← Chapters

မှတ်တိုင်သစ် တစ်ခု စိုက်ထူခြင်း

Vol. 21 Ch. 305

မှတ်တိုင်သစ် တစ်ခု စိုက်ထူခြင်း

Vol. 21 Ch. 305

~လန်ရီရီ တောင်ပေါ်မှ ဆင်းသက်သွားလေပြီ ဖြစ်၏။

လူတိုင်းက သူမ ထွက်ခွာသွားသည်ကို ငေးမော ကြည့်ရှုနေကြ၏။ တာအိုဆရာလုံရှန်းမှာ တားမြစ်စကား ဆိုချင်သော်လည်း စကားလုံးများ လည်ချောင်းဝ၌ တစ်ဆို့ကာ အသံတိတ် ကျန်ရစ်ခဲ့ရသည်။ လန်ရီရီ၏ တစ်ခုတည်းသော တောင်းဆိုမှုမှာ ချင်ယွင်ကို သူမ ကယ်တင်ခဲ့ကြောင်း မပြောပြရန်ပင် ဖြစ်ချေ၏။

ထိုတောင်းဆိုမှု၏ နောက်ကွယ်တွင် မည်သည့် အကြောင်းပြချက်များ ရှိနေသည်ကို တာအိုဆရာလုံရှန်း မသိသော်ငြားလည်း လန်ရီရီ၏ ဆုံးဖြတ်ချက်ကိုတော့ လေးစားရပေလိမ့်မည်။

လန်ရီရီ၏ ကျောပြင်လေး မိုးကုပ်စက်ဝိုင်းထဲသို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အားလုံး၏ ရင်ထဲ၌ လေးစားသမှုများ ဖြစ်ပေါ်လာရတော့၏။

နင်ချီ၏ ရင်ထဲတွင်လည်း ခံစားချက်များ လှုပ်ခတ်သွားရ၏။

စောစောက လန်ရီရီ ပြောခဲ့သော စကားများကို ထောက်ချင့်ကြည့်လျှင် ဤမိန်းကလေးသည် အစ်ကိုရှစ်အပေါ် အလွန် လေးနက်သော သံယောဇဉ် ရှိနေကြောင်း ထင်ရှားလှပေသည်။

နင်ချီသည် စိတ်မချသဖြင့် လန်ရီရီ၏ ကိုယ်ပေါ်တွင် သူ၏ အာရုံခံနိုင်စွမ်း အငွေ့အသက် အနည်းငယ်ကို တိတ်တဆိတ် ချန်ထားရစ်ခဲ့လိုက်သည်။

သူသည် လန်ရီရီအား အကြွေးတစ်ခု တင်ရှိနေကြောင်း ကတိပေးခဲ့ပြီးပြီ ဖြစ်ရာ ကတိဖျက်မည့်သူ မဟုတ်ချေ။

"ဆရာ...မောင်လေးရှစ်.. နိုးလာရင် တကယ်ပဲ အမှန်အတိုင်း မပြောပြတော့ဘူးလားရှင့်

..."

ယဲ့ချင်းဟယ်က စိတ်မသန့်စွာဖြင့် မေးလိုက်လေသည်။

တာအိုဆရာလုံရှန်းက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်ရင်း...

"ငါ မင်းတို့ ခံစားချက်ကို နားလည်ပါတယ်... ဒါပေမယ့်.. မိန်းကလေးရီရီကို ကတိပေးပြီးသား ကိစ္စမို့ ကတိဖျက်လို့ မဖြစ်ဘူးလေ... ရှစ်လေး.. နိုးလာတဲ့အခါ ကိုးလေးက ကုပေးလိုက်တာလို့ပဲ ပြောလိုက်ကြပါ... သူနဲ့ မိန်းကလေးရီရီ ကြားက ကိစ္စကိုတော့ သူတို့ဘာသာ ဖြေရှင်းကြပါစေတော့... တကယ်လို့ သူ့မှာ သံယောဇဉ် ရှိတယ်ဆိုရင် နိုးလာတဲ့အခါ မိန်းကလေးရီရီကို သူ မေ့ပစ်နိုင်မှာ မဟုတ်ပါဘူး..."

ဆရာလုံရှန်းလည်း အခြေအနေကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားပုံ ရသည်။

ချင်ယွင်နှင့် လန်ရီရီတို့၏ ဆက်ဆံရေးသည် ကျန်းပိုင်ရှန်းနှင့် လင်ရူဟွာတို့ စုံတွဲလို နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း ချစ်ကြိုက်ခဲ့ကြသည်မျိုး မဟုတ်ပေ။ သူတို့ နှစ်ဦးကြားတွင် သံယောဇဉ် ရှိနေကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် အတားအဆီး တစ်ခုကို မကျော်ဖြတ်နိုင်ကြသေးခြင်း ဖြစ်တန်ရာ၏။ ထို့ကြောင့်လည်း လန်ရီရီက အမှန်တရားကို ဖုံးကွယ်ထားချင်ခြင်း ဖြစ်ပေလိမ့်မည်။

ဤသို့သော အခြေအနေမျိုးတွင် ဘေးလူများက ဝင်ရောက် စွက်ဖက်ခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေတတ်သည်။ ကံတရားအတိုင်း လွှတ်ထားလိုက်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အားလုံးက တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်ကြ၏။

ချင်ယွင် နိုးထလာသရွေ့တော့ သူတို့အတွက် အချိန်တွေ အများကြီး ရှိနေပါသေး၏။ အခွင့်အရေး ဆိုတာ ရှိလာဦးမည်ပင်။

သို့သော် တောင်ပိုင်းနယ်စပ် ဆိုသည်မှာ အစစ်အမှန်သိုင်းဂိုဏ်းနှင့် ရန်ဘက်ဖြစ်နေသည်ကို တွေးမိသောအခါ တာအိုဆရာလုံရှန်း ခါးသက်သက် ပြုံးလိုက်မိလေ၏။

သူ့တပည့်များအနက်.. နှစ်ယောက်ပင် အချစ်ရေးနှင့် ပတ်သက်လာလျှင် တစ်ဖက်ကမ်းခတ် ထူးခြားနေကြ၏။

‘တစ်ယောက်က မိစ္ဆာဂိုဏ်း ဒုဂိုဏ်းချုပ်ရဲ့ သမီး၊ နောက်တစ်ယောက်က တောင်ပိုင်းနယ်စပ်ရဲ့ သူတော်စင်မလေး’

လောကကြီး၏ ကံကြမ္မာ အလှည့်အပြောင်းများက တကယ်ကို ခန့်မှန်းရ ခက်ခဲလွန်းလှပေစွ။

...

အချိန်ကာလသည် တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြန်၏။

အစစ်အမှန်သိုင်းဂိုဏ်းသည် တဖြည်းဖြည်းချင်း ငြိမ်းချမ်းသော အခြေအနေသို့ ပြန်လည် ရောက်ရှိလာခဲ့၏။

သို့သော် မဟာယန် နယ်မြေအတွင်း၌ကား ရေအောက်လှိုင်းများ ထန်နေဆဲပင်။

မိစ္ဆာဂိုဏ်း၏ အင်အားစုများသည် နေရာအနှံ့ အမြစ်တွယ်နေခဲ့သဖြင့် လုံးဝ စင်ကြယ်သွားအောင် ရှင်းလင်းရန် ခက်ခဲလှသည်။ ဖြည်းဖြည်းချင်း ရှင်းထုတ်မှသာလျှင် အစအန မကျန်အောင် ဆောင်ရွက်နိုင်ပေလိမ့်မည်။

ထိုအခြေအနေမျိုးတွင် သိုင်းဂိုဏ်းအများအပြားသည် မူမမှန်မှုများကို သတိထားမိလာကြ၏။

မိစ္ဆာဂိုဏ်း တဖြည်းဖြည်း ရှုံးနိမ့်သွားသည်ကို မြင်သောအခါ သူတို့ ပိုမို ထိတ်လန့်လာကြပြီး မဟာယန် အင်ပါယာကို ယခင်ကထက် ပိုမို ကြောက်ရွံ့ ရိုသေလာကြ၏။ အတိတ်ကာလက မိစ္ဆာဂိုဏ်း ရှိနေစဉ်တွင် မဟာယန်ကို ချိန်ခွင်လျှာ ညှိပေးမည့် အင်အားစု ရှိနေသေးသဖြင့် မဟာယန် အနေဖြင့် သိုင်းဂိုဏ်းများကို အလွန်အကျွံ ဖိနှိပ်ခြင်း မပြုနိုင်ခဲ့ပေ။

ယခုမူ မိစ္ဆာဂိုဏ်း ပျက်စီးသွားပြီ ဖြစ်ရာ မဟာယန် အင်ပါယာသည် သူတို့အပေါ် ပိုမို တင်းကျပ်သော စည်းမျဉ်းများ သတ်မှတ်လာမည်ကို စိုးရိမ်ပူပန်လာကြလေသည်။

သို့သော်...၊

ထို စိုးရိမ်မှုသည် ကြာရှည်မခံလိုက်ပေ။

မြောက်ပိုင်း စစ်မီးလျှံများ တဖန် ပြန်လည် တောက်လောင်

လာခဲ့သောကြောင့်ပင်။

မြောက်ပိုင်း မြက်ခင်းပြင်၌ မြောက်ပိုင်း လူရိုင်းမျိုးနွယ်စုများ အင်အား စုစည်းလာကြ၏။ သူတို့သည် မြို့စောင့် မြောက်ပိုင်းဘုရင်ကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြရာ မြို့စောင့် မြောက်ပိုင်းဘုရင်မှာ ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး ယခုအခါ ဆေးကုသမှု ခံယူနေရသည်ဟု သတင်းများ ထွက်ပေါ်လာ၏။ ထို့နောက် မြောက်ပိုင်း လူရိုင်းများသည် တောင်ဘက်သို့ အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြ၏။ ကံကောင်းထောက်မစွာဖြင့် နန်းတော်မှ စစ်ကူများ ချက်ချင်း စေလွှတ်လိုက်နိုင်သဖြင့် အခြေအနေကို ထိန်းထားနိုင်ခဲ့၏။

လက်ရှိတွင် မဟာစစ်သူကြီး အများအပြား ဦးဆောင်သော တပ်မတော်ကြီးသည် ထိုနေရာ၌ ခုခံစစ် ဆင်နွှဲနေကြရပြီး အပြန်အလှန် တင်းမာနေသော အခြေအနေသို့ ရောက်ရှိနေလေသည်။

ထို့အပြင်...၊

ကျန်ရှိနေသော မိစ္ဆာဂိုဏ်း အကြွင်းအကျန်များသည်လည်း အမည်မသိ အင်အားစု တစ်ခု၏ အကူအညီကို ရရှိထားပုံရပြီး မယုံကြည်နိုင်လောက်အောင် ကြံ့ကြံ့ခံနိုင်လာကြ၏။

သူတို့သည် အင်အားချင်း မမျှတသေးသော်လည်း ယခင်ကကဲ့သို့ ပြိုလဲပျက်စီးခြင်း မရှိတော့ပေ။ ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများ အနေဖြင့်လည်း စိတ်ရှိတိုင်း ဝင်ရောက် သတ်ဖြတ်၍ မရနိုင်ပေ။ မိစ္ဆာဂိုဏ်းကို အမြစ်ပြတ် ချေမှုန်းရန်မှာ မိမိဘက်ကလည်း ကြီးမားသော ပေးဆပ်မှုများ ရှိလာနိုင်သောကြောင့် ဖြစ်သည်။

အတွင်းမီး၊ အပြင်မီးများ ဝိုင်းနေလေပြီ ဖြစ်၏။

မူလက အလားအလာ ကောင်းနေသော အခြေအနေသည် ရုတ်တရက် တင်းမာလာခဲ့၏။ အထူးသဖြင့် မြောက်ပိုင်း လူရိုင်းများက အာရုံလွှဲလိုက်သောကြောင့် မဟာယန် အနေဖြင့် မိစ္ဆာဂိုဏ်း အကြွင်းအကျန်များကို အမြစ်ပြတ် ရှင်းလင်းရန် မဖြစ်နိုင်တော့ပေ။

ထိုသတင်းသည် အစစ်အမှန်သိုင်းတောင်သို့ ရောက်ရှိလာခဲ့၏။

လော့ဝမ်ထျန်းထံမှ သတင်းကြားပြီးနောက် နင်ချီ တွေးတောဆင်ခြင်ခြင်း နွံထဲသို့ ကျရောက်သွားရသည်။

"မိစ္ဆာဂိုဏ်း အကြွင်းအကျန်တွေရဲ့ နောက်ကွယ်မှာ အမည်မသိ အင်အားစုတစ်ခု ရှိနေတာလား... မိစ္ဆာဂိုဏ်းချုပ် ကိုယ်တိုင် ထွက်လာတာလား... ဒါမှမဟုတ် တခြား အကြောင်းရင်း တစ်ခုခု ရှိနေတာလား..."

နင်ချီ၏ မျက်ဝန်းများ အနည်းငယ် တောက်ပသွားသည်။

"ပြီးတော့ မြောက်ပိုင်း လူရိုင်းတွေက ဘာလို့ ဒီအချိန်မှ ထပြီး တိုက်ရတာလဲ... ဒါက ကျွန်တော်တို့ အင်အားကို ခွဲထုတ်ဖို့ ဗျူဟာခင်းတာလား... တခြား အကြောင်းရင်းများ ရှိနေမလား... မြို့စောင့် မြောက်ပိုင်းဘုရင် ဆိုတာ မြောက်ပိုင်း တံခါးဝကို နှစ်ပေါင်းများစွာ စောင့်ကြပ်လာခဲ့သူလေ... အခုလိုမျိုး တိုက်ခိုက်ခံရတယ် ဆိုတာ တစ်ခါမှ မဖြစ်ဖူးဘူး... ဒါ သာမန် ဖြစ်ရပ် မဟုတ်ဘူး... မြောက်ပိုင်း လူရိုင်းတွေ ကြံစည်လာတာ ကြာလောက်ပြီ..."

"ဒီဖြစ်ရပ် နှစ်ခုကြားမှာ ဆက်နွှယ်မှုများ ရှိနေမလား..."

သူ့စကားများကို နားထောင်ရင်း

လော့ဝမ်ထျန်းက မျက်မှောင်ကြုတ်လိုက်ရင်း...

"မိစ္ဆာဂိုဏ်း ကိစ္စမှာတော့ တခြား သိုင်းဂိုဏ်းတချို့ ပါဝင်ပတ်သက်နေလောက်တယ်၊ ကိုးလေး... သိုင်းဂိုဏ်း အများစုက မိစ္ဆာဂိုဏ်း လုံးဝ ပျက်စီးသွားမှာကို မလိုလားကြဘူးလေ... တကယ်လို့ မဟာယန်က လက်အားသွားရင် သူတို့ကို ပြန်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာမှာ စိုးရိမ်နေကြတာကိုး..."

ထိုအခါ၊ နင်ချီ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

သိုင်းဂိုဏ်းများသည် အင်ပါယာ အာဏာစက်အောက်တွင် ခေါင်းငုံ့ခံနေကြရသော်လည်း အခွင့်အရေး ရသည်နှင့် လွတ်လပ်မှုကို ရှာဖွေကြမည့်သူများသာ ဖြစ်သည်။

"ဒါပေမဲ့ သိုင်းဂိုဏ်းတချို့ရဲ့ လှုပ်ရှားမှုလောက်နဲ့တော့ ဒီအဆင့်အထိ ရောက်မလာနိုင်ဘူး... သေချာပေါက် တခြား အင်အားစုတွေ ပါဝင်ပတ်သက်နေမှာပဲ... တောင်ပိုင်းနယ်စပ်က လူတွေလား... တခြား အဖွဲ့အစည်းတွေလား... ဒါမှမဟုတ် သူတို့အားလုံး ပေါင်းနေကြတာလား..."

လက်ရှိအချိန်အထိ တောင်ပိုင်းနယ်စပ်သည် အလွန် ငြိမ်သက်နေသော်လည်း ဤအဖြစ်အပျက်များ၏ နောက်ကွယ်တွင် အရိပ်မည်းအဖြစ် ရှိနေနိုင်သည်ကို ငြင်းပယ်၍ မရပေ။

အတိုချုပ် ပြောရလျှင်...၊

ရှင်းလင်းလုနီးပါး ဖြစ်နေသော အခြေအနေသည် အင်အားစု အများအပြား ပါဝင်ပတ်သက်မှုကြောင့် ပြန်လည် ရှုပ်ထွေးလာခဲ့ပြီ ဖြစ်၏။

လော့ဝမ်ထျန်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် အသံကို နှိမ့်ကာ ပြောလိုက်သည်။

"မြောက်ပိုင်း လူရိုင်းတွေရဲ့ စစ်ရေး လှုပ်ရှားမှုက ကောလာဟလ တစ်ခုနဲ့ ဆက်စပ်နေနိုင်တယ်..."

"ဘာ ကောလာဟလလဲ အစ်ကိုကြီး..."

နင်ချီက မေးလိုက်၏။

လော့ဝမ်ထျန်းက ယန်ပြည်နယ် ရှိရာ အရပ်မျက်နှာသို့ ညွှန်ပြလိုက်ရင်း...

"ကောလာဟလ သတင်းတွေအရတော့... မဟာယန် သိုင်းသူတော်စင်ကြီးဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်က ပေါ်ထွက်လာပြီးကတည်းက အခုချိန်ထိ တုံ့ပြန်မှု မရှိဘဲ တံခါးပိတ် ကျင့်ကြံနေခဲ့တာတဲ့... ဖြစ်နိုင်တာက သူ့ဆီမှာ တစ်ခုခု မှားယွင်းနေပြီ ထင်တယ်... မြောက်ပိုင်း လူရိုင်းတွေက နှစ်အတော်ကြာ အခြေအနေကို စောင့်ကြည့် အကဲခတ်နေခဲ့ကြတာ... အခုမှ ဘာအကြောင်းကြောင့်မှန်း မသိဘဲ ရုတ်တရက် တောင်ဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာ

ကြတာလေ..."

နင်ချီ၏ စိတ်ဝိညာဉ် အနည်းငယ် တုန်ခါသွားရသည်။

မဟာယန် သိုင်းသူတော်စင် ဆိုသည်မှာ လောကတွင် တစ်ဦးတည်း ကျန်ရှိတော့သော သိုင်းသူတော်စင် ဖြစ်ပြီး၊ အားလုံး၏ အထက်တွင် မားမားမတ်မတ် ရပ်တည်နေသော ဧရာမ တောင်ကြီး တစ်လုံး ဖြစ်ပေသည်။

မိစ္ဆာဂိုဏ်း ဖြစ်စေ၊ တောင်ပိုင်းနယ်စပ် ဖြစ်စေ၊ မြောက်ပိုင်း လူရိုင်းများ ဖြစ်စေ မည်သည့် အင်အားစုမဆို မဟာယန်ကို စိန်ခေါ်ချင်လျှင် ဤတောင်ကြီးကို ကျော်ဖြတ်ဖို့ မလွယ်ကူလှပေ။

All Chapters