ဒုတိယအဆင့်သို့ ထိုးဖောက်ခြင်း၊ သွေးကြောမှတ် ၁၈၀ !!! ၂
Vol. 17 Ch. 245
တစ်ခြားသော ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် ကျောက်ဟုန်ယုမှလည်း ဝင်ရောက် ပြောဆိုလာခဲ့သည် “ အဲ့ဒီဝမ်ချောင်ခုန်းက ငါတို့ကျောင်းက လင်းရွှယ်ထပ်တောင် ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်။ သူက သွေးကြောမှတ် ၁၆၀လုံးကို ဖွင့်ထားတယ်၊ တော်တော်အားကောင်းတဲ့ ပြိုင်ဘက်ပဲ “
“ သူက ငါတို့မျိုးဆက်ထဲမှာ ပထမအဆင့် နယ်ပယ်ရဲ့ အကန့်အသတ်ကို ရောက်ခဲ့တဲ့ လူနှစ်ယောက်ထဲက တစ်ယောက်ပဲ “
“ နှစ်ယောက်လား? “ ရှုကျိုး၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည် “ နောက်တစ်ယောက်က ဘယ်သူလဲ? “
“ နောက်တစ်ယောက်က ယန်တျန်ဒုံပဲ၊ သူကလည်း တော်ဝင်သိုင်းပညာ တက္ကသိုလ်ပဲ၊ ဒါပင်မဲ့ သူက ဒုတိယအဆင့်ကို ရောက်နေပြီ၊ အဲ့တော့ ငါတို့က အဲ့ကိစ္စကို စိုးရိမ်ပူပန်နေဖို့ မလိုဘူး “
ရှုကျိုးမှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ကြည့်ရတာတော့ တော်ဝင်သိုင်းပညာ တက္ကသိုလ်မှာလည်း သူတို့ရဲ့ ဝှက်ဖဲလေးတွေ ရှိနေတဲ့ပုံပဲ။
ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရှိ ဤမျိုးဆက်၏ ပထမအဆင့် နယ်ပယ်ရှိ အမြင့်ဆုံးသော အဆင့်မှာ သွေးကြောမှတ် ၁၅၉ခု ဖြစ်သည်။
တော်ဝင်သိုင်းပညာ တက္ကသိုလ်တွင်မူ သွေးကြောမှတ် ၁၆၀တိတိ ဖွင့်ထားသော ပါရမီရှင်နှစ်ဦးအထိ ရှိနေခဲ့သည်။
ကျောက်ဟုန်ယုမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ရှုကျိုး၊ ငါတို့တွေထဲမှာ နင်တစ်ယောက်တည်းကပဲ သူ့ကို ယှဥ်နိုင်မှာ။ နင်ဂရုစိုက်မှ ဖြစ်မယ် “
သူမ၏အကြည့်ထဲတွင် စိုးရိမ်ပူပန်မှုများ ပါဝင်နေခဲ့သည်။
သူမသည် ရှုကျိုးက အလွန်အစွမ်းထက်သည်ဆိုသည်ကို သိနေခဲ့သော်လည်း၊ ဝမ်ချောင်ခုန်းကမူ လူတိုင်းက မကျော်ဖြတ်နိုင်သည့် မြင့်မားသော တောင်တန်းကြီးတစ်ခုကဲ့သို့ အချိန်အတော်ကြာ ကျော်ကြားနေခဲ့လေသည်။
သွေးကြောမှတ် ၁၆၀အထိ ရောက်ရှိရန်မှာ မည်မျှ ခက်ခဲလှသနည်း?
လင်းရွှယ်ကဲ့သို့သော ထူးထူးခြားခြား ပါရမီရှိသည့် လူတစ်ဦးကပင် သွေးကြောမှတ် ၁၅၉ခုတွင် ပိတ်မိနေခဲ့သည်။
သွေးကြောမှတ် ၁၅၉ခု ဖွင့်ထားသော လင်းရွှယ်သည် သွေးကြောမှတ် ၁၅၈ခု ဖွင့်ထားသော လူတစ်ဦးကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်လေသည်။ ထို့အတူ သွေးကြောမှတ် ၁၆၀ဖွင့်ထားသည့် ဝမ်ချောင်ခုန်းမှာလည်း သူမကို တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်မည် ဖြစ်သည်။
ကျိုးယွမ်၊ ကျောက်ဟုန်ယုနှင့် တစ်ခြားလူများထံတွင် ဝမ်ချောင်ခုန်းကြောင့် ရရှိခဲ့သည့် စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းတစ်ခု ရှိနေခဲ့သည်။
“ စိတ်မပူပါနဲ့၊ အချိန်ကျလာရင် ကျွန်တော် သူ့ကို ကိုင်တွယ်လိုက်ပါ့မယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
လူတိုင်းမှာ ဝမ်ချောင်ခုန်းက မည်မျှ သန်မာအားကောင်းလဲဆိုသည်ကိုသာ ပြောဆိုနေကြသောကြောင့် သူသည်လည်း ထိုလူက မည်မျှ အစွမ်းထက်နေမလဲဆိုသည်ကို မြင်တွေ့ချင်လာတော့သည်၊ သူက ငါ့ရဲ့လက်သီးချက်ကို တောင့်ခံနိုင်မှာလား?
…
တစ်ခြားတစ်ဖက်၌
ရှန့်ဝမ်ချန်းသည် ချန်းရှင်ကို ခေါ်ကာ စကားပြောဆိုနေလျက်ရှိသည် “ မနက်ဖြန်ကျရင် တော်ဝင်သိုင်းပညာ တက္ကသိုလ်ရဲ့ နတ်သိုင်းဌာနက ယန်တျန်ဒုံက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်လာပြီးတော့ ပွဲကြို သွေးပူလေ့ကျင့်ခန်း လာလုပ်လိမ့်မယ် “
“ သူက မင်းအတွက်လာတာထင်တယ်၊ သူနဲ့ ထိပ်တိုက်မတွေ့တာက အကောင်းဆုံးပဲ “
ချန်းရှင် မှင်သက်သွားတော့သည် “ ယန်တျန်ဒုံလား? “
ရှန့်ဝမ်ချန်းမှ ခေါင်းငြိမ့်ပြကာ ဆက်ပြောလာခဲ့သည် “ အရင်က နိုင်ငံတော်အဆင့် ပြိုင်ပွဲရဲ့ ပထမအဆင့်နယ်ပယ်မှာ ပထမရခဲ့သူပဲ၊ ဒါပင်မဲ့ ဒုတိယအဆင့်ကို ရောက်သွားပြီးတဲ့နောက်မှာတော့ သူက လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တယ် “
“ ဒါပင်မဲ့ သူက သူ့ရဲ့စွမ်းအားကို ဖုံးကွယ်ထားတယ်လို့ ငါသံသရှိတယ်၊ သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက ရိုးရှင်းနေမှာ မဟုတ်ဘူး “
“ သူစောစောရောက်လာတာက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဒုတိယအဆင့်နယ်ပယ်က ဝှက်ဖဲတွေကို စုံစမ်းဖို့ပဲ ဖြစ်သင့်တယ် “
ရှ့န်ဝမ်ချန်းမှ လေးလေးနက်နက် ပြောလာခဲ့သည် “ ချန်းရှင်၊ မင်းက ဒုတိယအဆင့်နယ်ပယ်မှာ အစွမ်းဆုံးပဲ၊ မလိုအပ်ဘူးဆိုရင် လုံးဝထိပ်တိုက်မတွေ့နဲ့၊ ဝှက်ဖဲတွေ ပေါ်သွားမှာကို ရှောင်ရှားပါ “
“ ဟုတ်၊ နားလည်ပါပြီ “ ချန်းရှင်မှ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။
ဌာနမှူးထွက်သွားသည့်နောက်တွင် ချန်းရှင်သည် ရှုကျိုးထံသို့ လမ်းလျှောက်လာခဲ့သည်။
“ ဂျူနီယာမောင်လေး “
ချန်းရှင်၏ ကြည်လင်ကာ စိတ်ကျေနပ်ဖွယ်ကောင်းသည့် အသံလေးထွက်ပေါ်လာခဲ့သည် “ နင့်ရဲ့ ခြေလှမ်းသိုင်းက စတုတ္ထအဆင့်ကို ရောက်သွားလောက်ပြီလေ၊ ဟုတ်တယ်မလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ မနက်ကပဲ အဆင့်တက်ထားတာပါ “
ချန်းရှင်မှ ချိုသာစွာ ပြောလာခဲ့သည် “ နင်ရဲ့ နားလည်နိုင်စွမ်းက တကယ်ကောင်းတာပဲ၊ နင်က စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး နည်းစနစ်တစ်ခုကို လေ့ကျင့်သင့်တယ် “
“ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး နည်းစနစ်လား? “ ရှုကျိုးသည် ထိုကဲ့သို့သော စကားလုံးမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြားလိုက်ရသည့်အတွက် အံ့ဩသွားခဲ့သည်။
ချန်းရှင်မှ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ အဲ့တာက စိတ်ဝိညာဥ်စွမ်းအားကို တိုက်ခိုက်ရေး နည်းလမ်းအဖြစ် ပြောင်းလဲပေးတဲ့ တိုက်ခိုက်ရေး နည်းစနစ်တစ်ခုပဲ။ တစ်ခါလေ့ကျင့်ပြီးသွားတာနဲ့ နင်က ပြိုင်ဘက်ကို စိတ်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေ လုပ်နိုင်ပြီးတော့ တိုက်ပွဲထဲမှာ မထင်မှတ်ထားတဲ့ ရလဒ်တွေ ဖြစ်ပေါ်စေလာနိုင်တယ် “
သူမ၏ လှပသော မျက်လုံးလေးများဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ တကယ်လို့ ငါသာ မမှားဆိုရင် နင့်ရဲ့ စိတ်ဝိညာဥ်စွမ်းအားက တော်တော်ကြီးကို မြင့်နေသင့်တယ်လေ၊ ဟုတ်တယ်မလား? “
ရှုကျိုးမှ တအံ့တဩဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ နားလည်နိုင်စွမ်း ကောင်းတဲ့လူတွေဆီမှာ အားကောင်းတဲ့ စိတ်ဝိညာဥ်စွမ်းအားတွေ ရှိတတ်ကြတယ် “
ပြောရင်းဆိုရင်းဖြင့် သူမသည် စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်သည် “ ဒါက ငါလေ့ကျင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ကျင့်ကြံရေး နည်းစနစ်ပဲ။ တကယ်လို့ သိချင်တယ်ဆိုရင် နင်ကြည့်ကြည့်လို့ရတယ် “
“ ကျေးဇူးတင်ပါတယ်၊ စီနီယာအစ်မ “
ရှုကျိုးသည် ၎င်းကို လက်ခံလိုက်သည်။
ယခု၌ သူသည် ချန်းရှင်နှင့် ဝေးကွာမနေတော့ဘဲ၊ ချန်းရှင်က ပြိုင်ပွဲကို အနိုင်ရရန် စိတ်ပိုင်းဖြတ်ထားသည်ဆိုသည်ကို နားလည်သွားခဲ့သည်။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ချန်းရှင်က လနတ်ဘုရားဂိုဏ်း၏ အကိုင်းအခက်အား ရှင်းပစ်မည့် အကြောင်းကို ကြိုတင်သိရှိထားသည်ဟု သံသယဖြစ်သွားခဲ့သည်။
သူမ၏ အမုန်းတရားများကြောင့် အဆိုပါမစ်ရှင်ကို အရယူချင်နေသောကြောင့်၊ သူမသည် ပြိုင်ပွဲကို အနိုင်ရရန်အတွက် ဤမျှလောက် စိတ်အားထက်သန်နေခြင်းပင် ဖြစ်သည်။
သို့သော် ရှုကျိုးသည် ၎င်းတို့ကို ထုတ်မပြောလိုက်ပေ “ စီနီယာအစ်မ၊ ကျွန်တော် ပြန်ပြီး လေ့ကျင့်တော့မယ်နော် “
“ အင်း၊ သွားလေ “
…
စံအိမ်အတွင်း၌
ရှုကျိုးသည် မျှော်လင့်တကြီး ဖြစ်နေသည့် အမူအရာဖြင့် ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။
ဗွီ၊ ဗွီ၊ ဗွီ !!!
ချက်ချင်းဆိုသလိုပင် သူ့ခန္ဓာကိုယ်တွင်းရှိ သွေးကြောမှတ်များ တောက်ပလာခဲ့သည်။
သွေးကြောမှတ် စုစုပေါင်း ၁၈၀ရှိသည့်အနက်တွင် ၁၇၅ခုသည် အပြည့်အဝ ပွင့်ဟနေပြီဖြစ်ပြီး၊ ဖျော့တော့သော အလင်းတန်းများကို ထုတ်လွှတ်နေခဲ့သည်။
“ အခုဆိုရင် သွေးကြောမှတ် ၅ခုပဲ ကျန်တော့တယ် “
ရှုကျိုး၏ မျက်နှာပေါတွင် မျှော်လင့်တကြီးဖြစ်နေသည့် အမူအရာတစ်ခု ရှိနေခဲ့သည် “ သွေးကြောမှတ် ၁၈၀လုံး ဖွင့်ပြီးသွားတဲ့ အချိန်ကျရင် ငါက သွေးကြောမှတ် လည်ပတ်မှုကိုရော ဖွင့်နိုင်မှာလား? “
သူသည် သွေးကြောမှတ် လည်ပတ်မှုကို တောင့်တနေမိပြီဖြစ်သည်။
ဌာနမှူး၏ ပြောစကားများအရ သွေးကြောမှတ် လည်ပတ်မှု ပွင့်သွားသည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်သည် သိသိသာသာ ပြောင်းလဲသွားမည် ဖြစ်သည်။
အကယ်၍ အမြင့်ပိုင်း အဆင့်လမ်းကြောင်းကို တည်ဆောက်ခြင်းက မိုးမျှော်တိုက်တစ်ခု ဆောက်လုပ်ခြင်းနှင့် တူညီနေမည်ဆိုပါက သွေးကြောမှတ် လည်ပတ်မှုသည် အဆိုပါ မိုးမျှော်တိုက်၏ အခြေခံအုတ်မြစ် ဖြစ်နေလိမ့်မည် ဖြစ်သည်။
အဆိုပါ အုတ်မြစ်သာ မရှိဘူးဆိုပါက အမြင့်ပိုင်းအဆင့်များသို့ ရောက်သွားမည်ဆိုလျှင်တောင်မှ လေကြမ်းရုံဖြင့် ပြိုလဲသွားမည် ဖြစ်သည်။
“ ပြီးတော့ ကိုယ်ပွားကလည်း ဒုတိယအဆင့်ကို ရောက်တော့မယ် “
ရှုကျိုးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။
အဆင့် : ပထမအဆင့် အဆင့်၁၀ ( ၉၀% )
လွန်ခဲ့သော သုံးရက်ခန့်က မသေမျိုးနတ်နဂါးသားရဲကြီးသည် ဉာဏ်အလင်းဆေး ပမာဏ အများအပြား သုံးစွဲခဲ့ပြီး၊ ၎င်း၏ အဆင့်ကို တဟုန်ထိုး ခုန်တက်သွားစေခဲ့သည်။
ပထမအဆင့် အဆင့်၈မှ အဆင့်၁၀အထိ ထိုးတက်သွားခဲ့သည်။
“ နောက်တစ်ခေါက် ထပ်စားပြီးရင်တော့ ကိုယ်ပွားက ဒုတိယအဆင့်ကို ရောက်သွားလောက်တယ် “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေလျက်ရှိသည်။
…
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၏ အပြင်ပိုင်းနယ်မြေ၌
မသေမျိုးနတ်နဂါးသားရဲကြီးသည် တောင်ထိပ်ပေါ်တွင် လှဲလျောင်းနေပြီး၊ အဆင့်ထိုးဖောက်ရန် လုံးပန်းနေခဲ့သောကြောင့် အတွင်းပိုင်းနယ်မြေသို့ပင် မသွားရသေးပေ။
“ အဆင့်တက်ပြီးရင်တော့ အတွင်းပိုင်းနယ်မြေထဲကို သွားမယ်ကွာ “ ရှုကျိုးမှ တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိသည်။
သူသည် ဤတစ်ကြိမ် အဆင့်ထိုးဖောက်မှုက အပြောင်းအလဲတစ်ချို့ ယူဆောင်ပေးလာလိမ့်မည်ဟု ယောင်ဝါဝါး ခံစားနေခဲ့ရသည်။
“ ဖူးး “
မသေမျိုးနတ်နဂါးသားရဲကြီး လှုပ်ရှားသွားပြီး၊ တောအုပ်ထဲတွင် ပြန်ပေါ်လာခဲ့သည်။
မြေပြင်ပေါ်၌ ပထမအဆင့် အဆင့်၉ သားရဲအလောင်းများ ပြန့်ကျဲနေလျက်ရှိသည်၊ ၎င်းတို့မှာ ဤရက်များအတွင်းတွင် နတ်နဂါးသားရဲကြီးမှ အမဲလိုက်ခဲ့သည့် အကောင်များဖြစ်သည်။
ထို့နောက်တွင် ၎င်းသည် ဗီဇပြောင်းသားရဲတစ်ကောင်ကို ဆွဲယူကာ ၎င်း၏ကြီးမားသော ပါးစပ်ကြီးကို ဖွင့်ကာ ၎င်းကို တိုက်ရိုက်မျိုချလိုက်သည်။
“ ဂလု ~~
ဂျွတ် ~~ “
၎င်းသည် မျက်လုံးများ မှိတ်ထားပြီး ကျေနပ်စွာ စားသောက်နေတော့သည်။
“ ဂျွတ် ဂျွတ် !!! “
ဖောက် ဖောက် ဖောက် !!
မကြာခင်မှာပင် မသေမျိုးနတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်လာတော့သည်။
ပေါက်ပေါက်များ ပေါက်ထွက်လာသကဲ့သို့ ဖြစ်နေသည့် အသံများသည် ၎င်း၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာခဲ့ပြီး၊ အရိုးများ အရူးအမူး ကြီးထွားလာခဲ့သည်။
စနစ်၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည့် ကိုယ်ပွား၏ အဆင့်မှာလည်း စတင်၍ မြင့်တက်လာတော့လေသည်။
…………………………………………………………………………………………………………………………………………….