တစ်ကွက်တည်းဖြင့် ခါးအောက်ပိုင်းကို ဖြတ်တောက်ခြင်း ၂
Vol. 17 Ch. 248
သွေးကြောမှတ် အသစ်များကို ရှာတွေ့ရန်မှာလည်း မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်သည် !!
…
ယခင်ဌာနမှူး၏ တားမြစ်နယ်မြေ၌
ရှုကျိုး၏ စကားလုံးများကို ကြားသိလိုက်ရပြီးသည့်နောက်တွင် ရှန့်ဝမ်ချန်းနှင့် အကြီးအကဲယွင်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။
ရှန့်ဝမ်ချန်းမှ မိန်းမောနေသော အမူအရာမျိုးဖြင့် စကားပြောလာခဲ့သည် “ မင်းဘာပြောလိုက်တာလဲ? “
“ မင်းက သွေးကြောမှတ် ၁၈၀လုံးကို ဖွင့်ပြီးသွားပြီလား? “
“ မင်းက သွေးကြောမှတ် အသစ်တွေကို ထပ်ရှာချင်တာလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
အကြီးအကဲယွင်သည် မည်သည့်စကားကိုမှ မပြောဘဲ၊ သူ့အိတ်ကပ်ထဲကို လက်နှိုက်ကာ တစ်ခုခုကို ရုတ်တရက် ရှာဖွေနေတော့သည်။
ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါဖြစ်သွားတော့သည် “ အကြီးအကဲယွင် ဘာဖြစ်လို့လဲဗျ? “
“ ကြားဖြတ်မပြောနဲ့၊ ဒီနေ့က ဘာနေ့လဲဆိုတာကို ငါစစ်ကြည့်မလို့ “
အကြီးအကဲယွင်သည် သူ၏ဖုန်းကိုရှာတွေ့သွားခဲ့ပြီး၊ ၎င်းကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် တအံ့တဩဖြစ်သွားတော့သည်။
“ ဇန်နဝါရီ ၄ရက်၊ ငါထင်တာမှန်တယ်ဆိုရင် သုံးရက်ပဲ ရှိသေးတယ်လေ “
သူသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေပြီး၊ တုန်လှုပ်နေသော အမူအရာဖြင့် ရှုကျိုးကို ကြည့်လာခဲ့သည် “ အဲ့ဒီနေ့တုန်းက မင်းက သွေးကြောမှတ် ဘယ်နှခုဖွင့်ထားခဲ့တာလဲ? “
“ ၁၁၂ခုပါ “ ရှုကျိုးမှ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
အကြီးအကဲယွင်မှ ခေါင်းငြိမ့်ပြကာ ကြောင်အမ်းအမ်း ပြန်ပြောလာခဲ့သည် “ သုံးရက်အတွင်းမှာပဲ၊ မင်းက သွေးကြောမှတ် အခု ၇၀နီးပါး ဖွင့်နိုင်ခဲ့တာလား? “
ရှုကျိုးသည် အသာအယာ ချောင်းဟန့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
အကြီးအကဲယွင်နှင့် ရှန့်ဝမ်ချန်းတို့နှစ်ဦးစလုံး အံ့ဩသွားကြသည်။
ငါတို့တွေ ရူးသွားတာလး၊ ဒါမှမဟုတ် အိပ်ချင်မူးတူး ဖြစ်နေကြတာလားဟ?
သုံးရက်အတွင်းမှာ သွေးကြောမှတ် အခု၇၀ဖွင့်နိုင်ခဲ့တယ်ပေါ့၊ ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ?
ရှုကျိုးသည် သူ၏ဖြေရှင်းချက်ကို ပြင်ဆင်ထားခဲ့ပြီဖြစ်သည် “ တကယ်တော့ ကျွန်တော့်ရဲ့ ကျင့်ကြံရေး နည်းစနစ်က တစ်ခြားလူတွေထပ် ပိုပြီးတော့ အဆင့်မြင့်တယ်လေ၊ အဲ့တာကြောင့် ကျွန်တော်က ဉာဏ်အလင်းဆေးလုံးတွေကို မြန်မြန်ဆန်ဆန် စုပ်ယူနိုင်တယ်၊ ပုံမှန်အားဖြင့် နာရီဝက်အတွင်းမှာ ဆေးတစ်လုံး စုပ်ယူနိုင်တယ် “
“ နာရီဝက်အတွင်းမှာ ဉာဏ်အလင်းဆေးတစ်လုံးကို စုပ်ယူနိုင်တာလား? “
ရှန့်ဝမ်ချန်းနှင့် တစ်ခြားလူများ ထပ်မံ၍ အံ့ဩသွားကြသည်။
သာမန်လူတစ်ဦးသည် ဉာဏ်အလင်းဆေးကို စုပ်ယူ(သို့) အစာချေဖျက်နိုင်ရန်အတွက် နေ့တစ်ဝက်(သို့) တစ်ရက်တိတိပင် အချိန်ယူရလေ့ရှိသည်။
ရှုကျိုးက နာရီဝက်အတွင်းမှာပဲ စုပ်ယူနိုင်တာလားဟ?
အစားအသောက်တွေကို စားတာကတောင် အဲ့လောက် မြန်မြန်ကြီး အစာကြေမှာ မဟုတ်ဘူး။
သူတို့အမူအရာများကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုးသည် အနည်းငယ် ကူရာကယ်ရာမဲ့နေသကဲ့သို့ ခံစားသွားခဲ့ရသည်၊ သူသည် သူ၏အခြေအနေက ရှင်းပြရ ခက်ခဲသည်ဆိုသည်ကို သိနေခဲ့သည်။
ရှုကျိုးမှ အလောတကြီး ထပ်ပြောလိုက်သည် “ ဌာနမှူး၊ အကြီးအကဲယွင်၊ ဒီတစ်ခါတော့ ကျွန်တော်က ကီစာငါးခုရဲ့ လျှို့ဝှက်စွမ်းအားကို ပိုပြီးတော့ ခံနိုင်နေပြီလို့ ခံစားနေရတယ်၊ ကျွန်တော့်ကို ထပ်ပြီးတော့ ကြိုးစားခွင့်ပေးပါ “
“ ကျွန်တော်က သွေးကြောမှတ် လည်ပတ်မှုရဲ့ တည်နေရာကိုလည်း ယောင်ဝါးဝါး အာရုံခံမိနေပြီ “
ထိုစကားကို သူပြောလိုက်သည်နှင့်တစ်ပြိုင်နက် အံ့ဖွယ်ကောင်းသည့် အလင်းတန်းနှစ်ခု ရုတ်တရက် တောက်ပလာခဲ့သည်။
ရှန့်ဝမ်ချန်း၏ မျက်လုံးများသည် မီးသီးများကဲ့သို့ တောက်ပလာပြီး၊ သူ့ကို စိုက်ကြည့်လာခဲ့သည် “ ကျိုးလေး၊ မင်းသေချာလား? “
“ မရေရာတဲ့ ခံစားချက်တစ်ခုပဲ ရှိနေတာပါ၊ ဒါပင်မဲ့ သေချာအောင် ထပ်ကြိုးစားကြည့်ရမယ် “ ရှုကျိုးမှာလည်း ယုံကြည်ချက် အပြည့်အဝ မရှိပေ။
ရှန့်ဝမ်ချန်း၏ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်သွားခဲ့သည်။
နောက်ထပ်စက္ကန့်ပိုင်းမျှအကြာတွင် သူသည် အကြီးအကဲယွင်ကို ကြည့်ကာ အလောတကြီး တိုက်တွန်းနှိုးဆော်လိုက်သည် “ အကြီးအကဲယွင်၊ သူ့ကို ထပ်ပြီးတော့ ကြိုးစားခွင့်ပေးလိုက်ပါ “
အကြီးအကဲယွင်မှ ခေါင်းငြိမ့်ပြလာခဲ့သည်၊ သူသည်ပင် မငြင်းပယ်နိုင်ခဲ့ချေ။
သူက သွေးကြောမှတ် လည်ပတ်မှု၏ တည်ရှိမှုအကြောင်းကို မယုံကြည်သော်လည်း၊ ၎င်းကို အမှန်တကယ် ရှာတွေ့ခဲ့မည်ဆိုပါက၊ ၎င်းသည် အစစ်အမှန် သိုင်းပညာဌာနအတွက်၊ လူသားမျိုးနွယ်စုတစ်ခုလုံးအတွက် သမိုင်းမှတ်တိုင်အသစ်တစ်ခု ဖြစ်သွားလိမ့်မည် ဖြစ်သည်။
အကြီးအကဲယွင်သည် တားမြစ်နယ်မြေ၏ တံခါးများကို ထပ်ဖွင့်နေတော့သည်။
“ ဒီတစ်ခါတော့ နံပါတ်၈ကို သွားကြစို့ “ ဟုအကြီးအကဲယွင်မှ ပြောလာခဲ့သည်။
ရှုကျိုး၏ မျက်လုံးများ အနည်းငယ် လှုပ်ခတ်သွားခဲ့သည် “ နံပါတ်၈ အခန်းထဲမှာ ရှိတဲ့ ကမ္ဘာ့ကြယ်သားရဲ့ အဆင့်က ဘာလဲဗျ? “
“ အခန်း၈က အလယ်အလတ် တတိယအဆင့်၊ အခန်း၇က တတိယအဆင့် အထွတ်အထိပ်၊ အခန်း၆က စတုတ္ထအဆင့် “ ဟုအကြီးအကဲယွင်မှ ပြန်ပြောလာခဲ့သည်။
ရှုကျိုးသည် မနေနိုင်တော့ဘဲ ထပ်ဖြည့်ပြောလာခဲ့သည် “ အခန်း၇ဆီကိုပဲ တိုက်ရိုက်သွားကြရင်ရော? ကြိုးစားကြည့်ဖို့ တန်တယ်လို့ ကျွန်တော်ထင်တယ် “
အကြီးအကဲယွင်မှ ငြင်းပယ်ရန် ပြင်လိုက်သည်၊ သို့သော် သူသည် ရှုကျိုးကို ဖျတ်ခနဲကြည့်ကာ ထိုကောင်လေး၏ အံ့ဖွယ်ကောင်းသည့် စွမ်းဆောင်မှုများအကြောင်းကို အမှတ်ရသွားခဲ့သည်။
သူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းနေခဲ့ပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ ဒါဆိုရင်လည်း အခန်း၇ဆီ သွားကြတာပေါ့ “
အခန်းနံပါတ် ၇
အတွင်းပိုင်းအပြင်အဆင်သည် ယခင်က အခန်း၁၀၊ ၉တို့နှင့် များစွာ ကွာခြားမနေခဲ့ပေ။
တစ်ခုတည်းသော ခြားနာချက်မှာ ဖန်ပေါင်းချောင်ထဲရှိ ကမ္ဘာ့ကြယ်သားဖြစ်သည်၊ ထိုလူသည် အပြာရောင် အသားအရည်နှင့်အတူ ကိုယ်လုံးတီးဖြစ်နေခဲ့ပြီး၊ အလွန်ထင်သာမြင်သာ ရှိနေခဲ့သည်။
ရှန့်ဝမ်ချန်းသည် ရှေ့သို့သွားကာ ပစ္စည်းကိရိယာများကို ချိန်ညှိနေတော့သည်။
မိနစ်ပေါင်းများစွာ ကြာခဲ့ပြီးသည့်နောက်၌
“ သွားတော့ “ ရှန့်ဝမ်ချန်း၏ အသံပေါ်ထွက်လာခဲ့သည်။
တစ်ဖက်ရှိ အကြီးအကဲယွင်မှာလည်း လေးလေးနက်နက် သတိပေးလာခဲ့သည် “ တကယ်လို့ မအီမသာဖြစ်လာပြီဆိုရင် ချက်ချင်း ပြန်ထွက်လာခဲ့ “
အခန်း၇ရှိ ကလီစာငါးခု၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်ပြီး၊ ပေါ့ဆမိပါက ပထမအဆင့် ပညာရှင်တစ်ဦး၏ အုတ်မြစ်ကို များစွာ ထိခိုက်သွားစေမည် ဖြစ်သည်။
ရှုကျိုးမှ တလေးတနက် ခေါင်းငြိမ့်ပြလိုက်သည် “ နားလည်ပါတယ် “
သူ၏ အင်မော်တယ်စွမ်းရည်က အဆင့်မြင့်သွားခဲ့ပြီဖြစ်သော်လည်း၊ ဤကိစ္စသည် သူ၏အသက်နှင့် သက်ဆိုင်နေသောကြောင့် အသေအချာ သတိထားရဦးမည်ဖြစ်သည်။
ရှုကျိုးသည် ဖြည်းညှင်းစွာလျှောက်လှမ်း၍ စမ်းသပ်ခန်းထဲသို့ ဝင်သွားတော့သည်။
…
အဆုံးမဲ့ အနီရောင်မြူမှုန်များ ထပ်မံ၍ ဖုံးလွှမ်းလာခဲ့သည်။
ရှုကျိုးသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်သည်။
မြူမှုန်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ၊ ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး၊ ကလီစာ တံခါးပေါက်များကို ဖွင့်လှစ်ရန် ကူညီပေးနေတော့သည်။
ဘမ်း၊ ဘမ်း !!
မကြာခင်မှာပင် ရှုကျိုး၏ခန္ဓာကိုယ်ထဲမှ ကျယ်လောင်သော အသံနှစ်သံပေါ်ထွက်လာခဲ့သည်။
နှလုံးတံခါးပေါက်နှင့် ကျောက်ကပ်တံခါးပေါက်တို့ တစ်ပြိုင်နက်ပွင့်ဟလာခဲ့သည်။
“ ဟစ် ~~~ “
လျှို့ဝှက်စွမ်းအားသည် ကြီးမားသော မြစ်နှစ်စင်းကဲ့သို့ တံခါးပေါက်နှစ်ခုမှ တဟုန်ထိုး တိုးထွက်လာကြသည်။
ရှုကျိုးသည် အနည်းငယ် တုန်လှုပ်သွားခဲ့သည် “ ငါက တံခါးပေါက်နှစ်ခုကို တကယ်ကြီးကို ဖွင့်လိုက်တာလား? “
ယခင်က အခန်း၁၀နှင့် ၉တို့တွင် ရှိနေခဲ့သည့် အချိန်တွင် သူသည် နှလုံးတံခါးပေါက်တစ်ခုကိုသာ ဖွင့်နိုင်ခဲ့သည်။
သို့သော် ဤတစ်ကြိမ်၌ ကျောက်ကပ်တံခါးပေါက်ပင် ပွင့်လာခဲ့သည်၊ သူသည် ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအားက ကြီးကြီးမားမား ဆုံးရှုံးနေသည်ဟု ရှင်းရှင်းလင်းလင်း ခံစားနေခဲ့ရသည်။
အကယ်၍ သာမန်ပထမအဆင့် ပညာရှင်တစ်ဦးသာ ဖြစ်နေမည်ဆိုပါက သူသည် မကြာခင်မှာပင် ကလီစာငါးခုကို လက်လွှတ်လိုက်ရမည် ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ရှုကျိုးသည် အဆုံးမဲ့ အင်မောင်တယ်စွမ်းအားများက အဆိုပါတံခါးပေါက်နှစ်ခုဆီသို့ ပြေးဝင်သွားကာ ၎င်းတို့အား ဆက်တိုက် ပြုပြင်ပေးနေသည်ကို အာရုံခံမိနေခဲ့သည်။
ရှုကျိုးသည် မည်သည့်နာကျင်ကိုက်ခဲမှုကိုမှ မခံစားခဲ့ရပေ။
“ ဟူးး ~~ “
ရှုကျိုးသည် အင်မော်တယ်စွမ်းရည်၏ တိုးတက်မှုက အတော်လေး ကြီးမားကြောင်း နားလည်သွားပြီး၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။
“ စလိုက်ကြတာပေါ့ “
ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ကို ကြည့်ရှုစစ်ဆေးကာ ကလီစာငါးခုမှ လျှို့ဝှက်စွမ်းအား၏ အကူအညီဖြင့် သွေးကြောမှတ် အသစ်များကို စတင်၍ ရှာဖွေနေတော့သည်။
…
အပြင်ဘက်၌
ရှန့်ဝမ်ချန်းသည် မျှော်လင့်တကြီးဖြစ်နေသော အမူအရာဖြင့် စမ်းသပ်ခန်းကို ကြည့်ရှုနေခဲ့သည် “ အဲ့ကလေးက တကယ်ကြီး အောင်မြင်သွားမှာလား? “
အကြီးအကဲယွင်မှာလည်း စောင့်ကြည့်နေလျက်ရှိသည်။
သွေးကြောမှတ် ၁၈၀ကပင် လူသားတို့၏ အကန့်အသတ်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။
ရှုကျိုးမှ သွေးကြောမှတ်အသစ်များကို ထပ်မံ၍ ရှာဖွေနေခြင်းမှာ ကောင်းကင်ဘုံသို့ တက်ရသလောက် ခက်ခဲနေလိမ့်မည် ဖြစ်သည်။
သို့သော် ရှုကျိုးသည် ဤရက်များအတွင်း၌ အံ့ဖွယ်ဖြစ်ရပ်များကို တစ်ခုပြီးတစ်ခု ဖန်တီးပြသခဲ့လေသည်။
“ သွေးကြောမှတ် လည်ပတ်မှု ….. “ ရှန့်ဝမ်ချန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုကာ အနည်းငယ် စိတ်ဂဏာမငြိမ် ဖြစ်နေခဲ့သည်။
သူသည် ဤသည်က သွေးကြောမှတ် လည်ပတ်မှုကို ရှာတွေ့ရန် အနီးစပ်ဆုံးသော အခွင့်အလမ်းဖြစ်သည်ဆိုသည်ကို နားလည်နေခဲ့သည်။
…
အချိန်များ ကုန်ဆုံးသွားခဲ့သည်။
၁၀မိနစ်
မိနစ်၂၀
နာရီဝက်ကြာခဲ့ပြီးသည့်နောက်၌
စမ်းသပ်ခန်းအတွင်းရှိ ရှုကျိုးသည် စိတ်စွမ်းအားမြင့်တက်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။
ကလီစာငါးခု၏ အဆုံးမဲ့ လျှို့ဝှက်စွမ်းအားများအောက်၌ သူ၏ခန္ဓာကိုယ်သည် အနည်းငယ် ဖောင်းကားလာခဲ့သည်။
၎င်းမှာ ချီ-သွေးစွမ်းအားကို ပေါက်ကွဲစေခဲ့သည့် အချိန်ကနှင့် အနည်းငယ် တူညီနေခဲ့သည်။
………………………………………………………………………………………………………………………………………..