← Chapters

စမ်းသပ်မှုကို သင်ကြားပေးခြင်း

Vol. 34 Ch. 400

စမ်းသပ်မှုကို သင်ကြားပေးခြင်း

Vol. 34 Ch. 400

ကျန်းရွှမ်သည် သူ၏ထင်မြင်ချက်များကို စာရွက်ပေါ်တွင်ချရေးပြီး လက်ကမ်းပေးလိုက်သည်။ အချိန်တခဏအကြာတွင် အကြီးအကဲကျန်းလီ၏မျက်နှာပေါ်တွင် ယောင်ယွင်နှင့် တထပ်တည်းတူညီသော အမူအယာ ထင်ဟပ်လာသည်။

"ဒါက ကျွန်တော့်ရဲ့..."

ခုန်းရှီကလည်း သူ၏ထင်မြင်ချက်များကို ရေးသားထားသော စာရွက်ကို လက်ကမ်းပေးလေသည်။

ယခင်ဆေးလုံးကဲ့သို့ပင် ဤဆေးသည်လည်း အနည်းငယ် ကြည့်ရဆိုးနေပေ၏။ ထိုကြောင့် ထိုအရာကို အေးစက်သောဂုဏ်သတ္တိရှိသည့် ဆေးပင်တစ်မျိုးနှင့် ပေါင်းစပ်လိုက်လျှင် ပို၍ကြည့်ပျော်ရှုပျော် ဖြစ်သွားပေလိမ့်မည်။

တစ်ယောက်က အရသာကို တန်ဖိုးထားပြီး နောက်တစ်ယောက်က အသွင်အပြင်ကို အဓိကထားသည်...

သူတို့နှစ်ယောက်လုံးသည် သူတို့၏ အမြင်များကို ရေးသားပေးကြသော်လည်း နှစ်ခုလုံးသည် ထူးဆန်းနေသကဲ့သို့ ခံစားရပေ၏။

...

"ယောင်ယွင်... ဂိုဒေါင်ထဲကိုသွားပြီး အေးစိမ့်ယင်မြက်ပင် နည်းနည်းလောက် သွားယူစမ်း .."

အကြီးအကဲကျန်းလီက အချိန်တခဏကြာခန့် တွေဝေတုံ့ဆိုင်းနေပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ဟုတ်ကဲ့"

ယောင်ယွင်သည် နောက်သို့လှည့်ထွက်သွားပြီး မကြာမီတွင် ဆေးပင်အနည်းငယ်ကို ယူဆောင်လာသည်။

အလွန်အေးသောဒေသများတွင် ပေါက်ရောက်လေ့ရှိပြီး အအေးလွန်ကဲမြက် သို့မဟုတ် နက်နဲသိမ်မွေ့ယင်မြက်ဟုလည်း လူသိများသော အေးစိမ့်ယင်မြက်ပင်၏အရွက်များသည် နက်ပြာရောင်ရှိပြီး အနားသတ်များတွင် ရေခဲသလင်းကျောက်ပုံစံများ ပါရှိသည်။ ဤမြက်ပင်၏ပင်စည်များသည် ရေခဲကဲ့သို့ ကြည်လင်နေပြီး အမြစ်များမှနေ၍ အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ ဆေးဖော်စပ်ရာတွင် အသုံးပြုပါက အရွက်တစ်ရွက်တည်းဖြင့် ဆေးလုံးအတွင်းရှိ ယန်စွမ်းအင်ကို မျှတစေနိုင်ပြီး အလွန်ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသည်။

သို့ရာတွင် ထိုအရာသည် အလွန်အဖိုးတန်ပြီး ဆေးပင်တစ်ပင်လျှင် ကံကြမ္မာချပ်ပြား ရာဂဏန်းမှ ထောင်ဂဏန်းအထိ တန်ကြေးရှိကာ တန်ဖိုးဖြတ်၍ မရနိုင်ချေ။

ထိုဆေးပင်များကို ယူဆောင်ပြီးနောက် အကြီးအကဲကျန်းလီက သူ၏လက်ကို ထပ်မံ၍ဖမ်းဆုပ်လိုက်ရာ ကံကြမ္မာစွမ်းအင်မြစ်သည် ပုံရိပ်ယောင်လေဟာနယ်အတွင်းတွင် ထွက်ပေါ်လာပြီး အဆုံးမရှိလှုပ်ရှားနေသည်။ မရေမတွက်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများသည် ထိုစွမ်းအင်မြစ်အတွင်းသို့ ပျံဝဲဝင်ရောက်သွားပြီး အေးစိမ့်ယင်မြက်ပင် နှင့် ဖြည်းညှင်းစွာ ပေါင်းစပ်သွားသည်။ မကြာမီမှာပင် လေထုအတွင်းမှနေ၍ ဆေးလုံးအနည်းငယ် ကျဆင်းလာသည်။

ဤအချိန်တွင် ဆေးလုံးများသည် စိတ်ဝိညာဉ်လေဟာနယ်ဖြိုခွင်းခြင်း အဆိပ်ဆေးလုံးနှင့် ထပ်တူနီးပါး တူညီနေသော်လည်း ထိုအရာများ၏အနှစ်သာရသည် ပို၍မျှတနေပြီး ယခင်ကဲ့သို့ ကြမ်းတမ်းရိုင်းစိုင်းခြင်း မရှိတော့ချေ။ ထို့ပြင် ဆေးလုံး၏မျက်နှာပြင်ပေါ်တွင် စိတ်ဝိညာဥ်ညှို့ဓာတ်ကို ကိုယ်စားပြုသော အလင်းကွင်းတစ်ခု ဝိုးတဝါး ထွက်ပေါ်နေသည်။

အကြီးအကဲကျန်းလီ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။

အအေးဓာတ်သဘာဝရှိသော ဆေးဖက်ဝင်ပစ္စည်းများ ပေါင်းစပ်လိုက်ချိန်၌ ဤဆေးလုံးသည် ယခင်ကဲ့သို့ တဝက်တပျက်သာ ပြီးစီးသော ပစ္စည်းနှင့် မတူတော့ဘဲ အမှန်တကယ်ကိုပင် အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်သော ဆေးဝါးတစ်ခု ဖြစ်လာခဲ့သည်။

"ယောင်ယွင်... ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့လူတစ်ယောက်လောက် သွားခေါ်ခဲ့စမ်း..."

အကြီးအကဲကျန်းလီသည် အချိန်တခဏကြာ တွေဝေတုံ့ဆိုင်းနေပြီးနောက် ညွှန်ကြားချက်တစ်ခုကို ထပ်မံ၍ပေးလိုက်သည်။

ဆရာဖြစ်သူသည် အသစ်ဖော်စပ်ထားသော ဆေးလုံးများ၏အာနိသင်ကို စမ်းသပ်လိုကြောင်း သိသဖြင့် ယောင်ယွင်က မည်သည့်စကားမျှ ထပ်မပြောတော့ဘဲ ပြန်ထွက်သွားသည်။ အချိန်တခဏအကြာတွင် သူသည် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့်အတူ ပြန်ရောက်လာပေ၏။

ထိုလူလတ်ပိုင်းကြီးသည် သူ ဆင့်ခေါ်ခံရသည်ကို မြင်တွေ့ချိန်၌ စိတ်လှုပ်ရှားသွားသည်။

သူသည် ဆေးပညာဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက ဤဒဏ္ဍာရီလာအကြီးအကဲကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင်။

အကြီးအကဲကျန်းလီသည် မည်သည့်စကားမျှ မပြောဘဲ အသစ်ဖော်စပ်ထားသော စိတ်ဝိညာဉ်လေဟာနယ်ဖြိုခွင်ခြင်း အဆိပ်ဆေးလုံး ကို လက်ကမ်းပေးလိုက်သည်။ လူလတ်ပိုင်းကြီးသည် ထိုဆေးလုံးကိုယူပြီး ဝါးမျိုလိုက်၏။ မကြာမီမှာပင် သူ၏စွမ်းအားများ တိုးပွားလာပြီး "ဘုန်း"ခနဲ အသံနှင့်အတူ သူ၏အရှိန်အဝါ မြင့်တက်လာသည်။

ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်.....

ပြုပြင်မွမ်းမံထားသော ဆေးလုံးကို သောက်ပြီးနောက် သူသည် အမှန်တကယ်ကို လွယ်လင့်တကူ အဆင့်တက်သွားခဲ့သည်။

အကြီးအကဲကျန်းလီ သည် ကျန်းရွှမ်နှင့်တခြားတစ်ယောက်ကို ကြည့်လိုက်ပြီး သူ၏မျက်လုံးများတွင် ယခင်နှင့် ကွဲပြားခြားနားသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

ဤလူ အောင်မြင်စွာ အဆင့်တက်သွားခြင်းက ဆေးလုံး၏ဟာကွက်များကို ဖြေရှင်းပြီးဖြစ်ကြောင်းနှင့် ပမာဏများစွာထုတ်လုပ်နိုင်သော ပစ္စည်းတစ်ခု ဖြစ်လာကြောင်း ပြသနေခြင်းပင်။ တခြားအရာများကို ထည့်မပြောလျှင်ပင် ထိုဆေးလုံးကို သောက်သုံးလိုက်ရုံဖြင့် ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့်မှ နဝမအဆင့်သို့ အဆင့်တက်သွားနိုင်ခြေ သုံးဆယ်ရာခိုင်နှုန်း တိုးစေခြင်းကပင် ကံကြမ္မာချပ်ပြား သောင်းချီသိန်းချီ၍ တန်ကြေးရှိသည်။

အဆင့်မြင့်ဆေးလုံးများသည် မည်မျှပင် တန်ဖိုးကြီးမားပါစေ အမြဲတစေ ဝယ်လိုအား မြင့်မားနေပေမည်။ အကြောင်းအရင်းမှာ ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းသည် အရင်းအမြစ်များအားလုံး၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်ပင်။ သူတို့၏စွမ်းအား မြင့်တက်လာသရွေ့ ကြွင်းကျန်သည့်အရာအားလုံးကို ပြန်ရှာ၍ရနိုင်သည်။

ပေါ့ပေါ့ပါးပါး ရေးထားသော ထင်မြင်ချက်များဖြင့် တစ်ကြိမ်အောင်မြင်ခြင်းသည် တိုက်ဆိုင်မှုတစ်ခု ဖြစ်နိုင်ပေ၏။ သို့ရာတွင် နှစ်ကြိမ်ဆက်တိုက် အောင်မြင်ပြီး ပြဿနာများကို ချောချောမွေ့မွေ့ ဖြေရှင်းနိုင်ခြင်းကမူ စဉ်းစားဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်လာလေပြီ။

ဖြစ်နိုင်သည်မှာ ဤလူနှစ်ယောက်သည် အစားအသောက်ကြိုက်သူများ အသွင်အပြင်ကို အဓိကထားသူများ သက်သက်မဟုတ်ဘဲ ဆေးစမ်းသပ်သည့်နေရာတွင် အမှန်တကယ်ကို ထူးခြားသော ပါရမီနှင့်စွမ်းရည်ရှိသူများ ဖြစ်နေသလော....

"ဒီဆေးလုံးကို စမ်းကြည့်ပါအုံး"

ဤအတွေးကို အတည်ပြုရန်အတွက် လူလတ်ပိုင်းကြီးကို ပြန်လွှတ်လိုက်ပြီးနောက် အကြီးအကဲကျန်းလီသည် နောက်ထပ် ဆေးပုလင်းတစ်လုံးကို ထုတ်ယူကာ လက်ကမ်းပေးလိုက်၏။

ဤသည်မှာ စိတ်ဝိညာဉ်စုပ်ယူခြင်းဆေးလုံးပင်။ ထိုဆေးလုံးကို သောက်သုံးပြီးနောက် တစ်စုံတစ်ယောက်၏စိတ်ကို တည်ငြိမ်စေပြီး အာရုံပျံ့လွင့်မှုများနှင့် မကောင်းဆိုးဝါးကျိန်စာများကို ဖယ်ရှားပေးကာ ဝိညာဉ်ဖန်တီးခြင်းနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်းတို့အား ပို၍လွယ်ကူစေသည်။

ဤဆေးလုံးသည် စိတ်ဝိညာဉ်ကို ဦးတည်သောကြောင့် ထိုအရာ၏တန်ဖိုးသည် စိတ်ဝိညာဉ် လေဟာနယ်ဖြိုခွင်းခြင်း အဆိပ်ဆေးလုံးထက်ပင် ပို၍မြင့်မားသည်။

ဤဆေးညွှန်းကို ဆေးပညာဂိုဏ်းသည် ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုမှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဆေးညွှန်း၏ဖော်ပြချက်အရ ပြီးပြည့်စုံသော ဆေးလုံးအစစ်အမှန်သည် ခြေလှမ်းတစ်ဝက် အသက်ပင်လယ်နယ်ပယ် တကျင့်ကြံသူတစ်ဦး၏ စိတ်ဝိညာဉ်စွမ်းအားအပေါ် ပြင်းထန်သော သက်ရောက်မှုရှိသည်။

ကံမကောင်းစွာဖြင့် ဆေးညွှန်း၏တစိတ်တဒေသသည် အချိန်ကြာလာသည်နှင့်အမျှ ပျောက်ဆုံးသွားခဲ့ပေ၏။ ထိုအရာကို မရေမတွက်နိုင်သော ဆေးဖက်ဝင်ပစ္စည်းများဖြင့် စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ဤသည်မှာ သုံးဆယ့်နှစ်ကြိမ်မြောက် ဖော်စပ်မှုပုံစံပင်။ ကျင့်ကြံသူများသည် ထိုဆေးလုံးကို သောက်သုံးလိုက်ချိန်၌ ရူးသွပ်သွားကြသဖြင့် အပြစ်အနာအဆာရှိသော ထုတ်ကုန်တစ်ခု ဖြစ်နေဆဲပင်။

ဆေးဝါးစမ်းသပ်မှု၏ တချို့သော အစိတ်အပိုင်းများသည် ရှေးဟောင်းဒဏ္ဍာရီများနှင့် ကျန်ရစ်ခဲ့သော လျှို့ဝှက်ဆေးညွှန်းများအပေါ် အခြေခံထားပြီး တချို့မှာမူ ဆေးဝါးများ၏ဂုဏ်သတ္တိများအပေါ် အခြေခံထားသည်။ သို့ရာတွင် မည်သို့ပင် ချဉ်းကပ်ပါစေ ထိုဆေးလုံးကိုဖော်စပ်ရာ၌ ပြဿနာတချို့ အစဥ်အမြဲ ရှိနေပေ၏။ ထိုကြောင့် ဆေးလုံးကို ပမာဏများများထုတ်လုပ်ရန်နှင့် အတည်ပြုရန်အတွက် လူများဖြင့် စဉ်ဆက်မပြတ် စမ်းသပ်နေရန် လိုအပ်သည်။

ကံကောင်းပါက စမ်းသပ်မှု တစ်ကြိမ် နှစ်ကြိမ်ဖြင့် အောင်မြင်နိုင်သည်။ ကံမကောင်းပါက အကြိမ်ရာပေါင်းများစွာ စမ်းသပ်လျှင်ပင် ပြီးပြည့်စုံသောဆေးလုံးကို ဖန်တီးရန်မှာ မဖြစ်နိုင်ချေ။

ဖြစ်နိုင်သည်မှာ ဤလူနှစ်ယောက်သည် ဆေးလုံး၏ "အရသာ" နှင့် "အသွင်အပြင်" ပေါ် မူတည်ပြီး မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ပေးနိုင်ခြင်း ဖြစ်သလော....

ဆေးလုံးကို လက်ခံရရှိပြီးနောက် ကျန်းရွှမ်က ချက်ချင်းစမ်းသပ်ကြည့်ဘဲ ကျန်းလီကိုကြည့်ပြီး ပြောဆိုသည်။

"အဟမ်း... အကြီးအကဲကျန်း... ကျွန်တော်တို့ရဲ့ အကျိုးပြုရမှတ်တွေက ဘယ်မှာလဲ"

အကြီးအကဲကျန်းက ခေါင်းညိတ်ပြီး လက်ဝှေ့ယမ်းလိုက်ရာ ကျန်းရွှမ်သည် သူ၏မြို့သားအဆင့်အတန်း တံဆိပ်ပြားပေါ်တွင် အလင်းတန်းတစ်တန်း လင်းလက်သွားပြီး ဂဏန်းများ ထွက်ပေါ်လာသည်ကို ချက်ချင်း မြင်တွေ့လိုက်ရသည်။

နှစ်ဆယ့်ခုနစ်....

ပိုင်ကျိုးဝမ်ထံတွင် ဆေးစမ်းသပ်ခံမှုများကို အရူးအမူး ပြုလုပ်ခြင်းဖြင့် သူနှင့်ခုန်းရှီ တို့သည် ရမှတ်နှစ်ဆယ်ကျော် စုဆောင်းနိုင်ခဲ့သည်။ ဤသည်မှာ သူတို့သည် အဆင့်သုံးမြို့သား ဖြစ်ရန် လိုအပ်ချက်နှင့် အလှမ်းဝေးနေသေးသော်လည်း သူတို့၏ရမှတ်များဖြင့် ရိုးရှင်းစွာလဲလှယ်လိုက်ရုံဖြင့် အဆင့်လေးမြို့သားများ ဖြစ်နေလေပြီ။

သူတို့သည် ထျန်းလီမြို့သို့ ရောက်ရှိလာသည်မှာ တစ်ရက်ပင် မပြည့်သေးသည့်အပြင် သူတို့၏ ကျင့်ကြံဆင့်သည် ကြယ်စင်မြစ်နယ်ပယ်တွင်သာ ရှိသေးသော်လည်း မြို့သားအဆင့်အတန်း ရရှိရုံသာမက စတုတ္ထအဆင့်သို့ပင် ရောက်ရှိသွားသည်။ ဤကဲ့သို့ ဖြစ်ရပ်မျိုးသည် မရှိခဲ့ဟု မဆိုနိုင်သော်လည်း ရှားပါးသည်မှာ သေချာပေါက်ပင်။

အကျိုးပြုရမှတ်များကို ရရှိပြီးနောက် ကျန်းရွှမ်က သက်ပြင်းချလိုက်ပြီး စိတ်ကျေနပ်သော အမူအယာဖြင့် ဆေးလုံးကို ဝါးမျိုလိုက်သည်။

ဤဆေးသည် အကျိုးပြုရမှတ်နှစ်မှတ်တန်သဖြင့် သူ ယခင်က သောက်သုံးခဲ့သော ဆေးများအားလုံးထက် များကြီးပို၍ တန်ကြေးကြီးပေ၏။

...

ဧည့်ခန်းထဲတွင် အပြာရောင်တိမ်ပြာအရှင်သည် လက်ဖက်ရည်ခုနစ်ခွက် သောက်ပြီးသွားလေပြီ။

မြောင်နင်ဆရာတော်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။

"ဆရာ... တပည့် ထင်တာကတော့ ဒီ အကြီးအကဲကျန်းလီက ဆရာ့ကို တွေ့ဖို့ ဆန္ဒမရှိဘူးထင်တယ်... မဟုတ်ရင် တပည့်တို့ကို ဒီလိုမျိုး လျစ်လျူရှုထားမှာ မဟုတ်ဘူး..."

"ဘုန်းတော်ကြီးတစ်ပါးဆိုတာက မောက်မာမှုနဲ့ စိတ်မရှည်မှုကို ထိန်းသိမ်းရတယ်... မြောင်နင် မင်းရဲ့သမာဓိက လိုအပ်နေသေးတယ်..."

အပြာရောင်တိမ်တိုက်အရှင်က လက်ဖက်ရည်ခွက်ကို ညင်သာစွာ မလိုက်ပြီး အပေါ်မှ လက်ဖက်ခြောက်များကို ဖယ်ရှားကာ တီးတိုးပြောဆိုလိုက်သည်။

"ဆရာ... တပည့်က..."

မြောင်နင်၏မျက်နှာ နီမြန်းသွားပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုသည်။

"တပည့်က ဆရာအတွက် ဒေါသထွက်နေတာပါ... တပည့်တို့ စောင့်နေတာ သုံးနာရီ လေးနာရီလောက် ရှိနေပြီ... ဒီလူက တွေ့မယ် မတွေ့ဘူးဆိုတာ စကားတစ်ခွန်းတောင် မပါးဘူး... သိသာတာကတော့ သူက တပည့်တို့ ဗုဒ္ဓဂိုဏ်း ကို အထင်မကြီးတာပဲ..."

"တော်သင့်ပြီ...."

အပြာရောင်တိမ်တိုက်အရှင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"ညင်သာတဲ့လုပ်ရပ်တွေကို သိမြင်ပြီးတော့ ထွင်းဖောက်မြင်နိုင်အောင် ကြည့်တတ်ရမယ်... ငါတို့ စောင့်နေတာ ကြာနေပြီးတော့ ဘယ်သူမှ လာမတွေ့ စကားလာမပြောပေမဲ့ ငါတို့ ဘာမှ မရခဲ့ဘူးလို့ မဆိုလိုဘူး..."

"ဘာတွေ ရခဲ့လို့လဲ"

မြောင်နင်ဆရာတော် ကြက်သေသေသွားပြီး မယုံကြည်နိုင် ဖြစ်သွားပေ၏။

ဤနေရာသို့ သူတို့လာခဲ့ရသည်မှာ စောင့်ဆိုင်းရုံသက်သက်ဖြစ်နေပြီး လက်ဖက်ရည်သောက်ကာ အချည်းနှီးထိုင်နေရုံမှလွဲ၍ သူတို့သည် တခြားမည်သည့်အရာကိုမျှ မလုပ်ခဲ့ချေ။

အပြာရောင်တိမ်တိုက်အရှင်က သူ၏မျက်ခုံးကိုပင့်ပြီး သူ၏တပည့်တစ်ဦးကို ကြည့်လိုက်သည်။

"မြောင်ဝူ... မင်း ဘာတွေကို သတိထားမိလဲဆိုတာ မြောင်နင်ကို ပြောပြလိုက်စမ်း"

"ဟုတ်ကဲ့ပါ..."

မြောင်ဝူက ရှေ့သို့ထွက်လာပြီး မျက်လွှာချထားကာ တုံ့ပြန်အဖြေပေးသည်။

"ဆရာ့ကို သတင်းပို့ပါတယ်.. တပည့်တို့ စောင့်နေတာ သုံးနာရီနဲ့ လေးဆယ့်ငါးမိနစ် ရှိပါပြီ... ဒီအချိန်အတောအတွင်းမှာ အကြီးအကဲယောင်ယွင်က အခန်းထဲကနေ ခြောက်ကြိမ် ထွက်လာတယ်... အကြီးအကဲယောင်ချန်က ရှစ်ကြိမ် ထွက်လာပြီးတော့ ကျင့်ကြံသူကိုးယောက်ကို အဝင်အထွက် လုပ်ခိုင်းခဲ့တယ်..."

မြောင်နင်ဆရာတော်သည် နားမလည်နိုင် ဖြစ်နေပြီး ပို၍ပင် ဒေါသထွက်လာပေ၏။

"တပည့်လည်း အဲ့ဒါတွေကို မြင်ပါတယ်... အဲ့ဒါက ဒီကျန်းလီ ဘယ်လောက်ထိ မောက်မာထောင်လွှားလဲဆိုတာကို သက်သေပြနေတာပဲ... အသက်ပင်လယ်နယ်ပယ်တောင် မရောက်သေးတဲ့ အရေးမပါတဲ့ ကောင်တွေကိုတော့ တွေ့ဆုံပြီးတော့ ဆရာ့ကိုကျတော့ လာမတွေ့ဘူး... သူ့ရဲ့သဘောထားကို ခန့်မှန်းကြည့်လို့ ရပါတယ်"

"သစ်ရွက်တစ်ရွက်က မြင်ကွင်းကို ပိတ်ဆို့ထားသလိုပဲ... မြောင်နင်... မင်းရဲ့စိတ်ကိုထိန်းပြီး ဒေါသကို လျှော့ဖို့ လိုသေးတယ်... စိတ်ခံစားမှုနောက်ကိုလိုက်နေရင် အမှန်တရားကို ဘယ်တော့မှ မြင်ရမှာ မဟုတ်ဘူး"

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းခါယမ်းလိုက်သည်။

All Chapters