← Chapters

နှင်းနတ်ဆိုးအရှင်

Vol. 34 Ch. 405

နှင်းနတ်ဆိုးအရှင်

Vol. 34 Ch. 405

ဆေးပညာဂိုဏ်း၏ တိတ်ဆိတ်သော အခန်းတစ်ခန်းအတွင်း၌ အပြာရောင်တိမ်တိုက်အရှင်သည် တရားထိုင်သည့် မြက်ဖျာပေါ်တွင် ပလ္လင်ခွေထိုင်နေသည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဗုဒ္ဓကျမ်းစာစာလုံးများ စီးဆင်းနေကာ ခပ်ဖျော့ဖျော့အလင်းတန်းများ ထွက်ပေါ်နေပေ၏။

အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးဖွင့်ပြီး ဖြည်းညှင်းစွာ မတ်တတ်ထရပ်လိုက်သည်။

သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ နှစ်ခုလုံးကို အကောင်းဆုံး အခြေအနေသို့ ရောက်ရှိအောင် ထိန်းညှိယူပြီးနောက် ထိုနတ်ဆိုးအရှင်ကို သတ်ဖြတ်ပြီး အနှစ်သာရအမြူတေကို ထုတ်ယူရန် အချိန်တန်လေပြီ။

သူသည် လေထဲသို့ လက်ဝှေ့ယမ်းလိုက်ရာ ကံကြမ္မာမြစ်က သူ၏မျက်လုံးရှေ့တွင် ထွက်ပေါ်လာသည်။

သူ၏ကျင့်ကြံမှုသည် ကြောင်းကျိုးဆက်နွယ်မှုကံကြမ္မာ၏ အတက်အလက်တစ်ခုဖြစ်သော... အတ္တကင်းစင်ခြင်းကံကြမ္မာပင်။

ဝမ်းနည်းခြင်းပယ်ခွင်းဇင်ဓမ္မသည် ဝမ်းနည်းခြင်းမှ ရှောင်ကြဉ်နိုင်ရခြင်း၏ အကြောင်းအရင်းမှာ ထိုအရာ၏ အဓိကရည်ရွယ်ချက်ဖြစ်သော "အတ္တကင်းစင်ခြင်း" ကြောင့်ပင်။ "ငါ" ဟူသည့် အရာ မရှိတော့သည့်အချိန်၌ ဆင်းရဲဒုက္ခများသည်လည်း အလိုအလျောက် မရှိတော့ချေ။

ဤအချိန်တွင် အပြာရောင်တိမ်တိုက်အရှင်သည် "အတ္တကင်းစင်ခြင်း" အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ သူ၏အကြည့်များ တည်ငြိမ်အေးဆေးနေသည်။ သူထံတွင် ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်း ဝမ်းနည်းခြင်း စိတ်လှုပ်ရှားခြင်း စသည့် မလိုလားအပ်စိတ်ခံစားမှုများအားလုံး လုံးလုံးလျားလျား ကင်းစင်သွားပြီး စိတ်တည်ငြိမ်မှုနှင့်လျစ်လျူရှုမှုတို့သာ ကျန်ရှိတော့သည်။

သူသည် ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး ကံကြမ္မာမြစ်ထဲသို့ ဝင်ရောက်ကာ ကြီးမားသော ပုံရိပ်ကြီးတစ်ခုထံသို့ ချဉ်းကပ်သွားသည်။

ထိုပုံရိပ်သည် ဦးခေါင်းပေါ်တွင် ချွန်ထက်သော ဦးချိုတစ်ခုပါရှိသည့် အရွယ်ရောက် နတ်ဆိုးဘုရင်တစ်ကောင်ပင်။ သူ၏ဦးချိုပေါ်တွင် တောက်ပသော အလင်းကွင်းလေးကွင်းရှိနေကာ သူ၏အဆင့်အတန်းကို ဖော်ပြနေပေ၏။

ကွင်းလေးကွင်း နတ်ဆိုးဘုရင်...

နတ်ဆိုးဘုရင်တစ်ကောင်၏ ဦးချိုတွင် အလင်းကွင်းများလေလေ သွေးမျိုးဆက် ပို၍သန့်စင်လေဟု ဆိုကြသည်။ နတ်ဆိုးတစ်ကောင်သည် အများဆုံးအနေဖြင့် အလင်းကွင်းငါးကွင်းအထိ ရှိနိုင်ပြီး ဤတစ်ကောင်သည် လေးကွင်းအထိ ရောက်ရှိနေပြီဖြစ်ရာ သူ၏ကြောက်မက်ဖွယ်ကောင်းမှုကို ပြသနေသည်။

"ဆေးဖော်စပ်ဖို့ ငါ့ကို ဖမ်းဆီးလာပြီးတော့ ငါ့ကို သတ်ချင်နေတဲ့သူက မင်းပါလား..."

အပြာရောင်တိမ်တိုက်အရှင် ထွက်ပေါ်လာသည်နှင့် နတ်ဆိုးဘုရင်၏အသံ ထွက်ပေါ်လာသည်။ သူ၏အသံတွင် ဖြောင့်မတ်မှန်ကန်မှုနှင့်ယုတ်မာမှုနှစ်ခုလုံး ရောယှက်နေကာ စိတ်ဝိညာဉ်ကို ညှို့ယူနိုင်သော အမျိုးသမီးအသံနှင့် တည်ငြိမ်သော အတွေ့အကြုံရင့် ပညာရှိတစ်ဦး၏အသံ နှစ်မျိုးရောနှောနေသည့်အလား ကြားနေရသည်။

"နတ်ဆိုးဘုရင်တစ်ပါးဖြစ်တဲ့ မင်းက သေသင့်တယ်... ငါ မင်းကို သတ်တာကလည်း လွတ်မြောက်မှုအတွက် သက်ရှိသတ္တဝါတွေအားလုံးအတွက်ပဲ"

အပြာရောင်တိမ်တိုက်အရှင်သည် ခံစားချက်ကင်းမဲ့သော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူအလား တည်ငြိမ်အေးဆေးစွာဖြင့် နတ်ဆိုးဘုရင်ကို ကြည့်လိုက်သည်။

"သက်ရှိသတ္တဝါတွေအားလုံးအတွက်... ဟုတ်လား"

ကွင်းလေးကွင်း နတ်ဆိုးဘုရင်၏ ထူးဆန်းသောအသံက ဆက်လက်၍ ထွက်ပေါ်လာသည်။

"မင်းကိုယ်ပြီး သိပ်ပြီး မြင့်မြတ်သလို လာပြောမနေစမ်းနဲ့...ငါ နှင်းနတ်ဆိုးအရှင်က စပြီးကျင့်ကြံကတည်းက လူတစ်ယောက်ကိုမှ မသတ်ဖူးဘူး... ကျင့်ကြံသူတစ်ယောက်ရဲ့ အနှစ်သာရနဲ့ စွမ်းအားကိုလည်း မစားသုံးဖူးဘူး... ဆန့်ကျင်ဘက်အနေနဲ့ ဗုဒ္ဓဂိုဏ်းရဲ့ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ မင်းရဲ့လက်ချက်နဲ့ ကျင့်ကြံသူတွေ ဘယ်နှယောက်တောင် သေခဲ့ရပြီလဲ.... တစ်သောင်းမရှိရင်တောင် ရှစ်ထောင်တော့ သေချာပေါက် ရှိမယ်မလား"

"ငါ့ရဲ့ ဗုဒ္ဓနှလုံးသားကို ရှုပ်ထွေးအောင် လုပ်နေတာလား... မင်း တွက်ကိန်းမှားနေပြီ... အတ္တကင်းစင်ခြင်းကံကြမ္မာကို ကျင့်ကြံထားတဲ့ ငါ့ အတွက် စကားလုံးတွေ မပြောနဲ့.. နတ်ဆိုးတေးသွားတွေတောင် ငါ့ကို နည်းနည်းမှ လှုပ်ခတ်နိုင်မှာ မဟုတ်ဘူး"

အပြာရောင်တိမ်တိုက်အရှင်က လျစ်လျူရှုသောလေသံဖြင့် တုံ့ပြန်လိုက်၏။

"ငါက အမှန်တရားကို ဆွေးနွေးနေတာပါ.... ဗုဒ္ဓဂိုဏ်းက နောက်လိုက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်တယ်....လူတွေအများကြီးက နောက်ဘဝမှာ ကောင်းမှုကုသိုလ်အကျိုးတွေကိုရဖို့အတွက် သူတို့တွေ ဘဝတလျှောက်လုံး ကြိုးပမ်းအားထုတ်ခဲ့တဲ့ အရာတွေကို မင်းတို့ဆီ ပုံအပ်ကြတယ်..... ဒါပေမဲ့ တကယ်တမ်းကျတော့ နောက်ဘဝ ဆိုတာ ဘယ်မှာလဲ...ကုသိုလ်ကောင်းမှုအကျိုးဆိုတာတွေက ဘယ်မှာလဲ...မင်းတို့က လောကကြီးတစ်ခုလုံးကို လှည့်စားနေတဲ့ လူလိမ်တစ်သိုက်ပဲ"

နှင်းနတ်ဆိုးအရှင်က ခေါင်းခါယမ်းလိုက်၏။

"ထားလိုက်တော့.... မင်းတို့လို သူတော်ကောင်းယောင်ဆောင်နေတဲ့ လူတွေနဲ့ စကားများများ ပြောနေလို့လည်း အသုံးဝင်မှာ မဟုတ်ဘူး...ငါ့ကို သတ်ချင်ရင် သတ်လိုက်တော့... ဘာပဲဖြစ်ဖြစ် ငါက မင်းတို့ရဲ့ ချုပ်နှောင်တာကို ခံထားရပြီးပြီဆိုတော့ ထွက်ပြေးလို့ မရနိုင်တော့ဘူး"

"ကုသိုလ်ဆိုတာက စိတ်နှလုံးသားထဲမှာ ရှိတယ်...ငါ့ကို ဗောဓိသတ္တအဆင့်ရောက်အောင် ကူညီပေးမယ့် စွမ်းအားတစ်ခု ဖြစ်လာနိုင်တာကိုက မင်းအနေနဲ့ ကုသိုလ်ကြီးကြီးမားမား ရသွားတယ်လို့ ယူဆနိုင်တယ်"

အပြာရောင်တိမ်တိုက်အရှင်က အရေးမစိုက်သော အမူအယာဖြင့် ပြောဆိုပြီး သူ၏လက်ကို ရှေ့သို့ဆန့်တန်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် အကန့်အသတ်မဲ့ကျယ်ပြန့်သော ကံကြမ္မာမြစ်သည် လှိုင်းထန်လာပြီး လေထုထဲတွင် 'ဝမ့်'ဟူသည့် အက္ခရာကြီးတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာသည် သံကြိုးများပေါ်ရှိ ရှေးဟောင်းသင်္ကေတအက္ခရာများနှင့် ရောယှက်သွားပြီး ရဲရဲတောက်နေသော သံပူတံဆိပ်တုံးတစ်ခုကဲ့သို့ ဖြစ်လာပေ၏။

ရှဲ... ရှဲ...

နှင်းနတ်ဆိုးအရှင်၏ခန္ဓာကိုယ်မှ အစိမ်းရောင် မီးခိုးငွေ့များ ထွက်ပေါ်လာပြီး ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ခေါင်းမှ ချွေးများ တဒီးဒီးယိုစီးကျလာကာ သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

အပြာရောင်တိမ်တိုက်အရှင်သည် အမူအယာကင်းမဲ့စွာဖြင့် သူ၏လက်ကို ဆန့်တန်းလိုက်ရာ အရပ်မျက်နှာအဘက်ဘက်မှ ဗုဒ္ဓကျမ်းစာရွတ်ဆိုများ ထွက်ပေါ်လာပြီး ကံကြမ္မာမြစ်တစ်ခုလုံး၏အထက်တွင် ပဲ့တင်ထပ်နေသည်။

နောက်ထပ်အချိန်တခဏတွင် အကန့်အသတ်သို့ ရောက်ရှိနေသော ကြီးမားသည့် စွမ်းအားတစ်ရပ်သည် သူ့ရှေ့မှ နှင်းနတ်ဆိုးအရှင်ထံသို့ ပျံ့နှံ့သွားသည်။ ထို့နောက် နတ်ဆိုးစွမ်းအင်အမြောက်အများ ထုတ်လွှတ်နေသော အနှစ်သာရအမြူတေတစ်ခုသည် နှင်းနတ်ဆိုးအရှင်၏ဦးခေါင်းထိပ်မှ ဖြည်းညှင်းစွာ မြောက်တက်လာသည်။

အပြာရောင်တိမ်တိုက်အရှင်သည် နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်အတွင်းမှ အနှစ်သာရအမြူတေကို အတင်းအကြပ်ဆွဲထုတ်ရန် ကြံရွယ်ထားပေ၏။

ဝုန်း... ဝုန်း...

ထိုအချိန်မှာပင် ပတ်ဝန်းကျင်ရှိ သံကြိုးများ ရုတ်တရက် တင်းကြပ်သွားပြီး ဗုဒ္ဓကျမ်းစာရွတ်ဖတ်သံများလည်း အနည်းငယ် တိုးသွားသည်။

"မင်းက အနှစ်သာရအမြူတေကို သံကြိုးတွေနဲ့ ပေါင်းစပ်ထားတာလား"

အပြာရောင်တိမ်တိုက်အရှင်က မျက်မှောင်ကြုတ်လိုက်သည်။

သူသည် နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်အတွင်းမှ အနှစ်သာရအမြူတေကို သူ၏စွမ်းအားဖြင့် ဆွဲထုတ်လိုက်သော်လည်း ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထွက်ပြေးရန် မဖြစ်နိုင်ကြောင်း သိလိုက်ရချိန်၌ နှင်းနတ်ဆိုးအရှင်သည် သူ၏အနှစ်သာရအမြူတေကို သူ့အားချည်နှောင်ထားသော သံကြိုးများနှင့် တိုက်ရိုက် ပေါင်းစပ်လိုက်ပြီး အတင်းအကြပ် ချိတ်ဆက်ထားသည်။ အကယ်၍ ထိုအနှစ်သာရအမြူတေကို ဖမ်းယူခြင်းသည် အောင်မြင်ခဲ့လျှင်ပင် ထိုအရာကို ပျက်စီးသွားစေမည်ဖြစ်ပြီး ဆေးဖော်စပ်ရန် မဖြစ်နိုင်တော့ချေ။

နတ်ဆိုးတစ်ကောင်၏အနှစ်သာရအမြူတေသည် သူ့ကိုယ်သူ ကိုယ်စားပြုသည်။ ထိုအရာကို သံကြိုးများနှင့် ပေါင်းစပ်ခြင်းသည် သူ၏နှလုံးသားကို သံချိတ်ဖြင့် ထိုးစိုက်ပြီး ထပ်ခါတလဲလဲ ထိုးဖောက်ကာ သီကုံးထားသည့်အလားပင်။ ဤသို့ပြုလုပ်ရန် မည်မျှထိ ကြီးမားသော သတ္တိနှင့်ရဲရင့်မှုတို့ လိုအပ်မည်နည်း။

ဤနတ်ဆိုးသည် "အတ္တကင်းစင်ခြင်းကံကြမ္မာ" ကို ကျင့်ကြံသော သူ့ထက်ပင် ပို၍ရက်စက်ပေ၏။

"အနှစ်သာရအမြူတေကို သံကြိုးတွေနဲ့ ပေါင်းစပ်လိုက်တာနဲ့ ငါ မရနိုင်တော့ဘူးလို့ မင်း ထင်နေတာလား...တကယ့်ကို ရယ်စရာပဲ..."

နောက်ဆုံးတွင် အမြဲတစေတည်ငြိမ်အေးဆေးနေသော အပြာရောင်တိမ်တိုက်အရှင်၏ မျက်နှာတွင် အပြောင်းအလဲတစ်ခု ထွက်ပေါ်လာပြီး အေးစက်စက် နှာမှုတ်လိုက်သည်။

"မင်း အတင်းအကြပ်ဆွဲထုတ်ရင် အနှစ်သာရအမြူတေ ကြေမွှသွားလိမ့်မယ်... မင်း ရခဲ့ရင်တောင် ဗောဓိသတ္တရွှေဆေးလုံးလုပ်ဖို့ သုံးလို့ရမှာ မဟုတ်ဘူး....ဒါက မင်းလိုချင်တဲ့အရာ မဟုတ်ဘူးမလား"

နှင်းနတ်ဆိုးအရှင်ထံ၌ ယခင်အမူအယာမျိုး မရှိတော့ဘဲ အပြုံးဖြင့် ပြောဆိုသည်။

"ငါတို့ အပေးအယူတစ်ခု လုပ်ကြမလား...မင်း ငါ့ကို လွှတ်ပေး... ငါ မင်းကို အနှစ်သာရအမြူအတေပေးမယ်... ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေမျိုး မဟုတ်လား...."

အပြာရောင်တိမ်တိုက်အရှင်သည် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူ၏လက်ထဲတွင် စိပ်ပုတီးတစ်ကုံး ထွက်ပေါ်လာသည်။

"အနှစ်သာရအမြူတေကို ချည်နှောင်ထားတာနဲ့ ငါ ဘာမှမလုပ်နိုင်တော့ဘူးလို့ မင်း ယုံကြည်နေတာတော့ မဟုတ်ဘူးမလား... မင်းက ဗုဒ္ဓဂိုဏ်းကို လျှော့တွက်လွန်းနေပြီ... ပြီးတော့ ဗောဓိသတ္တအဆင့်နဲ့ တွေ့ဆုံတော့မယ့် မဟာဘုန်းကြီးတစ်ပါးကိုလည်း မင်းက လျှော့တွက်လွန်းနေပြီ"

ဝှစ်....

ထိုစကားများကိုပြောဆိုရင်း အပြာရောင်တိမ်တိုက်အရှင်သည် သူ၏လက်ထဲမှ စိပ်ပုတီးကို ညင်သာစွာ ပစ်လွှတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် ပျံ့လွင့်သွားပြီး နှင်းနတ်ဆိုးအရှင်၏ ခေါင်းထက်၌ ပျံဝဲနေသည်။ နောက်ထပ်အချိန်တခဏတွင် ကြည်လင်ပြတ်သားသော အသံများ ထွက်ပေါ်လာပြီး သံကြိုးများပေါ်ရှိ 'ဝမ့်' အက္ခရာ၏အလင်းရောင်သည် တဖြည်းဖြည်းပျောက်ကွယ်သွားပေ၏။

ထိုသို့လုပ်ဆောင်ပြီးနောက် အပြာရောင်တိမ်တိုက်အရှင်သည် မျက်ခုံးပင့်ပြီး သူ၏လက်ကို နောက်တစ်ကြိမ် ဖမ်းဆုပ်လိုက်သည်။

နှင်းနတ်ဆိုးအရှင်၏ခေါင်းပေါ်မှ အနှစ်သာရအမြူတေသည် လျင်မြန်စွာ ပြန်လည်၍ မြင့်တက်လာသည်။ ယခုတစ်ကြိမ်တွင်မူ သံကြိုးများထံမှ အသံထွက်မလာတော့ချေ။ သူ၏ ရုပ်ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့ကို ချည်နှောင်ထားသော ဗုဒ္ဓဂိုဏ်း၏ရတနာများသည် စိပ်ပုတီး၏ စွမ်းအားကြောင့် ယာယီဖိနှိပ်ခံထားရသည့်အလားပင်။

"မင်း..."

မမျှော်လင့်ဘဲ တစ်ဖက်လူတွင် သံကြိုးများကို ယာယီဖိနှိပ်နိုင်စွမ်း ရှိနေသည်။ နှင်းနတ်ဆိုးအရှင်၏မျက်လုံးများတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပြီး အနှစ်သာရအမြူတေ ပါမသွားစေရန် အံ့တင်းတင်းကြိတ်ပြီး ထိန်းချုပ်လိုက်သည်။

"ဟမ့်...ကလေးကစားစရာ လှည့်ကွက်လေးတွေနဲ့များ....."

အပြာရောင်တိမ်တိုက်အရှင်က အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်မှ စွမ်းအားကို တဖြည်းဖြည်း တိုးမြှင့်လိုက်၏။ သူ၏မျက်နှာသည် သွေးရောင်လွှမ်းနေရာမှ တဖြည်းဖြည်း ဖြူဖပ်ဖြူရော် ဖြစ်လာသည်။

ရိုးရိုးသားသား ဝန်ခံရလျှင် ဗုဒ္ဓဂိုဏ်း၏ ဗောဓိသတ္တအဆင့်နှင့် တန်းတူရှိသော ဤနတ်ဆိုးဘုရင်ကို သံကြိုးများ၏အကူအညီမပါဘဲ သူ၏ လက်ရှိကျင့်ကြံဆင့်သက်သက်ဖြင့် ဖိနှိပ်နိုင်မည် မဟုတ်ချေ။

ယခုအချိန်တွင် စိပ်ပုတီးနှင့်သံကြိုးများကဲ့သို့ ဗုဒ္ဓရတနာများ၏ အကူအညီကို ရထားသော်လည်း အနှစ်သာရအမြူကို အတင်းအကြပ်ဆွဲထုတ်ရခြင်းမှာ သူ့အား အလွန်ပင်ပန်းခက်ခဲစေသည်။

"ပျက်စီးစမ်း...."

အပြာရောင်တိမ်တိုက်အရှင် စွမ်းအားကုန် ထုတ်သုံးလိုက်ချိန်တွင် ထိတ်လန့်နေသော နှင်းနတ်ဆိုးအရှင်၏ မျက်လုံးများတွင် ရက်စက်သော အရိပ်အယောင်တစ်ရပ် ရုတ်တရက် ထွက်ပေါ်လာပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"ဘုန်း...."

သံကြိုးများဖြင့် ချည်နှောင်ခံထားရသော နှင်းနတ်ဆိုးအရှင်၏ခန္ဓာကိုယ်သည် ရုတ်တရက် ပေါက်ကွဲသွားပေ၏။ ထိုအရာသည် အလွန်သန့်စင်သော စွမ်းအားအစုအဝေးအဖြစ် ပြောင်းလဲသွားကာ အနှစ်သာရဆေးလုံးနှင့်အတူ အပြာရောင်တိမ်တိုက်အရှင်ထံသို့ တိုးဝင်သွားသည်။

အပြာရောင်တိမ်တိုက်အရှင်သည် လွန်ဆွဲနေသည့်အလား စွမ်းအားကုန်သုံးပြီး အနှစ်သာရအမြူတေကို ဆွဲထုတ်နေခြင်းပင်။ ထိုသို့ အားပြိုင်နေစဉ်တွင် ပြိုင်ဘက်သည် ကြိုးကို လျှော့ပေးလိုက်ရုံသာမက သူ၏ခန္ဓာကိုယ်ကိုလည်း ဖျက်ဆီးပြီး စွမ်းအားများအားလုံးကို တွန်းပို့လိုက်ခြင်းဖြစ်သည်။

မျက်တောင်တစ်ခတ်စာအချိန်အတွင်းတွင် စွမ်းအားများ ပြန်ကန်ထွက်လာသည်။ အစွမ်းထက်သော အပြာရောင်တိမ်တိုက်အရှင်ပင်လျှင် ခံနိုင်ရည်မရှိတော့ဘဲ သူ၏မျက်နှာဖြူရော်သွားကာ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

ဖူး....

နောက်ထပ်အချိန်တခဏတွင် သံကြိုးများရစ်ပတ်နေဆဲဖြစ်သော အနှစ်သာရအမြူတေသည် အပြာရောင်တိမ်တိုက်အရှင်၏ရင်ဘတ်ကို ဖောက်ထွက်သွားပြီး ကံကြမ္မာမြစ်၏အကန့်အသတ်ကို ချိုးဖျက်ကာ လွတ်မြောက်သွားတော့သည်။

All Chapters