ဒုတိယအဆင့်သို့ ထိုးဖောက်ခြင်း၊ သွေးကြောမှတ် ၁၈၀ !!! ၃
Vol. 17 Ch. 246
၉၁%၊ ၉၂%၊ ၉၃%၊ ၉၄% ………………
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
မသေမျိုးနတ်နဂါးသားရဲကြီး၏ စားသောက်မှု ပြီးဆုံးသွားသည့် အချိန်တွင် စနစ်၏မျက်နှာပြင်ပေါ်တွင် ရှိနေသည့် အဆင့်မှာလည်း ၁၀၀%အထိ ရောက်ရှိသွားခဲ့သည်။
“ ဝုန်းးး “
ကျယ်လောင်သော အသံတစ်ခုသည် မသေမျိုးနတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့ပြီး၊ မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။
“ ပြောင်းလဲမှု စနေပြီလားဟ? “ ရှုကျိုး၏ စိတ်နှလုံးသားပင် အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် နတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် တသိမ့်သိမ့်တုန်ယင်သွားခဲ့ပြီး၊ ၎င်း၏ခြေထောက်များပင် တင်းကြပ်သွားကာ ခြေသည်းများသည် မြေကြီးထဲသို့ ရုတ်တရက်စိုက်ဝင်သွားခဲ့သည်။
“ ဝေါင်းး !! “
တိုးညှင်းသော ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအသံနှင့်အတူ မသေမျိုးနတ်နဂါးသားရဲကြီး၏ အမွှေးများ စတင်၍ ကြီးထွားလာတော့သည်၊ သို့သော် အမွှေးအမျှင်များ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ၊ ဆူးချွန်များ တိုးထွက်လာခြင်းဖြစ်ပြီး၊ ကျောချမ်းသွားစေသည့် အရှိန်အဝါမျိုးကို ထုတ်လွှင့်လာခဲ့သည်။
ဖောက်၊ ဖောက်၊ ဖောက် !!
အရိုးများ ကြီးမားလာခဲ့သည်။
“ အဲ့တာက ….. “
ရုတ်တရက်ဆိုသလိုပင် မသေမျိုးနတ်နဂါးသားရဲကြီး အံ့ဩသွားတော့သည်။
၎င်းသည် ၎င်း၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် ကြီးမားသော လျှို့ဝှက်စွမ်းအားတစ်ခုကို ခံစားမိနေခဲ့သည်။
တော်တော်လေးကို ရင်းနှီးနေတယ် ….
အင်မော်တယ်စွမ်းအားပဲ !!
ဒုတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီးသည့်နောက်တွင် အင်မော်တယ်စွမ်းရည်မှာလည်း ပိုပို၍ အားကောင်းလာခဲ့သည်။
အင်မော်တယ်စွမ်းရည်များ တိုးပွားလာသည်နှင့်အမျှ၊ မသေမျိုးနတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်မှာလည်း လိုက်ပါ၍ ပြန့်ကားလာခဲ့သည်။
တစ်ချိန်တည်းမှာပင် မသေမျိုးနတ်သားရဲကြီး၏ အာရုံများမှာလည်း ပိုပို၍ ကြည်လင်အားကောင်းလာခဲ့သည်။
ဟင်းလင်းပြင်စွမ်းရည်မှာလည်း ပိုမိုအားကောင်းလာခဲ့သည်။
“ ဝှီးးးး “
နတ်နဂါးသားရဲကြီးသည် လက်သည်းကို ဆန့်ထုတ်ကာ အရှေ့ဘက်ရှိ လေထုကို ဆုတ်ဖြဲလိုက်သည်၊ ချက်ချင်းဆိုသလိုပင် လေထုထဲတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
ဟင်းလင်းပြင် ဆုတ်ဖြဲခြင်း !!
၎င်းမှာ ဆဌမအဆင့်အထက်မှ ပညာရှင်များသာ ပိုင်ဆိုင်နိုင်သည့် စွမ်းရည်တစ်ခုဖြစ်သည်။
သို့သော် မသေမျိုးနတ်နဂါးသားရဲကြီးကမူ ၎င်းကို အပြည့်အဝ မဆုတ်ဖြဲနိုင်သေးသော်လည်း အခြေခံအားဖြင့် ကျွမ်းကျင်တတ်မြောက်နေခဲ့ပြီဖြစ်သည်။
တတိယအဆင့်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်းကို အသေအချာ ကျွမ်းကျင်သွားမည် ဖြစ်သည်။
…
မျက်စိတစ်မှိတ်အတွင်းမှာပင် မသေမျိုးနတ်နဂါးသားရဲကြီး၏ ခန္ဓာကိုယ်သည် မီတာ ၂၀အထိ ရှည်လျားလာခဲ့ပြီး၊ ၁၀မီတာအထိ မြင့်မားလာခဲ့သည်။
အဆင့်မြင့် ဒုတိယအဆင့် ဗီဇပြောင်းသားရဲများကြားမှာပင် ထိုအရွယ်အစားအထိ ရောက်ရှိသည့် အကောင်များမှာ လက်ချိုးရေ၍ပင်ရလေသည်။
ထိုအချိန်၌ မသေမျိုးနတ်နဂါးသားရဲကြီး၏ ဆင့်ကဲပြောင်းလဲမှု ပြီးဆုံးသွားခဲ့သည်။
၎င်းသည် တောက်ပသော မျက်လုံးများနှင့်အတူ ဖြည်းညှင်းစွာ မတ်တပ်ထရပ်လာခဲ့သည်၊ ၎င်း၏ အရှိန်အဝါသည် တဟုန်ထိုး မြင့်တက်လာခဲ့သည်။
“ ဒါက ဒုတိယအဆင့်လား? “ နတ်နဂါးသားရဲကြီးသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
၎င်းသည် ၎င်း၏ ကိုယ်ပိုင်စွမ်းအားကို ခံစားမိနေခဲ့သည်။
ဤတစ်ကြိမ် အဆင့်တက်မှုသည် ၎င်း၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကိုသာလျှင် အားကောင်းသွားစေရုံတင် မဟုတ်ဘဲ ၎င်း၏ အင်မော်တယ်နှင့် ဟင်းလင်းပြင် စွမ်းရည်တို့ကိုပါ ကြီးကြီးမားမား တိုးတက်သွားစေခဲ့သည်။
အဆိုပါ စွမ်းရည်နှစ်မျိုးသည် မူလကိုယ်အား ပြန်လည်အကျိုးပြုလေသည်။
ထို့ကြောင့် မူလကိုယ်၏ စွမ်းအားမှာလည်း ထပ်မံ၍ မြင့်တက်လာမည်ဖြစ်သည်။
“ ဘမ်းးး !! “
မသေမျိုးနတ်နဂါးသားရဲကြီးသည် ၎င်း၏လက်သည်းများကို မြှောက်ကာ မြေပြင်ပေါ်သို့ ကြမ်းကြမ်းတမ်းတမ်း ဆောင့်ချလိုက်သည်။
ချက်ချင်းဆိုသလိုပင် မြေပြင် ကွဲအက်သွားပြီး၊ တစ်ရာမီတာ အချင်းရှိကာ မီတာ၂၀နက်သည့် တွင်းပေါက် တစ်ခု ဖြစ်သွားခဲ့သည်။
မသေမျိုးနတ်နဂါးသားရဲကြီး၏ မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပသွားခဲ့သည်။
ဒုတိယအဆင့်ရဲ့ စွမ်းအားပဲ !!
၎င်းမှာ ပထမအဆင့်နယ်ပယ်တွင် ရှိနေခဲ့သည့် အချိန်ကထပ် ဆယ်ဆပို၍ သန်မာအားကောင်းနေခြင်းဖြစ်သည်။
…
စံအိမ်အတွင်း၌
ရှုကျိုးသည် ရုတ်တရက် အသက်ရှူကြပ်သွားခဲ့သည်။
ထိုအချိန်၌ သူသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည့် အဆုံးမဲ့ အင်မော်တယ်စွမ်းအားများကို ခံစားမိသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ကိုယ်တွင်း အဂ်ါများသည် ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်လာကြသည်။
“ တော်တော်ကြီးကို စွမ်းတာပဲ “ ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းမိသွားခဲ့သည်။
အင်မော်တယ်စွမ်းရည် မြင့်တက်လာမှုသည် တိုက်ရိုက်အကျိုးသက်ရောက်မှုများကို မယူဆောင်လာပေးနိုင်သော်လည်း၊ သူက ပြန်လည်မွေးဖွားလာရသကဲ့သို့ ခွန်အားတို့ဖြင့် ပြည့်နှက်သွားစေခဲ့သည်။
သူသည် သူ့ကိုယ်တွင်းရှိ အင်မော်တယ်စွမ်းအားများက ယခင်ကထပ် နှစ်ဆတိုးပွားလာသည်ဆိုသည်ကို ခံစားမိနေခဲ့သည်။
အကယ်၍ အရိုးများက ကျိုးပဲ့ပျက်စီးသွားမည်ဆိုလျှင်တောင်မှ ၎င်းတို့သည် လျင်မြန်စွာ ပြန်ကောင်းသွားလိမ့်မည် ဖြစ်သည်။
၎င်းမှာ အင်မော်တယ်စွမ်းရည်၏ တစ်ခုတည်းသော တိုးတက်မှုဖြစ်သည်။
ရှုကျိုးထံတွင် ဟင်းလင်းပြင်စွမ်းရည်ပါ ရှိနေသည်ဆိုသည်ကို မမေ့သင့်ပေ။
“ ဝှစ် !! “
ရှုကျိုးမှ ရုတ်တရက် ထရပ်လိုက်ရာ သူ၏ပုံရိပ်သည် စံအိမ်၏ ဒုတိယအထပ်သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။
ဟင်းလင်းပြင်စွမ်းရည် - တည်နေရာ ကူးပြောင်းခြင်း !!
“ ဒီတိုးတက်မှုနဲ့ဆိုရင် ငါက တာတို တည်နေရာ ကူးပြောင်းတာကို လုပ်လို့ရပြီ၊ အခုဆိုရင် မျက်စိတစ်မှိတ်အတွင်းမှာပဲ မီတာ၁၀၀အတွင်းမှာရှိတဲ့ ကြိုက်တဲ့နေရာတိုင်းကို သွားလို့ရပြီ “
ရှုကျိုးကား တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ တကယ်လို့ ဒီစွမ်းရည်ကို ကောင်းကင်ထိုးဖောက် ခြေကိုးလှမ်းနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင်၊ ငါ့ရဲ့ခြေလှမ်းသိုင်းက နယ်ပယ်အသစ်တစ်ခုဆီကိုတောင် ရောက်သွားနိုင်တယ် “
ဖူးးး ~~
ရှုကျိုးသည် စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေသည့် မျက်လုံးများနှင့်အတူ အသက်ကိုပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။
“ ဒုတိယအဆင့်ကို ရောက်သွားလို့ ကိုယ်ပွားဆီက ပြန်ရောက်လာတဲ့ အကျိုးအမြတ်တွေက တကယ်ကြီးကို များတာပဲ “
ယခင်က သူသည် ကိုယ်ပွားက ဒုတိယအဆင့်သို့ ရောက်ရှိသွားသည့်အချိန်တွင် သိသာထင်ရှားသည့် တိုးတက်ပြောင်းလဲမှုများ ယူဆောင်ပေးလာလိမ့်မည်ဟု ခန့်မှန်းထားခဲ့ပြီးပြီဖြစ်သည်။
သို့သော် ဤမျှအတိုင်းအတာအထိ ကြီးမားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
စွမ်းရည်များ၏ တိုးတက်မှုများအပြင် သူ၏ချီ-သွေးစွမ်းအားမှာလည်း ကြီးကြီးမားမား မြင့်တက်သွားကာ၊ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည်လည်း ထပ်မံ၍ မြင့်တက်သွားခဲ့သည်။
သို့ရာ၌ ရှုကျိုးသည် ၎င်းတို့ကို ချက်ချင်း မစစ်ဆေးကြည့်လိုက်ပေ။
သူ့ထံတွင် အရေးတကြီး လုပ်ဆောင်ရမည့် ကိစ္စများ ရှိနေသေးသည်။
“ ကျန်နေတဲ့ သွေးကြောမှတ်တွေကို အရင်ဖွင့်ရမယ်၊ အချိန်သိပ်မကြာလောက်ပါဘူး “ ရှုကျိုးမှ တိတ်တဆိတ် တွေးတောစဥ်းစားနေခဲ့သည်။
သူသည် သွေးကြောမှတ် ၁၇၅ခု ဖွင့်ထားခဲ့ပြီဖြစ်ကာ ၅ခုသာလျှင် ကျန်နေတော့သည်။
၎င်းတို့အား ယနေ့အတွင်းမှာပင် ဖွင့်နိုင်သင့်ပေသည်။
နတ်ဆိုးတစ်ထောင် လှိုက်ဏ်ဂူထဲ၌
ယခုမှ ဆင့်ကဲပြောင်းလဲသွားခဲ့သော မသေမျိုးနတ်နဂါးသားရဲကြီးသည် ဆေးပုလင်းကို ဖွင့်ကာ ဉာဏ်အလင်းဆေး ဒါဇင်နှင့်ချီ၍ တစ်ပြိုင်နက် မျိုချလိုက်သည်။
“ ဝုန်းးးး !! “
သန့်စင်သော ချီ-သွေးစွမ်းအင်များသည် ရှေးဦးသားရဲကြီးတစ်ကောင်ကဲ့သို့ ၎င်း၏ခန္ဓာကိုယ် အနှံ့တွင် အကြမ်းပတမ်း လှုပ်ခတ်နေတော့သည်။
တစ်ချိန်တည်းမှာပင် ကိုယ်ပွားမှ ပြန်လည်ပေးပို့လာခဲ့သည့် သွေးကြောမှတ်များ၏ စွမ်းအင်များကလည်း မူလကိုယ်ထံသို့ တိုးဝင်လာခဲ့သည်။
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်ကာ ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို လျင်မြန်စွာ အသက်သွင်းလိုက်သည်။
အဆိုပါ အဆုံးမဲ့ စွမ်းအင်များသည် ကမ်းခြေကို ရိုက်ခတ်နေသည့် ကြမ်းတမ်းသော လှိုင်းလုံးကြီးများကဲ့သို့ ပိတ်ဆို့နေသည့် သွေးကြောမှတ်များဆီသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ပြေးဝင်သွားကြသည်။
၁၀မိနစ်၊ မိနစ် ၂၀
“ ဗွီ !! “
အချိန်များကုန်ဆုံးလာသည်နှင့်အမျှ သွေးကြောမှတ်များ၏ အလင်းတန်းများ ပေါ်ထွက်လာခဲ့သည်။
၁၇၆၊ ၁၇၇၊ ၁၇၈
၁၇၉
၁၈၀ ……. ဝုန်းးးးး !!!
အခု၁၈၀မြောက် သွေးကြောမှတ် ဖွင့်လာသည့် အချိန်တွင် ကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ရှုကျိုး၏ ခန္ဓာကိုယ်အပြင်ပိုင်းမှ အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ သူ၏ကြွက်သားများမှာလည်း အသံဗလံများနှင့်အတူ လှုပ်ခတ်လာခဲ့သည်။
………………………………………………………………………………………………………………………