အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အပိုင်း ( 229 )
ဒုတိယအဆင့်ကို တိုက်ခိုက်ခြင်း၊ ဗိုလ်ကျကြီးစိုးလွန်းသော T-Rexကြီး !! ၄
T-Rexကြီးသည် လေထဲသို့ ထပ်မံ၍ ပျံတက်သွားခဲ့ပြီး၊ ၎င်း၏ကြီးမားသော မျက်လုံးကြီးများထဲတွင် လေးနက်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။
“ ဒုတိယအဆင့်သားရဲကောင်ဆိုတဲ့အတိုင်းပဲ၊ အရေပြားက တော်တော်ကြီးကို ထူနေတယ် “
ရှုကျိုးသည် တစ်ကိုယ်တည်း တီးတိုးပြောနေတော့သည် “ တကယ်လို့ အဲ့တာကသာ ပထမအဆင့် အဆင့်၉သားရဲကောင် ဖြစ်နေမယ်ဆိုရင် ငါ့ရဲ့ တိုက်ခိုက်မှုကြောင့် ကိုယ်တစ်ခြမ်းပြတ်သွားလောက်ပြီ “
သို့သော် ရွှေရောင်ခြသေ့်ကြီးအတွက်ကား ဒဏ်ရာတစ်ခုသာသာမျှ ဖြစ်နေခဲ့သည်။
“ ကောင်းတယ်၊ အခုလက်ရှိငါက ဒုတိယအဆင့်တွေနဲ့ ပြိုင်လို့ရပြီလားဆိုတာကို သိရဖို့အတွက် မင်းကို အသုံးချလို့ရပြီ “
ရွှေတောင်ပံ T-Rexကြီး၏ ကြီးမားသော မျက်လုံးကြီးများထဲတွင် တိုက်ခိုက်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။
“ ဆွစ်ရှ် !! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် T-Rexကြီးသည် ကောင်းကင်ယံသို့ ရုတ်တရက် ပြေးတက်သွားခဲ့သည်။
တတိယအကြိမ်မြောက် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ပြီးဆုံးခဲ့ပြီးသည့်နောက်တွင် T-Rexကြီးသည် ပျံသန်းနိုင်သည့် သားရဲတစ်ကောင်ကဲ့သို့သော စွမ်းရည်တစ်မျိုးကို ပိုင်ဆိုင်ထားခဲ့သည်။
ခုန်ဆင်းခြင်း !!!
ကောင်းကင်ပေါ်မှ ထိုးဆင်းလာသည့် အချိန်တွင် ၎င်း၏ အဖျက်အစီးစွမ်းအားသည် ၂၀၀%မှ အမြင့်ဆုံးအနေဖြင့် ၅၀၀%ထိ တိုးမြင့်သွားမည်ဖြစ်ကာ ရန်သူကို ပို၍အထိနာသွားစေမည်ဖြစ်သည်၊ ခုန်ချသည့်အမြင့်က ပိုမြင့်လေလေ အဖျက်စွမ်းအား ပိုကြီးလေလေဖြစ်သည်။
မီတာ ၃၀၀၊ မီတာ ၅၀၀၊ မီတာ ၁၀၀၀၊ မီတာ ၃၀၀၀၊ မီတာ ၅၀၀၀
ဆွစ်ရှ် !!
ဒုံးကျည်တစ်စင်းကဲ့သို့ပင် ရွှေတောင်ပံ T-Rexကြီးသည် မီတာ ၅၀၀၀အမြင့်မှ ခုန်ဆင်းလာခဲ့ပြီး၊ ၎င်း၏ အမြန်နှုန်းသည် ပိုပို၍ မြန်ဆန်လာခဲ့သည်။
“ ဝေါင်းးး “
၎င်းသည် ကမ္ဘာမြေခါရမ်းသွားစေနိုင်သည့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်ကာ တောင်ပံများကို ခေါက်ထားကာ အောက်သို့ ထိုးဆင်းလာခဲ့သည်။
ဝုန်းးး !!
T-Rexကြီးသည် ရွှေရောင်ခြသေ့်ကြီးနဲ့ တိုက်မိသွားပြီး၊ ကြီးမားသာ ထရပ်ကားကြီးနှစ်စီး တိုက်မိသွားသကဲ့သို့ ကျယ်လောင်သော အသံတစ်သံကို ထုတ်လွှင့်လာခဲ့သည်။
ထပ် !!
ချက်ချင်းဆိုသလိုပင် ရွှေရောင်ခြသေ့်ကြီး၏ နဖူးချိုင့်ဝင်သွားခဲ့ကာ သွေးများ စီးကျလာခဲ့သည်။
“ အူးးဝူးးး “ ၎င်းသည် ချက်ချင်းဆိုသလိုပင် ညီးတွားလာခဲ့ပြီး၊ ၎င်း၏ မျက်လုံးများထဲတွင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်နေခဲ့သည်။
ပထမအဆင့် သားရဲသေးသေးလေးဆီမှာ ဒီလို အဖျက်စွမ်းအားမျိုး ဘယ်လိုလုပ်ရှိနေရတာလဲ?
ဒီရွှေနက်ရောင်ငှက်ကလေးက နတ်သားရဲရဲ့ မျိုးဆက်များလား?
“ ဝေါင်းးး “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်ခြသေ့်သည် ၎င်း၏ လက်ဝါးဖြင့် ရှုကျိုးကို တိုက်ခိုက်လာခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးသည် ၎င်းကို မရှောင်ဘဲ၊ တောင်ပံများဖြင့် တန်ပြန်တိုက်စစ်ဆင်လိုက်သည်။
“ ဝှစ်!! “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေရောင်ခြသေ့်ကြီးသည် နောက်မလှည့်ကြည့်ဘဲ တစ်ချိုးတည်း လှည့်ပြေးသွားတော့လေသည်။
ရှုကျိုး မှင်သက်သွားရတော့သည်။
သူသည် တစ်ချိန်က ဘုရင်တစ်ပါးကဲ့သို့ ဖြစ်ခဲ့သော သားရဲကောင်ကြီးက အမှန်တကယ်ထွက်ပြေးသွားလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။
ငါက ပထမအဆင့်ပဲ ရှိသေးတာလေ၊ သူက ဒုတိယအဆင့်မှာလေ ဘုရင်ကြီးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ သတ္တိတွေက ဘယ်မြောင်းထဲရောက်သွားတာလဲဟ?
“ ဝုန်းးး “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် အရှေ့သို့ ပြေးတက်ကာ ရွှေရောင်ခြသေ့်ကြီး၏နောက်သို့ လိုက်နေတော့သည်။
၎င်းက တိုက်ခိုက်ရန် ငြင်းဆန်ခဲ့ပြီးပြီဖြစ်သောကြောင့် ၎င်းအား သတ်ဖြတ်ရတော့မည် ဖြစ်သည်။
ဝှစ် !!
ရွှေတောင်ပံ T-Rexကြီးသည် အလွန်အမင်း မြန်ဆန်လွန်းနေခဲ့ပြီး၊ ရွှေရောင်ခြသေ့်ကြီးကို ထပ်မံ၍ လိုက်မှီသွားခဲ့သည်။
၎င်း၏ ခြေသည်းကုတ်ချက်သည် ကီလိုဂရမ် ၁သိန်းရှိသည့် ခွန်အားကို သယ်ဆောင်ထားပြီး၊ ခြသေ့်ကြီးပေါ်သို့ ကျရောက်သွားခဲ့သည်။
“ အူးးဝူးးး “
ရွှေရောင်ခြသေ့်ကြီးသည် ကျယ်လောင်စွာ ညီးညူလာခဲ့ပြီး မြေပြင်ပေါ်သို့ လိမ့်ကျသွားခဲ့သည်၊ ၎င်း၏ ကျောဘက်၌ ကြီးမားသော ဒဏ်ရာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဗီဇပြောင်းသားရဲများကြားရှိ တိုက်ပွဲများတွင် အဆိုးဆုံးအရာမှာ မတိုက်ခိုက်ရသေးခင်အချိန်မှာပင် သတ္တိဆုံးရှုံးသွားခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် ရလဒ်ကို ပြောင်းပြန်လှန်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်သည်။
ရွှေရောင်ခြသေ့်ကြီးသည် ရှုကျိုးထံတွင် နတ်သားရဲ သွေးမျိုးဆက် ရှိနေသည်ဟု ယုံကြည်သွားခဲ့သည်၊ ထို့ကြောင့်သာလျှင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ဖြစ်သွားသည့် အချိန်မှာပင် ၎င်း၏ ကံကြမ္မာက ဆုံးဖြတ်ပြီးသားဖြစ်သွားခဲ့ပြီဖြစ်သည်။
…
မိနစ် ၄၀ကြာခဲ့ပြီးသည့်နောက်၌
“ ခရော “
ရွှေတောင်ပံ T-Rexကြီးသည် ရွှေခြသေ့်၏ လည်တိုင်ကို ကိုက်ခဲထားပြီး၊ ၎င်း၏ မောပန်းနွမ်းနယ်နေသည့် မျက်လုံးများမှာလည်း တလက်လက် တောက်ပနေလျက်ရှိသည်။
“ နောက်ဆုံးတော့ ပြီးသွားခဲ့ပြီပဲ၊ ဒီဒုတိယအဆင့်သားရဲရဲ့ အသက်ဓာတ်က တော်တော်ကြီးကို အားကောင်းတာပဲ “
သူသည် အသာစီးရထားခဲ့သော်လည်း အဆိုပါ ခြသေ့်ကို အပြီးအပြတ်ဖြေရှင်းရန်အတွက် မိနစ်၄၀အထိ အချိန်ယူခဲ့ရလေသည်။
ရွှေတောင်ပံ T-Rexကြီးသည် မြေပြင်ပေါ်မှ ထရပ်လာခဲ့သည်။
“ အနည်းဆုံးတော့ ငါက ဒုတိယအဆင့် ဗီဇပြောင်းသားရဲတစ်ကောင်ကို ကိုယ်တိုင် ကိုင်တွယ်နိုင်ခဲ့ပြီပဲ “
T-Rexကြီး၏ မျက်လုံးကြီးများထဲတွင် စူးရှရှ အလင်းတန်းများ ဖြတ်သန်းသွားခဲ့သည်။
ဤတိုက်ပွဲသည် ၎င်း၏ လုပ်နိုင်စွမ်းနှင့် ၎င်းက ဒုတိယအဆင့် သားရဲများကျိုပါ သတ်ဖြတ်နိုင်ပြီဖြစ်ကြောင်း သက်သေပြခဲ့လေသည်။
“ နတ်ဆိုးတစ်ထောင် လှိုဏ်ဂူရဲ့ အတွင်းပိုင်းနယ်မြေထဲကို ပြန်ဝင်ဖို့ အချိန်ကျပြီ “
ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ဦးခေါင်းကို ပြန်လှည့်ကာ ရွှေရောင်ခြသေ့်ကြီးရှိရာ အလောင်းဆီသို့ လမ်းလျှောက်လာခဲ့သည်။
အတွင်းပိုင်းနယ်မြေထဲသို့ မသွားခင်အချိန်တွင် ဤကောင်ကြီးကို အပြည့်အဝ စားသောက်သွားရမည် ဖြစ်သည်။
ရှုကျိုးသည် ဤကောင်ကြီး၏ အသားများက သူ့အား ဒုတိယအဆင့်သို့ ရောက်ရှိသွားစေသည်အထိ လုံလောက်နေမည်ဟု မှန်းဆမိနေခဲ့သည်။
…
ဤရက်များအတွင်း၌ ရှုကျိုးသည် ရှည်လျားပြီး ပျင်းရိဖွယ်ကောင်းသည့် သူ၏လေ့ကျင့်ရေး ခရီးကို တစ်ဖန်ပြန်၍ စတင်နေခဲ့ပြန်သည်။
သို့သော် အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ရှုကျိုး စိတ်ထဲရှိ မျှော်လင့်ချက်မှာ ပို၍ကြီးထွား အားကောင်းလာခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ကိုယ်ပွား၏ အဆက်မပြတ် ကြီးထွားလာမှုနှင့်အတူ ၎င်း၏ ခန္ဓာကိုယ် အလေးချိန်က ကီလိုဂရမ် ၅၀၀၀နားသို့ ရောက်ရှိလာသောကြောင့် ဖြစ်သည်။
နောက်ထပ် ဆင့်ကဲပြောင်းလဲမှုမှာ နီးကပ်နေခဲ့ပြီဖြစ်သည် !!
၄၈၄၈.၅၊ ၄၈၇၈.၅ ၄၉၀၈.၅ …..
မျက်စိတစ်မှိတ်အတွင်းမှာပင် ခြောက်ရက်တာ ကုန်ဆုံးသွားခဲ့သည်။
“ ဆွစ်ရှ် !! “
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူထဲရှိ ရွှေတောင်ပံ T-Rexကြီးသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
၎င်း၏ အလေးအချိန်သည် ကီလိုဂရမ် ၅၀၀၀ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
၎င်းနှင့်အတူ ကြာရှည်စွာ စောင့်မျှော်နေခဲ့ရသည့် ဆင့်ကဲပြောင်းလဲမှုမှာလည်း ထပ်မံ၍ ပေါ်ပေါက်လာခဲ့ပြန်သည် …….
…………………………………………………………………………………………………………………………………..
အပိုင်း ( 230 )
အန္တိမ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်၊ မသေမျိုးနတ်နဂါးသားရဲ
စံအိမ်အတွင်း၌
ရှုကျိုးသည် ကြမ်းပြင်ပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
ယခုလေးတင် ရွှေတောင်ပံ T-Rexကြီးသည် ကီလိုဂရမ် ၅၀၀၀ဆိုသည့် အကန်အသတ်ကို ကျော်လွန်သွားကာ ၅၀၂၈.၅ ကီလိုဂရမ်အထိ ရောက်ရှိသွားခဲ့သည်။
ကိုယ်ပွား၏ ပထမဦး ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်သည် ၅ကီလိုဂရမ်တွင် ဖြစ်သည်၊ ဒုတိယအကြိမ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဥ်ကမူ ၅၀ကီလိုဂရမ်တွင် ဖြစ်ပြီး၊ တတိယအကြိမ် ဆင့်ကဲပြောင်းလဲမှုမှာ ၅၀၀ကီလိုဂရမ်တွင် ဖြစ်သည်။
ယခင်က ပုံစံများအရ စတုတ္ထအကြိမ် ဆင့်ကဲပြောင်းလဲမှုသည် ကီလိုဂရမ် ၅၀၀၀တွင် ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် တစ်ခဏခန့် တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ စနစ်၏ မျက်နှာပြင် ပေါ်ထွက်လာခဲ့သည်။
[ မျိုးစိတ် အကန့်အသတ်သို့ ရောက်ရှိသွားပါပြီ၊ ပြောင်းလဲမှုဖြစ်စဥ် နှစ်ခု ရွေးချယ်နိုင်ပါသည် !! ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၁ : ဟင်းလင်းပြင် စွမ်းရည် တိုးတက်ခြင်း၊ ဟင်းလင်းပြင်စွမ်းရည်ကို ဖမ်းဆုပ်မိကာ ဟင်းလင်းပြင် နေရာယူမှု၊ ဟင်းလင်းပြင် လှုပ်ရှားမှု၊ ဟင်းလင်းပြင် ချုပ်နှောင်မှုများကို အပြည့်အဝ ကျွမ်းကျင်တတ်မြောက်သည်အထိ ဖြည်းဖြည်းချင်း အောင်မြင်လာမည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၂ : မီးစွမ်းရည် တိုးတက်ခြင်း၊ မီးစွမ်းရည်ကို ဖမ်းဆုပ်မိကာ ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော မီးများကို ထိန်းချုပ်အမိန့်ပေးနိုင်သည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၃ : မိုးကြိုးနှင့် လျှပ်စီးစွမ်းရည် တိုးတက်ခြင်း၊ မိုးကြိုးစွမ်းအားကို ဖမ်းဆုပ်မိကာ ကောင်းကင်ဘုံဘေးဒုက္ခဖြစ်လာပြီး၊ ကမ္ဘာတို့အား မိုးကြိုးဘေးဒုက္ခဖြင့် ဖျက်စီးနိုင်မည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၄ : စိတ်ဝိညာဥ်စွမ်းအား တိုးတက်ခြင်း၊ စိတ်စွမ်းအင်ကို ဖမ်းဆုပ်မိကာ အကြောက်တရားနှင့် ခြိမ်းခြောက်မှုတို့ကို ကိုင်စွဲကာ အမျိုးမျိုးသော လှည့်စားမှု ပုံရိပ်ယောင်များကို ဖန်တီးနိုင်မည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၅ : နတ်စွမ်းရည် တိုးတက်ခြင်း၊ ထာဝရအသက်ရရှိမည်၊ မှော်ပညာအားလုံးကို ခုခံနိုင်မည်၊ မပျက်စီးနိုင်သော ခန္ဓာကိုယ်နှင့် ဖျက်စီး၍ မရသော စိတ်ဝိညာဥ်တို့ကို ပိုင်ဆိုင်ကာ ထာဝရတည်ရှိမှုအဖြစ် ပြောင်းလဲသွားမည် ]
[ ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် ၆ : ……. ]
…
စနစ်၏မျက်နှာပြင်နှင့်အတူ ဒါဇင်နှင့်ချီသော ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများသည် ရှုကျိုး၏ အရှေ့တွင် ပေါ်ပေါက်လာခဲ့သည်။
ရှုကျိုးသည် တစ်ခဏခန့် မှင်သက်သွားခဲ့သည်။
သူသည် ဤမျှများပြားသော ရွေးချယ်စရာများ ပေါ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သို့ရာတွင် ရှုကျိုးသည် လျင်မြန်စွာ စိတ်တည်ငြိမ်သွားခဲ့သည်။
“ ဆင့်ကဲပြောင်းလဲမှုလမ်းကြောင်း နှစ်ခုတောင် ရွေးချယ်နိုင်တာလား? “
ရှုကျိုး၏ အကြည့်သည် ရွေးချယ်စရာများအပေါ်သို့ ကျရောက်သွားခဲ့ပြီး၊ ထို့နောက်တွင် သူသည် အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားတော့လေသည်။
ဤတစ်ကြိမ် ရွေးချယ်မှုမှာ အတော်လေး ခက်ခဲသည်ဟု ပြောရမည်ဖြစ်သည်။
ဤတစ်ကြိမ် ဆင့်ကဲပြောင်းလဲမှု လမ်းကြောင်းများထဲတွင် လူသားတို့၏ စွမ်းရည်များနှင့် တူညီသည့် အရာများဖြစ်သော ဟင်းလင်းပြင်စွမ်းရည်၊ မီးစွမ်းရည်၊ မိုးကြိုးနှင့် လျှပ်စီးစွမ်းရည်စသည်ဖြင့် ပါဝင်နေခဲ့ပြီး၊ အခင်းအကျင်းများ ကွဲပြားနေခဲ့သည်။
“ ဒီတစ်ခါပြောင်းလဲမှုက နတ်သားရဲလမ်းကြောင်းဘက်ကို ဦးတည်နေတာလား? “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။
သူသိထားရသလောက်ဆိုပါက နတ်သားရဲများသည် အထူးစွမ်းရည်များနှင့်အတူ မွေးဖွားလာတတ်ပြီး၊ သူတို့ကြီးပျင်းလာသည်နှင့်အမျှ သူတို့၏စွမ်းရည်များကလည်း လိုက်ပါအားကောင်းလာခဲ့သည်။
“ ငါက ဘယ်နှစ်ခုကို ရွေးလိုက်သင့်လဲ? “ ရှုကျိုးသည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည်။
ထိုအချိန်၌ စနစ်မှ အကြံပြုချက်တစ်ခုပြသလာခဲ့သည်။
[ ရွေးချယ်လိုက်သော စွမ်းရည်နှစ်ခုအား မူလကိုယ်နှင့် မျှဝေပေးမည်ဖြစ်ပြီး၊ မူလကိုယ်ထံသို့ အကျိုးသက်ရောက်မှု ၅၀%ထောက်ပံ့ပေးမည် ဖြစ်သည် ]
“ မူလကိုယ်ကလည်း အကျိုးအမြတ်တွေ ရမှာလား? “ ရှုကျိုး အံ့ဩသွားတော့သည်။
ဒါဆိုရင် မူလကိုယ်က စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်ရသွားမှာ မဟုတ်ဘူးလား?
ရှုကျိုး၏ အမူအရာသည် ပို၍လေးနက်လာခဲ့သည်၊ ထိုကဲ့သို့ ဖြစ်လာမည်ဆိုပါက သူသည် ဂရုတစိုက်ရွေးချယ်ရတော့မည် ဖြစ်သည်။
ထို့နောက်တွင် သူသည် ရွေးချယ်စရာ လမ်းကြောင်းများကို ဂရုတစိုက်လေ့လာနေတော့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌
“ နံပါတ်၁ကို ရွေးသင့်တယ်လို့ထင်တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည်။
လမ်းကြောင်း အများစုသည် မီး၊ မိုးကြိုးနှင့် လျှပ်စီးတို့ကဲ့သို့သော တိုက်ခိုက်ရေး စွမ်းရည်များဖြစ်သည်။
သို့သော် ယခုလက်ရှိ ရွှေတောင်ပံ T-Rexကြီးထံတွင် တိုက်ခိုက်ရေး စွမ်းရည်များ ရှားပါးမနေခဲ့ပေ။
တစ်ခြားသောစွမ်းရည်ဖြစ်သည့် ဟင်းလင်းပြင်စွမ်းရည်ကမူ ထူးခြားသော အမျိုးအစားတစ်ခုဖြစ်ပြီး၊ လူသားတို့ကြားမှာပင် အတော်လေး ရှားပါးသည့် စွမ်းရည်တစ်ခုဖြစ်သည်။
အရေးအကြီးဆုံးအရာမှာ ဟင်းလင်းပြင်စွမ်းရည်ကို နေရာပေါင်းစုံ(သို့) ဘက်ပေါင်းစုံတွင် အသုံးချနိုင်ခြင်းပင်ဖြစ်သည်။
ဥပမာအားဖြင့် အသုံးအများဆုံးအရာများမှာ ဟင်းလင်းပြင် လှုပ်ရှားမှုနှင့် တည်နေရာ ကူးပြောင်းခြင်းတို့ဖြစ်သည်။
အကယ်၍ လူတစ်ဦးကသာ အဆိုပါ စွမ်းရည်ကို ပိုင်ဆိုင်သွားပြီး၊ မိုင်ပေါင်းထောင်နှင့်ချီ၍ ကွာဝေးသော နေရာဆီသို့ ချက်ချင်းရောက်ရှိသွားမည်ဆိုပါက ထိုလူမရောက်နိုင်သော နေရာသည် ဤကမ္ဘာပေါ်တွင် ရှိနေတော့မည် မဟုတ်ပေ။
ဟင်းလင်းပြင်လှုပ်ရှားမှုအပြင် ဟင်းလင်းပြင် ချုပ်နှောင်မှုလည်း ရှိနေခဲ့သည်။
၎င်းကား နားလည်ရလွယ်ကူပေသည်၊ ရှုကျိုးမှ မိကျောင်းသားရဲကြီးကို သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ချုပ်နှောင်ထားသကဲ့သို့ပင် ဖြစ်သည်၊ ၎င်းမှာလည်း ဟင်းလင်းပြင် ချုပ်နှောင်မှု အမျိုးအစားတစ်ခုဖြစ်သည်။
၎င်းကိုလည်း တိုက်ခိုက်ရေး စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်နိုင်ပြီး၊ ရန်သူများအပေါ်တွင် ချုံခိုတိုက်ခိုက်ခြင်းကဲ့သို့သော ကိစ္စရပ်များအတွက် အသုံးချနိုင်ပေသည်။
“ နံပါတ်၁ကတော့ မဖြစ်မနေရွေးရမဲ့ အရာတစ်ခုပဲ “
ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ နောက်တစ်ခုကရော ဘယ်ဟာကို ရွေးလိုက်သင့်လဲ? “
သူသည် တစ်ခဏခန့် လေ့လာကြည့်ရှုလိုက်ပြီး၊ နံပါတ်၅က သူနှင့် သင့်တော်သည်ဟု စဥ်းစားမိသွားခဲ့သည်။
ထာဝရအသက်ဆိုသည်မှာ အနည်းငယ် စိတ်ကူးယဥ်ဆန်လွန်းလှသည်။
သို့သော် စနစ်၏ဖော်ပြချက်အရ အဆိုပါ လမ်းကြောင်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်နှစ်ခုစလုံးကို မသေမျိုးနတ်ပစ္စည်းများအဖြစ် ပြောင်းလဲပေးသွားမည်ဖြစ်သည်။
စိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်နှစ်ခုစလုံး ကြီးကြီးမားမား ပြောင်းလဲတိုးတက်သွားမည်ဖြစ်သည်၊ သို့သော် ၎င်းမှာ စွမ်းအားမြင့်တက်သွားခြင်း မဟုတ်ဘဲ၊ ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်အားမြင့်တက်သွားခြင်းသာ ဖြစ်သည်။
တစ်ခြားလူများက တိုက်ပွဲများတွင် တစ်မိနစ်မျှသာ တောင့်ခံနိုင်တော့မည့် အချိန်၌ သင်က နာရီပေါင်းများစွာ တောင့်ခံနိုင်မည်ဆိုသည်ကို တွေးကြည့်ပါလေ ….
ရှုကျိုး တန်ဖိုးအထားဆုံးအရာကား မှော်ပညာအားလုံးကို ခုခံနိုင်သည်ဆိုသော အရာပင်ဖြစ်သည်။
အဆိုပါ စာစုကြောင့် အဆိုပါရွေးချယ်မှုက တစ်ခြားသောအရာများထပ် သာလွန်နေခဲ့ပြီဖြစ်သည်။
“ နံပါတ်၁နဲ့ နံပါတ်၅ကို ရွေးတယ် “ ရှုကျိုးသည် ဆုံးဖြတ်ချက်ချလိုက်သည်။
သူရွေးချယ်မှုပြုလုပ်လိုက်သည့် အချိန်နှင့် တစ်ချိန်တည်းမှာပင်
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ နေရာတစ်ခု၌
“ ဝေါင်းးး ~~ “
ရွှေတောင်ပံ T-Rexကြီး ရောက်ရှိလာသည့် ဆင့်ကဲပြောင်းလဲမှုကို အာရုံခံမိနေပုံရပြီး၊ ခေါင်းကို မော့ကာ ကျယ်လောင်စွာ ဟိန်းဟောက်လာခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်း၏ အမွှေးများ ပွတက်လာခဲ့သည်။
အစွမ်းထက် စွမ်းအင်တစ်ခုသည် ရွှေတောင်ပံ T-Rexကြီး၏ အနားတွင် စုစည်းလာခဲ့ပြီး၊ ကောင်းကင် အရောင်ပြောင်းလဲသွားပြီး၊ မိုးခြိမ်းသံများပင် ထွက်ပေါ်လာခဲ့သည်။
အလင်းတန်းတစ်ခုသည် ရွှေတောင်ပံ T-Rexကြီး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး၊ ၎င်းမှာ ပိုပို၍ တောက်ပလာခဲ့ပြီး၊ ကြီးမားသော ပိုးတစ်ခုအဖြစ် ဖွဲ့တည်ကာ ရွှေတောင်ပံ T-Rexကြီးကို ဖုံးလွှမ်းသွားခဲ့သည်။
ပိုးအိမ်အတွင်း၌ ရွှေတောင်ပံ T-Rexကြီးသည် စတင်၍ အသွင်ပြောင်းနေတော့သည်။
ပထမဦးဆုံးအနေဖြင့် ၎င်း၏အတောင်ပံများဖြစ်ပြီး၊ ရွှေရောင်အမွှေးများသည် အလင်းတန်းတစ်ခု စီးဆင်းနေသကဲ့သို့ ပိုမိုတောက်ပလာခဲ့ပြီး၊ ၎င်းတို့အပေါ်၌ လျှို့ဝှက်ဆန်းကျယ်သည့် ပုံစံကွက်များ ကခုန်နေသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။
ဆင့်ကဲပြောင်းလဲမှု၏ စွမ်းအားများ သွန်းလောင်းလာသည်နှင့်အမျှ အတောင်ပံများသည် တဖြည်းဖြည်း ကြီးမား ကျယ်ဝန်း သန်မာလာခဲ့သည်။
၎င်း၏ ခန္ဓာကိုယ်မှာလည်း စတင်၍ ပြန့်ကားလာခဲ့ပြီး၊ ၎င်း၏ဆဲလ်နှင့် ကြွက်သားအားလုံး ပြန်လည်တည်ဆောက်ခံနေခဲ့ရပြီး၊ ၎င်း၏ အရေပြားပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုံစံကွက်များ ဖြစ်ပေါ်လာခဲ့သည်။
ဆင့်ကဲဖြစ်စဥ်မှာ ဆက်လက်၍ ဖြစ်ပွားနေခဲ့ပြီး၊ ပိုးအိမ်အတွင်းရှိ အလင်းသည် နေလုံးအသေးစားလေး တစ်ခုကဲ့သို့ ပို၍ပင် အားကောင်းတောက်ပလာခဲ့သည်။
ရွှေတောင်ပံ T-Rexကြီးသည် အလင်းထဲရှိ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများကို ဆက်တိုက်စုပ်ယူနေခဲ့ပြီး၊ ပတ်ပတ်လည်မှ ဟင်းလင်းပြင်၏ စွမ်းအင်လှိုင်းနှင့် တည်ဆောက်မှုပုံစံများကို စတင်၍ ယောင်ဝါးဝါး အာရုံခံမိလာခဲ့သည်။
ဟင်းလင်းပြင် စွမ်းရည် နိုးထလာခဲ့ပြီဖြစ်သည်။
အဆိုပါ ဖြစ်စဥ်သည် အတော်လေး ကြာရှည်နေခဲ့သည်။
နှစ်နာရီကျော်ကြာခဲ့ပြီးသည့်နောက်၌
“ ဝုန်းးး !! “
ကြီးမားသော ပိုးအိမ် အလင်းတန်းကြီးသည် ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့ပြီး၊ အစွမ်းထက် စွမ်းအင်လှိုင်းလုံးများကို ထုတ်လွှတ်လာခဲ့သည်။
ကောင်းကင်ပေါ်ရှိ အလင်းနှင့် အရိပ်အားလုံး တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
၈မီတာမြင့်ကာ ၁၀မီတာကျော်ရှည်လျားသည့် သားရဲကြီးတစ်ကောင်သည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိသည်။
…………………………………………………………………………………………………………………………………
အပိုင်း ( 231 )
အန္တိမ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဥ်၊ မသေမျိုးနတ်နဂါးသားရဲ ၂
ယခင်ကနှင့် ယှဥ်လိုက်မည်ဆိုပါက ၎င်း၏ အသွင်အပြင်သည် များစွာ မပြောင်းလဲသွားခဲ့ပေ။
သို့သော် ရှုကျိုးသည် ရွှေတောင်ပံ T-Rexကြီးက ကွဲပြားသွားခဲ့ပြီဆိုသည်ကို ခံစားမိနေခဲ့သည်။
တိုက်ရိုက်အကျဆုံး ခံစားချက်မှာ ၎င်းသည် ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်၏ တည်နေရာကို ရှင်းရှင်းလင်းလင်း အာရုံခံနေနိုင်ပြီဖြစ်သည်။
“ ဖွင့်မယ် !! “
T-Rexကြီးသည် လေသံတိုးတိုးလေးဖြင့် ဟိန်းဟောက်နိုင်ခဲ့ပြီး၊ နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းသည် ၎င်း၏ ပါးစပ်မှ လူသားဘာသာစကား ထွက်လာသောကြောင့် အနည်းငယ် မှင်သက်သွားခဲ့သည်။
ဤတစ်ကြိမ်ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားသည့်နောက်၌ ၎င်း၏ ခန္ဓာကိုယ် တည်ဆောက်မှုပုံစံ ပြောင်းလဲသွားပြီး၊ ယခင်ကကဲ့သို့ သားရဲဟိန်းသံတစ်ခုတည်းကိုသာ မထုတ်လွှတ်နိုင်တော့သည့်ပုံပင်။
ရှုကျိုးကို ၎င်းကို များများစားစားတွေးမနေခဲ့ပေ။
သူ့ထံမှ ဟိန်းဟောက်သံနှင့်အတူ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်သည် ချက်ချင်း ပွင့်ဟလာခဲ့သည်။
ဗွီ !!
T-Rexကြီး၏ ဘေးဘက် ဟင်းလင်းပြင်၌ နက်ရှိုင်းသော တွင်းပေါက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
“ ထင်ထားတဲ့အတိုင်းပဲ “ T-Rexကြီးသည် စဥ်းစားခန်းဖွင့်နေတော့သည် “ ဒီဆင့်ကဲပြောင်းလဲမှုပြီးသွားတဲ့နောက်မှာ ငါက ဟင်းလင်းပြင်ကို နည်းနည်းလေး ထိန်းချုပ်လာနိုင်ပြီ “
ယခင်ကသာဆိုပါက ၎င်းကို ဖွင့်ရန်အတွက် အထဲသို့ ဝင်ခဲ့ရပြီး၊ ယခုကဲ့သို့ တိုက်ရိုက် မဖွင့်နိုင်ခဲ့ပေ။
သို့သော် ယခု၌ ၎င်းမှာပို၍ကျွမ်းကျင်ပိုင်နိုင်လာခဲ့ပြီဖြစ်သည်။
“ နေဦး “ ရှုကျိုးသည် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည် “ တကယ်လို့ မူလကိုယ်မှာလည်း ဟင်းလင်းပြင်စွမ်းရည် ရှိတယ်ဆိုရင်၊ အဲ့တာဆိုရင် မူလကိုယ်ကလည်း ကိုင်ပိုင် ဟင်းလင်းပြင် နေရာလွတ်ကို ဖွင့်ဖို့အတွက် ကြိုးစားကြည့်လို့ရတယ်မလား? “
ရှုကျိုး၏ မျက်လုံးများ တဖြည်းဖြည်း တောက်ပသွားခဲ့သည်။
မူကိုယ်ဘက်တွင်ကဲ့သို့ပင် ရွှေတောင်ပံ T-Rexကြီး၏ ဆင့်ကဲပြောင်းလဲမှုမှာလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။
ဖော်ပြ၍ မရသော ခံစားချက်တစ်ခုသည် ရှုကျိုး၏ အာရုံများထဲတွင် ပေါ်ပေါက်လာခဲ့သည်။
ရှုကျိုးမှ မျက်လုံးကို ဖွင့်လာခဲ့ပြီး၊ အရှေ့ဘက်ရှိ ဟင်းလင်းပြင်ကို ရုတ်တရက် လှမ်းဆွဲလိုက်ရာ
“ ဝှစ် !! “
ချက်ချင်းဆိုသလိုပင် အက်ကွဲကြောင်းတစ်ခုသည် သူ့အရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
“ ဒါက ဟင်းလင်းပြင် စွမ်းရည်လား? “
ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့သည်၊ သူသည် သူ့အရှေ့ရှိ ဟင်းလင်းက မမြင်နိုင်သော တည်ရှိမှုတစ်ခု မဟုတ်တော့ဘူးဆိုသည်ကို အမှန်တကယ် ခံစားနေနိုင်ခဲ့ပြီဖြစ်ကာ၊ ၎င်းက အမှန်တကယ် တည်ရှိနေသည့်ပုံပင်။
ရှုကျိုးမှ ၎င်းကို ထိတွေ့ကြည့်လိုက်သည့်အချိန်တွင် သူသည် အေးစက်သော အရာဝတ္ထုတစ်ခုကို ထိလိုက်ရသကဲ့သို့ ခံစားသွားခဲ့ရသည်။
သို့ရာတွင် ၎င်းသည် ကနဦးထိတွေ့မှုမျှသာဖြစ်ပြီး၊ ယခုလက်ရှိ အချိန်၌ သူသည် ၎င်းအား မည်ကဲ့သို့ အသုံးပြုရမလဲဆိုသည်ကို မသိပေ။
ရှုကျိုးသည် ကိုယ်ပိုင်ဟင်းလင်းပြင်နေရာလွတ်ကို ဆင့်ခေါ်ရန် ကြိုးပမ်းနေခဲ့သည်။
ဟင်းလင်းပြင်နေရာလွတ်သည် မူလကိုယ်ကို အဆုံးမှတ်အဖြစ် အသုံးပြုသောကြောင့်၊ ဖွင့်လိုက်သည့် အချိန်၌ မူလကိုယ်၏ ဘေးဘက်တွင်သာ အမြဲလိုလို ပေါ်လာရမည် ဖြစ်သည်။
ယခင်က ရှုကျိုးသည် ထိုကဲ့သို့ မလုပ်နိုင်ခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် သူ၏မူလကိုယ်သည် ဟင်းလင်းပြင် နေရာလွတ်ထဲသို့ မဝင်နိုင်ဘဲ ကိုယ်ပွားကသာလျှင် ၎င်းကို ဖွင့်နိုင်သောကြောင့် ဖြစ်သည်။
သို့သော်ယခု၌ ရှုကျိုးသည် ဟင်းလင်းပြင်စွမ်းရည်၏ ကနဦး ထိန်းချုပ်မှုကို ရရှိခဲ့ပြီဖြစ်သောကြောင့် သူသည် တစ်ကြိမ်ထပ် ပို၍ကြိုးစားနိုင်ပြီဖြစ်သည်။
“ ဟမ်? ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်က ငါ့အတွက် တော်တော်လေး အလှမ်းဝေးနေသေးတဲ့ပုံပဲ “ ရှုကျိုးသည် တိတ်တဆိတ် အာရုံခံနေတော့သည် “ ဒါပင်မဲ့ ငါက အဲ့တာကို ဆွဲထုတ်နိုင်မယ်လို့ ထင်တယ်၊ ဖြစ်နိုင်တယ်မလား? “
ရှုကျိုးသည် အနည်းငယ် သိချင်သွားခဲ့သည်။
အကယ်၍ ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက သူသည် နောင်အနာဂတ်တွင် ကိုယ်ပိုင် ဟင်းလင်းပြင်နေရာလွတ်ကို အသုံးပြုကာ ကိုယ်ပွားထံသို့ ကျင့်ကြံရေး အရင်းအမြစ်များကို လွှဲပြောင်းပေးနိုင်မည် ဖြစ်သည်။
ဥပမာအားဖြင့် ဉာဏ်အလင်းဆေးပင် ဖြစ်သည်။
ရှုကျိုးသည် ကိုယ်ပွားက ဉာဏ်အလင်းဆေးကို အသုံးပြုလိုက်ပါက အကျိုးသက်ရောက်မှုက ပိုကောင်းနေမည်လားဆိုသည်ကို အမြဲလိုလို စမ်းသပ်ကြည့်ချင်နေခဲ့သည်။
အကယ်၍ သူ၏ မူလကိုယ်ကသာ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ကို ဖွင့်နိုင်မည်ဆိုပါက၊ မူလကိုယ်နှင့် ကိုယ်ပွားတို့ကြားတွင် ပစ္စည်းများ အချိန်မရွေး လွှဲပြောင်းနိုင်တော့မည် ဖြစ်သည်။
“ စုပ်ယူ “
ရှုကျိုးသည် ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်ကာ ကိုယ်ပွားဘေးဘက်ရှိ ဟင်းလင်းပြင်ထဲသို့ ၎င်းကို ဆွဲသွင်းနေတော့သည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားခဲ့သည်။
“ ဝုန်းးး !! “
ရှုကျိုးဘေးဘက်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ခတ်သွားခဲ့ပြီး၊ ချက်ချင်းဆိုသလိုပင် တွင်းပေါက်တစ်ခု ပွင့်လာခဲ့သည်။
ရှုကျိုးသည် စိတ်လှုပ်ရှားနေသော အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။
“ အလုပ်ဖြစ်တယ် !! “
သူသည် ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်အား သူ့ထံသို့ အမှန်တကယ် ရွှေ့ပြောင်းလာနိုင်ခဲ့သည်။
“ ရှယ်ဘဲဟေ့ “ ရှုကျိုး အပျော်လွန်သွားတော့သည်၊ ထိုအရာနှင့်သာဆိုပါက သူသည် ကိုယ်ပွားထံသို့ ကျင့်ကြံရေး အရင်းအမြစ်များ ထောက်ပံ့ပေးနိုင်တော့မည် ဖြစ်သည်။
ထို့အတူ သူ၏ ကျင့်ကြံရေး အမြန်နှုန်းမှာလည်း ထပ်မံ၍ ထောင်တက်လာတော့မည် ဖြစ်သည်။
ထိုအချိန်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားပြီး၊ စနစ်၏ မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
ဆင့်ကဲပြောင်းလဲခဲ့ပြီးသည့်နောက်တွင် ၎င်း၏ စွမ်းရည်ကလည်း တိုးတက်လာခဲ့ပြီဖြစ်သောကြောင့်၊ နေ့စဥ် ကိုယ်အလေးချိန်ရရှိမှုက မည်မျှအထိ ဖြစ်လာမလဲဆိုသည်ကို သူသိချင်သွားခဲ့သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၉၈၅.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : 55 Hz
ကိုယ်ပွား : မသေမျိုးနတ်နဂါးသားရဲ
အဆင့် : ပထမအဆင့် အဆင့်၈ ( ၄၇% )
အသားတင် အလေးချိန် : ၅၀၂၈.၅ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း( pas )၊ ဟင်းလင်းပြင်၊ အင်မော်တယ်
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း
…
“ မသေမျိုးနတ်နဂါးသားရဲလား? “
အဆိုပါ စကားလုံးကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် မနေနိုင်တော့ဘဲ အံ့ဩသွားတော့သည်။
နတ်သားရဲ လမ်းကြောင်းပေါ်ကို ရောက်ပြီလား?
“ နေ့တိုင်း ၃၀၀ကီလိုဂရမ်အထိ ကြီးထွားလာမှာလား? “ ရှုကျိုးသည် အောက်ဘက်သို့ ကြည့်နေရင်းဖြင့် ရုတ်တရက် မှင်သက်သွားတော့သည် “ အရင်က ကီလိုဂရမ် ၃၀ပဲ ရခဲ့တာလေ၊ ဆယ်ဆတောင် တိုးလာခဲ့တာလား? “
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာ၌ ရှုကျိုး၏ မျက်နှာပေါ်တွင် အပျော်လွန်နေသည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အစပိုင်းတွင် သူသည် ဤတစ်ကြိမ် ပြောင်းလဲမှုက ကီလိုဂရမ် ၁၀၀(သို့) ၁၅၀အထိသာ မြင့်တက်လာလိမ့်မည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
ကီလိုဂရမ် ၃၀၀အထိ မြင့်တက်လာလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ပေ။
ထိုကဲ့သို့သော ကြီးထွားမှုနှုန်းဖြင့်သာဆိုပါက သူသည် သိပ်မကြာခင် အချိန်မှာပင် ဧရာမသားရဲကြီး တစ်ကောင် ဖြစ်လာတော့မည် ဖြစ်သည်။
“ နောက်တစ်ခါ ဆင့်ကဲပြောင်းလဲမှုဆိုရင် ကီလိုဂရမ် ၃၀၀၀အထိ ဖြစ်သွားမှာလား? ဒါမှမဟုတ် ၁သောင်းများလား? “
ရှုကျိုးသည် မနေနိုင်တော့ဘဲ မျှော်လင့်မိနေတော့သည်။
ထိုအချိန်၌ သူသည် စနစ်၏ မျက်နှာပြင် အောက်ခြေရှိ သိသာသော အပြောင်းအလဲတစ်ခုကို သတိပြုမိသွားခဲ့သည်။
“ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်၊ ကုဗမီတာ ၁သန်းလား? “ ရှုကျိုး၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည် “ ဒါကလည်း ဆယ်ဆတိုးလာခဲ့တယ်ပေါ့ “
မူလ အလျား၊ အနံနှင့် အမြင့်တို့သည် ၁၀မီတာဖြစ်သည်။
ယခု၌ ၎င်းတို့အားလုံးသည် မီတာ ၁၀၀ထိ ဖြစ်သွားခဲ့ပြီဖြစ်သည်။
၎င်းမှာကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်က ပိုများသော ပစ္စည်းများကို စုဆောင်းသိမ်းဆည်းနိုင်တော့မည်ဟု ဆိုလိုနေခြင်းပင်ဖြစ်သည်၊ သို့သော် ယခုလက်ရှိရှုကျိုးအတွက်မူ ၎င်းကို အပြည့်အဝ အသုံးမချနိုင်သေးသည့်ပုံပင်။
“ ဘာပဲဖြစ်ဖြစ်ပါလေ၊ ဒီတစ်ခါရတဲ့ အကျိုးအမြတ်တွေက တကယ်များတာပဲ “ ရှုကျိုး၏မျက်လုံးများ တလက်လက် တောက်ပသွားခဲ့သည်။
နေ့စဥ် ကီလိုဂရမ် ၃၀၀ရရှိခြင်းအပြင် ဟင်းလင်းပြင် စွမ်းရည်၊ အင်မော်တယ် စွမ်းရည် ..
၎င်းတို့တစ်ခုချင်းစီတိုင်းသည် ထိပ်တန်း Sအဆင့် စွမ်းရည်များထပ်ပင် ပို၍မက်မောဖွယ်ကောင်းလှသည်။
အင်မော်တယ် စွမ်းရည်အကြောင်းကို ပြောနေရင်းဖြင့် ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုရှိနေပြီး၊ ၎င်းက သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပြည့်နှက်နေကြောင်းကို သတိပြုမိသွားခဲ့သည်။
ဒါက အင်မော်တယ် စွမ်းရည်ပဲဖြစ်သင့်တယ်။
၎င်း၏ လွှမ်းမိုးမှုအောက်တွင် ရှုကျိုး၏ အသားအရည်သည် အသန့်စင်ဆုံး အဖြူရောင် ကျောက်စိမ်းကဲ့သို့ နူးညံ့၊ တောက်ပလာခဲ့သည်။
ရှုကျိုးသည် ထန်ဓားကို ကိုင်ကာ သူ၏လက်မောင်းကို ခုတ်ပိုင်းလိုက်သည်။
“ ချွီ ~~ “
ဒဏ်ရာတစ်ခု ပေါ်လာခဲ့ကာ သွေးများစီးကျလာခဲ့သည်။
သို့သော် မကြာခင်မှာပင် အဆိုပါ ဒဏ်ရာသည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် သက်သာပျောက်ကင်းသွားခဲ့သည်။
မိနစ်ဝက်အတွင်းမှာပင် ဓားဒဏ်ရာ ပျောက်ကွယ်သွားခဲ့ပြီး၊ အမာရွတ်ပင် မကျန်ခဲ့ချေ။
………………………………………………………………………………………………………………………