အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အပိုင်း ( 238 )
သတ္တဝါတိုင်းအတွက် လမ်းဖွင့်ပေးခဲ့သော အမည်မသိ ပုဂ္ဂိုလ်များ
အလင်းတန်းတစ်ခုသည် အမှောင်မိုက်ဆုံးသော အမှောင်ထုထဲမှ ပေါ်ထွက်လာသည့် အလင်းတန်းတစ်ခုကဲ့သို့ ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ အလင်းတန်းသည် ပိုပို၍ ကြီးမားလာခဲ့ပြီး၊ နက်ရှိုင်းသော တွင်းပေါက်ကြီးတစ်ခုကဲ့သို့ ပြောင်းလဲသွားကာ တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
“ ၁၆၁ခုမြောက် သွေးကြောမှတ်ကို ရှာတွေ့ပြီ “
ရှုကျိုးသည် ပျော်ရွှင်ကြည်နူးနေသည့် အမူအရာဖြင့် မျက်လုံးများ ဖွင့်လာခဲ့သည်။
လူသားတို့၏ အကန့်အသတ်ဟု ခေါ်ဆိုသည့် သွေးကြောမှတ် ၁၆၀ဆိုသည့် မှတ်တမ်းမှာ သူ့ကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်သည်။
အဆိုပါ သွေးကြောမှတ်ကို အပြည့်အဝ မဖွင့်လှစ်ရသေးသော်လည်း၊ တည်နေရာကိုသာ ရှာတွေ့ထားသရွေ့ နောက်ဆက်တွဲ ပြုလုပ်ရမည့် အလုပ်များက ပို၍ရိုးရှင်းသွားခဲ့ပြီဖြစ်သည်။
“ ငါက လူသားတွေရဲ့ အကန့်အသတ်ကို ချိုးဖျက်နိုင်ခဲ့တဲ့ ပထမဦးဆုံးလူလား? “ ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားနေလျက်ရှိသည်။
အစစ်အမှန် သိုင်းပညာဌာနဖြစ်စေ၊ နတ်သိုင်းဌာနဖြစ်စေ၊ ဌာနနှစ်ခုစလုံးသည် သွေးကြောမှတ် ၁၆၀က ပထမအဆင့်နယ်ပယ်တွင် အမြင့်ဆုံးသော အောင်မြင်မှုဖြစ်သည်ဟု တစ်ညီတစ်ညာတည်း သဘောတူလက်ခံထားကြသည်။
ယခုတွင် သူသည် အဆိုပါ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီဖြစ်သည်။
“ ဆက်လုပ်မယ် “
ရှုကျိုးသည် သူက သွေးကြောမှတ် မည်မျှ ဆက်ဖွင့်နိုင်လဲဆိုသည်ကို မြင်တွေ့ရရန်အတွက် အလွန်စိတ်အားထက်သန်နေလျက်ရှိသည်။
တစ်ခါက လျူချင်းယွမ်သည် သွေးကြောမှတ်များကို ပိုဖွင့်နိုင်လေလေ၊ သွေးကြောမှတ် လည်ပတ်မှုကို ရှာတွေ့နိုင်သည့် အခွင့်အလမ်းမြင့်မားလေလေဟု ပြောခဲ့ဖူးသည်။
သို့သော် ၎င်းမှာ အယူအဆတစ်ခုမျှသာ ဖြစ်နေခဲ့ပြီး၊ လျူချင်းယွမ်ကိုယ်တိုင်ကပင် ၎င်းက အမှန်တကယ် တည်ရှိလားဆိုသည်ကို သေချာမသိပေ။
ယခုတွင် ရှုကျိုးသည် ၁၆၁ခုမြောက် သွေးကြောမှတ်ကို ရှာတွေ့ထားခဲ့ပြီဖြစ်ပြီး၊ သူသည် အဆိုပါ သွေးကြောမှတ် လည်ပတ်မှုက အမှန်တကယ် တည်ရှိနေသည်ဟု ယောင်ဝါးဝါး ခံစားမိနေခဲ့ပြီဖြစ်သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်သည်၊ သူ၏ရင်ခုန်သံသည် လျှို့ဝှက်စွမ်းအားနှင့်အတူ လိုက်ပါ၍ မြင့်တက်နေခဲ့ပြီး၊ သွေးကြောမှတ် အသစ်များကို ဆက်လက်၍ ရှာဖွေနေခဲ့သည်။
စမ်းသပ်ခန်းအတွင်း၌ အနီရောင်အမှုန်များသည် အရာအားလုံးကို ဖုံးလွှမ်းနေလျက်ရှိသည်။
၁၆၂ခုမြောက် သွေးကြောမှတ်၊ ၁၆၃ခုမြောက် သွေးကြောမှတ်၊ ၁၆၄ခုမြောက် သွေးကြောမှတ် …………
…
အချိန်များ မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့သည်။
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့သည် ဘေးတစ်ဖက်စီမှ စောင့်ကြည့်နေကြပြီး၊ လုံးဝမထွက်ခွာသွားခဲ့ပေ။
သူတို့နယ်ပယ်မှ လူများသည် ရက်ပေါင်းများစွာ ကြာသည်အထိ မိအပ်မစားဘဲ နေနေမည်ဆိုလျှင်တောင်မှ မည်သည့်ပြဿနာမှ ရှိနေလိမ့်မည် မဟုတ်ပေ။
ထို့အပြင် သူတို့အတွက် ဤအချိန်ရှိ ရှုကျိုးသည် သူတို့၏ကိုယ်ပိုင် လုံခြုံရေးထပ်ပင် ပို၍ အရေးကြီးနေခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။
ရှန့်ဝမ်ချန်းသည် မျှော်လင့်နေသော အမူအရာဖြင့် ထိုင်ခုံပေါ်တွင် ထိုင်နေလျက်ရှိသည်။
“ အဲ့ကလေး အထဲကိုဝင်သွားတာ တော်တော်လေးကိုကြာနေပြီ “ ရှန့်ဝမ်ချန်းမှ ရေရွတ်ပြောဆိုနေခဲ့သည် “ သူက သွေးကြောမှတ် ၁၆၀ကို ထိုးဖောက်နိုင်သွားသင့်ပြီလေ၊ ဟုတ်တယ်မလား? “
အကြီးအကဲယွင်၏ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော သူ၏မျက်နှာပေါ်၌ ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှုကျိုးက သွေးကြောမှတ်လည်ပတ်မှုကို တကယ်ကြီး ရှာနိုင်သွားမှာလား?
သူသည် အဆိုပါ သွေးကြောမှတ်က အမှန်တကယ် မတည်ရှိဘူးဟုသာ အမြဲလိုလို တွေးတောနေခဲ့သည်။
သို့သော် ရှုကျိုးဖန်တီးခဲ့သည့် အံ့ဩဖွယ်ရာများသည် သူ၏ယုံကြည်မှုများကို လှုပ်ခါသွားစေခဲ့သည်။
“ ဝုန်းးး ~~~ “
ရုတ်တရက်ဆိုသလိုပင် တံခါးဖွင့်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှန့်ဝမ်ချန်းမှ ခေါင်းမော့၍ အရှေ့ဘက်သို့ ကြည့်လိုက်ရာ စမ်းသပ်ခန်းထဲမှ ထွက်လာသည့် ရှုကျိုးကို မြင်တွေ့သွားခဲ့သည်။
“ နောက်ဆုံးတော့ မင်းထွက်လာပြီပေါ့ “ ရှန့်ဝမ်ချန်းသည် သူ့အနားသို့ အမြန်ချဥ်းကပ်သွားလိုက်သည်။
“ ဌာနမှူး “ ရှုကျိုးမှ အပြုံးဖြင့်နှုတ်ဆက်လိုက်သည်။
“ ဆိုတော့ မင်းက သွေးကြောမှတ် အသစ်တွေ ရှာတွေ့ခဲ့လား? “ ရှန့်ဝမ်ချန်းမှ စိုးရိမ်တကြီး မေးမြန်းလာခဲ့သည်။
ဇွီ ~~
ရှုကျိုးသည် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ၊ အလင်းတန်းများသည် သူ၏ကိုယ်တွင်းမှ တောက်ပလာခဲ့သည်။
၁၅၀၊ ၁၆၀၊ ၁၇၀၊ ၁၈၀ !!!
စုစုပေါင်း အလင်းတန်း ၁၈၀သည် ရှုကျိုး၏ ခန္ဓာကိုယ်တွင် ပေါ်ပေါက်လာခဲ့ပြီး၊ တလက်လက် တောက်ပနေခဲ့သည်။
သွေးကြောမှတ် အခု၃၀တိုင်းသည် ပါဖက်စနစ်တစ်ခုအဖြစ် ဖွဲ့တည်နေခဲ့ပြီး၊ သွေးကြောမှတ် ၁၈၀သည် ပါဖက်စနစ်၆ခုအဖြစ် ဖွဲ့စည်းနေကာ တာအိုပန်းခြောက်ခုကဲ့သို့ ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် လည်ပတ်နေခဲ့သည်။
သို့သော် ၎င်းတို့သည် အနည်းငယ် မှိန်ဖျော့နေခဲ့ပြီး၊ အပြည့်အဝ မပွင့်လာသေးပေ။
ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့နှစ်ဦးစလုံး ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
“ သွေးကြောမှတ် ၁၈၀လား? “
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ အကြီးအကဲယွင်မှ အံ့ဩတကြီးဖြင့် စကားပြောလာခဲ့သည်။
ရှန့်ဝမ်ချန်းမှာလည်း မွန်းစတားတစ်ကောင်ကို မြင်တွေ့နေရသကဲ့သို့ ဖြစ်နေသော အကြည့်မျိုးဖြင့် ရှုကျိုးကို ထပ်ကြည့်လာခဲ့သည်။
ပထမအဆင့်နယ်ပယ်အတွက် လူသားတို့၏ အကန့်အသတ်မှာ သွေးကြောမှတ် ၁၆၀ဖြစ်သည်၊ ထိုအဆင့်သို့ ရောက်သည့်လူမှာလည်း အလွန်နည်းပါးလွန်းနေခဲ့သည်။
ရှုကျိုးသည် အဆိုပါအကန့်အသတ်အား သွေးကြောမှတ် အခု၂၀တိတိ မြှင့်တင်လိုက်သည်။
အရေးအကြီးဆုံးအရာမှာ သူ၏ခန္ဓာကိုယ်အတွင်းပိုင်းတွင် ပါဖက်စနစ်ခြောက်ခုဖွဲ့တည်နေခြင်းပင် ဖြစ်သည်။
၎င်းအား မကြုံစဖူး ဖြစ်ရပ်ထူးဟု ညွှန်းဆိုလိုက်မည်ဆိုလျှင်တောင်မှ၊ ၎င်းမှာ ချဲ့ကားပြောဆိုရာ ကြနေလိမ့်မည် မဟုတ်ပေ။
ရှုကျိုးကသာ အဆိုပါ သွေးကြောမှတ်များကို အပြည့်အဝ ဖွင့်လှစ်လိုက်မယ်ဆိုပါက၊ သူ၏စွမ်းအားက မည်မျှအစွမ်းထက်လာမလဲဆိုသည်ကို တွေးကြည့်ရန် ခက်ခဲပေသည်။
“ သွေးကြောမှတ် ၁၈၀က အကန့်အသတ်လို့ ကျွန်တော် ခံစားနေရတယ် “ ရှုကျိုးမှ ပြောလာခဲ့သည် “ လွန်ခဲ့တဲ့ ခြောက်နာရီလောက်တည်းက ကျွန်တော်က သွေးကြောမှတ် ၁၈၀လုံးကို ရှာတွေ့ထားခဲ့တာ၊ ဒါပင်မဲ့ ဒီခြောက်နာရီအတွင်းမှာတော့ ဘာကိုမှ ရှာမတွေ့ခဲ့ဘူး “
ရှန့်ဝမ်ချန်းသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်ပြီး၊ လေးလေးနက်နက် ပြောလာခဲ့သည် “ သွေးကြောမှတ် ၁၈၀က တကယ့်အကန့်အသတ်ဖြစ်သင့်တယ် “
“ မင်းရဲ့ အခြေအနေအရဆိုရင် သွေးကြောမှတ် အခု၃၀တိုင်းက ပါဖက်စနစ်တစ်ခုအဖြစ် ဖွဲ့စည်းနေတယ်၊ ၁၈၀ဆိုတာက ၃၀ရဲ့ ဆတိုးကိန်းပဲ မပို၊ မလျော့ဘူး “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် သူစကားဆက်ပြောလာခဲ့သည် “ ဒါပင်မဲ့ သွေးကြောမှတ်လည်ပတ်မှုကို ရှာမတွေ့ခဲ့ဘူး “
“ သွေးကြောမှတ် လည်ပတ်မှုကို ဘယ်လိုဖွင့်ရတာလဲဗျ? “
“ ကျွန်တော်က သွေးကြောမှတ် အများကြီး ရှာတွေ့ထားပင်မဲ့ အဲ့တာကို အာရုံမခံမိသေးဘူး “
ရှန့်ဝမ်ချန်းမှ ပြောလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုကို ရှာနိုင်ဖို့အတွက် မင်းက မင်းရှာတွေ့ထားတဲ့ သွေးကြောမှတ်တွေ အကုန်လုံးကို အရင်ဖွင့်ထားဖို့ လိုအပ်တယ် “
ရှုကျိုး သဘောပေါက်သွားတော့သည်၊ သူသည် သွေးကြောမှတ် အသစ်များကို ရှာတွေ့ရုံသာ တွေ့ထားခြင်းဖြစ်ပြီး၊ လုံးဝမဖွင့်ရသေးပေ။
သူ့ဘေးနားရှိ အကြီးအကဲယွင်မှ ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို အမြင့်ကြီး မထားထားနဲ့၊ အဲ့ဒီသွေးကြောမှတ်က မရှိဖို့များတယ် “
ရှန့်ဝမ်ချန်း မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် သူသည် မည်သည့်စကားမှ ပြန်မပြောလိုက်ပေ။
ရှုကျိုး၏ စိတ်နှလုံးသားမှာလည်း အနည်းငယ် တင်းကြပ်သွားပြီး၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုအကြောင်းကို ဘယ်သူက အဆိုပြုခဲ့တာလဲဗျ? “
ရှန့်ဝမ်ချန်းမှ တလေးတနက် ပြောလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှု အယူအဆကို အရင်ဌာနမှူးက အဆိုပြုခဲ့တာ “
“ သူက လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အမြင့်ပိုင်းအဆင့်တွေကို ရောက်နိုင်မဲ့ သော့ချက်တစ်ခုဖြစ်တဲ့ သွေးကြောမှတ်တစ်ခုရှိတယ်လို့ အဆိုပြုခဲ့သည်။ တကယ်လို့ မင်းက အဲ့တာကို ရှာနိုင်မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံရေး အမြန်နှုန်းက သိသိသာသာ တိုးတက်သွားနိုင်ပြီး၊ အမြင့်ပိုင်းအဆင့်တွေကို အဆင့်ချိုးဖျက်နိုင်ဖို့ကလည်း ပိုပြီးတော့ လွယ်သွားလိမ့်မယ် “
ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည် “ အရင်ဌာနမှူးက အဲ့အကြောင်းကို ဘယ်လို သိခဲ့တာလဲဗျ? “
ရှ့န်ဝမ်ချန်းမှ ပြန်ဖြေလာခဲ့သည် “ အရင်ဌာနမှူးက အဌမအဆင့် ပညာရှင်လေ။ အဌမအဆင့်ကို သူအဆင့်ထိုးဖောက်လာခဲ့တဲ့ အချိန်တုန်းက သူက သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောမှတ်တွေကနေတစ်ဆင့် သွေးကြောမှတ် လည်ပတ်မှုအကြောင်းကို တွက်ချက်နိုင်ခဲ့တယ် “
“ အရင်ဌာနမှူးက သွေးကြောမှတ် လည်ပတ်မှုကို ရှာတွေ့ခဲ့တာလားဗျ? “
“ မဟုတ်ဘူး “ ရှန့်ဝမ်ချန်းမှ ခေါင်းခါပြလာခဲ့သည်၊ ထို့နောက်တွင် တစ်ခဏခန့် တုံ့ဆိုင်းနေခဲ့ပြီးမှ ဆက်ပြောလာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုက သွေးကြောမှတ် တစ်ခုတည်း မဖြစ်နိုင်ဘူး၊ အဲ့တာက သွေးကြောမှတ်တွေ အများကြီး အတူတူ ပေါင်းစပ်စုစည်းနေတာ ဖြစ်နိုင်တယ် “
“ ဘာလို့ မင်းက ဒီတစ်ခါ ရှာတွေ့ခဲ့တဲ့ သွေးကြောမှတ်တွေကို အရင်သွားဖွင့်ပြီးတော့ ဘာအပြောင်းအလဲတွေ ရှိလာမလဲဆိုတာကို မကြည့်ရတာလဲ? “
“ ကောင်းပါပြီ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို ဖျတ်ခနဲကြည့်လိုက်ပြီး၊ အံ့ဩတကြီးဖြင့် မေးမြန်းလိုက်သည် “ ချန်တုန်းအာက ဘယ်မှာလဲဗျ? “
“ သူမက အိပ်ပျော်သွားပြီ “ ဟုရှန့်ဝမ်ချန်းမှ ပြန်ပြောလာခဲ့သည်။
………………………………………………………………………………………………………………………….
အပိုင်း ( 239 )
သတ္တဝါတိုင်းအတွက် လမ်းဖွင့်ပေးခဲ့သော အမည်မသိ ပုဂ္ဂိုလ်များ ၂
“ အိပ်ပျော်သွားတာလား? “
ရှုကျိုး အံ့ဩသွားပြီး၊ စိတ်ဝိညာဥ်ခန္ဓာကိုယ်ပုံစံဖြင့် လှပသော ကောင်မလေးအကြောင်းကို အတော်လေး သိချင်သွားခဲ့သည် “ ဌာနမှူး၊ ချန်တုန်းအာက စိတ်ဝိညာဥ်ခန္ဓာကိုယ်ပုံစံနဲ့ ဘာလို့ တည်ရှိနေရတာလဲဗျ? “
“ ဒါက …….. “ ရှန့်ဝမ်ချန်းသည် တွေဝေတုံ့ဆိုင်းသွားပြီး၊ အကြီးအကဲယွင်ကို ငေးကြည့်လိုက်သည်။
အကြီးအကဲယွင်မှ အေးအေးဆေးဆေး ပြောလာခဲ့သည် “ သူ့ကို ပြောပြလိုက်လို့ ဘာမှ မဖြစ်သွားပါဘူး၊ ဘာပဲဖြစ်ဖြစ်ပါလေ အဲ့တာက လျှို့ဝှက်ချက်တစ်ခုမှ မဟုတ်တော့တာ “
သူမှ ဆက်ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အထွတ်အထိပ်ကာလတွေမှာ သူတို့က ထာဝရအသက်ဆိုတဲ့ အစီအစဥ်ကို အဆိုပြုခဲ့ကြတယ်။ တိတိကျကျပြောရရင်တော့ စိတ်ဝိညာဥ်ခန္ဓာကိုယ် မသေအောင် ထိန်းသိမ်းထားပြီးတော့ အဲ့ပုံစံနဲ့ပဲ ထာဝရတည်ရှိချင်ခဲ့တာ “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားတော့သည်။
ထာဝရအသက် အစီအစဥ်လား?
အစစ်အမှန် သိုင်းပညာဌာနက ဘယ်လိုအခြေအနေမျိုးအထိ ရောက်ခဲ့လို့ အဲ့လိုအစီအစဥ်မျိုးကိုတောင် အဆိုပြုနိုင်ခဲ့ရတာလဲ? !!!
“ ချန်တုန်းအာက အဲ့အစီအစဥ်မှာ ပါခဲ့တဲ့ လူတွေထဲက တစ်ယောက်ပဲ “ အကြီးအကဲယွင်မှ လေးလေးနက်နက် ပြောလာခဲ့သည် “ ဒါပင်မဲ့ လမ်းတစ်ဝက်အရောက်မှာပဲ အဲ့တာက အရင်ဌာနမှူးရဲ့ မျိုးဆက်တွေ ကျဆုံးသွားတာကြောင့် အတင်းအကြပ် ရပ်ဆိုင်းခံလိုက်ရတယ် “
ရှုကျိုး၏ စိတ်နှလုံးသား လှုပ်ခတ်သွားခဲ့ကာ စကားပြောလာခဲ့သည် “ ချန်တုန်းအာက အောင်အောင်မြင်မြင် ရှင်သန်နိုင်ခဲ့တာကြောင့်၊ အရင်ဌာနမှူးကိုရော ဘာလို့ ဒီနည်းလမ်းနဲ့ ဆက်ပြီးတော့ ရှင်သန်ခွင့်မပေးလိုက်ရတာလဲဗျ? “
အကြီးအကဲယွင်မှ ခေါင်းခါပြလာခဲ့သည် “ အချိန်မလောက်ခဲ့ဘူး။ သူရွေးချယ်ခဲ့တဲ့ လမ်းကြောင်းက မှားနေတယ်ဆိုတာကို အရင်ဌာနမှူး နားလည်သွားခဲ့တဲ့ အချိန်တုန်းက သူ့ရဲ့ သက်တမ်းက လဝက်တောင် မကျန်တော့ဘူး “
“ သူက အဌမဆင့် ပညာရှင်တစ်ယောက်လေ၊ ကမ္ဘာပတ်ပြီးတော့ နဝမအဆင့် ပညာရှင်တွေနဲ့တောင် တိုက်ခိုက်ခဲ့တဲ့ လူလေ၊ သူကြောက်အောင် ဘယ်သူကမှ မလုပ်နိုင်ဘူး “
“ ဒါပင်မဲ့ အဲ့ဒီနေ့ကတော့ တော်တော်ကြီးကို ရုတ်တရက်ဆန်လွန်းခဲ့တယ်၊ သူ့ရဲ့ ကိုယ်တွင်းအဂ်ါတွေက လုံးဝပျက်စီးသွားပြီးတော့၊ သူ့ရဲ့ အသက်ရှူသံတွေလည်း မြန်လာပြီးတော့ ညတွင်းချင်းမှာ တစ်ကိုယ်လုံး ဖြူဖျော့သွားခဲ့တယ် “
“ အဲ့ဒီဖြစ်ရပ်က ကြိုတင်သတိပေးချက် မရှိခဲ့ဘူး၊ အရင်ဌာနမှူးကတောင် အဲ့တာကို ကြိုမမြင်နိုင်ခဲ့ဘူး၊ သူ့ရဲ့သွေးတွေ အကုန်လုံး ခမ်းခြောက်သွားတဲ့ အချိန်ကျတော့ သူ့ရဲ့ သက်တမ်းက ၁၂ရက်လောက်ပဲ ကျန်တော့တယ် “
ရှုကျိုး မိန်းမောသွားတော့သည်။
တစ်ချိန်လုံး ပြိုင်ဘက်ကင်း အဌမအဆင့် ပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး၊ စက္ကန့်ပိုင်းအတွင်းမှာပင် သူသည် သူ့ထံ၌ သက်တမ်း ၁၂ရက်သာလျှင် ကျန်နေတော့သည်ဆိုသည်ကို ရှာတွေ့သွားခဲ့သည်။
၎င်းမှာ ကြေကွဲဖွယ်ကောင်းလွန်းလှသည်။
ထိုကဲ့သို့သော ထိုးနှက်ချက်ကို မည်သူကမှ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
“ တကယ်တော့ အရင်ဌာနမှူးအပြင် အဲ့မျိုးဆက်က လူတစ်ချို့ကလည်း ထာဝရအသက် အစီအစဥ်မှာ ပါဝင်ပြီး ဆက်ပြီးတော့ ရှင်သန်ဖို့အတွက် အခွင့်အရေးရခဲ့ကြတယ် “
အကြီးအကဲယွင်မှ ဖြည်းဖြည်းချင်း ပြောလာခဲ့သည် “ ဒါပင်မဲ့ သူတို့က အဲ့လိုနည်းလမ်းမျိုးနဲ့ မနေချင်ခဲ့ကြဘူး၊ အဲ့တာကြောင့် နောက်တစ်လမ်းကို ရွေးသွားကြတယ် “
“ နောက်တစ်လမ်းလား? “
ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။
သူ့ဘေးနားရှိ ရှန့်ဝမ်ချန်းသည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ အရင်ဌာနမှူး မဆုံးခင် အချိန်တုန်းက သူ့ရဲ့ အဆုံးသတ်က နီးကပ်လာပြီဆိုတာကို သူသိနေခဲ့တယ်၊ သူက ကြယ်ပြာဂြိုဟ်မှာပဲ သေဖို့ထိုင်စောင့် မနေချင်ခဲ့ဘူး၊ ဒါပင်မဲ့ အဲ့ဒီမျိုးဆက်ကို ဦးဆောင်ပြီးတော့ စစ်ပွဲကို သွားခဲ့ကြတယ် “
“ သူတို့က တစ်ခြား စကြာဝဠာဆီကို သွားခဲ့ပြီးတော့ ကမ္ဘာ့ကြယ်သားတွေနဲ့ တိုက်ခိုက်ခဲ့တယ်၊ အဲ့မှာ ဆုံးသွားပြီးတော့ အဲ့မှာပဲ မြေမြှုပ်ခံလိုက်ရတယ် “
ရှုကျိုး၏ နှလုံးသားပင် လှုပ်ခါသွားခဲ့သည်။
အဆိုပါ မျိုးဆက်သည် အမိမြေကို စွန့်ခွာ၍ တိုင်းတစ်ပါးမှ တိုက်ပွဲထဲတွင်သာ သေဆုံးသွားခဲ့ကြသည်။
သူတို့သည် သူတို့၏မျိုးဆက်ရှိ ပထမအဆင့်မှ အဌမအဆင့် လူများကြားထဲတွင် ပြိုင်ဘက်ကင်းကြသူများဖြစ်ပြီး၊ အဆင့်ကျော်တိုက်ခိုက်နိုင်ကြသူများ ဖြစ်သည်။
သူတို့သည် တိုင်းတစ်ပါးမှ တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့ပြီး၊ သူတို့၏ ပြိုင်ဘက်ကင်း ဂုဏ်ပုဒ်ကိုသာ ဆက်လက်ထိန်းသိမ်းထားရန် ရွေးချယ်ခဲ့ကြသည်။
“ အဲ့ဒီနေ့တည်းက ကမ္ဘာ့ကြယ်က စစ်ပွဲအကြီးစားတွေကို မလုပ်လာကြတော့ဘူး “
ရှန့်ဝမ်ချန်းသည် စိတ်ခံစားချက်များဖြင့် ပျော့ပျော့ပျောင်းပျောင်း ပြောလာခဲ့သည် “ ကွမ်ဟန်က အကြီးစားတိုက်ပွဲတွေ မရှိပဲ အသေးစားတိုက်ပွဲတွေနဲ့ပဲ ငြိမ်းချမ်းနေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ “
သူသည် အဆုံးမဲ့ လွမ်းဆွတ်မှု၊ ဝမ်းနည်းမှုတို့နှင့်အတူ ရေရွတ်ပြောဆိုလာခဲ့သည်။
ထိုနေ့ကတည်းက ကမ္ဘာ့ကြယ်မှလူများ ကြောက်လန့်တုန်လှုပ်သွားခဲ့ကြသည်။
သူတို့သည် အရင်ဌာနမှူးကဲ့သို့သော လူများနှင့် ထပ်မံ၍ ရင်ဆိုင်ရသည်ကို ကြောက်လန့်နေသော အကြီးစားတိုက်ပွဲများကို ဆက်၍မဆင်နွှဲလာကြတော့ပေ။
ရှုကျိုးသည် အဆိုပါမျိုးဆက်များက ကမ္ဘာ့ကြယ်မှ လူများ ကြောက်လန့်သွားစေသည်အထိ မည်သည့်အရာများ ပြုလုပ်ခဲ့လဲဆိုသည်ကို မတွေးတောနိုင်ဖြစ်နေခဲ့သည်။
မည်ကဲ့သို့သော သတ္တိ၊ မည်ကဲ့သို့သော စိတ်ဓာတ်ဖြင့် ထိုကဲ့သို့သော ဆုံးဖြတ်ချက်မျိုးကို ချခဲ့ရသည်အထိ ဖြစ်သွားစေခဲ့သနည်း?
သူတို့၏ နောက်ဆုံးသော အခိုက်အတန့်ကို အသုံးပြုကာ ရန်သူ့နယ်မြေရှိရာ တစ်ခြားသော စကြာဝဠာတစ်ခုဆီသို့ ဝင်သွားခဲ့ကြပြီး၊ ကောင်းကင်နှင့် မြေပြင် လှုပ်ခတ်သွားစေ၍ သွေးမြစ်များ စီးဆင်းသွားစေကာ ကမ္ဘာ့ကြယ်မှ လူများက ကြယ်ပြာဂြိုဟ်ကို စစ်မကြေညာရဲစေတော့သည်အထိ တိုက်ခိုက်ခဲ့ကြသည်။
အဆုံး၌ သူတို့သည် ထိုနေရာမှာပင် အိပ်စက်အနားယူသွားခဲ့ကြသည်။
“ အရင်ဌာနမှူး၊ သူ့နာမည်က ဘာလဲဗျ? “ ရှုကျိုးမှ မေးမြန်းလိုက်သည်။
“ သူ့နာမည်ကို ဘယ်သူကမှ မသိကြဘူး၊ ငါတို့က သူက အစစ်အမှန် သိုင်းပညာဌာနရဲ့ ဌာနမှူးဖြစ်ခဲ့ဖူးတယ်ဆိုတာကိုပဲ သိကြတယ် “ ရှန့်ဝမ်ချန်းမှ ပြောပြလာခဲ့သည်။
ရှုကျိုး တုန်လှုပ်သွားတော့သည်။
ထိုကဲ့သို့သော အောင်မြင်မှုများကို ဆွတ်ခူးပေးသည့် လူတစ်ဦး၊ သို့သော် လူသားမျိုးနွယ်ရှိ မည်သူကမှ သူ၏အမည်ကို မသိကြပေ။
ရှန့်ဝမ်ချန်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ အမှန်တိုင်းပြောရမည်ဆိုပါက ထိုခေတ်က လူများထံတွင် အမည်များ မရှိကြဘဲ ကုဒ်နံပါတ်များသာ ရှိခဲ့ကြသည်။
အကြီးအကဲယွင်ကဲ့သို့ပင် သူသည် ယခုလက်ရှိအချိန်အထိ အကြီးအကဲယွင်၏ အမည်အစစ်ကို မသိသေးပေ။
လူသားမျိုးနွယ်စုသည် အစစ်အမှန် သိုင်းပညာဌာနသည် အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းခြင်း၊ သူတို့၏ အံ့ဩဖွယ်ကောင်းသည့် မှတ်တမ်းများကိုသာ သိကြပြီး၊ သူတို့၏ မြင့်မားသော ပုံရိပ်များကို လေးစားနေခဲ့ကြသည်၊ သို့သော် သူတို့၏ အမည်များကိုမူ မည်သူကမှ မသိကြပေ။
ယခင်ဌာနမှူး၏ ပြောစကားများအရ သတ္တဝါအားလုံးအတွက် လမ်းဖွင့်ပေးခဲ့သူများ၏ အမည်ကို မည်သူမှ သိစရာ မလိုအပ်ပေ။
သူတို့၏ အမည်များကို မည်သူမှ မသိကြသော်လည်း၊ သူတို့၏ လုပ်ရပ်များကိုမူ လူတိုင်းထာဝရမှတ်မိနေကြမည် ဖြစ်သည်။
ဘေးနားရှိ အကြီးအကဲယွင်သည် ယခင်က အကြောင်းအရာကို ပြန်ပြောလာခဲ့သည် “ ထာဝရအသက်လို့ ခေါ်ကြတဲ့ အစီအစဥ်က တကယ့်မသေမျိုးဘဝအဖြစ် သတ်မှတ်လိုက်လို့မရဘူး၊ အဲ့တာက သေခြင်းတရားကို နှောင့်နှေးစေရုံပဲ တတ်နိုင်တာ “
“ ချန်တုန်းအာရဲ့ စိတ်ဝိညာဥ်ခန္ဓာကိုယ်ကို ကောင်းကောင်း ထိန်းသိမ်းထားနိုင်ခဲ့ပင်မဲ့၊ အဲ့တာက မတည်မငြိမ်ဖြစ်နေတုန်းပဲ၊ သူမ၏ရဲ့ စိတ်ဝိညာဥ်ခန္ဓာကိုယ် ပျောက်ကွယ်သွားဖို့က သိပ်မကြာလောက်တော့ဘူး၊ အဲ့ဒီအချိန်ကျရင် သူမက အမှန်တကယ် သေသွားလိမ့်မယ် “
…
ယခင်ဌာနမှူး၏ တားမြစ်နယ်မြေထဲမှ ထွက်ခွာလာခဲ့ပြီးသည့်နောက်တွင် ရှုကျိုး၏ စိတ်နှလုံးသား လေးလံတင်းကြပ်နေခဲ့သည်။
သူသည် ယခင်ဌာနမှူး၏ မျိုးဆက်က ထိုမျှ သနားဖွယ်ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ၊ ငါတို့ကရော အဲ့လို အခြေအနေမျိုးနဲ့ ရင်ဆိုင်ရမှာလား?
သိပ်မကြာခင်မှာပင် ရှုကျိုးသည် ခေါင်းတခါခါဖြင့် အိမ်သို့ ဦးတည်သွားတော့သည်။
…
တားမြစ်နယ်မြေ၏ ဝင်ပေါက်၌
အကြီးအကဲယွင်သည် ဂိတ်ပေါက်ဝရှိ ထိုင်ခုံပေါ်တွင် ထိုင်ကာ စားပွဲကို အသာအယာ ခေါက်၍ မျက်လုံးများ မှိတ်ထားခဲ့သည်။
ဘေးနားရှိ ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်ကာ ရုတ်တရက် စကားပြောလာခဲ့သည် “ အကြီးအကဲယွင်၊ အကြီးအကဲဆီမှာရော အချိန်ဘယ်လောက်ကျန်သေးလဲ? “
“ တစ်နှစ်လောက်ပေါ့ “
အကြီးအကဲယွင်မှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။
ရှန့်ဝမ်ချန်း၏ အမူအရာသည် အနည်းငယ် တင်းကြပ်သွားခဲ့သည်၊ သူသည် အကြီးအကဲယွင်ကို စိုက်ကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် သက်ပြင်းတချချ ဖြစ်သွားတော့သည်။
“ တစ်နှစ်ပဲ ကျန်တော့တယ် “
အကြီးအကဲယွင်သည် အသာအယာခေါင်းငြိမ့်၍ အေးအေးဆေးဆေး ပြောလာခဲ့သည် “ ငါ့ကိုယ်ထဲမှာရှိတဲ့ ထာဝရအသက်ရဲ့ အကျိုးသက်ရောက်မှုက ကုန်လုနီးပါးဖြစ်နေပြီ၊ ငါမသေခင်အချိန်မှာ ကမ္ဘာ့ကြယ်ကို သွားရမယ်။ အဲ့ဒီအချိန်ကျရင် ဒီနေရာကို မင်းလက်ထဲ လွှဲပေးခဲ့ရမယ် “
ရှန့်ဝမ်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့ပြီး၊ အခိုင်အမာ ပြောဆိုလာခဲ့သည် “ အကြီးအကဲယွင်၊ ကြယ်ပြာမှာပဲ အေးအေးချမ်းချမ်း ဆက်နေပါ “
……………………………………………………………………………………………………………………………
အပိုင်း ( 240 )
သတ္တဝါတိုင်းအတွက် လမ်းဖွင့်ပေးခဲ့သော အမည်မသိ ပုဂ္ဂိုလ်များ ၃
“ ဟားဟား “
အကြီးအကဲယွင်သည် တဟားဟား ရယ်မောသွားခဲ့ပြီး၊ သူ၏မျက်လုံးများထဲတွင် စိတ်ပိုင်းဖြတ်ထားမှု အရိပ်အငွေ့များ ရှိနေခဲ့သည် “ ငါလည်း အဲ့ဒီတုန်းကလိုပဲ တွေးထားတယ်၊ ဒါပင်မဲ့ ဒီနှစ်၅၀အတွင်းမှာ အဲ့ဒီ ဆုံးဖြတ်ချက်အတွက် နောင်တရမိတယ်။ အခုတော့ ဟိုအရင်အချိန်တွေထဲက လုပ်သင့်အရာကို လုပ်လို့ရပြီ “
သူသည် အကြောများ ဆန့်လိုက်သည်၊ ထိုအချိန်၌ ၎င်းတို့အား ဖျော့တော့စွာ ဖောက်ထွင်းမြင်နေခဲ့ရသည်။
ရှန့်ဝမ်ချန်းသည် သူ့ကို ကြည့်ကာ စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
ထိုအချိန်က အကြီးအကဲယွင်သည် ကမ္ဘာ့ကြယ်သို့ မသွားခဲ့ဘဲ၊ ကြယ်ပြာဂြိုဟ်တွင်သာ ဆက်နေ၍ ထာဝရအသက် အစီအစဥ်တွင် ပါဝင်ရန် ရွေးချယ်ခဲ့သည်။
သူသည် စိတ်ဝိညာဥ်ခန္ဓာကိုယ်ပုံစံဖြင့် ရှင်သန်နိုင်ခဲ့ကာ ယခုအချိန်အထိ တောင့်ခံနိုင်ခဲ့သည်။
သို့သော် အဆိုပါ ထာဝရ အသက်အစီအစဥ်မှာ မပြီးဆုံးသေးသည့် အစီအစဥ်တစ်ခုဖြစ်သောကြောင့် အကြီးအကဲယွင်၏ အခြေအနေသည် တစ်နေ့တစ်ခြား ဆုတ်လျော့လာခဲ့သည်။
“ တုန်းအာကရော …… “
ရှန့်ဝမ်ချန်းသည် မနေနိုင်တော့ဘဲ ချန်တုန်းအာဆိုသည့် မိန်းမငယ်လေးအကြောင်းကို ထုတ်ပြောလာခဲ့သည်၊ သူမက အကြီးအကဲယွင်၏ မြေးမလေးဖြစ်သည်ဆိုသည်ကို လူအနည်းစုကသာလျှင် သိထားကြသည်။
အကြီးအကဲယွင်သည် တဟားဟား ရယ်မော၍ပြောလာခဲ့သည် “ ငါ့ကိုယ်ထဲက အင်မော်တယ် ပစ္စည်းတစ်ချို့က အကောင်းအတိုင်း ရှိနေသေးတယ်၊ အချိန်ကျရင် အဲ့တာတွေကို သူမဆီကို ပေးလိုက်ပေါ့ “
ရှန့်ဝမ်ချန်းသည် တစ်ခဏခန့် ငြိမ်သက်သွားပြီး၊ တိတ်တဆိတ် သက်ပြင်းချနေတော့သည်။
နှမြောစရာပဲ၊ တကယ်လို့ အဲ့ဒီနှစ်တွေတုန်းက ထာဝရအသက် အစီအစဥ်ကိုသာ အပြီးသတ်နိုင်ခဲ့မယ်ဆိုရင် အကြီးအကဲယွင်က ဆယ်စုနှစ်ပေါင်းများစွာ ထပ်နေနိုင်ဦးမှာ။
သို့သော် …….
ယနေ့ခေတ်၌ အစစ်အမှန် သိုင်းပညာဌာနထံတွင် အဆိုပါ အစီအစဥ်ကို ပြီးဆုံးအောင် လုပ်နိုင်မည့် အရင်းအမြစ် မရှိတော့ပေ။
၎င်းမှာ ငွေကြေးပြတ်လပ်နေသည့် ကိစ္စ မဟုတ်ပေ။
အဆိုပါ အစီအစဥ်သည် ပညာရှင်များစွာ ပါဝင်ပေးရန် လိုအပ်သည်၊ သို့သော် ယခုလက်ရှိ အစစ်အမှန် သိုင်းပညာဌာနသည် ဆက်လက်ကျန်ရှိရန်အတွက်ပင် ရုန်းကန်နေရသည့် အခြေအနေသို့ ရောက်ရှိနေခဲ့သောကြောင့် ထိုကဲ့သို့ ပြုလုပ်ရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။
“ ပြိုင်ပွဲက တစ်လအတွင်းမှာပဲ ………….. “ ရှန့်ဝမ်ချန်းမှ ရေရွတ်ပြောဆိုနေတော့သည်။
အစစ်အမှန် သိုင်းပညာဌာနသော်လည်းကောင်း၊ နတ်သိုင်းဌာနသော်လည်းကောင်း၊ အခြေအနေများ ပြောင်းလဲသွားရန်မှာ တစ်လအကြာတွင် ပြုလုပ်မည့် တိုက်ပွဲအပေါ်တွင် မူတည်နေလျက်ရှိသည်။
တစ်ချို့သော အကြောင်းပြချက်များကြောင့် ရှန့်ဝမ်ချန်းသည် စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
“ နတ်သိုင်းဌာနက လှည့်ကွက်တွေ ထပ်သုံးလာဦးမှာလား? “ ရှန့်ဝမ်ချန်းသည် တစ်ကိုယ်တည်း တွေးတောပြောဆိုနေတော့သည်။
သူသည် နတ်သိုင်းဌာနက လူတစ်ချို့က တိုက်ပွဲကို အနိုင်ရရန်အတွက် မည်သည့်တန်ဖိုးကိုမဆို ပေးချေလာကြလိမ့်မည်ဟု သိနေခဲ့သည်။
…
စံအိမ်အတွင်း၌
ရှုကျိုးသည် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
သူသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်ကာ ကြည့်လိုက်သည်။
အိမ်ရှင် : ရှုကျိုး
ချီ-သွေး : ၁၀၂၀.၅ ကယ်လိုရီ
စိတ်ဝိညာဥ်စွမ်းအား : 55 Hz
ကိုယ်ပွား : မသေမျိုးနတ်နဂါးသားရဲ
အဆင့် : ပထမအဆင့် အဆင့်၈ ( ၆၀% )
အသားတင် အလေးချိန် : ၅၃၂၈.၅ ကီလိုဂရမ်
စွမ်းရည် : နေ့စဥ် ကီလိုဂရမ် ၃၀၀ရရှိခြင်း ( အကန့်အသတ် )၊ အရာအားလုံးကို ဝါးမျိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း( ac )၊ ခုန်ဆင်းခြင်း( pas )၊ ဟင်းလင်းပြင်၊ အင်မော်တယ်
ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ကုဗမီတာ ၁သန်း
…
“ နောက်ဆုံးတစ်ခေါက်တုန်းက ချီ-သွေးစွမ်းအား ၃၅ ကယ်လိုရီ တိုးတက်လာခဲ့တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေခဲ့သည် “ အခုဆိုရင် ငါ့ရဲ့ ချီ-သွေးက ၁၀၀၀ဆိုတဲ့ မှတ်တိုင်ကို ကျော်သွားခဲ့ပြီ “
၁၀၀၀ ကယ်လိုရီဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း?
အစောပိုင်း ဒုတိယအဆင့် ပညာရှင် အနည်းငယ်ကသာလျှင် ချီ-သွေး ၁၀၀၀ကယ်လိုရီ ကျော်လွန်သည်အထိ ရောက်ရှိနိုင်ကြသည်။
တစ်နည်းဆိုရသော် ရှုကျိုးသည် Aအဆင့် စွမ်းရည်ပိုင်ရှင် အစောပိုင်း ဒုတိယအဆင့် ပညာရှင်များနှင့် ယှဥ်တိုက်နေနိုင်ပြီဟု ဆိုလိုနေခြင်းပင်ဖြစ်သည်။
ရှုကျိုးသည် အချိန်ကိုကြည့်လိုက်သည် “ ပြိုင်ပွဲမစခင် အချိန် တစ်လကျော် ကျန်နေသေးတယ်၊ ကျင့်ကြံရမယ် “
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် ဖြစ်ပေါ်လာမည့် ပြိုင်ပွဲအတွက် မည်သည့်ဖိအားကိုမှ ခံစားမနေရပေ။
အဘယ့်ကြောင့်ဆိုသော် သူသည် ပထမအဆင့်နယ်ပယ်မှ ပြိုင်ဘက်အားလုံးကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိနေသောကြောင့် ဖြစ်သည်။
သို့ရာ၌ လုံခြုံဘေးကင်းရေးအတွက် သူသည် ပြိုင်ပွဲမစခင် အချိန်တွင် သွေးကြောမှတ် ၁၈၀ကို ဖွင့်လှစ်ရန် စီစဥ်ထားခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ဖြစ်လာခဲ့ပါက နတ်သိုင်းဌာနမှ မည်သည့်လှည့်ကွက်မျိုးကိုပင် ကစားလာခဲ့ပါစေ၊ သူသည် ထိုလူအားလုံးကို ဖိနှိပ်၍ အနိုင်ယူနိုင်မည် ဖြစ်သည်။
အကယ်၍ ဒုတိယအဆင့်နယ်ပယ်တို့၏ တိုက်ပွဲတွင် အလွဲလွဲ အချော်ချော်ဖြစ်ခဲ့မည်ဆိုလျှင်တောင်မှ ရှုကျိုးသည် ကြားဝင်နိုင်လိမ့်မည် ဖြစ်သည်။
ရှုကျိုးသည် ၎င်းကို တွေးမိသွားသောအခါတွင် မနေနိုင်တော့ဘဲ ပြုံးမိသွားခဲ့သည်။
သူသည် အတော်လေးအတင့်ရဲနေခဲ့ပြီး၊ ဒုတိယအဆင့်သို့ မရောက်သေးသော်လည်း၊ ဒုတိယအဆင့်နယ်ပယ်၏ အထွတ်အထိပ်တိုက်ခိုက်ရေး စွမ်းအားအကြောင်းကိုပင် စဥ်းစားနေခဲ့သည်။
အကယ်၍ ထိုအတိုင်းသာ ဖြစ်နေခဲ့မည်ဆိုပါက နတ်သိုင်းဌာနသည် ဆက်လက်၍ တည်ရှိနေတော့မည် မဟုတ်ပေ။
သို့သော် မကြာခင်မှာပင် ရှုကျိုး၏ အပြုံးပျောက်ကွယ်သွားခဲ့သည်။
အခုဆိုရင် ငါက အစောပိုင်း ဒုတိယအဆင့် ပညာရှင်တစ်ယောက်ရဲ့ စွမ်းအားမျိုး ပိုင်ဆိုင်ထားပြီလေ။
သွေးကြောမှတ် ၁၈၀လုံး ဖွင့်ပြီးသွားတာနဲ့ ဒုတိယအဆင့် အထွတ်အထိပ် ပညာရှင်ရဲ့ စွမ်းအားမျိုး ဘာလို့မရနိုင်ရမှာလဲ?
“ ငါက သွေးကြောမှတ် ၁၈၀လုံးကို ဖွင့်နိုင်ခဲ့တဲ့ အချိန်ကျရင် Sအဆင့် စွမ်းရည်ပိုင်ရှင် ဒုတိယအဆင့် ပညာရှင်တွေနဲ့ ယှဥ်နိုင်မှာလားဆိုတာကို သိချင်မိတယ် “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။
မကြာခင်မှာပင် သူသည် တွေးတောနေခြင်းကို ရပ်တန့်ကာ စတင်၍ ကျင့်ကြံနေတော့သည်။
သူ၏ ယခုလက်ရှိ ရည်မှန်းချက်သည် သွေးကြောမှတ် ၁၈၀ကို တတ်နိုင်သမျှ အမြန်ဆုံး ဖွင့်လှစ်ရန်ပင် ဖြစ်သည်။
…
နတ်ဆိုးတစ်ထောင်လှိုဏ်ဂူ၌
မသေမျိုးနတ်နဂါးသားရဲသည် ရွှေရောင်တောက်နေသည့် ခန္ဓာကိုယ်ဖြင့် ဒုတိယအဆင့် ရွှေခြသေ့်ကြီး၏ အလောင်းနားသို့ ချဥ်းကပ်သွားသည်။
“ ဂျွတ် ဂျွတ် ~~ “
မသေမျိုးနတ်နဂါးကြီး၏ တစ်နေ့တာ စားသောက်မှု စတင်နေပြီဖြစ်သည်။
ယခု၌ ၎င်းသည် ကီလိုဂရမ် ၅၀၀နီးပါးရှိသည့် အစာများကို နေ့စဥ်စားသောက်နေနိုင်ပြီဖြစ်သည်။
၎င်း၏ အရှေ့ရှိ ခြသေ့်ကြီးကမူ အကြိမ်အနည်းငယ်မျှ စားသောက်ရန်အတွက်သာ လုံလောက်ပေသည်။
ဒီခြသေ့်ကို ကုန်အောင် စားပြီးသွားရင် အတွင်းပိုင်းနယ်မြေထဲကို သွားရမယ် “ မသေမျိုးနတ်နဂါးသားရဲကြီးမှ ရေရွတ်ပြောဆိုနေခဲ့သည်။
ယခုတွင် ၎င်းသည် မသေမျိုးနတ်နဂါးသားရဲအဖြစ် ဆင့်ကဲပြောင်းလဲသွားပြီး၊ ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးထံမှ အင်မော်တယ် အငွေ့အသက်များ ထုတ်လွှင့်နေလျက်ရှိသည်။
ဒုတိယအဆင့်နယ်ပယ်မှ အစွမ်းထက် သားရဲများကပင် ၎င်းကို အပြင်းအထန် ဒဏ်ရာရရှိသွားအောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
တတိယအဆင့် သားရဲနှင့်မတွေ့မချင်း၊ မသေမျိုးနတ်နဂါးကြီးသည် ၎င်းတို့ကို ကိုင်တွယ်နိုင်မည် ဖြစ်သည်။
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အတွင်းပိုင်းနယ်မြေထဲတွင်ဆိုလျှင်တောင်မှ တတိယအဆင့် ဗီဇပြောင်းသားရဲများသည် ရှားပါးသည့် တည်ရှိမှုဖြစ်ပြီး၊ အသေအချာ ဂရုစိုက်နေသရွေ့၊ ၎င်းတို့ကို ရှောင်ရှားနိုင်လိမ့်မည် ဖြစ်သည်။
…
ရှုကျိုးဘက်၌ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားခဲ့သည်။
ဟူးး !!
သူမှ လက်ဆန့်ထုတ်လိုက်ရာ သူ့အရှေ့ရှိ လေထု စုတ်ပြဲသွားပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် နက်ရှိုင်းသော တွင်းပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် !!
ရှုကျိုးသည် အဆိုပါ တွင်းပေါက်ထဲသို့ ဉာဏ်အလင်းဆေးပုလင်းတစ်လုံး ပစ်သွင်းလိုက်ပြီး တွင်းပေါက်ကို ပိတ်လိုက်သည်။
ထိုအချိန်တွင်
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏မိုင်ပေါင်းများစွာ ဝေးကွာသော နေရာတစ်ခု၌
မသေမျိုးနတ်နဂါးသားရဲကြီး၏ စိတ်များ လှုပ်ခတ်သွားခဲ့ပြီး၊ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ကို အလိုအလျောက် ဆွဲဖွင့်မိသွားခဲ့သည်။
မိနစ်အနည်းငယ်မျှ ကြာခဲ့ပြီးသည့်နောက်၌
ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ် ထပ်ပွင့်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ပုလင်းတစ်လုံးပါလာခဲ့သည်။
မသေမျိုးနတ်နဂါးသားရဲကြီးသည် ကိုယ်ပိုင်ဟင်းလင်ပြင် နေရာလွတ်ထဲမှ ဆေးပုလင်းကို ဆွဲထုတ်လိုက်သည်။
“ ဟင်းလင်းပြင် စွမ်းရည်ရှိတာက တကယ်ကောင်းတာပဲ “ မသေမျိုးနတ်နဂါးသားရဲကြီးသည် ရေရွတ်ပြောဆိုနေကာ မူလကနဦး ဆုံးဖြတ်ချက်အတွက် အတော်လေးကျေနပ်သွားခဲ့သည်။
ဟင်းလင်းပြင်စွမ်းရည်သာ မရလာခဲ့ပါက မိုင်ထောင်ပေါင်းများစွာ ကွာဝေးနေသည့် မူလကိုယ်နှင့် ကိုယ်ပွားတို့ကြားတွင် ဤကဲ့သို့ ပစ္စည်းများ ပေးပို့နိုင်လိမ့်မည် မဟုတ်ပေ။
“ ဒီဉာဏ်အလင်းဆေးတွေကို စားလိုက်ရင် မူလကိုယ်ဆီကို အကျိုးအမြတ်တွေ ပြန်ရောက်သွားမှာလား? “
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် မသေမျိုးနတ်နဂါးကြီးသည် ဆေးပုလင်းကို ဖွင့်ကာ ဉာဏ်အလင်းဆေးတစ်လုံးကို ထုတ်ယူ၍ မျိုချလိုက်သည်။
“ ဂလု ~~~~ “
ဉာဏ်အလင်းဆေးက ၎င်း၏ ဝမ်းဗိုက်ထဲသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် သန့်စင်သော စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။
ဉာဏ်အလင်းဆေး၏ သန့်စင်သော စွမ်းအားများသည် မသေမျိုးနတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်အနှံ့ပျံ့နှံ့သွားခဲ့ပြီး၊ ၎င်း၏ သွေးကြောမှတ်များကို အားဖြည့်ပေးနေတော့သည်။
ထိုအချိန်၌ ရှုကျိုးသည် စံအိမ်ထဲတွင် တိတ်တဆိတ် စောင့်ဆိုင်းနေလျက်ရှိသည်။
မိနစ်နှစ်ဆယ်ခန့်ကြာခဲ့ပြီးသည့်နောက်တွင် သူ၏ခန္ဓာကိုယ် တုန်ရင်သွားခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဟတုန်ထိုးတိုးဝင်လာခဲ့သည်။
“ ဒါက ဘာကြီးလဲဟ? “ ရှုကျိုး ဇဝေဇဝါ ဖြစ်သွားတော့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အလောတကြီး တင်ပျဥ်ခွေထိုင်ကာ၊ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို စတင်၍ အသက်သွင်းလိုက်သည်။
“ ဗွီ !! “
သူ၏ခန္ဓာကိုယ်ထဲရှိ တစ်ဝက်ပိတ်ဆို့နေသည့် သွေးကြောမှတ်များက ချက်ချင်း တုံ့ပြန်လာကြပြီး၊ တောက်ပလာခဲ့ကာ ပွင့်လုနိုးနိုး ဖြစ်သွားခဲ့သည်။
သို့ရာ၌ လျှို့ဝှက်ဆန်းကြယ်သော အဆိုပါ စွမ်းအားသည် အလွန်နည်းပါးလွန်းနေခဲ့ပြီး၊ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်၌ သွေးကြောမှတ်များသည် ထပ်မံ၍ ပိတ်ဆို့လုနီးပါး ပြန်ဖြစ်သွားခဲ့သည်။
မသေမျိုးနတ်နဂါးသားရဲကြီးသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ၎င်း၏ ပါးစပ်ကို ကျယ်ကျယ်ဟပြီး၊ ပုလင်းထဲရှိ ဉာဏ်အလင်းဆေးအားလုံးကို တစ်ပြိုင်နက် မျိုချလိုက်သည်။
သန့်စင်သောစွမ်းအားများသည် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် အမြှောက်ဆံတစ်ခုကဲ့သို့ ပေါက်ထွက်လာခဲ့သည်။
တစ်ပြိုင်နက်ဆိုသလိုပင် ရှုကျိုး၏ မူလကိုယ်ထံတွင်လည်း စူးရှရှပေါက်ကွဲသံတစ်ခုနှင့် အတူ အလင်းတန်းတစ်ခု ရုတ်တရက် တောက်ပလာခဲ့သည်။
ထိုအချိန်၌ ၉၃ခုမြောက် သွေးကြောမှတ်သည် အပြည့်အဝ ပွင့်ဟသွားခဲ့သည်။
“ ဆွစ်ရှ် !!! “
ရှုကျိုးသည် အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် မျက်လုံးများ ရုတ်တရက် ဖွင့်လာခဲ့သည်။
ယခင်က သူသည် ဉာဏ်အလင်းဆေးကို ချေဖျက်၍ သွေးကြောမှတ် တစ်ခုဖွင့်လှစ်ရန်အတွက် အနိမ့်ဆုံးအနေဖြင့် ၇နာရီမျှ အချိန်ယူခဲ့ရလေသည်။
သို့သော် ယခု၌ နာရီဝက်မပြည့်ခင် အချိန်မှာပင် ထိုကဲ့သို့ ပြုလုပ်နိုင်ခဲ့သည်။
၎င်းမှာ သူက ရက်အနည်းငယ် အတွင်းတွင် သွေးကြောမှတ် ၁၈၀လုံးကို ဖွင့်လှစ်ကာ ဒုတိယအဆင့်သို့ တက်လှမ်းသွားနိုင်သည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
………………………………………………………………………………………………………………………..