ပန်းဆယ့်နှစ်ပွင့်၊ ငါးနှစ်ကောင်ပုံစံကွက် ၃
Vol. 17 Ch. 252
“ … “
၎င်းတို့ကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုး၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
အကြီးအကဲယွင် ပြောတာတော့ အသေးအမွှားကိစ္စလေးဆို???
ပြိုင်ပွဲက စတောင် မစရသေးဘူးလေ။ ချန်းရှင်ကတောင် ရှုံးသွားခဲ့တဲ့ပုံပဲ !!
အသေးအမွှားကိစ္စလေးပဲ မဟုတ်လောက်ဘူး၊ ပြိုင်ဘက်က သူတို့က ယုံကြည်ချက်ရှိတယ်ဆိုတာကို လာပြနေတဲ့ပုံပဲ။
ရှုကျိုးသည် စကားဝိုင်းကို ဆက်၍ ကြည့်ရှုနေတော့သည်။
“ အဲ့ယန်တျန်ဒုံက တော်တော်ကြီးကို ရက်စက်တယ်၊ ချန်းရှင်ရဲ့ ခြေထောက်တွေကို ဖြတ်လိုက်တယ်။ သူမက နောက်လပြိုင်ပွဲမှာ ဝင်ပြိုင်နိုင်တော့မှာ မဟုတ်ဘူး “
“ ချီးပဲ၊ အဲ့သူတောင်းစားကို ငါ့ဘာသာ သွားတိုက်တော့မယ် “
“ မဆင်မခြင် မလုပ်နဲ့။ တကယ်လို့ ချန်းရှင်ကတောင် သူ့ကို မယှဥ်နိုင်ဘူးဆိုရင်၊ မင်းသွားတော့ရော ဘာထူးမှာမို့လို့လဲ? “
“ ချီးပဲ၊ အဲ့သူတောင်းစားတွေက ရည်ရွယ်ချက်ရှိရှိ လုပ်လိုက်တာပဲ။ အရင်လူတွေတုန်းက ဒဏ်ရာနည်းနည်းလေးပဲ ရသွားတယ်၊ ချန်းရှင်ရောက်လာတော့မှ သူမရဲ့ ခြေထောက်တွေကို တန်းဖြတ်လိုက်ပြီးတော့ မတော်တဆဖြစ်သွားတာလို့ ပြောနေတယ်။ ဘယ်သူက အဲ့တာကို ယုံမှာလဲ? “
“ ငါတို့လုပ်နိုင်တာ ဘာမှ မရှိဘူး၊ နှစ်ဖက်စလုံးက ပြိုင်ပွဲဝင်တွေပဲလေ။ အဲ့တာက တရားဝင်တိုက်ပွဲပဲ။ ချန်းရှင်က သူ့လောက်မတော်ဘူးဆိုရင် ငါတို့ရဲ့ ဆရာကလည်း အဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး “
“ ကြည့်၊ ဌာနမှူးရောက်လာပြီ။ ဌာနမှူးက အဲ့ကောင်ကို အပြစ်ပေးမှာလား? “
“ … “
ရှုကျိုး၏ အမူအရာသည် အနည်းငယ် ဆိုးရွားသွားခဲ့သည်။
ချန်းရှင်ရဲ့ ခြေထောက်တွေ ပြတ်သွားတာလား?
ဒီကောင်၊ ယန်တျန်ဒုံက တော်တော်ကြီးကို ရက်စက်တဲ့ကောင်ပဲ။
စကားဝိုင်းများကို ဖတ်ရှုရခြင်းဖြင့် တစ်ဖက်လူသည် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း၊ မည်သူမှ ဒဏ်ရာမရခဲ့ကြပေ။ ချန်းရှင်အလှည့်ရောက်မှသာလျှင် သူမက ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ခြင်း ဖြစ်သည်။
“ ချန်းရှင်ဝင်ပြိုင်မှာကို တားဆီးတာလား? “
ရှုကျိုးသည် သူ၏ဦးခေါင်းကို အသာအယာ ခါရမ်းနေတော့သည်။
ယန်တျန်ဒုံ၏ လုပ်ရပ်များသည် အစစ်အမှန် သိုင်းပညာဌာနကို သိက္ခာကျသွားစေရန် ရည်ရွယ်နေခြင်းဖြစ်သည်။
ဒုတိယအဆင့်နယ်ပယ်တွင် အစွမ်းအထက်ဆုံးဖြစ်သော ချန်းရှင်က ခြေထောက်များ အဖြတ်ခံလိုက်ရခြင်းမှာ အစစ်အမှန် သိုင်းပညာဌာနအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်သည်။
စကားပြောခန်းထဲရှိ လူများကလည်း ၎င်းကို အတည်ပြုထားကြသည်။
လေထုသည် အတော်လေး စိတ်ပျက်ဖွယ်ကောင်းနေခဲ့ပြီး၊ လူတစ်ချို့သည် တိုက်ခိုက်လိုစိတ်များပင် ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။
ရှုကျိုး၏ အမူအရာ လေးနက်သွားတော့သည်၊ သူသည် အမြန်မတ်တပ်ထရပ်ကာ စံအိမ်ထဲမှ ထွက်ခွာလာခဲ့သည်။
…
တက္ကသိုလ်ဆေးဌာန၌
ရှုကျိုးသည် မေးမြန်းစုံစမ်းခဲ့ပြီးသည့်နောက်တွင် ချန်းရှင်၏ ကုတင်ကို လျင်မြန်စွာ ရှာတွေ့သွားခဲ့သည်။
ကုတင်ပေါ်၌ ချန်းရှင်သည် အရောင်အသွေးမရှိသည့် ဖြူဖျော့နေသော မျက်နှာဖြင့် လှဲလျောင်းနေပြီး၊ သူမ၏ခြေထောက်များကမူ အဆင့်မြင့် ပစ္စည်းများဖြင့် ချိတ်ဆက်ချည်နှောင်ထားခဲ့သည်။
ယနေ့ခေတ်၌ နည်းပညာသည် အတော်လေး အဆင့်မြင့်နေခဲ့ပြီဖြစ်ပြီး၊ အချိန်သာ မကြာသရွေ့ ပြတ်တောက်သွားသည့် ခြေလက်များကိုပင် ပြန်ဆက်နိုင်လေသည်။
သို့သော် ထိုကဲ့သို့ ပြင်းထန်လွန်းလှသည့် ဒဏ်ရာများသည် ချန်းရှင်၏ တိုက်ခိုက်ရေးစွမ်းအားကို ကြီးကြီးမားမား ထိခိုက်သွားစေမည် ဖြစ်သည်။
အနည်းဆုံးအနေဖြင့် သူမသည် နောက်တစ်လအကြာတွင် ပြုလုပ်မည့် ပြိုင်ပွဲ၌ အင်ပြည့်အားပြည့် တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်ပေ။
ချန်းရှင်သည် နီရဲနေသော မျက်လုံးများဖြင့် တိုးညှင်းစွာ ရေရွတ်ပြောဆိုနေလျက်ရှိသည် “ ငါပြန်ကောင်းလာမှာပါ။ နောက်လမှာ ငါသူနဲ့ တိုက်ခိုက်ဦးမှာ “
“ စီနီယာအစ်မ “ ရှုကျိုးမှ လေးလေးနက်နက် ပြောလိုက်သည် “ ပြန်ပြီးတော့ နေကောင်းလာဖို့ကိုပဲ အရင်အာရုံစိုက်ထားပါ။ နောက်လပြိုင်ပွဲအတွက်က ကျွန်တော်တို့ ဆွေးနွေးလို့ရပါတယ် “
သူ၏ မျက်လုံးများထဲတွင် စိုးရီမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်နေလျက်ရှိသည်။
ယနေ့တိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲမဟုတ်ပေ။ သို့သော် နောက်တစ်လအကြာတွင် ပြုလုပ်မည့် ပြိုင်ပွဲကမူ ဤမျှလောက် ရိုးရှင်းနေလိမ့်မည် မဟုတ်ပေ။
သိုင်းပညာရှင်တို့၏ ပြိုင်ပွဲ၌ လူသေဆုံးမှုနှုန်းမှာ အမြဲလိုလို အလွန်မြင့်မားနေခဲ့သည်။
အကယ်၍ ချန်းရှင်ကသာ ဤကဲ့သို့သော အခြေအနေမျိုးဖြင့် ပြိုင်ပွဲဝင်မည်ဆိုပါက သူမသည် ယန်တျန်ဒုံ၏ သတ်ဖြတ်ခြင်းကိုသာ ခံလိုက်ရမည် ဖြစ်သည်။
ချန်းရှင်သည် သူမ၏ဦးခေါင်းလေးကို အသာအယာလှည့်လာခဲ့သည်၊ ဖြူဖျော့နေသော သူမ၏မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည် “ ဂျူနီယာမောင်လေး၊ ငါ့ဆီကို လာလည်တဲ့ ကျေးဇူးတင်ပါတယ် “
မိန်းမပျိုလေး၏ အတွေးများသည် အလွန်နူးညံ့သိမ်မွေ့လှသည်၊ သူမသည် ရှုကျိုး၏ စကားလုံးများထဲတွင် ပါဝင်သည့် ဂရုစိုက်မှု(သို့) အလေးထားမှုများကို ခံစားမိနေခဲ့သည်။
သူမသည် မိတ်ဆွေသူငယ်ချင်းမရှိသည့် အထီးကျန်လူတစ်ဦးဖြစ်သည်။
သူမ၏ခြေထောက်များ အဖြတ်ခံခဲ့ရပြီးသည့်နောက်တွင် ကျောင်းသူကျောင်းသားတစ်ချို့သည် သူမကို ဆေးဌာနသို့ ခေါ်ဆောင်ပေးလာခဲ့သော်လည်း၊ ရှုကျိုးကသာလျှင် မိမိဆန္ဒအလျောက် သူမဆီသို့ ရောက်လာခဲ့သည့် တစ်ဦးတည်းသော လူတစ်ယောက်ဖြစ်သည်။
ချန်းရှင်၏ မျက်လုံးလေးများသည် အနည်းငယ် စိုစွတ်နေလျက်ရှိပြီး၊ သူမသည် အားတင်း၍ ပြုံးထားရရှာသည် “ ဂျူနီယာမောင်လေး၊ စိတ်မပူပါနဲ့၊ ငါအဆင်ပြေပါတယ်။ ငါ့ကိစ္စကို အာရုံအရမ်းစိုက်မနေနဲ့။ မြန်မြန်ပြန်ပြီး၊ ကောင်းကောင်းလေ့ကျင့်နေ။ ပထမအဆင့်နယ်ပယ်ပြိုင်ပွဲမှာ တစ်ခုခုမှားသွားလို့ မဖြစ်ဘူး “
“ ဝမ်ချောင်ခုန်းက ထပ်ပြီးတော့ သန်မာလာပြန်ပြီလို့ ငါကြားခဲ့ရတယ်၊ သူ့ကို လျှော့မတွက်နဲ့ “
ရှုကျိုးကား တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
ဒီလိုအခြေအနေအထိရောက်နေတာတောင်မှ သူမက ငါနဲ့ ဝမ်ချောင်ခုန်းရဲ့ တိုက်ပွဲကိစ္စကို စိတ်ပူနေတုန်းပဲလား?
ချန်းရှင်က ထိုကဲ့သို့ဖြစ်လေလေ၊ သူပို၍ နာကျင်ရလေလေပင် ဖြစ်သည်။
“ ကျွန်တော်နိုင်မှာပါ “ ရှုကျိုးသည် နှစ်သိမ့်ပေးနေသော အမူအရာမျိုးဖြင့် ကြည့်ကာ နူးညံ့စွာ အာမခံလိုက်သည်။
ချန်းရှင်မှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည် “ အင်း၊ ငါနင့်ကို ယုံတယ် “
…
နာရီဝက်မျှ ကြာခဲ့ပြီးသည့်နောက်၌
ရှုကျိုးသည် လေးနက်နေသော အမူအရာဖြင့် ဆေးဌာနမှ ထွက်ခွာလာခဲ့သည်။
အနှေးနှင့်အမြန်ဆိုသလိုပင် သူနှင့်ယန်တျန်ဒုံကြားတွင် တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာလိမ့်မည် ဖြစ်သည်။
ချန်းရှင်အတွက် လက်စားချေလိုခြင်းကြောင့်သာလျှင် မဟုတ်ဘဲ ယန်တျန်ဒုံမှာ နတ်သိုင်းဌာန၏ ဒုတိယအဆင့်နယ်ပယ်မှ အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်နေသောကြောင့် ဖြစ်သည်။
ပါရမီရှင်များကြား၌ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာရမည် ဖြစ်သည် !!
ထို့အပြင် ယန်တျန်ဒုံမှ ချန်းရှင်၏ ခြေထောက်များကို ဖြတ်လိုက်သည့်အတွက် သူ့ထံတွင် မည်သည့်စိတ်ခံစားချက်မှ မရှိဘူးဆိုသည်မှာ မဖြစ်နိုင်လှသော အရာဖြစ်သည်။
ရှုကျိုး၏ စိတ်အခြေအနေသည် သူ၏မျက်နှာပေါ်တွင် မြင်ရသလောက် ငြိမ်သက်မနေခဲ့ပေ။
သူနှင့် ချန်းရှန်တို့၏ ဆက်ဆံရေးက များစွာ မနက်ရှိုင်းသော်လည်း၊ ဤရက်များအတွင်း၌ သူသည် သူမ၏ ကြိုးစားအားထုတ်မှုများကို မြင်တွေ့ခဲ့ရသည်။
ချန်းရှင်သည် ဘာသိဘာသာနေတတ်သည့် ပင်ကိုယ်စရိုက်ရှိသော အလွန်နူးညံ့သိမ်မွေ့သည့် မိန်းကလေးတစ်ဦးဖြစ်သည်။
“ ဒုတိယအဆင့် ………. “
သူသည် အသက်ကို ပြင်းပြင်းရှရှရှူသွင်းနေတော့သည်၊ သူ၏ အကြည့်များ လေးနက်နေခဲ့ကာ၊ နောက်တစ်လအကြာတွင် ပြုလုပ်မည့် ပြိုင်ပွဲ၌ သူက ယန်တျန်ဒုံကို တိုက်ခိုက်နိုင်မည်လားဆိုသည်ကို တွေးတော စဥ်းစားနေတော့သည်။
……………………………………………………………………………………………………………………………………