အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
အပိုင်း ( 226 )
ဒုတိယအဆင့်ကို တိုက်ခိုက်ခြင်း၊ ဗိုလ်ကျကြီးစိုးလွန်းသော T-Rexကြီး !!
ရှုကျိုး၏ စွမ်းအားသည် ပထမအဆင့်နယ်ပယ်တွင် ပြိုင်ဘက်ကင်းလုနီးပါးပင်ဖြစ်သည်။
သူသာရှိနေသရွေ့၊ အစစ်အမှန် သိုင်းပညာဌာနသည် ပထမအဆင့်နယ်ပယ်တိုက်ပွဲတွင် မည်သို့မျှ ရှုံးနိမ့်သွားလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့်သာလျှင် စုန့်ယွင်ဟဲ့သည် ရှုကျိုးကို စိန်ခေါ်တိုက်ခိုက်ရန်အတွက် ဒုတိယအဆင့်မှ ကျောင်းသူကျောင်းသားများကို အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
ရှုကျိုး၏ တည်ရှိမှုနှင့်သာဆိုပါက နတ်သိုင်းဌာနသည် ပထမအဆင့်နယ်ပယ် တိုက်ပွဲတွင် မည်သို့မျှ အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ နတ်သိုင်းဌာနသည် ပထမအဆင့်နယ်ပယ်တို့၏ တိုက်ပွဲအားလုံးတွင် ရှုံးနိမ့်သွားခဲ့မည်ဆိုပါက၊ ၎င်းသည် ပြိုင်ပွဲတစ်ခုလုံးအပေါ်တွင် ဆိုးရွားသော အကျိုးသက်ရောက်မှုများ ရှိသွားစေလိမ့်မည် ဖြစ်သည်။
ထို့ကြောင့် ရှုကျိုးကို ဒုက္ခိတဖြစ်အောင် ပြုလုပ်၍ သူ၏တိုက်ခိုက်ရေး စွမ်းအားကို သိသိသာသာ လျော့ကျသွားအောင် ပြုလုပ်ရမည် ဖြစ်သည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ပြိုင်ပွဲ၏ အခြေအနေကိုပင် ပြောင်းပြန်လှန်ကောင်းလှန်သွားလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် လေးနက်စွာ မျက်မှောင်ကြုတ်နေလျက်ရှိသည်၊ သူ၏ခေါင်းထဲတွင် ပို၍အရေးကြီးသော မေးခွန်းတစ်ခု တည်ရှိနေခဲ့သည်။
စုန့်ယွင်ဟဲ့ရဲ့ အမိန့်က သူတစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်လား၊ ဒါမှမဟုတ် နတ်သိုင်းဌာနက အဆင့်မြင့် အရာရှိတွေရဲ့ သဘောတူညီချက်တစ်ခုများလား?
တကယ်လို့ အဲ့လိုသာ ဖြစ်နေမယ်ဆိုရင်တော့ ပြဿနာတော့ များပြီ!!
ရှုကျိုးသည် လူသားမျိုးနွယ်စုမှ အထွတ်အထိပ် ပုဂ္ဂိုလ်များဖြစ်ကြသည့် နတ်သိုင်းဌာနမှ အကြီးအကဲများက ထိုကဲ့သို့သော ကိုယ်ရေးကိုယ်တာဆန်သည့် ကိစ္စမျိုးကို လူသားတို့၏ ကံကြမ္မာထပ် များစွာ အလေးပေးနေမည်မဟုတ်ဘူးဟုသာ အမြဲလိုလို ခံစားနေခဲ့ရသည်။
အထူးသဖြင့် ယခုအချိန်ကဲ့သို့ အတွင်းမီးနှင့် အပြင်မီးများ ဝိုင်းနေကာ စစ်ခေါ်သံပင် နီးကပ်နေသည့် အချိန်မျိုးတွင် ဖြစ်သည်။
သူတို့သည် ဌာနနှစ်ခု၏ ပြိုင်ပွဲနှင့် လူသားမျိုးနွယ်စု၏ ကံကြမ္မာတို့ကြားတွင် မည်သည့်အရာက ပို၍ အရေးကြီးလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း နားလည်နေသင့်ပေသည်။
ရှုကျိုးသည် အနည်းငယ် စိတ်ညစ်သွားခဲ့ကာ ခေါင်းတခါခါဖြင့် သက်ပြင်းများ ချနေတော့သည်။
၎င်းတို့အားလုံးမှာ သူ၏ ကိုယ်ပိုင် အတွေးအမြင်(သို့) ထင်မြင်ယူဆချက်များသာ ဖြစ်သည်။
နောက်ကျမှ ဌာနမှူးကို မေးလိုက်တာကပဲ ပိုကောင်းပါတယ်ကွာ။
…
စင်မြင့်ပေါ်၌
လူစာရင်းကို ကြေညာခဲ့ပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ စာရင်းထဲမှာ ပါတဲ့လူတွေက စုပေါင်းလေ့ကျင့်မှုကို လုပ်ရမယ်၊ ဌာနကနေပြီးတော့ လုံလောက်တဲ့ ကျင့်ကြံရေးအရင်းအမြစ်တွေ ထောက်ပံ့ပေးမယ် “
အားလုံးသည် တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်သွားကြပြီး၊ ထို့နောက်တွင် စိတ်လှုပ်ရှားနေသည့် အမူအရာများကို ဖော်ထုတ်ပြသလာခဲ့သည်။
အရွေးချယ်မခံခဲ့ရသည့် လူများကလည်း အားကျစိတ်များနှင့် ပြည့်နှက်သွားခဲ့သည်။
ချင်ဖုန်း တစ်ဦးတည်းကသာလျှင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဌာနက တော်တော်ကြီးကို ဆင်းရဲနေတယ်လေ၊ သူတို့က ဌာနရဲ့ နောက်ဆုံးရန်ပုံငွေတွေကို သုံးတော့မှာလား?
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ ဒီနှစ်လတာလေ့ကျင့်မှုကို အထင်မသေးနဲ့။ အစစ်အမှန် သိုင်းပညာဌာနရဲ့ ပါရမီရှင်အဖြစ် ရွေးချယ်ခံခဲ့ရတာက မင်းတို့တွေက လူသားမျိုးနွယ်စုရဲ့ ပါရမီရှင်တွေ ကြားထဲမှာတောင်မှ ထိပ်ဆုံးအဆင့်မှာရှိတယ်လို့ ဆိုလိုနေတာပဲ “
“ ထိပ်ဆုံးအဆင့် ပါရမီရှင်တွေက တစ်ခြားလူတွေထပ် တာဝန်ဝတ္တရားပိုယူရတယ် “
ရှန့်ဝမ်ချန်းသည် ပထမအဆင့်နယ်ပယ်မှ လူများကို ကြည့်ကာ အဓိပ္ပါယ်တစ်မျိုးမျိုးပါဝင်နေသော လေသံမျိုးဖြင့် ပြောလာခဲ့သည် “ ပြိုင်ပွဲပြီးတဲ့နောက်မှာ မင်းတို့တွေက ကွမ်ဟန်နဲ့ အရင်ဦးဆုံး ထိတွေ့ဆက်ဆံရတဲ့လူတွေ ဖြစ်သွားကြမှာ “
၎င်းကိုကြားလိုက်ရသောအခါတွင် ရှုကျိုးပါဝင်သည့် ပထမအဆင့်နယ်ပယ်မှ လူများသည် သတိပြန်ဝင်လာခဲ့သည်။
မကြာခင်မှာပဲ ငါတို့က ကွမ်ဟန်မှာ မစ်ရှင်လုပ်ရတော့မယ်လို့ ဌာနမှူးက အရိပ်အမြွက်ပြနေတာလားဟ?
ပုံမှန်အားဖြင့် ဒုတိယအဆင့်နယ်ပယ်မှ ပညာရှင်များက ကွမ်ဟန်နှင့် ထိတွေ့ဆက်ဆံနိုင်ပြီး၊ တတိယအဆင့် ပညာရှင်များကသာလျှင် ထိုနေရာတွင် မစ်ရှင်များ စတင်၍ လက်ခံနိုင်လေသည်။
၎င်းမှာ လုံးဝစိမ်းသက်နေသည့် ကမ္ဘာတစ်ခုဖြစ်ပြီး၊ အန္တရာယ်နှင့် ဖရိုဖရဲဖြစ်စဥ်တို့ဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။
ဌာနမှူး၏ စကားလုံးများသည် ရှုကျိုးနှင့် တစ်ခြားလူများကို အနည်းငယ် စိုးထိတ်သွားစေခဲ့သည်။
ငါတို့က မကြာခင်မှာပဲ အဲ့လိုအန္တရာယ်ဇုန်ကြီးကို သွားရမှာတော့လား?
ထိုအချိန်တွင် ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ မင်းတို့တွေက အရမ်းကြီး စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ ကွမ်ဟန်က အန္တရာယ်တစ်ခုဖြစ်သလို၊ အခွင့်အလမ်းတစ်ခုလည်း ဖြစ်တယ် “
“ တကယ်လို့ မင်းတို့တွေကသာ ကွမ်ဟန်မှာ ဂုဏ်ထူးဆောင်နိုင်ခဲ့မယ်ဆိုရင်၊ နိုင်ငံတော်က မင်းတို့က မမျှမတဆက်ဆံမှာ မဟုတ်ဘူး။ မင်းတို့သတ်လိုက်တဲ့ ကမ္ဘာ့ကြယ်က လူတစ်ယောက်ချင်းစီတိုင်းအတွက် ဆုကြေးကြီးကြီး ရလိမ့်မယ် “
“ ပြီးတော့ မင်းတို့တွေက ကမ္ဘာ့ကြယ်ပေါ်ကို ခြေချနိုင်ခဲ့မယ်ဆိုရင် ကျောက်တုံးတစ်တုံးနဲ့ သစ်ပင်တစ်ပင်ဆီမှာတောင် ကြီးမားတဲ့ သုတေသန တန်ဖိုးရှိနေတာကို တွေ့ရလိမ့်မယ် “
“ တကယ်လို့ မင်းတို့တွေက ကမ္ဘာ့ကြယ်က သက်ရှိလူတစ်ယောက်ကို အရှင်ဖမ်းနိုင်ခဲ့မယ်ဆိုရင်၊ အနည်းဆုံးအနေနဲ့ တစ်ဘီလီယံလောက် တန်နေလိမ့်မယ် “
“ ငါသိရသလောက်ဆိုရင်တော့ ကမ္ဘာ့ကြယ်မှာလည်း လူသားမျိုးနွယ်စုကို ကြီးကြီးမားမား အကျိုးပြုနိုင်တဲ့ ကျင့်ကြံရေး ပစ္စည်းတစ်ချို့ရှိတယ်၊ အဲ့တာက အမြင့်ပိုင်းအဆင့်တွေရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်းကို ကြီးကြီးမားမား အထောက်အပံ့ပေးနိုင်တယ်။ တကယ်လို့ မင်းတို့ကသာ အဲ့တာတွေကို ရခဲ့မယ်ဆိုရင်၊ တန်ဖိုးကြီးကြီးမားမား ရလိမ့်မယ်ဆိုပင်မဲ့၊ အရေးအကြီးဆုံးအနေနဲ့ မင်းတို့တွေက လူသားမျိုးနွယ်စုရဲ့ ကျေးဇူးရှင်ဖြစ်လာလိမ့်မယ် “
“ … “
ရှန့်ဝမ်ချန်း၏ စကားများကို ကြားလာရသည်နှင့်အမျှ လူတိုင်း၏မျက်လုံးများထဲတွင် ရှိနေသည့် စိတ်တင်းကြပ်နေမှုများ ပျောက်ကွယ်သွားခဲ့ပြီး၊ ၎င်းတို့၏နေရာတွင် စိတ်လှုပ်ရှားမှုများက အစားထိုးဝင်ရောက်လာခဲ့သည်။
ရှန့်ဝမ်ချန်းပြောသကဲ့သို့ပင် သူတို့သည် လူသားမျိုးနွယ်စု၏ ထိပ်တန်းအဆင့် ပါရမီရှင်များဖြစ်နေကြပြီဖြစ်သည်၊ ဤနေရာအထိ ရောက်နေခဲ့ပြီးပြီ ဖြစ်သောကြောင့် သူတို့သည် စည်းမျဥ်းတစ်ခုကို သိနေကြသည်။
အန္တရာယ်များလေလေ၊ အခွင့်အလမ်း ပိုကြီးလေလေပင် ဖြစ်သည် !!!
ကွမ်ဟန်မှ ကမ္ဘာ့ကြယ်ဆီသို့ သွားရောက်ခြင်းတွင် အဆုံးမဲ့ အခွင့်အလမ်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ရှုကျိုးမှာလည်း စိတ်လှုပ်ရှားနေတော့သည်။
ကမ္ဘာ့ကြယ်၏ အန္တရာယ်များမှုနှင့် လျှို့ဝှက်ဆန်းကြယ်မှုကို ပိုသိရလေလေ၊ သူသည် စိတ်အားတက်ကြွခြင်းနှင့် မျှော်လင့်ခြင်းတို့ကို ခံစားနေခဲ့ရသည်။
…
ရှ့န်ဝမ်ချန်းသည် ကွမ်ဟန်နှင့် ကမ္ဘာ့ကြယ်တို့၏ အကြောင်းများကို ထပ်မံ၍ ပြောပြနေခဲ့ပြီး၊ အစည်းအဝေးကို အဆုံးသတ်လိုက်သည်။
ထွက်မသွားခင်အချိန်တွင် သူသည် စာရင်းထဲတွင် ပါဝင်သည့် လူ၁၅ဦးအား တာဝန်အသိပေးချက်အတွက် အဖွဲ့တစ်ခုဖွဲ့ထားရန် ညွှန်ကြားထားခဲ့သည်။
ချင်ဖုန်းမှ လျင်မြန်စွာ လှုပ်ရှားလာခဲ့ပြီး၊ ရှုကျိုးနှင့် တစ်ခြားလူများကို အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သည်။
ဤအစည်းအဝေးသည် ဤနေရာတွင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။
“ ရှုကျိုး၊ ခဏလောက် ငါ့နဲ့လိုက်ခဲ့ “ ရှန့်ဝမ်ချန်းသည် ထိုကဲ့သို့ ပြောလာခဲ့ကာ အစည်းအဝေးခန်းမထဲမှ လှည့်ထွက်သွားတော့သည်။
ရှုကျိုးသည် ဌာနမှူးကို မေးမြန်းရန် ကြံရွယ်နေခဲ့သော်လည်း၊ ဌာနမှူးမှ အရင်လှုပ်ရှားလာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် ရှုကျိုးသည် အမြန်ထရပ်ကာ သူ့နောက်သို့ လိုက်သွားတော့သည်။
အစည်းအဝေးခန်းမထဲမှ ထွက်လာခဲ့ပြီးသည့်နောက်၌
“ ဌာနမှူး၊ ဘာကိစ္စရှိလို့လဲဗျ? “
ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်၍ ပြောလာခဲ့သည် “ မင်းက သွေးကြောမှတ် ၁၂၀ထိ ဖွင့်နိုင်ဖို့ ယုံကြည်ချက်ရှိလား? “
ရှုကျိုးသည် တစ်ခဏခန့် မှင်သက်သွားတော့သည်၊ ထို့နောက်တွင် ခေါင်းခါ၍ ပြန်ဖြေလာခဲ့သည် “ သိပ်မသေချာဘူး “
“ ကျွန်တော်က သွေးကြောမှတ် ၉၂ခုအထိပဲ ရောက်သေးတာ၊ ဒါပင်မဲ့ သာမန်အခြေအနေတွေအောက်မှာ လူသားတွေက သွေးကြောမှတ် ၁၂၀အထိပဲ ရောက်နိုင်တယ်လို့ ကျွန်တော်ကြားခဲ့ရတယ်။ အဲ့နောက်မှာက အထူးနည်းလမ်းတွေ ဘာတွေ လိုအပ်တာလားဗျ? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်၍ ပြောလာခဲ့သည် “ နတ်သိုင်းဌာနက အထူးနည်းလမ်းတွေကို သုံးကြတယ်၊ အဲ့လိုပဲ ငါတို့ အစစ်အမှန် သိုင်းပညာဌာနကလည်း သုံးတယ် “
“ ဒါပင်မဲ့ အဲ့တာက နည်းနည်းလေးတော့ အန္တရာယ်ပိုများတယ် “
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီး ပြောလာခဲ့သည် “ ဒီလိုဆိုရင်ကော မင်းက သွေးကြောမှတ် ၁၂၀ကို ရောက်တဲ့အထိ အရင်လေ့ကျင့်ကြည့်လိုက်၊ ပြီးကျမှ နောက်ထပ် သွေးကြောမှတ်တွေကို ရှာနိုင်မလားဆိုတာက ဆက်ကြည့်ကြတာပေါ့။ တကယ်လို့ မရဘူးဆိုရင်၊ ငါ့ဆီကို လာခဲ့၊ ငါက မင်းကို အရင်ဌာနမှူးဆီ ခေါ်သွားပေးမယ် “
“ အရင်ဌာနမှူးလား? “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားတော့သည်၊ ထို့နောက်တွင် သူသည် ဟိုယခင်အချိန်က ယခင်ဌာနမှူး၏ နေရာနားမှ ဖြတ်လျှောက်သွားမိသည့်အတွက် မောင်းထုတ်ခံခဲ့ရခြင်းကို ပြန်လည်မှတ်မိသွားခဲ့သည်။
၎င်းမှာ အစ်အမှန် သိုင်းပညာဌာန၏ တစ်ခုတည်းသော တားမြစ်နယ်မြေဖြစ်သည်။
ထိုအချိန်က ဝင်ပေါက်တွင် ထိုင်နေသည့် အကြီးအကဲ ယွင်ဟုအမည်ရသည့် ကြမ်းကြမ်းတမ်းတမ်း သတိပေးကာ အနားကပ်မလာရန် တားမြစ်ခဲ့သည်။
“ ဌာနမှူး၊ အရင်ဌာနမှူးရဲ့ တားမြစ်နယ်မြေကို ပြောနေတာလားဗျ? “
“ အင်းး “ ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ အဲ့တားမြစ်နယ်မြေကို အပြင်လူတွေအတွက် မဖွင့်ပေးခဲ့တာက နှစ်တော်တော်ကြာနေပြီ၊ ဒါပင်မဲ့ လူသားတွေရဲ့ အမြင့်ပိုင်း အဆင့် ပြိုင်ဘက်ကင်းလမ်းကြောင်းက အဲ့ထဲမှာ ရှိတယ် “
………………………………………………………………………………………………………………………………………
အပိုင်း ( 227 )
ဒုတိယအဆင့်ကို တိုက်ခိုက်ခြင်း၊ ဗိုလ်ကျကြီးစိုးလွန်းသော T-Rexကြီး !! ၂
“ အဲ့လမ်းကြောင်းမှာက ပြဿနာလေးရှိတယ်ဆိုပင်မဲ့၊ ခြေတစ်လှမ်းမှားသွားတာနဲ့ ထာဝရပျက်ဆီးခြင်းဆီကို ရောက်သွားနိုင်တယ်၊ ဒါပင်မဲ့ အဲ့တာကနေ သင်ယူဖို့အတွက် တော်တော်ကြီးကို ထိုက်တန်နေတုန်းပဲ “
“ မင်းက သွေးကြောမှတ် ၁၂၀ဖွင့်ပြီးသွားရင် ငါ့ဆီလာခဲ့၊ ငါမင်းကို လမ်းညွှန်ပေးမယ် …. “
ရှုကျိုးသည် သူကြားသိလိုက်ရသည့် စကားလုံးများကြောင့် အနည်းငယ် နိုးနိုးကြားကြား ရှိသွားခဲ့သည်။
အရင်ဌာနမှူးရဲ့ နေရာမှာ လူသားတွေအတွက် အမြင့်ပိုင်း အဆင့် ပြိုင်ဘက်ကင်းလမ်းကြောင်းကို ဖုံးကွယ်ထားခဲ့တာလား?
၎င်းမှာ ထိုနယ်မြေအတွင်း၌ တုန်လှုပ်ဖွယ်ကောင်းသည့် လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။
ရှုကျိုးသည် အစစ်အမှန် သိုင်းပညာဌာန ကျဆုံးသွားခဲ့ရခြင်းမှာ ယခင်က ဌာနမှူးနှင့် သက်ဆိုင်သည်ဟု ချင်ဖုန်းထံမှ ကြားသိထားခဲ့ပြီးပြီဖြစ်သည်။
ကြည့်ရတာတော့ အဖြေတွေက အဲ့တားမြစ်နယ်မြေထဲမှာ ရှိနေတဲ့ပုံပဲ။
“ သွေးကြောမှတ် ၁၂၀ ……. “ ရှုကျိုးသည် သူက ထိုအဆင့်သို့ မကြာခင်မှာပင် ရောက်သွားသင့်သည်ဟု တွက်ချက်မိနေခဲ့သည်။
ယခုလက်ရှိ သူ၏အမြန်နှုန်းနှင့်သာဆိုပါက သူသည် သူက တစ်လမပြည့်ခင်အချိန်မှာပင် သွေးကြောမှတ် ၁၂၀ သို့ ရောက်သွားနိုင်သည်ဟု မှန်းဆမိနေခဲ့သည်။
သွေးကြောမှတ် ၁၂၀၊ အရင်ဌာနမှူး၊ အမြင့်ပိုင်း အဆင့်တွေရဲ့ ပြိုင်ဘက်ကင်းလမ်းကြောင်း …………
ရှုကျိုးသည် ပို၍မျှော်လင့်မိနေတော့သည်။
သူ၏စွမ်းအား တိုးတက်လာသည်နှင့်အမျှ ဤကမ္ဘာကြီး၏ အမှန်တရားတို့မှာလည်း သူ့အရှေ့တွင် ပို၍ပေါ်လွင်လာခဲ့မည် ဖြစ်သည်။
သို့ရာ၌ ရှုကျိုးသည် အရေးကြီးသော ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။
“ ဌာနမှူး၊ အရင်က နတ်သိုင်းဌာနထဲမှာ စုန့်ယွင်ဟဲ့ထုတ်ခဲ့တဲ့ အမိန့်က နတ်သိုင်းဌာနက အမြင့်ပိုင်း အရာရှိတွေရဲ့ ဘုံဆုံးဖြတ်ချက် ဖြစ်နေနိုင်လားဗျ? “
ရှုကျိုးသည် ရှန့်ဝမ်ချန်းကို ကြည့်လိုက်သည်။
အဆိုပါမေးခွန်းကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူသည် တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးမှ၊ ခေါင်းခါ၍ ပြောလာခဲ့သည် “ သူ့ကို ထောက်ခံတဲ့ လူတွေ ရှိနေတာပဲ၊ ဒါပင်မဲ့ လူတိုင်းတော့ မဟုတ်ဘူး “
ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့လူတွေက ဒီလောက်တောင် ယုတ်မာကြတာလား? “
ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ နတ်သိုင်းဌာနက ယုတ်မာတာ မဟုတ်ဘူး၊ ဒါပင်မဲ့ အဲ့ကိစ္စနောက်ကွယ်မှာ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်အတွက်ပဲ ရပ်တည်နေတဲ့ လူတစ်ချို့ ရှိနေတယ် “
“ ကိုယ်ပိုင် အကျိုးအမြတ်တွေလား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်။
ရှန့်ဝမ်ချန်းမှ တလေးတနက်ဖြစ်နေသော လေသံမျိုးဖြင့် ပြောပြလာခဲ့သည် “ နတ်သိုင်းဌာနရဲ့ စမှတ်က သားရဲအူတိုင်တွေနဲ့ ကျင့်ကြံရတာလေ၊ နောက်ဆက်တွဲ ကျင့်ကြံရေး လမ်းကြောင်းတွေမှာလည်း ထူးခြားတဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို လိုအပ်တယ် “
“ ဆေးရည်၊ သားရဲအူတိုင် ဒါမှမဟုတ် သွေးအဆီအနှစ်၊ ဘယ်ဟာကိုပဲ သန့်စင်ပါစေ၊ လူသားတွေက အဲ့တာတွေကို မသုံးစွဲခင် အချိန်မှာ ရှုပ်ထွေးတဲ့ သန့်စင်ရေး လုပ်ငန်းစဥ်တွေကို လုပ်ရတယ် “
“ အဲ့တာတွေ အားလုံးကို ထိန်းချုပ်ထားတာက နတ်သိုင်းဌာနရဲ့ တည်ထောင်သူတွေပဲ၊ သူတို့က အတွင်းမြို့တော်တွေက အဲ့ဒီမိသားစုကြီးတွေရဲ့ အဖွဲ့ဝင်တွေပဲ “
“ ကျင့်ကြံရေး အရင်းအမြစ်တွေကို ဖြန့်ချီတာနဲ့ ရောင်းချတာတွေ လုပ်ရတော့၊ သူတို့က နှစ်တိုင်း အမြတ်ကြီးကြီးရကြတာလေ “
“ တကယ်လို့ နတ်သိုင်းဌာနကသာ ကျဆုံးသွားမယ်ဆိုရင်၊ သူတို့ရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို ဘယ်သူ့ကို သွားရောင်းကြမှာလဲ? “
“ အဲ့တာက အဓိက ကိစ္စပဲ “
ရှန့်ဝမ်ချန်းမှ ဆက်ပြောလာခဲ့သည် “ အဲ့ဒီမိသားစုကြီးတွေကလည်း တကယ်လို့ နတ်သိုင်းဌာနက အလုပ်မဖြစ်ဘူးဆိုတာကို သိရင်၊ လူသားမျိုးနွယ်စုအတွက် အဲ့ဒီအကျိုးအမြတ်တွေကို စွန့်လွှတ်ရမယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားကြတယ် “
“ တကယ်လို့ သူတို့က အစစ်အမှန် သိုင်းပညာဌာနဘက်ကို ပြောင်းလဲလာမယ်ဆိုရင်လည်း အကျိုးအမြတ်တွေ ရနေဦးမှာပဲလေ “
“ ဒါပင်မဲ့ လူသားမျိုးနွယ်စုရဲ့ သေခြင်းရှင်ခြင်း အကြပ်အတည်းကို မရင်ဆိုင်ရသေးတာကြောင့် အဲ့လိုမလုပ်ချင်ကြတဲ့ ပန်းသီးပုပ်တစ်ချို့လည်း အမြဲရှိတယ် “
“ စစ်ပွဲအများစုက အသေးစားလေးတွေပဲလေ၊ ဒေသအလိုက်ပဲ ဖြစ်နေကြတာ၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ စစ်ပွဲကြီးကတော့ မဖြစ်တာတော်တော်ကြာနေပြီ “
ရှန့်ဝမ်ချန်းမှ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တစ်ချို့ကောင်တွေက ကမ္ဘာ့ကြယ်နဲ့ ငြိမ်းချမ်းရေး စာချုပ်ချုပ်သင့်တယ်လို့တောင် ပြောနေကြတယ်၊ သူတို့က ကြယ်ပြာဂြိုဟ်နဲ့ ကမ္ဘာ့ကြယ်တို့ကြားက ရန်လိုမှုတွေကို ရပ်တန့်ပြီးတော့၊ အဲ့ဒီငြိမ်းချမ်းရေးကပဲ ရေရှည်အတွက် ကောင်းမဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ယုံနေကြတယ် “
“ သူတို့က သူတို့ရဲ့ အကျိုးအမြတ်တွေအတွက် ခေါင်းမာနေကြတာ၊ တကယ်လို့ မင်းကသူတို့ကို လွှတ်ချဖို့ပြောလိုက်မယ်ဆိုရင်၊ သူတို့တွေက လူသားမျိုးနွယ်တစ်ခုလုံးကိုတောင် ဖျက်စီးလာနိုင်တယ် “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ အဲ့လူတွေက အမှောင်သိုင်းပညာရှင်တွေလိုပဲလား? “
“ တကယ်ပဲ၊ ဘာမှ သိပ်မကွာခြားဘူး “ ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဒါပင်မဲ့ အမှောင်သိုင်းပညာရှင်တွေက ပိုပြီးတော့ ကြမ်းတမ်းရက်စက်တယ်၊ လနတ်ဘုရားဂိုဏ်းလိုပေါ့၊ သူတို့က ကြယ်ပြာဂြိုဟ်က သူတို့ရဲ့ အိမ်မဟုတ်ဘဲ၊ ကမ္ဘာ့ကြယ်ကမှ သူတို့ရဲ့ နေရာလို့ ထင်နေကြတာ “
“ ပြီးတော့ သူတို့က လူတိုင်းက သေဆုံးသွားပြီးတဲ့နောက်မှာ ကမ္ဘာ့ကြယ်ကို ရောက်သွားတယ်လို့ ယုံကြည်နေကြတယ်၊ အဲ့တာကြောင့် သူတို့က ကမ္ဘာ့ကြယ်ကို ထိတွေ့လို့မရနိုင်တဲ့ နတ်ပစ္စည်းတစ်ခုအနေနဲ့ ရိုသေလေးစားနေကြတာပဲ “
ရှန့်ဝမ်ချန်းမှ အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ အဲ့လူတွေက ကမ္ဘာ့ကြယ်ကို ရောက်သွားတာနဲ့ ဆုံးမခံရလိမ့်မယ် “
ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါနေတော့သည်။
ယနေ့တွင် ဌာနမှူးပါးစပ်မှ ထွက်ကျလာခဲ့သည့် စကားလုံးများသည် သူ၏လောကအမြင်ကို ပြောင်းလဲသွားစေခဲ့သည်။
သူသည် နတ်သိုင်းဌာန၏နောက်ကွယ်တွင် အတွင်းမြို့တော်မှ မိသားစုကြီးများ ရှိနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
၎င်းတို့ထဲမှ တစ်ချို့သည် ကမ္ဘာ့ကြယ်နှင့် စာချုပ်ချုပ်ရန်အတွက်ပင် တွေးတောမှန်းဆနေကြလေသည်။
လနတ်ဘုရားဂိုဏ်းအတွက်ကမူ များစွာ ပြောနေရင်ပင် မလိုချေ၊ ထိုလူများသည် ဦးနှောက်ပျက်နေသည့်လူများသာ ဖြစ်သည်။
သို့သော် ကမ္ဘာကြီးတွင် လူပေါင်းစုံနှင့် အတွေးပေါင်းစုံ ရှိနေသောကြောင့် ထိုကဲ့သို့သော ကိစ္စများ ဖြစ်ပေါ်လာရသည်မှာ ပုံမှန်ပင်ဖြစ်သည်။
“ ဒီနေ့မှာ ဒီအကြောင်းတွေကို ပြောပြခဲ့ရတဲ့ အကြောင်းအရင်းက “ ရှန့်ဝမ်ချန်းမှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ နတ်သိုင်းဌာနက လူတိုင်းက မင်းရဲ့ ရန်သူမဟုတ်ဘူးဆိုတာနဲ့၊ နတ်သိုင်းဌာနက လူအားလုံးက လူကောင်းမဟုတ်ဘူးဆိုတာကို မင်းကို သိစေချင်လို့ပဲ “
“ နတ်သိုင်းဌာနမှာ ပန်းသီးပုပ်တွေ တကယ်ရှိနေတယ် “
“ ဒါပင်မဲ့ စိတ်ချထားလိုက်လို့ရတယ်၊ ကွမ်ဟန် တက္ကသိုလ်ထဲမှာ မင်းကို ဘယ်သူမှ မထိရဲဘူး “
“ စုန့်ယွင်ဟဲ့ကတောင် မင်းကို ပေါ်ပေါ်တင်တင် မထိရဲဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
ယခင်က နတ်သိုင်းဌာနထဲတွင် စုန့်ယွင်ဟဲ့ ဝင်ပါလာခဲ့သော်လည်း၊ သူ့အား ဖိအားပေးရုံသာ လုပ်နိုင်ခဲ့ပြီး၊ ပေါ်ပေါ်တင်တင် မထိရဲခဲ့ပေ။
ဆဌမအဆင့် ပညာရှင်တစ်ဦး၊ အကယ်၍ သူကသာ ပထမအဆင့်မှ လူတစ်ဦးကို တိုက်ခိုက်ချင်မည်ဆိုပါက အသက်ရှုကြိမ်တစ်ကြိမ်မျှသာ အချိန်ယူရမည် ဖြစ်သည်။
ရှန့်ဝမ်ချန်းသည် ရှုကျိုး၏ ပခုံးကို ပုတ်လာခဲ့သည် “ မင်းက အဲ့ကိစ္စတွေကို စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး၊ ကျင့်ကြံရေးကို အာရုံစိုက်ထား။ တကယ်လို့ မရှင်းတာတွေ ရှိတယ်ဆိုရင် ငါ့ဆီကိုသာ လာခဲ့။ ငါ့ကို မင်းရဲ့ ဆရာဘိုးဘိုးအဖြစ် သတ်မှတ်လို့ရတယ် “
ရှုကျိုးမှ ချက်ချင်း အရိုအသေပေးလိုက်သည် “ ဆရာဘိုးဘိုး “
ရှန့်ဝမ်ချန်းသည် အူလှိုက်သည်းလိုက် ရယ်မောကာ စကားဆက်ပြောလာခဲ့သည် “ ပြန်တော့၊ ပြိုင်ပွဲအတွက် ပြင်ဆင်တာတွေမှာ အာရုံစိုက်ထားပါ။ မင်းကသာ နောက်နှစ်လအကြာမှာ လုပ်မဲ့ပြိုင်ပွဲမှာ အနိုင်ရနေသရွေ့တော့ နတ်သိုင်းဌာနက ပန်းသီးပုပ်တွေက မင်းကို ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး “
“ အဲ့အချိန်ကျရင် တစ်နိုင်ငံလုံးက အကောင်းဆုံး ကျင့်ကြံရေး အရင်းအမြစ်တွေက ငါတို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနဆီကို ရောက်လာလိမ့်မယ် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ရှန့်ဝမ်ချန်းကို နှုတ်ဆက်ကာ လှည့်ထွက်သွားတော့သည်။
…
တီ !!
ရှုကျိုးမှ စံအိမ်သို့ ပြန်ရောက်လာခဲ့သော အချိန်တွင် သူ၏ဖုန်းမှ အချက်ပေးသံတစ်ခု အော်မြည်လာခဲ့သည်။
သူသည် ဖုန်းကို ထုတ်ကြည့်လိုက်ရာ အကျိုးပြုအမှတ် ၁၀၀၀လွှဲပြောင်းပေးသည့် စာရောက်လာခြင်းဖြစ်ကြောင်းကို မြင်တွေ့သွားခဲ့သည်။
“ ဟမ်? “ ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့သည် “ လီရို့ရှီက ဒါကို လွှဲပေးခဲ့တာလား? “
မကြာခင်မှာပင် သူသည် ၎င်းက နတ်သိုင်းဌာနမှ ပါရမီရှင်များကို အနိုင်ယူခဲ့သည့်အတွက် အစစ်အမှန် သိုင်းပညာဌာနမှ ပေးလာခဲ့သည့် ဆုကြေးများ ဖြစ်နေနိုင်သည်ဟု နားလည်သွားခဲ့သည်။
၎င်းမှာ လီရို့ရှိထံမှ မဟုတ်ဘဲ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှ လွှဲပြောင်းပေးအပ်လာခဲ့ခြင်းဖြစ်သည်။
ကွမ်ဟန် သိုင်းပညာတက္ကသိုလ်သည် ဌာနများကြားမှ ပြိုင်ဆိုင်မှုများကို အမြဲလိုလို အားပေးထောက်ခံခဲ့ပြီး၊ မည်သို့မျှ မကန့်ကွက်ခဲ့ပေ။
………………………………………………………………………………………………………………………………………
အပိုင်း ( 228 )
ဒုတိယအဆင့်ကို တိုက်ခိုက်ခြင်း၊ ဗိုလ်ကျကြီးစိုးလွန်းသော T-Rexကြီး !! ၃
တစ်ခြားသော ဌာနများမှ ပါရမီရှင်များကို အနိုင်ယူနိုင်နေသရွေ့ အကျိုးပြုအမှတ် ၁၀၀ရရှိမည်ဖြစ်သည်။
ရှုကျိုးသည် ၁၀ဦးကို တစ်ဆက်တည်း အနိုင်ယူခဲ့သောကြောင့် အကျိုးပြုအမှတ် ၁၀၀၀ရရှိခဲ့လေသည်။
“ ဒါပင်မဲ့ အခုလက်ရှိ အချိန်မှာတော့ ငါ့ဆီမှာ အကျိုးပြုအမှတ်တွေ တကယ်ပေါနေတာပဲ “
ရှုကျိုးသည် အပြုံးဖြင့် ခေါင်းခါရမ်းနေတော့သည်၊ ယခုလက်ရှိ အချိန်တွင် သူသည် ငွေကိစ္စကို လုံးဝစိတ်မဝင်စားပေ။
သူ့ထံတွင် အမှတ်ပေါင်း ထောင်နှင့်ချီ၍ ကျန်ရှိနေစဲဖြစ်သည်။
“ နောက်ဆုံးတစ်ခေါက်တုန်းက ငါဝယ်ခဲ့တဲ့ ဉာဏ်အလင်းဆေး အလုံး၅၀၀က မကုန်သေးဘူး၊ ဆက်ပြီးတော့ လေ့ကျင့်ရမယ် “ ရှုကျိုးသည် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
သူသည် သွေးကြောမှတ် ၁၂၀ကို တတ်နိုင်သမျှ အမြန်ဆုံး ရှာဖွေချင်နေပြီး၊ ထို့နောက်တွင် မည်သည့်ဖြစ်ရပ်များ ဖြစ်ပေါ်လာမလဲဆိုသည်ကို မြင်တွေ့ချင်နေလျက်ရှိသည်။
ထို့အပြင် ယခင်ဌာနမှူး၏ လမ်းကြောင်းကလည်း မည်ကဲ့သို့ဖြစ်နေမလဲဆိုသည်ကို မြင်တွေ့ချင်နေသည်။
သူ့အတွက်ကား သွေးကြောမှတ် ၁၂၀ဖွင့်လှစ်ခြင်းသည် ဒုတိယအဆင့်သို့ တက်လှမ်းသွားခြင်းကို ဆိုလိုနေခြင်းဖြစ်သည်။
ဒုတိယအဆင့်သို့ ရောက်မှသာလျှင် ဤကမ္ဘာကြီးနှင့် ထိတွေ့ဆက်ဆံနိုင်မည်ဖြစ်ပြီး၊ ၎င်း၏ လျှို့ဝှက်ချက်များကိုပါ မြင်တွေ့လာရမည်ဖြစ်သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ တိတ်တဆိတ် ကျင့်ကြံနေတော့သည်။
…
ထိုအချိန် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေ၌
၁၀မီတာကျော် ရှည်လျားကာ အလေးချိန် ၄၈၀၀ ကီလိုဂရမ်ကျော်သည့် ရွှေတောင်ပံ T-Rexကြီးသည် တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။
၎င်း၏ ခန္ဓာကိုယ်သည် တောင်အသေးစားလေးတစ်ခုနှင့် တူညီနေခဲ့ပြီး၊ သံမဏိကဲ့သို့ ရွှေရောင်အရေခွံကို ခြုံထားပြီး၊ နေရောင်အောက်တွင် တော်ဝင်ဆန်ကာ ကြီးကျယ်ခမ်းနားသည့် ပုံရိပ်တစ်ခုကို ဖန်တီးနေခဲ့သည်။
T-Rexကြီးသည် တိတ်တဆိတ် မတ်တပ်ရပ်နေခဲ့ကာ ၎င်း၏ဦးခေါင်းကို အနည်းငယ် ငုံ့လိုက်ပြီး၊ ဘုရင်တစ်ပါးမှ သူ၏ပိုင်နက်များကို ကြည့်ရှုနေသကဲ့သို့ အောက်ဘက်ရှိ မြေပြင်ကို ကြည့်ရှုနေလျက်ရှိသည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အပြင်ပိုင်းနယ်မြေရဲ့ ၉၀%ကို ငါရှင်းထားခဲ့ပြီးပြီ “
ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ အပြင်ပိုင်းနယ်မြေထဲမှာ ထူးဆန်းတဲ့ သားရဲတွေ ထပ်ပြီးတော့ မရှိသင့်တော့ဘူး “
“ အတွင်းပိုင်းနယ်မြေထဲကို ပြန်သွားကြည့်ဖို့ အချိန်တန်ပြီ “
ရွှေတောင်ပံ T-Rexကြီး၏ ကြီးမားသော မျက်လုံးကြီးများထဲတွင် မျှော်လင့်မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။
အပြင်ပိုင်းနယ်မြေထဲတွင် နေနေခဲ့ရသည့် ဤရက်ပိုင်းအတွင်းတွင် သူသည် ပထမအဆင့်သားရဲများကိုသာ နေ့စဥ်နှင့်အမျှ စားသုံးနေခဲ့ရသောကြောင့် တစ်ခြား အသားတို့၏ အရသာများကိုပင် မေ့လျော့နေခဲ့ပြီဖြစ်သည်။
ယခုလက်ရှိ အချိန်၌ သူသည် တတိယအဆင့် သားရဲတို့၏ အသားများကို စားသောက်ခဲ့ရသည့် နေ့ရက်များကို လွမ်းဆွတ်တမ်းတနေလျက်ရှိသည်။
သို့ရာတွင် သူသည် တတိယအဆင့် သားရဲများကို မကိုင်တွယ်နိုင်သေးပေ။
သို့သော် ယခုလက်ရှိ အချိန်၌ သူသည် ဒုတိယအဆင့်သားရဲများကို စိန်ခေါ်ရန် ကြိုးစားကြည့်နေနိုင်ပြီဖြစ်သည်။
“ ဝေါင်းးး ~! “
ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခုသည် အဝေးမှ ပေါ်ထွက်လာခဲ့သည်။
“ ဟမ်? “
ရွှေတောင်ပံ T-Rexကြီးမှ ၎င်း၏ဦးခေါင်းကို မော့ကြည့်လိုက်ပြီး၊ ၎င်း၏မျက်လုံးများထဲတွင် စူးစမ်းလိုသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်၊ သူကြုံတွေ့ခဲ့ရသည့် သားရဲတိုင်းသည် သူ၏အရှိန်အဝါဖြင့်ပင် သူ့ကို ကြောက်လန့်သွားလေ့ရှိသည်။
အခု ဘယ်အရူးကောင်က ငါ့ရဲ့ပိုင်နက်ထဲမှာ အာကျယ်အာကျယ် လုပ်ရဲနေတာလဲ?
ဒီကောင်က အသက်မရှင်တော့ဘူးလား?
ထိုအချိန်၌ ရွှေတောင်ပံ T-Rexကြီးသည် တစ်စုံတစ်ခုကို အာရုံခံမိသွားကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ အဲ့တာများလား? “
ခရက်ရှ် !!
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေနက်ရောင် ပုံရိပ်တစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားတော့သည်။
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ တောင်ပံများကို အရူးအမူး ခတ်နေပြီး၊ ထိုအရပ်သို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
သူ၏ အဆင့်က မြင့်တက်လာမှုနှင့်အတူ သူ၏ ယခုလက်ရှိ အမြန်နှုန်းသည် အတော်လေး မြန်ဆန်နေခဲ့ပြီဖြစ်ပြီး၊ အင်ပြည့်အားဖြည့် အသုံးပြုမည်ဆိုပါက အသံထပ်ပင် နှစ်ဆတိတိ မြန်နေခဲ့ပြီဖြစ်သည်။
မိနစ်ဝက်မျှ ကြာခဲ့ပြီးသည့်နောက်၌
ရွှေတောင်ပံ T-Rexကြီးသည် လေထဲတွင် ဝဲပျံနေခဲ့ပြီး၊ အောက်ဘက်သို့ တအံ့တဩဖြင့် ကြည့်နေခဲ့သည်။
အောက်ဘက်၌ ကြီးမားသော ရွှေရောင်ခြသေ့်ကြီးတစ်ကောင်ရှိနေခဲ့ပြီး၊ ၎င်းသည် သူအား အစွယ်တမြှားမြှားဖြင့် ကြည့်နေလျက်ရှိသည်။
အဆိုပါ ခြသေ့်သည် အတော်ကြီး အထင်ကြီးဖွယ်ကောင်းနေခဲ့ပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်တွင် လောင်ကျွမ်းနေသည့် မိးတောက်ကဲ့သို့သော အမွှေးများ ရှိနေခဲ့ပြီး၊ ပထမအဆင့်နယ်ပယ်ထပ် သာလွန်သည့် အရှိန်အဝါတစ်ခုကို ထုတ်လွှင့်နေခဲ့သည်။
ဒုတိယအဆင့် ဗီဇပြောင်းသားရဲ !!
သို့သော် ရှုကျိုးကို အံ့ဩသွားစေခဲ့သည့် အရာမှာ ထိုအရာ မဟုတ်ပေ။
သူသည် အဆိုပါ ရွှေခြသေ့်ကြီးကို မှတ်မိနေခဲ့သည်။
“ လီရို့ရှီနဲ့ ငါက နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲကို ဝင်ခဲ့တဲ့ အချိန်တုန်းက ဒီကောင့်ကြောင့်ပဲ ကုန်းမြင့်နယ်မြေထဲမှာ တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့ရတာ “
အဆိုပါ ဖြစ်ရပ်ကြောင့်ပင် သူသည် နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲသို့ မတော်တဆ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။
ထို့နောက်တွင် စိတ်ဒုက္ခအပြည့်ဖြင့် ကျန်ရှိသော နေ့ရက်များကို ဖြတ်သန်းခဲ့ရလေသည်။
လုံခြုံဘေးကင်းသည်ဟု ယူဆ၍ရသော်လည်း အကယ်၍ အဆိုပါခြသေ့်ကြောင့်သာ မဟုတ်ဘူးဆိုပါက မည်သည့်ဖြစ်ရပ်မျှ ဖြစ်ပေါ်လာခဲ့လိမ့်မည် မဟုတ်ပေ။
၎င်းအား သူ၏ဂြိုဟ်ဆိုးဟု သတ်မှတ်နိုင်ပေသည်။
သို့သော် ရှုကျိုးသည် ကျေးဇူးတင်စိတ်အား အနည်းငယ် ဖော်ပြသင့်ပေသည်။
အဆိုပါ ခြသေ့်ကြောင်းသာ မဟုတ်ဘူးဆိုပါက၊ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ ကံကောင်းသော ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရလိမ့်မည် မဟုတ်သကဲ့သို့၊ တတိယအဆင့် သားရဲကြီးနှစ်ကောင်၏ အသားများကိုလည်း စားသုံးခဲ့ရလိမ့်မည် မဟုတ်ချေ။
တိတိကျကျပြောရမည်ဆိုပါက အဆိုပါ သားရဲနှစ်ကောင်၏ အသားများကြောင့် သူသည် ယခုလက်ရှိ အခြေအနေအထိ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
“ ဝေါင်းးးး “
ရှုကျိုးက အတွေးများထဲတွင် နစ်မြုပ်နေသည့် အချိန်တွင် ရွှေခြသေ့်ကြီးမှ ဒေါသတကြီး ဟိန်းဟောက်လာခဲ့သည်။
ဂုဏ်သိက္ခာကြီးမားသည့် ဒုတိယအဆင့် သားရဲတစ်ကောင်အနေဖြင့် ၎င်းသည် ရှုကျိုး၏ မထီမဲ့မြင် ပြုနေသော အကြည့်မျိုးကို သည်းမခံနိုင်ပေ။
၎င်းသည် ရွှေရောင်လျှပ်စီးတန်းကဲ့သို့ ချက်ချင်း ခုန်တက်လာခဲ့ပြီး၊ ရွှေတောင်ပံ T-Rexကြီးထံသို့ ဦးတည်လာခဲ့သည်။
“ ဝှစ် “
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏တောင်ပံများကို ခတ်ကာ အလွယ်တကူ ရှောင်ရှားလိုက်သည်။
ဟိုအရင်အချိန်ကသာဆိုပါက ရွှေခြသေ့်ကြီး၏ ပေါ့ပေါ့ပါးပါး တိုက်ခိုက်မှုတစ်ခုကပင် အားပါကြမ်းတမ်းကာ ရှောင်ရှား၍ မရခဲ့ပေ။
သို့သော် ယခုလက်ရှိ ရွှေတောင်ပံ T-Rexကြီးအတွက်မူ ၎င်းက အနည်းငယ် မသေမနပ်ဖြစ်နေသည့်ပုံပင်။
“ ဝေါင်း ~~! “
၎င်း၏ တိုက်ခိုက်မှုက လွဲချော်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ရွှေခြသေ့်ကြီးသည် ဒေါသတကြီး ဟိန်းဟောက်လာခဲ့ပြီး၊ ထပ်မံ၍ ခုန်တက်လာခဲ့ရာ ရှုကျိုးကို လက်သည်းဖြင့် ကုတ်ချလာခဲ့သည်။
“ ဝှစ် “
ရွှေတောင်ပံ T-Rexကြီးသည် ထပ်မံ၍ ရှောင်တိမ်းလိုက်သည်။
ရွှေရောင်ခြသေ့်ကြီးသည် ဒေါသပိုထွက်သွားပြီး၊ ဆက်တိုက် ခုန်တက်လာခဲ့ကာ ရွှေတောင်ပံ T-Rexကြီးကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့သည်။
သို့သော် ကံဆိုးစွာဖြင့် ရွှေတောင်ပံ T-Rexကြီး၏ အမြန်နှုန်းသည် သူ့ထပ်များစွာ သာလွန်နေခဲ့သည်။
ထို့အပြင် ရွှေတောင်ပံ T-Rexကြီးသည် အမြင့်ပိုင်းတွင် ပျံသန်းနေနိုင်ပြီး၊ ရွှေရောင်ခြသေ့်ကြီးကမူ မြေပြင်ပေါ်မှ ခုန်တက်ရုံသာ ပြုလုပ်နေနိုင်ခဲ့သည်၊ ထို့ကြောင့် ၎င်းကမည်မျှပင် ကြိုးစားနေပါစေ၊ ရွှေတောင်ပံ T-Rexကြီးကို ထိခိုက်ဒဏ်ရာရရှိသွားအောင် မလုပ်နိုင်ခဲ့ပေ။
“ ဝေါင်းးး ~~~ ဝေါင်းးး!!! “
ရွှေရောင်ခြသေ့်ကြီးသည် အရူးအမူး ဟိန်းဟောက်လာခဲ့သည်။
၎င်းသည် ပြိုင်ဘက်က သူ့အား ကစားနေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးမှာ အဝေးသို့ အလွယ်တကူ ပျံသန်းသွားနိုင်သည်၊ သို့သော် ၎င်းသည် ဤနေရာတွင်သာ တဝဲဝဲလည်လည် ဖြစ်နေခဲ့သည်။
ဒုတိယအဆင့် သားရဲတစ်ကောင်ဖြစ်သည့် ရွှေရောင်ခြသေ့်ကြီးမှာ ထိုကဲ့သို့သော အရှက်ခွဲမှုမျိုးကို သည်းခံနိုင်လိမ့်မည် မဟုတ်ပေ။
“ ဝေါင်းးး “
ရွှေရောင်ခြသေ့်ကြီးမှ ဒေါကြီးမောကြီးဖြင့် ဟိန်းဟောက်လာခဲ့သည်။
၎င်းမှာ ရွှေတောင်ပံ T-Rexကြီးအား မင်းက ရှောင်ပဲရှောင်တတ်တာလားဟု မေးခွန်းထုတ်နေသည့်ပုံပင်။
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ဆိုလိုရင်းကို နားလည်နေသည့်ပုံပင်။
“ ဝှစ် “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် အောက်သို့ ထိုးဆင်းလာခဲ့သည်။
“ ဘမ်းးး !! “
၎င်း၏ ကြီးမား၊ ရှည်လျားသော ရွှေနက်ရောင်တောင်ပံများဖြင့် ပြိုင်ဘက်၏ ဦးခေါင်းကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ရွှေရောင်ခြသေ့်ကြီး၏ ဦးခေါင်းကွဲသွားကာ သွေးများ စီးကျလာခဲ့သည်။
“ အူးးးဝူးးး “
ရွှေရောင်ခြသေ့်ကြီးသည် ဒေါသတကြီး ညီးညူလာခဲ့ပြီး၊ ထပ်မံ၍ ခုန်တက်လာခဲ့ကာ တန်ပြန်တိုက်ခိုက်ရန် ကြံရွယ်လာခဲ့သည်၊ သို့သော် ၎င်း၏ ပျံနိုင်စွမ်းကင်းမဲ့မှုကြောင့် ၎င်းသည် ရွှေတောင်ပံ T-Rexကြီးကို မည်သို့မျှ မထိနိုင်ခဲ့ပေ။
………………………………………………………………………………………………………………………….