← Chapters

ဗောဓိသတ္တအဆင့်

Vol. 34 Ch. 396

ဗောဓိသတ္တအဆင့်

Vol. 34 Ch. 396

"သူ... သူတို့ကို တွေ့မယ် ဟုတ်လား"

ပိုင်ကျိုးဝမ် မယုံကြည်နိုင် ဖြစ်သွားသည်။

သူသည် ဆေးပညာဂိုဏ်းတွင် ဆေးဖော်စပ်ခြင်းကို ဆယ့်ငါးနှစ်တိုင်တိုင် လေ့လာခဲ့သော်လည်း ကျန်းလီနှင့် ယခုမှ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းပင်။ အရေးပါသောနေရာတွင် အသုံးချခံရရန်အတွက် သူသည် ကံတရား၏အကူအညီအပါအဝင် ဆယ်နှစ်နီးပါး ကြိုးစားခဲ့ရသည်။ သို့ရာတွင် ယခုအချိန်၌ ဤလူနှစ်ယောက်သည် ဆေးငါးကျင်းစီ စားလိုက်ရုံဖြင့် ကျန်းလီဖြင့် သီးသန့်တွေ့ဆုံခွင့်ကို ရရှိသွားပေ၏။

အကယ်၍ ဤကိစ္စကို သူသာ ကြိုသိခဲ့လျှင် သူသည်လည်း ထိုကဲ့သို့ လုပ်ခဲ့မိပေမည်။

'အမ်... ထားလိုက်ပါတော့....တကယ်လို့ ငါသာ အဲ့ဒီလို လုပ်ခဲ့ရင် ငါ့ရဲ့အုတ်ဂူပေါ်က မြက်ပင်တွေက နွားပေါက်သုံးကောင်လောက်ကို နွားကြီးတွေ ဖြစ်တဲ့အထိ ကျွေးလို့ရလောက်ပြီ'

"ဆရာ....ဆေးစမ်းသပ်ခံသူနှစ်ယောက်နဲ့တိုက်ရိုက်တွေ့ဆုံတာက ဆရာရဲ့အဆင့်အတန်းနဲ့ မကိုက်ညီဘူး....ပြီးတော့ ဒါက နည်းနည်းလောလွန်းရာ မရောက်ဘူးလား"

ယောင်ယွင်သည်လည်း မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

...

ဆရာ၏အကျင့်စရိုက်အရ ဧကရာဇ်ဖူရှန်းပင် ကြိုတင်ချိန်းဆိုမှုကို ပြုလုပ်ရလေ့ရှိရာ ယခုအချိန်၌ ကြယ်စင်မြစ်နယ်ပယ် အဆင့်မျှသာရှိသော အရေးမပါသည့် လူနှစ်ယောက်ကို ချက်ချင်းတွေ့ဆုံရန် ကမ်းလှမ်းခြင်းမှာ အနည်းငယ် ထူးဆန်းနေပုံရသည်။

"ဘာအဆင့်အတန်းလဲ....တကယ်လို့ သူတို့က အဲ့ဒီဆေးလုံးကို ဖော်စပ်တဲ့ ပြဿနာကို ငါ ဖြေရှင်းနိုင်အောင် ကူညီပေးနိုင်မယ်ဆိုရင် သူတို့နဲ့ တွေ့ဆုံတာကို မပြောနဲ့....ငါက သူတို့ကို ဆရာအဖြစ်နဲ့တောင် လက်ခံလိုက်အုံးမယ်"

ကျန်းလီက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

"မြန်မြန်လုပ်တော့....ဒီနေရာမှာ အချိန်ဆွဲမနေနဲ့"

"ဟုတ်ကဲ့..."

ပိုင်ကျိုးဝမ်က အလျင်အမြန် ထွက်ခွာသွားသည်။

ဆရာဖြစ်သူ ခေါင်းမာနေသည်ကို မြင်တွေ့ချိန်၌ ယောင်ယွင်နှင့်တခြားလူများသည် သူတို့ ပြောမည့်စကားများ လည်ချောင်းဝတွင် တစ်ဆို့နေသဖြင့် သူတို့မျက်နှာများ နီမြန်းလာသည်။

ဆေးပညာဂိုဏ်းတွင် သူတို့၏အဆင့်အတန်းသည် အလွန်မြင့်မားပေ၏။ သူတို့သည် လူတစ်ယောက်အောက်တွင်မရှိဟု မဆိုနိုင်သော်လည်း လူတစ်သောင်း၏အထက်တွင် ရှိနေနိုင်သည်မှာ သေချာပေါက်ပင်။ ယခုချိန်၌မူ ကျင့်ကြံဆင့်နိမ့်ပါးတဲ့ အဘိုးဆရာတစ်ယောက် ရုတ်တရက် ထွက်ပေါ်လာသည်မှာ မဖြစ်သင့်ချေ။

'မဟုတ်သေးဘူး....ဒါက နှစ်ယောက်တောင်မှပဲ....'

...

အတွင်းမြို့တော်နှင့် မလှမ်းမကမ်းရှိ အိမ်တော်တစ်ခုတွင်...

မြက်ဖျာတစ်ခုပေါ်တွင်ထိုင်၍ ဗုဒ္ဓမန္တန်များရွတ်ဆိုခြင်းကို ပြီးဆုံးသွားသော အပြာရောင်တိမ်တိုက်အရှင်သည် သူ၏အနောက်ရှိ ဇင်ဆရာတော်မြောင်နန်ကို လှည့်ကြည့်လိုက်၏။

"ဘေးအိမ်က မိုးပြာတံဆိပ်ပြားပိုင်ရှင်ရဲ့ အထောက်အထားကို စုံစမ်းလို့ ရပြီလား"

ဇင်ဆရာတော်မြောင်နန်က ချက်ချင်း ဦးညွှတ်အရိုအသေပြုလိုက်သည်။

"ဆရာ့ကို သတင်းပို့ပါတယ်...သူ့ရဲ့နာမည်က ကျန်းရွှမ်ချင်းပါ....ဝေးလံခေါင်သီတဲ့ ဒေသကနေ လာတယ်လို့ ပြောပါတယ်... သူက ဒီနေ့မှ ထျန်းလီမြို့ကို ရောက်လာတာပါ...တံဆိပ်ပြားရဲ့ ဇစ်မြစ်နဲ့ ပတ်သက်လို့တော့ အလုံးစုံသိမြင်ဂိုဏ်းက အကြီးအကဲ အိုးယန်ဟိုင်နဲ့ ဆက်စပ်မှု ရှိနေနိုင်ပေမဲ့ အသေးစိတ်ကိုတော့ ထပ်ပြီးရှာမတွေ့ခဲ့ဘူး..."

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်သည်။

"ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ မင်းက ဒီလောက်ထိ အများကြီး စုံစမ်းနိုင်နဲ့တင် အထင်ကြီးစရာ ကောင်းနေပြီ"

ဇင်ဆရာတော်မြောင်ဝူက စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ပြီး မေးမြန်းသည်။

"ဆရာက ပုံမှန်ဆိုရင် လောကီရေးရာတွေကို ဂရုမစိုက်တတ်ပါဘူး ..ဘာလို့ ရုတ်တရက်ကြီး ခုလိုမျိုး အပြင်လူတစ်ယောက်အကြောင်းကို မေးမြန်းတာလဲ"

"သူက ဘေးအိမ်မှာ နေတယ်ဆိုမှတော့...ငါတို့နဲ့ အကြောင်းအကျိုး ဆက်စပ်မှု ရှိနေတာက သဘာဝပဲ....မိုးပြာတံဆိပ်ပြား ပိုင်ဆိုင်ထားတဲ့ ဒီအပြင်လူက ဗုဒ္ဓအရှင် ပေးအပ်ခဲ့တဲ့ တာဝန်ကို ဖြည့်ဆည်းနိုင်အောင် ငါတို့ကို ကူညီပေးနိုင်လောက်တယ်"

အပြာရောင်တိမ်တိုက်အရှင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

မြောင်နန်နှင့်မြောင်ဝူတို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရုတ်တရက် နားလည်သဘောပေါက်သွားကာ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

"အဲ့ဒါဆိုရင် တပည့်တို့က တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးပါ့မယ်"

"အင်း.....အမြဲတမ်း စောင့်ကြည့်နေဖို့တော့ မလိုပါဘူး..နည်းနည်းလောက် သတိထားကြည့်ရင် ရပါပြီ"

အပြာရောင်တိမ်တိုက်အရှင်က မတ်တတ်ထရပ်လိုက်သည်။

"ငါတို့က ထျန်းလီမြို့ကို ရောက်လာပြီဆိုမှတော့ အခွင့်ကောင်းယူပြီး ဆေးပညာရှင် ကျန်းလီနဲ့ သွားတွေ့ကြတာပေါ့...ပြီးတော့ ဗုဒ္ဓဂိုဏ်းကို ကတိပေးထားတဲ့ ဗောဓိသတ္တရွှေဆေးလုံးကို သူ အောင်အောင်မြင်မြင် ဖော်စပ်ပြီးပြီလားဆိုတာကိုလည်း သွားကြည့်ကြတာပေါ့"

မြောင်နန်နှင့်မြောင်ဝူတို့သည် ထိတ်လန့်တကြားဖြစ်သွားကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ဆရာ... ဆရာက ဗောဓိသတ္တအဆင့်ကို မြင်တွေ့နိုင်ဖို့ ရည်ရွယ်နေတာလား"

ဗုဒ္ဓဂိုဏ်းတွင် အဓိကဗုဒ္ဓကျင့်ကြံဆင့်ကြီးလေးဆင့်ရှိပြီး နယ်ပယ်လေးခုကို ကိုယ်စားပြုသည်။ ဤသည်မှာ ဘုန်းတော်ကြီး မဟာဘုန်းတော်ကြီး ဗောဓိသတ္တနှင့် ဗုဒ္ဓအရှင်နယ်ပယ်တို့ပင်။

အပြာရောင်တိမ်တိုက်အရှင်သည် ဗုဒ္ဓအရှင်၏တိုက်ရိုက်တပည့် ဖြစ်သော်လည်း သူသည် မဟာဘုန်းတော်ကြီးအဆင့်အထိသာ ကျင့်ကြံနိုင်သေးပြီး ဗောဓိသတ္တအဆင့်နှင့် အလှမ်းကွာဟနေဆဲပင်။

ယခုချိန်၌ သူသည် ရုတ်တရက် ဗောဓိသတ္တရွှေဆေးလုံးအကြောင်း မေးမြန်းခြင်းသည် အခြေအနေတစ်ခုတည်းကိုသာ ညွှန်ပြနေသည်။ သူသည် မကြာမီတွင် ဗောဓိသတ္တအဆင့်ကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်ဖြစ်ပြီး နောက်ဆုံးခြေလှမ်းကို လှမ်းရန် အဆင်သင့်ဖြစ်နေလေပြီ။

ဗုဒ္ဓအရှင်၏လက်အောက်တွင် ဗောဓိသတ္တရှစ်ပါးသာ ရှိရာ အကယ်၍ သူတို့၏ဆရာသာ နောက်ဆုံးခြေလှမ်းကိုတက်လှမ်းပြီး ကိုးပါးမြောက် ဖြစ်လာနိုင်ပါက သူသည် ဗုဒ္ဓဂိုဏ်းတွင် ဆုံးဖြတ်ချက်ချနိုင်သူများအနက် တစ်ဦးဖြစ်လာမည်မှာ သေချာပေါက်ပင်။ ထိုသို့ဖြစ်လာပါက သူတို့၏အဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ပေမည်။

"ငါက ကံကြမ္မာမြစ်ထဲမှာ ရပ်တန့်နေတဲ့ ဗောဓိသတ္တအဆင့်ကို မြင်ရုံပဲ ရှိသေးတယ်... အကွာအဝေးက တော်တော်ဝေးနေသေးတယ်... ကျန်းလီရဲ့ရွှေဆေးလုံးကိုသုံးပြီးတော့ တစ်ဖက်ကမ်းကို ကူးနိုင်မယ့် လှေတစ်စင်းကို ဖန်တီးနိုင်ဖို့ ငါ မျှော်လင့်မိတယ်"

အပြာရောင်တိမ်တိုက်အရှင်က အပြုံးနှင့် ခေါင်းညိတ်လိုက်၏။

"ကောင်းလိုက်တာ..."

မြောင်နန်နှင့်မြောင်ဝူတို့သည် စိတ်လှုပ်ရှားစွာဖြင့် သူတို့၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်ကြသည်။

ဆရာသည် ထိုအဆင့်ကို မြင်နိုင်ပြီဟု ဆိုလာသဖြင့် အလွန်ဝေးကွာခြင်းမရှိတော့ဟု ဆိုလိုခြင်းပင်။ အကယ်၍ ဆရာသည် ဗောဓိသတ္တရွှေဆေးလုံးကို အမှန်တကယ် ရရှိခဲ့လျှင် အဆင့်ချိုးဖျက်ခြင်း အောင်မြင်နိုင်ခြေရှိသည်။

"သွားကြစို့... "

အပြာရောင်တိမ်တိုက်အရှင်သည် မည်သည့်စကားကိုမျှ ဆက်မပြောတော့ဘဲ ထွက်ခွာသွားရာ ဘုန်းတော်ကြီးများက သူ၏နောက်မှ လိုက်ပါသွားကြသည်။ သူတို့တွင် မြင်းများ သို့မဟုတ် သားရဲပျံများ မရှိသော်လည်း အလွန်လျင်မြန်စွာ လျှောက်လှမ်းသွားကြပြီး တစ်နာရီမပြည့်ခင် အချိန်တိုအတွင်းတွင် ကြီးမားသော အဆောက်အအုံကြီးတစ်ခုသို့ ရောက်ရှိသွားကြသည်။

ဤသည်မှာ ဆေးပညာဂိုဏ်း၏ဌာနချုပ်ပင်။

မကြာမီမှာပင် သူတို့သည် ကျန်းလီရှိရာသို့ ရောက်ရှိလာကြ၏။ အပြာရောင်တိမ်တိုက်အရှင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး တံခါးစောင့်ဆေးပညာရှင်အား အထောက်အထားတံဆိပ်ပြားကို ပေးလိုက်သည်။

"ငါက ဗုဒ္ဓဂိုဏ်းရဲ့ အပြာရောင်တိမ်တိုက်အရှင်ပဲ....ငါက အကြီးအကဲကျန်းလီရဲ့ မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်ပြီးတော့ ဒီနေရာကို လာရောက်လည်ပတ်တာပါ...ဒီသတင်းစကားကို ပေးပို့ပေးပါအုံး..."

"အပြာရောင်တိမ်တိုက်အရှင်လား..."

ဆေးပညာရှင်၏မျက်နှာအမူအယာ ချက်ချင်း တည်ကြည်လေးနက်သွားပြီး အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။ ထို့နောက်သူ၏မျက်နှာပေါ်တွင် အားနာသည့် အရိပ်အယောင်တစ်ရပ် ထင်ဟပ်လာပြီး ပြောဆိုသည်။

"ကျွန်တော် ချက်ချင်း သတင်းပို့ပေးပါ့မယ်..... ဒါပေမဲ့... ဆရာ့ရဲ့ စိတ်နေစိတ်ထားကို အရှင်လည်း သိတဲ့အတိုင်းပါပဲ...ဆေးဖော်စပ်နေတဲ့ အချိန်ဆိုရင် ဘယ်သူနဲ့မှ တွေ့လေ့မရှိပါဘူး... တကယ်လို့ မတွေ့ဖြစ်ရင် အရှင့်ကို တမင်တကာ လျစ်လျူရှုထားတာ မဟုတ်ဘူးဆိုတာကို ကြိုတင်ပြီး တောင်းပန်ပါရစေ"

"ငါ နားလည်ပါတယ်"

အပြာရောင်တိမ်တိုက်အရှင်၏ မျက်နှာတွင် ဝမ်းနည်းခြင်းဝမ်းသာခြင်း အရိပ်အယောင် မရှိသော်လည်း အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။

ဆေးပညာရှင်သည် မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ အထဲသို့ အလျင်အမြန် ဝင်သွားသည်။ အချိန်တခဏအကြာတွင် အကြီးအကဲယောင်ယွင်သည် အလျင်အမြန် ထွက်လာပေ၏။

"ဆေးပညာဂိုဏ်းရဲ့ အကြီးအကဲယောင်ယွင်က အပြာရောင်တိမ်တိုက်အရှင်ကို အရိုအသေပြုပါတယ်"

ဗုဒ္ဓအရှင်၏တိုက်ရိုက်တပည့် ဖြစ်သည့်အတွက် သူသည် ဗောဓိသတ္တအဆင့်သို့ မရောက်သေးသော်လည်း စစ်မှန်သော အဆင့်မြင့်မဟာဘုန်းတော်ကြီးတစ်ပါးပင်။ ထိုကြောင့် ဆေးပညာဂိုဏ်းတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသည့်တိုင် ယောင်ယွင်သည် သူ့ကို ပေါ့ပေါ့တန်တန် သဘောမထားရဲချေ။

"အကြီးအကဲယောင်ယွင်က အားနာတတ်လွန်းနေပြီ..."

အပြာရောင်တိမ်တိုက်အရှင်က လက်အုပ်ချီပြီး ပြောဆိုသည်။

"အရှင်ဘုရားက အရမ်းကြင်နာတတ်တာပဲ"

ယောင်ယွင်သည် အလျင်အမြန် ပြောလိုက်ပြီးနောက် အချိန်တခဏမျှ တွန့်ဆုတ်နေကာ သူ၏မျက်လုံးများတွင် အားနာသည့် အရိပ်အယောင်များ ထင်ဟပ်လာသည်။

"အရှင်က ဆရာ့ကို လာတွေ့တယ်ဆိုတာ တပည့်တစ်ယောက်ဆီကနေ အခုပဲ ကြားလိုက်ရတယ်... ပုံမှန်ဆိုရင်တော့ ကျွန်တော်က အရှင်ကို ချက်ချင်းခေါ်သွားပေးရမှာ ဆိုပေမဲ့... ဆရာက အခုချိန်မှာ ဧည့်သည်တစ်ယောက်ကို စောင့်နေတာကြောင့် နည်းနည်းအဆင်မပြေဖြစ်နေပါတယ်...အရှင် အချိန်ရမယ်ဆိုရင် တခြားရက်မှ ပြန်လာလာခဲ့ရင် ပိုမကောင်းဘူးလား..."

"ဧည့်သည်တစ်ယောက်ကို စောင့်နေတယ် ..ဟုတ်လား"

အပြာရောင်တိမ်တိုက်အရှင်သည် ကြက်သေသေသွားပြီး မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်၏။

"အကြီးအကဲကျန်းလီကို စောင့်ခိုင်းရလောက်တဲ့သူ တကယ်ရှိတယ်လား"

ကျန်းလီသည် လက်ရှိတွင် ပြိုင်ဘက်ကင်းသော အစွမ်းအထက်ဆုံး ဆေးပညာရှင်ပင်။

ဧကရာဇ်ဖူရှန်းမှ သူ့ကို တွေ့ချင်လျှင်ပင် သူ လက်ခံတွေ့ဆုံလိုခြင်းရှိမရှိပေါ်တွင် မူတည်သည်။ ဤသည်မှာ သူဖော်စပ်သော ဆေးလုံးများသည် ကြယ်ကိုးပွင့် ကံကြမ္မာဆရာသခင်များအတွက်ပင် သာလွန်ထူးကဲသော အာနိသင်ရှိသောကြောင့် ဖြစ်သည်။

သူ ပေါ့ပေါ့ပါးပါး ဖော်စပ်ထားသော ဆေးဝါးများသည်ပင် လူတစ်ဦးကို အချိန်တိုအတွင်း လျင်မြန်စွာ တိုးတက်လာစေနိုင်သည်။

ထိုကဲ့သို့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသောကြောင့် မည်သူမျှ သူ့ကို လျစ်လျူမရှုရဲကြပေ။ ထိုကြောင့် အပြာရောင်တိမ်တိုက်အရှင်၏အဆင့်အတန်းသည် မြင့်မားသော်လည်း သူသည် လုပ်ထုံးလုပ်နည်းများကို လိုက်နာပြီး လေးစားမှုကို ပြသသည့်အနေဖြင့် အထောက်အထားတံဆိပ်ပြားကို ဦးစွာပေးပို့ခဲ့ခြင်းဖြစ်သည်။

'ငါနဲ့တွေ့ဖို့ မအားဘူး.. ဒါပေမဲ့ တခြားလူတွေကို စောင့်နေဖို့တော့ အားတယ်ဆိုတော့... သူ စောင့်နေတဲ့သူက ငါ့ထက် ပိုအစွမ်းထက်ပြီးတော့ ပိုပြီး ဂုဏ်သိက္ခာကြီးမားတဲ့ အဆင့်အတန်း ရှိနေလို့များလား'

"တကယ်လို့ အရှင်က အလျင်လိုနေတယ်ဆိုရင် ဘေးခန်းမှာ လက်ဖက်ရည်သောက်ရင်း စောင့်နေပါလား... ဆရာက အဲ့ဒီဧည့်သည်နဲ့တွေ့ပြီးရင် ကျွန်တော် သတင်းပို့ပေးပါ့မယ်..."

အကြီးအကဲယောင်ယွင်က တိုက်ရိုက်တုံ့ပြန်အဖြေမပေးဘဲ ဘေးဘက်ရှိ အခန်းတစ်ခန်းကို ညွှန်ပြလိုက်၏။

"ကောင်းပါပြီ...."

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်ပြီး တပည့်များကို ဦးဆောင်ကာ ထိုအခန်းထဲသို့ ဝင်သွားရန် ဟန်ပြင်လိုက်သည်။ ထိုအချိန်မှာပင် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် လူနှစ်ယောက်ကို ဦးဆောင်ပြီး အလျင်အမြန် လျှောက်လှမ်းလာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

"အကြီးအကဲ..."

ယောင်ယွင်၏ရှေ့သို့ ရောက်လာချိန်၌ လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်၏။

"အမြန်ဝင်သွားလိုက်...ဆရာ စောင့်နေတာ ကြာပြီ..."

အကြီးအကဲယောင်ယွင်က ထိုလူနှစ်ယောက်ကို တစ်ချက်ကြည့်ပြီး သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဟုတ်ကဲ့"

လူလတ်ပိုင်းအရွယ် အမျိုးသားသည် အလျင်အမြန် ခေါင်းညိတ်ပြပြီး သူ၏နောက်မှ လူနှစ်ယောက်ကို ဦးဆောင်ကာ အခန်းဘက်သို့ ထွက်ခွာသွားသည်။

"အကြီးအကဲကျန်းလီ တွေ့ချင်တာက သူတို့လား"

အပြာရောင်တိမ်တိုက်အရှင်က စူးစမ်းလိုစိတ် အပြည့်ဖြင့် ထိုလူနှစ်ယောက်ကို ကြည့်လိုက်သည်။

All Chapters