သံသရာ လမ်းစဉ် အမြုတေ (အပိုင်း ၂)
Vol. 21 Ch. 308
~လော့ဝမ်ထျန်းက ညီငယ်များကို တစ်ချက်ဝေ့ကြည့်ရင်း ပြုံးစစဖြင့် ပြောလေသည်။
"ညီလေး လေးနဲ့ ညီလေးငါး... မင်းတို့တွေ ပျင်းနေလို့ မဖြစ်တော့ဘူးနော်... ရက်ပိုင်းလောက် ကြာရင် ထူးချွန်တဲ့ တပည့်လေးတွေကို ရှာပြီး အစစ်အမှန် သိုင်းဂိုဏ်းရဲ့ အုတ်မြစ်ကို ခိုင်မာအောင် လုပ်သင့်ပြီ... အဲဒီအခါကျရင် မင်းတို့ရဲ့ တပည့်လေးတွေကို ဒီအစစ်အမှန် မက်မွန်ပွဲတော်မှာ ယှဉ်ပြိုင်ခိုင်းပြီး အားပေးလို့ ရတာပေါ့..."
အားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြ၏။
နှစ်စဉ်နှစ်တိုင်း ဒီလိုပဲ ထိုင်ပြီး စကားပြောနေရတာက နည်းနည်းတော့ ပျင်းစရာ ကောင်းနေပြီ မဟုတ်ပါလား။ ညီအစ်ကိုတွေကလည်း တစ်ယောက်အကြောင်း တစ်ယောက် သိလွန်းနေတော့ အချင်းချင်း ယှဉ်ပြိုင်ရတာလည်း စိတ်မပါတော့ဘူးလေ။
ထိုသို့ ဖြစ်မှတော့၊ ဒီကလေးတွေကို ယှဉ်ပြိုင်ခိုင်းပြီး အငွေ့အသက်သစ်လေး ဖန်တီးတာက ပိုကောင်းသားပဲ။
"ဟုတ်တယ်... ဟုတ်တယ်... တကယ်ကောင်းတဲ့ အကြံပဲ... အဲဒီကျရင် ကျွန်တော်တို့ တစ်ယောက်ချင်းစီက ဆုလက်ဆောင်တွေ ထုတ်ပေးကြမယ်လေ... ဒါမှ ကလေးတွေလည်း တက်ကြွလာမယ်၊ ဆုတွေလည်း ရတော့ သူတို့ တိုးတက်တာ ပိုမြန်လာမှာပေါ့..."
စုန့်ချွန်က သူ့ပေါင်သူ ပုတ်လိုက်ရင်း ထောက်ခံလိုက်သည်။
"ဟီးဟီး... ငါ့ရဲ့ သိုင်းပညာ အဆင့်အတန်းက မင်းတို့လောက် မမြင့်ပေမယ့်... တပည့်သင်ပေးတဲ့ နေရာမှာတော့ ငါ့ကို မင်းတို့ မမီလောက်ပါဘူးကွ..."ဟု ဟယ်ယန်က ယုံကြည်မှု အပြည့်ဖြင့် ဝင်ပြောလေသည်။
အားလုံးက စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးနေကြပြီး တပည့်လက်ခံဖို့တောင် မစောင့်နိုင်တော့သည့် ပုံပင်။
ဤသည်မှာလည်း နှစ်ကာလ ရှည်ကြာစွာ အတူလက်တွဲလာကြသော ညီအစ်ကိုများကြားမှ ပျော်ရွှင်မှု အသေးအဖွဲလေး တစ်ခုပါပဲ။ တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် လုပ်ရင်း စနောက်ကြတာက ပျော်စရာ ကောင်းသည် မဟုတ်ပါလား။
နင်ချီသည်လည်း ပြုံးရင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။
နောင်နှစ်ပေါင်း ရာချီ၊ ထောင်ချီ ကြာသည့် အခါ ဒီအဖြစ်အပျက်လေးတွေဟာ ဒဏ္ဍာရီပုံပြင်လေးတွေ ဖြစ်လာပြီး ရိုးရာဓလေ့ တစ်ခုလို လက်ဆင့်ကမ်းသွားကြလိမ့်မည်...။
သည်မြင်ကွင်းလေးကို မြင်ရတာ ပျော်စရာကြီး ဖြစ်ပါသည်..။
ထိုစဉ် ယဲ့ချင်းဟယ်က သွားဖြဲလိုက်ရင်း ဝင်ပြောလေသည်။
"နေပါဦး၊ ကိုးလေးရ...နင့်ရဲ့ မျောက်ဖြူ ထျန်းရှန်းကိုတော့ ဝင်ပြိုင်ခိုင်းလို့ မရဘူးနော်... မဟုတ်ရင် ဒီကလေးတွေ အားလုံး ပေါင်းတိုက်ရင်တောင် သူ့လက်တစ်ချောင်းကို နိုင်မှာ မဟုတ်ဘူး..."
အားလုံးက ဟာသလုပ်ပြီး ဝိုင်းရယ်ကြလေသည်။
မူလက ပျော်ရွှင်နေသော မျောက်ဖြူခမျာ ချက်ချင်း မျက်နှာငယ်လေး ဖြစ်သွားရှာသည်။
လော့နမ်ချူးနှင့် အခြား ကလေးများကတော့ တခစ်ခစ် ရယ်မောနေကြ၏။
တကယ်တော့လည်း ဟုတ်နေတာကိုး။
ယခုအခါ မျောက်ဖြူ၏ သွေးမျိုးဆက်များ ပိုမို ဖွံ့ဖြိုးလာပြီး ကောင်းကင်ဘုံလူသား အဆင့်သို့ ခိုင်ခိုင်မာမာ ရောက်ရှိနေပြီ ဖြစ်သည်။
လော့နမ်ချူးကဲ့သို့သော ကလေးငယ်များ မဆိုထားနှင့်၊ ဆေးလုံး အကူအညီဖြင့် အဆင့်တက်ရောက်ထားသော လော့ဝမ်ထျန်းပင်လျှင် သူ့အား ယှဉ်ပြိုင်နိုင်ရန် မလွယ်ကူပေ။ သူ့အား ဝင်ရောက် ယှဉ်ပြိုင်စေခြင်းမှာ သူခိုးလက်မှ သူဌေးလုယူသကဲ့သို့ ဖြစ်နေပေလိမ့်မည်။
နင်ချီက မတတ်သာသည့် အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင်တော့ မင်းတို့ဘာသာ ထျန်းရှန်းကို သွားပြီး နားချကြပေတော့..."
ယဲ့ချင်းဟယ်က ပြုံးစစဖြင့် မျောက်ဖြူဘက် လှည့်ကာ...
"ထျန်းရှန်းလေးရေ... ဒီကိုလာပါဦး.. အဒေါ်သုံးဆီက ဘာဆု လိုချင်လဲ ပြောစမ်း..."
ယွမ်ထျန်းရှန်း၏ ခန္ဓာကိုယ် တောင့်ခနဲ ဖြစ်သွားပြီး ခေါင်းကို အတွင်တွင် ခါရမ်းရင်း လက်ကာပြလေသည်။
"ကျွန်တော် မပြိုင်တော့ဘူး... မပြိုင်တော့ဘူး...အဒေါ်သုံး ဆုပေးတာ မလိုချင်ဘူး..."
အားလုံးက သဘောကျပြီး ဝိုင်းရယ်ကြပြန်၏။
ဒီအကြောင်းကို နောက်ပိုင်းမှ အားလုံး သိလိုက်ကြရသည်။ ယဲ့ချင်းဟယ်သည် ဝိုင်အရက် ဖော်စပ်နေရင်း ဉာဏ်အလင်း တစ်ခုခု ရတိုင်း မျောက်ဖြူကို အတင်းခေါ်ပြီး မြည်းခိုင်းလေ့ ရှိသတဲ့။ မျောက်ဖြူခမျာ ယဉ်ကျေးမှုအရ ငြင်းမရဘဲ မြည်းရရှာသည်။
ပြဿနာက ယဲ့ချင်းဟယ်၏ ဝိုင်ဖော်စပ်သော လက်ရာက ဆိုးရွားလွန်း၍ သောက်ရတာ ညှဉ်းပန်းနှိပ်စက် ခံရသလို ဖြစ်နေရခြင်းပင်။
စာသင်သားလေး တစ်ယောက်ကို သင်္ချာပုစ္ဆာ အလွယ်လေး တစ်ပုဒ် တွက်ခိုင်းနေသလိုမျိုး မျောက်ဖြူခမျာ စိတ်ကုန်နေရှာ၏။
ရယ်မော ပျော်ရွှင်ပြီးနောက်...၊
အားလုံးက အသေးစိတ် အချက်အလက်များကို စတင် ဆွေးနွေးကြလေသည်။
ညီအစ်ကို အများစု တပည့်လက်ခံပြီးမှ ဒီအစီအစဉ်ကို စတင်ဖို့ ဆုံးဖြတ်လိုက်ကြ၏။
ထို့အပြင် ၊ နှစ်စဉ် ကျင်းပလေ့ရှိသော "အစစ်အမှန် မက်မွန်ပွဲတော်" သည် အလွန်အမင်း စိပ်လွန်းနေသည် ဟူ၍လည်း သုံးသပ်မိကြလေ၏။ အားလုံး၏ ကျင့်ကြံခြင်း အဆင့်များ မြင့်မားလာသည်နှင့်အမျှ တစ်ခါတစ်ရံ တံခါးပိတ် ကျင့်ကြံလျှင် လဝက်ခန့် ကြာမြင့်တတ်ပေသည်။ အကြီးအကဲ တာဝန်များနှင့် ဖြစ်ရာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပွဲသို့ မတက်ရောက်နိုင်မည်ကို စိုးရိမ်ရပေသည်။
ထို့ကြောင့် အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြ၏။
ဒီနှစ်က စပြီး သုံးနှစ်မှ တစ်ကြိမ်ပဲ ကျင်းပကြတော့မည် ဟူ၍။
နောက်ပိုင်း အခြေအနေအရ လိုအပ်သလို ထပ်ပြီး ချိန်ညှိကြတော့မည်။
"မနှစ်က ငါ တောင်အောက်ဆင်းသွားတုန်းက မင်းတို့နဲ့ ပြန်တွေ့ဖို့ အကြာကြီး စောင့်ရဦးမယ် ထင်ထားတာ... မထင်မှတ်ဘဲ ဒီနှစ် ပွဲတော်မှာပဲ ပြန်ဆုံစည်းခွင့် ရကြတယ်... လောကကြီးက တကယ်ကို ဆန်းကြယ်တာပဲ... တစ်ခုပဲ စိတ်မကောင်း ဖြစ်မိတာက ရှစ်လေး နိုးမလာသေးတာပဲကွာ... သူသာ နိုးလာရင် ငါတို့ ညီအစ်ကိုတွေ အကုန်လုံး စုံစုံလင်လင် ဖြစ်ပြီ..."
လော့ဝမ်ထျန်းက လှိုက်လှိုက်လှဲလှဲ ပြောရှာသည်။
မနှစ်က ဒီအချိန်တုန်းက နှုတ်ဆက်ပွဲ လုပ်ခဲ့ကြပြီး၊ နင်ချီက မန်ဒရင်းဘဲငန်း ကျောက်စိမ်းပြား လက်ဆောင် ပေးခဲ့တာကို ပြန်ပြောင်း သတိရနေမိကြ၏။
"စိတ်မပူပါနဲ့... အစ်ကိုရှစ် မကြာခင် နိုးလာမှာပါ... နောက်တစ်ကြိမ် မက်မွန်ပွဲတော် ကျင်းပတဲ့ အချိန်ကျရင် ကျွန်တော်တို့ အားလုံး ပြန်ဆုံစည်းကြရမှာပေါ့..."
နင်ချီက လက်ကို ဝှေ့ယမ်းလိုက်ရာ လူတိုင်း၏ ရှေ့မှောက်တွင် ဉာဏ်အလင်း လက်ဖက်ရည် ခွက်လေးများ ကိုယ်စီ ရောက်ရှိလာလေသည်။
မွှေးပျံ့လွန်းလှသော ရနံ့များ ထွက်ပေါ်လာပြီး အားလုံး၏ အာရုံကို ဖမ်းစားလိုက်သည်။
နင်ချီက ပြုံးရင်း ပြောလိုက်၏။
"ဒီနှစ် လက်ဖက်ရည်က ပိုပြီး လန်းဆန်းတယ်... အာနိသင်လည်း ပိုကောင်းတယ်... သောက်ကြည့်ကြပါဦး..."
အားလုံး၏ မျက်လုံးများ အရောင်တောက်သွားကြ၏။ အထူးသဖြင့် လော့နမ်ချူး အပါအဝင် ကလေးသုံးယောက်မှာ နင်ချီကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ပြူးကြည့်နေကြ၏။
မူလက သူတို့၏ ဆရာ ပြောဆိုခဲ့သည့် အခွင့်အရေး ဆိုသည်မှာ မက်မွန်သီး ဟူ၍သာ ထင်မှတ်ထားခဲ့ကြ၏... လက်ဖက်ရည်ပါ ပါဝင်လာမည်ဟုမူ ထင်မှတ်မထားခဲ့ကြချေ…။
ဒဏ္ဍာရီထဲက ပြိုင်ဘက်ကင်း ရတနာလို့ ကြားဖူးထားသော ဉာဏ်အလင်းပွင့် လက်ဖက်ရည်က သူတို့ရှေ့မှာ ရောက်နေပြီ မဟုတ်ပါလား။ ယခုအချိန်တွင် သူတို့၏ ရင်ထဲ၌ နင်ချီ၏ ပုံရိပ်သည် မိုးထိအောင် မြင့်မားသွားလေတော့၏။
နင်ချီသည် အားလုံး လက်ဖက်ရည် သောက်နေကြသည်ကို ကြည့်ရင်း ပြုံးနေမိလေ၏။
ထို့နောက် သူတို့ တစ်ယောက်ချင်းစီ တရားမှတ်ခြင်း အခြေအနေသို့ ရောက်ရှိသွားကြလေသည်။
အမှန်တကယ်ပင်၊... ယခု နှစ် လက်ဖက်ပင်က အတော်လေး ထူးခြားနေ၏။ ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာ၏ အသားနှင့် သွေး အနှစ်သာရများဖြင့် မြေဩဇာ ကျွေးထားသဖြင့် ပိုမို ပြောင်းလဲလာခြင်း ဖြစ်ပါသည်။ အထွက်နှုန်း တိုးလာရုံသာမက၊ အာနိသင်ကလည်း အများကြီး ပိုကောင်းလာပါ၏။ ဤနှုန်းအတိုင်းသာ ဆက်သွားလျှင် တကယ့် စစ်မှန်သော ဉာဏ်အလင်းကို ပေးစွမ်းနိုင်သည့် လက်ဖက်ရည်မျိုး ထွက်လာနိုင်ပေသည်။
...
အစစ်အမှန်သိုင်းတောင်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေချိန်၌...၊
ဝေးလံသော တာအိုပြည်နယ် တွင်တော့...၊
အစစ်အမှန် နက်ရှိုင်းတောင်၊
ဤနေရာသည် အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ မူလအစ ဖြစ်ပြီး၊ တိမ်တိုက်များကြားတွင် ဝှက်ကွယ်နေသော ဧရာမ တောင်ကြီးများဖြင့် တည်ဆောက်ထားသည်။
နတ်ဘုရားများ နေထိုင်ရာ ဒေသအလား ခမ်းနားထည်ဝါပြီး၊ ဂိုဏ်းကို စတင် တည်ထောင်ခဲ့သော ဘိုးဘေးကြီး "အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်" ကိုယ်တိုင် ရွေးချယ်ခဲ့သော ရတနာမြေ ဖြစ်ပေသည်။
အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ တာအိုနန်းတော် တားမြစ်နယ်မြေ အပြင်ဘက်တွင်...၊
ခရမ်းရောင် တာအို ဝတ်စုံကို ဝတ်ဆင်ထားသော တာအိုဆရာ သုံးပါးသည် ရိုသေကိုင်းရှိုင်းစွာဖြင့် စောင့်ဆိုင်းနေကြလေသည်။
အကယ်၍ ပြင်ပလူများသာ မြင်တွေ့ခဲ့လျှင် သေချာပေါက် အံ့သြသွားကြပေလိမ့်မည်။
ဤတာအိုဆရာ သုံးပါး၏ ဂုဏ်ပုဒ်များသည် သာမန် မဟုတ်ကြချေ။
စစ်မှန်သူ ပိုင်ဟဲ ၊ စစ်မှန်သူ ပိုင်ရှန်းနှင့် လက်ရှိ ဂိုဏ်းချုပ် စစ်မှန်သူ ပိုင်ယဲ့ တို့ပင် ဖြစ်ကြ၏။
အားလုံးသည် ကောင်းကင်ဘုံလူသား အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
အထူးသဖြင့် အကြီးဆုံးဖြစ်သော စစ်မှန်သူ ပိုင်ရှန်း ဆိုလျှင် ကောင်းကင်ဘုံလူသား စာရင်းဝင် ပြိုင်ဘက်ကင်း ပညာရှင်ကြီး ဖြစ်သည်။ သို့သော် သူ၏ ဖြူဖွေးနေသော ဆံပင်နှင့် မျက်ခုံးမွှေးများကြားမှ မျက်နှာထားသည် အခြားသူများနည်းတူ ရိုသေလေးစားမှုများ ပြည့်နှက်နေလေသည်။
မကြာမီမှာပင်...၊
တာအိုနန်းတော် တံခါးမကြီး ပွင့်ဟလာခဲ့၏။
အနည်းငယ် ဖရိုဖရဲနိုင်သော အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ သူ၏ တာအိုဝတ်စုံမှာ စည်းစနစ်မကျဘဲ လွတ်လပ်ပေါ့ပါးနေပုံရသည်။ သို့သော် စစ်မှန်သူ သုံးပါးစလုံးသည် ခါးကို ကိုင်းညွှတ်ကာ လေးစားစွာ နှုတ်ဆက်လိုက်ကြ၏။
"ဂျူနီယာ တပည့် ပိုင်ဟဲ (ပိုင်ရှန်း၊ ပိုင်ယဲ့)... အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ် ကို ဂါရဝပြုပါတယ်..."
သူတို့သုံးဦး၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး ခန္ဓာကိုယ်များပင် တုန်ခါနေကြ၏။
သူတို့ရှေ့မှောက်တွင် ရပ်နေသူကား... ဒဏ္ဍာရီလာ အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ တည်ထောင်သူ ဘိုးဘေးကြီး... အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ် ပင် ဖြစ်ပေသည်။
ကောင်းကင်ဘုံလူသား အဆင့်ကို "စစ်မှန်သူ" ဟု ခေါ်ဆိုကြ၏။
သို့သော် "စစ်မှန်သူ ဧကရာဇ်" ဟု ခေါ်ဆိုခံရသူ ဆိုသည်မှာကား... သိုင်းသူတော်စင်ပင် ဖြစ်ပေတော့သည်။
အဘိုးအိုသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရင်း သွားဝါဝါများ ပေါ်အောင် ပြုံးလိုက်လေသည်။
"ပိုင်ဟဲ... ငါကတော့ မင်း ငါ့ကို 'အစ်ကိုကြီး' လို့ ခေါ်တာကို ပိုသဘောကျသေးတယ်ကွာ..."
ပိုင်ဟဲ ခါးသက်သက် ပြုံးလိုက်မိလေ၏။
ရင်းနှီးကျွမ်းဝင်နေသော ထိုမျက်နှာကို ကြည့်ရင်း သူ အနည်းငယ် မှင်သက်သွားမိ၏။ တာအိုဆရာ ‘ပိုင်ရှန်’ ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသွားပြီးနောက် စစ်မှန်သူ ပိုင်ရှန်းက အမှန်တရားကို ဖွင့်ပြောပြခဲ့၏။ ပိုင်ရှန် ဆိုတာ ရိုးရိုး ပိုင်ရှန် မဟုတ်ဘဲ၊ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီး၏ ဝင်စားသော ကိုယ်ပွား ဖြစ်ကြောင်း၊ စစ်မှန်သူ ပိုင်ရှန်း ကိုယ်တိုင် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သူတို့ သိလိုက်ကြရသည်။
[ မျက်စိလည်သွားရင် တောင်းပန်ပါတယ်၊ ဘိုးဘေး ဝင်စားသူက ပိုင်ရှန် ..တခြားတစ်ယောက်က ပိုင်ရှန်း ပါနော် ။]
ထိုအခါကျမှ ပိုင်ဟဲ နားလည်လိုက်ရသည်။ စစ်မှန်သူ ပိုင်ရှန်းက ဆရာ့ကိုယ်စား တပည့်လက်ခံပါမည်ဟု ပြောခဲ့ခြင်း၏ အဓိက အကြောင်းရင်းကိုပင်။
"ပိုင်ဟဲ... အစ်ကိုကြီးကို ဂါရဝပြုပါတယ်..."
စစ်မှန်သူ ပိုင်ဟဲက လိုက်လျောညီထွေ ပြောင်းပြောလိုက်သော်လည်း သူ၏ လေသံထဲမှ လေးစားရိုသေမှုသည် ယခင်ကနှင့် လုံးဝ မတူတော့ချေ။
အဘိုးအိုမှာ နှုတ်ခမ်းကို စူလိုက်မိပြီး စိတ်ပျက်သွားပုံရသည်။ တစ်ခါတစ်ရံ သူ့ကို ဆုံးမတတ်၊ ဆူပူတတ်သော ပိုင်ဟဲအဟောင်းကို သူ ပိုသဘောကျမိလေ၏။ အခုတော့ ထို ခံစားချက်မျိုး မရနိုင်တော့ပေ။
ကံဆိုးစွာဖြင့်...ထိုနေ့ရက်တွေ ပြန်မလာနိုင်တော့ပါချေ။
ယခုအခါ အတိတ်က မှတ်ဉာဏ်များ ပြန်လည် နိုးထလာပြီ ဖြစ်သဖြင့် သူသည် ပြောင်းလဲလာတော့မည် ဖြစ်သည်။
အဘိုးအိုသည် စိတ်ထဲမှ သက်ပြင်းချလိုက်ရင်း တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"နောက်နောင်... အစစ်အမှန် နက်ရှိုင်း ဆိုတာ မရှိတော့ဘူး... ပိုင်ရှန်းပဲ ရှိတော့တယ်..."
သုံးဦးစလုံး အံ့သြမှင်သက်သွားကြ၏။
"စစ်မှန်သူ ဧကရာဇ်... နောင်ဘဝတွေမှာ ဝင်စားဖို့ မလိုတော့ဘူးလား ခင်ဗျာ..."
ဟု စစ်မှန်သူ ပိုင်ရှန်းက သတိထားပြီး မေးလိုက်၏။
တာအိုဆရာ ပိုင်ရှန်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်လေသည်။
"ဒါ နောက်ဆုံးအကြိမ်ပဲ... ဒီနေ့က စပြီး ဝင်စားဖို့ မလိုအပ်တော့သလို... ဝင်စားဖို့လည်း မဖြစ်နိုင်တော့ဘူး..."
သူ၏ စကားသံထဲတွင် အထီးကျန်ဆန်မှု အရိပ်အယောင်များ ပါဝင်နေပြီး ကောင်းကင်ယံသို့ မျှော်ငေးရင်း အတွေးနယ်ချဲ့နေလေသည်။
ကျန်သူများမှာ နားမလည်နိုင် ဖြစ်နေကြ၏။ 'တာအိုဆရာ ပိုင်ရှန်'၏ စကားအဓိပ္ပာယ်ကို သူတို့ သဘောမပေါက်ကြ။ စစ်မှန်သူ ပိုင်ရှန်း တစ်ယောက်တည်းသာ ရှေးဟောင်း သွန်သင်ချက်များကို သိရှိထားသူ ဖြစ်ပြီး၊ ဘိုးဘေးကြီးသည် တစ်ကြိမ်မက ဝင်စားခဲ့ဖူးကြောင်း သိထားသည်။
ဝင်စားသော ကိုယ်ပွား တစ်ခုကို ရှာတွေ့တိုင်း အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အုတ်မြစ်သည် ပိုမို ခိုင်မာလာလေ့ရှိသည်။ ထို့ကြောင့်လည်း ဤဂိုဏ်းသည် ထိပ်တန်း တာအိုဂိုဏ်းများ စာရင်းတွင် အမြဲ ပါဝင်နေခြင်း ဖြစ်သည်။
ထိပ်ဆုံး မရောက်ခဲ့လျှင်တောင်မှ အသက်အရှည်ဆုံး ဂိုဏ်းအဖြစ် ရပ်တည်နိုင်ခဲ့ပြီး လောကကြီး၏ လေးစားမှုကို ရရှိခဲ့၏။
မူလကမူ ဤတစ်ကြိမ်တွင်လည်း ထုံးစံအတိုင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့လေသည်...။ မထင်မှတ်ဘဲ ခြွင်းချက် ဖြစ်သွားခဲ့ရချေ၏...။
အဘယ်ကြောင့် ဆက်လက်၍ ဝင်စား၍ မရနိုင်တော့သနည်း…။
စစ်မှန်သူ ပိုင်ရှန်းက ဆက်မမေးရဲတော့ပေ။ သို့သော် သူ့ရင်ထဲတွင် ဖော်ပြမတတ်သော ကြောက်ရွံ့မှု တစ်ခု ဖြစ်ပေါ်လာသည်။ ကြီးမားသော အဖြစ်အပျက်ကြီး တစ်ခုခု ဖြစ်ပျက်တော့မည့် အလား ခံစားနေရသည်။ မဟုတ်ရင် ဘိုးဘေးကြီး ဒီလို ဖြစ်နေမှာ မဟုတ်ဘူး။
"စစ်မှန်သူ ဧကရာဇ်... သတ်မှတ်ထားတဲ့အတိုင်း ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကြီးကို ဆက်လုပ်မှာလား ခင်ဗျာ..."
ထိုစဉ်၊ 'တာအိုဆရာ ပိုင်ရှန်'သည် ဖြည်းညင်းစွာ ရှေ့တိုးလာလိုက်သည်။ သူ၏ အရှိန်အဝါသည် လွတ်လပ်ပေါ့ပါးနေပြီး ကောင်းကင်ဘုံလူသား အဆင့် တစ်ယောက်၏ အရှိန်အဝါမျိုးနှင့် လုံးဝ ကွဲပြားခြားနားနေလေသည်။
"သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်ပါ... ဖြစ်နိုင်တာက မိတ်ဆွေဟောင်းတချို့ လာကြလိမ့်မယ်..."
သူသည် သွားများပေါ်အောင် ပြုံးလိုက်ပြီး မျှော်လင့်တကြီး ဖြစ်နေပုံရသည်။