← Chapters

သံသရာ လမ်းစဉ် အမြုတေ

Vol. 21 Ch. 307

သံသရာ လမ်းစဉ် အမြုတေ

Vol. 21 Ch. 307

~နင်ချီ၏ စိတ်အစဉ်၌ အတွေးစတို့ တရိပ်ရိပ် ဖြတ်သန်းနေသော်လည်း၊ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ပြောင်းလဲယူသည့် လုပ်ငန်းစဉ်ကတော့ တဖြည်းဖြည်း ချောမွေ့လာခဲ့လေပြီ ဖြစ်၏။

လုပ်ဆောင်မှု တစ်ခုလုံးသည် တည်ငြိမ်သွားခဲ့ချေပြီ။ မူလက ရိုင်းစိုင်းစွာ လှုပ်ရှားနေသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများသည် ထွက်ပေါက်တစ်ခုကို ရှာတွေ့သွားသကဲ့သို့ ဖြစ်သွားသည်။ တနေရာတည်းတွင် စုပြုံတိုးဝှေ့နေခြင်း မရှိတော့ဘဲ ယွီဘုရင် ပုလဲထဲသို့ စည်းစနစ်တကျ စီးဝင်သွားကြကာ ပိုမို အားကောင်းသော သိုင်းသူတော်စင် စွမ်းအားအဖြစ် ပြောင်းလဲသွားကြတော့၏။ သို့သော် ထိုသို့ စုပ်ယူလိုက်သည့်အတွက် ပတ်ဝန်းကျင်၌ ကောင်းကင်နှင့် မြေကြီး စွမ်းအား ကင်းမဲ့သွားသော ဟာလာဟင်းလင်း လေဟာနယ် တစ်ခုတော့ ဖြစ်ပေါ်သွားခဲ့ရသည်။

အစစ်အမှန် ဓားကျောက်စာတိုင် အနီးတွင် သိုင်းပညာ လေ့လာနေကြသော ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူ အချို့သည် ထိုအပြောင်းအလဲကို သတိထားမိလိုက်ကြ၏။ သူတို့သည် သံသယ မျက်လုံးများဖြင့် အစစ်အမှန် သိုင်းဂိုဏ်း၏ အတွင်းပိုင်း တစ်နေရာဆီသို့ လှမ်းမျှော်ကြည့်လိုက်ကြမိ၏။

စစ်မှန်သူ ထျန်းကျန့်က နောက်ထပ် အဆင့်တစ်ခု ထပ်တက်သွားပြန်ပြီလား... ဒါမှမဟုတ် ပြိုင်ဘက်ကင်း လျှို့ဝှက် နည်းစနစ်တစ်ခုခုကို ဉာဏ်အလင်း ပွင့်သွားတာများလား...

အားလုံး၏ ရင်ထဲတွင် ကြည်ညိုလေးစားမှုတို့ ပိုမို တိုးပွားလာရပြန်၏။

ယနေ့ခေတ်တွင် လူအများစုက စစ်မှန်သူ ထျန်းကျန့်အား ကောင်းကင်ဘုံလူသား စာရင်းဝင်များထဲတွင် ထိပ်ဆုံးနေရာကို စိန်ခေါ်နိုင်သူဟု ယုံကြည်နေကြ၏။ အကယ်၍သာ သူ နောက်ထပ် အဆင့်တစ်ခု ထပ်တက်သွားပြီ ဆိုပါက ဤသတင်း ပျံ့နှံ့သွားသည်နှင့် သိုင်းလောက တစ်ခုလုံး တုန်လှုပ်သွားကြပေလိမ့်မည်။

တာအိုဆရာလုံရှန်း၏ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်သည်လည်း တစ်ရှိန်ထိုး တိုးတက်နေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံရောက် ဆေးလုံး၏ အာနိသင်ကို အပြည့်အဝ ချေဖျက်ပြီးသည်နှင့် သူသည် ကောင်းကင်ဘုံလူသား အထွတ်အထိပ် အဆင့်သို့ အလိုလို ရောက်ရှိသွားပေလိမ့်မည်။ ထိုအချိန်ကျလျှင် နင်ချီ သင်ပေးထားသော ကောင်းကင်ဘုံလူသား တံတားခင်းခြင်း ကဲ့သို့သော လျှို့ဝှက် နည်းစနစ်များနှင့် ပေါင်းစပ်လိုက်ပါက သူ၏ စွမ်းအားသည်လည်း အလွန် ကြောက်မက်ဖွယ် ကောင်းလာပေတော့မည်။

…ကိုးလေးရဲ့ စွမ်းရည်တွေက ရှေးယခင်ကတည်းက ဘယ်သူမှ မမီနိုင်ခဲ့တဲ့ အရာတွေပါ... ဒီလောကကြီးက သူ့ကို ချုပ်နှောင်ထားနိုင်မှာ မဟုတ်ပါဘူး...

ဆရာလုံရှန်း စိတ်ထဲမှ ကြိတ်ပြီး ရေရွတ်လိုက်မိလေ၏။

ယခုအခါတွင် သူသည်လည်း သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို အတော်အတန် သိရှိနေပြီ ဖြစ်သော်လည်း၊ နင်ချီကတော့ ဘာကိုမှ ကြောက်ရွံ့ခြင်း မရှိဘဲ ရှေ့ဆက်တိုးနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်နေမိလေ၏။ ဆရာတစ်ယောက် အနေဖြင့် သူ့တပည့်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေရုံနှင့်ပင် လုံလောက်နေပါပြီ။ သူသည် လွန်ခဲ့သော (၁၁) နှစ်ဆီသို့ ပြန်လည် တွေးတောလိုက်မိလေ၏။ ထိုစဉ်က ကောင်လေး၏ မျက်ဝန်းထဲတွင် တောက်လောင်နေသော မီးတောက်များကို ပြန်မြင်ယောင်လာသကဲ့သို့။

…ငါက ကိုးလေးကို ကယ်တင်ခဲ့တာ မဟုတ်ပါဘူး... ကိုးလေးကသာ ငါ့ကို ဆရာအဖြစ် ရွေးချယ်ခဲ့တာပါ...

ဒါဟာ သူ့တစ်သက်တာလုံး ဂုဏ်ယူမဆုံး ဖြစ်ရမည့် အရာတစ်ခုပင်။

ထိုအချိန်၌ အစိတ်လှုပ်ရှားဆုံး လူသားမှာကား တောင်နောက်ဘက်တွင် ရှိနေသော ဓားမ မိစ္ဆာပင် ဖြစ်ချေ၏။

ဓားမ မိစ္ဆာသည် ဟိုကြည့်ဒီကြည့် လုပ်ရင်း တာအိုရှာဖွေခြင်း ကျောင်းတော် ရှိရာဘက်သို့ မျှော်ငေးနေမိလေ၏။

တဖြည်းဖြည်း တည်ငြိမ်သွားသော ကောင်းကင်နှင့် မြေကြီး စွမ်းအားများကို အာရုံခံမိသောအခါ သူ ဂနာမငြိမ် ဖြစ်လာတော့၏။ မျောက်တစ်ကောင်လို နားရွက်ကို ကုတ်လိုက်၊ ပါးကို ကုတ်လိုက်နှင့် နေမထိထိုင်မသာ ဖြစ်နေရှာသည်။ သူ နယ်ပယ် ချိုးဖျက်စဉ်က ကြုံတွေ့ခဲ့ရသော အခြေအနေများနှင့် မတူကွဲပြားနေသည်ကို ကိုယ်တိုင် တွေ့ကြုံဖူးသူ ပီပီ ဓားမ မိစ္ဆာ ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နေ၏။

…မိတ်ဆွေ ထျန်းကျန့် အောင်မြင်သွားပြီများလား...

သူ့စိတ်ထဲတွင် သွားရောက် ကြည့်ရှုချင်စိတ်များ တားမရ ဆီးမရ ဖြစ်ပေါ်လာသော်လည်း၊ နောက်ဆုံးတွင် လေပူတစ်ချက် မှုတ်ထုတ်ကာ ထိုစိတ်ဆန္ဒကို မျိုသိပ်လိုက်လေသည်။

…တကယ်လို့ မိတ်ဆွေ ထျန်းကျန့်သာ အောင်မြင်သွားတယ် ဆိုရင် ငါ့ကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူး... အခုအချိန်မှာ စိတ်လောနေစရာ မလိုပါဘူးလေ...

ဓားမ မိစ္ဆာသည် စစ်မှန်သူ ထျန်းကျန့်၏ ကတိစကားကို ယုံကြည်ထားသည်။

သို့သော်လည်း သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ပိုမို ကြီးထွားလာသည်ကိုတော့ တားဆီး၍ မရနိုင်ပေ။ သိုင်းပညာ၏ အထွတ်အထိပ်သို့ သွားရာ တံခါးပေါက်ကြီး သူ့ရှေ့တွင် ဖြည်းဖြည်းချင်း ပွင့်ဟလာသကဲ့သို့ ခံစားနေရသည်။

လူတိုင်းတွင် မတူညီသော အတွေးကိုယ်စီ ရှိနေကြ၏။

သို့သော် နင်ချီကတော့ ဒါတွေကို သတိမထားမိပါချေ။ သူသည် အနှောင့်အယှက်များကို တတ်နိုင်သမျှ ဖယ်ရှားထားပြီး ဖြစ်သည်။ သိုင်းသူတော်စင် စွမ်းအား စုစည်းစဉ် ဖြစ်ပေါ်လာသော လှိုင်းဂယက်များက သူ ခန့်မှန်းထားသည်ထက် အနည်းငယ် ပိုပြင်းထန်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သူ့ကိုမျှ ထိခိုက်ခြင်း မရှိခဲ့ပေ။

ယခုအချိန်တွင်...၊

နင်ချီသည် တောက်ပနေသော ရတနာ ပုလဲလုံးလေးကို ကိုင်ထားရင်း ဝမ်းသာပီတိ ဖြစ်နေမိလေ၏။

ယွီဘုရင် ပုလဲသည် စွမ်းအားများဖြင့် ပြည့်ဝနေတော့သည်။

ယခုအခါ ယွီဘုရင် ပုလဲအတွင်းရှိ သိုင်းသူတော်စင် စွမ်းအား ပမာဏသည် ယခင်ကထက် အနည်းဆုံး သုံးဆခန့် ပိုမို များပြားလာခဲ့ပြီ ဖြစ်သည်။ ပမာဏသာ မကသေးချေ... အရည်အသွေးသည်လည်း များစွာ သာလွန်သွားခဲ့ပြီ ဖြစ်ပေသည်။

ဆိုလိုသည်မှာ...

ယခု နင်ချီသာ ယွီဘုရင် ပုလဲကို ထုတ်သုံးလိုက်ပါက ယခင်ကထက် ပိုမို ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နိုင်တော့မည် ဖြစ်သည်။ သူ လက်ကို ဝှေ့ယမ်းလိုက်ရာ တောက်ပသော အလင်းတန်း တစ်ခုသည် လေထုကို ခွင်းလျက် ပြေးထွက်သွားပြီး၊ မမြင်ရသော ဟိန်းဟောက်သံနှင့်အတူ ခြေသည်းငါးချောင်းပါ ဧရာမ နဂါးဖြူကြီး တစ်ကောင် အသွင်သို့ ပြောင်းလဲသွားလေ၏။ ခမ်းနားထည်ဝါပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။ နင်ချီ ကိုယ်တိုင် စုစည်းထားသော စွမ်းအား ဖြစ်သည့်အတွက် ထိန်းချုပ်ရတာ ပိုမို လွယ်ကူ လွတ်လပ်နေ၏။

နင်ချီ သဘောကျ နှစ်ခြိုက်စွာဖြင့် စမ်းသပ်နေမိလေ၏။

အချိန်အတော်ကြာသောအခါမှ...၊

သူသည် မတတ်သာဘဲ ရပ်တန့်လိုက်ရသည်။

…ယွီဘုရင် ပုလဲနဲ့ စုစည်းထားတဲ့ သိုင်းသူတော်စင် စွမ်းအားကို ထိန်းချုပ်ရတာတောင် ဒီလောက် ခံစားလို့ ကောင်းနေတာ... ငါ့ခန္ဓာကိုယ်ထဲမှာ ကိုယ်တိုင် စုစည်းထားတဲ့ သိုင်းသူတော်စင် စွမ်းအား ဆိုရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ...

နင်ချီ စိတ်လှုပ်ရှားသွားမိ၏။

ပြင်ပ အကူအညီဖြင့် ရရှိသော စွမ်းအားနှင့် ကိုယ်ပိုင် စွမ်းအား ဆိုသည်မှာ လုံးဝ ကွာခြားပါသည်။

ဟိုအရင်တုန်းက မိုးကြိုးသားရဲ အတုအယောင် အမြုတေကို သုံးပြီး ကောင်းကင်ဘုံလူသား စွမ်းအားကို ထိတွေ့ခဲ့ဖူးသော်လည်း၊ သူ ကိုယ်တိုင် ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသွားချိန်နှင့် ယှဉ်လိုက်လျှင် ဘာမှ မဟုတ်တော့သလိုပင်။

...ဒါပေမယ့်.. ကောင်းကင်နှင့် မြေကြီးမှာ ဘယ်လို အပြောင်းအလဲတွေ ဖြစ်နေလဲ ဆိုတာကို နားမလည်သေးသရွေ့တော့... ယွီဘုရင် ပုလဲဟာ ငါ့စွမ်းအားတွေ ရပ်တန့်မနေအောင် ကူညီပေးမယ့် အကောင်းဆုံး အစားထိုး ပစ္စည်းပါပဲ...

…အခုတော့ သိုင်းသူတော်စင် စွမ်းအားကို ခြိုးခြံချွေတာပြီး သုံးစရာ မလိုတော့ဘူး... ဒီစွမ်းအားကို သုံးပြီး ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဘယ်လို လုပ်ရမလဲ ဆိုတာ လေ့လာရမယ်...

နင်ချီသည် ယွီဘုရင် ပုလဲကို ပြန်သိမ်းလိုက်ပြီး သူ၏ ပျော်ရွှင်မှုများကို တည်ငြိမ်အောင် ပြန်ထိန်းလိုက်သည်။

သိုင်းလမ်းခရီးသည် ရှည်လျားပြီး အနာဂတ်က မရေရာသေး။ တာဝန်တွေက လေးလံနေဆဲပင်။

သူသည် အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ အကယ်၍ ကောင်းကင်နှင့် မြေကြီး စွမ်းအား လမ်းကြောင်းက လျှောက်လှမ်းမရနိုင်တော့ဘူး ဆိုရင်၊ ထိုစွမ်းအားကို ရှောင်ကွင်းပြီး တခြား လမ်းကြောင်းသစ် တစ်ခု ဖောက်လုပ်နိုင်မလား ဆိုတာ ကြိုးစားရပေမည်။ ထိုနည်းလမ်းက အချိန်အများကြီး ပေးရမည် ဖြစ်သော်လည်း မဖြစ်မနေ အခြေအနေ ရောက်လာလျှင်တော့ လုပ်ရပေတော့မည်။

လက်ရှိ အကောင်းဆုံး နည်းလမ်းကတော့ ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ မူမမှန်မှုတွေကို ဆက်လက် စူးစမ်းရှာဖွေခြင်းသာ ဖြစ်၏။

…အစ်ကိုရှစ် နိုးလာလို့မှ ဘာသတင်းအစအနမှ မရဘူး ဆိုရင်တော့... တောင်အောက်ဆင်းပြီး လောကကြီးကို လှည့်ပတ်ကြည့်ရှုဖို့ အချိန်တန်ပြီ ထင်ပါရဲ့...

နင်ချီ တွေးတောလိုက်မိလေ၏။ လက်ရှိအချိန်တွင် သူ့စွမ်းအားသည် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်နေပြီ ဖြစ်ရာ၊ တောင်အောက်ဆင်းပြီး စူးစမ်းခြင်းက မမျှော်လင့်ထားသော အကျိုးကျေးဇူးများ ရရှိလာနိုင်ပေသည်။

...

အချိန်များ ကုန်ဆုံးသွားပြန်၏။

ချင်ယွင်ကား နိုးမလာသေးပေ။

သို့သော် ယခုနှစ်အတွက် "အစစ်အမှန် မက်မွန်ပွဲတော်" ကျင်းပချိန် ရောက်ရှိလာခဲ့ချေပြီ။

တာအိုရှာဖွေခြင်း ကျောင်းတော်သည် ယခင်နှစ်များလိုပင် စည်ကားသိုက်မြိုက်နေ၏။

ယခုနှစ်တွင် အဖွဲ့ဝင်သစ် အနည်းငယ် တိုးလာခဲ့၏။ လော့နမ်ချူး (ခေါ်) ခွေးဥလေး၊ လုမန် နှင့် အိုးရန်ယူရွှမ် တို့ ဖြစ်ကြ၏။ သူတို့သည် လော့ဝမ်ထျန်း၊ ရှုံးရှီ နှင့် ယဲ့ချင်းဟယ် တို့၏ တစ်ဦးတည်းသော တပည့်ရင်းများ ဖြစ်ကြသဖြင့် ဆရာများနှင့်အတူ ပါလာကြခြင်း ဖြစ်သည်။

ထို ကလေးငယ် သုံးယောက်သည် အနည်းငယ် ရွံ့တွန့်တွန့် ဖြစ်နေရှာသည်။

သူတို့၏ ဆရာများနှင့် ဦးလေးတော်များ ရယ်မော ပြောဆိုနေကြသည်ကို ကြည့်ရင်း ရင်ထဲတွင် အားကျစိတ်များ ပြည့်နှက်နေကြ၏။

ပုံမှန် သစ်သီးများကဲ့သို့ ပုံထားသော အစစ်အမှန် မက်မွန်သီးများကို ကြည့်ရင်း သူတို့ခမျာ တံတွေးများ မျိုချနေမိကြ၏။ အခြေခံအုတ်မြစ်ကို မြှင့်တင်ပေးနိုင်သော ထိုရှားပါး အသီးအနှံများကို သူတို့၏ ကိုးလေး (ဂိုဏ်းတူ ဦးလေးကိုး) ကိုယ်တိုင် စိုက်ပျိုးထားသည် ဆိုတာ သိလိုက်ရသောအခါ အံ့သြမှင်သက်သွားကြပြီး ဘာစကားမှပင် ဝင်မပြောရဲတော့ချေ။

ကံကောင်းသည်မှာ ကျွမ်းချန်နှင့် လီလင် တို့သည်လည်း သူတို့နှင့် အသက်သိပ်မကွာလှသဖြင့် ထိုကလေးသုံးယောက် အဖော်မဲ့ မနေခဲ့ရပေ။ မျောက်ဖြူပါ ပေါင်းလိုက်သောအခါ "ကလေး ခြောက်ယောက်" တစ်ဖွဲ့ ဖြစ်သွားကြပြီး ပျော်ပျော်ပါးပါး စုဝေးနေလိုက်ကြတော့၏။

All Chapters