← Chapters

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

အခန်း (၁၀၀၉)

Vol. 68 Ch. 1009

ရီဖုန်း၏မျက်နှာသည် ခံစားချက်ကင်းမဲ့နေပြီး သူ၏မျက်လုံးများသည် ငါးသေမျက်လုံးများအလားပင်။

သူသည် သူ၏ မီတာလေးဆယ်ရှည်သော ဓားကြီးကို သိမ်းလိုက်ပြီး စကားတစ်ခွန်းမျှမဆိုဘဲ ကျောက်တုံးပုံကြီးအနီးသို့ ချဉ်းကပ်သွားကာ ဖုနန်ထျန်းကို ဆွဲထုတ်လိုက်သည်။

ဖုနန်ထျန်းသည် သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ရပ်လိုက်သည့် အချိန်အထိ မည်သို့မျှ မတုံ့ပြန်နိုင်သေးချေ။

ဒီဇာတ်ကွက်က မမှန်ဘူးလေ...

ဤသည်မှာ ရီဖုန်း အန္တရာယ်နှင့်ကြုံတွေ့ရပြီး သူ ဝင်ရောက်ကာ စွမ်းရည်ပြရမည့်အလှည့် မဟုတ်လော...

မည်သည်ကြောင့် သူသည် ဒုက္ခရောက်လုနီးပါး ဖြစ်ကာ ဤကောင်လေးသည် အခွင့်ကောင်းယူပြီး ဝင်ရောက်၍ ဟန်ရေးပြသွားရသနည်း..

သောက်ကျိုးနည်းကွာ....

ဖုန်မှုန့်များ ပေကျံနေသော သူ့ကိုယ်သူ ငုံ့ကြည့်ပြီးနောက် ဖုနန်ထျန်း၏မျက်နှာ နီမြန်းသွားပြီး အလျင်အမြန် ရှင်းပြလိုက်သည်။

"အမ်..."

"ကောင်လေး... မင်း အထင်မလွဲနဲ့... ငါ့ရဲ့ ကျင့်ကြံဆင့်က အရမ်းစွမ်းအားကြီးတယ်... ငါက သတိလက်လွတ် ဖြစ်သွားပြီးတော့ ဒီလောကကြီးမှာ ဒီလို နတ်ဘုရားစွမ်းရည်မျိုး ရှိမယ်လို့ မထင်ထားခဲ့ဘူး... အဲဒါကြောင့် ငါက ကျောက်တုံးတွေရဲ့အောက်ကို ရောက်သွားပြီးတော့ ဒီအကြွင်းအကျန်စိတ်ဝိညာဉ်က လှည့်စားမှုနဲ့ အသာစီးရသွားတာပဲ"

"ကျင့်ကြံခြင်းနဲ့ စစ်မှန်တဲ့ စွမ်းအားအရဆိုရင် သူက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး"

"မင်း အချိန်ကိုက် ရောက်လာတာက ကံကောင်းလို့ပါ... ငါက သူ့ကို အရင်မတိုက်ခိုက်ခဲ့ဘဲနဲ့ သူရဲ့တာအိုစွမ်းအား ကိုးဆယ့်ကိုးရာခိုင်နှုန်းလောက်ကိုသာ ကုန်ခမ်းမသွားစေခဲ့ရင် မင်းရဲ့မပြောပလောက်တဲ့ ကျင့်ကြံဆင့်လောက်နဲ့ သူ့ရဲ့ အမွှေးတစ်မျှင်ကိုတောင် ထိခိုက်စေနိုင်မှာ မဟုတ်ဘူး"

ဖုနန်ထျန်း၏ခန္ဓာကိုယ်တစ်ခုလုံး၌ ဖုန်မှုန့်များ ပေကျံနေသော်လည်း သူသည် မယုံနိုင်လောက်အောင် ခေါင်းမာနေဆဲပင်။

အကယ်၍ ကျင့်ကြံခြင်းကို ကြွားဝါခြင်းဖြင့် တိုင်းတာရမည်ဆိုလျှင် ဖုနန်ထျန်းသည် အမှန်တကယ်ကို အစွမ်းအထက်ဆုံး ဘုရင်အဖြစ် သရဖူဆောင်းနိုင်ပေမည်။

သို့ရာတွင် ရီဖုန်းထံ၌ စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေပြီး အဘိုးအို၏ကြွားဝါသံများကို နားထောင်ရန် အချိန်မရှိချေ။

ဤအဘိုးအိုသည် အဆင်ပြေနေပြီး သံချောင်းတစ်ချောင်းကဲ့သို့ မတ်မတ်ရပ်နိုင်သည်ကို မြင်တွေ့ချိန်၌ သူသည် ပေါ့ပေါ့ပါးပါး တုံ့ပြန်အဖြေပေးလိုက်၏။

"အင်း.."

ရီဖုန်း၏တုံ့ပြန်မှုသည် အလွန် ပေါ့ပျက်ပျက်နိုင်လွန်းသဖြင့် အစောပိုင်းက ပြောဆိုခဲ့သည်များကို လုံးလုံးလျားလျား မယုံကြည်ကြောင်း ပြသနေသည်။

ဖုနန်ထျန်းသည် အလွန်ဒေါသထွက်နေသဖြင့် သူ၏မုတ်ဆိတ်မွှေးများ ထောင်ထလာသော်လည်း သူ ပြန်လည်၍ မချေပနိုင်ချေ။

ကံဆိုးခြင်း သို့မဟုတ် မတော်တဆမှု တစ်ခုခုကြောင့် သူသည် တစ်စုံတစ်ယောက်၏ရှေ့တွင် ရယ်စရာဟာသကြီး ဖြစ်သွားခဲ့ရပြီး အစီအစဥ်တစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ဖုနန်ထျန်းသည် သူ၏စိတ်ဝိညာဉ် ထိခိုက်နာကျင်မှုကို ခံစားလိုက်ရသဖြင့် ဆက်လက်၍ ဟန်မဆောင်နိုင်တော့ဘဲ အံ့တင်းတင်းကြိတ်လိုက်သည်။

ယနေ့၌ ရှေးဟောင်းစင်္ကြန်လမ်းသည် အလွန် ထူးဆန်းနေပေ၏။ အကယ်၍ သူတို့သာ ရှေ့သို့ဆက်သွားပြီး နောက်ထပ်စွမ်းအားကြီးသော အကြွင်းအကျန်စိတ်ဝိညာဥ်တချို့နှင့် ထပ်မံ၍ ကြုံတွေ့ရပါက သူ သေချာပေါက် သေဆုံးရပေလိမ့်မည်။

ရှေးဟောင်းကျင့်ကြံသူများ၏ တိုက်ခိုက်ရေးစွမ်းရည်ကို သူကိုယ်တိုင် မျက်မြင်တွေ့ရှိခဲ့ရသဖြင့် သူသည် သူ့ကိုယ်သူ အလွန်အကျွံ ယုံကြည်ရဲခြင်း မရှိတော့ပေ။

ဖုနန်ထျန်း၏မျက်နှာကို ရှုံ့မဲ့နေပြီး အသက်ရှူချိန် အနည်းငယ်ကြာမျှ စဉ်းစားပြီးနောက် သူသည် ရီဖုန်းကို ပြန်လှည့်ကြည့်လိုက်သည်။ သူသည် သူတော်စင်တစ်ယောက်၏အရှိန်အဝါကို ထိန်းသိမ်းထားကာ တင်းမာစွာ အကြံပြုရန်မှတပါး သူ့ထံ၌ တခြားရွေးချယ်စရာ မရှိတော့ချေ။

"ကောင်လေး... ဒီနေ့ ဒီမှာပဲ ရပ်လိုက်ကြစို့... နောက်တစ်နေ့ကျရင် ငါက မင်းကို အမြင်ကျယ်သွားအောင် ထပ်ပြီးခေါ်လာအုံးမယ်... ရှေးဟောင်းကျင့်ကြံသူတွေရဲ့ ကြောက်မက်ဖွယ် ကောင်းပုံတွေကို မင်းကို ပြသပြီးတော့ ငါ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို မင်း မြင်တွေ့ခွင့်ရစေမယ်"

ဖုနန်ထျန်း၏ သူ့ကိုယ်သူ ဖိအားပေး၍ ပြောဆိုလိုက်သော စကားများသည် မယုံနိုင်လောက်အောင် လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ဤသည်မှာ သူ၏ အကန့်အသတ်ပင်။

ထိုကဲ့သို့ အန္တရာယ်ရှိသော အဖြစ်အပျက်နှင့် ကြုံတွေ့ရပါက တခြားသူများဆိုလျှင် တာအိုနှလုံးသား တုန်လှုပ်သွားနိုင်ပြီး နောက်တစ်ကြိမ် လာဝံ့သူဟူ၍ အလွန်ရှားပါးသွားပေလိမ့်မည်။

သို့ရာတွင် ဤတပည့်ကို လက်ခံနိုင်ရန်အတွက် သူ ဤကဲ့သို့ ကြွားဝါရပေမည်။

သူသည် ဒဏ်ရာများကို ခံစားနေရသော်လည်း သူသည် ထိပ်သီးကျင့်ကြံသူတစ်ဦး၏ အမူအယာကို ဆက်လက်၍ ထိန်းသိမ်းထားဆဲပင်။

သို့ရာတွင် ရီဖုန်းသည် စိတ်ပါဝင်စားခြင်း မရှိဘဲ ယဉ်ကျေးမှုအရ ပြန်လည်၍အဖြေပေးလိုက်ပြီး သူ၏လေသံတွင် ဖော်ပြရန်မစွမ်းသော ဝမ်းနည်းမှုများ ရောယှက်နေသည်။

"ဟူး... ထားလိုက်ပါတော့..."

ဖုနန်ထျန်းသည် မောက်မာထောင်လွှားစွာဖြင့် နောက်သို့လှည့်ကြည့်လိုက်ပြီး တိုက်ခိုက်လိုစိတ် ပျောက်ဆုံးနေသော သူ၏အနာဂတ်တပည့်ကို ဆုံးမရန်နှင့် တစ်ချိန်တည်းမှာပင် သူ၏ကြံ့ခိုင်သော တာအိုနှလုံးသားကို သရုပ်ပြရန် ဟန်ပြင်လိုက်၏။

မမျှော်လင့်ဘဲ ရီဖုန်းက ဦးစွာပြောဆိုလိုက်ပြီး ညည်းတွားလိုက်သည်။

"ဒီနေရာက မကောင်းပါဘူး... ကျွန်တော်က အဲ့ဒီလမ်းကို ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် လျှောက်ပြီးပြီ... ရှုခင်းလှတာကလွဲရင် ဘာမှ မတွေ့ဘူး... သာမန်ပါပဲ.."

မကောင်းဘူးဟု ဆိုသလော....

ထို့ပြင် သူသည် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် လမ်းလျှောက်ပြီးပြီဟု ဆိုသလော...

နားထောင်ကြအုံး... ဒါတွေက လူတစ်ယောက် ပြောတဲ့ စကားတွေလား...

ဖုနန်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားပြီး သူ သွေးတစ်လုတ် အန်ထုတ်မိလုနီးပါးပင်။

သူသည် အစမှအဆုံးထိ အလွန်သတိထားပြီး ဂရုစိုက်ခဲ့သော်လည်း လမ်းပိုင်းတိုလေး တစ်ခုကိုသာ လျှောက်လှမ်းနိုင်ခဲ့သည်။ ထို့နောက် သူသည် မယုံနိုင်လောက်အောင် အစွမ်းထက်သော အကြွင်းအကျန်စိတ်ဝိညာဉ်နှင့် တွေ့ဆုံကာ သူ၏အသက် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့လေ၏။

သို့ရာတွင် ဤကောင်လေးက ဝင်ရောက်၍ ဟန်ရေးပြသွားခဲ့သည်။

ထိုကိစ္စကို ဘေးဖယ်ထားလျှင်ပင် သူသည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းစင်္ကြန်လမ်းကို ခရီးသွားဆွဲဆောင်မှုရှိသော နေရာတစ်နေရာအလား ပေါ့ပေါ့တန်တန်ပင် ပြောဆိုနေသည်။

မည်မျှထိ စိတ်ပျက်ဖွယ် ကောင်းသနည်း...

ဖုနန်ထျန်းသည် နာမည်ကျော်ကြားလာစဥ်ကတည်းက ဤမျှထိ စိတ်ပျက်အားငယ်ခြင်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မခံစားခဲ့ရဖူးချေ။

သူ အသက်လု တိုက်ခိုက်နေရချိန်တွင် တခြားတစ်ယောက်ကမူ ပျင်းရိငြီးငွေ့နေသည်။ ထိုလူငယ်၏ လေသံနှင့်အမူအယာအရ အမှန်တကယ်ဖြစ်ပုံရကာ နောက်တစ်ကြိမ် ထပ်လာရန် စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးသွားပုံပင်။

လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ကံတရားကွာဟချက်က ဘာလို့ ဒီလောက်တောင် ကြီးမားနေရတာလဲ...

သူတို့နှစ်ယောက်လုံး ရှေးဟောင်းလျှို့ဝှက်နယ်မြေထဲသို့ ဝင်ခဲ့ကြသည်။ လူတစ်ယောက်က အသက်ဆုံးရှုံးလုနီးပါး ဖြစ်ပြီး မျက်နှာပျက်ခဲ့ရသည်။ တခြားတစ်ယောက်ကမူ လုံးလုံးလျားလျားအဆင်ပြေနေပြီး တခြားလူကို ဒေါသထွက်ပြီး သေစေနိုင်လောက်သည့် စကားများအား ပြောဆိုနေပေ၏။

ထို့ပြင် သူသည် တစ်ဖက်လူကို အပြစ်တင်၍လည်း မရချေ။ အကြောင်းအရင်းမှာ ရှေးဟောင်းစင်္ကြန်လမ်းခရီးစဉ်ကို စတင်ခဲ့သူသည် သူကိုယ်တိုင် ဖြစ်နေသောကြောင့်ပင်။

ဖုနန်ထျန်းသည် တွေးလေလေလေ ဒေါသထွက်လေလေ ဖြစ်လာပြီး ကိုယ့်ခြေထောက်ကိုကိုယ်လှံနှင့်ထိုးစိုက်မိသကဲ့သို့ စိတ်ပျက်အားငယ်မှုကိုသာ ခံစားနေရသည်။

သူသည် စကားတစ်ခွန်းမျှ မပြောနိုင်ဘဲ ရီဖုန်းကို အချိန်အတော်ကြာ စူးစိုက်၍ကြည့်လိုက်သည်။

သူသည် အသက်ပြင်းပြင်းရှိုက်လိုက်ပြီး နောက်ဆုံးတွင် သူ၏မလိုလားမှုများကို ဖိနှိပ်လိုက်သည်။

"အင်း... ဒီလိုဆိုရင် အရင်ပြန်ကြတာပေါ့"

ထိုသို့ပြောဆိုနေရင်း ဖုနန်ထျန်းသည် တစ်စုံတစ်ခုကို သတိရသွားပုံရကာ သူ၏ မျက်နှာအမူအယာ အနည်းငယ် ကောင်းမွန်လာသည်။

"အဟမ်း..."

"ကောင်လေး... ငါ ချဲ့ကားပြောနေတာတော့ မဟုတ်ဘူး... ဒါပေမဲ့ ဒီရှေးဟောင်းစင်္ကြန်လမ်းက တကယ်ကို အရမ်းအန္တရာယ်များတယ်... သူတော်စင်တစ်ပါးတောင် ဘေးကင်းကင်းနဲ့ ထွက်ခွာဖို့ ခက်ခဲတယ်... ပြီးတော့ ထွက်ပေါက်နဲ့ ပတ်သက်ရင် ဗဟုသုတကြွယ်ဝတဲ့ ထိပ်သီးပညာရှင်တစ်ယောက်ကပဲ ရှာတွေ့နိုင်လိမ့်မယ်"

"ဒါက ယင် ယန် နဲ့ ဓာတ်ကြီးငါးပါးကို ကျွမ်းကျင်ရမယ်... ပြီးတော့..."

သူသည် ထွက်ပေါက်ကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ အရှက်ပြန်ဆယ်ရန် ပြင်ဆင်နေကာ မရပ်မနားဖြင့် နည်းဗျူဟာကျကျ အနည်းငယ် ချဲ့ကားပြောဆိုလိုက်သည်။

သူသည် အခြေအနေကို လုံးလုံးလျားလျား ပြောင်းလဲနိုင်ခြင်း မရှိကာ သူ စီစဉ်ထားသော မျှော်လင့်ချက်များထက် အနည်းငယ် လျော့နည်းနေသော်လည်း သူသည် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ဆဲပင်။

ဤကောင်လေးကို ရှေးဟောင်းစင်္ကြန်လမ်းထဲမှ ခေါ်ထုတ်သွားနိုင်သမျှ ကာလပတ်လုံး နောင်တစ်ချိန်တွင် ပြောစရာ ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်...

ဖုနန်ထျန်း၏မျက်နှာအမူအယာ တဖြည်းဖြည်း ပျော့ပျောင်းလာပြီး သူ၏မျက်လုံးများ တောက်ပလာချိန်တွင်....

ရီဖုန်းသည် သူ၏ငါးသေမျက်လုံးများကို မော့ကြည့်ပြီး ရုတ်တရက် ပြောဆိုလိုက်သည်။

"ကျွန်တော် ထွက်ပေါက်ကို သိတယ်..."

ဖုနန်ထျန်း၏စကားလုံးများသည် လည်ချောင်းတွင် တစ်ဆို့သွားပြီး ယခုလေးတင် ထွက်ပေါ်လာသော သူ၏မျက်နှာပေါ်မှအပြုံး အေးခဲတောင့်တင်းသွားသည်။

"မင်း သိတာလား..."

ထို့နောက် အဘိုးအို၏မျက်နှာ မည်းမှောင်သွားပြီး ခက်ထန်တင်းမာသော အမူအယာဖြင့် ရီဖုန်းကို စူးစိုက်၍ကြည့်လိုက်၏။

"မင်းက ဘယ်လိုလုပ် သိနိုင်မှာလဲ"

"ဒီကိစ္စက သေရေးရှင်ရေးနဲ့ သက်ဆိုင်တယ်... မင်း ပေါ့ပေါ့ဆဆ ပြောလို့မရဘူး... ဒီ ရှေးဟောင်းစင်္ကြန်လမ်းရဲ့ထွက်ပေါက်မှာ နက်နဲတဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေတယ်... ယင် ယန် နဲ့ ဓာတ်ကြီးငါးပါးကို နားမလည်ရင်..."

ရီဖုန်းသည် ထိုအဘိုးအို၏ ပွစိပွစိပြောဆိုသံများကို နားထောင်ရန် စိတ်မပါတော့ဘဲ တီးတိုးတုံ့ပြန်အဖြေပေးလိုက်သည်။

"ကျွန်တော် အရင်က ဒီလမ်းကို အကြိမ်ကြိမ် လျှောက်ဖူးတယ်... ပြီးတော့ ထွက်ပေါက်ကို ရှာတွေ့ထားပြီးသားပဲ.. "

လျှောက်... လျှောက်ဖူးတယ် အကြိမ်ကြိမ် ဟုတ်လား...

ဖုနန်ထျန်းသည် မိုးကြိုးပစ်ခတ်ခံရသည့်အလား ကြက်သေသေသွားသည်။

သူသည် ရီဖုန်းကို တဖန်ပြန်ကြည့်လိုက်ရာ ထိုကောင်လေးထံတွင် ထိခိုက်ဒဏ်ရာ မရှိသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်စွာနှင့် အလျင်စလို မေးမြန်းလိုက်သည်။

"မင်း တကယ်ကြီး ပြောနေတာလား..."

ရီဖုန်းသည် စိတ်မကြည်မသာဖြင့် ပခုံးတွန့်ပြီး ပြောဆိုသည်။

"အဲ့ဒါက ဘာများ ထူးဆန်းလို့လဲ... ကျွန်တော့်ဘက်မှာ အသွားအပြန် လမ်းတစ်လမ်းတည်း ရှိတာ... ကျွန်တော် အနည်းဆုံး ငါးခါ ခြောက်ခါလောက် လျှောက်ပြီးပြီ... ထွက်ပေါက်ကို ဘယ်လိုလုပ် မတွေ့ဘဲ နေမှာလဲ"

ဂလု...

ဖုနန်ထျန်းသည် တစ်စုံတစ်ခု ပြောချင်သော်လည်း တံ့တွေးမြိုချရုံသာ တတ်နိုင်တော့သည်။

သူ၏ရှေ့ရှိ လူငယ်လေးကို ကြည့်လိုက်ချိန်၌ သူသည် မွန်းစတားတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပေ၏။ ရှေးဟောင်းစင်္ကြန်လမ်းကို အကြိမ်ကြိမ် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နိုင်သူရှိသည်ဟု သူ ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

သောက်ကျိုးနည်း...

ဒါက ရှေးဟောင်း လျှို့ဝှက်နယ်မြေလေ.. မရေမတွက်နိုင်တဲ့ အစွမ်းထက်ကျင့်ကြံသူတွေ ကျဆုံးခဲ့တဲ့ ရှေးဟောင်း စစ်မြေပြင်မဟုတ်လား...

ဤကောင်လေးသည် အမှန်တကယ်ကို ထိခိုက်ဒဏ်ရာမရှိဘဲ ရှေးဟောင်းစင်္ကြန်လမ်းကို အကြိမ်ကြိမ် လျှောက်လှမ်းခဲ့ပြီး ထွက်ပေါက်ကိုပင် ရှာတွေ့ခဲ့သည်။ ဤကံတရားသည် ကောင်းကင်ဘုံကိုပင် ဖီဆန်နေပြီ မဟုတ်လော....။

ဟူး..

ဖုနန်ထျန်းသည် ယခင်က စိတ်ပျက်အားငယ်ရုံသာ ဖြစ်သော်လည်း ယခုအချိန်၌ ဆဲဆိုလိုစိတ်များ ပေါက်ဖွားလာသည်။

လူတစ်ယောက်နှင့်တစ်ယောက်ကြားတွင် ကွာဟချက်သည် ဤမျှထိ ကြီးမားရန် လိုအပ်သလော..

တစ်စုံတစ်ယောက်၏ကံတရားက မယုံနိုင်လောက်အောင် ကောင်းမွန်နေလျှင်ပင် မည်သည်ကြောင့် ဤကောင်လေး ဖြစ်နေရသနည်း...

ရုတ်တရက် ဖုနန်ထျန်းထံ၌ ဒေါသများဖြင့် ပြည့်နှက်သွားပြီး သူ၏မျက်နှာ စိမ်းပုပ်သွားတော့သည်။

ရလဒ်သည် ဤကဲ့သို့ ဖြစ်လာမည်အား သူ ကြိုသိခဲ့လျှင် သူသည် ကြီးကျယ်ခမ်းနားသော ထုတ်ဖော်ပြသမှု အစီအစဉ်များကို ဆွဲခဲ့မည် မဟုတ်ချေ။

ယခုချိန်၌ သူ၏ဘဝတစ်သက်တာ စုစည်းထားသော ဂုဏ်သိက္ခာများ ပျက်စီးသွားလေပြီ။ သူ ရသင့်သော ဟန်ရေးပြခွင့်ကို အနာဂတ်တပည့်က လုယူသွားလေပြီ။ ထို့နောက် သူ ကြွားဝါရန် နောက်ဆုံးအခွင့်အရေးကိုလည်း တပည့်လေးက ယူသွားပြန်လေပြီ။

တပည့်ဖြစ်သူသည် တစ်ချိန်လုံး ဟန်ရေးပြနေပြီး ဆရာဖြစ်သော သူကမူ ဖုန်မှုန့်များပေကျံကာ သနားဖွယ်ကောင်းနေပြီး စကားမပြောနိုင်အောင် စိတ်ပျက်အားငယ်နေရကာ သူတို့၏ နေရာများသည် လုံးလုံးလျားလျား ပြောင်းပြန် ဖြစ်သွားပေ၏။

ဘယ်သူက ဘယ်သူ့ကို တပည့်အဖြစ် လက်ခံနေတာလဲ....

ဒါက ဘယ်လိုဘေးကပ်ဆိုးမျိုးလဲ...

တပည့်လက်ခံဖို့ ကြီးကျယ်ခမ်းနားတဲ့ စွမ်းအားထုတ်ဖော်ပြသမှုလား... ဒါက ရယ်စရာကြီး ဖြစ်နေပြီ....

ဖုနန်ထျန်း၏နှုတ်ခမ်းများ အချိန်အတော်ကြာတုန်ခါနေသော်လည်း သူသည် စကားတစ်ခွန်းမျှ မပြောနိုင်ချေ။

ရီဖုန်းသည် အဘိုးအို မယုံကြည်ဟု တွေးထင်ကာ စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်လိုက်သည်။

"လူအိုကြီး... ထွက်ပေါက်က ကျွန်တော့်ဘက်က လမ်းကြားထဲမှာ ရှိတယ်...ခင်ဗျားဘက်ခြမ်းကို ကျွန်တော် သွားမကြည့်ရသေးဘူး... ကျွန်တော် ဒီဘက်ကို သွားကြည့်လိုက်မယ်... ပြီးတော့ ထွက်သွားဖို့ အနီးဆုံးလမ်းကို ရွေးကြမလား"

ဟူး...

ဖုနန်ထျန်းသည် ဤစကားများကို ကြားချိန်၌ ဒေါသကြောင့် အံ့တင်းတင်းကြိတ်လိုက်၏။

မရေမတွက်နိုင်တဲ့ ပါရမီရှင် လှောင်ပိတ်မိနေတဲ့ လျှို့ဝှက်နယ်မြေက မင်းရဲ့မျက်လုံးထဲမှာတော့ သောက်ကျိုးနည်း ပန်းခြံတစ်ခုလို ဖြစ်နေတာပေါ့လေ... ထွက်ပေါက်တစ်ခု ရှာတွေ့တာတင် မင်းက မကျေနပ်ဘဲနဲ့ အနီးဆုံးတစ်ခုကိုတောင် ရွေးအုံးမယ်တဲ့လား....

ဖုနန်ထျန်းသည် ရီဖုန်းကို အေးစက်တင်းမာစွာ စိုက်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ထူးဆန်းသော သတ္တဝါသန်းပေါင်းများစွာ၏ပုံရိပ်များဖြင့် ပြည့်နှက်နေပြီး သူ၏အူများ စိမ်းပုပ်သွားသည်အထိ နောင်တရနေကာ ချက်ချင်းဆိုသလိုပင် သူ၏မျက်လုံးအကြည့် တင်းမာခက်ထန်သွားသည်။

သူသည့် သူ့ကိုယ်သူ ပါးနှစ်ချက် ပြင်းပြင်းထန်ထန် ဖြတ်ရိုက်လိုက်၏။

ရီဖုန်းသည် ပါးရိုက်သံနှစ်ချက်ကို ကြားလိုက်ရပြီးနောက် ကြောင်အသွားသည်။

သွားပြီ... ဒီအဘိုးကြီး ရူးသွားပြီ...

သူသည် အချိန်ဆွဲမနေရဲတော့ဘဲ ဖုနန်ထျန်းကို ညာဘက်လမ်းကြားသို့ တန်းတန်းမတ်မတ် ခေါ်သွားလိုက်သည်။

သူသည် လမ်းကြောင်းကို အလွန်ကျွမ်းကျင်နေပြီး လမ်းအခြေအနေအမျိုးမျိုးကို အဆက်မပြတ် ထောက်ပြကာ နောက်ဆုံးတွင် မျက်နှာစိမ်းနေသော အဘိုးအိုဖုကို ရှေးဟောင်းစင်္ကြန်လမ်းဟု ခေါ်ဆိုသော နေရာမှ ခေါ်ထုတ်လာခဲ့သည်။

All Chapters