နတ်ဆိုးဂိုဏ်း
Vol. 34 Ch. 404
ဆေးပညာကို ရူးသွပ်သူတစ်ဦးအနေဖြင့် အထွတ်အထိပ်ဆေးလုံးများကို ဖော်စပ်နိုင်ခြင်းသည် အကြီးအကဲကျန်းလီ၏ အကြီးမားဆုံးသော အိပ်မက်တစ်ခု အစဥ်အမြဲ ဖြစ်ခဲ့သည်။
ဆေးဖက်ဝင်ပစ္စည်းများ မည်မျှထိ ကုန်ကျမည် ဆေးပညာဂိုဏ်းအတွက် အကျိုးပြုရမှတ်များမည်မျှထိရရှိမည် ဟူသည့်အချက်ကို သူ ဂရုမစိုက်ချေ။
ဆေးဝါးများ ပို၍ဖော်စပ်နိုင်ပြီး လူများကို ပို၍အကျိုးပြုနိုင်သရွေ့ လုံလောက်ပြီဟု သူ ယူဆထားပေ၏။
ထိုကိစ္စများသည် အလျင်လို၍မရဘဲ ရေရှည်စီမံရန် လိုအပ်ကြောင်း သူ သိရှိထားသဖြင့် ယခုလောလောဆယ်တွင် သူ့ရှေ့မှလူကို အရင်ဆုံးဖြေရှင်းသည်က အကောင်းဆုံးဖြစ်ပေမည်။ အကြီးအကဲကျန်းလီက နံဘေးရှိ ဘုန်းတော်ကြီးကို လှည့်ကြည့်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"အပြာရောင်တိမ်တိုက်အရှင်က တပည့်တစ်ယောက်ကို ဆေးစမ်းသပ်ခိုင်းဖို့လောက်ပဲ လာခဲ့တာတော့ မဟုတ်ဘူးမလား"
"ဒါက တိုက်ဆိုင်မှုသက်သက်ပါ"
အပြာရောင်တိမ်တိုက်အရှင်က ပြုံးလိုက်သည်။
"ဒီတစ်ခေါက် ငါ လာခဲ့တာက အကြီးအကဲ အရင်က ကတိပေးထားတဲ့ 'ဗောဓိသတ္တရွှေဆေးလုံး' ကို တောင်းခံချင်လို့ပါ...အကြီးအကဲကျန်းအနေနဲ့ ဒါကို ကူညီပြီးဖော်စပ်ပေးဖို့ အားလပ်မလားဆိုတာ ငါ သိပါရစေ"
ကျန်းလီ ကြောင်အသွားသည်။
"ဗောဓိသတ္တရွှေဆေးလုံးက ဗုဒ္ဓဂိုဏ်းက မဟာဘုန်းတော်ကြီးတွေကို ကံကြမ္မာမြစ်ရဲ့ အန္တရာယ်ရှိတဲ့ အပိုင်းတွေကို ဖြတ်ကျော်ပြီးတော့ ပိုပြီးမြင့်မားတဲ့အဆင့်တွေကို တက်လှမ်းဖို့ ကူညီပေးနိုင်တာကြောင့် အဖိုးဖြတ်မရအောင် တန်ဖိုးရှိတယ်... အရေးအကြီးဆုံးက အဲ့ဒီဆေးလုံးအတွက် ဆေးဖက်ဝင်ပစ္စည်းတွေကို စုဆောင်းရခက်တယ်....အထူးသဖြင့် အဓိကပါဝင်ပစ္စည်းတွေပဲ... ဒါတွေကို ရှာတွေ့ရင်တောင် ကံကောင်းမှုမရှိရင်တောင် အောင်မြင်ဖို့ မလွယ်ကူဘူး.... ဖြစ်နိုင်တာက... မင်းက အဲ့ဒါကို ရှာတွေ့ထားပြီလား"
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်၏။
"ကံကောင်းစွာနဲ့ပဲ မင်းပြောတဲ့ ပစ္စည်းတွေအားလုံးကို လွန်ခဲ့တဲ့ နှစ်လကတည်းက အစုံအလင် စုဆောင်းပြီးပါပြီ"
ကျန်းလီ၏မျက်လုံးများတွင် အံ့အားသင့်မှုအရိပ်အယောင်များ ထင်ဟပ်လာသည်။
"ကြည့်ရအောင်..."
အပြာရောင်တိမ်တိုက်အရှင်၏ မျက်နှာပေါ်တွင် တွေဝေတုံ့ဆိုင်းသည့်အရိပ်အယောင် အနည်းငယ် ထင်ဟပ်လာပြီး ကျန်းရွှမ်နှင့်ခုန်းရှီ တို့ကို လှမ်းကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။
"ဒီအဓိကပါဝင်ပစ္စည်းက အရမ်းအရေးကြီးတာကြောင့် အကြီးအကဲကျန်းအနေနဲ့ ပတ်ဝန်းကျင်ကို ရှင်းပေးပါအုံး..."
"ရပါတယ်...."
ကျန်းလီက ခေါင်းညိတ်လိုက်ပြီး ကျန်းရွှမ်တို့ဘက်သို့လှည့်ကာ အပြုံးနှင့် ပြောဆိုသည်။
"မင်းတို့ရဲ့ အရည်အချင်းကို ငါ သိသွားပြီ....ဒီတော့ မင်းတို့နှစ်ယောက် နောက်သုံးရက်ကြာရင် ပြန်လာခဲ့ကြပါလား.... တခြားဆေးတစ်မျိုးကို ဖော်စပ်ဖို့အတွက် ငါက မင်းတို့ရဲ့ အကူအညီကို တောင်းခံချင်လို့ပါ...အဲ့ဒီကိစ္စ အောင်မြင်ရင် မင်းတို့ကို တစ်ယောက်ကို အကျိုးပြုရမှတ်နှစ်ရာစီ ဆုချမယ်"
"နှစ်ရာ....ဟုတ်လား...."
ကျန်းရွှမ် ထိတ်လန့်သွားသည်။
ဆေးစမ်းသပ်မှု စတင်ချိန်မှ ယခုအချိန်အထိ ခြောက်နာရီ ခုနစ်နာရီနီးပါး ကုန်လွန်ခဲ့ပြီဖြစ်သော်လည်း စုစုပေါင်း အကျိုးပြုရမှတ် ရှစ်ဆယ့်နှစ်မှတ်သာ ရရှိသေးပေ၏။ ယခုချိန်၌ သူတို့သည် ဆေးလုံးတစ်မျိုးတည်းအား ဖော်စပ်ရာတွင် ကူညီပေးရုံဖြင့် ရမှတ်နှစ်ရာကို ရရှိနိုင်ပေမည်။ ဤသည်မှာ သူ မည်သို့မျှ လက်လွတ်ခံ၍ မရသော အခွင့်အရေးပင်။
သူသည် အဆင့်မြင့်မြို့သား ဖြစ်လိုသောကြောင့် အကျိုးပြုရမှတ်များကို ရှာဖွေနေခြင်း မဟုတ်ချေ။ ကံကြမ္မာချပ်ပြားများကို အကျိုးပြုရမှတ်များဖြင့် ဝယ်ယူနိုင်သည်ဆိုပါက သူသည် ထိုရမှတ်များကို ဝယ်ယူမှုများအတွက် အသုံးပြုနိုင်မည် မဟုတ်လော။
ကံကြမ္မာချပ်ပြားငါးထောင်ဖြင့် အိမ်တစ်လုံး ဝယ်ယူနိုင်သော်လည်း အကျိုးဆောင်ရမှတ် တစ်မှတ်ပင် ဝယ်ယူ၍မရနိုင်ခြင်းကို ကြည့်ပါက ဈေးနှုန်းကို ခန့်မှန်းနိုင်သည်။
အနိမ့်ဆုံးစံနှုန်းဖြင့် တွက်လျှင်ပင် အကျိုးဆောင်ရမှတ်နှစ်ရာဆိုပါက ကံကြမ္မာချပ်ပြား တစ်သန်း သို့မဟုတ် ထိုထက်မက လဲလှယ်နိုင်မည်မှာ တိကျသေချာသည်။
ထို့ပြင် ဤမျှများပြားသော ကံကြမ္မာချပ်ပြားများတွင် ပါဝင်သည့် ကောင်းကင်ကံကြမ္မာစွမ်းအားများသည် သူ ကောင်းကင်ဘုံသောကကံကြမ္မာ၏ စတုတ္ထအဆင့် သို့မဟုတ် ပဉ္စမနယ်ပယ်အထိပင် စိန်ခေါ်နိုင်ရန် လုံလောက်ပေလိမ့်မည်။
"အမှန်ပဲ...."
အကြီးအကဲကျန်းလီက ခေါင်းညိတ်လိုက်သည်။
"ကျွန်တော်တို့ သဘောတူပါတယ်...."
ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။။
"ယောင်ယွင်...ပြီးတော့ မင်းတို့တွေ... သူတို့ကို အပြင်လိုက်ပို့ပေးလိုက်တော့"
ကျန်းလီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟုတ်ကဲ့...."
ယောင်ယွင်နှင့်တခြားလူများအားလုံး ထွက်ခွာသွားကြသည်။
အပြာရောင်တိမ်တိုက်အရှင်ကလည်း မြောင်ဟိုင် မြောင်ဝူနှင့်တခြားတပည့်များဘက်သို့ လှည့်ကြည့်ပြီး ပြောဆိုသည်။
"မင်းတို့တွေလည်း အပြင်ကို ထွက်ကြတော့"
မကြာမီမှာပင် အခန်းထဲ၌ သူတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
"အဓိကပါဝင်ပစ္စည်းက ဘယ်မှာလဲ"
ကျန်းလီက စိတ်လှုပ်ရှားစွာဖြင့် အပြာရောင်တိမ်တိုက်အရှင်ကို ကြည့်လိုက်သည်။
ဗောဓိသတ္တရွှေဆေးလုံးသည် သူအမြဲတစေ ဖော်စပ်ချင်ခဲ့သော ဆေးလုံးနှင့် နှိုင်းယှဉ်လျှင် အလှမ်းကွာဟသော်လည်း လက်ရှိခေတ်ကာလအတွင်းရှိ ဆေးလုံးများ၏ အထွတ်အထိပ်ဟု သတ်မှတ်နိုင်သည်။ ဤဆေးလုံးကို ဖော်စပ်ခွင့်ရခြင်းသည် သူ့အတွက်ပင်လျှင် များစွာသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးလိမ့်မည်။
အထူးသဖြင့် အဓိကပါဝင်ပစ္စည်းဟု ခေါ်ဆိုသောအရာကို သာမန်ဆေးပညာရှင်များ ဖော်စပ်ခွင့်ရရန်မဆိုထားနှင့် မြင်တွေ့ခွင့်ပင် ရနိုင်မည် မဟုတ်ချေ။
"ဒီမှာပါ..."
အပြာရောင်တိမ်တိုက်အရှင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ပုံရိပ်ယောင်လေဟာနယ်ထဲသို့ ရုတ်တရက် သူ၏လက်ကို ဆန့်တန်းလိုက်၏။
ဝှစ်....
ကံကြမ္မာမြစ်တစ်စင်းသည် သူတို့နှစ်ဦး
ရှေ့တွင် ထွက်ပေါ်လာပြီး လှိုင်းထန်နေသော မြစ်ရေများကြားတွင် တောင်မြင့်ကြီးတစ်လုံးနှင့်တူသော ပုံရိပ်တစ်ခုက အလယ်ဗဟိုတွင် မားမားမတ်မတ် တည်ရှိနေပေ၏။
ထိုပုံရိပ်၏နံဘေးပတ်လည်တွင် ရာနှင့်ချီသော သံကြိုးများဖြင့် ထူထပ်သိပ်သည်းစွာ ရစ်ပတ်ထားပြီး သံကြိုးတစ်ခုချင်းစီတွင် အဆောင်လက်ဖွဲ့များ ထွင်းထုထားကာ ကြီးမားသော ဖိနှိပ်ချုပ်ကိုင်နိုင်မှုအရှိန်အဝါများကို ထုတ်လွှတ်ထားသည်။
"ဒီကောင်ကို ကံကြမ္မာမြစ်ထဲမှာ ဒီလိုမျိုး ဖိနှိပ်ထားတာလား"
အကြီးအကဲကျန်းလီ အံ့အားသင့်သွားသည်။
"ဒါက ဗောဓိသတ္တတစ်ပါးက ပေးသနားထားတဲ့ သံကြိုးပါ...သူမှာ အခုထက် စွမ်းအားဆယ်ဆရှိရင်တောင် ထွက်ပြေးလို့ မရနိုင်ဘူး...."
အပြာရောင်တိမ်တိုက်အရှင်က ရှင်းပြသည်။
"ငါ ပြောတာက ထွက်ပြေးတာကို မဟုတ်ဘူး... အဓိကက မင်း ဘယ်လိုလုပ်ပြီးတော့ သူ့ကို ရှာတွေ့တာလဲ....ပြီးတော့ အရေးကြီးဆုံးက ဘယ်လို ဖမ်းမိခဲ့တာလဲ... ငါ မမှားဘူးဆိုရင် သူ့ရဲ့စွမ်းအားက မင်းထက် မနိမ့်ပါးဘူး...ဟုတ်တယ်မလား"
အကြီးအကဲကျန်းလီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။
အပြာရောင်တိမ်တိုက်အရှင်က အရေးမစိုက်
ကြည့်လိုက်သည်။
"သူ့ကို ဖမ်းဖို့အတွက် ကျုပ်က ရွှမ်ကျီဂိုဏ်းကို သွားပြီး ကံကြံမ္မာကောင်းနည်းနည်းကို ချေးငှားခဲ့တာပါ"
အကြီးအကဲကျန်းလီသည် ရုတ်တရက် နားလည်သဘောပေါက်သွားပြီးနောက် သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"ဗောဓိသတ္တရွှေဆေးလုံးကို ဖော်စပ်ဖို့အတွက် ပထမဆုံးအနေနဲ့ အဲ့ဒီသက်ရှိရဲ့ ခန္ဓာကိုယ်ထဲက အနှစ်သာရအမြူတေကို ထုတ်ယူရမယ်....တခြားဆေးဖက်ဝင်ပစ္စည်းတွေကို ငါ သွားပြင်ဆင်လိုက်အုံးမယ်....တကယ်လို့ မင်းသာ တစ်ရက်အတွင်းမှာ အချိန်ဆယ့်နှစ်နာရီမကျော်ဘဲနဲ့ အဲ့ဒီအရာကို ပေးနိုင်မယ်ဆိုရင် မင်း လိုချင်တဲ့ ဆေးလုံးကို ငါ ဖော်စပ်ပေးနိုင်တယ်..."
"ကောင်းပြီလေ..."
အပြာရောင်တိမ်တိုက်အရှင်က ခေါင်းညိတ်လိုက်သည်။
...
ဆေးပညာဂိုဏ်း၏အပြင်ဘက်ရှိ ကျောက်စိမ်းလမ်းမကြီးပေါ်တွင် ကျန်းရွှမ်နှင့်အကြီးအကဲယောင်ယွင်တို့သည် သူတို့၏လက်များကိုပူးဆုပ်၍ နှုတ်ဆက်လိုက်ကြ၏။
"အကြီးအကဲက လိုက်ပို့ဖို့ မလိုတော့ပါဘူး.... ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါအုံး"
"ကောင်းပြီလေ...သုံးရက်နေမှ ပြန်တွေ့ကြတာပေါ့"
အကြီးအကဲယောင်ယွင်က ခေါင်းညိတ်ပြပြီး ပိုင်ကျိုးဝမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"သူတို့ တည်းခိုတဲ့နေရာအထိ ဘေးကင်းကင်းနဲ့ ပြန်ရောက်အောင် လိုက်ပို့ပေးလိုက်ပါ"
ဆရာဖြစ်သူသည် ဤလူနှစ်ယောက်ကို တန်ဖိုးထားကြောင်း သူ သိရှိထားသဖြင့် မပေါ့ဆရဲချေ။
"ဟုတ်ကဲ့..."
ပိုင်ကျိုးဝမ်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဒီဘက်ကို ကြွပါ..."
ကျန်းရွှန်သည် ငြင်းဆန်ရန် ခက်ခဲသည်ကို မြင်တွေ့ချိန်၌ အပိုစကားများ ပြောမနေတော့ချေ။ သူတို့သည် ဆေးပညာဂိုဏ်းမှ ပြင်ဆင်ပေးထားသော မြင်းလှည်းပေါ်သို့ တက်လိုက်ပြီး သူတို့ တည်းခိုသောနေရာသို့ အလျင်အမြန် ထွက်ခွာခဲ့တော့သည်။
မြင်းလှည်းပေါ်တွင် အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ခုန်းရှီထံ၌ စူးစမ်းလိုစိတ်များ ပြင်းပြလာပြီး သူ၏ရှေ့မှ ပိုင်ကျိုးဝမ်ကို ကြည့်လိုက်သည်။
"ဗောဓိသတ္တရွှေဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းက ငါ မှတ်မိတာ မမှားဘူးဆိုရင် နတ်ဆိုးမျိုးနွယ်ရဲ့အနှစ်သာရအမြူတေ မဟုတ်လား"
"မင်းက ဘယ်လိုလုပ်ပြီး သိတာလဲ"
ပိုင်ကျိုးဝမ် အံ့အားသင့်သွားသည်။
ဗောဓိသတ္တရွှေဆေးလုံးသည် အလွန်အဆင့်မြင့်သော ဆေးလုံးဖြစ်ပြီး သူသည် ဆေးစမ်းသပ်ခံမည့်လူများကို ရှာဖွေရင်း ဆေးဝါးများစွာကို လေ့လာခဲ့ဖူးသောကြောင့်သာ သတင်းအချက်အလက်တချို့ကို သိရှိထားခြင်းဖြစ်သည်။ သို့ရာတွင် ဤလူနှစ်ယောက်သည် ယနေ့မှ ထျန်းလီမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သော်လည်း ဤအကြောင်းကို တိုက်ရိုက်ပြောဆိုနိုင်သည်မှာ အမှန်တကယ်ကို ထူးဆန်းပေ၏။
"ငါက ဒါကို အရင်က ရှေးဟောင်းစာအုပ်တစ်အုပ်မှာ ဖော်ပြထားတာကို ဖတ်ဖူးလို့ပါ..."
ခုန်းရှီက ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ချေ။
"ဘာကို ဆိုလိုတာလဲ"
သူ၏အမူအယာကို မြင်တွေ့ချိန်၌ ကျန်းရွှမ်က အသံပေးပို့ခြင်းဖြင့် မေးမြန်းလိုက်သည်။
ခုန်းရှီက ချက်ချင်းဆိုသလိုပင် တုံ့ပြန်အဖြေပေးလိုက်၏။
"ဗုဒ္ဓဂိုဏ်းရဲ့ အဆင့်မြင့်ဘုန်းတော်ကြီးတွေက ပိုမြင့်တဲ့ ကျင့်ကြံဆင့်နယ်ပယ်တွေကို ချိုးဖျက်ဝင်ရောက်ဖို့ ကြိုးစားတဲ့အချိန်မှာ သူတို့ရဲ့ရွှေအမြူတေကို စုစည်းဖို့ လိုအပ်တယ်လို့ ဆိုကြတယ်...ဗောဓိသတ္တရွှေဆေးလုံးက သူတို့ကို အဆင့်တက်ဖို့ ကူညီပေးနိုင်တဲ့ အထွတ်အထိပ်ဆေးလုံးပဲ"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
အပြာရောင်တိမ်တိုက်အရှင်နှင့် အကြီးအကဲကျန်းလီတို့၏ တိုင်ပင်ဆွေးနွေးမှုများကို နားထောင်ပြီး ဤအချက်ကို သူ ခန့်မှန်းမိပြီးဖြစ်သည်။
ခုန်းရှီက ဆက်လက်၍ ပြောဆိုသည်။
"မင်းလည်း သိတဲ့အတိုင်းပဲ... ငါက ထုံးတမ်းစဉ်လာကံကြမ္မာကို ဆက်ခံခဲ့ရုံတင်မကဘူး... စီနီယာကျိုးကျီ ရဲ့ စိတ်ဆန္ဒနဲ့ အတွေ့အကြုံတချို့ကိုပါ ရရှိခဲ့တာကြောင့် ဗုဒ္ဓဂိုဏ်းအကြောင်း ကိုအနည်းအကျဉ်း နားလည်ထားတယ်... မှတ်တမ်းတွေသာ မှန်မယ်ဆိုရင် ဗောဓိသတ္တရွှေဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းက နတ်ဆိုးမျိုးနွယ်ထဲက အဆင့်မြင့်နတ်ဆိုးတစ်ကောင်ရဲ့ အနှစ်သာထအမြူတေပဲ ဖြစ်လိမ့်မယ်"
"အနှစ်သာရအမြူတေလား.....မင်း ဆိုလိုတာက... ဗုဒ္ဓဂိုဏ်းက အဆင့်မြင့်ဘုန်းတော်ကြီးတွေက ဗောဓိသတ္တအဆင့်ကို မြင်တွေ့ဖို့အတွက် အဆင့်မြင့်နတ်ဆိုးတစ်ကောင်ကို သတ်ဖြတ်ဖို့ လိုအပ်တယ်လို့ ပြောချင်တာလား"
ကျန်းရွှမ်က မျက်မှောင်ကြုတ်လိုက်သည်။
နတ်ဆိုးလမ်းစဉ်ကို ကျွမ်းကျင်ပိုင်နိုင်သော နတ်ဆိုးဂိုဏ်းသည် သွေးဆာတတ်ပြီး ယုတ်မာမှုအပေါင်းကို ကျူးလွန်လေ့ရှိသည်။ သမိုင်းစဥ်တလျှောက်၌ နတ်ဆိုးဂိုဏ်းသည် ဗုဒ္ဓဂိုဏ်းနှင့် ရန်ဘက်ဖြစ်ပြီး အချင်းချင်း ဆန့်ကျင်ဘက်ရပ်တည်ခဲ့ကြသည်။
"အဲ့ဒီလို ဖြစ်ပုံရတယ်..... အသေးစိတ်ကိုတော့ ငါလည်း သေချာမသိဘူး... ဒါပေမဲ့ နတ်ဆိုးဂိုဏ်းရဲ့ အဆင့်မြင့်ဂိုဏ်းဝင်တွေဆိုတာ ပုံမှန်အနေနဲ့ဆိုရင် မဟာနတ်ဆိုးတွေဖြစ်နေတာကြောင့် သေသွားလည်း ကိစ္စမရှိပါဘူး....အဲ့ဒီကောင်တွေ ပိုပြီးများများ အသတ်ခံရရင် ပိုတောင်ကောင်းသေးတယ်"
ခုန်းရှီက ခေါင်းညိတ်လိုက်သည်။
"ဒါလည်း အမှန်ပဲ..."
ကျန်းရွှမ်က သဘောတူလိုက်၏။
နတ်ဆိုးဂိုဏ်းနှင့် ပတ်သက်ပြီး အသေးစိတ် မသိသော်လည်း သူ ဖတ်ဖူးသော မှတ်တမ်းများအရ ဤနတ်ဆိုးများသည် ကျင့်ကြံသူများ၏ စွမ်းအားများကို ဝါးမြိုစားသောက်ခြင်းဖြင့် အသက်ရှင်ကြသည်။ သူတို့သည် သဘောထားကွဲလွဲရုံဖြင့် သတ်ဖြတ်လေ့ရှိပြီး မြို့တစ်မြို့လုံးကိုပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကာ မကောင်းမှုဒုစရိုက်များကို ကျူးလွန်ကြသည်။
အဓိကအချက်မှာ သူတို့၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးစွမ်းအင်သည် ကျင့်ကြံသူများ၏စိတ်ကို ပျက်စီးစေနိုင်သဖြင့် ထိုလူများ၏စိတ်ဓာတ်ပြိုလဲသွားကာ စွမ်းအားများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ရူးသွပ်သွားစေနိုင်သည်။
နတ်ဆိုးဂိုဏ်းမှအဆင့်မြင့်နတ်ဆိုးတစ်ကောင်၏ အနှစ်သာရအမြူတေကို အဓိကပါဝင်ပစ္စည်းအဖြစ် အသုံးပြုပြီး ရွှေဆေးလုံးကိုလဖော်စပ်မည်ဆိုပါက မည်မျှထိ အစွမ်းထက်မည်နည်း။
အကယ်၍ သူသာ ထိုကဲ့သို့ ဆေးလုံးတစ်လုံးကို သောက်သုံးနိုင်ပါက သူ၏ကျင့်ကြံဆင့်ကို အသက်ပင်လယ်နယ်ပယ် သို့မဟုတ် ထို့ထက်ပိုမြင့်သော ကျင့်ကြံဆင့်နယ်ပယ်သို့ တိုက်ရိုက် တိုးမြှင့်ကောင်း တိုးမြှင့်နိုင်ပေမည်။