← Chapters

မှတ်တိုင်သစ်တစ်ခု စိုက်ထူခြင်း (အပိုင်း ၂)

Vol. 21 Ch. 306

မှတ်တိုင်သစ်တစ်ခု စိုက်ထူခြင်း (အပိုင်း ၂)

Vol. 21 Ch. 306

~"ဒီသတင်းက ဘယ်က စထွက်လာတာလဲဗျ.. အစ်ကိုကြီး..."

"အစ်ကိုကြီးလည်း အတိအကျတော့ မသိဘူး ကိုးလေး... သိုင်းလောကထဲမှာ ရုတ်တရက် ပျံ့လာတာပဲ... မဟာယန် နန်းတော်က ဒီသတင်းဖြန့်တဲ့ သိုင်းသမား တော်တော်များများကို ဖမ်းဆီးအရေးယူပြီး ဖိနှိပ်လိုက်တော့ သတင်းက အကြီးအကျယ် မပျံ့တော့ပေမယ့် အတွင်းသိတွေကတော့ သိနေကြတယ်..."

နင်ချီ ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်သည်။

“ဒီလိုဆိုရင်တော့ ဆက်ပြီး စုံစမ်းနေလို့ မကောင်းတော့ဘူး…”

နှစ်ဦးသား ခဏတာ ဆွေးနွေးတိုင်ပင်ပြီးနောက် ရှုပ်ထွေးနေသော ရေပွက်ထဲသို့ ခြေမစိမ်ကြရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြလေသည်။ အစစ်အမှန်သိုင်းဂိုဏ်းတွင် နင်ချီ သယ်ဆောင်လာသော ရတနာများစွာ ရှိနေပြီး ဖြစ်သည်။ အရေးအကြီးဆုံးမှာ အခြားလှုပ်ရှားမှုများ မပြုလုပ်ဘဲ တိတ်တဆိတ် အင်အားဖြည့်တင်း

ကြရန်ပင် ဖြစ်၏။

အစစ်အမှန် ဓားကျောက်စာတိုင်နှင့် တာအို တစ်သောင်း မျှော်စင်တို့ ရှိနေသရွေ့၊ သိုင်းဂိုဏ်းသားများ တောင်အောက်မဆင်းလျှင်တောင်မှ ဂိုဏ်း၏ ဂုဏ်သတင်းသည် မှေးမှိန်သွားမည် မဟုတ်ပေ။ ပို၍ပင် ကြီးထွားလာဦးမည် ဖြစ်ပြီး၊ လူအများက အစစ်အမှန်သိုင်းဂိုဏ်းကို ပိုမို လေးစား အားကိုးလာကြပေလိမ့်မည်။

နင်ချီသည် လော့ဝမ်ထျန်း ထွက်ခွာသွားသည်ကို ငေးကြည့်ရင်း အတွေးနယ်ချဲ့လိုက်မိပြန်၏။

‘တကယ်လို့များ... မဟာယန် သိုင်းသူတော်စင်ကြီးဟာ အရင်ကလောက် မစွမ်းတော့ဘူး ဆိုရင်... ဒါဟာ ကောင်းကင်နှင့် မြေကြီး စွမ်းအား ပြဿနာကို ဖြေရှင်းဖို့ ထွက်ပေါက်တစ်ခု ဖြစ်လာနိုင်မလား…’

သူ့စိတ်ထဲတွင် ထိုအချက်ကို ထည့်သွင်းစဉ်းစားဖူးသော်လည်း၊ မဟာယန် သိုင်းသူတော်စင်ကြီး၏ နှစ်ပေါင်းများစွာ လွှမ်းမိုးထားနိုင်မှုကို လွယ်လွယ်ကူကူ ကျော်လွှားနိုင်မည် မဟုတ်ဟု တွက်ဆထားခဲ့ဖူးသည်။ ယခုမှသာ ထိုအချက်ကို ပြန်လည် စဉ်းစားလာမိခြင်း ဖြစ်သည်။

သို့သော် ချက်ချင်းပင် ခေါင်းကို ခါရမ်းလိုက်သည်။

မဖြစ်မနေ လိုအပ်လာသည့် အခြေအနေမျိုး မဟုတ်လျှင် ထိုလမ်းကို ရွေးချယ်မည် မဟုတ်ပေ။ စွန့်စားရမှုက ကြီးမားလွန်းလှသည်။

စိတ်ကို စုစည်းပြီး ငြိမ်သက်ခြင်းကို ရှာဖွေလိုက်၏။

နင်ချီသည် ယွီဘုရင် ပုလဲကို ထုတ်ယူကာ နောက်တစ်ကြိမ် သေချာစွာ အာရုံစိုက် လေ့လာလိုက်လေသည်။

ယွီဘုရင် ပုလဲ၏ သွေးရောင်မှာ အတော်လေး ဖျော့တော့သွားပြီ ဖြစ်ရာ မူလ ကျောက်စိမ်းရောင် တောက်ပြောင်မှုသို့ ပြန်လည် ရောက်ရှိလုနီးပါး ဖြစ်နေချေပြီ။

"ဒီနေ့တော့ အောင်မြင်မယ့်နေ့ ဖြစ်ရမယ်..."

နင်ချီ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်ရောင်ခြည်များ သန်းနေလေသည်။

ရက်ပေါင်းများစွာ တွေးတောကြံဆခဲ့ရခြင်းမှာ အချည်းနှီးတော့ မဟုတ်ခဲ့ပါ။ ယခုအခါတွင် ယွီဘုရင် ပုလဲအပေါ် နင်ချီ၏ ထိန်းချုပ်နိုင်စွမ်းသည် ယခင်ကနှင့် လုံးဝ ကွဲပြားခြားနားသွားခဲ့ချေပြီ။ အကယ်၍သာ မိစ္ဆာဂိုဏ်း မဟာအကြီးအကဲ ပြန်လည် အသက်ရှင်လာမည် ဆိုပါက ဧကန်မုချ အံ့အားသင့်သွားရပေလိမ့်မည်။ သူသည် ရာစုနှစ်ပေါင်းများစွာ ပေးဆပ်ခဲ့သော်လည်း ဤလျှို့ဝှက် ရတနာ၏ အပေါ်ယံလွှာလောက်ကိုသာ ထိတွေ့နိုင်ခဲ့သည် မဟုတ်ပါလား။

နင်ချီ စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သွေးရောင် စွမ်းအင်တန်း တစ်ခုသည် သူ့ခန္ဓာကိုယ် ပတ်လည်တွင် ချက်ချင်း ဝဲပျံလာလေ၏။

နင်ချီ၏ စိတ်အလိုကျ ထိုစွမ်းအင်တန်းသည် အသွင်သဏ္ဍာန် အမျိုးမျိုး ပြောင်းလဲသွားလေသည်။ တစ်ခါတစ်ရံ ကောင်းကင် ဓားမကြီး အဖြစ်၊ တစ်ခါတစ်ရံ နတ်ဘုရား သန်လျက် အဖြစ်၊ တစ်ခါတစ်ရံ တောင်ကြီးပမာ စုစည်းလိုက်၊ တစ်ခါတစ်ရံ မြစ်ကြီးပမာ စီးဆင်းလိုက်နှင့်။ ထို့အပြင် စွမ်းအားအမျိုးမျိုး ပါဝင်သော ဆန်းပြား သားရဲများ အသွင်သို့လည်း ဆက်လက် ပြောင်းလဲနိုင်သေး၏။

ဤကဲ့သို့ ရှုပ်ထွေးနက်နဲသော ထိန်းချုပ်နိုင်စွမ်းမျိုးကို မိစ္ဆာဂိုဏ်း မဟာအကြီးအကဲ အနေဖြင့် နောက်ထပ် နှစ်တစ်ထောင်လောက် ထပ်ပြီး ကျင့်ကြံရင်တောင်မှ မီနိုင်မည် မဟုတ်ပေ။

နင်ချီ အတော်လေး ကျေနပ်သွားမိလေ၏။

သူသည် သိုင်းသူတော်စင် စွမ်းအား စုစည်းခြင်း နည်းစနစ်ကို လေ့လာနေရုံသာမက၊ ထိုစွမ်းအား၏ အသုံးချပုံကိုပါ ဖော်ထုတ်နေခြင်း ဖြစ်သည်။ တူညီသော လျှို့ဝှက် ရတနာ တစ်ခုတည်း ဖြစ်သော်လည်း ကိုင်တွယ်သူ ကွဲပြားသွားသည့်အခါ ရလဒ်က မိုးနှင့် မြေလို ကွာခြားသွားရလေသည်။ ဟိုတစ်နေ့က မဟာအကြီးအကဲ သုံးသွားတာက ရမ်းကားပြီး အကြမ်းပတမ်း ဖောက်ခွဲပစ်လိုက်တာမျိုး ဖြစ်လို့ တောင့်တင်းလွန်းလှသည်။ နင်ချီ၏ လွတ်လပ်ပေါ့ပါးပြီး သဘာဝကျသော ထိန်းချုပ်မှုမျိုးနှင့် ယှဉ်လိုက်လျှင် စွမ်းအားချင်း အဆပေါင်းများစွာ ကွာခြားသွားနိုင်ပေသည်။

ခဏတာ စမ်းသပ် အသက်သွင်းပြီးနောက် နင်ချီ နှမြောတသ ဖြစ်သွားပြန်၏။

‘ချွေချွေတာတာ သုံးမယ် ဆိုရင်တော့... ဒီ သိုင်းသူတော်စင် စွမ်းအားကို ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အကြိမ်ရေ အနည်းငယ်လောက်တော့ သုံးလို့ ရဦးမှာပါ...

ဒါပေမဲ့ စွန့်စားမှု မရှိရင် အကျိုးအမြတ်လည်း မရှိနိုင်ဘူးလေ…’

သူ၏ အကြည့်များ တဖြည်းဖြည်း တည်ငြိမ်ပြတ်သားလာပြီး ယွီဘုရင် ပုလဲကို အပြည့်အဝ စတင် အသက်သွင်းလိုက်လေသည်။

သိုင်းသူတော်စင် စွမ်းအားများ တစ်စစ စီးဆင်းထွက်ပေါ်လာပြီး သွေးရောင်တန်းသည်လည်း ပိုမို သိပ်သည်းလာခဲ့၏။ ထို့နောက် နင်ချီက စိတ်ညွှန်ကြားချက် ပေးလိုက်ရာ ချက်ချင်း ပြန့်ကျဲသွားတော့၏။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သွေးရောင်တန်းသည် ပြိုလဲပျက်စီးသွားပြီး မီးခိုးငွေ့၊ မြူခိုးငွေ့များ အဖြစ် ပြောင်းလဲသွားကာ၊ နောက်ဆုံးတွင် သန့်စင်သော ကောင်းကင်နှင့် မြေကြီး စွမ်းအား အဖြစ်သို့ ပြန်လည် ရောက်ရှိသွားတော့၏။ ယခင်ကလို လှုပ်ရှားသက်ဝင်မှုမျိုး မရှိတော့ဘဲ လုံးဝ ပျောက်ကွယ်သွားသည် အထိပင်။

ယခုအခါ ယွီဘုရင် ပုလဲသည် မူလ တောက်ပသော ကျောက်စိမ်းရောင် ရတနာ ပုလဲလုံးလေး အဖြစ် ပြန်လည် ရောက်ရှိသွားပြီး နူးညံ့သော အလင်းရောင်လေးများကို ထုတ်လွှတ်နေလေသည်။

"အဟောင်းကို ဖျက်မှ အသစ်ကို တည်ဆောက်နိုင်မှာ... မဟာယွီရဲ့ သွေးမျိုးဆက်နဲ့ စုစည်းထားတဲ့ သိုင်းသူတော်စင် စွမ်းအားတွေကို မဖျက်ဆီးပစ်ရင်၊ ငါ့နည်းလမ်းနဲ့ စုစည်းမယ့် စွမ်းအားသစ်ကို သူတို့က တွန်းကန်နေကြလိမ့်မယ်..."

"ဒီကြိုးစားမှုဟာ ယွီဘုရင် ပုလဲကို ထပ်မံ စူးစမ်းတာ သက်သက် မဟုတ်ဘူး... သိုင်းသူတော်စင် လမ်းစဉ်အတွက် စမ်းသပ်မှု တစ်ခုလည်း ဖြစ်တယ်..."

လုံလောက်သော ယုံကြည်မှု မရှိဘဲနဲ့တော့ သူ ဒီလောက် ပြတ်ပြတ်သားသား လုပ်ဆောင်ရဲမည် မဟုတ်ပေ။

နင်ချီ၏ စိတ်ထဲတွင် ဉာဏ်အလင်းရောင်စဉ်များ အဆက်မပြတ် တောက်ပနေပြီး အနှစ်သာရများ ယှက်နွှယ် ပေါင်းစပ်သွားကြ၏။

သူ့တစ်ကိုယ်လုံးကို အားကုန်ထုတ် သုံးလိုက်ရာ ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်လာလေ၏။

ထိုအခိုက်အတန့်၌...၊

အနှစ်သာရ၊ ချီ နှင့် ဝိညာဉ် ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးသွားကြတော့၏။

တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းရှိ စွမ်းအင်များသည် အဆပေါင်းများစွာ ပိုမို ကြွယ်ဝ ပြည့်စုံလာခဲ့၏။

"ကောင်းကင်နှင့် မြေကြီး စွမ်းအား... စုစည်းစမ်း..."

နင်ချီ စိတ်ထဲမှ တီးတိုး ရေရွတ်လိုက်သည်။

ဓားမ မိစ္ဆာ နယ်ပယ် ချိုးဖျက်စဉ်က အတွေ့အကြုံ၊ ဝူကျန်းဟဲ ချန်ထားရစ်ခဲ့သော ငွေရောင် စာမျက်နှာများ၊ နှင့် သူ၏ လတ်တလော တွေးတောဆင်ခြင်မှုများ အားလုံးကို ပြန်လည် ပေါင်းစပ်လိုက်သည်။ တွေဝေခြင်း အလျဉ်းမရှိဘဲ ကောင်းကင်နှင့် မြေကြီး စွမ်းအား လှိုင်းတံပိုးကြီးများကို စုစည်းလိုက်ရာ တာအိုရှာဖွေခြင်း ကျောင်းတော်သည် လေပွေမုန်တိုင်း၏ ဗဟိုချက်မ ဖြစ်လာတော့၏။

တောက်ပအလင်း သိုင်းခန်းမဆောင်တွင် ကောင်းကင်ဘုံရောက် ဆေးလုံး၏ အာနိသင်ကို စုပ်ယူနေသော တာအိုဆရာလုံရှန်း ချက်ချင်း နိုးထလာပြီး တာအိုရှာဖွေခြင်း ကျောင်းတော် ဘက်သို့ လှမ်းကြည့်လိုက်သည်။

နောက်ဘက် တောင်ကုန်းတွင် တံခါးပိတ် ကျင့်ကြံနေသော ဓားမိစ္ဆာ သည်လည်း ရုတ်တရက် ဖြစ်ပေါ်လာသော ကောင်းကင်နှင့် မြေကြီး စွမ်းအား အပြောင်းအလဲကို သတိပြုမိသွားသည်။ သူ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားပြီး စိတ်လှုပ်ရှားသွားမိ၏။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ သိုင်းသူတော်စင် နယ်ပယ်သို့ တက်လှမ်းရန် ကြိုးစားစဉ်က ခံစားခဲ့ရဖူးသော စွမ်းအား လှိုင်းခတ်မှုမျိုးနှင့် ဆင်တူနေသောကြောင့်ပင်။

"မိတ်ဆွေ ထျန်းကျန့်များ... စတင် ကြိုးစားနေပြီလား..."

သူသည် မနေနိုင်တော့ဘဲ မတ်တပ်ရပ်ကာ ထိုအရပ်မျက်နှာသို့ မျှော်ကြည့်လိုက်မိလေ၏။

ကံကောင်းသည်မှာ နင်ချီက ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ထားသဖြင့် အစစ်အမှန် ဓားကျောက်စာတိုင်နှင့် တာအို တစ်သောင်း မျှော်စင် အနီးတွင် ကျင့်ကြံနေကြသော ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများကတော့ သတိမထားမိလိုက်ကြချေ။

နင်ချီသည် စိတ်ကို အပြည့်အဝ စူးစိုက်ထားလေသည်။

ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးပြီး ထူးဆန်းသော "ကတော့ပုံစံ" တစ်ခုကို ဖန်တီးလိုက်သည်။ ထိုအရာသည် ဟိုစဉ်က ဓားမိစ္ဆာ ဖန်တီးခဲ့သော ပုံစံနှင့် သိပ်မကွာခြားသော်လည်း ပိုမို အားကောင်းလေသည်။

ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် ထို "ကတော့" ထဲသို့ စီးဝင်သွားပြီး အနည်းငယ် "စစ်ထုတ်" ခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။

နင်ချီ၏ နတ်ဘုရား အာရုံထဲတွင် ဖိအားတစ်ခုကို ခံစားနေရသည်။

သူသည် ကောင်းကင်နှင့် မြေကြီး စွမ်းအား စီးဆင်းမှုကို ထိန်းချုပ် ကန့်သတ်နေခြင်း ဖြစ်၏။

ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ ဆွဲသွင်း သန့်စင်ပစ်ချင်စိတ်များ တားမရ ဆီးမရ ဖြစ်ပေါ်နေသော်လည်း၊ လေဟာနယ်ထဲမှ ကြောက်မက်ဖွယ်ရာ အာရုံခံစားမှုက နင်ချီကို သတိပေးနေ၏။

‘ ဒီ "ကတော့" ရဲ့ "စစ်ထုတ်မှု" လောက်နဲ့တော့ အလုပ်ဖြစ်မှာ မဟုတ်ဘူး...။ ‘

နင်ချီသည် စိတ်အာရုံကို ညွှန်ကြားလိုက်ရာ ဆက်သွယ်မှု လမ်းကြောင်းအားလုံးသည် သူ့ရှေ့ရှိ ယွီဘုရင် ပုလဲဆီသို့ ချက်ချင်း ပြောင်းသွားကြတော့၏။

ဒါဟာ နင်ချီ၏ မဟာစီမံကိန်းပါပင်။

ပုံမှန် တွေးခေါ်ပုံအရ ဆိုလျှင် နောက်တစ်ဆင့်သည် ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ခန္ဓာကိုယ်ထဲ သန့်စင်သွင်းယူပြီး သိုင်းသူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲရမည် ဖြစ်သည်။ သို့သော် ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ မူမမှန်မှုကို သိထားသဖြင့် သူ လုံးဝ မလုပ်ရဲပေ။ ထို့ကြောင့် သူသည် အခြားနည်းလမ်း တစ်ခုကို သုံးပြီး ယွီဘုရင် ပုလဲနှင့် ပေါင်းစပ်လိုက်ခြင်း ဖြစ်သည်။

အတိုင်းအတာ တစ်ခုအထိ ပြောရမည် ဆိုလျှင်မူ ဤသည်မှာ 'အပြင်အား စွမ်းအင်ဗဟိုချက် နည်းပညာ' နှင့် ဆင်တူသည်ဟု ဆိုရပေမည်...။

ထိုနည်းပညာမှ စိတ်ကူး ဉာဏ်ကွန့်မြူးထားခြင်း မှန်သော်လည်း၊ အခက်အခဲမှာမူ အဆပေါင်းများစွာ ပိုမို များပြားနေပေသည်။ နင်ချီ ကိုယ်တိုင်ပင်လျှင် ( ၉၀ ) ရာခိုင်နှုန်းခန့်သာ ယုံကြည်မှု ရှိလေသည်။

နင်ချီ စိတ်မလျော့ရဲပေ။

သူ၏ နတ်ဘုရား အာရုံသည် ယွီဘုရင် ပုလဲနှင့် ဆက်လက် ချိတ်ဆက်ထားသည်။ ပုလဲလုံးလေးသည် တောက်ပစွာ လင်းလက်လာပြီး နူးညံ့သော်လည်း အားကောင်းသော အလင်းရောင်များကို ထုတ်လွှတ်နေ၏။ အတွင်းပိုင်းရှိ အထူးပုံစံကွက်များသည် စတင် လည်ပတ်လာပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျှင်တန်းများကို စုပ်ယူလိုက်ကြ၏။ ထို့နောက် နင်ချီသည် အာရုံကို ခွဲထုတ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားကို သီးသန့် ကြိမ်နှုန်းတစ်ခုဖြင့် တုန်ခါစေရန် ပြုလုပ်လိုက်လေ၏။

ယွီဘုရင် ပုလဲ၏ အလင်းရောင်သည် နေလုံးငယ်လေး တစ်လုံးအလား ပိုမို စူးရှ တောက်ပလာခဲ့၏။

တာအိုရှာဖွေခြင်း ကျောင်းတော် အတွင်းဝယ်...၊

ကြောက်မက်ဖွယ်ရာ လှိုင်းတံပိုးကြီးများ ထန်နေချေပြီ။

ကောင်းကင်နှင့် မြေကြီး စွမ်းအား လှိုင်းလုံးများသည် တစ်လုံးပြီးတစ်လုံး စုပြုံ ဝင်ရောက်လာကြသော်လည်း ထွက်ပေါက် မရှိသဖြင့် နင်ချီအပေါ် ဖိအားများ ပိုမို များပြားလာသည်။ နဖူးပေါ်တွင် ချွေးစေးများပင် စို့လာခဲ့ရ၏။

ကံကောင်းထောက်မစွာဖြင့် ဤအကြပ်အတည်း ကာလသည် ကြာရှည်မခံလိုက်ပေ။

နင်ချီ၏ ယခင် တွေးတောကြံဆမှုများသည် အချည်းနှီး မဖြစ်ခဲ့ပါ။ သူ၏ အဆက်မပြတ် ချိန်ညှိမှုများအောက်တွင် ယွီဘုရင် ပုလဲသည် နောက်ဆုံး၌ စတင် ပြောင်းလဲလာခဲ့ချေပြီ။

“ဝီ…”

မမြင်ရသော အားလှိုင်းများသည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ယွီဘုရင် ပုလဲထဲသို့ စီးဝင်နေသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် နောက်ဆုံး၌ ပြောင်းလဲသွားပြီး အံ့မခန်း သိပ်သည်းသွားကြ၏။ နင်ချီ၏ စိတ်ဝိညာဉ် တက်ကြွ လန်းဆန်းသွားပြီး အပြောင်းအလဲများကို သေသေချာချာ အာရုံခံလိုက်မိလေ၏။ ယွီဘုရင် ပုလဲထဲရှိ အထူးပုံစံကွက်များ လည်ပတ်ပြီးနောက် အရာဝတ္ထုတချို့ ပေါင်းစပ်သွားကာ ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီး စွမ်းအားကြီးသည် ထူးခြားဆန်းပြားသော သိုင်းသူတော်စင် စွမ်းအား အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်ပေသည်။

ဖြူဖွေးတောက်ပသော စွမ်းအား အမျှင်တန်းများသည် အတွင်း၌ စုစည်းလာကြ၏။ ယခင်က သွေးရောင်တန်းနှင့် လုံးဝ ကွဲပြားခြားနားနေပေ၏။

‘အောင်မြင်ပြီဟေ့... တကယ်ပဲ ကောင်းကင်နှင့် မြေကြီး စွမ်းအား သက်သက်ကို အသုံးပြုပြီး စုစည်းလိုက်တဲ့ သိုင်းသူတော်စင် စွမ်းအားက မဟာအကြီးအကဲရဲ့ လျှို့ဝှက်နည်းလမ်းနဲ့ မတူဘူး... အခု စုစည်းလိုက်တဲ့ စွမ်းအားက ပိုပြီး မျှတပြီး တည်ငြိမ်နေတယ်... ဖြစ်နိုင်တာက ဒါဟာ မှန်ကန်တဲ့ လမ်းကြောင်း ဖြစ်နေလို့ပဲ... မဟာအကြီးအကဲတို့က နားမလည်ခဲ့ကြလို့သာ…’

‘ဟုတ်တယ်... သိုင်းသူတော်စင် လျှို့ဝှက် ရတနာ ဆိုတာ သိုင်းသူတော်စင်တွေ ကိုင်တွယ်ဖို့ ဖန်တီးထားတာပဲ... ငါကလွဲရင် တခြားလူတွေက လှည့်ကွက်ဆန်တဲ့ လျှို့ဝှက်နည်းလမ်းတချို့ သုံးပြီး စွမ်းအား နည်းနည်းလောက် ထုတ်သုံးနိုင်ရုံပဲ ရှိမှာ... ငါတောင်မှ အခုထိ ဒီရတနာကို အပြည့်အဝ ထိန်းချုပ်နိုင်သေးတာ မဟုတ်ဘူး…’

အတွေးများ တမဟုတ်ချင်း ဖြတ်သန်းသွားပြီးနောက် နင်ချီ၏ ရင်ထဲတွင် အတိုင်းအဆမဲ့ ဝမ်းသာပီတိ ဖြစ်သွားရလေသည်။

သံသယ ဖြစ်ဖွယ် မရှိပါ။

ဒါဟာ မှတ်တိုင်သစ် တစ်ခု စိုက်ထူလိုက်ခြင်းပါပဲ။

သူသည် ပထမဆုံး အကြိမ်အဖြစ် လျှို့ဝှက် ရတနာ၏ အကူအညီကို ယူပြီး ကောင်းကင်နှင့် မြေကြီး စွမ်းအားကို သိုင်းသူတော်စင် စွမ်းအားအဖြစ် သူ့ဘာသာသူ ပြောင်းလဲ စုစည်းနိုင်ခဲ့ပြီ ဖြစ်သည်။ ဒါဟာ ချီးကျူးဖွယ်ရာ အောင်မြင်မှု တစ်ခုပင်။

ယနေ့က စပြီး...၊

ယွီဘုရင် ပုလဲသည် အမြစ်မဲ့ ရေပေါ်ပင်လို လွင့်မျောနေသော အရာ မဟုတ်တော့ပေ။

သိုင်းသူတော်စင် စွမ်းအားကို နည်းနည်းချင်း ဖဲ့သုံးရမည့် ဘဝလည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။

ဤအချက်သည် နင်ချီ၏ တိုက်ခိုက်ရေး စွမ်းရည်ကို အကြီးအကျယ် မြှင့်တင်ပေးလိုက်ခြင်းပင် ဖြစ်၏။ သို့သော် အရေးအကြီးဆုံး အချက်မှာ... နင်ချီ အနေဖြင့် သိုင်းသူတော်စင် စွမ်းအားကို ဘာမှ ပူပန်စရာ မလိုဘဲ စိတ်ကြိုက် သုတေသန ပြုလုပ်နိုင်တော့မည် ဖြစ်သည်။

ယွီဘုရင် ပုလဲက သိုင်းသူတော်စင် စွမ်းအားကို မည်သို့မည်ပုံ စုစည်းသနည်း ဟူသည့် လျှို့ဝှက်ချက်ကိုသာ သေသေချာချာ နားလည်လိုက်လျှင် သိုင်းသူတော်စင် နယ်ပယ် တံခါးပေါက်ကြီးက သူ့ရှေ့မှာ ပွင့်ဟလာတော့မှာ သေချာသလောက်ပါပင် ..။

နင်ချီ လုပ်ဖို့ လိုတာ တစ်ခုတည်း ရှိတော့၏... ။ ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ မူမမှန်သည့် ပြဿနာကို ဖြေရှင်းပြီး သိုင်းသူတော်စင် နယ်ပယ်သို့ ချောချောမွေ့မွေ့ ဝင်ရောက်သွားဖို့ပင်တည်း။

All Chapters