အဘိုးလင်း
Vol. 8 Ch. 99
ရှန့်ကွမ်းမိသားစုမှ လူကခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ရင်းနှီးကျွမ်းဝင်တဲ့အရှိန်အဝါကို အာရုံခံလိုက်မိသည်။
"ဟားဟားဟားဟား... မင်းလိုကောင်စုတ်လေး... ငါဘာမှလုပ်စရာမလိုဘဲ ကိုယ်တိုင်ထွက်လာလိမ့်မယ်လို့ ထင်မထားဘူး..." အခြေတည်စိတ်ဝိညာဥ်အဆင့် ရှိတဲ့ အဖွဲ့ခေါင်းဆောင်က ရှန့်ကွမ်းချင်းယန်ကို မြင်လိုက်ရသောအခါ ကျယ်လောင်စွာအော်ဟစ်ရယ်မောလိုက်သည်။
"အရက ငါထင်ထားတာက မင်းက မင်းရဲ့စီနီယာအစ်ကို၊ အစ်မတွေ နောက်ကျောမှာပုန်းနေမယ့် လိပ်တစ်ကောင်လောက်ပဲ ဖြစ်မယ်လို့လေ..."
ရှန့်ကွမ်းချင်းယန် လာရောက်တဲ့သူတွေကို မြင်လိုက်သည်နှင့်တပြိုင်နက် ဘာဖြစ်နေသလဲဆိုတာကို အကြမ်းဖျင်းသဘောပေါက်လိုက်သည်။
"ရှန့်ကွမ်းဂျီ..."
"ဟုတ်တယ်.... ဝါစဉ်အရပြောမယ်ဆိုရင် မင်းငါ့ကို ဦးလေးလို့ ခေါ်သင့်တယ်..."
ရှန့်ကွမ်းချင်းယန်က လက်သီးကိုတင်းတင်းဆုပ်လိုက်သည်။ သူသည် ရှန့်ကွမ်းမိသားစုမှ ထွက်ပြေးလာတဲ့သူတစ်ဦးဖြစ်တာကြောင့် ရှန့်ကွမ်းဂျီမည်မျှ အစွမ်းထက်တာကို သိထားသည်။
"ဟေ့... ရှန့်ကွမ်းချင်းယန်... မင်း ဦးလေးလို့ခေါ်ရမယ့်သူက သူတစ်ယောက်တည်း မဟုတ်ဘူးကွ..."
တခြားတစ်ယောက်လည်း လူအုပ်ထဲကနေ လမ်းလျှောက်ထွက်လာသည်။ လင်းယွင်ဂိုဏ်းတပည့်များသည် သူတို့ကိုလာရောက်တိုက်သူများအကြားတွင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများအပြင် အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူနှစ်ဦးပါ ပါဝင်နေကြောင်း နောက်ဆုံးတွင် သတိပြုမိလိုက်ကြသည်။ ရှန့်ကွမ်းချင်းယန်ရဲ့ မျက်ဝန်းအိမ်က ကျဉ်းမြောင်းသွားသည်။ လက်ရှိတွင် ဂိုဏ်းမှာ သူ့ဆရာမရှိပေ။ သူ့ရှေ့မှ ရှန့်ကွမ်းဂျီနှင့် ရှန့်ကွမ်းယင်တို့နှစ်ယောက်စလုံးသည် အခြေတည်စိတ်ဝိညာဥ်အလယ်အလတ်အဆင့် အထက်တွင် ရှိကြသည်။ သူ့ဆရာခေါ်ခဲ့သော အဘိုးလင်းရှိနေလျှင်ပင် တစ်ဖက်လူတိုက်တာကို သူတို့ ခုခံနိုင်ပါ့မလားဆိုတာ မရေရာပေ။
"ဂျူနီယာညီလေး.. မကြောက်နဲ့..."
ရှန့်ကွမ်းချင်းယန်ရဲ့ စီနီယာအစ်ကိုနဲ့၊ အစ်မတို့က ဒီလူအုပ်စုကို ရှန့်ကွမ်းမိသားစုက စေလွှတ်လိုက်ခြင်းဖြစ်ကြောင်း နားလည်သွားသည်။ သူတို့ရည်ရွယ်ချက်က ရှန့်ကွမ်းချင်းယန်ကို ဖမ်းခေါ်သွားရန်ဖြစ်သည်။
"ငါအသက်ရှင်နေသရွေ့ သူတို့ မင်းကိုခေါ်သွားနိုင်မှာမဟုတ်ဘူး..." ဂူလင်းဖေးက ရှန့်ကွမ်းချင်းယန် ကို သူ့နောက်ကျောတွင် ထားပြီးကာကွယ်လိုက်ကာ ပြိုင်ဘက်အကြည့်ကို ရင်ဆိုင်လိုက်သည်။
"မင်းတို့ကို လက်လျှော့လိုက်ဖို့ အကြံပေးချင်တယ်။ မင်းတို့တွေက လက်တွေ့ကျတဲ့လူတွေလို့ သတ်မှတ်လို့ရမယ်လို့ မျှော်လင့်ပါတယ်...." ရှန့်ကွမ်းဂျီက ဒီတပည့်အုပ်စုကို လုံးဝအထင်မကြီးပေ။
သူ့မှာလည်း မာန်မာနကြီးခွင့်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် သူတို့တွေကအမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဖွဲ့သာ ဖြစ်သည်။ သူတို့က သူ့လက်ထဲကနေ လူတစ်ယောက်ကို ကာကွယ်ချင်နေတာလား....။ ထိုအရာက နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာနဲ့ ဘာမှမခြားနားပေ။
"သူ့ကို အခုချက်ချင်းလွှဲပေးရင် အနာဂတ်မှာ လင်းယွင်ဂိုဏ်းနဲ့ ရှန့်ကွမ်းမိသားစုကြား ဘာမှပတ်သက်စရာ မရှိတော့ဘူး။ ငါ့ဆီမှာ မင်းတို့ကိုပေးစရာ ကျင့်စဉ်တွေနဲ့ လျှို့ဝှက်စာအုပ်တွေ အများကြီးရှိတယ်... ဒါပေမဲ့ မင်းတို့ကမင်းတို့အတွက် ဘာက ကောင်းလဲဆိုတာမသိဘဲ ငါတို့ကိုအင်အားသုံးခိုင်းနေမယ်ဆိုရင်...." ရှန့်ကွမ်းဂျီ ခေါင်းခါလိုက်သည်။
"အချိန်တန်လို့ ငါဝင်တိုက်ပြီး မင်းတို့ကိုတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်လိုက်ရင် ကြည့်လို့ကောင်းမှာ မဟုတ်ဘူးနော်...."
"အဘိုးကြီး.... အာချောင်မနေနဲ့... လာစမ်းပါ..."
ဂူလင်းဖေးသည် သူ့ရှေ့မှလူပြောနေတဲ့ အဓိပ္ပာယ်မရှိသည့်စကားများကို သည်းမခံနိုင်တော့ပေ။ သူ ထပ်မံတိုက်ခိုက်လိုက်သည်။
"ဟားဟား...၊ လင်းယွင်ဂိုဏ်းချုပ်ရဲ့ တပည့်ပီသတယ်.... မင်းဆရာ အရင်တုန်းကငါနဲ့ တိုက်ခိုက်တုန်းကလည်း အခုလိုမကြောက်မရွံ့ပဲ...." အဘိုးလင်းက သူတို့အနောက်ကနေ ဖြည်းညှင်းစွာထွက်လာရင်း ပြောလိုက်သည်။
"အို... မင်းတို့ဂိုဏ်းမှာ ဘာလို့အဘိုးကြီးတစ်ယောက် ရှိနေတာလဲ... ငါ့မှာ သနားတတ်တဲ့နှလုံးသား မရှိဘူးဆိုတာ မင်းသိသင့်တယ်...." ရှန့်ကွမ်းယင်ကလည်း စတင်လှုပ်ရှားလိုက်သည်။
"ဂျူနီယာညီကိုမောင်နှမတို့... မင်းတို့သွားပြီး ဟို အမြုတေဖွဲ့စည်းခြင်းအဆင့် အမှိုက်ကောင်တွေကို အရင်ရှင်းလိုက်ကြ..."
ရှန့်ကွမ်းမိသားစုမှ သာမန်အစေခံများ ထိုစကားကို ကြားလိုက်ရတဲ့အခါ သူတို့အားလုံးက ကြောင်သွားကြသည်။
'အမြုတေဖွဲ့စည်းခြင်းအဆင့် အမှိုက်ကောင်တွေ... ဒီတပည့်တွေကလည်း အမြုတေဖွဲ့စည်းခြင်းအဆင့် မှာရှိနေတာ မဟုတ်ဘူးလား...'
သူတို့ ဘာမှပြန်မတုံ့ပြန်နိုင်ခင်မှာပင် ရှန့်ကွမ်းချင်းယန်သည် "အဆုံးမဲ့ကျင်းယုလှံကျင့်စဥ်" ဟု အော်ဟစ်ရင်း သူတို့ဆီက်ု အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်သွားသည်။
သူ့နောက်ကနေ ဖီးနစ်ငှက်အော်မြည်သံသည်လည်း တိမ်လွှာများထိပါ ထိုးဖောက်သွားသည်။ ထောင်ချီသော စိတ်ဝိညာဉ်စွမ်းအားဓားသွားများက မီးတောက်များသဖွယ် လင်းလက်လာသည်။
"သေစမ်း..."
ထိုအစေခံများထဲတွင် သူ့မိတ်ဆွေဟောင်းများ မနည်းလှပေ။ ရှန့်ကွမ်းချင်းယန်သည် ထိုကပ်ပါးကောင်များကို အရိုးထဲထိမုန်းတီးသည်။ အခုချိန်တွင် သူ့တွင်သူတို့နဲ့ယှဉ်ပြိုင်နိုင်တဲ့ ခွန်အားရှိလာပြီဖြစ်ကာ ထိုလူအုပ်စုကို ချက်ချင်းကိစ္စတုံးစေလိုက်သည်။ အစေခံအုပ်စုသည် လင်းယွင်ဂိုဏ်းချုပ်က ကောင်းကင်ကို အံတုနိုင်သူဖြစ်ရုံသာမက သူ့တပည့်များလည်း ပူးပေါင်းတိုက်ခိုက်ရင် သူတို့ယှဉ်ပြိုင်နိုင်မှာမဟုတ်ကြောင်း အစကတည်းက ကြိုသိထားကြသည်။
ကောင်းကင်အပြည့် မီးတောက်ဓားများကို ရင်ဆိုင်ရသောအခါ အမြုတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေကြတဲ့သူတွေက ပြန်လည်ခုခံရန်ပင် မကြိုးစားရဲကြပေ။ သူတို့အားလုံးက အသက်ကယ်မှော်ရတနာများကို ထုတ်သုံးလိုက်ကြသည်။
"ဒါအကုန်ပဲလား..."
ယဲ့ယွမ်ဖန်သည် လွင့်မျောတိမ်တိုက်လမင်းကျင့်စဉ်ကို အသုံးပြုကာ ဝင်တိုက်လိုက်သည်။ တိုက်ကွက်အနည်းငယ်အတွင်းမှာပင် သူတို့ရဲ့အစီအရင်ကို ဖျက်စီးလိုက်သည်။ ဒီတစ်ချိန် သူတို့ရန်သူတွေကို အတော်လေး လက်မြန်ခဲ့သည်။ သို့မဟုတ်ပါက သူတို့သာ ဂိုဏ်းကာကွယ်ရေးအစီအရင်ကို အရင်အသက်သွင်းနိုင်ခဲ့လျှင် ဒီလူအုပ်စုသည် သူတို့ကို ဘာမှလုပ်နိုင်တော့မည် မဟုတ်ပေ။
ရှန့်ကွမ်းမိသားစုမှ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူနှစ်ဦးက အဘိုးလင်း၊ ဂူလင်းဖေးတို့နှင့် အသီးသီးစီ တိုက်ခိုက်နေကြသည်။ အဘိုးလင်းသည် သူတို့နှင့်တူညီတဲ့ အဆင့်တွင်ရှိနေသော်လည်း သူသုံးတဲ့ကျင့်စဥ်နှင့် ထုတ်လွှတ်နေတဲ့အရှိန်အဝါတို့မှာ အနည်းငယ်ထူးဆန်းနေသည်။ သူတို့တွေ အရင်တိုက်ပွဲများတွင် အခုလိုရန်သူမျိုးနှင့် တစ်ခါမှ မတိုက်ဖူးကြပေ။ ထိုအချိန်တွင် အမြုတေဖွဲ့စည်းခြင်းအဆင့် အစေခံများသည် လင်းယွင်ဂိုဏ်းတခြားတပည့်များရဲ့ တိုက်ခိုက်ချက်အောက်တွင် ပြန်မခုခံတိုက်နိုင်ကြောင်း သူတို့သတိပြုမိလိုက်ကြသည်။
အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများအကြား တိုက်ပွဲသည် တိုက်ပွဲအရှိန်တောင် မမြင့်သေးဘဲ ထိုအစေခံများက ရှုံးနိမ့်သွားခဲ့သည်။
"သောက်ကျိုးနည်း.. လင်းယွင်ဂိုဏ်း ဂိုဏ်းသေးလေးတစ်ခုပဲကို.. ဘာလို့မင်းတို့တွေက ဖြေရှင်းရ ခက်နေရတာလဲ..." ရှန့်ကွမ်းဂျီသည် သူ့လက်ထဲမှ ဓားကိုဝှေ့ယမ်းရင်း ပတ်ဝန်းကျင်ရှိစိတ်ဝိညာဉ်စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
လေထဲတွင် ပုံရိပ်ယောင်တစ်ခုက တဖြည်းဖြည်းချင်း ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်စွမ်းအားများကို သူ့ခန္ဓာကိုယ်ထဲသို့ ဆက်တိုက်စုပ်ယူနေသည်။
"အော်...၊ မဆိုးဘူး၊ မဆိုးဘူး။ ဒီလိုကျင့်စဉ်မျိုးက နည်းနည်းအစွန်းရောက်ပေမယ့် ဒီအထိကျင့်ကြံနိုင်တယ်ဆိုတော့ မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က သိပ်မဆိုးလောက်ဘူး" အဘိုးလင်းမျက်နှာပေါ်တွင် ချီးကျူးမှုအရိပ်အယောင်များ ပေါ်လာသည်။
"နှမြောစရာပဲ၊ ငါက ဝိညာဉ်ခေါ်လေထိန်းကျင့်စဉ်ကို လွန်ခဲ့တဲ့အချိန်အကြာကြီးကတည်းက အပျင်းပြေကသားခဲ့ဖူးတယ်..."
ထိုသို့ပြောပြီးနောက် အဘိုးလင်းခန္ဓာကိုယ်မှ အနက်ရောင် သတ်ဖြတ်လိုတဲ့အရှိန်အဝါများ ထွက်ပေါ်လာသည်။ ရှန့်ကွမ်းမိသားစုမှ အခြေတည်စိတ်ဝိညာဥ်အဆင့်ကျင့်ကြံသူနှစ်ဦးစလုံးသည် သူ့ထံမှထွက်ပေါ်လာသော သတ်ဖြတ်လိုတဲ့အရှိန်အဝါကို မြင်သောအခါ ထိတ်လန့်သွားကြသည်။
'အံ့ဩစရာ မရှိတော့ပါဘူး... ဒီလူရဲ့ကျင့်ကြံခြင်းအဆင့်က သူတို့နှစ်ယောက်ထက် နိမ့်နေပေမယ့် တိုက်ပွဲအတွင်း သူအမြဲတမ်းတည်ငြိမ်အေးဆေးနေခဲ့တာကိုး... ပြီးတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် အထွတ်အထိပ်မှာပဲရှိသေးတဲ့ အကြီးဆုံးတပည့်ကလည်း သူတို့ကိုအတော်လေးခြိမ်းခြောက်နိုင်နေတာ...'
"အံ့ဩစရာမရှိတော့ပါဘူး... လင်းယွင်ဂိုဏ်းရဲ့ အင်အားက ဒီလောက်မြန်မြန်တိုးတက်လာနိုင်တာ အံ့ဩစရာမရှိတော့ပါဘူး... လက်စသတ်တော့ မင်းတို့ဂိုဏ်းက ဒီလိုမိစ္ဆာလမ်းစဉ်တွေကို ကျင့်ကြံနေတာကိုး..."
အဘိုးလင်းက ခေါင်းခါလိုက်သည်။
"ငါက လင်းယွင်ဂိုဏ်းက မဟုတ်ဘူး"
"ငါသာ လင်းယွင်ဂိုဏ်းအဖွဲ့ဝင် ဖြစ်လာနိုင်ခဲ့ရင် ဒီလိုအဆုံးသတ်မျိုး ကြုံရမှာမဟုတ်ဘူး" အဘိုးလင်းက ခေါင်းငုံ့လျက် ပြောလိုက်သည်။
ထို့နောက် သူ့ပတ်ပတ်လည်လည်က သတ်ဖြတ်လိုတဲ့အရှိန်အဝါများသည် သူတို့နှစ်ဦးအပေါ် လွှမ်းမိုးသွားသည်။
"ဒါပေမဲ့ အခု ငါကသူများအိမ်မှာ နေနေရတာဆိုတော့ ငါ့သခင်စကားကို ဖီဆန်လို့မရဘူး..."
ရှန့်ကွမ်းမိသားစုမှ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူနှစ်ဦးသာမကပေ။ လင်းယွင်ဂိုဏ်းမှ တပည့်များလည်း ဇဝေဇဝါဖြစ်ပြီး မျက်လုံးများတွင် ရှုပ်ထွေးမှုများနဲ့ပြည့်နှက်နေသည်။
"အဘိုးလင်းကို ဆရာက ဖမ်းထားတာ အကြာကြီးရှိပြီမဟုတ်ဘူးလား..."
"ဟုတ်တယ်၊ အဘိုးလင်းက ဖမ်းခံထားရတာတောင် ဒီလောက်စွမ်းအားကြီးနေတုန်းပဲ..."
အဘိုးလင်းထုတ်လိုက်တဲ့ ဖိအားသည် အကုန်လုံးလူကို တုန်လှုပ်သွားစေသည်။
"အခြေတည်စိတ်ဝိညာဥ်နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ဆိုတော့ အားစိုက်ထုတ်ရပေမယ့်လည်း..."
အဘိုးလင်းသည် ဂိုဏ်းထဲတွင်ပုံမှန်အားဖြင့် အမြဲတမ်းပြုံးရွှင်နေပြီး နောက်ပြောင်တတ်သည်။ သူသည် တိုက်ပွဲအတွင်း အခုလိုကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု ဘယ်သူကမှ မထင်ထားပေ။ သူတို့ ဆရာသည် အခုလိုကြောက်စရာကောင်းတဲ့ အဘိုးလင်းကို အနိုင်ယူနိုင်ခဲ့တာကို တွေးမိသောအခါ....။ ထိုသတ်ဖြတ်လိုတဲ့ အရှိန်အဝါသည် ဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အစကတည်းက မှောင်မိုက်နေတဲ့ညသည် ပိုဆိုးရွားပြီးကြောက်မက်ဖွယ် ကောင်းလာသည်။
"မင်း ဂိုဏ်းကိုကာကွယ်ဖို့ စိတ်လောနေတယ်ဆိုတာ ငါသိပါတယ်" အဘိုးလင်းကလှည့်ပြီး ဂူလင်းဖေးကို ပြောလိုက်သည်။
"ဒါပေမဲ့ ဒီကောင်နှစ်ကောင်က ပြဿနာလာရှာတာ၊ ပြီးတော့ သူတို့ခွန်အားတစ်ဝက်တောင် မသုံးရသေးဘူး"
ဂူလင်းဖေးက ခေါင်းညိတ်လိုက်သည်။ တပည့်များထဲတွင် ဘယ်သူကမှအခြေတည်စိတ်ဝိညာဥ်အဆင့် သို့ မရောက်သေးပေ။ သူတို့ ဒီမှာဆက်အချိန်ဖြန်းနေရင် အဘိုးလင်းအတွက် အခြေအနေပိုခက်ခဲစေရုံသာ ရှိမည်။
"ကောင်းပြီ... ဒါဆိုကျွန်တော်တို့ အဘိုးလင်းကို နောက်တစ်ခေါက် ကူညီပေးပါရစေ..."