ပထမအဆင့် ဆေးလုံးဆယ်လုံး
Vol. 34 Ch. 397
ဤလူနှစ်ယောက်အနက် တစ်ယောက်သည် အသက် နှစ်ဆယ့်ငါး နှစ်ဆယ့်ခြောက်ခန့်သာ ရှိသေးပြီး အလွန်ချောမောခန့်ညားသော ရုပ်ရည်ရှိသည်။ နောက်တစ်ယောက်ကမူ မုတ်ဆိတ်မွှေးဖြူများရှိကာ အသက်ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ရှိမည့်ပုံရပြီး အင်မော်တယ်တစ်ပါးကဲ့သို့သော အရှိန်အဝါ ရှိသည်။
သူတို့၏စွမ်းအားနှင့် ပတ်သက်၍မူ နှစ်ယောက်လုံးသည် ထူးထူးခြားခြား စွမ်းအားကြီးပုံမရဘဲ ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့် သို့မဟုတ် သတ္တမအဆင့်ခန့်သာ ရှိကြသည်။ ဗုဒ္ဓဂိုဏ်းတွင်ဆိုလျှင် သူတို့သည် သာမန်ဘုန်းတော်ကြီးအဆင့်တွင်သာ ရှိကြပေမည်။
"ဆရာ...တပည့်တော်က သူတို့ကို အရင်က မြင်ဖူးပါတယ်...."
ထိုအချိန်မှာပင် ဇင်ဆရာတော်မြောင်နန်၏ အသံသတင်းစကားက သူ၏နားထဲသို့ ဝင်ရောက်လာသည်။
အပြာရောင်တိမ်တိုက်အရှင်က လှည့်ကြည့်လိုက်ရာ သူ၏တပည့်ဖြစ်သူက ရှင်းလင်းပြတ်သားစွာ ပြောဆိုလေ၏။
"အလုံးစုံသိမြင်ဂိုဏ်းမှာ တပည့်တော် အိမ်တစ်လုံး ဝယ်တုန်းက သူတို့ကို အထဲခေါ်သွားတာ မြင်လိုက်ရတာပါ...သူတို့က မိုးပြာတံဆိပ်ပြားပိုင်ရှင်တွေ မဟုတ်ရင်တောင် အဲ့ဒီလူနဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိတာတော့ သေချာတယ်"
"သူတို့လား"
အပြာရောင်တိမ်တိုက်အရှင်သည် အချိန်တခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုလူနှစ်ယောက်ကို ပြန်ကြည့်လိုက်သည်။ သို့ရာတွင် ကြက်ဟင်းခါးသီးကဲ့သို့ မျက်နှာပိုင်ရှင် လူလတ်ပိုင်းကြီး၏ဦးဆောင်မှုဖြင့် သူတို့သည် အခန်းထဲသို့ ဝင်ရောက်သွားပြီး သူ၏မြင်ကွင်းမှ ပျောက်ကွယ်သွားကြသည်။
သူသည် ယောင်ယွင်ကို မော့ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်၏။
"အဲ့ဒီလူနှစ်ယောက်က ဘယ်သူတွေလဲ"
ယောင်ယွင်က ခပ်ဖျော့ဖျော့အပြုံးနှင့် တုံ့ပြန်အဖြေပေးသည်။
"သူတို့က ဆရာ့ရဲ့ ဧည့်သည်တွေပါ... အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဖို့ အဆင်မပြေပါဘူး.... တကယ့်ကို အားနာပါတယ်'
"ကိစ္စမရှိဘူး....ငါက အလိုက်မသိတဲ့စကားကို ပြောမိတာပါ"
အပြာရောင်တိမ်တိုက်အရှင်က လျစ်လျှူရှုသည့်လေသံဖြင့် ပြောဆိုပြီး ဆက်လက်၍ မမေးမြန်းတော့ဘဲ နံဘေးဘက်ရှိ ဧည့်ခန်းထဲသို့ ဝင်သွားလိုက်သည်။ သို့ရာတွင် သူ၏မျက်လုံးများတွင် အံ့သြမှုနှင့်ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားပေ၏။
မိုးပြာတံဆိပ်ပြားသည် အလွန်တန်ဖိုးရှိသော်လည်း ဆေးပညာဂိုဏ်းတွင် များစွာအသုံးဝင်ခြင်းမရှိချေ။ ကျန်းလီသည် သူ့ကိုယ်သူ နှိမ့်ချပြီး သူတို့ကို ကိုယ်တိုင်ကိုယ်ကျ လက်ခံတွေ့ဆုံနေသည်အား ကြည့်လျှင် ဤလူနှစ်ယောက်တွင် ထူးခြားသော အထောက်အထားနှင့် အဆင့်အတန်း ရှိရမည်ဟု ညွှန်ပြနေသည်။
အကယ်၍ သူ၏ ယခင်ခန့်မှန်းချက်သာ မှန်ကန်ပါက သူတို့အနက်မှတစ်ယောက်သည် အမှန်တကယ်ကို ကျိုးကျီ၏အမွေဆက်ခံသူ ဖြစ်နေပါက သူ အတင်းအဓမ္မ ခေါ်ဆောင်သွားလိုလျှင်ပင် ဂရုတစိုက်စဉ်းစားချင့်ချိန်ရပေမည်။
...
"ဒီကျန်းလီက ဆေးပညာဂိုဏ်းရဲ့ ထိပ်သီးအကြီးအကဲတွေထဲက တစ်ယောက်ဖြစ်ပြီးတော့ ဆေးသန့်စင်ခြင်းပညာရပ်ရဲ့ ခေါင်းဆောင်ပဲ....သူ့ရဲ့ကျင့်ကြံဆင့်လည်း နက်နဲသိမ်မွေ့ပြီးတော့ ခန့်မှန်းလို့မရနိုင်ဘူးလို့ ငါ ကြားဖူးတယ်..."
ဗုဒ္ဓဂိုဏ်းမှ ဘုန်းတော်ကြီးများ၏ ထိတ်လန့်တုန်လှုပ်မှုနှင့် ဇဝေဇဝါဖြစ်နေမှုများကို သတိမပြုမိဘဲ ခုန်းရှီက ကျန်းရွှမ်ထံသို့ အသံပေးပို့ပြီး ပြောဆိုနေသည်။
ဤထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးသည် သူတို့ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံလိုကြောင်း ကြားသိရသဖြင့် သူတို့ အနည်းငယ် အံ့အားသင့်နေကြသည်။
'ဆေးလေးနည်းနည်းကို စားလိုက်ရုံလေးနဲ့ ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်ကြီးကို အနှောင့်အယှက်ပေးဖို့ မလိုဘူးလေ...ဟုတ်တယ်မလား'
"သွားကြည့်ကြရအောင်...ငါတို့က သူနဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အခွင့်အရေးရရင် ကိစ္စတော်တော်များများအတွက် ပိုပြီးစိတ်ချထားလို့ ရနိုင်တယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
သူသည် ထိုအစွမ်းထက်ပုဂ္ဂိုလ်ကို တွေ့ဆုံရန်အတွက် စိုးရိမ်ပူပန်ခြင်း မရှိချေ။
ယခင်က သူ၏ကျင့်ကြံဆင့် နိမ့်ပါးနေစဥ် အချိန်ကပင် အချိန်ကာလသူတော်စင် စိတ်ဝိညာဥ်နန်းတော်သခင်နှင့် တခြားအစွမ်းထက်တည်ရှိမှုကြီးများကို မြင်တွေ့ဖူးပြီးဖြစ်သည်။ ထိုအချိန်တုန်းက သူသည် မည်သို့မျှ မထူးခြားသကဲ့သို့ ခံစားခဲ့ရလေရာ ယခုချိန်၌ သူ၏ကျင့်ကြံဆင့် မြင့်တက်လာပြီဖြစ်သောကြောင့် ပို၍ပင် အကြောက်အလန့် ကင်းမဲ့နေပေ၏။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် ကျန်းရွှမ်၏မျက်လုံးအကြည့်သည် ဆေးဖော်စပ်နေသော ကျန်းလီအပေါ်သို့ ကျရောက်သွားသည်။
ပိုင်ကျိုးဝမ်သည် ကျန်းရွှမ်တို့ကို ဖိတ်ခေါ်ရန် ထွက်ခွာသွားစဥ်မှ ပြန်ရောက်လာသည့်အချိန်ထိ အချိန်နာရီဝက်ပင် မကြာလိုက်ချေ။ ထိုအချိန်အတွင်းတွင် ကျန်းလီသည် ရေခဲနွယ်ချို ရေခဲသလင်းမြက်တို့ဖြင့် အားဖြည့်ထားသော မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးများကို ရာနှင့်ချီ၍ အသစ်တစ်ဖန် ထပ်မံဖော်စပ်ပြီးဖြစ်သည်။ ထိုဆေးလုံးတစ်လုံးစီသည် စိတ်ဝိညာဉ်စွမ်းအားများ အေးစက်စက်အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
ထိုအရာများသည် ချွို့ယွင်းချက်ရှိသော ဆေးများ မဟုတ်တော့ဘဲ ပြီးပြည့်စုံစွာ အောင်မြင်နေသည်မှာ သိသာထင်ရှားလှ၏။
"အကြီးအကဲ... သူတို့ကို ခေါ်လာခဲ့ပါပြီ..."
ပိုင်ကျိုးဝမ်က သူ၏လက်ကိုပူးဆုပ်၍ အလျင်အမြန် အရိုအသေပြုလိုက်ပြီးနောက် သူတို့နှစ်ယောက်ဘက်သို့ လှည့်ကာ သူ၏မျက်လုံးဖြင့် အချက်ပြလိုက်သည်။
"ဒါက အကြီးအကဲကျန်းပဲ... မြန်မြန် အရိုအသေပြုလိုက်ကြအုံး"
"အကြီးအကဲကျန်းကို တွေ့ရတာ ဝမ်းသာပါတယ်"
ကျန်းရွှမ်တို့နှစ်ယောက်သည် အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်ကြပြီး မလေးမစား မလုပ်ရဲကြချေ။
ကျန်းလီက ခေါင်းညိတ်ပြပြီး စူးစမ်းလိုစိတ်ဖြင့် သူတို့ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။
ပိုင်ကျိုးဝမ် ပြောသည့်အတိုင်းပင် ဤလူနှစ်ယောက်သည် ကျင့်ကြံဆင့် အလွန်မြင့်မားခြင်း မရှိသည့်အပြင် အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိသည့်ပုံလည်း မပေါ်ပေ။ သို့ရာတွင် သူတို့သည် မြေကမ္ဘာငရဲအဝါရောင်ဆေးလုံး ငါးကျင်းကို စားသုံးနိုင်ရုံသာမက အရသာကိုမြည်းစမ်းပြီးနောက် မည်သည့်ပါဝင်ပစ္စည်း လိုအပ်ကြောင်း ဆုံးဖြတ်နိုင်သည်မှာ အမှန်တကယ်ကို ပဟေဠိဆန်ပေ၏။
"မြေကမ္ဘာငရဲအဝါရောင်ဆေးလုံးကို စားပြီးတဲ့နောက် မင်းတို့ရဲ့ထင်မြင်ချက်တွေကို ငါ တွေ့ခဲ့တယ်....ငါက ဆေးလုံးတွေကို ပြန်ဖော်စပ်ကြည့်တဲ့အချိန်မှာ အာနိသင်က တကယ့်ကို စိတ်ကျေနပ်စရာကောင်းတယ်"
ကျန်းလီသည် ယဉ်ကျေးမှုစကားများကို ဖလှယ်ခြင်းမပြုဘဲ သူ၏ရည်ရွယ်ချက်ကို တိုက်ရိုက်ဖွင့်ဟပြောဆိုလိုက်သည်။
"ဒီဆေးထဲမှာ ရေခဲသလင်းမြက် ဒါမှမဟုတ် ရေခဲနွယ်ချိုကို ထည့်ဖို့လိုတယ်ဆိုတာ မင်းတို့ ဘယ်လိုလုပ်ပြီး သိတာလဲ"
ကျန်းရွှမ် ရိုးစင်းသောအပြုံးဖြင့် တုံ့ပြန်အဖြေပေးသည်။
"ဒီဆေးကို စားပြီးတဲ့နောက်မှာ နည်းနည်းခါးပြီးတော့ နည်းနည်းပူတယ်လို့ ခံစားရလို့ပါ...ကျွန်တော် စဉ်းစားကြည့်တော့ ရေခဲနွယ်ချို တစ်ပင်လောက် ထည့်လိုက်ရင် ပြဿနာပြေလည်သွားလိမ့်မယ်လို့ ထင်မိတာပါ..."
ကောင်းကင်ဘုံစာကြည့်တိုက်သည် ဆေးလုံး၏ချို့ယွင်းချက်များကို ခွဲခြမ်းစိတ်ဖြာပေးထားသောကြောင့် မည်သည့်အရာအား လိုအပ်သည်ကို သူ သဘာဝကျကျ သိရှိနေခြင်းဖြစ်သည်။
"ကျွန်တော်လည်း အဲ့လိုပဲ တွေးမိတယ်... ဆေးရဲ့ ကြည့်ရဆိုးတဲ့ ပုံစံကို ထည့်သွင်းစဉ်းစားပြီးတော့ ရေခဲသလင်းမြက် ထည့်လိုက်ရင် အေးမြတဲ့ ဂုဏ်သတ္တိရှိရုံတင်မကဘူး ဆေးလုံးရဲ့လှပမှုကိုပါ တိုးစေတယ်လေ..."
ခုန်းရှီကလည်း ဝင်ရောက်ပြောဆိုသည်။
ထိုလူနှစ်ယောက်ကို ဂရုတစိုက်ကြည့်ပြီးနောက် အမှန်အတိုင်း မပြောကြသည်ကို သိရှိသော်လည်း ကျန်းလီသည် ထပ်မံ၍မမေးမြန်းတော့ဘဲ ဆက်လက်ပြောဆိုလိုက်၏။
"မင်းတို့ကို ဒီနေရာဆီ ခေါ်လိုက်တာက တခြားဆေးလုံးတွေကို စမ်းသပ်ဖို့အတွက်ပဲ...မင်းတို့ ကောင်းကောင်း လုပ်နိုင်ရင် ငါက ကပ်စေးနည်းမှာ မဟုတ်ဘူး...အကျိုးပြုရမှတ်ပဲဖြစ်ဖြစ် တခြားဘာပဲဖြစ်ဖြစ် မင်းတို့ လိုချင်သလောက် ရနိုင်တယ်"
"လုံလောက်တဲ့ အကျိုးပြုရမှတ် ပေးမယ်ဆိုရင် အကြီးအကဲကျန်း စမ်းသပ်စေချင်တဲ့ ဘယ်ဆေးမဆို ဘယ်လောက်များများ ပြဿနာမရှိပါဘူး"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။
ကျန်းလီက ပြောဆိုသည်။
"ဒါဆိုရင် ငါ ပွင့်ပွင့်လင်းလင်း ပြောမယ်...ငါ့ရဲ့ဆေးတွေက မပြည့်စုံသေးတဲ့အတွက် ပြင်းထန်တဲ့ အဆိပ်တွေ ပါဝင်နေတယ်....မင်းတို့ခန္ဓာကိုယ်တွေက တောင့်မခံနိုင်ဘဲနဲ့ မင်းတို့ သေသွားရင်...ငါက အကျိုးပြုရမှတ်တွေ အများကြီး ပေးမယ်လို့ ကတိပေးထားရင်တောင် မင်းတို့ သေသွားရင်ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး"
နံဘေးတစ်ဖက်တွင်ရှိနေသော အကြီးအကဲတစ်ဦးက ဝင်ရောက်ပြောဆိုသည်။
"အရင်တုန်းက တခြားကျင့်ကြံသူတချို့လည်း စမ်းသပ်ချင်ခဲ့ကြတယ်...သူတို့အားလုံးက အဆိပ်မိပြီး သေဆုံးသွားကြတယ်... ဆေးစမ်းသပ်ခံတာက ကိုယ့်ရဲ့ကန့်သတ်ချက်ကို ကိုယ်သိဖို့နဲ့ အကျိုးပြုရမှတ်ကို မက်မောပြီး မလုပ်မိဖို့က အရေးကြီးဆုံးပဲ..."
"ကျွန်တော် နားလည်ပါတယ်"
ကျန်းရွှမ်က ခေါင်းညိတ်လိုက်၏။
ကျန်းလီသည် ပြောစရာရှိသည်များကို ရှင်းလင်းအောင် ပြောဆိုပြီးနောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ သူတို့၏ရှေ့တွင် ကျောက်စိမ်းပုလင်းဆယ်လုံးက တန်းစီ၍ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဒီဆေးပုလင်းတစ်လုံးစီမှာ မတူညီတဲ့ ဆေးလုံးတွေ ပါဝင်တယ်...အဆင့်တွေ မတူတဲ့အတွက် ရရှိမယ့် အကျိုးပြုရမှတ်တန်ဖိုးတွေလည်း ကွဲပြားသွားလိမ့်မယ်"
ကျန်းလီက မိတ်ဆက်ပေးသည်။
"ဘယ်ဘက်အစွန်ဆုံးမှာရှိတဲ့ ပထမဆုံးပုလင်းထဲက ဆေးတစ်လုံးကို သောက်ပြီးတော့ အသုံးဝင်တဲ့ ထင်မြင်ချက်တွေကို မင်းတို့ ချရေးရမယ်...မင်းတို့ မသေရင် အကျိုးပြုရမှတ်တစ်မှတ် ရမယ်....ဒုတိယတစ်လုံးက နှစ်မှတ် ရမယ်၊ အဲ့ဒီလို ဆက်သွားပြီးတော့ နောက်ဆုံးတစ်လုံးက ဆယ်မှတ် ရနိုင်တယ်"
"ဆေးတစ်လုံးတည်းနဲ့ ဆယ်မှတ် ရမယ် ...ဟုတ်လား"
ကျန်းရွှမ်နှင့်ခုန်းရှီတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။
ရမှတ်တစ်မှတ်သည် လူတစ်ယောက်ကို ဒုက္ခသည်အဆင့်မှ အဆင့်ငါးမြို့သားအဖြစ် ပြောင်းလဲပေးနိုင်ပြီး ဆယ်မှတ်ဆိုလျှင် အဆင့်လေးမြို့သားဖြစ်ရန်ပင် လုံလောက်သည်။
မြို့သားမှတ်ပုံတင်ခြင်းရုံးတော်တွင် ဤမျှထိ များပြားသော အကျိုးဆောင်ရမှတ်များ ရရှိရန်အတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ရနိုင်ပြီး သေမင်းနှင့် ကိုးကြိမ်ခန့် ရင်ဆိုင်ရနိုင်သည်။ ဤနေရာတွင်မူ ဆေးတစ်လုံး သောက်လိုက်ရုံဖြင့် ထိုရမှတ်များကို ရရှိနိုင်လေရာ ကွာခြားချက်သည် အမှန်တကယ်ကို အလွန်ကြီးမားပေ၏။
သာမန်လူများအတွက် အကျိုးပြုရမှတ်များသည် အသက်နှင့်ရင်း၍ ရှာဖွေရသော အရာများ ဖြစ်သော်လည်း ဤထိပ်သီးပုဂ္ဂိုလ်များအတွက်မူ ကလေးကစားစရာ အရုပ်များသာဖြစ်ကြောင်း သိသာထင်ရှားသည်။
သူတို့၏ဇဝေဇဝါဖြစ်နေမှုကို မြင်တွေ့ပုံရသော ကျန်းလီက ပြောဆိုသည်။
"ဒါကို ရိုးရှင်းတယ်လို့ မထင်နဲ့... ငါ လိုအပ်တဲ့ ထင်မြင်ချက်တွေက ဆေးဖော်စပ်ဖို့အတွက် အသုံးဝင်တဲ့ ထင်မြင်ချက်တွေ ဖြစ်ရမယ်...မင်းတို့ရဲ့ထင်မြင်ချက်တွေက ဆေးဖော်စပ်ဖို့ အကျိုးသိပ်မရှိဘဲနဲ့ ဖြစ်ကတတ်ဆန်း ရေးမယ်ဆိုရင် ပိုင်ကျိုးဝမ်ရဲ့ စံနှုန်းအတိုင်းပဲ ပေးနိုင်မယ်...မင်းတို့က ဆေးဆယ်လုံးကို စမ်းသပ်ခံမှ တစ်မှတ်ပဲရမယ်"
"ကျွန်တော်တို့ နားလည်ပါပြီ"
သူတို့နှစ်ယောက်၏မျက်နှာအမူအယာများ တည်ကြည်လေးနက်သွားသည်။
ဤကိစ္စတွင် အကျိုးပြုရမှတ်များ ပါဝင်နေသဖြင့် ရရှိရန်မှာ အလွန်လွယ်ကူမည် မဟုတ်ချေ။
"မင်းတို့ ရွေးချယ်ကြ...မင်းတို့ကြိုက်တာကို ရွေးချယ်ပြီးရင် အဲ့ဒါကို သောက်လိုက်တော့.. ပြီးရင် ဟိုဘက်မှာ စာရွက်ရှိတယ်..မင်းတို့ရဲ့ထင်မြင်ချက်တွေကို ရေးလိုက်ပါ..."
ကျန်းလီသည် သူ၏လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် စကားဆက်မပြောတော့ချေ။
ကျန်းရွှမ်နှင့်ခုန်းရှီတို့သည် ထပ်မံ၍ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အချိန်တခဏကြာမျှ တွန့်ဆုတ်နေကာ ဘယ်ဘက်အစွန်ဆုံးရှိ ဆေးပုလင်းဆီသို့ တပြိုင်နက်တည်း လျှောက်လှမ်းသွားလိုက်ကြသည်။
သူတို့သည် အကျိုးပြုရမှတ်ဆယ်မှတ်တန် ဆေးလုံးကို တိုက်ရိုက်စမ်းသပ်လိုစိတ်များ ပြင်းပြနေသော်လည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် အာနိသင် အနိမ့်ဆုံးမှ စတင်ရန် ဆုံးဖြတ်လိုက်ကြ၏။
"ဆရာ...ဒီဆေးဆယ်မျိုးထဲမှာ ဘယ်ဘက်အစွန်ဆုံးက ဆေးကတောင် ကြယ်စင်မြစ်နယ်ပယ် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ အဆိပ်မိပြီး သေစေနိုင်တယ်လေ...သူတို့သာ သောက်လိုက်ရင်... တကယ်ကြီး အဆင်ပြေပါ့မလား"
အစောပိုင်းက စကားပြောခဲ့သော အကြီးအကဲသည် မနေနိုင်တော့ဘဲ အသံပေးပို့ပြီး မေးမြန်းလေသည်။
"ကျင့်ကြံဆင့်နိမ့်တဲ့သူက အဆင့်မြင့်ဆေးဝါးထုတ်ကုန်တွေကို သုံးတဲ့အချိန်မှာ အထိရောက်ဆုံးနဲ့ အစစ်မှန်ဆုံး တုံ့ပြန်မှုတွေကို ပေးနိုင်တယ်...သူတို့ရဲ့စွမ်းအားက အရမ်းမြင့်မားနေပြီးတော့ ဆေးအာနိသင်ကို ခုခံဖို့ ကြမ်းတမ်းတဲ့ စွမ်းအားကို သုံးလိုက်ရင် သူတို့ကို မထိခိုက်စေဘူးဆိုရင်တောင် အသုံးဝင်တဲ့ အကြံဉာဏ်ကို ပေးနိုင်မှာ မဟုတ်ဘူး"
ကျန်းလီက ခေါင်းခါလိုက်ပြီး သူ၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
"စောင့်ကြည့်ကြတာပေါ့...သူတို့က ဆေးတစ်လုံးတည်းကို စမ်းသပ်နိုင်ရင်တောင် ဒါက တော်တော်လေး ကောင်းနေပြီ"