အခန်း (၅၀၄-၅၀၅)
Vol. 32 Ch. 504-505
Chapter 504
မြေအောက်ဥမင်လိုဏ်ခေါင်း ၃
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“ဆက်မပြန့်သွားရင်တော့ အဆင်ပြေတယ်”
“ကပ္ပတိန်လင်း”
ထိုအချိန်တွင် မိုနီကာနှင့် သူမ၏ အဖွဲ့သည် ဥမင်လမ်းတစ်လျှောက် လျှောက်လာကြသည်။ ချီလီ၏ အဖွဲ့၊ နေမင်းရထားယာဥ်တန်းမှ လော့ယန်နှင့် ကြီးမားသော ဓာတ်ငွေ့ကာမျက်နှာဖုံးစွပ်ထားသော လီယီတို့ နောက်မှ လိုက်လာကြသည်။ လက်တွင်ပတ်တီးများဖြင့် ရှီတိယွမ်သည်လည်း နန်ကျင်းနှင့် အခြားသူများကို ခေါ်ကာ ရောက်ရှိလာသည်။
“ဒါဆို အစီအစဉ်က ဘာလဲ။ ကျွန်မတို့ တကယ်ပဲ ဒီအောက်မှာ နေတော့မှာလား”
မိုနီကာသည် သူမ၏ ပုံမှန် မင့်သားရေလို ပျော့ပျောင်းသော အနီရောင်ကိုယ်လုံးပြည့် တိုက်ခိုက်ရေးဝတ်စုံပေါ်မှ ဝတ်ဆင်ထားသည်။ ပေါ့ပါးပြီး ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်နေကာ နည်းဗျူဟာအဆင့် သားရေဝတ်စုံနှင့်တူပေသည်။ သူမ၏ စံချိန်မီ အရပ်အမောင်းက သူမ၏ လှပသော ခန္ဓာကိုယ်အချိုးအဆစ်များကို ပေါ်လွင်စေသည်။ ဦးထုပ်သည် မှိုအမှုန်မွှားမြူများကို လုံးဝ ကာကွယ်ရန် ပိတ်ဆို့ထားသည်။ ၎င်းသည် ဈေးကြီးသော စိတ်ကြိုက်ဒီဇိုင်းဖြစ်သည်မှာ သိသာသည်။
“ငါတော့ မြေအောက်ကို မကြိုက်ဘူး။ စိုစွတ်ပြီး မှိုတက်နေတယ်… ပြုပြင်ထိန်းသိမ်းမှုလည်း ညံ့ဖျင်းတယ်... ဒီနေရာ ပြိုကျရင် ငါတို့ အားလုံး အရှင်လတ်လတ် အမြှုပ်ခံရမှာ သေချာတယ်”
ချီလီ၏ အသံသည် သူ၏ မျက်နှာဖုံးနောက်မှ တိုးတိုးလေး ထွက်လာသည်။
“ပုန်းစရာနေရာလေး ရှိသေးတာကို ဝမ်းသာသင့်တယ်”
ရှီတိယွမ်သည် နောက်ဘက်မှ အော်ပြောသည်။
“လူတစ်ပိုင်း မှိုတစ်ပိုင်းအကောင်တွေ ဝိုင်းရံထားတာထက်တော့ ပိုကောင်းတယ်”
“ကပ္ပတိန်လင်း” နန်ကျင်းက မေးသည်။
“ကျွန်မတို့ တကယ်ပဲ ဒီမှာ မှိုမျှင်လှုပ်ရှားမှု စက်ဝန်းနောက်တစ်ခုကို စောင့်နေရတော့မှာလား”
လင်းရှန်သည် လူအုပ်ကို လှည့်ပတ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“အစီအစဉ် ပြောင်းသွားပြီ။ ကျုပ်တို့ ဒီအောက်မှာ နာရီ ၃၀ အနားယူမယ်။ တခြားကိစ္စတွေလည်း ရှိသေးတယ်။ သတင်းကို အမြန်ထုတ်ပြန်ကြ”
သူသည် အဖွဲ့ကို ဇီးရိုးဒြပ်စင်ဗဟိုဌာန၏ စောင့်ကြည့်ခန်းမထဲသို့ ဦးဆောင်သွားကာ စောစောပိုင်းက အခြေအနေကို ရှင်းပြလိုက်သည်။ အထူးသဖြင့် ဖုတ်ကောင်သိုးထိန်းများနှင့် ပတ်သက်သော အချက်အလက်များ ဖြစ်သည်။
“အဲ့ဒီမက်ဆေ့ချ်ကို ကျုပ်က မျက်စိမှိတ် မယုံကြည်နိုင်ဘူး… ဒါပေမဲ့ ကျုပ်တို့ အခု မြေအောက်မှာ လုံခြုံနေတယ်။ လမ်းကြောင်းတွေ ပွင့်နေသရွေ့ လိုအပ်ရင် ရွှေ့ပြောင်းနိုင်တယ်”
“ဖုတ်ကောင်သိုးထိန်းတွေတဲ့လား”
ချီလီသည် သူ၏ လက်များကို ပိုက်လိုက်သည်။
“အဲ့ဒီနာမည်ပေါ်လာတိုင်း ကောင်းတာတစ်ခုမှ မရှိဘူး ”
“ရှင်မြင်ဖူးတာလား” နန်ကျင်းက လှည့်ကြည့်သည်။
“အတိအကျတော့ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ တွင်းနက်ဇုန် နံပါတ် ၄ ကနေ ထွက်ပြေးတုန်းက ကြီးမားတဲ့ မွန်းစတားတွေ အလုံးအရင်းနဲ့ ရောက်လာတယ်။ ငါသိရသလောက် ယာဉ်တန်းဆယ်ခုကျော်ထဲမှ ငါတစ်ယောက်တည်း ထွက်လာနိုင်ခဲ့တယ်။ သေချာပေါက် ကပ်ဘေးရဲ့ ရှေ့ပြေးပဲ ”
“ဖုတ်ကောင်သိုးထိန်းတွေက အမှောင်ဒီရေရဲ့ တံခါးစောင့်တွေလို့ ကျွန်မ ကြားဖူးတယ်”
မိုနီကာက စကားစပြောသည်။
“တွင်းနက်ဇုန်တိုင်းမှာ တစ်ယောက်စီရှိတယ်။ ကျွန်မတို့က ဇုန် ၅ ရဲ့ အနောက်မြောက်ဘက် အစွန်မှာ ရှိနေတယ် — ဒါက အံ့သြစရာ မဟုတ်ဘူး”
“ဟုတ်တယ်” ရှီတိယွမ်က ခေါင်းညိတ်၍ လင်းရှန်ကို ကြည့်လိုက်သည်။
“ညီလေးလင်း.. မင်း အစီအစဉ်အတိုင်း လုပ်ကြရအောင်။ အဆိုးဆုံးက မြေအောက်မှာ တစ်ရက်နေရတာပဲ။ လုံခြုံတာက အကောင်းဆုံးပဲ။ အနည်းဆုံးတော့ မင်းတို့ ထွက်ပြေးလမ်းကြောင်း ရှာတွေ့ခဲ့တာက ရထားလမ်းတွေကို ပြန်ပြင်ဖို့ ကြိုးစားနေရတာထက်တော့ သာတယ်”
“ကျွန်တော်လည်း သဘောတူတယ်” လော့ယန်က ထပ်ပြောသည်။
“ကပ္ပတိန်လင်း .. ကျွန်တော်တို့ မင်းအစီစဥ်ကို လိုက်နာမယ်”
အနီးတွင် ရပ်နေသော လီယီသည် ရှုပ်ထွေးသော အမူအရာဖြင့်
“ဒါဆို... ကျွန်မတို့ အားလုံး ရထားပေါ်မှာပဲ နေရတော့မှာလား”
လင်းရှန်က ခေါင်းညိတ်လိုက်သည်။
“အနီရောင်ကမ္ဘာက ယိကျင်းမြို့ မြေအောက်လမ်းကြောင်းတွေတစ်လျှောက် လျှို့ဝှက် ထာဝရအရံသိုလှောင်ရုံ အနည်းငယ်ကို တည်ဆောက်ခဲ့တယ်။ သူတို့မှာ ထောက်ပံ့ရေးပစ္စည်းတွေ တန်နဲ့ချီရှိတယ်။ ကျုပ်တို့ စီလန်မြို့မှာ အကုန်ရင်းပြီး အသေအလဲထွက်လာခဲ့ရတာကို ထည့်စဉ်းစားရင် ထောက်ပံ့ရေးပစ္စည်းတွေ ဖြည့်တင်းဖို့လိုနေပြီ”
“ကျုပ်တို့ အခု ဒီမှာ အနားယူမယ်။ ဒါပေမဲ့ လုံခြုံရေးအရ— ယာဉ်တန်းတိုင်း လှည့်ကင်းစနစ်တစ်ခုလိုအပ်တယ်။ မြေပြင်နဲ့ ကပ်နေတဲ့ ဇုန်တွေကို မှိုမျှင်တွေ ဝင်ရောက်နေပြီ။ အလင်းရောင်ကို ရှောင်ပြီး တိတ်ဆိတ်နေကြမယ်… ကျုပ်တို့ အချိန်မရွေး ရွေ့လျားဖို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်တယ်”
“ကောင်းပြီ… ဒီမက်ဆေ့ချ်ကို တခြားယာဉ်တန်းတွေကို ပို့ကြစို့။ လူများတော့ လှုပ်ရှားဖို့ ခက်တယ်။ ရထားကြီးကို အလွယ်တကူ လှည့်လို့ မရဘူး။ လူတိုင်း ပိုပြီး သတိထားဖို့ လိုအပ်တယ်”
ရှီတိယွမ်က ပြောသည်။
ထို့နောက် လင်းရှန်၏ အမိန့်များ ပျံ့နှံ့သွားသည်။ ယာဉ်တန်းများ စတင် လှုပ်ရှားလာကြသည်။
စောင့်ကြည့်ခန်းမထဲတွင် ချီလီ၊ မိုနီကာနှင့် အခြားသူများသည် အောက်ဘက်ရှိ ပျားအုံတွင်းနက်ကို မြင်ရသော မှန်နံရံအနီးတွင် စုဝေးကာ သူတို့ မြင်လိုက်ရသည့်အရာကို အံ့အားသင့်နေကြသည်။
“အသိစိတ် အပ်လုဒ်လုပ်ခြင်း... ထာဝရ ပုံရိပ်ယောင်ရှင်သန်ခြင်း… ဒါက ဟိုးအရင်ကတည်းက ပိတ်ပင်ထားတဲ့ ဒစ်ဂျစ်တယ် မသေနိုင်သောဘဝစီမံကိန်း မဟုတ်ဘူးလား”
ချီလီက လက်ပိုက်ကြည့်ရင်း ပြောသည်၊၊
“လူ့စိတ်ကို မှိုမျှင်ကွန်ရက်ထဲ အပ်လုဒ်လုပ်တာလား… ရွံစရာပဲ”
မိုနီကာ ရယ်လိုက်သည်။
“လူအများစုကတော့ တုံးအကြတာပဲ။ မှိုမျှင် ကူးစက်ခံရရင် လူမဟုတ်တော့ဘူး။ အဲဒီလို အသက်ရှင်နေတာက ဘာအဓိပ္ပာယ် ရှိသေးလို့လဲ”
“သီအိုရီအရ၊ မှိုမျှင်နဲ့ ချိတ်ဆက်ပြီးနောက် ပုံမှန် လူသားပျော်ရွှင်မှုထက် ဆယ်ဆပိုပြင်းထန်တဲ့ ဒိုပါမင်းမြင့်မားတဲ့ အခြေအနေမှာ နေနိုင်တယ်လို့ ဆိုတယ်” လော့ယန်က ကိုယ်ကိုင်း၍ ကြည့်ရင်း ပြောသည်။
“အဲ့လိုလုပ်ဖို့ အတော်လေးသတ္တိရှိရမယ် ထင်တယ်။ ကျွန်တော့် ဦးနှောက်ထဲကိုတော့ ထူးဆန်းတဲ့ မှိုတစ်မျိုးကို လုံးဝ ပေးမဝင်နိုင်ဘူး”
“ဖြစ်နိုင်တာက ကမ္ဘာပျက်ကပ်ကနေ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ လူတွေ ဖြစ်လိမ့်မယ်”
လရင့်နေသော ကိုယ်ဝန်နှင့် လီယီသည် လျှောက်လာသည်။ သူမသည် ကြောက်မက်ဖွယ်ရာများကို များစွာ မြင်တွေ့ခဲ့ရသည်။ လူများ လက်မြှောက်အရှုံးပေးခဲ့ကြခြင်းမှာ ရုပ်ပိုင်းဆိုင်ရာအန္တရာယ်ကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာဖြင့် မရင်ဆိုင်နိုင်သောကြောင့်ပင်၊၊
သူမသည် စီလန်လေဆိပ်တိုက်ပွဲ၌ မိတ်ဆွေများစွာကို ဆုံးရှုံးခဲ့သည်။ သူမ၏ ယောကျ်ား လျန်လေးသည် သတိလစ်မေ့မြောနေဆဲဖြစ်သည်။ ဦးလေးဝူ၏ အသက်စွန့်ကယ်ဆယ်မှု မရှိခဲ့ပါက သူမသည် ကမ္ဘာပျက်ကပ်တွင် ကိုယ်ဝန်သည် မုဆိုးမတစ်ဦး ဖြစ်နေလောက်ပြီ။
အခြားသူများနှင့် နှိုင်းယှဉ်လျှင် သူမ၏ အခြေအနေသည် ပို၍ ခက်ခဲသည်။ လော့ယန်၏ အဖွဲ့နှင့် ပေါင်းစည်းပြီးနောက် သူမတို့သည် အနန္တရထားနှင့် ပူးပေါင်းဖို့ တောင်းဆိုရန် စဉ်းစားခဲ့ကြသည်။
သူမသည် အမိန့်ပေးနေသော လင်းရှန်ကို ကြည့်လိုက်ရင်း သူမ၏ အမူအရာရှုပ်ထွေးနေသည်။ လော့ယန်၏ အဖွဲ့သည် လူငယ်များ၊ စွမ်းရည်ရှိသူများ၊ အရည်အချင်းရှိသူများဖြစ်ပြီး ခွန်အားကြီးသည်။
သို့သော် သူမ၏ ကိုယ်ပိုင်ယာဉ်တန်းမှ အားအကောင်းဆုံး တိုက်ခိုက်ရေးသမား လျန်လေးက ယခု လှုပ်ရှားနိုင်ခြင်းမရှိပေ၊၊
သူမသည် ကလေးငယ်များစွာပါရှိသော ရထားတွဲတစ်ခုလုံးကို ဦးဆောင်နေပြီး သူမကိုယ်တိုင်လည်း ကိုယ်ဝန်ရှိနေသည်။ လုံးဝ ဝန်ထုပ်ဝန်ပိုးတစ်ခုသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် သူမက မည်သို့ တောင်းဆိုရဲမည်နည်း။
“ဝိုး~”
ထိုအချိန်တွင် ရှားရှားသည် သိချင်စိတ်ဖြင့် လျှောက်လာသည်။
“ဒီ ရှင်သန်ရေးအခန်းငယ်တွေက ဘာလို့ ဧရာမ ဘက်ထရီတွေလို ပုံစံမျိုး ဖြစ်နေတာလဲ”
လူတိုင်း ပျားအုံတွင်းသို့ လှည့်ကြည့်လိုက်သည်။ ပျားအုံဆဲလ်တိုင်းတွင် ဘဲဥပုံ ရှင်သန်ရေးအခန်းငယ်တစ်ခု ရှိပြီး အလင်းတန်းများ လှုပ်ရှားနေသည်။ ၎င်းတို့သည် ဘက်ထရီဆဲလ်များကဲ့သို့ စီတန်းထားပြီး စွမ်းအင်ပေးပို့သော မှိုမျှင်များမှတစ်ဆင့် ချိတ်ဆက်ထားသည်။
“သောက်ကျိုးနဲ”
ရှီတိယွမ်သည် လင်းရှန်နှင့် စကားပြောပြီးနောက် အခြားသူများနှင့် ပူးပေါင်းလိုက်သည်။
“အာရုဏ်ဦး စီမံကိန်းကလည်း အိပ်စက်ခြင်းအခန်းငယ်တွေကို တည်ဆောက်ခဲ့တယ်လို့ ငါကြားတယ်။ လူတွေကို ပိတ်လှောင်ပြီး ကမ္ဘာပျက်ကပ်ပြီးနောက် ရာစုနှစ်တစ်ခုကြာရင် နိုးထလာဖို့ မျှော်လင့်တာဆိုပဲ”
Chapter 505
မြေအောက်ဥမင်လိုဏ်ခေါင်း ၄
“ဘယ်လောက်တောင် စိတ်ကူးယဥ်ဆန်လိုက်လဲ”
ချီလီက လှောင်ပြောင်သည်။
“အမှောင်ကျူးကျော်ခြင်းကို တားဆီးနိုင်တဲ့ နည်းလမ်းကို မတီထွင်နိုင်မချင်း အိပ်စက်ခြင်းအခန်းငယ်တွေက အဆင့်မြင့်တဲ့ ဖုတ်ကောင် မွေးမြူရေးစခန်းတွေပဲ ဖြစ်တယ်”
“ဒီနေရာအကြောင်း တော်လောက်ပြီ”
လင်းရှန် လျှောက်လာသည်။
“ကျုပ်တို့ ခုနက လုပ်လိုက်တဲ့ ဆူညံသံက မသေးဘူး။ လူတိုင်း ရထားဆီ ပြန်ကြပါ… မှိုမျှင်လှုပ်ရှားမှု ပြီးဆုံးဖို့ မိနစ်လေးဆယ် ကျန်သေးတယ်။ အဲ့ဒီအချိန်မှာ တကယ့် ကြောက်မက်ဖွယ်ရာတွေ ပေါ်လာတော့မယ်”
“ကျုပ်တို့က ရထားတွဲတွေထဲမှာ လုံးဝ တိတ်ဆိတ်ပြီး နေကြရမယ်”
“အားလုံး ရှင်းလင်းသွားရင် ထောက်ပံ့ရေး သိုလှောင်ရုံက ပစ္စည်းတွေ လွှဲပြောင်းဖို့ လူတွေ စေလွှတ်မယ်”
“ကျန်တဲ့အချိန်တွေမှာ… ကျုပ်တို့ အနားယူမယ်။ ရထားတွေကို ပြင်ဆင်မယ်”
“ဒီအောက်မှာ တစ်ခုခုပြိုကျရင် ဘယ်သူမှ မလွတ်မြောက်နိုင်ဘူး။ ဒါပေမဲ့ မှိုမျှင်တွေ မဝင်နိုင်ရင် — အဲ့ဒီထူးဆန်းတဲ့ သတ္တဝါတွေလည်း ဝင်လာနိုင်မှာ မဟုတ်ဘူး”
“ဟုတ်တယ်။ သွားကြစို့” ချန်ဆီရွှမ် သဘောတူသည်။
လင်းရှန်၏ အမိန့်များကို လျင်မြန်စွာ လိုက်နာကြသည်။ သူသည် ဇီးရိုးဒြပ်စင်ဗဟိုဌာန လမ်းကြောင်းကို ယန္တရားတံခါးများဖြင့် ပိတ်ဆို့လိုက်ပြီးနောက် ချန်ဆီရွှမ်နှင့် အခြားသူများနှင့်အတူ အနန္တရထားဆီသို့ ပြန်သွားသည်။
ကီကီသည် လျှပ်စီးလင်းယုန် ဒရုန်းအစီး ၂၀ လုံးကို အစီအစဉ်ရေးဆွဲပြီးသွားပြီ ဖြစ်သည်။
၎င်းတို့သည် ပေါင်းစည်းရထား၏ ရှေ့ဆုံးရှိ မြေအောက်ရထား လမ်းဆုံသို့ ပျံသန်းသွားကြပြီး အမှောင်ထဲတွင် ကင်းစနစ်ဖြင့် အလှည့်ကျစောင့်နေကြသည်၊၊
အနန္တ ရထားမှ အဖွဲ့သားများသည် နောက်ဆုံးတွင် ရထားပေါ်သို့ ပြန်ရောက်လာကြသည်။
“ဒီဥမင်က စိုစွတ်နေတယ်။ မှိုမျှင်တွေ ဝင်ရောက်လာတာကို လူတိုင်း သတိထားကြပါ”
လင်းရှန်က ထပ်ပြောသည်။
【ယန္တရားမဟုတ်သော စွမ်းအင်ကို ပြောင်းလဲပြီးဖြစ်သည်။ ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ရရှိသည်】
တောက်ပသောမျက်နှာပြင်တစ်ခု ပေါ်လာသည်။ သွေးကပ်ဘေးပန်းသည် လင်းရှန်ကို ယန္တရားရင်းမြစ်အမှတ် ၁၀၀၀ ထပ်မံ ပေးခဲ့သည်။
“သေစမ်း… S-Class အဆင့်က တကယ်အကျိုးရှိတယ်။ ဒါက အတော်လေးအားကောင်းတဲ့ မြှင့်တင်မှုပဲ”
လင်းရှန် ပြုံးလိုက်သည်။
စီလန်မြို့တစ်ဝှမ်းတွင် ရှင်သန်သူ ၄၀,၀၀၀ ကျော်သည် ဝိုင်းရံတိုက်ခိုက်မှုကို ဖြတ်ကျော်ခဲ့သည်။ တစ်ဦးချင်း ကွဲပြားမှုများ ရှိသော်လည်း အားလုံးသည် ကြီးမားသော မြှင့်တင်မှုများ ရရှိခဲ့ဖွယ်ရှိသည်။
သို့သော် စွမ်းအားတွင် အဖိုးအခရှိသည်။
ထိုမျှ ကြီးမားသော အမှောင်စွမ်းအင်သည် ခန္ဓာကိုယ်အပေါ် ကြီးမားသော ဖိအားကို သက်ရောက်စေသည်။
လင်းရှန် သတိပြုမိသည်မှာ ယာဉ်တန်းအဖွဲ့ဝင်များစွာသည် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။
စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပျံ့နှံ့နေသည်။
သူသည် ယာဉ်တန်းခေါင်းဆောင်တိုင်းကို ဝင်ရိုးစွန်းည၏ နက်ရှိုင်းသောနေရာ၌ အမှောင်ထုဖိအားနှင့် စိတ်ဓာတ်ကျဆင်းမှုများကြောင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုသည် အရေးကြီးကြောင်း သေချာစွာ ညွှန်ကြားခဲ့သည်။
တစ်စုံတစ်ဦးက ထိန်းချုပ်မှုလွတ်သွားပြီး သန္ဓေပြောင်းသွားပါက တစ်ချိန်က ခွန်အားကြီးသော တိုက်ခိုက်ရေးသမားများသည် သေစေနိုင်သော ခြိမ်းခြောက်မှုများ ဖြစ်လာပေလိမ့်မည်။
ကူးစက်ခံရသော စစ်သားတစ်ဦးသည် ဆက်တိုက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်သည်။
ထိုအခါ ဤပိတ်ဆို့ထားသော ရထားတွဲပေါင်း ၅၀၀ ကျော်သည် စည်သွတ်ဘူး သေမင်းထောင်ချောက် ၅၀၀ ဖြစ်လာပေလိမ့်မည်။
မကြာမီ လင်းရှန်၏ အစီစဉ်များအောက်တွင် ပေါင်းစည်းရထားသည် အပြင်ဘက် သန့်ရှင်းရေးကို ပြီးစီးခဲ့ပြီး ဦးခေါင်းနှင့် အမြီးတွဲများကို အားဖြည့်ကာ မှိုမျှင်စက်ဝန်း ပြီးဆုံးရန် စောင့်ဆိုင်းရင်း လုံးဝ တိတ်ဆိတ်သောအခြေနေသို့ ဝင်ရောက်ခဲ့သည်။
အနန္တ ရထား၏ နံပါတ် ၁ တွဲအတွင်းတွင် မီးများ ငြိမ်းသွားသည်။
ဥမင်သည် လုံးဝ မှောင်မိုက်သွားသည်။
မြေအောက် နက်နက်ရှိုင်းရှိုင်းထဲ၌ မြှုပ်ထားသော သံမဏိဘီလူးကြီး- ပေါင်းစည်းရထားသည် လုံးဝငြိမ်သက်နေသည်။
မြေပြင်ပေါ်တွင် မှိုမျှင်လှုပ်ရှားမှု စက်ဝန်းသည် အထွတ်အထိပ်သို့ နီးကပ်လာသည်။
မှိုအမှုန်မြူခိုးများ ထူထပ်လာကာ မှိုအလွှာများနှင့် တောက်ပသော မှိုများသည် အဆောက်အအုံများနှင့် လမ်းကြားများတစ်လျှောက် လှုပ်ယမ်းနေသည်။
မရေတွက်နိုင်သော မှိုလူသားသတ္တဝါများသည် မှိုမျှင်ကြိုးများဖြင့် မြေပြင်၏ မှိုအလွှာနှင့် ချိတ်ဆက်ကာ တိတ်ဆိတ်စွာ ရပ်နေကြသည်။
နီမြန်းသော စွမ်းအင်သည် သွေးကြောများမှတစ်ဆင့် စီးဆင်းနေသည်။
ယိကျင်းမြို့၏ ဗဟိုချက် ၄၆၈ မီတာ မြင့်သော TV မျှော်စင်သည် ယခုအခါ ဘီလျံနှင့်ချီသော မှိုမျှင်ကြိုးပေါင်းများစွာနှင့် ဝါးမြိုခြင်း ခံထားရသည်။
၎င်းအထက်တွင် နှစ်ကီလိုမီတာ ကျယ်သော မှိုပွင့်အမိုးခုံးကြီးတစ်ခု တည်ရှိနေသည်။
၎င်း၏ အခေါက်များသည် တုန်ယင်နေပြီး ဝေးကွာသောနေရာမှ သေဆုံးခြင်းအခမ်းနားတွင် တရားရွတ်ဆိုနေသော သံဃာထောင်ပေါင်းများစွာကဲ့သို့ နက်ရှိုင်းသော တရှဲရှဲ အသံကို ထုတ်လွှတ်နေသည်။
ထို့နောက် ထိုမြင့်မားသောအရိပ်ကြီး၏ အောက်တွင် စွမ်းအင်များ စုဝေးလာသည်။
ဧရာမ မှိုအမိုးခုံးကြီးသည် ရှေးခေတ် ကပ်ဘေးတစ်ခုကဲ့သို့ ရှူသွင်းလိုက်သည်။
အသက်ရှူသံက ပို၍ လေးနက်လာသည်— ရုတ်တရက်ဆိုသလို အနက်ရောင် စေးကပ်သော မြူခိုးများသည် ကောင်းကင်မှ ရေလွှမ်းမိုးမှုကဲ့သို့ လျှံကျလာသည်။
ကောင်းကင် ပြိုကွဲသွားသကဲ့သို့ပင်…
အနက်ရောင်တိမ်များ ဆင်းသက်လာသည်။
ထိုစေးကပ်သော မြူခိုးများသည် လှိုင်းလုံးများကဲ့သို့ တိုးဝင်လာသည်— လမ်းမများကို လွှမ်းမိုးပြီူ အဆောက်အအုံများကို ဝါးမျိုကာ လမ်းကြားများကို ပြည့်သွားစေသည်။
မကြာမီ ယိကျင်းမြို့တစ်ခုလုံးသည် ထိုအနက်ရောင်အညစ်ကြေးများနှင့် ဖုံးလွှမ်းသွားသည်။
ထိုမမြင်ရသော ကပ်ညိနေသော မြူခိုးထဲတွင်—
အမည်တပ်မပြောနိုင်သော သတ္တဝါများ မရေမတွက်နိုင်အောင် ထွက်ပေါ်လာကြသည်။
ထူးဆန်းသော တီးတိုးသံများ လမ်းကြားများတွင် ပဲ့တင်ထပ်လာသည်။
အော်ဟစ်သံများ အမှောင်ထုကို ဖြတ်ကျော်သွားသည်။
ကြောက်ရွံ့မှုများ လွှမ်းမိုးလာသည်။
ထူးဆန်းသည့် သတ္တဝါများ ဆင်းသက်လာကြသည်။
….
၂၁:၀၀၊၊
ယိကျင်းမြို့ မြေအောက် လျှို့ဝှက်ရထားလမ်းတွင် တွဲပေါင်း ၅၀၀ ကျော်ပါဝင်သော ၁၅ ကီလိုမီတာ ရှည်လျားသည့် ပေါင်းစည်းရထားကြီးသည် အမှောင်ထဲ၌ ငြိမ်သက်စွာ ရပ်တန့်နေသည်။ မီးများအားလုံးကို ပိတ်ထား၏။
ကမ္ဘာပျက်ကပ် ကာလအတွက် ထုတ်လုပ်ထားသော တွဲများအတွင်းတွင် အသက်ရှင်ကျန်ရစ်သူ ၄,၀၀၀ ကျော်သည် အပြင်မှ အပြောင်းအလဲများကို စိုးရိမ်စိတ်ဖြင့် စောင့်ဆိုင်းနေကြသည်။
မြေအောက်ဥမင်လိုဏ်ခေါင်း တစ်ခုလုံးသည် စိုစွတ်ထိုင်းမှိုင်းသော လေထုဖြင့် ပြည့်နှက်နေသည်။ အမှောင်ထု၏ အနက်ရှိုင်းဆုံးနေရာမှ မြေအောက်ရေ စိမ့်ကျသံများကိုသာ ရံဖန်ရံခါ ကြားနေရ၏။
ရထားတွဲများအတွင်းတွင် အသက်ရှင်ကျန်ရစ်သူများက အရိပ်ထဲ၌ ခိုအောင်းနေကြသည်။ မိခင်များက သူတို့ကလေးများ၏ ပါးစပ်ကို ပိတ်ထားကြသည်။ အမျိုးသားများက လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အသင့်အနေအထားဖြင့် ရှိနေကြ၏။ ဆက်သွယ်မှုများ အားလုံးကို ဆက်သွယ်ရေးကိရိယာများမှတစ်ဆင့် ပြုလုပ်နေကြသည်။ ဤအချိန်တွင် လူတိုင်း၏ နှလုံးသားသည် လည်ချောင်းဝတွင် ရောက်နေသကဲ့သို့ပင်။
အနန္တ ရထားကြီး၏ တွဲ ၁၂ အတွင်း၌ လက်နက်စခန်းတွင် 1130 CIWS နှင့် YJ-03 လေကြောင်းရန် ကာကွယ်ရေး အမြောက်များအတွက် အခြေခံတပ်ဆင်မှုများ ထားရှိသည်။ လင်းရှန်သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်နေလေ၏။ အမှောင်ထဲ၌ လက်နက်စနစ်များမှ အနီရောင်အချက်ပြမီးများသာ တောက်ပနေသည်။
ငွေရောင်-အနက်ရောင် ဘဲလေးကချေသည် ပုံသဏ္ဌာန်ရှိ စက်ရုပ်တစ်ရုပ်သည် အရိပ်ထဲ၌ အနည်းငယ် အကွာအဝေးတွင် တိတ်ဆိတ်စွာ ရပ်နေသည်။ အနီရောင်မီးများက ယန္တရားအစိတ်ပိုင်းများ၏ လက်ရာမြောက်သော စွဲဆောင်မှုနှင့် လူသားဆန်သည့် ဆွဲဆောင်မှု ပေါင်းစပ်ထားသော သူမ၏ ပုံသဏ္ဌာန်အား ထူးဆန်းသော တောက်ပမှုကို ဖြစ်ပေါ်စေသည်။
ပါဝါ ပိတ်ထားသော ဂရေ့စ်သည် မလှုပ်မယှက်ရပ်နေသည်။ သူမ၏ အလွန်တရာ လက်တွေ့ဆန်ပြီး လှပသောမျက်နှာသည် စိတ်မချမ်းမြေ့ဖွယ် အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ လင်းရှန်သည် ထိုစက်ရုပ်ကို စိုက်ကြည့်နေစဉ် သူ၏နားမှ ဆက်သွယ်ရေးကိရိယာသည် အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။ ရထားတွဲ အပြင်ဘက်မှ သတင်းများကို နားထောင်ရင်း သူ၏ မျက်နှာအမူအရာသည် မည်းမှောင်လာသည်။
ဤသို့ နက်ရှိုင်းသော ဥမင်ထဲ၌ ပုန်းအောင်းနေရသည့် ခံစားချက်သည် ထူးဆန်းလေသည်။ ဖုတ်ကောင်များနှင့် ထူးဆန်းသည့် သတ္တဝါများကို တိုက်ခိုက်ရာတွင် ဤပတ်ဝန်းကျင်သည် ပြင်ပ ပွင့်လင်းသော နေရာထက် ပိုမိုဘေးကင်းသည်ဟု ခံစားရသည်။ သို့သော် ထူးဆန်းသည့် တိုက်ခိုက်မှု မြောက်မြားစွာကို ကြုံတွေ့ခဲ့ရသောကြောင့် လင်းရှန်သည် ဤအစီအစဉ်သည် နောက်ဆုတ်ရန် အတားအဆီး ဖြစ်နေမည်ကို စိုးရိမ်နေမိသည်။ သူ၏ စိတ်အတွင်း၌ ပဋိပက္ခတစ်ခု ဖြစ်ပေါ်နေလေ၏။