခိုက်အတန့်တွင် မည်သည့်အရာကိုမျှ တွန့်တိုခြင်းမရှိဘဲ ထုတ်ယူအသုံးပြုကြသည်။ ထို့ပြင် သူတို့သည် ပို၍ကြီးမားသော ကောင်းကျိုးကို ဦးစားပေးကာ လူသားမျိုးနွယ်၏အနာဂတ်အတွက် အန္တရာယ်ကို သူတို့၏အသက်ဖြင့်ရင်း၍ စွန့်စားခဲ့သည်။
ဤသည်မှာ ဖြောင့်မတ်ခြင်းနှင့် မျှော်လင့်ချက်၏အမွေအနှစ် ဖြစ်သည့်အပြင် လူသားမျိုးနွယ် ခမ်းနားထည်ဝါစွာ ဆက်လက်တည်ရှိရန်အတွက် အနှစ်သာရလည်း ဖြစ်သည်။ လူသားများ၏ရုပ်ခန္ဓာကိုယ်သည် ပျော့ညံ့ပြီး နတ်ဆိုးမျိုးနွယ်၏ရုပ်ခန္ဓာကိုယ်များထက် များစွာနိမ့်ကျကာ ကြောက်မက်ဖွယ် မွေးရာပါအရည်အချင်းများ မရှိချေ။ လူသားအများစုသည် ကျင့်ကြံနိုင်ခြင်း မရှိဘဲ မွေးဖွားလာကြ၏။ ဤသည်မှာ မရေမတွက်နိုင်သော တည်ထောင်သူဘိုးဘေးများမှ လမ်းများကို ဖောက်လုပ်ခဲ့ခြင်းအပေါ် မှီခိုပြီးမှသာ သူတို့သည် မသေမျိုးလမ်းစဉ်ပေါ်သို့ စတင် လျှောက်လှမ်းနိုင်ခဲ့ကြခြင်းပင်။ လူသားများသည် အားအနည်းဆုံး တည်ရှိမှုအဖြစ်မှ သူတို့၏ လက်ရှိအခြေအနေသို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက် ပြောင်းလဲလာခဲ့သည်။ ထိုအချိန်ကျမှသာ သူတို့သည် သွေးမျိုးဆက်နိုးထမှုများနှင့် နတ်ဘုရားခန္ဓာကိုယ်များကို အသက်ဝင်စေနိုင်ခဲ့ပေ၏။ မဟာတာအိုသုံးထောင်မှတဆင့် လူသားများသည် ကျင့်ကြံနည်းစနစ်များကို ဖွဲ့စည်းကာ နောက်ဆုံးတွင် တခြားမျိုးနွယ်များနှင့် ယှဉ်ပြိုင်နိုင်ပြီး လောကကြီးတွင် သူတို့ နေရာတစ်နေရာအတွက် ထွင်းထုနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုဖြစ်စဥ်၌ ပါဝင်သော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများသည် သာမာန်လူများ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင်။
စုကျဲသည် ဤခရီးစဉ်၏ အန္တရာယ်များကို သိရှိသော်လည်း သူမသည် ဓားတာအိုဖြင့် သူတော်စင်အဖြစ်သို့ ရောက်ရှိခဲ့သူပင်။ သူမသည် ခိုင်မာသောစိတ်ဓာတ်ကို ပိုင်ဆိုင်ထားပြီး ဆုတ်ခွာလိုသော ရည်ရွယ်ချက် တစိုးတစိမျှ မရှိခဲ့ပေ။
"အကြီးအကဲတို့... ဒီအကြောင်းကို ထပ်ပြောဖို့ မလိုတော့ဘူး"
သူမ၏ပြတ်သားသော စကားများတွင် ယိမ်းယိုင်သောစိတ်ဆန္ဒမျိုး အနည်းငယ်မျှ မရှိပေ။
သူတော်စင်များသည် အံ့အားသင့်သွားကြပြီး ပို၍ပို၍ လေးစားသွားကြ၏။ သူတော်စင်ဓားကို ကိုင်ဆောင်ထားသော ထိုအမျိုးသမီးငယ်ကို ကြည့်ရင်း သူတို့သည် ပြိုင်ဘက်ကင်းနတ်ဘုရားဓားတစ်လက်ကို မြင်တွေ့နေရသကဲ့သို့ ခံစားနေရသည်။
ထို့နောက် သူတို့၏အကြည့်များအားလုံး တခြားနေရာသို့ ရွှေ့ပြောင်းသွားသည်။ စုကျဲ အပါအဝင် တခြားသူတော်စင်များအားလုံး ပိုင်ဖျောင်ဖျောင်ကို ကြည့်လိုက်ကြ၏။
သူတို့ သတိပေးစကားများ ပြောတော့မည့် အချိန်တွင်...
ပိုင်ဖျောင်ဖျောင်သည် သူမ၏ပုံမှန် နူးညံ့သိမ်မွေ့သောအမူအယာကို ဖယ်ရှားလိုက်ပြီး သူမ၏ မျက်နှာအမူအယာသည် မယုံနိုင်လောက်အောင် တည်ကြည်ပြတ်သားလာပေ၏။
"အကြီးအကဲတို့... ရှင်တို့ရဲ့ နှလုံးသားတွေမှာ ကြီးမြတ်တဲ့ ဖြောင့်မတ်မှန်ကန်မှုကို ထိန်းသိမ်းထားတယ်... သူတော်စင်အသစ်တစ်ဦး အနေနဲ့ ကျွန်မမှာလည်း ငြင်းမရတဲ့ တာဝန်တစ်ခု ရှိနေတယ်... အသိုက်ပျက်စီးရင် ဥက ဘယ်လိုလုပ်ပြီး ကျန်နိုင်မလဲ... ကျွန်မရဲ့ကျင့်ကြံမှုက နိမ့်ပါးပေမယ့် ကျွန်မက လူသားမျိုးနွယ်တစ်ခုလုံး အန္တရာယ်ထဲ ပိတ်မိနေမှာကို ခွင့်မပြုနိုင်ဘူး... ကျွန်မ တန်ဖိုးထားရတဲ့လူတွေ အန္တရာယ်ထဲမှာ ကျရောက်နေတာကို မြင်ရမှာကိုလည်း ကျွန်မ လက်မခံနိုင်ဘူး..."
ရီဖုန်းနှင့် အတူတကွရှိခဲ့သော နေ့ရက်များသည် သူမ၏စိတ်ထဲတွင် ဖြတ်ပြေးသွားပြီး ရယ်မောသံတိုင်းသည် သူမ၏နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။ ရီဖုန်း၏ကဗျာများနှင့်စကားလုံးတိုင်းသည် သူမအတွက် မမေ့နိုင်စရာပင်။ သူ ရှိနေသောနေရာသည် ပိုင်ဖျောင်ဖျောင်၏နှလုံးသား တည်ရှိရာ ဖြစ်ပြီး ဤသည်မှာ သူမ အရာအားလုံးကို စတေး၍ ကာကွယ်ရန်ဆန္ဒရှိသော နေရာပင်။
ပိုင်ဖျောင်ဖျောင်၏ ကြည်လင်သောမျက်လုံးများအတွင်းတွင် နူးညံ့မှုများဖြင့် ပြည့်နှက်သွားပြီး သူမ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်၏။ သူမ၏မျက်နှာအမူအယာ ပို၍ပင် တည်ကြည်ပြတ်သားလာသည်။
"ဒီနတ်ဆိုးနယ်မြေ ခရီးစဉ်ကို ကျွန်မ မဖြစ်မနေ သွားရမယ်"
တည်ကြည်လေးနက်သော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သူတော်စင်များ၏မျက်လုံးများအတွင်းတွင် ရိုသေလေးစားမှုများ ထင်ဟပ်နေသည်။
ထိုအချိန်အခိုက်အတန့်မှာပင် ရုတ်တရက် မရေမတွက်နိုင်သော မဟာတာအို၏စွမ်းအားများသည် ပိုင်ဖျောင်ဖျောင်၏နံဘေးပတ်လည်တွင် စုစည်းဝန်းရံလာပေ၏။ သူမ၏ကြောက်မက်ဖွယ်အရှိန်အဝါသည် ယခင်ထက် အဆများစွာ မြင့်တက်လာသည်။ သူမသည် နှစ်ထောင်ပေါင်းများစွာ ပင်ပန်းခက်ခဲစွာ ကျင့်ကြံရမည့် ဘေးဒုက္ခကို ကျော်လွန်သွားသည်။
စုကျဲ၏မျက်လုံးများ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ တခြားသူတော်စင်များသည်လည်း ထိတ်လန့်တုန်လှုပ်သွားကာ အံ့အားတသင့်ရေရွတ်သံများ အဆက်မပြတ် မြင့်တက်လာသည်။
"မဟာတာအို ဉာဏ်အလင်း ရသွားပြီ"
"ဧကရီပိုင်ရဲ့ အရည်အချင်းက တကယ့်ကို ကြောက်ဖို့ကောင်းတယ်... စကားတစ်ခွန်းတည်းနဲ့ သူ့ကို နက်ရှိုင်းတဲ့ မဟာတာအိုအနှစ်သာရကို ဆုပ်ကိုင်နိုင်စေခဲ့တယ်"
"အရမ်းကောင်းတယ်... ဧကရီပိုင်မှာတောင် ခုလို အရည်အချင်းနဲ့ စိတ်ဓာတ်မျိုးရှိနေမှတော့ ငါတို့ ယောက်ျားသားတွေက ဘာလို့ တွန့်ဆုတ်နေနိုင်မလဲ... နတ်ဆိုးနယ်မြေကို အတူတူ သွားကြပြီး သေအတူရှင်မကွဲ အတူတူရင်ဆိုင်ကြစို့"
"ကောင်းတယ်... ကောင်းတယ်... ငါ ငရဲကိုသွားရရင်တောင် မကြောက်တော့ဘူး...ဧကရီပိုင်မှာ နက်နဲသိမ်မွေ့တဲ့ ကောင်းချီးမင်္ဂလာတွေ ရှိနေတာကြောင့် ဒီနွမ်းပါးတဲ့ ဘုန်းတော်ကြီးက သူ့ကို အစွမ်းကုန် ကာကွယ်ပေးပါ့မယ်"
"သူတော်စင်တို့... နတ်ဆိုးနယ်မြေဆီ ချီတက်ကြစို့"
သူတော်စင်ချင်းယွင်က သူ၏မုတ်ဆိတ်ကိုသပ်ပြီး လက်ညှိုးညွှန်လိုက်သည်နှင့် သူတော်စင် ခုနစ်ဦးသည် ပြတ်သားသော အမူအရာများဖြင့် သူတို့၏ရှေ့မှ အဆုံးမရှိသော အနက်ရောင်မြူခိုးများထဲသို့ တိုးဝင်သွားကြသည်။ သူတို့၏ရှေ့တွင် မရေမတွက်နိုင်သော အန္တရာယ်များ ရှိနေသည်ကို သိရှိသော်လည်း သူတို့သည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိခဲ့ကြချေ။
မိုးကောင်းကင်ယံအတွင်းရှိ စွမ်းအားလှိုင်းများ ပျောက်ကွယ်သွားကာ နေသာပြီး သာယာနေဆဲပင်။
သူတော်စင်များ၏ ကြောက်မက်ဖွယ် စွမ်းအားသည် မျက်တောင်တစ်ခတ်အတွင်း အရိပ်အယောင်မကျန် ပျောက်ကွယ်သွားပြီး သာမန်သေမျိုးများ မသိရှိနိုင်ခဲ့ချေ။ သာမာန်သေမျိုးများသည် သူတို့၏နေ့စဉ်ဘဝအတိုင်း ဆက်လက် နေထိုင်ကြပြီး ဤ ခဏတာ ငြိမ်းချမ်းမှု၏နောက်ကွယ်မှ ကြီးမားသော စတေးမှုများကို တွေးတောကြည့်မိမည်ပင် မဟုတ်ချေ။
သူတော်စင်ခုနစ်ဦးလုံး သွားခဲ့လျှင်ပင် သူတို့ ဘေးကင်းစွာ ပြန်လာရန် ခက်ခဲနိုင်ခြေရှိသည်။
...
မိုးမြေကျွန်း၌...
ဘုန်းတော်ကြီးတစ်ပါးသည် ရုတ်တရက် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး တစ်စုံတစ်ခုကို ခံစားမိပုံပင်။
သူသည် မိုးကောင်းကင်ယံကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် သူ၏မျက်နှာအမူအယာသည် အနည်းငယ်ပို၍ တည်ကြည်လေးနက်လာသည်။ ပုံမှန်အတိုင်း တိမ်ရှင်းလင်းကာ နေသာသော ကောင်းကင်ပြာသည် သူ့အတွက် အနည်းငယ် ကွဲပြားနေပြီး တိမ်ထူနေထပ်နေသကဲ့သို့ ထင်ရပေ၏။
ဘုန်းတော်ကြီးခွန်ပန်သည် သူ၏လက်ထဲမှ စာအုပ်ကို ဖြည်းညှင်းစွာပိတ်လိုက်ရင်း စိတ်လှုပ်ရှားမှုဖြင့် သက်ပြင်းချလိုက်သည်။
စာအုပ်အတွင်းမှ "ပြောင်မြောက်သော လှုပ်ရှားမှုများ" ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် သူ၏စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ခဲ့ချေ။ သူသည် သူတော်ကောင်းတစ်ဦး၏နယ်ပယ်သို့ ဝင်ရောက်သွားသည့်အလား သူ့ထံတွင် ပြောမပြနိုင်သော ဝမ်းနည်းမှုခံစားချက်တစ်ခုသာ ရှိနေသည်။
သူသည် စာအုပ်ကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ဂရုတစိုက်ထည့်လိုက်ပြီး ဘုန်းတော်ကြီးခွန်ပန်သည် သူ၏လက်များကို ပူးကပ်လိုက်ရာ ရိုသေလေးစားဖွယ် ဘုန်းတော်ကြီးတစ်ပါးနှင့် အလွန်အမင်းတူညီနေသည်။
"အော် မီ တော ဖော..."
"ဟူး...ငါ မလှုပ်ရှားဖြစ်တာ ကြာပြီ... အမှောင် တိမ်တိုက်တွေ ချဉ်းကပ်လာနေပြီ ဆိုတာ မသိလိုက်ဘူး... ဗုဒ္ဓကိုကိုးကွယ်လိုတဲ့ ငါ့ရဲ့ နှလုံးသားက နည်းနည်းပင်ပန်းနွမ်းနယ်လာတယ်... ဒါက တကယ်ကို အပြစ်တစ်ခုပဲ... အခု မုန်တိုင်းတစ်ခု စပြီးတိုက်ခတ်နေပြီ ဆိုတော့ ဗုဒ္ဓတရားတော်တွေကို ဖြန့်ဝေဖို့ အချိန်တန်ပြီ"
ထိုသက်ပြင်းချသံနှင့်အတူ ဘုန်းတော်ကြီးသည် မတ်တတ်ထရပ်လိုက်ပြီး ခြေတစ်လှမ်းလှမ်းလိုက်၏။
ထိုတစ်လှမ်းတည်းဖြင့် သူ၏ပုံသဏ္ဌာန် ပျောက်ကွယ်သွားသည်။
သူ၏ နောက်တစ်ကြိမ်ခြေချမှုသည် မိုင်ထောင်ချီအကွာသို့ ရောက်ရှိသွားခဲ့လေပြီ။ ကျွန်းသည် ပျောက်ကွယ်သွားပြီး တောင်တန်းများက သူ့ကို ဝန်းရံထားသည်။
သူ လေဟာနယ်ထဲသို့ ခြေချလိုက်သည်။
လေဟာနယ်အတွင်းတွင် လေလှိုင်းများ ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တွင် အဆုံးမရှိသော အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေပေ၏။