← Chapters

ပန်းသုံးပွင့် ထိပ်မှာ စုဝေးခြင်းနှင့် မျောက်ဖြူပုံရိပ် (အပိုင်း ၂)

Vol. 21 Ch. 301

ပန်းသုံးပွင့် ထိပ်မှာ စုဝေးခြင်းနှင့် မျောက်ဖြူပုံရိပ် (အပိုင်း ၂)

Vol. 21 Ch. 301

~နင်ချီ၏ ရင်ထဲတွင် လုံခြုံမှု အရိပ်အယောင်တို့ တိုးပွားလာခဲ့လေ၏။

သိုင်းသူတော်စင် အဆင့်ချင်း တူသော်ငြားလည်း ကွာခြားမှုတွေ ရှိနေစမြဲပင်။

အပြင်အားကို အားကိုးလျက် အဆင့်တက်ရောက်လာကြသော တောင်ပိုင်းနယ်စပ်နှင့် မိစ္ဆာဂိုဏ်းမှ သိုင်းသူတော်စင်တို့သည် အနိမ့်ဆုံး အဆင့်၌သာ ရှိနေကြခြင်း မဟုတ်ပါလော။

ထို့ကြောင့်...

ယခုအချိန်အထိ အရိပ်အယောင်မျှ ရှာမတွေ့သေးသော မိစ္ဆာဂိုဏ်းချုပ် ကိုယ်တိုင် သိုင်းသူတော်စင်အဆင့်သို့ ရောက်ရှိလာခဲ့လျှင်တောင်မှ နင်ချီ ကြောက်လန့်နေမည် မဟုတ်ပေ။

ယခုမူ...

သူသည် သိုင်းသူတော်စင် နယ်ပယ်ကို စူးစမ်းလေ့လာဖို့အတွက် အာရုံစိုက်ရပေတော့မည်။

မျောက်ဖြူသွေးမျိုးဆက်ထဲတွင် ကိန်းအောင်းနေသော ပုံရိပ်များနှင့် ယွီဘုရင်ပုလဲထဲမှ သိုင်းသူတော်စင် စွမ်းအားများသည် နင်ချီအတွက် လေ့လာစူးစမ်းရန် လမ်းစများ ဖြစ်လာခဲ့လေပြီ ဖြစ်၏။

ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် နင်ချီ၏ စိတ်ထဲတွင် မျှော်လင့်ချက် ရောင်ခြည်တို့ သန်းလာခဲ့ရချေ၏။

—-----

တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းဝယ်...။

ဉာဏ်အလင်းပွင့် လက်ဖက်ပင်အောက်တွင် တရားထိုင်နေသော မျောက်ဖြူသည်ကား ယခင်ကထက် ပိုမို၍ မြင့်မြတ်သော အသွင်ဆောင်လာခဲ့ချေပြီ။ သူ၏ အမွှေးအမျှင်လေးများသည် ဆီးနှင်းပွင့်များအလား၊ ငွေမျှင်များအလား ဖြူဖွေးတောက်ပနေလေသည်။ နင်ချီ၏ ထင်ယောင်ထင်မှား ချိုးဖျက် ရွှေရောင်မျက်လုံး ကျင့်စဉ်ကြောင့် မျောက်ဖြူ၏ သွေးမျိုးဆက်များ ပိုမိုနိုးကြားလာပြီး စွမ်းအားများလည်း လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။

ထိုတိုးတက်မှုသည် သိုင်းပညာ လမ်းကြောင်းအပေါ်တွင်ပါ သက်ရောက်မှု ရှိလာခဲ့ပြီး မျောက်ဖြူအား မြူဖြူ နယ်ပယ်သို့ အောင်မြင်စွာ ရောက်ရှိစေခဲ့လေ၏။

သူ့၏ တိုက်ခိုက်နိုင်စွမ်းကတော့ ပို၍ပင် ချီးကျူးဖွယ်ရာ ကောင်းလှသည်။ ကောင်းကင်ဘုံလူသား နယ်ပယ်နှင့် အလွန်နီးစပ်နေပြီ ဖြစ်သလို၊ ချီအနှစ်သာရ နယ်ပယ်တွင် ပြိုင်ဘက်ကင်းသည်ဟုပင် ဆိုနိုင်ပေလိမ့်မည်။

“ထျန်းရှန်း... စိတ်ကို စုစည်းပြီး ငြိမ်ငြိမ်လေး နေစမ်း…”

နင်ချီက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ သူ၏ အသံသည် ညင်သာသော်လည်း မျောက်ဖြူအတွက်တော့ နှိုးဆော်သံ တစ်ခုလို ဖြစ်နေခဲ့၏။

မျောက်ဖြူကလည်း အလိုက်သင့်ပင် ငြိမ်သက်သွားသည်။

ထိုအခိုက်အတန့်မှာပင် နင်ချီ၏ ဦးခေါင်းထက်တွင် ပန်းပွင့်သုံးပွင့်သည် ရေးရေးမျှ ပေါ်လာပြီး ထပ်တူကျသော အခြေအနေတစ်ခုသို့ ချက်ချင်း ရောက်ရှိသွားတော့၏။ ပန်းပွင့်သုံးပွင့် စုစည်းပြီးသည့်နောက်တွင် သူ၏ နတ်ဘုရား အာရုံသည် ယခင်ကထက် ပိုမို ကောင်းမွန် ပြောင်းလဲလာကြောင်းကို နင်ချီ ချက်ချင်း အာရုံခံလိုက်မိလေသည်။

“ဝီ…”

တိုးညင်းသော တုန်ခါသံ တစ်ခုနှင့်အတူ...။

နင်ချီ၏ အသိစိတ်သည် ကျယ်ပြောလှသော ကမ္ဘာမြေပြင်တစ်ခုပေါ်သို့ သက်ဆင်းသွားသလို ခံစားလိုက်ရသည်။ ထူးဆန်းအံ့သြဖွယ်ရာတော့ မရှိ။ အဝေးတစ်နေရာတွင် တောင်ကြီးပမာ ကြီးမားလှသော ငွေရောင် ဧရာမ မျောက်ဝံကြီး တစ်ကောင် လမင်းကို မော့ကြည့်ပြီး အော်မြည်နေသည်ကို သူ မြင်တွေ့နေကျ ဖြစ်သောကြောင့်ပင်။

သို့သော် ယခုတစ်ကြိမ်တွင်မူ ထူးခြားသော ကမ္ဘာကြီးအပေါ် သူ၏ ခံစားသိမြင်နိုင်စွမ်းက ပိုမို ကြည်လင်ပြတ်သားလာသည်ကို သတိထားမိလိုက်သည်။ အရာအားလုံးက ပိုပြီး အသက်ဝင်နေသယောင်။

နတ်ဘုရား ပန်းပွင့် ပြည့်စုံသွားခြင်းကြောင့်များလား...

နင်ချီ စိတ်ထဲမှ တွေးတောလိုက်မိလေ၏။

အဝေးတစ်နေရာဆီ၌...၊

ဧရာမ မျောက်ဝံကြီးသည် ဟိန်းဟောက်လိုက်ရင်း လရောင်များနှင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားတို့ကို လောဘတကြီး မျိုချနေလေသည်။

ထို့နောက် ပုံမှန်အတိုင်းပင် သူသည် ဂနာမငြိမ် ဖြစ်လာပြီး တောင်များကို ဖျက်ဆီးကာ မြစ်များကို ဖြတ်တောက် ပစ်လိုက်တော့၏။ ကောင်းကင်နှင့် မြေကြီးကိုပါ ဇောက်ထိုးလှန်ပစ်ချင်နေသည့် အလားပင်။

နင်ချီသည် တိတ်ဆိတ်စွာပင် စောင့်ကြည့်နေလိုက်သည်။ သူ၏ အသိစိတ်က ပိုမို စူးစိုက်လာခဲ့၏။

ရုတ်တရက်ဆိုသလိုပါပဲ...။

ဧရာမ မျောက်ဝံကြီးသည် နောက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများမှ မျက်စိကျိန်းမတတ် စူးရှသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာပြီး၊ ထင်ယောင်ထင်မှား ဖြစ်မှုမှန်သမျှကို ဖောက်ထွင်းမြင်နိုင်စွမ်း ရှိသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေလေ၏။

နင်ချီ အသက်အောင့်ထားလိုက်မိလေ၏။ ယခင်အခေါက်များတုန်းက ဒီနေရာ ရောက်တိုင်း သူ ရှေ့ဆက်မတိုးနိုင်ခဲ့။ အသိစိတ်က ခံနိုင်ရည် မရှိတော့ဘဲ ပုံရိပ်များ ပျက်စီးသွားလေ့ရှိသည်။

သို့သော်၊ ဒီတစ်ခါတော့...၊

နတ်ဘုရား ပန်းပွင့် အဆင့် ပြည့်စုံသွားပြီ ဖြစ်သလို၊ ယခုအချိန်အထိ သူ ခံနိုင်ရည် ရှိနေသေး၏။

နင်ချီလည်း မျောက်ဝံကြီး ကြည့်ရာ နောက်ကျောဘက်သို့ လှည့်ကြည့်လိုက်မိလေ၏။

သို့သော်... ဘာမှ မရှိ။

ငွေရောင် ဧရာမ မျောက်ဝံကြီး၏ မျက်ဝန်းထဲမှ ရွှေရောင် အလင်းတန်းများသည် မြေကြီးကို ဖောက်ထွင်းကာ လေဟာနယ်ကိုပါ ရိုက်ခတ်နေလေသည်။ သူသည် နင်ချီကို ကြည့်နေခြင်း မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးကြားတွင် တစ်စုံတစ်ခုကို လိုက်လံ ရှာဖွေနေခြင်းသာ ဖြစ်ပေလိမ့်မည်။ သူ၏ ဟိန်းဟောက်သံများတွင် ဂနာမငြိမ် ဖြစ်မှုများအပြင် ကြောက်ရွံ့မှု အရိပ်အယောင်များပါ စွန်းထင်းနေခဲ့ချေပြီ။

သို့သော်၊ နင်ချီ မြင်နေရတာကတော့ မျောက်ဝံကြီး တစ်ကောင်တည်းသာ။

‘မျောက်ဝံကြီးက ဘာကို ကြောက်နေတာလဲ... တိတ်တဆိတ် စောင့်ကြည့်နေတဲ့ အမည်မသိ အရာတစ်ခုခု ရှိနေလို့များလား…’

နင်ချီ၏ စိတ်ထဲတွင် ထင်ကြေးအမျိုးမျိုး ပေါ်လာခဲ့၏။ သူသည်လည်း မျောက်ဝံကြီးနည်းတူ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ ကြောက်ရွံ့ခြင်း၏ အရင်းအမြစ်ကို ရှာဖွေကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

ထိုစဉ်...။

ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်သွားစေသော အော်မြည်သံကြီး တစ်ခုကြောင့် နင်ချီ၏ အကြည့်များ စုစည်းသွားရသည်။

သူ့နှလုံးသား တစ်ခုလုံး ကြောက်ရွံ့မှုကြောင့် တုန်ခါသွားရချေပြီ။

မူလက တောင်ကြီးပမာ ကြီးမားလှသော မျောက်ဝံကြီး၏ ခန္ဓာကိုယ်သည် မျက်စိရှေ့မှာတင် လျင်မြန်စွာ ရှုံ့တွသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ လေအပြည့် ဖြည့်ထားသော ပူဖောင်း တစ်လုံး ရုတ်တရက် လေပေါက်သွားသကဲ့သို့။

ဒါက ခန္ဓာကိုယ် ကြီးလိုက် သေးလိုက် ဖြစ်သွားခြင်းမျိုး မဟုတ်။

ပုံမှန် မဟုတ်သော ပြောင်းလဲမှုကြီး တစ်ခုသာ ဖြစ်ပေသည်။

နားကွဲမတတ် စူးရှသော အော်မြည်သံကြီးများက ဆက်တိုက်ဆိုသလို ပဲ့တင်ထပ်နေ၏။ မျောက်ဝံကြီးသည် တစ်စုံတစ်ခုထံမှ ရုန်းထွက်ရန် ကြိုးစားနေသကဲ့သို့၊ သို့မဟုတ် တစ်စုံတစ်ခုကို တွန်းလှန်ရန် အသည်းအသန် ကြိုးစားနေသကဲ့သို့ မြင်တွေ့ရလေ၏။

ထို့နောက် ပိုမို ကြောက်မက်ဖွယ် ကောင်းသော ပြောင်းလဲမှုကြီး ဆက်လက် ဖြစ်ပေါ်လာသည်။

မျောက်ဝံကြီး၏ ခန္ဓာကိုယ်ပေါ်မှ ငွေရောင် အမွှေးအမျှင်များသည် အစုလိုက် အပြုံလိုက် ကျွတ်ထွက်ကုန်ကြ၏။ ပေါ်လာသော ကြွက်သားများကလည်း လျင်မြန်စွာပင် ခြောက်သွေ့သွားကြ၏။ ကြမ်းတမ်း ခက်ထန်သော အစွယ်ကြီးများသည် အရောင်အဝါများ ပျောက်ဆုံးသွားပြီး တဖြည်းဖြည်းချင်း ကျွတ်ထွက်ကုန်တော့၏။

တချိန်က တောက်ပခဲ့သော ရွှေရောင် မျက်ဝန်းအစုံသည်လည်း အရောင်မှိန်ကာ နောက်ကျိသွားပြီး နာကျင်မှုနှင့် ဝေဒနာတို့သာ ပြည့်နှက် ကျန်ရစ်နေခဲ့ရှာလေသည်။

မျောက်ဝံကြီးသည် အဆက်မပြတ် ရုန်းကန်နေသော်လည်း သူ၏ စွမ်းအားများက ကုန်ခမ်းလွယ်လွန်းလှသည်။

ခဏတာ အချိန်လေး အတွင်းမှာပင်...၊

တောင်များနှင့် မြစ်များကို အမှုန်အမွှားလောက်သာ သဘောထားခဲ့သော အင်အားကြီး သတ္တဝါကြီးသည် သစ်ပင်ကြီး တစ်ပင်နှင့် ခလုတ်တိုက်မိကာ ယိုင်နဲ့သွားရလေသည်။ သစ်ပင်ကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်သော်လည်း ပြန်ကန်အားကြောင့် မြေကြီးပေါ်သို့ လဲကျသွားရသည်။ ယခုအခါတွင် သူသည် မယုံကြည်နိုင်လောက်အောင်ပင် အိုမင်းမစွမ်း ဖြစ်နေခဲ့ချေပြီ။

နင်ချီသည် ထိုကွာခြားလွန်းလှသော မြင်ကွင်းကို ကြည့်ရင်း ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရ၏။

မျောက်ဝံကြီးသည် ဝမ်းနည်းပက်လက် ညည်းတွားသံ သဲ့သဲ့လေးကို ပြုရင်း မြေကြီးပေါ်တွင် ထိုင်လျက်သား ဖြစ်နေ၏။ ကောင်းကင်ကြီးကို မော့ကြည့်နေသော သူ့ပုံစံမှာ ဘာကြောင့်လဲ ဟု မေးခွန်းထုတ်နေသယောင်။

သို့သော်... ဘယ်ကမှ အဖြေပြန်မလာခဲ့။

မျောက်ဝံကြီးသည် ငြိမ်သက်စွာ ထိုင်လျက်သား။ သူ၏ နာကျင်ကြေကွဲဖွယ် အော်မြည်သံလေးမှာ တဖြည်းဖြည်း တိုးဝင်သွားပြီး နောက်ဆုံးတွင် တောင့်တင်းသွားလေတော့၏။

လေပြေတစ်ချက် ဖြတ်သန်း တိုက်ခတ်သွားချိန်၌...၊

ဖုန်မှုန့် အနည်းငယ်သည် လေနှင့်အတူ လွင့်ပါသွားကြ၏။

မျောက်ဖြူကြီး၏ အမွှေး၊ အသား၊ အရိုး... ဘာတစ်ခုမျှ ကျန်ရစ်မနေခဲ့တော့ပေ။

ထိုမြင်ကွင်းက နင်ချီကို ပိုမို ထိတ်လန့်သွားစေသည်။ ထို့နောက် စိတ်ကို အားတင်းကာ ကြည့်လိုက်သောအခါတွင်မူ တရားခံကို သူ မြင်တွေ့လိုက်ရချေပြီ။

ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျှင်တန်းများသည် လေဟာနယ်ထဲသို့ ပျော်ဝင်သွားကြ၏။ နင်ချီ အံ့သြမှင်သက်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။

‘ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ ပြဿနာ ရှိနေတာပဲ…’

ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် ပုံရိပ်များသည် ရေလှိုင်းများအလား ဝေဝါးသွားကြ၏။ ယခင်ကလို ဖိအားပေး၍ ကန်ထုတ်ခံရခြင်းမျိုး မဟုတ်ဘဲ သဘာဝကျကျပင် ပြန်လည် ဆုတ်ခွာလာခြင်း ဖြစ်သည်။ ယွမ်ထျန်းရှန်း၏ သွေးမျိုးဆက်ထဲတွင် မှတ်တမ်းတင်ထားသော မြင်ကွင်းသည် ဤနေရာတွင် ပြီးဆုံးသွားပြီဟု ဆိုလိုခြင်းပင် ဖြစ်ပေလိမ့်မည်။

‘ဒါက သွေးမျိုးဆက် ဆက်ခံသူတွေကို ပေးတဲ့ သတိပေးချက်ပဲ... ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ သေချာပေါက် တစ်ခုခု မှားယွင်းနေပြီ…’

နင်ချီသည် ဉာဏ်အလင်းပွင့် လက်ဖက်ပင်အောက်တွင် ရပ်တန့်နေမိလေ၏။ သူ၏ ရင်ထဲတွင် လှိုင်းတံပိုးများ ထန်နေသကဲ့သို့ ခံစားချက်များကို အချိန်ကြာမြင့်စွာ ငြိမ်သက်အောင် မထိန်းချုပ်နိုင် ဖြစ်နေမိ၏။

စောစောက မြင်ကွင်းသည် သူ့ခေါင်းထဲတွင် ထပ်ခါတလဲလဲ ပေါ်လာနေ၏။

ထိုအထဲတွင် ဖုံးကွယ်ထားသော သတင်းအချက်အလက်များကို သူ စဉ်းစား သုံးသပ်ကြည့်မိလေသည်။

‘ဧရာမ မျောက်ဝံကြီးက ကောင်းကင်နှင့် မြေကြီး စွမ်းအားကို စုပ်ယူပြီးမှ ရုတ်တရက် ကံဆိုးမိုးမှောင် ကျသွားတာ... ဒါဆိုရင် မူလကတည်းက ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ ပြဿနာ မရှိခဲ့ဘဲ၊ နောက်ပိုင်းမှ ပြင်ပ နှောင့်ယှက်မှု တစ်ခုခုကြောင့် ပြောင်းလဲသွားတာများလား...

ကောင်းကင်ဘုံ သားရဲတွေ မျိုးသုဉ်းသွားရတာ ဒီအကြောင်းရင်းကြောင့်ကိုး…’

ကောင်းကင်ဘုံ သားရဲ ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး၏ အချစ်တော်များ ဖြစ်ကြပြီး မွေးရာပါ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ထိန်းချုပ်နိုင်စွမ်း ရှိကြ၏။ အကယ်၍သာ ထိုစွမ်းအားတွင် တစ်စုံတစ်ခု မှားယွင်းနေပါက ၎င်းတို့သည် ပထမဆုံး ခံစားရမည့်သူများ ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံ သားရဲများသာ မဟုတ်ချေ... တစ်ဆယ်ကဲ့သို့ မူလ ဓားအရိုး ရှိသူများလည်း ပါဝင်နေပေ၏။ လူသားမျိုးနွယ်ထဲမှ ကောင်းကင်ဘုံ သားရဲကဲ့သို့သော လူများလည်း ဤအကြောင်းရင်းကြောင့်ပင် ပျောက်ကွယ်သွားရခြင်း ဖြစ်တန်ရာ၏။

တစ်ဆယ်၏ လက်ရှိ မူလ ဓားအရိုးဟူသည် ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် မွေးဖွားလာသော ပုံစံတစ်မျိုးပင် ဖြစ်နေလေသည်။ ထို့ကြောင့် တစ်ဆယ်သည် ကောင်းကင်နှင့် မြေကြီး စွမ်းအားကို မထိန်းချုပ်နိုင်သကဲ့သို့၊ မူလ နတ်ဘုရား ဓားချီကိုပင် မနိုးထနိုင်ခဲ့ခြင်း ဖြစ်ပေမည်...။

ပြန်လည် စဉ်းစားကြည့်ပါက ကောင်းကင်ဘုံ သားရဲ သွေးမျိုးဆက် ပါဝင်သော ရှားပါးသားရဲများ ဆိုသည်မှာလည်း ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်စေရန် ဖန်တီးထားသည့် ကောင်းကင်ဘုံ သားရဲများ၏ အသွင်သဏ္ဍာန်များပင် ဖြစ်နိုင်ပေ၏။ ကောင်းကင်ဘုံ သားရဲ အချို့သည် မျိုးဆက် ပြန့်ပွားစေရန်အတွက် ၎င်းတို့၏ မျိုးဆက်များကို တမင်တကာ အဆင့်နိမ့်ချလိုက်ခြင်းများ ဖြစ်လေသလော…

နင်ချီ တွေးလေလေ၊ အမှန်တရားက ထိုသို့ ဖြစ်လောက်သည်ဟု ခံစားမိလေလေပင်။

ထို့အပြင်၊ ဒီအရာအားလုံး၏ အရင်းအမြစ်က...

ကောင်းကင်နှင့် မြေကြီး၏ အမည်မသိ ပြောင်းလဲမှု တစ်ခုကြောင့်ပင်။

ငါ ကောင်းကင်ဘုံလူသား နယ်ပယ်ကို ရောက်ကတည်းက ကောင်းကင်နှင့် မြေကြီး စွမ်းအားဆီကနေ ကြီးမားသော ကြောက်ရွံ့မှုကို အမြဲ ခံစားနေရတာ မဆန်းတော့ပါဘူး... ယခင်တုန်းက ဓားမ မိစ္ဆာ ပြောဖူးတာ ရှိတယ်သည်... ။

သူ သိုင်းသူတော်စင် နယ်ပယ်ကို တက်လှမ်းဖို့ ကြိုးစားတုန်းကလည်း ဒီလို ခံစားချက်မျိုး ရခဲ့ဖူးသည်တဲ့…

အကယ်၍ အမှန်တရားကို မသိသောသူ ဖြစ်ပါက ဤအရာကို ကောင်းကင်နှင့် မြေကြီး၏ ချည်နှောင်မှု၊ သို့တည်းမဟုတ် နှလုံးသား မိစ္ဆာ ဘေးဒုက္ခဟူ၍သာ ထင်မှတ်ကာ၊ ကျော်ဖြတ်နိုင်လျှင် သိုင်းလမ်းကြောင်းသစ် ပွင့်လာမည်ဟု ယုံကြည်နေကြမည်သာ ဖြစ်သည်။

သို့သော် ယခု ပြန်လည် ကြည့်ရှုလိုက်ပါက... အကယ်၍သာ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို မိမိခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်လိုက်မည် ဆိုပါက... ချက်ချင်း သေဆုံး၍ ပျောက်ကွယ်သွားရန်ဟူသည် မဖြစ်နိုင်သော ကိစ္စရပ်တော့ မဟုတ်ပေ…။

ထိုအကြောင်းကို တွေးမိရင်း...

နင်ချီ ဆိတ်ငြိမ်သွားမိလေ၏။

မူလကတော့ သူသည် ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့်ကို ရောက်ပြီးတာနှင့် သိုင်းသူတော်စင် နယ်ပယ်ကို စတင် စူးစမ်းတော့မည်ဟု ကြံရွယ်ထားခဲ့၏။

နင်ချီ၏ ဉာဏ်အလင်းနှင့်၊ ယခု ရရှိထားသော သတင်း

အချက်အလက်ကို ပေါင်းစပ်လိုက်လျှင် နှစ်အနည်းငယ်လောက် အချိန်ယူပြီးသည်နှင့် သိုင်းသူတော်စင် နယ်ပယ်ကို သေချာပေါက် အဆင့် ချိုးဖြတ် တက်လှမ်းနိုင်လိမ့်မည်ဟု ယုံကြည်ထားခဲ့၏။

သို့သော် ယခုတော့... အရာအားလုံးကို ခေတ္တ ဆိုင်းငံ့ထားရပေတော့မည်။

‘အဓိက အကြောင်းရင်းက ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ ပြဿနာ ရှိနေတာပဲ... အဲဒါကို နားမလည်ဘဲနဲ့ ခန္ဓာကိုယ်ထဲကို အတင်းအဓမ္မ ပေါင်းစပ်လိုက်ရင် အဆုံးမရှိတဲ့ ဒုက္ခတွေနဲ့ ကြုံရလိမ့်မယ်။ အခု ငါ့ရှေ့မှာ သိုင်းသူတော်စင် ကျင့်စဉ်တစ်ခု လာချပေးရင်တောင် ငါ လုံးဝ မကျင့်ကြံရဲပါဘူး…’

ငွေရောင် ဧရာမ မျောက်ဝံကြီး၏ ဆိုးရွားလှသော နိဂုံးကို ပြန်တွေးမိတိုင်း နင်ချီ၏ ဦးရေပြားများ ထုံကျင်သွားရလေသည်။

ပထမဆုံး အကြိမ်အဖြစ်... သူသည် ဉာဏ်အလင်း လက်ဖက်ပင်အောက်တွင် ရပ်နေရင်း အကြံအစည်မဲ့ ဖြစ်နေသလို ခံစားလိုက်ရ၏။ သူ၏ လှုပ်ရှားနေသော စိတ်ခံစားမှုများကို အချိန်ကြာမြင့်စွာ ငြိမ်သက်အောင် မလုပ်နိုင်ခဲ့ပေ။

နင်ချီသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သတိမေ့နေသော မျောက်ဖြူကို သစ်ပင်ပေါ်သို့ ညင်သာစွာ ပို့ဆောင်ပေးလိုက်သည်။ မျောက်ဖြူ၏ နူးညံ့သော အမွှေးအမျှင်များကို တစ်ဖန်ပြန်၍ ခံစားလိုက်ရ၏။

ဒီပြဿနာရဲ့ အရင်းအမြစ်ကို ဘယ်လို နားလည်အောင် လုပ်ရမလဲ ဆိုတာ သေသေချာချာ စဉ်းစားရပေဦးမည်။

ဒီပုစ္ဆာကို မဖြေရှင်းနိုင်သရွေ့ ရှေ့ဆက်တိုးဖို့ မျှော်လင့်ချက် မရှိနိုင်တော့။ လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းထားနိုင်ရုံမှလွဲ၍ ဘာမှ မတတ်နိုင်တော့မည့် အဖြစ်က သူ့တစ်ကိုယ်လုံးကို တုန်ခါသွားစေခဲ့လေ၏။

All Chapters