တာဝန်ပြီးဆုံးခြင်း
Vol. 8 Ch. 101
ဇစ်မြစ်ရတနာပြားထဲတွင် မတူညီတဲ့မြင်ကွင်းများ ဆက်တိုက်ပေါ်လာပြီး တုန်းမီမျက်လုံးရှေ့တွင် လည်ပတ်နေသည်။
"မင်းမျိုးနွယ်ရဲ့ ကံကြမ္မာကဆုံးဖြတ်ပြီးသား၊ ကံကြမ္မာကြယ်ပွင့်ရဲ့ လမ်းကြောင်းက မှေးမှိန်နေပြီ...." တုန်းမီရဲ့စိတ်ထဲတွင် အသံတစ်သံက ဆက်တိုက်ပြောနေသည်။
ကျန်းယီမင်လည်း ရှုပ်ယှက်ခတ်နေတဲ့အရာတွေကို ခံစားလိုက်ရသည်။ တကယ်လို့ တုန်းမီက သူ့ကံကြမ္မာကို အတင်းအကျပ်ပြောင်းချင်တယ်ဆိုရင် သူသေချာပေါက် ကြီးမားတဲ့ပေးဆပ်မှုကြီးတစ်ခု လုပ်ရလိမ့်မည်။ ဇစ်မြစ်ရတနာပြားထဲတွင် မျောပါနေပြီး ပေါင်းစည်းလာတဲ့အလုံးငယ်လေးများက ရတနာလက်ရှိပိုင်ရှင်ရဲ့ ကံကြမ္မာလမ်းကြောင်းအမျိုးမျိုးကို ကိုယ်စားပြုကြောင်း ကျန်းယီမင်နားလည်သွားလိုက်သည်။
တုန်းမီသည် ဆန့်ကျင်လို့မရနိုင်တဲ့ကံကြမ္မာကို တိုက်ခိုက်ရန် သူ့ခန္ဓာကိုယ်ထဲကခွန်အားအားလုံးကို အသုံးပြုနေရသည်။ ကျန်းယီမင်က ပိုစိုးရိမ်လာပြီး ခြေတစ်လှမ်းဝက်တောင် မခွာသွားရဲပေ။ သူ အနည်းငယ်ပေါ့ဆလိုက်သည်နှင့်တပြိုင်နက် တုန်းမီတစ်ခုခုဖြစ်သွားမှာကို သူတကယ်စိုးရွံ့နေမိသည်။
"အို... ရွေးချယ်ခံရသူက သူ့ကံကြမ္မာကိုပြောင်းလဲချင်တာလား... ဒီလိုခိုင်မာတဲ့စိတ်ဓာတ်မျိုးက လောကမှာ ရှားပါးတယ်..."
ထို့နောက် ကပ်ဘေးလို့ အမည်ရတဲ့အလုံးငယ်လေးသည် ဇစ်မြစ်ရတနာပြားအတွင်း ဖြည်းညှင်းစွာ ပေါက်ကွဲသွားသည်။ ထို့နောက် ဇစ်မြစ်ရတနာပြားတစ်ခုလုံးက သူ့မျက်စိရှေ့တွင် ဖုန်မှုန့်များအဖြစ် ပြောင်းသွားသည်။ ဖုန်မှုန့်များက မြေကြီးပေါ်သို့ တိုက်ရိုက် မကျသွားပေ။ ထိုအစား ထိုဖုန်များသည် လေထဲကို ဖြည်းဖြည်းလေးမြင့်တက်သွားပြီး အမှုန့်အနည်းငယ်က တုန်းမီခန္ဓာကိုယ်ထဲသို့ဝင်ရောက်သွားကာ ကျန်တဲ့အနည်းငယ်က ကောင်းကင်ပေါ်ကို လွှင့်စင်သွားသည်။
'ဒါက ကျိန်စာဖြေတာ အောင်မြင်သွားပြီလို့ ဆိုလိုတာပဲ... မမှားနိုင်ဘူး...'
ကျန်းယီမင် အလွန်ပျော်သွားသည်။ မျှော်လင့်ထားသည့်အတိုင်းပင်၊ ကောင်းကင်နှင့်မြေကြီးကြားတွင် ကံကောင်းမှသာ တွေ့နိုင်တဲ့ရတနာတစ်ခုဖြစ်သောကြောင့် ဇစ်မြစ်ရတနာပြားရဲ့ အသုံးပြုပုံကို ရှေးဟောင်းစာအုပ်များတွင် ဘယ်လိုလုပ်မှတ်တမ်းတင်ထားနိုင်မည်နည်း။ ရတနာနှင့်ကံစပ်သူများသာ လုပ်ရတဲ့စည်းမျဉ်းများကို ထိုးဖောက်သုံးနိုင်သည်။ ဇစ်မြစ်ရတနာပြားက တစ်ကြိမ်သာအသုံးပြုနိုင်ပုံရသည်။
ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေကို ထိုးထွင်းသိမြင်နိုင်ပြီး ကောင်းကင်ကိုအံတုကာ ကံကြမ္မာကို ပြောင်းလဲနိုင်တဲ့ရတနာမျိုးကို အကြိမ်ကြိမ်သုံးနိုင်မယ်ဆိုရင် ရတနာလို့ခေါ်နိုင်တော့မှာမဟုတ်ပေ။
တုန်းမီက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ တစ်ခုခုကတဖြည်းဖြည်း ကွာကျသွားသကဲ့သို့ လန်းဆန်းသွားတာကို ခံစားလိုက်ရသည်။ ထို့နောက် သူ့လက်များကို ကြည့်လိုက်ရာ ဘာမှမရှိတော့ပေ။
"ဆရာ... ကျွန်တော်...၊ ကျွန်တော်အောင်မြင်သွားပြီလား..."
"ကံကြမ္မာနဲ့ပတ်သက်တဲ့အရာတွေကို ဘယ်သူက ရှင်းပြနိုင်မှာလဲ..." ကျန်းယီမင် ပြုံးလိုက်သည်။
သူ့တပည့်သည် အောင်မြင်သွားလာနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိချင်မှသိလိမ့်မည်၊ သို့သော် သူ သေချာပေါက်သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူအလွန်ရင်းနှီးကျွမ်းဝင်တဲ့အသိပေးချက်အသံသည် သူ့စိန်ထဲတွင် မြည်လာသောကြောင့် ဖြစ်သည်။
[ဒင်း]
[အသိပေးချက် - အရံတာဝန် - "ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီး ကံတရားကို ပြောင်းပြန်လှန်ပါ" ပြီးဆုံးပါသည်]
[အသိပေးချက် - ဆုလာဘ်ကို ထုတ်ပေးလိုက်ပါပြီ၊ ကျေးဇူးပြု၍ သိုလှောင်အိတ်ထဲတွင် စစ်ကြည့်ပါ]
[အသိပေးချက် - ကောင်းကင်ဘုရင်အဆင့်အခွင့်ထူးကြောင့် ဇီဝေးနက္ခတ်တာရာပညာရပ်ကို မြင့်မြတ်ဇီဝေးနက္ခတ်တာရာပညာရပ်သို့ အဆင့်မြှင့်တင်လိုက်ပါပြီ]
တုန်းမီအရန်တာဝန်ကို ပြီးမြောက်သွားခဲ့သည်။ တာဝန်ပြီးသွားတာသည် သူ့သက်တမ်းကုန်ဆုံးရမယ့် ကံကြမ္မာကိုပြောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း သက်သေပြနေသည်။ ကျန်းယီမင်သည် သူ့ခြံဝန်းမှ ထွက်လာပြီး ဂိုဏ်းပင်မခန်းမသို့ သွားလိုက်သောအခါ ပင်မခန်းမဘေးတွင် ဖြည်းညှင်းစွာလည်ပတ်နေတဲ့ ရတနာပြားကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
'ကောင်းလိုက်တာ.....'
သူက ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်တဲ့ရတနာများနှင့် နည်းလမ်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်ကျွမ်းထားပြီဖြစ်ရာ နောက်တစ်ဆင့်အနေဖြင့် သူတတ်ထားတာများကို ဆက်နားလည်သဘောပေါက်ပြီး ကိုယ့်ကိုယ်ကိုတိုးတက်အောင် လုပ်ရန်သာလိုတော့သည်။ တုန်းမီ တာဝန်သည် အခုလိုပြီးသွားလိမ့်မယ်လို့ သူထင်မထားခဲ့မိပေ။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲတွင် တစ်ခုခုဆူပွက်လာတာကို ခံစားလိုက်ရသည်။
"ဒါက...."
ကျန်းယီမင် နောက်တစ်ကြိမ်စိတ်လှုပ်ရှားသွားပြန်သည်။ သူ့တပည့်တုန်းမီကိုခေါ်ပြီး ငရဲပြည်ကို သွားခဲ့သည်။ ငရဲပြည်က ထူးဆန်းတဲ့အရှိန်အဝါကြောင့်လား၊ ဒါမှမဟုတ် သူအကြိမ်ကြိမ်တိုက်ခဲ့ရတာကြောင့်လား၊ ဒါမှမဟုတ် ဇီဝေးနက္ခတ်တာရာပညာရပ်ရဲ့ အထောက်အပံ့ကြောင့်လားတော့ သူမသိပေ။ ဘာပဲဖြစ်ဖြစ်သူ့ဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲတွင် စုစည်းလာပြီး မွေးဖွားခြင်းအဆင့်ကို အမှန်တကယ်ရောက်တော့မယ့် အခိုက်အတန့်ကို ရောက်လာကြောင်း သူသဘောပေါက်လိုက်သည်။
'အချိန်ဖြုန်းနေလို့ မဖြစ်ဘူး....'
သူ့ကျင့်ကြံခြင်းအဆင့်ကို မွေးဖွားခြင်းအဆင့်ကို အမြန်ဆုံး မြှင့်တင်ရမည်။ အဲ့ဒီအချိန်ကျရင် ရှန့်ကွမ်းမိသားစုက တစ်ယောက်ယောက်ကို သူ့ဂိုဏ်းတံခါးဝဆီ စေလွှတ်လာမှာကို စောင့်နေစရာမလိုတော့ဘဲ သူကိုယ်တိုင်သွားပြီး အင်အားသုံးကာကိစ္စရပ်တွေကို တစ်ခါတည်း အပြတ်ရှင်းပစ်နိုင်ပြီဆိုတာ သေချာနေသည်။ ကျန်းယီမင်သည် သူ့ကျင့်ကြံတဲ့နေရာသို့ မြန်မြန်သွားလိုက်သည်။ သူ အသက်အောင့်ထားပြီး အာရုံစိုက်လိုက်သည်။
ကျန်းယီမင် မှန်ကန်ခဲ့သည်။ တကယ်လို့ ငရဲပြည်တွင် ဖြတ်ကျော်ခဲ့ရတဲ့အရာများသာ သူ့မှာရှိပါက မွေးဖွားခြင်းအဆင့်ကိုရောက်ရန် သူ့အခြေခံအုတ်မြစ်ကို အပြည့်အဝ ယတည်ငြိမ်စေဖို့ဆိုတာ လုံလောက်မည်မဟုတ်ပေ။ တုန်းမီရဲ့ အရန်တာဝန်မှ ဆုလာဘ်အဖြစ်ရခဲ့သော မြင့်မြတ်ဇီဝေးနက္ခတ်တာရာပညာရပ်ကြောင့်သာ လင်းယွင်ဂိုဏ်း ရှိ လူတိုင်းရဲ့ကံကြမ္မာကို ချက်ချင်းတိုးစေခဲ့ခြင်းကြောင့်သာဖြစ်သည်။
ထိုအရာက ကျန်းယီမင် တစ်ယောက်တည်း မဟုတ်ပေ။ ကျင့်ကြံတာ အထွတ်အထိပ်ကို ရောက်နေတဲ့တပည့်များအားလုံးလည်း အဆင့်တက်တော့မည့် အရိပ်အယောင်ကို ဝေဝေဝါးဝါးခံစားလိုက်ရသည်။
"ဆရာ ဒီတစ်ခေါက် ဘယ်ရတနာပြန်ယူလာတာလဲ... ဘာလို့ ငါအဆင့်တက်တော့မယ်လို့ ခံစားနေရတာလဲ...."
"ငါကောပဲ..."
ယဲ့ယွမ်ဖန်နှင့် ဂူလင်းဖေးတို့က တပည့်သစ်များကို ကျင့်ကြံတာသင်ကြားပေးနေစဉ် သူတို့ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များ ဆူပွက်လာတာကို ခံစားလိုက်ရသည်။ ထိုအရာက သူတို့ကိုအလွန်အမင်း ပျော်ရွှင်စေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်အတွက် ယဲ့ယွမ်ဖန်သည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်မှ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ ဂူလင်းဖေးအတွက်မူ သူကအမြုတေဖွဲ့စည်းခြင်းအဆင့်မှ အခြေတည်စိတ်ဝိညာဥ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
ကောင်းကင်ကိုအံတုပြီး ကံကြမ္မာကိုပြောင်းလဲခဲ့သော တုန်းမီလည်း အကျိုးသက်ရောက်မှုက်ု ခံစားရသည်။ သူအစက အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်တွင်ရှိနေပြီး ယခုအခါ သူသည်လည်း အခြေတည်စိတ်ဝိညာဥ်အဆင့်ကို အဆင့်တက်တော့မည်ဖြစ်သည်။
"ဟားဟား... မင်းတို့တွေ ဘယ်လောက်စိတ်လောနေကြလဲကြည့်ပါဦး... မြန်မြန်သွားကြ..."
ဟွမ်းချောင်ယုနှင့် ရှန့်ကွမ်းချင်းယန်တို့လည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ အကယ်၍ သူတို့အားလုံး အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့လျှင် ဒါကအလွန်ဝမ်းသာစရာကောင်းတဲ့ ကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မည်။ တကယ်တော့ တပည့်သစ်များအပါအဝင် လင်းယွင်ဂိုဏ်းတစ်ခုလုံး အနည်းနှင့်အများ ကျင့်ကြံတာတိုးတက်လာခဲ့ကြသည်။
စီနီယာအစ်ကို၊ အစ်မများရဲ့ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံနေကြတဲ့ တပည့်များသည်လည်း သူတို့ကျင့်ကြံခြင်းအဆင့်တွေ ရုတ်တရက်ထိုးတက်သွားတာကို ခံစားလိုက်ကြရသည်။
'လင်းယွင်ဂိုဏ်းက တကယ်ကို ထူးခြားတာပဲ...'
.....
ရက်အနည်းငယ်ကြာပြီး ညနေခင်းပိုင်းတွင်...
စွမ်းအင်လှိုင်းကြီးတစ်ခုသည် လင်းယွင်ဂိုဏ်းကို ဗဟိုပြုပြီး အရပ်မျက်နှာအနှံ့ပေါက်ကွဲထွက်သွားသည်။ အဆင့်မြင့်ကျင့်ကြံသူများအပါ အားလုံးက ဒထိုအရာသည်ဘာကိုဆိုလိုသလဲဆိုတာကို သိလိုက်ကြသည်။ လင်းယွင်ဂိုဏ်းတွင် ယခုအခါ စစ်မှန်တဲ့မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦး ရှိလာခဲ့သည်။ကျန်းယီမင်သည် အံ့ဩတကြီးနဲ့ ထွက်လာခဲ့သည်။
ပခုတစ်ကြိမ်အဆင့်တက်ခြင်းသည် အလွန်မြန်ဆန်လွန်းသည်။ သူ့အခြေခံအုတ်မြစ်သည် ငရဲပြည်တွင် အပြည့်အဝတည်ငြိမ်ခဲ့ပြီဖြစ်တာကြောင့် ပြီးပြည့်စုံတဲ့အဆင့်တက်တာကို လုပ်ဖို့ သူသိပ်အားစိုက်စရာ မလိုအပ်ခဲ့ပေ။
"ဂုဏ်ယူပါတယ် ဆရာ..."
ကျန်းယီမင် လေ့ကျင့်ရေးကွင်းပြင်က်ု ဝင်လာတဲ့အခါ သူ့တပည့်များအားလုံး ပြိုင်တူဒူးထောက်လိုက်ကြသည်။ ကျန်းယီမင် စကားမပြောလိုက်ခင်မှာပင် နောက်ထပ် အရှိန်အဝါနှစ်ခုပေါက်ကွဲထွက်လာသည်။ သူတို့ကတော့ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့ ဖြစ်ကြသည်။
သူတို့လည်း အဆင့်တက်တာ အောင်မြင်သွားခဲ့သည်။ ယခုအခါ လင်းယွင်ဂိုဏ်းတွင် မွေးဖွားခြင်းအဆင့်ကျင့်ကြံသူတစ်ဦး၊ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ဦးနှင့် အားကောင်းတဲ့အဘိုးလင်းတို့ ရှိနေသည်။ ဂိုဏ်းစုစုပေါင်းအင်အားသည် အကြီးအကျယ် တိုးတက်လာခဲ့သည်။
"ဆရာ... စီနီယာအစ်ကိုကြီး... ဂုဏ်ပြုပါတယ်...ဂုဏ်ပြုပါတယ်... ဘုရားရေ... ဆရာတို့ရဲ့ ကျင့်ကြံတဲ့အရှိန်က မြန်လွန်းမနေဘူးလား..." ရှန့်ကွမ်းချင်းယန်ရဲ့ မျက်လုံးတွင် အားကျမှုများနဲ့ပြည့်နှက်နေသည်။
လင်းယွင်ဂိုဏ်းကို ဝင်ရောက်ခါစ တခြားတပည့်များသည် အခုအခါ မွေးဖွားခြင်းအဆင့်သို့ ရောက်နေပြီဖြစ်တဲ့ သူတို့ဂိုဏ်းချုပ်ကိုကြည့်လိုက်တဲ့အခါ သူတို့မျက်နှာများတွင် မယုံကြည်နိုင်မှုများနဲ့ပြည့်နှက်နေသည်။
"ရှောင်ယုဘယ်မှာလဲ..."
"အော်... ရှောင်ယု... ရှောင်ယုက ဂျူနီယာညီလေးအသစ်နဲ့အတူ တောင်အောက်ဆင်းသွားတယ်။ တစ်ယောက်ယောက်က ကျွန်တော်တို့ပိုင်နက်ထဲ လာပြဿနာရှာနေတယ်ဆိုလို့။ အချိန်ကိုကြည့်ရတာ သူတို့ ပြန်ရောက်တော့မှာပါ..."
"ဂျူနီယာညီလေးအသစ်..."
"ဟုတ်တယ်၊ သူ့နာမည်က ယန်ရှန်ချင်းတဲ့၊ သူလည်း အမြုတေဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာ ရှိတယ်... သူအရင်တုန်းက လေလွင့်ကျင့်ကြံသူဖြစ်ခဲ့ပေမယ့် အခု ဆရာသင်ကြားပေးမှာ လမ်းညွှန်ပေးမှာတွေကို စောင့်နေပါတယ်...."
အကြောင်းပြချက် တစ်ခုခုကြောင့် ကျန်းယီမင်ရင်ထဲတွင် မကောင်းတဲ့ခံစားချက်တစ်ခုထွက်ပေါ်လာသည်။ သူတို့ တောင်အောက်ဆင်းသွားတဲ့ကိစ္စက ခင်သလောက် မရိုးရှင်းပုံမရပေ။
"ဆရာ... ဆရာ..." ယဲ့ယွမ်ဖန်ရဲ့ စိုးရိမ်တကြီး အော်သံက သူ့နားထဲဝင်ရောက်လာသည်။
"ဘာဖြစ်လို့လဲ...."
'သူ့ရင်ထဲက မကောင်းတဲ့ခံစားချက်က အမှန်တကယ် ဖြစ်လာပြီလား.....'
ကျန်းယီမင် ရင်ထဲထိတ်လန့်သွားပြီး လင်းယွင်ဂိုဏ်းရှေ့က ယဲ့ယွမ်ဖန်ရှိရာသို့ အလျင်အမြန်သွားလိုက်သည်။ ယဲ့ယွမ်ဖန်ရဲ့ အံ့အားသင့်မှုထဲတွင် ဒေါသများလည်း ပါဝင်နေသည်။ သွေးဖြင့် ရေးသားထားတဲ့ စာတစ်စောင်ကို တံခါးတွင်ဓားဖြင့် ထိုးစိုက်ထားသည်။
စာထဲတွင် "ငါ မင်းတို့ဂိုဏ်းက လူနှစ်ယောက်ကိုပြန်ပေးဆွဲထားတယ်။ သူတို့ကို ရှန့်ကွမ်းချင်းယန်နဲ့ လဲလှယ်ရမယ်" ဟု ရေးသားထားသည်။
"ခွေးကောင်တွေ... ခွေးကောင်တွေ..."
ထိုစာကို မြင်လိုက်ရသောအခါ ဘာဖြစ်ခဲ့သလဲကို ကျန်းယီမင် သိလိုက်သည်။ ရှန့်ကွမ်းမိသားစုသာလျှင် အခုလိုအလုပ်မျိုးကို လုပ်နိုင်သည်။ ရှန့်ကွမ်းမိသားစုကလွဲရင် တခြားဘယ်သူကမှ မဖြစ်နိုင်ပေ။ ကျန်းယီမင်သည် ဒေါသကြောင့်တုန်ယင်နေတဲ့ သူ့ခန္ဓာကိုယ်ကိုထိန်းချုပ်လိုက်သည်။
"ကောင်းပြီလေ... ကောင်းပြီ.... ရှန့်ကွမ်းမိသားစု၊ ရှန့်ကွမ်းမိသားစုပေါ့... ဟုတ်လား...။ မင်းတို့စောင့်နေလိုက်..."