← Chapters

ဖိတ်ကြားမခံရဘဲ မဝင်ပါနှင့်

Vol. 7 Ch. 99

ဖိတ်ကြားမခံရဘဲ မဝင်ပါနှင့်

Vol. 7 Ch. 99

မိုးကြိုးလျှပ်စီးများ ဝင်းလက်နေပြီး မိုးခြိမ်းသံများ လောကတစ်ခွင် ပဲ့တင်ထပ်နေသည်။ လောကကြီးအပြင်ဘက် သက်ရှိများက တစ်ဦးနှင့် တစ်ဦး ထိုးနှက်နေသည့်အလား ကောင်းကင်ဝေဟင်ပြင်၌ မိုးသားတိမ်စိုင်များ ထူထပ်သိပ်သည်းစွာ ရှိနေသည်။

တစ်ခါတရံ မိုးခြိမ်းသံများ မြည်ဟည်းနေပြီး ရံဖန်ရံခါ ကျယ်လောင်သော ဆူညံသံများ လွင့်ပျံနေပေရာ မြို့ကြီးထဲရှိ နေထိုင်သူများကို အိပ်ရာမှ နိုးထသွားစေသည်။

မိုးကြိုးများက ဝေဟင်ပြင်ကို ဖြတ်သန်း၍ ပစ်ခတ်နေပြီး တစ်ညလုံး တုန်လှုပ်ချောက်ချားအောင် ပြုမူနေသည်။ ထို့နောက် မိုးသားတိမ်စိုင်များ၏ ကွယ်ဝှက်ခြင်းခံထားရသော နေမင်းကြီးသည် ထိုတခဏတွင် ရောင်ခြည်ကွန်ခြာများ ထုတ်လွှတ်ရန် အခွင့်အရေးရသွားဟန်တူသည်။ ၎င်းက မိုးရေစက်များနှင့်အတူ လူသားလောကကို အလင်းရောင်ဆောင်ကြဉ်းပေးနိုင်ရန် အစွမ်းကုန်ကြိုးစားနေရှာ၏။

မနက်ခင်း၌ မိုးက ပို၍ပင် သည်းထန်လာသည်။

အပြင်ဘက်တွင် လေပြင်းများသည်လည်း ညအချိန်ထက် တရွှီရွှီမြည်သံပေး၍ တိုက်ခတ်နေပြီး ဧရာမလူ့ဘီလူးကြီးတစ်ကောင်က ကောင်းကင်ဝေဟင်ပြင်ရှိ မိုးကြိုးလျှပ်စီးများကို ဟိန်းဟောက်မာန်ဖီ၍ တိုက်ခိုက်နေသည့်အလားပင်။ လေတိုက်ခတ်သံများက ကောင်းကင်ဝေဟင်ပြင်ထဲ ပဲ့တင်ထပ်နေပြီး အချိန်အတော်ကြာသည့်တိုင်အောင် ပျောက်ပျက်မသွားချေ။

မိုးသည်းထန်စွာရွာသွန်းနေသော လမ်းမကြီးထက်တွင် စက္ကူထီးနက်တစ်လက်ကို ဆောင်း၍ သွားလာနေသော လူရိပ်က တဖြည်းဖြည်း ဝိုးတဝါးဖြစ်လာသည်။

အဝေးမှကြည့်ပါက ထီးအပြင်ဘက်တွင် မိုးတဖွဲဖွဲကျနေသည်ကိုသာ မြင်ရပေမည်။ သို့သော် ထီးပေါ် ကျဆင်းသွားသော မိုးရေစက်ကလေးများထံမှ တဖျောက်ဖျောက်မြည်သံများ လွင့်ပျံနေသည်။ တချိန်တည်းမှာပင် ထိုမိုးရေစက်ကလေးများသည် တာဝန်မပြီးဆုံးသေးသည့်အလား ထီးအစွန်းကို စီးဆင်းသွားကာ မိုးရေများအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် ၎င်းတို့က မြေပြင်ပေါ် ကျဆင်းသွားပြီး ၎င်းတို့၏အဖော်များနှင့် ပြန်လည်ဆုံစည်းသွားကြသည်။

၎င်းတို့ပြန်လည်ဆုံစည်းရာမှဖြစ်ပေါ်လာသော ရေလှိုင်းကလေးများက ယမန်နေ့ညက သွေးများကို လုံးလုံးလျားလျား ဆေးကြောသွားပါသော်ငြား ဤရက်စက်ကြမ်းတမ်းသော လောကကြီးထဲရှိ မကောင်းမှုဒုစရိုက်များကို ဆေးကြောသန့်စင်ခြင်းငှာ မစွမ်းသာချေ။

“ လူတွေရဲ့နှလုံးသားကို ယုတ်မာကောက်ကျစ်တဲ့စိတ်ဓာတ်တွေနဲ့ ပိတ်လှောင်ထားတယ်။ ဒီခေတ်ပျက်ကြီးက အဲဒီပိတ်လှောင်ထားတာကို အသာလေး ဖွင့်ပေးလိုက်ရုံပါပဲ ”

ယင်းသည် ညစာစားနေစဉ်အတောအတွင်း ခေါင်းဆောင်လဲ့ ပြောခဲ့သည့် ခံစားချက်အပြည့်ပါသော စကားတစ်ခွန်းဖြစ်သည်။

ထိုစကားက အဓိပ္ပာယ်ရှိလှသည်ဟု ရွှီချင်း ခံစားလိုက်ရသည်။

မိုးများက တစတစ သည်းထန်စွာ ရွာသွန်းနေပြီး မိုးခြိမ်းသံများသည်လည်း ပို၍သာ ကျယ်လောင်လာသည်။ မိုးခြိမ်းသံများနှင့် လေပြင်းတိုက်ခတ်သံများကြားတွင် ရွှီချင်း၏ခံစားချက်များက တဖြည်းဖြည်း ငြိမ်သက်လာ၏။

သူသည် ဆိပ်ကမ်းနံပါတ် ( ၇၉ ) ကို သတိမထားမိလိုက်ဘဲ ပြန်ရောက်လာသည်။ တဝုန်းဝုန်းလှိုင်းပုတ်သံများကြားတွင် သူသည် ပုံမှန်အတိုင်း ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်ပြီး မှော်လှေကလေးကို အောက်ချလိုက်သည်။

လှေထဲကို သူ ဝင်ပြီးနောက် အကာအကွယ်အလွှာ ပေါ်ထွက်လာပြီး လှေကလေး လူးလွန့်နေစဉ် ရွှီချင်းက အနက်ရောင်ခေါင်မိုးထဲတွင် တင်ပျဉ်ခွေထိုင်လိုက်၏။

အကာအကွယ်အလွှာက မိုးရေစက်များ မဝင်လာအောင် တားဆီးပေးသည်။ လှေကလေး လူးလွန့်သည်နှင့် ပတ်သက်၍ ရွှီချင်းက အသားကျနေပြီဖြစ်၍ စိတ်မသက်မသာ မခံစားရချေ။

ဆန့်ကျင်ဘက်အနေဖြင့် အပြင်ဘက်ရှိ တဝုန်းဝုန်းဆူညံသံများအောက်တွင် သူ၏စိတ်နှလုံးက ပို၍သာ တည်ငြိမ်လာသည်။ သူက ခေါင်းငုံ့၍ ဆေးလုံးများ ဖော်စပ်ရန် ပြင်လိုက်သည်။

ထိုရက်များအတွင်း ရွှီချင်းက ဆေးဆိုင်ကို ကြိမ်ဖန်များစွာ သွားရောက်ကာ ဆေးပင်များ ဝယ်ခဲ့သည်။ သူ ဖော်စပ်ခဲ့သည့် အဖြူရောင်ဆေးလုံးအရေအတွက်သည်လည်း များလာခဲ့၏။ ယင်းအပြင် အနက်ရောင်ဆေးလုံးများနှင့် အဆိပ်ဆေးပမာဏသည်လည်း တိုးပွားလာသည်။

သူ၏အနက်ရောင်အခန်းငယ်လေးထဲတွင်လည်း အကန့်လေးများစွာ ရှိနေသည်။ ထိုအကန့်လေးများထဲတွင် ဆေးပင်များ၊ အဆိပ်ပင်များဖြင့် ပြည့်နှက်နေသည်ကို မြင်နိုင်သည်။

“ ငါ အပြင်ထွက်ပြီး ဆေးဖော်ဖို့နေရာ ရှာရမယ် ”

ရွှီချင်းက ထိုစတုရန်းပုံစံအကန့်လေးများကို ဝေ့ကြည့်လိုက်ပြီး လက်ကို ဖမ်းဆုပ်ဟန်ပြုလိုက်ရာ ဆေးပင်များစွာ သူ့ထံ ပျံသန်းလာသည်။ ထို့နောက် သူသည် အပြင်ဘက်လောကရှိ မိုးသံလေသံကြားထဲ ဆေးများဆက်ဖော်နေ၏။

ထိုနည်းအားဖြင့် အချိန်များ တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။ တစ်နေ့လုံး မိုးက သည်းသည်းမည်းမည်း ရွာသွန်းနေပြီး လေပြင်းမုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလားပင်။

မရေမတွက်နိုင်သော ရေလှိုင်းများက ဆိပ်ကမ်းကို ရိုက်ခတ်နေပြီး လှေကလေးများ အရှိန်ပြင်းစွာ လူးလွန့်နေတော့သည်။ ဆိပ်ကမ်းထဲရှိ လှေများအားလုံး မှော်လှေများဖြစ်နေ၍ တော်သေးသည်။ အကာအကွယ်အလွှာကို အသက်သွင်းထားသည့်အတွက်ကြောင့် မှော်လှေကလေးများက လှိုင်းဒဏ်ကို ခံနိုင်ကြသည်။ သို့သော်လည်း အဝေးမှကြည့်ပါက လှိုင်းထန်နေသော ပင်လယ်ပြင်ပေါ်ရှိ ရွက်ကြွေလေးများအလားပင်။

မိုးနှင့်လေက အလွန်ပြင်းထန်နေသည်ဖြစ်ပေရာ တခြားလှေများ ဝင်လာရန်ပင်မဆိုထားဘိ ဆိပ်ကမ်းထဲမှ လှေများသည်ပင် အပြင်မထွက်ကြချေ။ ထို့ကြောင့် ဌာနအများစု၏ လုပ်ငန်းဆောင်တာများ ရပ်တန့်သွားပြီး ဂိုဏ်းသားများသည်လည်း သူတို့၏နေအိမ်အသီးသီးတွင် နေထိုင်နေကြသည်။

ထိုပြင်းထန်သော မိုးသက်လေပြင်းကြောင့် ချီရွှဲ့ထုံဂိုဏ်းတစ်ခုလုံး အလုပ်တာဝန်များ ရပ်ထားရပေသည်။

အသက်နှုတ်ယူခြင်းသည်သာ ဆက်လက်ဖြစ်ပွားနေ၏။

နောက်တစ်ညရောက်သောအခါ အပြင်ဘက်ရှိ လေနှင့်မိုးက ပို၍ပင် သည်းထန်လာပြီး မိုးကြိုးလျှပ်စီးများသည်လည်း လေပြင်းနှင့်အတူ ရောယှက်သွားတော့သည်။ အရှိန်ပြင်းစွာ လူးလွန့်နေသော မှော်လှေကလေးထဲရှိ ရွှီချင်း၏မျက်လုံးများ ပွင့်လာသည်။

သူ့စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။

ထိုအငွေ့အသက်က ရာသီဥတုမှ လာနေခြင်းမဟုတ်ဘဲ လှေအပြင်ဘက်ရှိ ဆိပ်ကမ်းပေါ်မှ ရောက်လာခြင်း ဖြစ်သည်။

ပြင်းထန်သော လေနှင့်မိုးကြောင့် ဘေးပတ်ဝန်းကျင်တွင် ရွှီချင်း ပက်ထားခဲ့သည့် အဆိပ်မှုန့်အများအပြား အဝေးကို လွင့်ပျံသွားပါသော်လည်း ကြာရှည်ခံသော အဆိပ်အနံ့အသက်များကတော့ ရှိနေသေးသည်။ ယင်းသည် ရန်သူများအတွက် ရွှီချင်း ပြင်ဆင်ထားသော ပထမဆုံး သတိပေးချက်ဖြစ်သည်။

လူတစ်ယောက်က အနားတိုးကပ်လာပြီး အဆိပ်နံ့များ စွဲထင်သွားသည်နှင့် မှော်လှေကလေးထဲ ဆက်လက်တိုးဝင်လာမည်ဆိုပါက ရွှီချင်း စီစဉ်ထားသည့် တခြားအဆိပ်ငွေ့များကို ရှူရှိုက်မိသွားကာ အဆိပ်သင့်သွားမည်ဖြစ်သည်။

ယင်းအပြင် ဂိုဏ်းဝင်ခွင့်စစ်ဆေးပွဲအတွင်း သူ၏စိတ်ခွန်အား တိုးတက်လာခဲ့ပြီး ပင်လယ်အသွင်ပြောင်းပညာရပ်ကြောင့်လည်း အဆက်မပြတ် တိုးတက်လာခဲ့ပေရာ သူ၏အာရုံခံနိုင်စွမ်းသည် တခြားလူများကို ကျော်လွန်ကာ စူးရှထက်မြက်နေသည်။

ထို့ကြောင့် သူ၏သတိကြီးသော စရိုက်နှင့် ပေါင်းစပ်လိုက်သောအခါ အပြင်ဘက်တွင် လူတစ်ယောက် ချည်းကပ်လာနေသည်ကို ရွှီချင်း သိလိုက်သည်။ ထို့ပြင် ထိုလူက မှော်လှေ၏အပြင်ဘက်တွင် ရပ်နေ၏။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက်အလင်းများ ဖြတ်ပြေးသွားသည်။ သူ မှော်လှေထဲတွင် စောင့်မနေတော့ဘဲ ခေါင်မိုးအပြင်ဘက် ထွက်သွားသည်။ သူက လှေစောင်းပေါ်တွင် မတ်တတ်ရပ်လိုက်ပြီး အကာအကွယ်အလွှာအောက်မှနေ၍ အပြင်ဘက်ကို ကြည့်လိုက်သည်။

အပြင်ဘက်တွင် လေနှင့်မိုး သည်းထန်နေပြီး လျှပ်စီးများ ဝင်းလက်နေသည်။ သူ၏ဆိပ်ကမ်းပေါ်၌ မိုးကာအင်္ကျီကို ဝတ်ထားသော လူတစ်ယောက်က သေရည်ပုလင်းကို လက်ထဲတွင်ကိုင်၍ ရပ်နေသည်။

သူသည် ရွှီချင်းကို ကြည့်နေပြီး ရွှီချင်းကလည်း သူ့ကို ကြည့်လိုက်သည်။

အချိန်အတော်ကြာပြီးနောက် မိုးကာအင်္ကျီဝတ်ထားသော လူက ဝါးခမောက်ကို အနည်းငယ် မ,လိုက်ရာ သက်လတ်ပိုင်းအရွယ်မျက်နှာ ပေါ်လာသည်။ ထို့နောက် သူက ရွှီချင်းကို ပြုံးပြလိုက်၏။

“ ဂိုဏ်းတူညီလေးရွှီ၊ ဒီလောက်ကြီး သတိထားနေစရာလိုပါဘူးကွ။ အစ်ကိုပါ။ အစ်ကို သေရည်ဝယ်သွားရင်း ဒီဘက်ကို လမ်းကြုံလို့ ညီလေးနဲ့အတူ သေရည်သောက်ရအောင် ဝင်လာတာ။ ဒီဆိုးဝါးတဲ့မိုးတွေထဲ နှစ်ယောက်အတူ သေရည်လေး သောက်လိုက်ရလို့ကတော့ သိပ်ကောင်းမှာ ”

ထိုလူသည် လူဆိုးထိန်းဌာနမှဖြစ်ပြီး ရွှီချင်းနှင့် အသင်းတူသည်။ တစ်နေ့က ရွှီချင်းကို သေရည်သောက်ရန် ဖိတ်ကြားခဲ့သူလည်း ဖြစ်သည်။

ရွှီချင်းက စကားတစ်ခွန်းမဆိုဘဲ သက်လတ်ပိုင်းလူကို အေးတိအေးစက်ကြည့်နေသည်။

ထိုကဲ့သို့ ရွှီချင်း၏အမူအရာကိုမြင်သောအခါ သက်လတ်ပိုင်းကျင့်ကြံသူက ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“ ထားလိုက်ပါတော့။ ဒီခွေးဂိုဏ်းက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်လို့မရအောင် လုပ်နေတာ။ ဒါပေမဲ့ အစ်ကို့မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ညီလေးရွှီ၊ အစ်ကိုက မင်းနဲ့ မိတ်ဆွေပဲ ဖွဲ့ချင်တာ။ အသင်းထဲက လူတော်တော်များများ အစ်ကိုနဲ့ သေရည်သောက်ဖူးတယ်။ ငါ့ညီသဘောမကျရင်လဲ အစ်ကို ထွက်သွားလိုက်မယ် ”

သက်လတ်ပိုင်းကျင့်ကြံသူက ခေါင်းယမ်းကာ ထွက်သွားရန်ပြင်လိုက်သည်။

ထိုအချိန်၌ ရွှီချင်းက ရုတ်တရက် ပြောလိုက်၏။

“ ကောင်းပါပြီ။ လှေပေါ်တက်ခဲ့လေ ”

သက်လတ်ပိုင်းကျင့်ကြံသူ၏ ခြေလှမ်းများ ရပ်သွားပြီး ရွှီချင်းကို အံ့အားသင့်စွာ လှမ်းကြည့်ပြီးနောက် လှေကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် ကောက်ကျစ်သောအလင်းတစ်စ ဖြတ်ပြေးသွားပြီး ခေါင်းကို ခါလိုက်ပြန်သည်။

“ ထားလိုက်ပါ။ အစ်ကို အတင်းအကြပ် မလုပ်တော့ဘူး ”

စကားပြောပြီးသည်နှင့် သူ ခပ်သွက်သွက်လျှောက်သွားသည်။ သို့သော်လည်း ခြေလှမ်းငါးလှမ်း၊ ခြောက်လှမ်းခန့်သာ သူ သွားရသေးသည်၊ တရွှီရွှီမြည်သံ ရုတ်တရက် လွင့်ပျံလာ၏။ ဓားမြှောင်တစ်လက်က လေနှင့်မိုးကို ဖြတ်သန်း၍ သူ့ထံ တန်းတန်းမတ်မတ် ဝင်ရောက်လာသည်။

သက်လတ်ပိုင်းကျင့်ကြံသူက ချက်ချင်းပင် ရိပ်ခနဲ လှုပ်ရှား၍ ရှောင်တိမ်းလိုက်သည်။ ထို့နောက် သူ နောက်လှည့်ကြည့်လိုက်ရာ လှေကလေးထဲမှ ထွက်လာသော ရွှီချင်းကို မြင်လိုက်ရပြီး ကွက်ခနဲ မျက်နှာပျက်သွားသည်။ ရွှီချင်း၏လက်ထဲတွင် မည်းနက်တောက်ပြောင်နေသော သံတုတ်ကလေး ရှိနေပြီး မိုးထဲလေထဲတွင် သူ တဟုန်ထိုး ပြေးလာနေသည်။

“ ဂိုဏ်းတူညီလေးရွှီ၊ မင်း ဘာလုပ်တာတုံး ”

သက်လတ်ပိုင်းကျင့်ကြံသူ၏မျက်လုံးများ မှေးသွားပြီး ခပ်သွက်သွက် နောက်ဆုတ်လိုက်သည်။ သူက လက်တစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ရာ သူ၏ဘေးပတ်လည်ရှိ မိုးရေစက်များ ချက်ချင်း ရပ်သွားသည်။ ထို့နောက် ထိုမိုးရေစက်များက ရွှီချင်းထံ တရွှီရွှီမြည်သံပေး၍ ပြေးဝင်သွားသည်။ သို့သော်လည်း ရွှီချင်းက အနီးမရောက်ခင် လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ထံ ချည်းကပ်လာနေသော မိုးရေစက်များ တုန်ခါသွားသည်။ အမှန်စင်စစ် ရွှီချင်းက ၎င်းတို့ကို ထိန်းချုပ်လိုက်ခြင်းဖြစ်ပြီး ဦးတည်ချက်ပြောင်းလဲကာ သက်လတ်ပိုင်းကျင့်ကြံသူထံ စေလွှတ်လိုက်သည်။

ထိုမြင်ကွင်းကြောင့် သက်လတ်ပိုင်းကျင့်ကြံသူမှာ တုန်ရီသွားရပြီး အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရသည်။ သူက လျှာထိပ်ဖျားကိုမြန်မြန်ကိုက်၍ သွေးတစ်ပွက်ထွေးထုတ်လိုက်ရာ သွေးမြူများအဖြစ် ပြောင်းလဲသွားပြီး ဝင်လာသည့်မိုးရေစက်များကို ဟန့်တားလိုက်သည်။ သူ့ခန္ဓာကိုယ်က ရုတ်ခြည်း နောက်ဆုတ်သွားပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

သို့သော်လည်း နောက်ကျသွားခဲ့လေပြီ။ ရွှီချင်း၏ကျင့်ကြံခြင်းကို သူ လျော့တွက်ထားခဲ့၏။ ရွှီချင်းက ထောပတ်ကို ပိုင်းဖြတ်သွားသည့် ဓားပူပူတစ်လက်အလား ရိပ်ခနဲ ချဉ်းကပ်သွားသည်။ သူ၏လက်ထဲရှိ သံတုတ်ကလေးက ဝင်းလက်သွားကာ အေးစက်စက်အလင်းတန်းအသွင်ဖြင့် ထိုလူ၏နဖူးထံ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။

သက်လတ်ပိုင်းကျင့်ကြံသူ၏မျက်လုံးများ နီမြန်းသွားပြီး သူ ဟိန်းဟောက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းစွမ်းအားများ ဝုန်းခနဲ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ် ပတ်လည်တွင် အကာအကွယ်အလွှာအထပ်ထပ် ချက်ချင်း ပေါ်ပေါက်လာ၏။ သူ၏ဗိုက်တွင်လည်း သွေးသံတရဲရဲဖြစ်နေသော ပါးစပ်ကြီးတစ်ခုလည်း ရုတ်ခြည်း ပေါ်လာပြီး ၎င်းက ရွှီချင်းကို ဟိန်းဟောက်နေသည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့် အလင်းလွှာအထပ်ထပ် ပြိုလဲသွားသည်။ သို့သော်လည်း သံတုတ်ကလေးက ရက်စက်ကြမ်းတမ်းသော ပါးစပ်ကြီး၏ အသံလှိုင်းများအောက်တွင် တုံ့ခနဲ ရပ်သွားသည်။

ထိုအချိန်တိုလေးကို အသုံးချ၍ သက်လတ်ပိုင်းကျင့်ကြံသူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏လက်ထဲရှိ သေရည်ပုလင်းက ရွှီချင်းထံ တဟုန်ထိုး ပြေးဝင်သွားသည်။ ထို့နောက် သူ အားကုန်သုံး၍ ထွက်ပြေးရန် အရှိန်မြှင့်လိုက်သည်။

သေရည်ပုလင်းက လေထဲတွင် အလိုလို ပေါက်ကွဲသွားသည်။ အထဲတွင် သေရည်များ ရှိနေသည်မဟုတ်ဘဲ ပြင်းထန်သော အဆိပ်ရည်များ ရှိနေ၏။ ထိုအဆိပ်ရည်များက အရပ်မျက်နှာအနှံ့ ပျံလွင့်သွားပြီး မှော်လှေ၏အကာအကွယ်အလွှာကို ချက်ချင်း အရည်ပျော်ကျသွားနိုင်လောက်အောင် ပြင်းထန်သောတိုက်စားနိုင်သည့်အစွမ်းများ ရှိနေသည်။

ရွှီချင်း၏မျက်လုံးများထဲ အေးစက်စက် ဝင်းလက်သွားသည်။ မကြာသေးခင်က တစ်ခုခု လွဲမှားနေကြောင်း သူ ခံစားမိခဲ့ပါသော်လည်း မသေချာခဲ့ပေ။ သို့သော်လည်း မုန်တိုင်းထန်သောည၌ ထိုလူရောက်လာခြင်းသည် ထူးဆန်းနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူက သတိထား၍ လက်ဦးမှုရယူကာ စတင်လှုပ်ရှားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်၌ သူ၏မျက်လုံးများထဲ လူသတ်ချင်သည့်အရိပ်အယောင်များ လက်သွားသည်။ သူက ပျံပြေးသွားသည့် သက်လတ်ပိုင်းကျင့်ကြံသူကို မော့ကြည့်လိုက်သည်။ သူက နောက်မှလိုက်မသွားပါသော်လည်း ညာလက်ကိုမြှောက်၍ ကြမ်းတမ်းစွာ ဖမ်းဆုပ်လိုက်သည်။

ထိုအခါ ပင်လယ်အသွင်ပြောင်းပညာရပ် ထွက်ပေါ်လာ၏။

ရုတ်တရက် ဘေးပတ်ဝန်းကျင်ရှိ မိုးရေစက်များ တုန်ခါသွားပြီး သက်လတ်ပိုင်းကျင့်ကြံသူထံ အရူးအမူး ပြေးဝင်သွားသည်။ ၎င်းတို့က ဧရာမလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး သက်လတ်ပိုင်းကျင့်ကြံသူ ထိတ်လန့်တုန်လှုပ်ကာ ရုန်းကန်နေသည့်တိုင်အောင် အသုံးမဝင်ချေ။ သူ ကြမ်းကြမ်းတန်းတန်း ဖမ်းဆုပ်ခံထားရ၏။

အချိန်အတော်ကြာသောအခါ ဧရာမလက်ကြီးကြောင့် သက်လတ်ပိုင်းကျင့်ကြံသူ၏ခန္ဓာကိုယ် အေးခဲလာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်လာပြီး သူ၏မျက်လုံးများထဲတွင် ကြောက်ရွံ့စိတ်များ အထင်းသား ပေါ်လာ၏။ သူ စကားပြောရန် ပြင်လိုက်စဉ် ရွှီချင်း၏ခန္ဓာကိုယ်က လှစ်ခနဲ ရောက်ရှိလာပြီး သူ၏ညာဘက်လက်ထဲရှိ ဓားမြှောင်က သက်လတ်ပိုင်းကျင့်ကြံသူ၏ လည်မျိုကို ပိုင်းဖြတ်သွားသည်။

အားပြင်းလွန်းလှသည်ဖြစ်၍ ထိုလူ၏ခေါင်းကြီး ပျံထွက်သွားသည်။

သွေးများနေရာအနှံ့ ပြန့်ကျဲသွားပြီး သက်လတ်ပိုင်းကျင့်ကြံသူ၏ဗိုက်ထဲမှ ပါးစပ်ကြီး ရုတ်တရက် ထွက်လာကာ ရွှီချင်း၏ညာလက်ကို တရကြမ်း ကိုက်လိုက်သည်။

ရွှီချင်းက တောင်တန်းပင်လယ်ပညာရပ်ကို ချက်ချင်း ဖော်ထုတ်လိုက်ရာ သူ၏လက်ပေါ်တွင် ကွေအရိပ် ပေါ်လာပြီး ဧရာမပါးစပ်ကြီးကို ဟိန်းဟောက်ကာ တွန်းလှန်လိုက်သည်။ ဘေးပတ်ဝန်းကျင်တွင် မိုးရေစက်များကြောင့် ဖြစ်ပေါ်လာခဲ့သော ဧရာမလက်ကြီးသည်လည်း ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ဘုန်းခနဲ မြည်ဟည်းသံနှင့်အတူ သက်လတ်ပိုင်းကျင့်ကြံသူ၏ ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီး ပြိုလဲကာ အသွေးအသားများအဖြစ် ပြောင်းလဲသွားသည်။ သူ၏ဗိုက်ပေါ်ရှိ ပါးစပ်ကြီးသည်လည်း အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွား၏။ ရွှီချင်းသည်သာ နေရာမှာပင် ရပ်နေပြီး ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။

ထိုတိုက်ပွဲက မြန်ဆန်နေသယောင် ထင်ရသော်လည်း အမှန်စင်စစ် ထိုသက်လတ်ပိုင်းကျင့်ကြံသူ၏ ကျင့်ကြံခြင်းစွမ်းအားက သာမန်မဟုတ်ပေ။ သူ၏တိုက်ရည်ခိုက်ရည်က ကြောက်ခမန်းလိလိဖြစ်ပြီး ဂိုဏ်းကိုမရောက်ခင်က ရွှီချင်းကို ယှဉ်ပြိုင်နိုင်သည်။

ယမန်နေ့က ရွှီချင်း၏ သတ်ဖြတ်ခြင်းခံလိုက်ရသော ချင်းယွမ်ကျစ်သည်ပင် ထိုလူနှင့် ပြိုင်ဘက်မဖြစ်နိုင်ချေ။ တောင်တန်းပင်လယ်ပညာရပ်ကို ကျင့်ကြံထားသည့် ကျင့်ကြံသူများ၏ တိုက်ရည်ခိုက်ရည်က သာမန်ဂိုဏ်းလေးများမှ ကျင့်ကြံသူများထက် သာလွန်နေသည် မဟုတ်ပါလား။

ထိုအချိန်၌ ရွှီချင်းသည် တခြားကြံရာပါများကို ရှာဖွေရန် ဘေးပတ်ဝန်းကျင်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။ လေထဲမိုးထဲတွင် ဆိပ်ကမ်းတစ်ခုလုံး မှောင်မည်းနေပြီး တရွှီရွှီမြည်နေသော လေပြင်းတိုက်သံများနှင့် တဖျပ်ဖျပ်ဝင်းလက်နေသော လျှပ်စီးများသာ ရှိနေပေသည်။

All Chapters