← Chapters

အပြာရောင်တိမ်တိုက်အရှင်၏ ရှင်းပြချက်

Vol. 34 Ch. 401

အပြာရောင်တိမ်တိုက်အရှင်၏ ရှင်းပြချက်

Vol. 34 Ch. 401

"ဆရာ..."

မြောင်နင်ဆရာတော်၏မျက်နှာ ဖြူဖျော့သွားသည်။

ဆရာ၏လေသံတွင် အပြစ်တင်ခြင်း မပါဝင်သော်လည်း စိတ်ပျက်မှု အရိပ်အယောင်များ ရောယှက်နေသည်။ ဤသည်မှာ သူ ပြစ်တင်ကြိမ်းမောင်းခြင်းထက်ပင် ပို၍ထိတ်လန့်ဖွယ်ကောင်းပေ၏။

"မင်းတို့ထဲက ဘယ်သူက တစ်ခုခုကို သတိထားမိလဲ... ပြောကြစမ်း"

မြောင်နင်ကို လျစ်လျူရှုပြီး အပြာရောင်တိမ်တိုက်အရှင်က သူ၏တပည့်များအားလုံးကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။

"ဆရာ့ကို သတင်းပို့ပါတယ်..."

မြောင်ဝူဆရာတော်က အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"ခုဏက ဝင်သွားတဲ့ လူကိုးယောက်လုံးမှာ ထူးခြားချက် အသီးသီး ရှိနေတယ်... ဥပမာအနေနဲ့ ပထမဆုံး ဝင်သွားတဲ့လူရဲ့ ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်နေတဲ့ အရှိန်အဝါတွေ ရှိနေပြီးတော့ အချိန်မရွေး အဆင့်တက်တော့မလိုမျိုး သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်တဲ့ပုံ ပေါက်တယ်...ဒုတိယလူကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားသလို ဖြစ်နေပြီးတော့ သူ့ရဲ့စိတ်ဝိညာဉ် အားနည်းနေတယ်... တတိယလူက မျက်မမြင် ဖြစ်ပုံရပြီးတော့ သူက စိတ်ဝိညာဉ်စွမ်းအားကို သုံးပြီးတော့ လမ်းလျှောက်နေတာကြောင့် အဆင်ပြေနေတဲ့ပုံ ပေါက်နေတယ်..."

သူသည် လူကိုးယောက်လုံး၏အခြေအနေကို အလျင်အမြန် အသေးစိတ် ရှင်းပြလိုက်၏။

ဤလူကိုးယောက်လုံးတွင် တစ်စုံတစ်ရာသော ချို့ယွင်းချက် သို့မဟုတ် ပြဿနာများ ရှိနေကြသည်။

အပြာရောင်တိမ်တိုက်အရှင်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"တခြား ဘာရှိသေးလဲ"

"တခြား ဘာရှိသေးလဲ ဆိုတာတော့ တပည့်တော် မခွဲခြားနိုင်ပါဘူး... ဆရာက ကျေးဇူးပြုပြီး ရှင်းပြပေးပါ..."

မြောင်ဝူဆရာတော်က ဦးညွှတ်အရိုအသေပြုလိုက်သည်။

အပြာရောင်တိမ်တိုက်အရှင်က သူ့ကို လေးလေးနက်နက် ကြည့်လိုက်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြကာ ရှင်းပြလိုက်သည်။

"မင်းတို့ထဲက ဘယ်သူမှ သတိမထားမိကြဘူး ဆိုတော့ ငါက အသေးစိတ် ရှင်းပြမယ်..."

သူ၏တပည့်များဖြစ်သော မြောင်နင်နှင့်မြောင်ဝူတို့နှစ်ဦးတွင် တစ်ယောက်သည် ရိုးအပြီး စိတ်ခံစားမှုနောက်သို့ လွယ်လင့်တကူ ပါသွားတတ်သည်။ နောက်တစ်ယောက်ကမူ အလေးအနက် စဥ်းစားတွေးတောလေ့ရှိပြီး တည်ငြိမ်စွာ ပြုမူတတ်ကာ မလိုအပ်ဘဲ ထင်ပေါ်အောင် မနေတတ်ချေ။ သို့ရာတွင် မြောင်ဝူသည် မည်သည့်အရာက ကောင်းသည်ဆိုးသည်ကိုမူ မခွဲခြားနိုင်ပေ။

"မြောင်ဝူက တကယ့်ကို ဂရုစိုက်ကြည့်ရှုထားတာပဲ... အခန်းထဲကို ပထမဆုံး ဝင်သွားတဲ့လူက ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်နေပေမယ့် အဆင့်တက်တော့မယ့် အခြေအနေ

မဟုတ်ဘူး... သူက အဆင့်တက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး... ဒါကြောင့် သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဗြောင်းဆန်နေတဲ့ စွမ်းအားတွေ ရှိနေတာပဲ..."

အပြာရောင်တိမ်တိုက်အရှင်က ဖြည်းညှင်းစွာ ဆက်လက်ပြောဆိုသည်။

"ဒါပေမဲ့... အခန်းထဲကို ဝင်သွားပြီးတော့ လက်ဖက်ရည်တစ်ခွက်သောက်ချိန် မပြည့်ခင်မှာပဲ သူက ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့်ကို ရောက်သွားရုံတင်မကဘူး...သူ့ရဲ့စွမ်းအားတွေက ထူးထူးခြားခြားကို တည်ငြိမ်သွားတယ်..."

"လက်ဖက်ရည်တစ်ခွက်သောက်ချိန် မပြည့်ခင်မှာပဲ အဆင့်တက်သွားတာလား..."

"ဖြစ်နိုင်တာက...သူက အခန်းထဲကို ဝင်သွားပြီးတဲ့နောက်မှာ အဆင့်တက်ဖို့ မြန်မြန်ဆန်ဆန် ကူညီပေးနိုင်တဲ့ ဆေးလုံးတစ်မျိုးကို သောက်သုံးလိုက်တာများလား..."

လူများအားလုံး ကြက်သေသေသွားကြသည်။

ကျန်းလီသည် ဆေးပညာရှင်တစ်ဦး ဖြစ်နေသဖြင့် ထိုလူပြောင်းလဲမှုကို စဉ်းစားကြည့်လျှင် ဤဖြစ်နိုင်ချေသာ ရှိတော့သည်။

"ဒုတိယ ဝင်သွားတဲ့လူက စိတ်ဝိညာဉ် အားနည်းနေတယ်... ငါ မမှားဘူးဆိုရင် သူက စိတ်ဝိညာဉ်ဖျက်ဆီးခြင်းကျိန်စာ တိုက်ခံထားရတာ ဖြစ်မယ်... ဒီကျိန်စာက စုန်းနတ်ဘုရားဂိုဏ်း က ကျင့်ကြံတဲ့ လျှို့ဝှက်စွမ်းရည်တစ်ခုပဲ... အဲ့ဒီကျိန်စာထိမှန်သွားတာနဲ့ လူတစ်ယောက်က ကျင့်ကြံအားထုတ်နေရင်တောင် သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအားက တဖြည်းဖြည်း လျော့နည်းလာလိမ့်မယ်... ကျိန်စာကို ဖယ်ရှားနိုင်တဲ့ နည်းလမ်း ရှာတွေ့တာ ဒါမှမဟုတ် ငါတို့ ဗုဒ္ဓဂိုဏ်း ကို အားကိုးတာမျိုး ကသာ အဲ့ဒီကျိန်စာကို အမြစ်ပြတ်ဖယ်ရှားနိုင်လိမ့်မယ်... ဒါပေမဲ့ ဆယ့်မိနစ်ကြာတော့ အဲ့ဒီလူ အခန်းထဲက ပြန်ထွက်လာတဲ့အချိန်မှာ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအား လျော့နည်းနေတာက ရပ်တန့်သွားရုံမကဘူး... အစွမ်းထက်တဲ့ အားဖြည့်ဆေးတစ်မျိုးကို သောက်လိုက်သလိုမျိုး ထူးခြားတဲ့ စွမ်းအားတွေကို ထုတ်လွှတ်ထားတယ်..."

အပြာရောင်တိမ်တိုက်အရှင်က ဆက်လက်၍ ပြောဆိုသည်။

သူ၏တပည့်များသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားမပြောနိုင် ဖြစ်သွားကြ၏။

စိတ်ဝိညာဉ်ဖျက်ဆီးခြင်းကျိန်စာကို သူတို့အားလုံး ကြားဖူးကြပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ အကယ်၍ သူတို့ကိုယ်တိုင် ထိုကျိန်စာကို ခံယူရလျှင်ပင် ခေါင်းခဲစရာကိစ္စတစ်ရပ် ဖြစ်လာပေလိမ့်မည်။ သို့ရာတွင် အချိန်ဆယ့်ငါးမိနစ်မပြည့်ခင် ကုသနိုင်ခဲ့သည်ဆိုသဖြင့် ထိုအကြီးအကဲကျန်းလီသည် ထိုကျိန်စာမျိုးကို ဖြေရှင်းနိုင်သော ဆေးလုံးများကိုလည်း ဖော်စပ်နိုင်သလော။

တပည့်များ၏ထိတ်လန့်တုန်လှုပ်နေမှုကို လျစ်လျူရှုပြီး အပြာရောင်တိမ်တိုက်အရှင်က ထပ်မံ၍ ပြောဆိုသည်။

"တတိယလူက အဆိပ်ငွေ့ မိထားလို့ မျက်စိကွယ်နေတာပဲ... ဒီအဆိပ်ငွေ့က မြောက်ပိုင်းပင်လယ်ဒေသမှာ နာမည်ကြီးတယ်..."

"ဖြစ်နိုင်တာက... ယင်ရင်းမြစ်အဆိပ်ငွေ့ လား..."

တပည့်တစ်ဦးက စဉ်းစားတွေးတောခြင်းပင် မပြုဘဲ လွှတ်ခနဲ ပြောဆိုလိုက်၏။

ယင်ရင်းမြစ်အဆိပ်ငွေ့ သည် အရောင်မရှိ အနံ့အရသာမရှိချေ။ ထိုအဆိပ်ငွေ့၏ သက်ရောက်ခြင်းကို ခံရသူများသည် မျက်စိကွယ်သွားမည်ဖြစ်ပြီး အချိန်တိုအတွင်း၌ ကုသနိုင်သော ဆေးမရှိချေ။ အဆိပ်မိသူ၏ကျင့်ကြံဆင့်သည် အသက်ပင်လယ်နယ်ပယ်သို့ မရောက်မချင်း အဆိပ်ငွေ့၏အာနိသင်မှ လွတ်မြောက်ရန် မဖြစ်နိုင်သည့်အပြင် မည်သည့်ဆေးဝါးမျှလည်း အလုပ်မဖြစ်ချေ။

"အမှန်ပဲ... သူ့ကို မျက်စိကွယ်စေတာ အဲ့ဒီအဆိပ်ပဲ... ဒါပေမဲ့ အရင်နှစ်ယောက်လိုပဲ အခန်းထဲကနေ သူ ပြန်ထွက်လာတဲ့အချိန်မှာ သူ့ရဲ့မျက်လုံးတွေက ကြည်လင်တောက်ပနေပြီးတော့ သူ့ရဲ့အဆိပ်တွေ ပျက်ပြယ်သွားပြီ"

အပြာရောင်တိမ်တိုက်အရှင်က ပြောဆိုသည်။

"ဖြစ်နိုင်တာက အဲ့ဒီအချိန်တိုလေးအတွင်းမှာ သူက အသက်ပင်လယ်နယ်ပယ်ကို ရောက်သွားတာများလား..."

အစောပိုင်းက စကားပြောဆိုခဲ့သော တပည့်၏မျက်လုံးများ ပြူးကျယ်သွားသည်။

အသက်ပင်လယ်နယ်ပယ် နှင့် ကြယ်စင်မြစ်နယ်ပယ်ကြား ကွာခြားချက်သည် ချောက်နက်ကြီးတစ်ခုအလားပင်။ မရေမတွက်နိုင်သော ကြယ်စင်မြစ်နယ်ပယ် ကျင့်ကြံသူများသည် တသက်လုံး နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခြင်း မရှိကြချေ။ တခြားလူများကို မဆိုထားနှင့် သူကိုယ်တိုင်ပင်လျှင် ငါးနှစ်ကြာအောင် ကြိုးစားခဲ့သော်လည်း အောင်မြင်မည့် အရိပ်အယောင်ဟူ၍ တစိုးတစိမျှ မတွေ့သေးချေ။

"အဲ့ဒီလို မဟုတ်ဘူး....သူက အဆင့်မတက်သေးဘဲနဲ့ သူ့ရဲ့မျက်လုံးတွေ ပြန်ကောင်းသွားတာပဲ..... ငါ မမှားဘူးဆိုရင် သူက အဆိပ်ငွေ့ကို ဖယ်ရှားပေးတဲ့ ဆေးလုံးတစ်မျိုးကို သောက်လိုက်တာ ဖြစ်မယ်"

အပြာရောင်တိမ်တိုက်အရှင်က ရှင်းပြသည်။

"ဒါက... အသက်ပင်လယ်နယ်ပယ်ကို အဆင့်တက်တာထက်တောင် ပိုပြီးခက်ခဲပုံရတယ်"

မြောင်နင်က အံ့အားတသင့် ပြောဆိုလိုက်၏။

အသက်ပင်လယ်နယ်ပယ်သို့ အဆင့်တက်ခြင်းသည် ခက်ခဲသော်လည်း ကျင့်ကြံသူအမြောက်အများ အောင်မြင်ခဲ့ကြသည်။ သို့ရာတွင် ယင်ရင်းမြစ်အဆိပ်ငွေ့ ကို ကုသနိုင်သည့် အောင်မြင်မှုမှာ ဤတစ်ကြိမ်တည်းသာရှိပြီး ယခင်က တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

"အမှန်ပဲ...စတုတ္ထလူကျတော့..."

အပြာရောင်တိမ်တိုက်အရှင်က အစောပိုင်းက အခန်းထဲသို့ ဝင်သွားခဲ့သော လူကိုးယောက်လုံး၏ အခြေအနေများကို အလျင်အမြန် ရှင်းပြလိုက်သည်။ သူတို့တစ်ယောက်စီတွင် အားနည်းများနှင့်ပြဿနာများ ရှိနေကြသော်လည်း အခန်းထဲသို့ ဝင်သွားပြီးသည်နှင့် ထိုအရာများအားလုံး ပြေလည်သွားကြသည်။

အပြာရောင်တိမ်တိုက်အရှင်သာ အသေးစိတ် မရှင်းပြလျှင် သူတို့သည် ဤကိစ္စကို ယုံကြည်ရဲမည် မဟုတ်ချေ။

"ဖြစ်နိုင်တာတော့... ဒီ အကြီးအကဲကျန်းလီ က ဆေးဖော်စပ်တာမှာ ကျွမ်းကျင်ရုံတင်မကဘဲနဲ့ ခက်ခဲတဲ့ ရောဂါမျိုးစုံကို ကုသနိုင်တဲ့ သမားတော်ကြီးတစ်ယောက်များ ဖြစ်နေတာလား..."

မြောင်နင်က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောဆိုသည်။

"ဒီလူတွေက ပြဿနာရှိလို့ သူ့ကို လာရှာတာ မဟုတ်ဘူး... သူက ဒီလူတွေကို သီးသန့် လိုက်ရှာခိုင်းတာ... မြောင်နင်... မင်းရဲ့ တွေးခေါ်ပုံက ရှုပ်ထွေးပြီးတော့ ပြောင်းပြန်ဖြစ်နေတယ်.. "

အပြာရောင်တိမ်တိုက်အရှင်က အေးစက်စက် အော်ငေါက်ပြီးနောက် ရှင်းပြသည်။

"ဒီလူတွေကို ရည်ရွယ်ချက်ရှိရှိ ရှာဖွေပြီးတော့ အောင်အောင်မြင်မြင် ကုသပေးလိုက်တာက ဘာကိုပြနေလဲဆိုရင်.... ဒီကျန်းလီ က ဆေးလုံးတွေကို အရူးအမူး ဖော်စပ်နေပြီးတော့ အချိန်တိုအတွင်း မှန်ကန်တဲ့ ဆေးဝါးမျိုးစုံကို ဖန်တီးနိုင်ခဲ့တာပဲ... ဒါကြောင့် သူက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခဲ့တယ်"

"ဆရာ ဆိုလိုတာက... အချိန်သုံးနာရီလောက်အတွင်းမှာ အကြီးအကဲကျန်းက မတူညီတဲ့ ဂုဏ်သတ္တိနဲ့ အာနိသင်ရှိတဲ့ ဆေးဝါးကိုးမျိုးကို ဖော်စပ်ပြီးတော့ အဲ့ဒါတွေအားလုံး အောင်မြင်ခဲ့တယ်လား.."

မြောင်ဝူသည် မယုံကြည်နိုင်ဖြစ်နေကာ သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

အခန်းအတွင်းသို့ အဝင်အထွက်ပြုသူ ကိုးဦးအကြားရှိ ကွာခြားချက်ကို သူ သတိပြုမိသော်လည်း ဤအချက်ကို မတွေးမိခဲ့ချေ။ အကြောင်းအရင်းမှာ ဤကိစ္စသည် အလွန် အံ့အားသင့်ဖွယ်ကောင်းနေသောကြောင့်ပင်။

ရင်းမြစ်ကမ္ဘာတွင် ဆေးလုံးများ၏အရေအတွက်သည် အကန့်အသတ်ရှိပြီး တစ်မျိုးစီအတွက် မရေမတွက်နိုင်သော ဆေးစမ်းသပ်ခံသူများဖြင့် သေချာစွာ စမ်းသပ်ရန် လိုအပ်ကာ ကုန်ကျစရိတ်ကို တိုင်းတာ၍ မရနိုင်ပေ။

ထို့ကြောင့် ဆေးပညာဂိုဏ်းတွင် ရောင်းချရန် ဆေးလုံးများ အဆက်မပြတ် ရှိနေသော်လည်း အချမ်းသာဆုံး အင်အားစု မဟုတ်ခဲ့ခြင်းပင်။ ဤသို့ဖြစ်ရခြင်းမှာ ဆေးလုံးများကို စမ်းသပ်လေ့လာရန်နှင့် ဖွံ့ဖြိုးတိုးတက်လာရန်တို့အတွက် ကုန်ကျစရိတ်သည် အလွန်မြင့်မားသောကြောင့် ဖြစ်သည်။

အချိန်သုံးနာရီခန့်အတွင်း လူရှာဖွေခြင်း ဆေးတိုက်ခြင်း ဆေးဖော်စပ်ခြင်း အပါအဝင် မတူညီသော ဆေးဝါး ၉ မျိုးကို ဖန်တီးနိုင်ခဲ့သည်မှာ ရိုးရှင်းစွာပြောရလျှင် အလွန်ကြောက်မက်ဖွယ် ကောင်းပေ၏။

ဤသည်မှာ လောကကြီးအတွင်းရှိ နံပါတ်တစ် ဆေးပညာရှင်၏ဉာဏ်ပညာကြီးမားမှု ဖြစ်သလော....

အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်သည်။

"ဒီဖြစ်နိုင်ခြေကလွဲရင် တခြားဘာအခြေအနေမျိုးကိုမှ ငါ စဉ်းစားလို့ မရဘူး"

ကျန်းလီသည် အချိန်တိုအတွင်းတွင် ဆေးဝါးအမျိုးမျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ခြင်းမရှိလျှင် ထိုအရာများကို စမ်းသပ်ရန် လူများကို ချက်ချင်းရှာဖွေမည် မဟုတ်ချေ။ သူ နားမလည်နိုင်သည်မှာ ကျန်းလီသည် ဆေးဝါးကိုးမျိုးလုံးကို မည်သို့ အောင်မြင်စွာ ဖော်စပ်ခဲ့သနည်းဟူသော အချက်ပင်။

"ဆရာ... သူ့ရဲ့ လျင်မြန်တဲ့ အောင်မြင်မှုက မိုးပြာတံဆိပ်ပြားကို ပိုင်ဆိုင်ထားတဲ့ ကျန်းရွှမ်ချင်း နဲ့များ သက်ဆိုင်နေမလား..."

မြောင်ဝူက ထိတ်လန့်တုန်လှုပ်နေပြီးနောက် တစ်စုံတစ်ခုကို အမှတ်ရသွားပုံဖြင့် ရုတ်တရက် မေးမြန်းသည်။

အကြီးအကဲကျန်းလီသည် သူတို့ကို မတွေ့ဆုံနိုင်ခြင်းမှာ ကျန်းရွှမ်ချင်းနှင့် တွေ့ဆုံနေသောကြောင့် ဖြစ်သည်။ အကြီးအကဲယောင်ယွင်သည် အကြောင်းပြချက်ကို တိတိကျကျ မပြောသော်လည်း ယခုချိန်၌ ထိုလူနှစ်ယောက်သည် အခန်းအတွင်း၌ ရှိနေပေ၏။ ဤအချိန်အတောအတွင်းတွင် ဆေးလုံးအသစ်များ အဆက်မပြတ် ပေါ်ထွက်လာခြင်းကို ထောက်ရှုပါက သူတို့နှစ်ယောက်နှင့် ပတ်သက်ဆက်နွယ်မှုမရှိဟု ပြောဆိုလျှင် ယုံနိုင်ဖွယ်ရာ မရှိချေ။

"ဖြစ်နိုင်တယ်... ငါတို့ အရင်က ခန့်မှန်းတာ မှားနေတာများလား... သူတို့ ကျင့်ကြံတာက ထုံးတမ်းစဥ်လာ ကောင်းကင်ကံကြမ္မာ မဟုတ်ဘဲနဲ့ ဆေးပညာနဲ့ ပတ်သက်တာများလား..."

အပြာရောင်တိမ်တိုက်အရှင်သည် ခေါင်းညိတ်ပြပြီးနောက် လေးလေးနက်နက် စဥ်းစားတွေးတောနေပေ၏။

All Chapters