← Chapters

အခန်း (၅၀၈-၅၀၉)

Vol. 32 Ch. 508-509

အခန်း (၅၀၈-၅၀၉)

Vol. 32 Ch. 508-509

Chapter 508

အနီရောင်အဖွဲ့ဝင်များ၏ ထာဝရ ‌အရံဂိုဒေါင် ၃

“ဒါကြောင့် ကျွန်မ အကြံပြုချင်တာက ရှင့်ရဲ့ အနန္တရထားကို ပထမဆုံး လိုချင်တာကို ရွေးပါစေ။ ပြီးရင် ကျန်တဲ့သူတွေကို သူတို့ လိုအပ်တာ ယူပါစေ။ လက်နက်ဂိုဒေါင်လည်း ရှိသေးတယ် မဟုတ်လား။ အကောင်းဆုံးပဲ။ ဆေးဘက်ဆိုင်ရာပစ္စည်း လိုချင်တဲ့သူက ဆန်နဲ့ ဆီ နည်းနည်းယူ။ အသားလိုချင်ရင် စက်ပစ္စည်းတွေ ကျော်လိုက်ပေါ့… ပြဿနာရှင်းသွားပြီ”

သူမ၏ စကားများသည် လူတိုင်း၏ မျက်လုံးများကို လင်းလက်သွားစေသည်။

“ဟုတ်တယ်၊ ဒါ အဆင်ပြေတယ်”

“အကြံကောင်းပဲ။ ညီလေးလင်းက ပထမဆုံး ရွေးမယ်ဆိုရင် ကျုပ်တို့ စိတ်အေးရပြီ… ဟားဟား”

“မှန်တယ်။ ယာဉ်တန်းအချို့က ဆေးဘက်ဆိုင်ရာပစ္စည်းတွေ နည်းနေတယ်။ အစားအစာက အဓိကပြဿနာ မဟုတ်ဘူး”

“အင်း၊ သဘောတူတယ်”

လင်းရှန် သည် ကီကီ ကို တစ်ချက် ကြည့်ပြီး ခေါင်းညိတ်သည်။

“ကောင်းပြီ၊ ဒီလိုပဲ လုပ်ကြစို့။ ကျုပ် ဆရာမချန်ကို လူတွေ ခေါ်ပြီး ပစ္စည်းအားလုံးကို စာရင်းလုပ်ခိုင်းမယ်။ ပြီးရင် ယာဉ်တန်းတစ်ခုစီကို တောင်းဆိုချက်တွေ တင်သွင်းခိုင်းပြီး လိုအပ်ချက်အလိုက် ချိန်ညှိကြမယ်”

လူတိုင်း၏ အကြံပြုချက်ကို ရင်ဆိုင်ရသောအခါ လင်းရှန်လည်း မကန့်ကွက်တော့ပေ။ သူသည် နှိမ့်ချဟန်ဆောင်သူ မဟုတ်ပေ။ ဤယာဉ်တန်း ၂၂ ခုသည် စီလန်မြို့ကို အတူတကွ ရှင်သန်ခဲ့ခြင်း မရှိပါက သူသည် ပစ္စည်းများ၏ ၁၀% ကိုသာ ခွဲဝေပေးမည်—အနန္တရထားက ပို၍ မသယ်ဆောင်နိုင်သောကြောင့်သာ ဖြစ်သည်။

ထို့အပြင် အနန္တ ရထားသည် ပစ္စည်းများ ကောင်းစွာ ပြည့်နေပြီးသား ဖြစ်သည်။ အပြည့်အစုံ တပ်ဆင်ထားသော ဆေးဘက်ဆိုင်ရာ ခွဲစိတ်ကုသခန်းနှင့်အတူ သူတို့သည် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ—ခွဲစိတ်မော်ဂျူးများ၊ ပင်မဆဲလ် ဂျယ်လီနှင့် ပဋိဇီဝဆေးများကို များစွာမလိုအပ်ပေ။

ထို့ကြောင့် မိုနီကာကဲ့သို့ပင် လင်းရှန်သည် အေးခဲထားသော အသားများ၊ ပင်လယ်စာနှင့် ဝိုင်နီတို့ကို ပို၍ စိတ်ဝင်စားပေသည်—အဖွဲ့သားများ၏ စိတ်အခြေနေကို မြှင့်တင်ရန် ဖြစ်သည်။

ထာဝရ ‌အရံဂိုဒေါင်မှ ထွက်ခွာပြီးနောက် အဖွဲ့သည် လက်နက်ဂိုဒေါင်သို့ တိုက်ရိုက်ဦးတည်သွားကြသည်။ နန်ကျင်းနှင့် လီယီတို့က ချန်ဆီရွှမ်နှင့် နဂါးတောင်အဖွဲ့သားများနှင့် တွေ့ဆုံရန်နှင့် စာရင်းပြုစုခြင်းနှင့် ခွဲဝေမှုအတွက် နောက်တွင် ကျန်နေခဲ့သည်။

လင်းရှန်သည် ဂရေ့စ် ဖော်ပြခဲ့သော ကြယ်အဆင့်-၃ တိုက်ခိုက်ရေးဝတ်စုံများ—အစုံ ၁,၀၀၀ သည် မနည်းလှသော ပမာဏဖြစ်သည်—ထိုအရာများနှင့် ပတ်သက်၍ စူးစမ်းချင်နေသည်၊၊ ထို့ကြောင့် သူသည် အစားအစာထက် လက်နက်သိုလှောင်ရုံကို ပို၍ပင် စိတ်ဝင်စားခဲ့သည်။

သူတို့သည် ထိန်းသိမ်းရေး ဥမင်လိုဏ်ခေါင်းထဲသို့ ဦးတည်သွားပြီး keycard ဖြင့် အထူးခလုတ်တစ်ခုကို ဖွင့်လိုက်သည်။ မကြာမီတွင် လျှို့ဝှက်နံရံတံခါးတစ်ခုသည် ဖြည်းဖြည်းချင်း ပွင့်လာတော့သည်။

ဘန်း ဘန်း ဘန်း

ကြီးမားသော ဂိုဒေါင်မီးများသည် တန်းစီပြီး လင်းထိန်လာသည်။ မီးလောင်ဒဏ်ခံဆေးသုတ်ထားသော ကြမ်းပြင်သည် ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖော်ထုတ်ပြသသည်–မြေမျက်နှာပြင်မရွေး သွားလာနိုင်သည့် သံချပ်ကာ ယာဉ်တန်းကြီးတစ်ခု။

အပြည့်အစုံ တပ်ဆင်ထားသည့် ပုံမှန်သံချပ်ကာအကာအကွယ်ပြားများဖြင့်—အနည်းဆုံး ဆယ်စီးခန့် မြင်နေရသည်။

ထို့ပြင် အတွင်းဘက်ပိုရောက်သွားသည်နှင့် အဖွဲ့တစ်ခုလုံး အံ့အားသင့်သွားကြသည်—Nightstar-3 အသံထက်မြန်သော လေယာဉ်လေးစင်းသည် ဂိုဒေါင်၏ အလယ်ဗဟိုတွင် သပ်ရပ်စွာရှိနေသည်၊၊

၎င်းတို့သည် အလွန်မြန်နှုန်းမြင့်၊ ထိပ်တန်းအဆင့်လေယာဉ်များဖြစ်ပြီး လူ ၂-၃ ဦး ထိုင်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ပြေးလမ်းမလိုပဲ ဒေါင်လိုက်ပျံတတ်ခြင်း၊ Hall-effect စွန့်ထုတ်စက်များနှင့် ပင်မတွန်းကန်အားအတွက် ပလာစမာပေါက်ကွဲမှု အင်ဂျင်များကို အသုံးပြုထားသည်။ အပျော်စီးအဆင့် အမြန်နှုန်း မက်ခ့် ၅လား…

၎င်းတို့သည် ပလူတိုနီယမ်-၂၃၈ အိုင်ဆိုတုပ် ဘက်ထရီများဖြင့် စွမ်းအင်ပေးထားပြီး ခေါက်သိမ်းနိုင်သော အတောင်ပံများ ပါဝင်သည်။ လက်နက်များ မရှိခြင်းမှလွဲ၍ အခြားရှုထောင့်တိုင်းတွင် ခေတ်မီဆန်းသစ်နေသည်၊၊

“လခွမ်းပဲ… ထရပ်ကားတွေနဲ့ လေယာဉ်တွေလား။ အနီရောင်ကမ္ဘာက သူ့အဖွဲ့ဝင်တွေကို ဘယ်လိုထောက်ပံ့ရမလဲ သေချာသိတာပဲ”

ရှီတိယွမ်က မယုံနိုင်စွာ စိုက်ကြည့်နေသည်။

“ဇီးရိုးဒြပ်စင်ဗဟိုဌာနအတွက် ရည်ရွယ်ခဲ့တာ ဖြစ်ရမယ်—ဒါမှ အဲဒီရှင်သန်ရေးအခန်းငယ်တွေထဲက လူတွေ ထွက်ပြေးနိုင်မယ်”

ချီလီက သူ့အထင်ကို ပြောလိုက်သည်၊၊

လင်းရှန် အံ့အားသင့်သွားသည်—ဂရေ့စ်သည် သူတို့၏ ညှိနှိုင်းမှုများအတွင်း ဤယာဉ်အမျိုးအစား နှစ်ခုစလုံးကို တစ်ခါမျှ ထည့်မပြောခဲ့ပေ။

“ဒီ AI အိမ်တော်ထိန်းက လျှို့ဝှက်ချက်တွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ တကယ်သိတာပဲ”

ကီကီလည်း လင်းရှန်နှင့် အတွေးချင်းတူနေကာ ရေရွတ်လိုက်သည်။

လင်းရှန်သည် လေယာဉ်ရုံကို လှည့်ပတ်ကြည့်သည်။

“သူမက ဒီပစ္စည်းတွေက ငါတို့လို ရထားယာဉ်တန်းအတွက် အသုံးမဝင်ဘူးလို့ ထင်တာဖြစ်နိုင်တယ်။ ဒါကြောင့် သူမ မပြောခဲ့တာ ဖြစ်နိုင်တယ်”

ဒါမှမဟုတ် ဒါက ထာဝရအသက်ကို ရှာဖွေသူများအတွက် ‌အရံပစ္စည်းများဖြစ်ပြီး ညှိနှိုင်းမှုအတွက် ခွင့်မပြုထားခြင်း ဖြစ်နိုင်သည်။

“ဖြစ်နိုင်တယ်”

လင်းရှန်နှင့် အခြားသူများသည် ဂိုဒေါင်၏ ပိုမိုနက်ရှိုင်းသော နေရာများသို့ အလျင်အမြန် ဦးတည်သွားသည်။

“ထရပ်ကားတွေက ကောင်းတယ်၊ ဒါပေမဲ့ ဒေါင်လိုက် ဓာတ်လှေကားနဲ့တောင် ငါတို့ ဒီကနေ မောင်းထုတ်လို့ မရဘူး”

“လေယာဉ်ကကော” ကီကီက မေးသည်။

“ခေါက်ထားတဲ့ အရွယ်အစားကို ကြည့်ရတာ... ငါတို့ ရထားတွဲကို ပြုပြင်နိုင်မယ်ဆိုရင်...”

လင်းရှန် မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။

“တွဲ ၁၁ မှာ mecha အခန်း ရှိတယ်။ ဝင်ရိုး၆ခု စက်ရုပ်လက်တံကို အသုံးပြုပြီး တစ်စင်းတော့ တင်နိုင်တယ်”

ကီကီ ခေါင်းညိတ်သည်။

“အွန်း… ဒါက ကျွန်မတို့အတွက် ရွှေ့လျားမှုကို ပိုပြီး လွယ်ကူစေလိမ့်မယ်”

ပို၍ အတွင်းဘက်သို့ရောက်သော် သူတို့သည် လေယာဉ်များကို ကျော်လွန်ကာ အနက်ရောင်စစ်ဘက်သုံးပစ္စည်းများ ပြသထားသည့် ဗီရိုများတန်းစီနေသည့် နေရာသို့ ရောက်လာသည်။ မီးများ လင်းလာသည်နှင့် အနက်ရောင် ပြင်ပကာကွယ်ရေးစွမ်းအားဝတ်စုံများ တန်းစီထားသည်ကို တွေ့ရသည်—ဝတ်စုံ တစ်စုံစီတိုင်းကို အဓိကလက်နက်အဖြစ် ငွေရောင် arc pulse သေနတ်၊ လက်မောင်းများတွင် လက်နက်နှစ်ခု၊ ပါဝါထုပ်ပိုးစနစ်၊ ဟိုလိုဂရမ် ညကြည့် မှန်ဘီလူးများ၊ သေးငယ်သော ဆေးကိရိယာများနှင့် အမျိုးမျိုးသော ဗျူဟာမြောက်စက်ကိရိယာများဖြင့် တွဲထားသည်။

ဤ ကြယ်အဆင့်-၃ တိုက်ခိုက်ရေးဝတ်စုံများသည် ဒိုမီနိုသဖွယ် မျက်စိတစ်ဆုံးကျော်လွန်သည်အထိ ဆန့်တန်းနေသည်။

“ဘုရားရေ… စွမ်းအားဝတ်စုံတွေ အများကြီးပဲ”

ကီကီ၏ မျက်လုံးများပြူးကျယ်သွားသည်။ “

“ဒီအနီရောင်ကမ္ဘာမှာ ပိုက်ဆံတွေ ပုံထပ်နေရမယ်”

အခြားသူများလည်း အလားတူပင် တုန်လှုပ်ချောက်ချားသွားကြသည်။ လော့ယန်က လျှောက်သွားပြီး ခလုတ်တစ်ခုကို နှိပ်လိုက်ရာ ဗီရိုတစ်ခုသည် အလိုအလျောက်ပွင့်လာသည်။ သူသည် အသေးစိတ် အချက်အလက်များကို စစ်ဆေးပြီး မပြောဘဲ မနေနိုင်ပေ–

“ဒါ... ဒါက အထီးကျန်ဝံပုလွေ S စီးရီး… စစ်တပ်ရဲ့ အရေးပေါ် တုံ့ပြန်မှု စွမ်းအားဝတ်စုံပဲ။ ဒါဟာ နောက်ဆုံးပေါ် မော်ဒယ်ဖြစ်နိုင်တယ်။ ရှေ့တန်း စတားဖလိ့ယူနစ်အများစုတောင် ဒီဟာကို မရသေးဘူး”

မိုနီကာက လက်ပိုက်ပြီး သက်ပြင်းချသည်။

“ကျွန်မ အဖွဲ့မှာ အထီးကျန်ဝံပုလွေ A စီးရီးပဲ ရှိတယ်။ သူတို့က S စီးရီးကို ထုတ်ပြီးပြီလို့တောင် မထင်ထားဘူး”

“ဟဲဟဲ… ဒီလောက် နှိမ့်ချမနေပါနဲ့”

ချီလီက စိတ်ဝင်တစား ပြောသည်။

“သူတို့ အားလုံးက စစ်တပ်အဆင့်ပဲ။ အသစ်နဲ့ အဟောင်းက သိပ်ကွာခြားမှု မရှိဘူး။ ဒါပေမဲ့ ဒီလိုဝတ်စုံအများကြီးနဲ့ဆိုရင် သာမန်လူတစ်ထောင်ကို တိုင်တန်အဆင့် တိုက်ခိုက်ရေးသမားတွေ ဖြစ်လာအောင် လုပ်နိုင်တယ်”

“ဟားဟားဟား…. ငါတို့ ဒီတစ်ခါ တကယ် အမြတ်ထွက်ပြီ”

ရှီတိယွမ်သည် သူ၏ ပတ်တီးကို ပခုံးပေါ်မှ ဆွဲဖြုတ်လိုက်ပြီး သူ၏ လက်မောင်းကို ကွေးကာ ပြုံးသည်။

“ဒီဟာတွေနဲ့ဆိုရင် ငါတို့ ယာဉ်တန်းရဲ့ စွမ်းအားက အကြီးအကျယ်တိုးတက်သွားပြီ”

လင်းရှန်သည် ဒိုမီနိုသဖွယ် စီစဉ်ထားသော ဗီရိုတန်းများကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး ရယ်မောလိုက်မိသည်။

သူသည် မူလက အနန္တရထားအဖွဲ့သားများကို TRP ဝတ်စုံများ တပ်ဆင်ရန် စီစဉ်ထားသော်လည်း ယခုအခါ ပင်ပန်းနေချိန်တွင် ခေါင်းအုံးရှာတွေ့သကဲ့သို့ဖြစ်နေသည်။ စစ်တပ်အဆင့် ထိပ်တန်းကာကွယ်ရေးစွမ်းအားဝတ်စုံ အစုံတစ်ထောင် အပြည့်အစုံသည် ထိုနေရာတွင် ငြိမ်သက်စွာ ရှိနေသည်။

ကာကွယ်ရေးစွမ်းအားဝတ်စုံများကို ယခင် ဖက်ဒရယ်မှ တိုက်ခိုက်ရေး ရည်ရွယ်ချက်၊ ခန္ဓာကိုယ် လွှမ်းခြုံမှု၊ စက်မှုလုပ်ငန်းသုံး၊ AI ပေါင်းစည်းမှုနှင့် ပါဝါအဆင့်အလိုက် သုံးဆင့်ခွဲခြားခဲ့သည်– နည်းဗျူဟာအဆင့်၊ သံမဏိမုဆိုး / ဝံပုလွေတစ္ဆေ နှင့် ကြယ်အဆင့်တို့ဖြစ်သည်။

နည်းပညာအရ၊ နည်းဗျူဟာအဆင့်အောက်တွင် နောက်ထပ် အဆင့်တစ်ခု ရှိသည်—စက်မှုဆိုင်ရာ။

အမည်က ဖော်ပြသည့်အတိုင်း စက်မှုဆိုင်ရာ ဝတ်စုံများသည် အရပ်ဘက်နှင့် စက်မှုလုပ်ငန်းသုံးအတွက် ဖြစ်ပြီး တိုက်ခိုက်ရေးလုပ်ဆောင်ချက် မရှိပေ။ လင်းရှန်က တင်းချီထံမှ ရရှိခဲ့သော TRP ဝတ်စုံသည် အထူးစက်မှုဆိုင်ရာ အမျိုးအစား ဖြစ်သည်။ သို့သော် တင်းချီက ၎င်းကို တရားမဝင်အဆင့်မြှင့်တင်ခဲ့သောကြောင့်—တိုက်ခိုက်ရေး smart AI၊ ရေဒါ၊ အခြေအနေသတိပေးချက်နှင့် ပါဝါကန့်သတ်ချက်များအားလုံးကို လော့ခ်ဖွင့်ထားသောကြောင့်—၎င်းသည် အခြေခံအားဖြင့် စစ်ဘက်ဆိုင်ရာ နည်းဗျူဟာအဆင့် ဝတ်စုံတစ်ပိုင်းဖြစ်နေသည်။

မိုနီကာ၏ အဖွဲ့မှ အထီးကျန်ဝံပုလွေ Aစီးရီးသည် တရားဝင် စစ်ဘက်ဆိုင်ရာ နည်းဗျူဟာအဆင့်စက်ကိရိယာများဖြစ်ပြီး၊ ပြည့်စုံသောလုပ်ဆောင်ချက်များနှင့် တစ်ဆင့် မြင့်ပေသည်။

သူတို့၏ ရှေ့တွင် ရှိသော အထီးကျန်ဝံပလွေ S စီးရီးသည် ပိုမို ကောင်းမွန်သော အသေးစိတ် အချက်အလက်များဖြင့် အဆင့်မြှင့်တင်ထားသော ဗားရှင်းဖြစ်သည်—

သို့သော် ချီလီ ပြောသည့်အတိုင်းပင်—အဆင့်မြှင့်တင်မှုဖြစ်သော်လည်း ၎င်းသည် နည်းဗျူဟာ အဆင့်အမျိုးအစားတွင်သာ ရှိနေသေးသည်။

သံမဏိမုဆိုး/ ဝံပုလွေတစ္ဆေအဆင့်ကို စွမ်းအားဝတ်စုံအဖြစ် မသတ်မှတ်တော့ပေ—၎င်းသည် တိုက်ခိုက်ရေး စက်ကိရိယာဖြစ်သည်။ Iron Man နည်းပညာနှင့် ဆင်တူသော ကိုယ်လုံးပြည့် ဝတ်စုံများဖြစ်သည်။

၎င်းတို့၏ အခြေခံ စံနှုန်းတွင် ပတ်ဝန်းကျင်အခြေနေသုံးမျိုးတွင် စွမ်းဆောင်နိုင်မှု—မြေပြင်၊ အနိမ့်ပျံ၊ ရေအောက်တို့—ပါဝင်သည်။ ၎င်းတို့သည် အခြေခံအားဖြင့် သေးငယ်သော လူပုံသဏ္ဌာန် မက်ချ်စက်ရုပ်များဖြစ်သည်—အလွန် လျင်မြန်ပြီး အထူးစစ်ဆင်ရေးများအတွက် အကောင်းဆုံးဖြစ်သည်။

ထိုအထဲတွင် သံမဏိမုဆိုးသည် သံချပ်ကာနှင့် တိုက်ခိုက်ရေးစွမ်းအားတွင် ပို၍ အားသာပြီး ဝံပုလွေတစ္ဆေသည် အဆင့်မြင့် ရွေ့လျားနိုင်စွမ်းကို အဓိကထားသည်။

ထိုအဆင့်များပေါ် အခြေခံ၍ ဆရာမချန် ၏ လက်ရှိ Black Hawk စွမ်းအားဝတ်စုံနှင့် မိုနီကာ၏ အနီရောင်ပျော့ပျောင်းသော ဝတ်စုံနှစ်ခုစလုံးသည် ဝံပုလွေတစ္ဆေအဆင့်တွင် အရည်အချင်းပြည့်မီလေသည်။

Chapter 509

ဥမင်အတွင်းမှ ကမ္ဘာပျက်ကပ်ရထား ၁

“ရှောင်မုန့်”

ထိုအချိန်တွင် ချီလီသည် သူ၏ ဘေးနားတွင် အမြဲတမ်း တိတ်ဆိတ်နေတတ်သော အမျိုးသမီးလက်ထောက်ကို ခေါ်လိုက်သည်–

“ဒီစွမ်းအားဝတ်စုံကို စမ်းဝတ်ကြည့်… အသေးစိတ် အချက်အလက်တွေကို စစ်ဆေးပြီး ID မှတ်သားနိုင်စွမ်း ပါ၊မပါ ကြည့်လိုက်ပါ”

ချီလီ၏ စကားများက လူတိုင်းကို ချက်ချင်း သတိဝင်သွားစေပြီး မိုနီကာက ပြောလိုက်သည်–

“ဟုတ်သားပဲ… စွမ်းအားဝတ်စုံတွေမှာ အဲဒီအနီရောင်အဖွဲ့ဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ စကားဝှက်ခံထားရင် ပြဿနာတက်နိုင်တယ်”

“ဟုတ်တယ်...”

ကီကီက ဝင်ပြောသည်၊၊

“ဒီအဆင့် စွမ်းအားဝတ်စုံတွေမှာ ခွင့်ပြုချက်သတ်မှတ်တာတွေ ရှိတတ်တယ်။ ကျွန်မတို့ ဖောက်ထွင်းနိုင်ရင်တောင် ဒီမှာ အစုံတစ်ထောင်လောက် ရှိတယ်။ အချိန်အကြာကြီး ယူရနိုင်တယ်”

“ဒါဆိုရင်တော့ အရင်ဆုံး စမ်းကြည့်ရအောင်။ ဟုတ်သား၊ ဒီ Arc+ ရိုင်ဖယ်သေနတ်တွေ—ဒါကို ငါတို့ သုံးလို့ရရင်… ခဲယမ်းမီးကျောက်အတွက် ဖိအားတွေ အများကြီး လျော့သွားလိမ့်မယ်”

ရှီတိယွမ်က ပြောသည်။

“ခဲယမ်းမီးကျောက်အတွက် ဖိအားလျော့ပြီး၊ စွမ်းအားအတွက် ဖိအား ပိုများလာမယ်”

လင်းရှန်လည်း မနေနိုင်ဘဲ ပြောလိုက်သည်၊၊

“ဒါပေမဲ့၊ အဆင်ပြေရင်တော့ စက်သေနတ်တွေထက် သေချာပေါက် ပိုကောင်းတာပေါ့”

ချီလီ၏ အမျိုးသမီးလက်ထောက် ရှောင်မုန့်သည် အရပ်ရှည်သော အမျိုးသမီးတစ်ဦးဖြစ်သည်။ ချီလီ၏ စကားကို ကြားသောအခါ သူမ ချက်ချင်း ခေါင်းညိတ်ပြီး ရှေ့သို့ တက်လာသည်။ လူတိုင်း၏ အကြည့်ကို ဂရုမစိုက်ဘဲ အပေါ်ခံအဝတ်များကို ချွတ်လိုက်ရာ အတွင်းခံပါးလေးသာ ကျန်ခဲ့ပြီး လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပေါ်လွင်စေသည်။ ထို့နောက် လူတိုင်း၏ ရှေ့တွင် စွမ်းအားဝတ်စုံကို စတင်ဝတ်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူမသည် အဓိကနှင့် အရန်လက်နက်များ၊ ညကြည့်မျက်နှာဖုံးတို့ကို တပ်ဆင်ကာ စတင် အသက်သွင်းလိုက်သည်။ ထိုအချိန်တွင် အပြည့်အစုံ တပ်ဆင်ထားသော အမျိုးသမီး စက်ရုပ်စစ်သည်တော်တစ်ဦးသည် သူတို့ရှေ့တွင် ပေါ်လာသည်– နည်းပညာ အငွေ့အသက်များ အပြည့်နှင့်…

ဗရူး~

အနက်ရောင် စွမ်းအားဝတ်စုံ၏ အတွင်းပိုင်းစနစ်များသည် အလိုလျောက် စစ်ဆေးမှု စတင်ချိန်တွင် ပျော့ပျောင်းသော အင်ဂျင်အသံမြည်လာသည်။ စက်သံများ ပုံမှန်မြည်ဟီးလာသည်။

“သော့ဖွင့်ဖို့ မလိုဘူး—တိုက်ရိုက်ချိတ်ဆက်လို့ရတယ်”

ရှောင်မုန့်ဟု အမည်ရသည့် အမျိုးသမီးက လူတိုင်းကို လှည့်ပြောလိုက်ပြီးနောက် ဂိုဒေါင်၏ ပွင့်လင်းသောနေရာသို့ လှည့်ကာ စမ်းသပ်ရန် အဆင်သင့်အနေအထားဖြင့် ကိုယ်အနည်းငယ် ကိုင်းလိုက်သည်။

ထိုအခိုက်တွင်၊ သူမ၏ စွမ်းအားဝတ်စုံတစ်လျှောက်တွင် သိမ်မွေ့သော အဖြူရောင် စွမ်းအင်ပတ်လမ်းများ လင်းလာသည်။ သူမ၏ ခြေကျင်းဝတ်၊ ဒူးခေါင်း၊ ခါးနှင့် အဆစ်များရှိ ရွေ့လျားစက်များသည် အလိုအလျောက် သော့ဖွင့်ပြီး စတင်လည်ပတ်နေသည်။ ပြတ်သားသော ယန္တရားသံတစ်ခု လေထဲတွင် ပြန့်နှံ့သွားသည်။

နောက်တစ်စက္ကန့်တွင် ရှောင်မုန့်သည် ခြေချောင်းများဖြင့် တွန်းကန်လိုက်သည်နှင့် စွမ်းအားဝတ်စုံသည် အချိန်ကိုက်ပင် ကြီးမားသော လည်ပတ်အားကို ထုတ်လွှတ်လိုက်သည်။ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူမသည် ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားသည်။ သူမ၏ အရှိန်သည် မြင့်တက်လာသည်– စက္ကန့်ပိုင်းအတွင်း ဂိုဒေါင်အဆုံးသို့ ရောက်သွားပြီး၊ နံရံပေါ်ကို ခြေကန်၍ အရှိန်လျှော့လိုက်ပြီး၊ အမြောက်ဆန်တစ်လုံးကဲ့သို့ ဆယ်မီတာလောက်အကွာဝေးကို ပျံသန်းသွားသည်။

“ဒီလို ပေါက်ကွဲစွမ်းအား”

လင်းရှန် အံ့အားသင့်စွာ ပြောလိုက်သည်။ ထိုစမ်းသပ်မှုမှပင် ၎င်းသည် သူဝတ်ဆင်ထားသည့် တစ်ခုထက် အဆများစွာ သာလွန်ကြောင်း ရှင်းနေသည်။

“ဝိုးဝိုးဝိုး၊ တကယ် အမိုက်စားပဲ”

ကီကီ အလွန်စိတ်လှုပ်ရှားသွားသည်။

“ကျွန်မလည်း တစ်ခု စမ်းချင်သေးတယ်”

“ဟေး၊ ဒီတစ်ခါတော့ တကယ်ကို ရတနာသိုက်ကြီး တွေ့သွားခဲ့တာပဲ”

ရှီတိယွမ်က သက်ပြင်းရှည်ကြီးချလိုက်ပြီးနောက် လင်းရှန်ကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။

“ညီလေးလင်း၊ ဒီဂိုဒေါင်ကြီးက အကြီးကြီးပဲ—ငါတို အကုန်ရှင်းထုတ်လိုက်မယ်”

“လူအိုကြီးရှီ မင်းက လာနောက်နေတာလား… ထရပ်ကားတွေကို ဘယ်လို သယ်သွားမှာလဲ”

ချီလီက အေးဆေးတည်ငြိမ်စွာ ပြောသည်။

“ငါတို့က ရထားယာဥ်တန်းဆိုတာ မင်းမေ့နေပြီလား။ ဒီ ထရပ်ကားတွေနဲ့ လေယာဉ်တွေက... ငါတို့နဲ့ သိပ်မကိုက်ညီဘူး”

လင်းရှန်က ချက်ချင်း ပြန်ဖြေသည်၊

“အားလုံးကို ယူလို့ရတယ်။ နောက်ကျ အသုံးဝင်လာလိမ့်မယ်။ ကျုပ်က သတ္တုနဲ့ ပလက်ဖောင်းတွဲတချို့ကို အခြေခံသယ်ယူပို့ဆောင်ရေးတွဲတွေလို တည်ဆောက်နိုင်တယ်။ ထရပ်ကားတွေနဲ့ လေယာဉ်တွေကို တင်လို့ရတယ်”

ဤအထူးပြုပြင်ထားသော ကမ္ဘာပျက်ကပ်ထရပ်ကားများနှင့် လင်းရှန် အချိန်အတန်ကြာ စိတ်ဝင်စားနေခဲ့သည့် အသံထက်မြန်သော လေယာဉ်များ—သူတို့နောက်တွင် ထားခဲ့စရာအကြောင်း လုံးဝမရှိပေ။ ဤလေယာဉ်များဖြင့် အနန္တရထားသည် ကောင်းကင်ယံတွင် မျက်လုံးတစ်စုံကို ရရှိလိမ့်မည်။ အကောင်းဆုံး အချက်ကတော့ သူတို့သည် လူများကို သယ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ အလွန်အသုံးဝင်သည်။

“ဟုတ်တယ်… ဒါ အကြံကောင်းပဲ”

ရှီတိယွမ်၏ မျက်လုံးများ လင်းလက်သွားသည်။

“ဟုတ်တယ်၊ အားလုံးကို အရင်ဆုံးသယ်ထုတ်ရမယ်—ဒီလိုပစ္စည်းတွေကို ထားခဲ့ရင် အပြစ်လုပ်မိတာပဲ”

ချီလီက အံ့ဩစွာဖြင့် လင်းရှန်ကို ကြည့်လိုက်ပြီးမှ သတိရသွားသည်–

“မင်းက ယန္တရားပညာရှင်ဆိုတာ ငါ မေ့နေတော့မလို့။ ငါ မှားသွားတယ်။ ဒါက ငါ ရထားယာဉ်တန်းကို ပထမဆုံးအကြိမ် ဦးဆောင်တာပဲ—ငါ အတွေ့အကြုံ နည်းသေးတယ်။ မင်း ပြောမှပဲ ငါ့အဖွဲ့အတွက် ထရပ်ကားနှစ်စီးထားဖို့ စဉ်းစားမိတယ်”

မိုနီကာ၏ မျက်လုံးများက လင်းရှန်ကို ကြည့်နေရင်း အရောင်များ တလက်လက်တောက်ပနေပြီး သူမ၏ အကြည့်က သူ့ကို ဝါးမျိုတော့မည်အလား ဖြစ်နေသည်။ သူမ ခဏရပ်ပြီး ချီလီကို လှည့်ကာ ပြောသည်၊၊

“ပြောသားပဲ၊ ကျွန်မရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး။ ကပ္ပတိန်လင်းနောက်ကို လိုက်တာက ပြဿနာကြီးတွေတောင် အခွင့်အရေး ဖြစ်လာတယ်”

“ဟေး… ဘယ်သူက အဲဒီလို ချီးကျူးတာလဲ။ အရမ်းရွံဖို့ ကောင်းတာပဲ”

ကီကီ၏ မျက်နှာရှုံ့မဲ့သွားပြီး နှာမှုတ်လိုက်သည်။

“ရှင်က... သူ့ကို စိတ်ဝင်စားလို့လား”

မိုနီကာက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် ပြုံးပြီး အသံကျယ်ကျယ်ဖြင့် ပြန်ပြောသည်၊၊

“ဟုတ်တယ်။ ကပ္ပတိန်လင်းကို ငါ အရင်က ပြောပြီးသားပါ—သူ့ရဲ့ အနန္တယာဉ်တန်းမှာ ပါဝင်ချင်တယ်လို့… ညီမလေး၊ ဒီမမကို မင်းရဲ့ ရထားနဲ့ ချိတ်ဆက်ဖို့ သဘောတူနိုင်မလား”

ကီကီသည် ထိုအဖြေကို မမျှော်လင့်ထားပေ။ မိုနီကာ၏ အနည်းငယ် ဆွဲဆောင်မှုရှိသော လေသံကို ကြားသောအခါ သူမ မျက်လုံးလှန်ကြည့်လိုက်ပြီး ပြောသည်၊၊

“ကျွန်မတို့က အခုချိတ်ဆက်ထားတာ မဟုတ်ဘူးလား။ ဘယ်လိုမျိုး ထပ်ချိတ်ဆက်ချင်သေးတာလဲ”

“အဟမ်း အဟမ်း...”

ထိုအခိုက်တွင် လော့ယန်၊ ရှီတိယွမ်နှင့် အခြားသူများအားလုံး ပါးစပ်အဟောင်းသားဖြစ်သွားပြီး ထူးဆန်းသောအမူယာများဖြစ်လာသည်၊၊

လင်းရှန်၏ နဖူးသည် မည်းမှောင်သွားသည်။ သူ ချက်ချင်းပင် စကားလမ်းကြောင်း လွှဲလိုက်သည်၊၊

“ကောင်းပြီ၊ ဒီကိစ္စကို စီစဉ်ကြရအောင်။ ယူလို့ရတာ ယူကြမယ်… ဖြုတ်ရမယ့်ဟာ ဖြုတ်၊ မြန်မြန်လုပ်ကြ… လုပ်စရာတွေ အများကြီး ကျန်သေးတယ်၊ ပြီးတော့ ဒီနေရာက ဘယ်လိုမှ လုံခြုံတဲ့ နေရာ မဟုတ်ဘူး။ ရထားဆီ ပြန်ပြီး အနားယူတာ ပိုကောင်းတယ်”

“ညီလေးလင်း ပြောတာ မှန်တယ်။ ဒါကို မြန်မြန် အပြီးသတ်ကြရအောင်—ငါတို့ အပေါ်မှာတော့ ရူးသွပ်နေတဲ့ ပါတီပွဲဖြစ်နေပြီ။ အချိန်ဖြုန်းစရာနေလို့ မရဘူး”

ရှီတိယွမ်က ဝင်ပြောသည်။

မိုနီကာသည် ချိုသာစွာ ပြုံးရုံသာ ပြုံးပြီး လင်းရှန်ကို နောက်တစ်ကြိမ် ကြည့်လိုက်ပြီးနောက် အသံတိတ်နေရင်း စီမံကိန်းဆွေးနွေးပွဲတွင် ပါဝင်ခဲ့သည်။

ဆွေးနွေးပြီးနောက် အနန္တရထားသည် အထီးကျန်ဝံပုလွေ S စီးရီး စစ်တပ်အဆင့် ဝတ်စုံ ၄၀ ကို လက်နက်များနှင့် စွမ်းအားဖြည့်ကိရိယာအပြည့်အစုံဖြင့် ယူဆောင်သွားသည်။

လူတိုင်းက လင်းရှန်ကို ပိုယူစေချင်ကြသော်လည်း သူ၏ရထားတွင် လူ ၃၀ ခန့်သာ ရှိပြီး၊ အခုဆိုလျှင် လူတိုင်းတွင် တစ်စုံစီ ရှိနေပြီဖြစ်သည်။ ပိုလျှံနေပါက အသုံးဝင်မည် မဟုတ်ပေ။ လူတိုင်း၏ ပံ့ပိုးကူညီမှုကို ထောက်ထားပြီး၊ သူသည် အစုံ ၄၀ ကို ယူသွားခဲ့ပြီး ကျန်ရှိသော အပိုများကို ပြုပြင်ထိန်းသိမ်းမှု လည်ပတ်မှုအတွက် အသုံးပြုရန် စီစဉ်ခဲ့သည်…သူ၏ ယန္တရားစွမ်းရည်ဖြင့် ပြုပြင်ရန် လုံးဝနီးပါး မလိုအပ်သော်လည်း...

ထို့အပြင် လင်းရှန်သည် Nightstar-3 အသံထက်မြန်သော လေယာဉ်တစ်စင်းနှင့် ကမ္ဘာပျက်ကပ် သံချပ်ကာ ထရပ်ကားနှစ်စီးကိုလည်း တောင်းဆိုခဲ့သည်—၎င်းသည် သူ့အတွက် လုံလောက်ပေသည်။ ဤတစ်ကြိမ် သူ၏ အကြီးမားဆုံး အကျိုးအမြတ်သည် AI ဂရေ့စ်ပင် ဖြစ်သည်။ မထွက်ခွာမီတွင်သူသည် ဇီးရိုးဒြပ်စင်ဗဟိုဌာနမှ ပြုပြင်ထိန်းသိမ်းရေး စက်ရုပ်များနှင့် ကိရိယာများကို ဖြုတ်ယူကာ အခြားယာဉ်တန်းများနှင့် မျှဝေရန် စီစဉ်ခဲ့သည်—ကျန်အရာများကိုတော့ သူကိုယ်တိုင် ဝါးမျိုခြင်း ပြုလုပ်ရန်ဖြစ်သည်။ အချိန်ရပါက ဝက်အူရစ်တစ်ခုပင် ချန်ထားခဲ့မည် မဟုတ်ပေ။

All Chapters