အခန်း (၁၀၀၈)
Vol. 68 Ch. 1008
ထိုအချိန်မှာပင် သူတို့နှစ်ယောက်သား တပြိုင်နက်တည်း ရပ်တန့်လိုက်ကြ၏။
သူတို့ ကြည့်လိုက်ချိန်တွင် ကြယ်မြစ်စင်္ကြန်လမ်းသည် ဘယ်နှင့်ညာ လမ်းနှစ်သွယ် ကွဲသွားသည်ကို တွေ့လိုက်ရသည်။ ဤသည်မှာ ရွေးချယ်စရာနှစ်ခု ပေးထားသကဲ့သို့ ဖြစ်နေသဖြင့် သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်လာသည်။
ရီဖုန်းက ပြတ်ပြတ်သားသား ပြောဆိုလိုက်သည်။
"လူအိုကြီး.. ကျွန်တော်က ဒီနေရာကို တစ်ခါမှ မရောက်ဖူးဘူး... ညာဘက်လမ်းက ကြယ်ရောင်တွေနဲ့ တောက်ပနေပြီးတော့ ရှုခင်းက ပိုကောင်းမယ့်ပုံပဲ... ကျွန်တော် အရင်သွားကြည့်လိုက်အုံးမယ်"
ရီဖုန်းသည် ရှေးဟောင်းစင်္ကြန်လမ်းအကြောင်း နားမလည်သော်လည်း သူ့ထံ၌ ဆုံးဖြတ်နိုင်စွမ်း တချို့ရှိသည်။ သူ ကြားဖူးသလောက်ဆိုလျှင် အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများ ဤနေရာတွင် ကျဆုံးသွားခဲ့ကြသည်။ ဝင်ပေါက်ရှိ မှိန်ဖျော့ဖျော့ ကြယ်ရောင်မှလွဲ၍ စင်္ကြန်လမ်း၏အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်းသွားလေလေ အလင်းရောင်များ ပို၍တောက်ပလာလေလေပင်။
ညာဘက်လမ်းသည် သိသိသာသာ ပို၍တောက်ပနေသဖြင့် ဤလမ်းကြောင်းသည် ပို၍နက်ရှိုင်းသော နေရာများသို့ ဦးတည်သွားနိုင်သည်။
အမ်... ဟုတ်သားပဲ..
ဒီကောင်လေးက ငါ့အကြောင်း တကယ်ကို နားလည်တာပဲ...
ငါလည်း သူ့ကို ဘယ်လို ဖယ်ထုတ်ရမလဲဆိုတာ စဉ်းစားနေတာ...
ရီဖုန်း၏စကားကို ကြားချိန်၌ ဖုနန်ထျန်း ဝမ်းသာသွားသည်။
သို့ရာတွင် သူသည် ခံစားချက်ကင်းမဲ့သောမျက်နှာဖြင့် တွန့်ဆုတ်ချင်ယောင်ဆောင်ပြီး ပြောဆိုလိုက်၏။
"အင်း... မင်း သွားကြည့်ချင်ရင် သွားကြည့်လိုက်လေ... တိုက်တိုက်ဆိုင်ဆိုင်နဲ့ ငါလည်း ဘယ်ဘက်ကို သွားကြည့်ချင်နေတာ... ဒါပေမဲ့ သိပ်အဝေးကြီးကို မသွားဖို့ မင်း မှတ်ထားအုံး... ဒီစင်္ကြန်လမ်းမှာ ပုံရိပ်ယောင်ဝင်္ကပါတွေ အများကြီး ရှိနေတာကြောင့် မင်း သတိထားရမယ်"
ဖုနန်ထျန်း၏ စိုးရိမ်ပူပန်ပုံရသော သတိပေးချက်သည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်သည်။ ကြယ်ပင်လယ်ဝင်ပေါက်ကို ဖြတ်ကျော်လိုက်သည်နှင့် ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ တရားဝင် ရောက်သွားရှိပြီဟု သူ ကြားဖူးပေ၏။
ဤစင်္ကြန်လမ်းသို့ တစ်ကြိမ်ဝင်ရောက်လိုက်သည်နှင့် ပုံရိပ်ယောင်ဝင်္ကပါများနှင့် ကြုံတွေ့ရနိုင်ပြီး သာမန်ကျင့်ကြံသူများအတွက် နောက်ကြောင်းပြန်လှည့်ရန် ခက်ခဲစေနိုင်သည်။
သူ၏စကားများသည် ရီဖုန်းကို အကွက်ချကြံစည်ရန် လှည့်ကွက်တစ်ခုပင်။ အပေါ်ယံတွင် ဖုနန်ထျန်းသည် ရီဖုန်းကို အကြံပေးနေသကဲ့သို့ ရှိသော်လည်း အမှန်အားဖြင့် သူ၏ စူးစမ်းလိုစိတ်ကို နှိုးဆွပေးကာ ပို၍နက်ရှိုင်းသော နေရာသို့ ရောက်ရှိသွားစေပြီး အန္တရာယ်နှင့် ကြုံတွေ့ရစေရန် မျှော်လင့်ထားခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဤသည်မှာ သူ့အတွက် ဆင်ခြေတစ်ခုကို ပေးစွမ်းနိုင်သည်။
ရီဖုန်း သေရေးရှင်ရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင် သူသည် တဖြည်းဖြည်း ထွက်ပေါ်လာပြီး ဤလူငယ်လေးကို သူ့နေရာသူ သိအောင် လုပ်ရပေမည်။ ထိုသို့ဖြစ်လာပါက ရီဖုန်းသည် သူ့ကို အပြစ်တင်နိုင်မည် မဟုတ်ဘဲ ကျေးဇူးတင်ခြင်းနှင့် လေးစားခြင်းတို့ကိုသာ ခံစားရပေလိမ့်မည်။
နောက်ပိုင်းတွင် ရီဖုန်းသည် သူ ပျောက်ကွယ်နေမှုနှင့် ပတ်သက်ပြီး မေးမြန်းခံရလျှင်ပင် သူသည်လည်း ဘယ်ဘက်ရှိကြယ်လမ်းကြောင်းမှ ပုံရိပ်ယောင်ဝင်္ကပါထဲတွင် လမ်းပျောက်သွားခဲ့သည်ဟု ပြောဆိုနိုင်သဖြင့် ဟာကွက်မရှိ ဖြစ်နေပေလိမ့်မည်။
ဤပြောင်မြောက်သော အစီအစဉ်သည် အပြစ်ဆိုဖွယ်ရာ မရှိချေ။
ရီဖုန်းသည် ညာဘက်ကြယ်လမ်းကြောင်းထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်သွားသည်ကို ကြည့်ရင်း ဖုနန်ထျန်း၏မျက်နှာပေါ်၌ မျှော်လင့်ချက်များ ပြည့်နှက်နေသော အပြုံးတစ်ခု ထင်ဟပ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူသည်လည်း ပြေးထွက်သွားကာ ဘယ်ဘက် ကြယ်လမ်းကြောင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
ဖုနန်ထျန်းသည် သူ့ကိုယ်သူ အလွန် ဉာဏ်ကောင်းသည်ဟု ထင်မှတ်နေသော်လည်း လက်တွေ့အမှန်တရားကို သူ စိတ်ကူးယဉ်တွေးတောကြည့်နိုင်မည် မဟုတ်ချေ။
ညာဘက် ကြယ်လမ်းကြောင်း အတွင်း၌...
ရီဖုန်းသည် ပြေးလွှားနေကာ သူ၏ ခြေထောက်များမှ မီးပွင့်ထွက်လုမတတ် လျင်မြန်စွာ ရွေ့လျားနေသည်။ သူသည် ဖုနန်ထျန်းထက်ပင် ပို၍ရူးသွပ်စွာ ပြေးလွှားနေပြီး သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေပေ၏။ သူ့ထံ၌ စိုးရိမ်စိတ် အနည်းငယ်မျှ မရှိဘဲ အိပ်မက်ကို လိုက်လံဖမ်းဆုပ်နေသော လူငယ်တစ်ဦးနှင့် ပို၍တူညီနေသည်။
ရီဖုန်းသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ပြီး မည်သူ့ကိုမျှ မတွေ့ရတော့မှသာ သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဟူး..."
"နောက်ဆုံးတော့ အဲဒီလူအိုကြီးကို ဖယ်ထုတ်နိုင်ခဲ့ပြီ"
စိတ်သက်သာရာ ရသွားသော အပြုံးနှင့်အတူ ရီဖုန်းက ရဲရင့်စွာဖြင့် ရှေ့သို့ခြေလှမ်းလှမ်းလိုက်သည်။
သူ ဆုံးဖြတ်ချက် ချပြီးလေပြီ။ သူသည် ဤကြယ်လမ်းကြောင်း၏အဆုံးထိ လျှောက်လှမ်းရန်နှင့် ဘေးအန္တရာယ်များအားလုံးကို ရင်ဆိုင်ရန် သန္နိဋ္ဌာန်ချထားသည်။ စွမ်းအားကြီးသော သက်ရှိများ၏ အကြွင်းအကျန်စိတ်ဝိညာဉ်များဖြစ်စေ ကြောက်မက်ဖွယ် ပုံရိပ်ယောင်ဝင်္ကပါများဖြစ်စေ သူ တစ်စုံတစ်ခုကိုမျှ လက်လွတ်မခံနိုင်ချေ။
ဤတစ်ကြိမ်တွင် သူ ဤနေရာ၌ သေဆုံးရပေမည်။
အကယ်၍...အကယ်၍ သူ သေဆုံးသွားခြင်းမရှိဘဲ ထပ်မံ၍ ကျရှုံးခဲ့ရင်မူ...
နောက်ပိုင်းတွင် ထိုအဘိုးအိုနှင့် ပြန်တွေ့ပြီး မည်သည်ကြောင့် သူ ပျောက်သွားသနည်းဟု မေးမြန်းလျှင် ပုံရိပ်ယောင်ဝင်္ကပါထဲ၌ လမ်းပျောက်သွားသည်ဟု ပြောဆိုလိုက်ပေမည်။
အရာအားလုံးကို သူ ပြီးပြည့်စုံစွာ စီစဉ်ထားပြီးလေပြီ။
ရီဖုန်းသည် ဆက်လက်၍ တွန့်ဆုတ်မနေတော့ဘဲ ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းဝင်သွားတော့သည်။
သူ လျှောက်လှမ်းလေလေ ကြယ်ရောင်များ ပို၍ထူထပ်သိပ်သည်းလာလေလေပင်။ ဤစင်္ကြန်လမ်းသည် ထူးခြားသော စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ ဖြစ်နေပြီး ညင်သာသော လေပြေလေညှင်းများ အဆက်မပြတ် တိုက်ခတ်နေသည်။ ဤသည်မှာ သူ ယခင်က ရောက်ဖူးသော နေရာများနှင့် မတူညီသဖြင့် သူ့ကို ပို၍ပို၍စိတ်လှုပ်ရှားလာစေသည်။
အထူးသဖြင့် သူ ရှေ့သို့ လျှောက်လှမ်းသည်နှင့်အမျှ ပို၍နက်နဲသိမ်မွေ့သည့် အလင်းရောင်များ ထုတ်လွှတ်နေသော လျှို့ဝှက်ဆန်းကြယ်သည့် ကြယ်လမ်းကြောင်းကို မြင်တွေ့လိုက်ရချိန်၌ ရီဖုန်းသည် ပို၍ပင် ဝမ်းသာအားရ ဖြစ်သွားပေ၏။
သို့ရာတွင် သူ ဆက်လက်၍လျှောက်လှမ်းသွားသော်လည်း မည်သည့်အန္တရာယ်နှင့်မျှ မကြုံတွေ့ရချေ။
နောက်ဆုံးတွင် မှောင်မည်းပြီး မကောင်းဆိုးဝါး ဆန်သော လမ်းခွဲတစ်ခုကို တွေ့ရှိခဲ့သော်လည်း သူ ခြေချလိုက်လိုက်ချိန်၌ မည်သည့်အရာမျှ မဖြစ်ပျက်ခဲ့ချေ။ ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းပုံ ပေါက်သော်လည်း အပေါ်ယံဟန်ပြသက်သက်သာ ဖြစ်နေပေ၏။
သူသည် လမ်းတစ်လျှောက်လုံး သေသေချာချာရှာဖွေခဲ့သော်လည်း မည်သည့်စွမ်းအားကြီးသော အကြွင်းအကျန်စိတ်ဝိညာဉ်ကိုမျှ မတွေ့ခဲ့ရချေ။
တဖြည်းဖြည်းနှင့် ရီဖုန်းသည် မကောင်းသော ခံစားချက်တစ်ခု ရရှိလာပြီး သူ၏ စိတ်အားထက်သန်မှု တစ်ဝက်ကျော် လျော့နည်းသွားသည်။ အစပိုင်းတွင် သူသည် စိတ်လှုပ်ရှားစွာ ကြည့်ရှုနေခြင်းမှ အရေးတကြီး ရှာဖွေခြင်းသို့ ပြောင်းလဲသွားပေ၏။
သူသည် အန္တရာယ်အမျိုးမျိုးကို တစိုက်မတ်မတ် ရှာဖွေနေသည်။
စင်္ကြန်လမ်း၏အပြင်ဘက်ရှိ ကြယ်ပင်လယ်သည် လျင်မြန်စွာ မျောလွင့်နေပြီး လှပသော ရှုခင်းတွင် ကြောက်မက်ဖွယ် စွမ်းအားများ ရောယှက်နေသည်။ သူတော်စင်တစ်ပါးပင်လျှင် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကို မြင်တွေ့ရပါက အံ့အားသင့်သွားနိုင်သည်။
သို့ရာတွင် ရီဖုန်းသည် ဤရှုခင်းအပေါ် ဆန်းသစ်သည့် ခံစားချက်ကို ပျောက်ဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ သူသည် လျှောက်လှမ်းရင်း ခေါက်ကာပုတ်ကာဖြင့် ရှေးဟောင်းစင်္ကြန်လမ်း၏လက်မတိုင်းကို ရှာဖွေခဲ့သော်လည်း အထူးတလည် အန္တရာယ်ရှိသည်ဟူ၍ တစ်စုံတစ်ရာကိုမျှ မတွေ့ရှိခဲ့ပေ။
နောက်ဆုံးတွင် ပုံရိပ်ယောင်တစ်ခု ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသော်လည်း သူ လိုက်လံဖမ်းဆီးချိန်၌ ပျောက်ကွယ်သွားသည်။
ရီဖုန်းသည် ထပ်မံ၍ စိတ်ပျက်သွားပြီးနောက် ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုက်၏။
"ဒါက ဘယ်လို သောက်ကျိုးနည်း နေရာလဲကွာ... အပြင်အဆင်တွေကတော့ အပြည့်ပဲ... ဒဏ္ဍာရီတွေလည်း အများကြီးပဲ... ဒါပေမဲ့ နောက်ဆုံးကျတော့ ရှုခင်းကြည့်ရုံပဲ ရှိတာလား... ပုံရိပ်ယောင်ဝင်္ကပါတွေ ဘယ်မှာလဲ... ကြောက်စရာကောင်းတဲ့ အကြွင်းအကျန်စိတ်ဝိညာဉ်တွေ ဘယ်မှာလဲ"
ပဲ့တင်သံများ ပျံ့လွင့်သွားပြီး ကျယ်ပြန့်ရှည်လျသော ကြယ်လမ်းကြောင်းသည် တိတ်ဆိတ်မြဲ တိတ်ဆိတ်နေသည်။
စင်္ကြန်လမ်း၏အပြင်ဘက်တွင် ကြယ်ပျံများ ဖြတ်သန်းသွားသည်မှလွဲ၍ ဤနေရာသည် နှစ်သောင်းပေါင်းများစွာ ပြောင်းလဲခြင်းမရှိဘဲ စွန့်ပစ်ခံထားရသည့်အလား ခြောက်ခြားဖွယ် ကောင်းလောက်အောင် အထီးကျန်နေသည်။
ရီဖုန်းသည် ပို၍ပင် စိတ်တိုလာပေ၏။
သူသည် ပတ်ဝန်းကျင်ကို စူးစိုက်၍ကြည့်လိုက်ပြီးနောက် ဒေါသတကြီး ပြေးလွှားကာ သူ၏ မြင်ကွင်းအဆုံးသို့ ဦးတည်ပြေးသွားသည်။ သူသည် နောက်ထပ်တခဏမျှ မရပ်နားဘဲ အန္တရာယ်မတွေ့မချင်း မရပ်တန့်ရန် သန္နိဋ္ဌာန်ချလိုက်သည်။
အဆုံးမဲ့ကြယ်ပင်လယ်၏ စင်္ကြန်လမ်းတလျှောက်တွင် လူတစ်ယောက်သည် လေကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည်။ သူဖြတ်သန်းသွားသော နေရာတိုင်းသည် ချောမွေ့နေကာ အရာအားလုံး ရှင်းလင်းနေပြီး ကြယ်ရောင်များ လမ်းဖယ်ပေးကြကာ ထောင့်များတွင် ပုန်းအောင်းနေသော သရဲတစ္ဆေပုံရိပ်အမြောက်အများသည် ထိတ်လန့်တုန်လှုပ်နေကြ၏။
ဆန့်ကျင်ဘက်အနေဖြင့်…
ရှေးဟောင်းစင်္ကြန်လမ်း၏ဘယ်ဘက်ခြမ်းသည် လုံးလုံးလျားလျား ကွဲပြားခြားနားသော မြင်ကွင်းကို ပြသနေသည်။
ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ဝင်ရောက်လာစဥ်ကတည်းက ဖုနန်ထျန်းသည် အထူးသတိထားနေပြီး သူ၏နတ်ဘုရားစိတ်အာရုံကို တတ်နိုင်သမျှ ဖြန့်ကျက်ထားသည်။ ဤသည်မှာ ပေတစ်ရာခန့်သာ ရောက်ရှိသော်လည်း သူ၏ကျင့်ကြံဆင့်စွမ်းအားမှ အကန့်အသတ်ပင်။
သူသည် အလွန်တည်ငြိမ်စွာဖြင့် ခြေလှမ်းတစ်လှမ်းချင်းစီ ရှေ့သို့လျှောက်လှမ်းလိုက်သည်။
သူ၏အမူအယာသည် အစောပိုင်းက အလျင်စလို ထွက်ပြေးခဲ့ခြင်းနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသည်။ သူ၏လှုပ်ရှားမှုတိုင်းသည် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်ထားပြီး အနည်းငယ်မျှ ပေါ့ဆဝံ့ခြင်း မရှိပေ။
သူ၏ကျင့်ကြံဆင့်သည် အလွန်အစွမ်းထက်ပြီး သူတော်စင်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိနေလေပြီ။ ထိုသို့မဟုတ်ပါက ဖုနန်ထျန်းသည် ရီဖုန်းကို ဤရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ခေါ်လာဝံ့မည် မဟုတ်ပေ။
ဤသည်မှာ အကြွင်းမဲ့စွမ်းအားမှ ပေါက်ဖွားလာသော ယုံကြည်မှုဖြစ်ပြီး အရာအားလုံးကို အထင်သေးစွာ ကြည့်မြင်နိုင်သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင်။
သို့ရာတွင် ယနေ့တွင် ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ဝင်ရောက်လာချိန်၌ ဖုနန်ထျန်းသည် အလွန် သတိထားနေသော်လည်း ဖိအားများစွာကို ခံစားနေရဆဲပင်။ ရံဖန်ရံခါ၌ သူ ကြုံတွေ့ရသော အကြွင်းအကျန်စိတ်ဝိညာဉ်တချို့သည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်ကြသည်။
သူ သိသလောက်ဆိုလျှင် ဤရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ပို၍နက်ရှိုင်းစွာ သွားလေလေ ပို၍အန္တရာယ်များလေလေပင်။
ဆန့်ကျင်ဘက်အနေဖြင့် ကနဦးအပိုင်းသည် ရှေးဟောင်းစစ်မြေပြင်ကို ထိရုံမျှသာ ရှိသဖြင့် စွမ်းအားကြီးသော အကြွင်းအကျန်စိတ်ဝိညာဉ်များနှင့် မကြုံတွေ့သင့်ချေ။ ရံဖန်ရံခါ၌ ထိုစိတ်ဝိညာဥ်များ ထွက်ပေါ်လာလျှင်ပင် အားနည်းသော သူတော်စင်အရှိန်အဝါမျိုးသာ ဖြစ်လေ့ရှိသည်။
"ဒါက တကယ် ထူးဆန်းတယ်..."
သူ ယခုလေးတင် ဖျက်ဆီးလိုက်သော သူတော်စင်နယ်ပယ် ဒုတိယအဆင့် အကြွင်းအကျန်စိတ်ဝိညာဉ်ကို ပြန်ပြောင်းစဉ်းစားရင်း ဖုနန်ထျန်းသည် ပို၍ပင် ထူးဆန်းသည်ဟု ခံစားမိလေ၏။
ထိုကဲ့သို့ တည်ရှိမှုမျိုးသည် ဤလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းမကြုံတွေ့သင့်ချေ။ အနည်းဆုံးအနေဖြင့် သူ လမ်းတစ်ဝက်ခန့် လျှောက်လှမ်းပြီးမှ ထိုအဆင့် အကြွင်းအကျန်စိတ်ဝိညာဥ်များကို ကြုံတွေ့ရသင့်သည်။ ထိုသို့မဟုတ်ပါက ရှေးဟောင်းစင်္ကြန်လမ်းထဲသို့ ဝင်ရောက်ခဲ့သော သူတော်စင်တစ်ပါး၏ ယခင်က အသိပညာများသည် ကြီးမားသော ဟာသတစ်ခု ဖြစ်လာပေလိမ့်မည်။
သူ မြင်တွေ့ရသည်မှာ သူ သိထားသည်နှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။ ရှေးဟောင်းစင်္ကြန်လမ်းတွင် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ခြင်းများ ဖြစ်နိုင်သလော....
သံသယစိတ်ဖြင့် ရှေ့ဆက်သွားရင်း ဖုနန်ထျန်း၏မျက်နှာအမူအယာ ပို၍ပို၍တည်ကြည်လေးနက်လာသည်။
သူ၏စိတ်နှလုံးသားထဲတွင် တွန့်ဆုတ်မှုများ စတင်၍ကြီးထွားလာသည်။ ရှေးဟောင်းစင်္ကြန်လမ်းတွင် မည်သည်ကိစ္စများ ဖြစ်ပျက်နေသဖြင့် ဤမျှထိကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေသည်အား သူ မသိသော်လည်း လာခဲ့မိသည်ကို အနည်းငယ် နောင်တရမိသည်။
ဤသည်မှာ သူ၏ဂုဏ်သိက္ခာအတွက် ဖြစ်သော်လည်း ရီဖုန်း၏ဘေးကင်းလုံခြုံရေးအတွက်လည်းဖြစ်သည်။
သူ၏ ဂုဏ်သိက္ခာကျဆင်းခြင်းသည် အသေးအမွှားကိစ္စတစ်ရပ်ပင်။ သို့ရာတွင် အကယ်၍ သူသာ ပြိုင်ဘက်ကင်းလောက်အောင် စွမ်းအားကြီးသော အကြွင်းအကျန်စိတ်ဝိညာဉ်မျိုးနှင့် တွေ့ဆုံခဲ့ပါက သူ၏ အနာဂတ်တပည့်ကို မဆိုထားနှင့် သူ့ကိုယ်သူပင် ကာကွယ်နိုင်မည် မဟုတ်ချေ။
ယခုချိန်၌ ရှေးဟောင်းစင်္ကြန်လမ်းသည် ဒဏ္ဍာရီများထက် များစွာပို၍ ကြောက်မက်ဖွယ်ကောင်းပြီး အမှန်တကယ်ကို အလွန်ထူးဆန်းနေသည်။ အကယ်၍ သူ ရှေ့ဆက်သွားပါက သူကဲ့သို့ တည်ရှိမှုမျိုးပင်လျှင် အလွန်အမင်း သတိထားရပေမည်။
ဖုနန်ထျန်းသည် စဉ်းစားရင်း ရှေ့ဆက်သွားနေစဉ်မှာပင် ရုတ်တရက် ရပ်တန့်လိုက်သည်။
သူ၏မျက်နှာသည် ချက်ချင်းပင် မဲမှောင်သွားပြီး သူ၏လက်မှ အလင်းရောင်များ တောက်ပလာကာ ကြောက်မက်ဖွယ် တာအိုစွမ်းအားများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ပွင့်အံ့ထွက်လာသည်။
"ငါ အကြောက်ဆုံးအရာ ရောက်လာပြီ..."
သူသည် ရှေ့ကိုစူးစိုက်၍ကြည့်လိုက်ရာ အကြွင်းအကျန်စိတ်ဝိညာဉ်တစ်ခု ဖြည်းညှင်းစွာ မျောလွင့်လာသည်ကို မြင်တွေ့လိုက်ရသည်။ ထိုစိတ်ဝိညာဥ်သည် အလွန် အားနည်းပုံရသော်လည်း သူ့ထက် မလျော့နည်းသော အစွမ်းထက်သည့် အရှိန်အဝါကို ထုတ်လွှတ်ထားကာ သိသာရှင်းလင်းသော သတ်ဖြတ်လိုစိတ်နှင့်ဒေါသများပင် ရောယှက်နေသည်။
သူတို့ မတိုက်ခိုက်ရသေးမီမှာပင် ကြောက်မက်ဖွယ် တာအိုစွမ်းအားနှစ်ခု၏ ထိပ်တိုက်တွေ့မှုသည် ပတ်ဝန်းကျင်ရှိ ကြယ်ရောင်များကို လွင့်စင်သွားစေသည်။
ဘုန်း...
တုန်ခါသံကြီး ပဲ့တင်ထပ်သွားသည်။
ဖုနန်ထျန်းသည် ကြီးမားသောဖိအားကို ခံစားလိုက်ရပြီး အေးစက်တင်းမာသော အကြည့်ဖြင့် ထိုအကြွင်းအကျန်စိတ်ဝိညာဥ်ကို ကြည့်လိုက်၏။
"အရှင်... အရှင် အသက်ရှင်စဉ်က ကျင့်ကြံခြင်းက ထူးခြားလွန်းပါတယ်... အရှင်က မွေးရပ်မြေကို ပြန်ရောက်သင့်ပေမယ့် ကြယ်တာရာပင်လယ်ထဲမှာ မမျှော်လင့်ဘဲ ကျဆုံးခဲ့ရတာ တကယ်ကို ဝမ်းနည်းစရာပါပဲ... ဒါပေမဲ့ ငါတို့ကြားမှာ သေစေနိုင်တဲ့ ရန်ငြိုးမရှိပါဘူး... ဘာလို့ ဒီလောက်တောင် ရန်လိုနေရတာလဲ"
ဖုနန်ထျန်းက ဤမျှထိ စွမ်းအားကြီးသော အကြွင်းအကျန်စိတ်ဝိညာဉ်မျိုးသည် စင်္ကြန်လမ်း၏အစပိုင်းတွင် ရုတ်တရက်ကြီး မည်သည်ကြောင့် ထွက်ပေါ်လာသည်ကို လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်နေသည်။
သူသည် စင်္ကြန်လမ်းထဲသို့ နက်နက်ရှိုင်းရှိုင်း မရောက်သေးသည့်အပြင် မည်သည့် ရတနာကိုမျှ လုယူရန် မကြိုးစားခဲ့သဖြင့် စည်းမျဥ်းကန့်သန်ချက်များကို ကျော်လွန်ခဲ့ခြင်းမရှိပေ။
ဤအကြွင်းအကျန်စိတ်ဝိညာဉ်ထံမှ ဒေါသနှင့် သတ်ဖြတ်လိုစိတ်ကို သူ ခံစားမိကာ အထူးတလည် ရက်စက်ကြမ်းတမ်းပုံရသည်။ နှစ်ပေါင်းတစ်သောင်း ကြာခဲ့သော်လည်း ထိုစိတ်ဝိညာဥ်၏မကောင်းဆိုးဝါးစိတ်ကို ငြိမ်းအေးစေရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ ပို၍ပင် ကြီးထွားလာခဲ့သည်။
ဖုနန်ထျန်းသည် အခြေအနေ ထူးဆန်းနေသည်ဟု ခံစားရသော်လည်း သူသည် နောက်ပြန်ဆုတ်၍ မရနိုင်အောင် အန္တရာယ်ထဲသို့ နက်ရှိုင်းစွာ ရောက်ရှိနေလေပြီ။
သူ စကားပြောပြီးသည်နှင့် တပြိုင်နက် အကြွင်းအကျန်စိတ်ဝိညာဉ်သည် ဒေါသတကြီး တိုက်ခိုက်လာပြီး မွေးရာပါ နတ်ဘုရားစွမ်းရည်ကိုပင် ထုတ်လွှတ်လိုက်သည်။ ပေတစ်ရာခန့်ရှိသော ကျောက်တုံးကြီးများသည် သိပ်သည်းသော မိုးရေစက်များအလား သူ့ထံသို့ ပျံ့လွင့်လာသည်။
တာအိုစွမ်းအားများ ပါဝင်နေသော ကြီးမားသည့် ကျောက်တုံးကြီးများကို တစ်ချက်ကြည့်ပြီးနောက် ဖုနန်ထျန်းသည် ပေါ့ဆရဲခြင်း မရှိတော့ချေ။
သူသည်လည်း သူ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကို ထုတ်လွှတ်လိုက်ပြီး လက်သင်္ကေတတစ်ခုကို ပြုလုပ်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ချန်ခွန်းမျက်လုံး...."
မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံနှင့်အတူ ဖုနန်ထျန်း၏ဝေဝါးနေသော မျက်လုံးများမှ ညှို့ငင်ဖမ်းစားနိုင်သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။ ထိုအရာများသည် ကြောက်မက်ဖွယ် တာအိုစွမ်းအားများကို သယ်ဆောင်လာပြီး ပျံ့လွင့်သွားရာ ရွှေရောင်အလင်းတန်း ထိတွေ့မိသော အရာအားလုံး အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။
ဤသည်မှာ ပဉ္စမအဆင့် သူတော်စင်များသာ ပိုင်ဆိုင်သော မွေးရာပါ နတ်ဘုရားစွမ်းရည်ပင်။ ဤစွမ်းရည်သည် သူတော်စင်တစ်ယောက်။ ကျင့်ကြံနည်းစနစ်များ သူ နားလည်သဘောပေါက်ထားသော တာအိုသဘောတရားများနှင့် နီးကပ်စွာ ဆက်စပ်နေသည်။ ထိုကဲ့သို့ နတ်ဘုရားစွမ်းရည်ကို နှိုးဆွခြင်းသည် လောကကြီးကို တုန်လှုပ်စေသော စွမ်းအားနယ်ပယ်သို့ ရောက်ရှိနေပြီဟု ဆိုလိုခြင်းပင်။
ရွှေရောင်အလင်းတန်းများနှင့် ကျောက်တုံးမိုးတို့ ထိပ်တိုက်တွေ့ဆုံမိချိန်တွင် အမှန်တကယ်ကို ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားတစ်ရပ် ဖြစ်ပေါ်လာသည်။ သာမန်သူတော်စင်တစ်ပါးသာ ဤနေရာ၌ ရှိနေလျှင် နောက်ဆက်တွဲစွမ်းအားလှိုင်းဂယက်များကြောင့် ဒဏ်ရာအပြင်းအထန်ရသွားပေလိမ့်မည်။
အဆင့်မြင့်သူတော်စင်တစ်ပါးသည် သူ၏နတ်ဘုရားစွမ်းရည်ကို အသုံးပြုလိုက်ချိန်၌ သေခြင်းတရား သို့မဟုတ် ဒဏ်ရာအပြင်းအထန်ရခြင်းဟူသော အခြေအနေတစ်ခုကို ဖြစ်လာစေသည်။
ဖုနန်ထျန်း၏ကျင့်ကြံခြင်းသည် အမှန်တကယ်ကို စွမ်းအားကြီးပြီး သူ့ထံတွင် အသွေးအသားနှင့် စိတ်ဝိညာဉ်၏ အားဖြည့်မှုတချို့ ရှိနေသော်လည်း ဤအကြွင်းအကျန်စိတ်ဝိညာဥ်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ ဤသည်မှာ အကြွင်းအကျန်စိတ်ဝိညာဥ်သာ ဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလောက်အောင် အစွမ်းထက်ပြီး သူ၏တာအိုစွမ်းအားများသည် ကုန်ခမ်းသွားခြင်း မရှိသည့်အလားပင်။
တိုက်ခိုက်မှုခြင်း ထိပ်တိုက်ရင်ဆိုင်တွေ့ပြီးနောက် အသက်ရှူချိန် အနည်းငယ်အကြာတွင် ဖုနန်ထျန်းသည် ကျောက်တုံးများကြောင့် နောက်သို့လွင့်ထွက်သွားခဲ့သည်။
မရေမတွက်နိုင်သော ကျောက်တုံးများသည် ဆက်လက်၍ ပွင့်အံ့ထွက်လာပြီး ပေတစ်ထောင်ကျယ်သော ကြယ်ပင်လယ်စင်္ကြန်လမ်းကို ပြည့်လုနီးပါး ဖြစ်စေကာ သူ၏ခန္ဓာကိုယ်ကို ဖိနှိပ်ထားသည်။
ဖုနန်ထျန်းသည် အလွန်အားနည်းနေပြီး အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။ သူသည် ထိုအကြွင်းအကျန်စိတ်ဝိညာဉ်ကို ကြည့်လိုက်ရာ တာအိုစွမ်းအားများ စုစည်းနိုင်ဆဲ ဖြစ်သည်ကို မြင်တွေ့ရသသည်။ ဖုနန်ထျန်းသည် ကြီးမားသော ကွာဟချက်ကို ခံစားလိုက်ရပြီး ရှေးဟောင်းကျင့်ကြံသူများ မည်မျှထိ အစွမ်းထက်ကြောင်း နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားသည်။
နှစ်ပေါင်းတစ်သောင်း ကြာလွန်ခဲ့ချိန်တွင် ယခုခေတ်ကာလရှိ အင်မော်တယ် ကျင့်ကြံသူများသည် ရှေးဟောင်းကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍မရနိုင်ချေ။
အကြွင်းအကျန်စိတ်ဝိညာဥ်သည် တဖြည်းဖြည်းနီးကပ်လာသည်ကို ကြည့်ရင်း ဖုနန်ထျန်းသည် ဤမမျှော်လင့်ထားသော ဘေးအန္တရာယ်ကို မည်သည်ကြောင့် ကြုံတွေ့ရသည်ကို သူ နားမလည်နိုင်တော့ချေ။ သူ၏မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပေ၏။ သူသည် ပြောစရာစကားမဲ့လောက်အောင် အလွန်ကံဆိုးပြီး သူ၏အင်မော်တယ်လမ်းကြောင်း အဆုံးသတ်သို့ ရောက်ရှိသွားသည့်အလားပင်။
ထိုအချိန်တွင်...
ဓားတစ်လက်ကို ကိုင်ဆောင်ထားသော လူတစ်ယောက် ပြေးဝင်လာသည်။ ထိုလူသည် ကျောက်တုံးပုံကြီးကို ကျော်လွန်ပြီး အရှိန်ဖြင့် ပြေးဝင်လာချိန်၌ သူသည် အနည်းငယ် ရင်းနှီးပုံရသော ပုံရိပ်တစ်ခုကိုသာ မြင်တွေ့လိုက်ရသည်။
ဖုနန်ထျန်းသည် များစွာစဉ်းစားမနေနိုင်တော့ချေ။
ကယ်တင်ရှင် ရောက်လာပြီဟုသာ သူ တွေးတောလိုက်၏။ သူသည် စွမ်းအားကုန်အသုံးပြုကာ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် အသံပေးပို့လိုက်သည်။
"တာအိုရောင်းရင်း... အဲ့ဒီ အကြွင်းအကျန်စိတ်ဝိညာဉ်က အရမ်းအားနည်းနေပြီ... နောက်ထပ် တစ်ချက် တိုက်ခိုက်ရုံပဲ... နောက်ထပ် တစ်ချက်ပဲ"
သူသည် အဝေးသို့ စူးစိုက်၍ကြည့်လိုက်ရာ လျင်မြန်စွာ ရွေ့လျားနေသော ပုံရိပ်သည် သူ၏ မျက်လုံးနှင့်စိတ်အာရုံကို ဖမ်းစားထားသည်။ ထိုလူသည် မယုံနိုင်လောက်အောင် လျင်မြန်စွာ ရွေ့လျားနေပြီး မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် အကြွင်းအကျန်ဝိညာဉ်ထံသို့ ရောက်ရှိသွားသည်။ ထို့နောက် ထိုလူသည် သူ၏ဓားကို ဒေါင်လိုက်ဝှေ့ယမ်းလိုက်ပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။
"သောက်ချေးပဲ"
ဤသည်မှာ ရိုင်းစိုင်းပြီး ရှင်းပြ၍မရနိုင်သော စကားစုတစ်ခု ဖြစ်သော်လည်း အဆုံးမရှိသော ဒေါသနှင့် ဖော်ပြရန်မစွမ်းသော ကျေနပ်မှုများကို ပုံချလိုက်သည့်အလားပင်။
သူသည် ဓားချီအလင်းတန်းကြောင့် အကြွင်းအကျန်စိတ်ဝိညာဉ် ပျက်စီးသွားပြီး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။
ဖုနန်ထျန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ယနေ့၏ထူးခြားသော တွေ့ဆုံမှုအတွက် သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည်။ သူ၏ကျေးဇူးတင်စကားကို အသံပေးပို့ရန် ဟန်ပြင်လိုက်စဉ်မှာပင် ထိုလူသည် ဖြည်းညှင်းစွာ နောက်လှည့်လာပြီး မျက်နှာပေါ်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည်ကို သူ မြင်တွေ့လိုက်ရသည်။
ဒေါသများဖြင့် ပြည့်နှက်နေသော ထိုရင်းနှီးသည့် မျက်နှာကို မြင်လိုက်မိချိန်၌ ဖုနန်ထျန်း ချက်ချင်းကြက်သေသေသွားသည်။
"မင်း... မင်းပါလား ကောင်လေး.."
ယခုရောက်ရှိလာသူမှာ ရီဖုန်းပင်။