← Chapters

အခန် (၁၀၁၀)

Vol. 68 Ch. 1010

အခန် (၁၀၁၀)

Vol. 68 Ch. 1010

မျက်တောင်တစ်ခတ်စာအတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့လေပြီ။

တောင်ခြေရင်းရှိ ရွာကလေးတွင် ကြက်တွန်သံများ ထွက်ပေါ်လာပြီး နံနက်ခင်းနေရောင်ခြည်သည် စတင်၍ တောက်ပလာပေ၏။

ရီဖုန်းသည် သူ၏မျက်လုံးများကို ဖွင့်လိုက်ပြီး တံခါးကို တွန်းဖွင့်ကာ နေ့သစ်ကို ကြိုဆိုရန် ပျင်းရိစွာ အကြောဆန့်လိုက်သည်။

"ဟူး..."

သူသည် ကျေနပ်အားရစွာဖြင့် သက်ပြင်းရှည်ကြီး ချလိုက်ပြီး လတ်ဆတ်သော နံနက်ခင်း လေကို ရှူရှိုက်လိုက်ရာ တက်ကြွလန်းဆန်းမှုကို ခံစားလိုက်ရသည်။

လွန်ခဲ့သော ရက်အနည်းငယ်က သူသည် သေလမ်းရှာရန် အလွန်အလုပ်ရှုပ်နေခဲ့သဖြင့် ယခုကဲ့သို့ အပန်းဖြေနားနေရန် အခွင့်အရေးမျိုး ရှားပါးခဲ့သည်။

နံနက်ခင်းနေရောင်ခြည်အောက်တွင် နေပူစာလှုံပြီး လယ်သမားအိမ်ခြံဝန်းငယ်လေးထဲတွင် လမ်းလျှောက်နေရခြင်းသည် အတိတ်က အေးချမ်းသော အချိန်ကာလများသို့ သူ ပြန်ရောက်သွားသကဲ့သို့ ခံစားရပြီး အလွန်ရင်းနှီးကာ လွမ်းဆွတ်ဖွယ်ကောင်းသည်။

မသိလိုက်မသိဘာသာဖြင့် ရီဖုန်း၏ စိတ်ခံစားချက်များ သိသိသာသာ လွတ်လပ်ပေါ့ပါးလာသည်။

သူသည် ပြုံးလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်၏။

သူ၏မျက်နှာချင်းဆိုင်ရှိ တံခါးသည် ပွင့်နေသဖြင့် ထိုအဘိုးအိုသည် အိပ်ရာထသည်မှာ ကြာမြင့်နေပြီဖြစ်ကြောင်း သိသာထင်ရှားသည်။

သူ လှည့်ကြည့်လိုက်ရာ အဘိုးအိုသည် စွမ်းအားများဖြင့် ပြည့်ဝနေပြီး အခန်းထဲသို့ အကြိမ်ကြိမ် ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအဘိုးအိုသည် မည်သည့် ဒဏ်ရာမှ မရရှိထားသည့်အပြင် ရူးသွပ်နေခြင်းလည်း မရှိတော့ချေ။

ရီဖုန်း စိတ်သက်သာရာ ရသွားသည်။

သူသည် ခြေလက်များကို အကြောဆန့်ရင်း ခြံဝန်းထဲတွင် လမ်းလျှောက်နေလိုက်သည်။

ရက်အနည်းငယ် နေထိုင်ပြီးနောက် သူသည် ဤလယ်သမားအိမ်ခြံဝန်းငယ်လေးနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။

သူသည် ခြံဝန်းထဲရှိ ကျောက်စားပွဲတွင် အေးအေးဆေးဆေး ထိုင်ကာ နံနက်ခင်း အလင်းရောင်အောက်ရှိ ပန်းများကို ကြည့်ရှုပြီး ရွာမှထွက်ပေါ်လာသော အသံအမျိုးမျိုးကို နားထောင်နေသည်။

ကြက်တွန်သံများ ငှက်များ၏ တေးသီသံများနှင့် အဝေးမှ လူများ၏ရယ်မောသံများ ပဲ့တင်ထပ်နေပေ၏။

ဤကဲ့သို့ ပတ်ဝန်းကျင်တွင် ရှိနေရခြင်းကြောင့် သူ၏စိုးရိမ်ပူပန်မှုများအားလုံးကို ယာယီဘေးဖယ်ထားနိုင်သည်။

ခြံဝန်းထဲရှိ နှင်းဆီပန်းခင်းတစ်ခုသည် အဖူးအငုံများ ထွက်နေပြီး ခူးဆွတ်ရန် အဆင်သင့်ဖြစ်နေသည့်အလားပင်။

ထိုကဲ့သို့ လှပသော မြင်ကွင်းကို မြင်တွေ့ရချိန်၌ ရီဖုန်း အလွန်စိတ်ကြည်နူးသွားသည်။

ဤအဘိုးအိုသည် တစ်ခါတစ်ရံ၌ ထူးဆန်းသော်လည်း ပန်းများနှင့်သစ်ပင်များကို စိုက်ပျိုးတတ်သော အကျင့်ကောင်းတချို့ ရှိနေသည်။ နှင်းဆီပန်းများ စိုက်ပျိုးထားခြင်းသည် အနည်းငယ် ပုံစံမကျသကဲ့သို့ ရှိသော်လည်း ထူးခြားသော မွှေးပျံ့သည့်ရနံ့ကို ရှူရှိုက်မိချိန်၌ ရီဖုန်းသည် စူးစမ်းလိုစိတ် မဖြစ်ဘဲ မနေနိုင်တော့ချေ။

သူ အနီးကပ် သွားကြည့်ရန် ပြင်ဆင်လိုက်စဉ် နောက်ထပ် ဆွဲဆောင်မှုရှိသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။

ပြင်းရှပြီး မွှေးပျံ့သော အစားအစာရနံ့သည် ရီဖုန်း၏ အစာစားချင်စိတ်ကို ချက်ချင်းနှိုးဆွလိုက်ပြီး သူ၏ဗိုက်ထဲမှ အသံများ ဆူညံစွာ ထွက်ပေါ်လာသည်။

သူ ထိုအနံ့အတိုင်း လိုက်ရှာခဲ့ရာ နောက်ဆုံးတွင် မီးဖိုချောင်အတွင်း၌ အလုပ်ရှုပ်နေသော ဖုနန်ထျန်းကို မြင်တွေ့လိုက်ရသည်။

တံခါးဝတွင်ရပ်ရင်း ရီဖုန်းသည် မျက်လုံးအပြူးသားဖြင့် စူးစိုက်၍ ကြည့်လိုက်မိသည်။

မီးဖိုချောင်အတွင်းရှိ မီးဖိုနံဘေးတွင် ဆံဖြူ အဘိုးအိုသည် သွက်သွက်လက်လက် လှုပ်ရှားနေပေ၏။ သူသည် ကြမ်းတမ်းသော လူတစ်ယောက်နှင့် တူညီသော်လည်း ပန်းများနှင့် ငှက်များ ပန်းထိုးထားသော ခါးစည်းကို ဝတ်ဆင်ထားသဖြင့် သူ့ကိုကြည့်ရသည်မှာ သိမ်မွေ့ပြီး ကျွမ်းကျင်သူတစ်ဦးကဲ့သို့ ဖြစ်နေသည်။

ပထမဆုံး ကြည့်လိုက်လျှင် သူသည် အိမ်တွင်း စားဖိုမှူးတစ်ဦးနှင့် အမှန်တကယ်ကို တူညီသည်။

သူ၏ ဝတ်စားဆင်ယင်မှုနှင့်အပြုအမူများသည် အခြားသူများကို ရယ်မောစေလောက်အောင် အံ့အားသင့်စရာ ကောင်းနေလေပြီ။ သို့ရာတွင် အဘိုးအိုသည် ရီဖုန်းကို သတိမထားမိသကဲ့သို့ တည်ငြိမ်နေပြီး သီချင်းတစ်ပုဒ်ကို ညည်းဆိုကာ ချက်ပြုတ်ခြင်းကိုသာ အာရုံစိုက်နေသည်။

သူသည် အလွန်စိတ်ကျေနပ်နေပုံရပြီး ထိုကိစ္စကို အပြည့်အဝ နှစ်သက်သဘောကျနေသည့်အလားပင်။

ဒီလူအိုကြီးက စားဖိုမှူးကြီး ဖြစ်နေတာလား....

ရီဖုန်းသည် စူးစမ်းလိုစိတ်ကြောင့် စိတ်ရှည်လက်ရှည် စောင့်ကြည့်လိုက်သည်။

ဖုနန်ထျန်းသည် လျင်မြန်သော လှုပ်ရှားမှုများကို လုပ်ဆောင်နေပြီး အိုးများ ဒယ်အိုးများနှင့် ယောက်မများ ပျံဝဲနေကာ ဟင်းပွဲငယ်တချို့ ပြီးစီးနေလေပြီ။ ထိုအရာအားလုံးသည် သတ်သတ်လွတ်ဟင်းလျာများ ဖြစ်ပြီး အလွန် သေသပ်သော ပုံဖော်မှုများနှင့် ပြင်ဆင်မှုများ ပါဝင်သည်။

သူ၏ အမြန်နှုန်းနှင့်တင်ဆက်ပုံ နှစ်ခုလုံးသည် အလွန်ထူးချွန်ပြောင်မြောက်ပေ၏။

ဤကျွမ်းကျင်မှု တစ်ခုတည်းဖြင့်ပင် စားဖိုမှူးများ၏ကိုးဆယ်ရာခိုင်နှုန်းထက် သာလွန်နေလေပြီ။

ရီဖုန်းသည် စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး မဆုံးဖြတ်သင့်ကြောင်း တွေးတောကာ အံ့အားတသင့်ဖြင့် ကြည့်နေမိသည်။

သူသည် အခန်းထဲသို့ ဝင်ပြီး ချီးကျူးကာ အစားအစာကို မြည်းစမ်းရန် ဟန်ပြင်လိုက်စဉ်တွင်..

..

ဖုနန်ထျန်းက ထပ်မံ ၍လှုပ်ရှားလိုက်သည်။

သူသည် လက်တစ်ဖက်ဖြင့် ကြက်ဥအများအပြားကို လေထဲသို့ ပစ်တင်လိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် ယောက်မကြီးတစ်ချောင်းကို ကိုင်ထားသည်။

ကြည်လင်ပြတ်သားသော အသံအနည်းငယ်နှင့်အတူ အခွံများသည် ကြက်ဥများမှ ကွဲထွက်သွားပြီး ဆူပွက်နေသော သံအိုးကြီးထဲတွင် ကြက်ဥပန်းပွင့်များ မျောပါနေလေပြီ။

ရုတ်ချည်းဆိုသလိုပင် အဘိုးအို၏မျက်နှာအမူအယာပြောင်းလဲသွားသည်။

သူသည် ယောက်မကြီးဖြင့် ကြက်ဥပန်းပွင့်များထည့်ထားသော ရေနွေးကို အဆက်မပြတ် မွှေပေးနေပြီး သူ၏လှုပ်ရှားမှုများသည် အလွန် နူးညံ့သိမ်မွေ့ကာ ဂရုတစိုက်ရှိပြီး ကြက်ဥများထံ၌ အသက်ရှိသည့်အလားပင်။

အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာ မကုန်မီ အချိန်အတွင်းတွင် ကြီးမားသော သံအိုးကြီးထဲတွင် အသည်းပုံစံ ကြက်ဥပြုတ်နှစ်လုံး ကျက်သွားလေပြီ။

ဝါး... ဒါက "တရုတ်အချက်အပြုတ်စားဖိုမှူး"ရဲ့ ကျေးလက်ဒေသက ချက်ပြုတ်မှုတစ်ခုလိုပဲ....

ရီဖုန်း လုံးလုံးလျားလျား အထင်ကြီးသွားသည်။

သူလည်း ချက်ပြုတ်နိုင်ပြီး ဟင်းပွဲများကို ပြင်ဆင်နိုင်သည်။ အမဲသားခေါက်ဆွဲဆိုလျှင် သူ ပို၍ပင် လျှင်မြန်စွာ လုပ်ဆောင်နိုင်ပေ၏။

သို့ရာတွင် ဤမျှထိ ကြီးမားသော သံဒယ်အိုးကြီးထဲတွင် အသည်းပုံစံ ကြက်ဥပြုတ် များကိုပြုလုပ်ရန်နှင့် ဆန်းပြားသော လှုပ်ရှားမှုများ အားလုံးကို လုပ်ဆောင်ရန်မှာမှာ သူ မည်သို့မျှ မလုပ်နိုင်ချေ။

ဤကျွမ်းကျင်မှု တစ်ခုတည်းကပင် အနည်းဆုံး ဆယ်နှစ်ခန့် ကြိုးစားလေ့ကျင့်ရန် လိုအပ်ပေလိမ့်မည်။

ရီဖုန်းသည် အံ့အားတသင့်ဖြင့် ချီးမွမ်းစကား မပြောဘဲ မနေနိုင်တော့ချေ။

"လူအိုကြီး.. ခင်ဗျားမှာ ဒီလို အရည်အချင်းရှိမှန်း ကျွန်တော် မသိခဲ့ဘူး... တကယ့်ကို အံ့အားသင့်စရာပဲ"

ဖုနန်ထျန်းသည် အသံကြားရာသို့ လှည့်ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ ပြန်မပြောချေ။

ရီဖုန်း၏ချီးကျူးစကားများပင်လျှင် သူ့ကို အာရုံလွှဲပြောင်းသွားစေနိုင်ပုံ မရပေ။

သူသည် ဟင်းပွဲများကို သေသပ်လှပသော အစားအသောက်သေတ္တာများထဲသို့ ကျွမ်းကျင်စွာ ထည့်လိုက်ပြီး ခါးစည်းကို ချွတ်ကာ လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီးနောက် အလျင်စလို ထွက်ခွာသွားသည်။

ရီဖုန်းသည် တစ်ချိန်လုံး လျစ်လျူရှုခံထားရပြီး အဘိုးအို ထွက်ပြေးသွားသည်ကို ဇဝေဇဝါဖြင့် စောင့်ကြည့်ကာ ကျန်နေခဲ့သည်။

"အဲ့ဒါတွေက ကျွန်တော် စားဖို့ မဟုတ်ဘူးလား"

"ခင်ဗျားက ဘာတွေများ ဒီလောက်တောင် လျှို့ဝှက်နေတာလဲ"

ရီဖုန်းသည် စိတ်ပျက်လက်ပျက်ဖြင့် လှမ်းအော်လိုက်သော်လည်း အဘိုးအိုသည် သူ့ကို လျစ်လျူရှုပြီး ပြေးထွက်သွားပေ၏။

အဘိုးအိုသည်လမြင်ကွင်းမှ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရချိန်၌ ရီဖုန်းသည် ဆက်လက်၍ လိုက်ဖမ်းမနေတော့ချေ။

သူ မီးဖိုချောင်ဘက်သို့ ပြန်လှည့်လိုက်ရာ လတ်ဆတ်သော ကြက်ဥအနည်းငယ်နှင့် ကြက်သွန်မြိတ်တစ်စည်း ကျန်နေသည်ကို မြင်တွေ့လိုက်ရသည်။

ရီဖုန်း ပြုံးလိုက်ပြီး သူ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို ချက်ချင်းအသုံးပြုလိုက်ရာ မကြာမီမှာပင် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော အာဟာရပြည့်ဝသည့် လယ်သမားဟင်းလျာတစ်ပွဲ အဆင်သင့် ဖြစ်သွားသည်။

သူ အစားစားပြီးနောက် လက်ဖက်ရည်တစ်ခွက် သောက်လိုက်ရာ ပျော်ရွှင်ဖွယ်ကောင်းပြီး သူ၏စိတ်ကို လန်းဆန်းသွားစေသည်။

ခြံဝန်းထဲတွင် အေးအေးဆေးဆေး ထိုင်ရင်း ရီဖုန်းသည် သက်သောင့်သက်သာရှိမှုကို လုံးလုံးလျားလျား ခံစားနေရသည်။

သူသည် ကြည်လင်သော လက်ဖက်ရည်ကို နောက်တစ်ငုံ သောက်လိုက်ရင်း သူ၏ခန္ဓာကိုယ်ထဲသို့ လူအိုကြီးတစ်ဦး ဝင်ပူးနေသကဲ့သို့ ခံစားရနေရသည်။ သူ့ကိုကြည့်ရသည်မှာ ဘဝကို ကျေနပ်အားရနေသော လူပျင်းတစ်ယောက်နှင့်တူညီပြီး သူ၏ကိုယ်စိတ်နှစ်ပါးလုံး ချမ်းသာသုခဖြင့် ပြည့်စုံနေသည်။

အချိန်တခဏကြာပြီးနောက် သူသည် နှင်းဆီပန်း ရနံ့ကြောင့် နောက်တစ်ကြိမ် ဆွဲဆောင်ခြင်းခံလိုက်ရသည်။

သူသည် စူးစမ်းလိုစိတ်ဖြင့် အနီးကပ် သွားကြည့်လိုက်၏။

နှင်းဆီပန်း၏ပွင့်ချပ်များသည် ကြည်လင်တောက်ပနေပြီး အပြည့်အဝ မပွင့်မီမှာပင် အလွန် နူးညံ့သိမ်မွေ့နေပေ၏။ ထိုကြောင့် ထိုပန်းများကို လက်ဖြင့်ထိတွေ့ချင်စိတ်နှင့် နူးညံသိမ်မွေ့ကို ခံစားလိုစိတ်များ ပေါက်ဖွားလာစေသည်။

သူ လက်လှမ်းလိုက်စဉ်မှာပင် ကျယ်လောင်သည့် အသံတစ်သံက ခြံဝန်းထဲတွင် ပဲ့တင်ထပ်သွားသည်။

"ရပ်လိုက်.."

ရီဖုန်းက လှည့်ကြည့်လိုက်ရာ အဘိုးအိုသည် အစားအသောက်သေတ္တာကို ကိုင်ထားပြီး မျက်မှောင်ကြုတ်ကာ သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဒီလူအိုကြီးရဲ့ကပ်စေးနည်းမှုက တကယ်ကို ပြိုင်ဘက်ကင်းပဲ...

သူ့ကို အစားအစာလည်း မပေးသလို အခု ပန်းတွေကိုတောင် ထိခွင့်မပေးဘူးလား...

ဒါက အသက်ကယ်ခဲ့တဲ့ လူတစ်ယောက်ကို ဆက်ဆံရမယ့် နည်းလမ်း မဟုတ်ဘူး...

ရီဖုန်းသည်လည်း စိတ်ဆိုးသွားပြီး ဆက်လက် ၍လက်လှမ်းရန် ဟန်ပြင်လိုက်သည်။

"ဝှစ်"ခနဲ အသံနှင့်အတူ အဘိုးအိုသည် သူ၏နံဘေးတွင် ထွက်ပေါ်လာပြီး တင်းမာခက်ထန်သော မျက်နှာထားဖြင့် ရီဖုန်း၏လက်ကို ပိတ်ဆို့ဟန့်တားလိုက်သည်။

"ကောင်လေး... မင်း ဒီပန်းတွေကို လုံးဝ ထိလို့မရဘူး"

အဘိုးအိုသည် သူ၏အသက်နှင့် ရင်းကာ ကာကွယ်နေသကဲ့သို့ ပြုမူနေသည်အား မြင်တွေ့ချိန်၌ ရီဖုန်းသည် ထိုအကြံအစည်ကို လက်လျှော့လိုက်ရုံမှတပါး တခြားရွေးချယ်စရာ မရှိတော့ချေ။

"ကောင်းပြီလေ..."

နှင်းဆီပန်း တစ်ပွင့်တည်းပါ... မထိရဘူးဆိုရင်လည်း မထိတော့ပါဘူး...

ဘာပဲဖြစ်ဖြစ် ငါက ပန်းခူးတာတို့ ကနွဲ့ကလျလုပ်တာတို့ကို မကြိုက်ပါဘူး... ငါက စူးစမ်းချင်ရုံ သက်သက်ပဲ...

ရီဖုန်းသည် သဘောတူလိုက်ပြီးနောက် သူ၏လက်ကို နောက်ပစ်ကာ လမ်းလျှောက်ထွက်သွားသည်။ သူသည် ရွာအဝင်တွင် လူများနှင့်စကားပြောကာ နေပူစာလှုံရင်း လူအိုကြီးတစ်ယောက် ဝင်ပူးနေသကဲ့သို့ အေးချမ်းသော ရွာလေး၏ဓလေ့စရိုက်တွင် အပြည့်အဝ အာရုံစိုက်လိုက်သည်။

အဝေးမှနေ၍ ဤအရာအားလုံးကို စောင့်ကြည့်ရင်း...

ဖုနန်ထျန်းသည် သက်ပြင်းရှည်ကြီး ချလိုက်ကာ သူ၏စိတ် လုံးလုံးလျားလျား တည်ငြိမ်သွားသည်။

ရှေးဟောင်းစင်္ကြန်လမ်းမှ ပြန်ရောက်လာသည်မှာ လေးရက်ပြည့်သွားပြီဖြစ်ပြီး သူ၏ ယခင်ကျရှုံးမှုများအားလုံးကို ပြန်လည်၍ သုံးသပ်ကြည့်ရာ နောက်ဆုံးတွင် အရာအားလုံးကို သူ နားလည်သွားခဲ့သည်။

ဤကောင်စုတ်လေး၏ ကံတရားသည် အမှန်တကယ်ကို ကောင်းကင်ဘုံအား အလွန်ဖီဆန်နေသည်။ ထိုကောင်လေးကို တပည့်အဖြစ် လက်ခံရန်အတွက် သူ အလျင်စလို လုပ်၍မရချေ။

ဤကောင်လေး ရွာထဲ၌ ရှိနေသရွေ့ သူ၏စိတ်နေသဘောထားနဲ့ နှစ်သက်မှုများကို ရှာဖွေတွေ့ရှိနိုင်မည့် နည်းလမ်းတစ်ခု သေချာပေါက် ရှိလာပေမည်။ ထိုအချိန်ကျပါက သူ သေချာပေါက် အောင်မြင်လာပေမည်။

ဖုနန်ထျန်းသည် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်စဉ်မှာပင် အသံသတင်းစကားတစ်ခု ရုတ်တရက် ရောက်ရှိလာသည်။

သူသည် မျက်မှောင်အနည်းငယ် ကြုတ်ရင်း ရွာအဝင်ဝသို့ လျှောက်လှမ်းသွားလိုက်၏။

သူနှင့် သက်တူရွယ်တူ အဘိုးအိုအနည်းငယ်နှင့် အဒေါ်ကြီးတစ်ဦးတို့သည် ထိုနေရာ၌ ကြိုတင်၍ စောင့်ဆိုင်းနေကြပြီး သူတို့၏ မျက်နှာများပေါ်တွင် မကျေနပ်မှုများ ထင်ဟပ်နေသည်။

"ဖုနန်ထျန်း... မင်းရဲ့ တန်ဖိုးရှိတဲ့တပည့်က ဘာတွေများ ဒီလောက်ထိ ထူးခြားနေလို့လဲ"

"သူ ရောက်လာကတည်းက သူ့ကို မလန့်သွားအောင် ငါတို့ရဲ့အရှိန်အဝါတွေကို ထိန်းချုပ်ထားရတယ်... ဒီလို ဆက်ဆံမှုမျိုးက ယွင်ရှင်းနယ်မြေတစ်ခုလုံးမှာ လူနည်းနည်းပဲ ရတာ မဟုတ်လား"

"သူက မင်း သူ့ကို ဒီလောက်ထိ တန်ဖိုးထားအောင် လုပ်နိုင်တယ်ပေါ့"

"ငါလည်း သူ့ကို စကားပြောဖူးတယ်... သူက သာမန်ပါပဲ... ဘာမှ မထူးခြားပါဘူး... သူက မင်းရဲ့ တပည့်တောင် မဖြစ်သေးဘူး... ဘာလို့ ဒီလောက်တောင် ဂရုစိုက်နေရတာလဲ"

"ဟုတ်တယ်... ငါလည်း ဘာမှ ထူးခြားတာ မတွေ့ဘူး"

ဖုနန်ထျန်းသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ပြီး တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကာ သူ၏

မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

"ဘာမှ မဟုတ်ပါဘူး... သူက တကယ့်ကို သာမန်ပါပဲ"

သူ ထိုသို့ ပြောဆိုလိုက်သော်လည်း သူ၏စိတ်နှလုံးသားထဲတွင် အလွန်ဝမ်းသာပီတိဖြစ်နေပေ၏။

တခြားလူများသည် ဤကိစ္စကို ထွင်းဖောက်မမြင်နိုင်သော်လည်း သူကမူ အရာအားလုံးကို ရှင်းလင်းစွာ သိနေသည်။

ထိုကောင်လေးသည် မည်သည့် ထူးခြားသော စွမ်းရည်ကိုမျှ မပြသသော်လည်း သူ ကိုယ်တိုင် လေ့လာကြည့်ခဲ့ပြီး ဖြစ်သည်။ ထိုလူငယ်လေးသည် အကန့်အသတ်မဲ့ ကံကြမ္မာရှိသော တည်ရှိမှုကြီးတစ်ခု ဖြစ်ပြီး သူ၏အနာဂတ် အောင်မြင်မှုများသည် သေချာပေါက် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။

ထိုကဲ့သို့ အလားအလာရှိသော ပါရမီရှင်ကို တခြားသူများအား မည်သို့ ဖော်ပြနိုင်မည်နည်း။

ဘေးကင်းလုံခြုံစေရန်အတွက် ဖုနန်ထျန်းသည် သူ၏စိတ်နှလုံးသားထဲမှ ကျေနပ်အားရမှုကို ဖိနှိပ်ပြီး ထင်ယောင်ထင်မှားဖြစ်စေသော စကားများကို ဆက်လက်၍ ပြောဆိုလိုက်၏။

"အားလုံးပဲ... အဲ့ဒီကောင်လေးနဲ့ငါက ရိုးရိုးသားသား အဆင်ပြေနေရုံပါပဲ...ဘာထူးခြားချက်မှ မရှိပါဘူး... တခြားဘာကိစ္စမှမရှိရင် ငါကို သွားခွင့်ပြုပါအုံး"

အခြားလူများသည် တုံ့ပြန်ပြောဆိုခြင်းမပြုဘဲ ဖုနန်ထျန်း လက်နှစ်ဖက် နောက်ပစ်ကာ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေကြသည်။

ဤသည်မှာ သူ၏စကားများကြောင့် သူတို့သည် အမှန်တကယ်ကို အရူးလုပ်ခံလိုက်ရသည့်အလားပင်။

သို့ရာတွင် သူတို့သည် နှစ်ပေါင်းများစွာကြာအောင် သိကျွမ်းခဲ့ကြသူများပင်။ ဖုနန်ထျန်း၏ စရိုက်နှင့်အပြုအမူကို ဤလူများထံမှ မည်သို့ ဖုံးကွယ်ထားနိုင်မည်နည်း။

ဖုနန်ထျန်း မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့်.....

ထိုလူတစ်စုသည် တိတ်တဆိတ် စုဝေးလိုက်ကြပြီး သူတို့၏မျက်လုံးများ တောက်ပလာကာ တိုင်ပင်လိုက်ကြသည်။

"ငါ့အမြင်အရတော့ ဒီကိစ္စက ယုတ္တိမရှိဘူး"

"ဟုတ်တယ်... အဲ့ဒီအဘိုးကြီး ဖုနန်ထျန်းက အမြဲတမ်း ပါးနပ်တယ်... သူက ဘယ်လိုလုပ်ပြီး အသုံးမကျတဲ့ တပည့်ကို လက်ခံမှာလဲ"

"ငါ့အမြင်အရတော့ ရီဖုန်းဆိုတဲ့ လူငယ်လေးက သာမန်မဟုတ်ရုံတင်မကဘူး... သူ့မှာ အရမ်းစွမ်းအားကြီးတဲ့ အရည်အချင်းတစ်ခု ရှိနေလောက်တယ်... အဲ့ဒါကြောင့် ဖုနန်ထျန်းက သူ့ကို ဒီလောက် တန်ဖိုးထားနေတာ... မြေခွေးအိုကြီးက ငါတို့ကို ဒါကြောင့် ဘာမှ မပြောဘဲ နေတာပဲ"

"အမှန်ပဲ... ဒီမြေခွေးအိုကြီးက လျှို့ဝှက်လေလေ ရီဖုန်းက ပိုပြီး အလားအလာရှိလေလေပဲ"

"တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါတို့ထဲက ဘယ်သူ့မှာမှ အမွေဆက်ခံမယ့်သူ မရှိဘူး... ဖုနန်ထျန်း လက်မဦးခင် ငါတို့က အရင်လှုပ်ရှားပြီး သူ့ကို တပည့်အဖြစ် လက်ခံလိုက်ရင် ဘယ်လိုလဲ"

"အဲ့ဒါက အကြံကောင်းပဲ"

"ဒါဆို ငါတို့ ကိုယ့်အရည်အချင်းနဲ့ကိုယ် ကြိုးစားကြတာပေါ့... ဘယ်သူရရ သူ့ကို ပိုင်ဆိုင်နိုင်လိမ့်မယ်"

"ကောင်းပြီ"

"..."

စကားအနည်းငယ်ဖြင့် ကြီးမားသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြပြီးနောက် သီးသန့်နေထိုင်သော အစွမ်းထက်ပုဂ္ဂိုလ်ကြီးများ ထွက်ခွာသွားကြသည်။

ဖုနန်ထျန်း မသိလိုက်သည်မှာ တပည့်လုပွဲကြီး စတင်နေပြီ ဖြစ်ကြောင်းကိုပင်...

All Chapters