အသက် (၈) နှစ်နဲ့ မြူဖြူ နယ်ပယ်တဲ့လား
Vol. 21 Ch. 309
~'တာအိုဆရာ ပိုင်ရှန်'သည် လက်ဖျားကို ခါလိုက်ရင်း အတိတ်ရိပ်များကို ပြန်ပြောင်းသတိရနေဟန်ဖြင့် မျက်ဝန်းများ ငေးငိုင်သွားလေသည်။
‘ ပြောရမယ်ဆိုရင်လည်း...
ဒီလောက်များပြားလှတဲ့ ဘဝပေါင်းများစွာကို ဝင်စားခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ အချိန်အများစုက ဝေဝေဝါးဝါးနဲ့ပဲ ကုန်ဆုံးခဲ့ရတာပါ။ အသိစိတ် ပြန်ကပ်လာတဲ့ အချိန်ကျပြန်တော့လည်း သိုင်းပညာကို နားလည်သဘောပေါက်ဖို့ ကြိုးစားရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရပြန်ရော... ဟို အဘိုးကြီးတွေ အကြောင်းကိုတော့ ရံဖန်ရံခါလောက်ပဲ ကြားရတာ... တွေ့ဖို့ကြုံဖို့ ဆိုတာကလည်း ရှားပါးလွန်းလှပါတယ်...
အခုချိန်ထိ အဲဒီ မိတ်ဆွေဟောင်းတွေထဲက ဘယ်နှယောက်လောက်များ အသက်ရှင်ကျန်ရစ်နေဦးမလဲ မသိနိုင်ဘူး…’
ဘိုးဘေးကြီးက စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိလေ၏။
'တာအိုဆရာ ပိုင်ရှန်'၏ စကားကို ကြားလိုက်ရသောအခါ စစ်မှန်သူ သုံးပါးစလုံး၏ ရင်ထဲတွင် တုန်လှုပ်သွားကြရလေ၏။
"သတ်မှတ်ထားတဲ့အတိုင်း ဆက်လုပ်ပါ... ဖြစ်နိုင်တာက မိတ်ဆွေဟောင်းတချို့ လာကြလိမ့်မယ်..."
‘မိတ်ဆွေဟောင်းတွေ တဲ့လား…’
'တာအိုဆရာ ပိုင်ရှန်'က မိတ်ဆွေဟောင်းဟု သုံးနှုန်းလိုက်မှတော့ ထိုလူတွေဟာ သေချာပေါက် သူနှင့် တန်းတူ အဆင့်အတန်းရှိသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတွေသာ ဖြစ်ရပေမည်။
သူတို့သည် တိတ်တဆိတ် အသက် အောင့်လိုက်မိကြ၏။ စောစောက ဘိုးဘေးကြီး ပြောခဲ့သည့် နောက်ထပ် ဝင်စားတော့မည် မဟုတ်ဘူး ဆိုသည့် စကားနှင့် ဆက်စပ်တွေးကြည့်လိုက်သောအခါ ကြီးမားသော အပြောင်းအလဲကြီး တစ်ခု ဖြစ်ပေါ်လာတော့မည်ကို ရေးရေးမျှ သဘောပေါက်လာကြ၏။ ထိုအပြောင်းအလဲသည် လောကကြီး တစ်ခုလုံး၏ အခင်းအကျင်းကိုပင် ပြောင်းလဲပစ်နိုင်သည့် အရာမျိုး ဖြစ်တန်ရာ၏။
“တာအိုပြည်နယ် အတွင်းမှာရှိတဲ့ မဟာမိတ် ဂိုဏ်းတွေကိုတော့ ဖိတ်စာတွေ ပို့ပြီးပါပြီ ခင်ဗျာ... အဲဒီနေ့ကျရင် တာအိုဂိုဏ်း အတော်များများ တက်ရောက်ကြပါလိမ့်မယ်..”
စစ်မှန်သူ ပိုင်ယဲ့က အလျင်အမြန်ပင် ဝင်ပြောလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်'က ခေါင်းကို ဖြည်းညင်းစွာ ညိတ်လိုက်ရင်း ရုတ်တရက် မေးခွန်းထုတ်လိုက်သည်။
“အစစ်အမှန် သိုင်းဂိုဏ်းဘက်ကိုရော ဖိတ်စာပို့လိုက်ပြီလား…”
“ဘိုးဘေးကြီး မှာကြားထားတဲ့အတိုင်း... စစ်မှန်သူ လုံရှန်း နဲ့ သူ့ရဲ့ နဝမမြောက် တပည့် နင်ချီ ကို ဖိတ်ကြားထားပါတယ် ခင်ဗျာ…”
သူတို့သုံးဦးစလုံး၏ မျက်နှာပေါ်တွင် စူးစမ်းလိုစိတ်များ ဖြစ်ပေါ်နေ၏။
တာအိုဆရာ လုံရှန်းကို ဖိတ်ကြားသည်ကတော့ ပုံမှန်ကိစ္စပါပဲ။ ဟိုအရင် တာအိုဆရာ လုံရှန်း ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲတုန်းကလည်း စစ်မှန်သူ ပိုင်ဟဲ ကိုယ်တိုင် သွားရောက် ဂုဏ်ပြုခဲ့ဖူးသည် မဟုတ်ပါလား။
‘ ဒါပေမဲ့... ဘာဖြစ်လို့ တာအိုဆရာ လုံရှန်းရဲ့ နဝမမြောက် တပည့်လေးကိုမှ သီးသန့် နာမည်တပ်ပြီး ဖိတ်ခိုင်းရတာလဲ။
ဒီလူငယ်လေးမှာ စစ်မှန်သူ ဧကရာဇ်ကြီး သတိထားမိလောက်တဲ့ ထူးခြားချက် တစ်စုံတစ်ရာ ရှိနေလို့များလား…’
စစ်မှန်သူ ပိုင်ဟဲ တွေးတောနေမိလေ၏။
သူသည် အတိတ်က ဖြစ်ရပ်တစ်ခုကို ပြန်သတိရသွားသည်။
တာအိုဆရာ လုံရှန်း ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ပြီးစ အချိန်တုန်းက ဖြစ်သည်။ သူက တာအိုကျမ်းစာအုပ်များကို အစစ်အမှန်သိုင်းတောင်သို့ ပို့ဆောင်ခိုင်းခဲ့ဖူးသည်။ ထိုစဉ်က 'တာအိုဆရာ ပိုင်ရှန်' (ဘိုးဘေးကြီး) သည်လည်း ထိုနေရာမှာ အချိန်အတော်ကြာ သွားရောက် နေထိုင်ခဲ့ဖူးသည်။
နောက်ပိုင်းတွင် ညီငယ် ယဲ့ ပြန်လည် ပြောပြခဲ့သည်မှာ... ထိုနေရာ၌ နေထိုင်စဉ်က ဘိုးဘေးကြီးသည် နင်ချီ ဆိုသော လူငယ်ကို အမြဲမပြတ် လိုက်လံ နှောင့်ယှက်နေခဲ့သည် ဟူ၏။ ထိုစဉ်ကမူ ဘိုးဘေးကြီးသည် နောက်ပြောင် ဆော့ကစားလို၍သာ ဖြစ်မည်ဟု တွေးတောကာ ရယ်စရာ တစ်ခုသဖွယ်သာ မှတ်ယူထားခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ယခု အခြေအနေကို ကြည့်ရှုရသည်မှာ... နောက်ကွယ်တွင် အခြားသော အကြောင်းရင်း တစ်စုံတစ်ရာ ရှိနေသည်များလော…
“အစ်ကိုကြီး... နင်ချီ ဆိုတဲ့ ကောင်လေးမှာများ ထူးခြားချက် တစ်ခုခု ရှိနေလို့လား ခင်ဗျာ…”
စစ်မှန်သူ ပိုင်ဟဲ မနေနိုင်တော့ဘဲ သိချင်စိတ်ဖြင့် မေးလိုက်မိလေ၏။ သူ၏ လေသံသည် ရိုသေမှု ရှိနေဆဲ ဖြစ်သော်လည်း၊ 'တာအိုဆရာ ပိုင်ရှန်'၏ မျက်နှာပေါ်တွင် သူ ရင်းနှီးခဲ့ဖူးသော လွတ်လပ်ပေါ့ပါးသည့် အစ်ကိုကြီး၏ ပုံရိပ်ကို ပြန်မြင်နေရသလို ခံစားနေရသည်။
သူ့စိတ်ထဲတွင် သံသယ ဝင်မိသည်မှာ... ဘိုးဘေးကြီးကများ နင်ချီကို သူ့တပည့် အဖြစ် လုယူချင်နေတာများလား ဟူ၍ပင်။
အဘယ်ကြောင့်ဆိုသော် ဘိုးဘေးကြီးသည် ထို တာအိုဆရာ လုံရှန်း၏ တပည့်လေးအား အထူး နှစ်သက်သဘောကျကာ နည်းလမ်းမျိုးစုံဖြင့် စည်းရုံးခဲ့ဖူးသည်ဟု ကြားသိထားရသောကြောင့် ဖြစ်ပါ၏။
'တာအိုဆရာ ပိုင်ရှန်'က တဟားဟား ရယ်မောလိုက်လေသည်။
“အဲဒီ ကောင်လေးက သာမန်လူ မဟုတ်ဘူးကွ... လွန်ခဲ့တဲ့ သုံးနှစ်က ငါ အစစ်အမှန်သိုင်းတောင်ကို ရောက်သွားတုန်းကဆိုရင် ငါ့ရဲ့ မွေးရာပါ ဉာဏ်အလင်းတောင် မပွင့်သေးဘူး... ဒါပေမဲ့ ငါ့ရဲ့ အသိစိတ်က အလိုလို သိနေခဲ့တယ်... သူဟာ ထူးခြားလွန်းတယ် ဆိုတာကိုပေါ့... အခု ပြန်စဉ်းစားကြည့်မှ တကယ့်ကို လောကမှာ ရှားမှရှားတဲ့ ပါရမီရှင်ပဲ ဟေ့…”
သူ၏ မျက်နှာပေါ်တွင် ဖုံးကွယ်ထားခြင်း မရှိသော ချီးကျူး လေးစားမှုများ ပေါ်လွင်နေသဖြင့် စစ်မှန်သူ သုံးပါးစလုံး ရင်ထဲတွင် သိချင်စိတ်များ ပိုမို ပြင်းပြလာကြရသည်။
ငါ မမှားဘူး ဆိုရင်... အဲဒီတုန်းက သူ့ရဲ့ အရိုးသက်တမ်းက ( ၈ ) နှစ်ပဲ ရှိသေးတယ်... ကဲ... သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က ဘယ်လောက် ရှိမယ်လို့ မင်းတို့ ထင်သလဲ...
စစ်မှန်သူ ပိုင်ရှန်းက ဝင်ပြီး ခန့်မှန်းကြည့်လိုက်သည်။
“ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြည့်စုံမှုလောက်များလား ခင်ဗျာ…”
ပုံမှန်အားဖြင့် ဆိုလျှင် အသက် ( ၈ ) နှစ်အရွယ် ကလေးတစ်ယောက်သည် သိုင်းပညာကို စတင် လေ့လာခါစသာ ရှိသေး၏။
အကယ်၍ ထိုကလေး၏ အမြစ် အရိုး တည်ဆောက်မှုသည် စောစီးစွာ ဖွံ့ဖြိုးလာခဲ့သည် ဆိုလျှင်ပင် အများဆုံး (၂) နှစ်၊ (၃) နှစ်ခန့်သာ ရှိပေဦးမည်။
ဤမျှ တိုတောင်းသော အချိန်အတွင်း၌ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြည့်စုံမှုအထိ ရောက်ရှိခဲ့သည် ဆိုခြင်းမှာ မယုံနိုင်စရာ ကောင်းလောက်အောင် ထူးချွန်လွန်းနေချေပြီ။
ဘိုးဘေးကြီး ကိုယ်တိုင် သဘောကျနေသော ကလေးငယ် ဖြစ်၍သာ ဤမျှထိ ရဲရဲဝံ့ဝံ့ ခန့်မှန်းရဲခြင်း ဖြစ်ပေသည်။
ကျန် နှစ်ယောက်ကလည်း ထိုနည်းတူပင် တွေးတောနေကြ၏။ ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့် ပြည့်စုံမှု၊ ဒါမှမဟုတ် အလွန်ဆုံး ရှိလှမှ အတွင်းအား အနှစ်သာရ နယ်ပယ် အစပိုင်းလောက်သာ ဖြစ်လိမ့်မည်ဟု ယူဆထားကြ၏။
'တာအိုဆရာ ပိုင်ရှန်'က သူတို့ကို အကြာကြီး စောင့်ခိုင်းမနေတော့ဘဲ ပေါ့ပေါ့ပါးပါးပင် အဖြေပေးလိုက်လေသည်။
“မြူဖြူ နယ်ပယ်ကွ…”
ထိုစကားသံ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်...၊
စစ်မှန်သူ သုံးပါးစလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားကြပြီး သူတို့ နားကြားမှားသွားသည်ဟုပင် ထင်မှတ်လိုက်မိကြ၏။
“စစ်မှန်သူ ဧကရာဇ်... ဒါ... ဒါ တကယ်ပဲလား ခင်ဗျာ…”
စစ်မှန်သူ ပိုင်ရှန်းက မယုံကြည်နိုင်စွာဖြင့် မေးလိုက်မိလေ၏။
‘အသက် ၈ နှစ်နဲ့ မြူဖြူ နယ်ပယ် တဲ့လား...
ဒါက ထူးချွန်တယ် ဆိုတဲ့ စကားလုံးနဲ့တောင် မလုံလောက်တော့ဘူး... သဘာဝတရားကို လွန်ဆန်နေတဲ့ ဘီလူးသဘက် အဆင့် ဖြစ်နေပြီ မဟုတ်ပါလား။’
ထိုအခါ၊ 'တာအိုဆရာ ပိုင်ရှန်'က သဘောကျစွာဖြင့် ပြုံးလိုက်ရင်း...
“ငါက မင်းတို့ကို လိမ်စရာလားကွ…”
သူတို့ သုံးဦး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြ၏။
အိပ်မက်တစ်ခု မက်နေသလို ခံစားနေရဆဲပင်။
သူတို့ အသက် ၈ နှစ်တုန်းက ဘာလုပ်နေခဲ့ကြသလဲ ဆိုတာကို ပြန်စဉ်းစားကြည့်မိလေ၏။
‘ဒီလောကကြီးထဲမှာ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ပါရမီရှင်မျိုး ရှိနိုင်ပါ့မလား…’
စစ်မှန်သူ ပိုင်ဟဲ မနေနိုင်တော့ဘဲ မေးလိုက်ပြန်၏။
“အစ်ကိုကြီး... ဒါဆို သူကရော အစ်ကိုကြီးလိုမျိုး ဝင်စားထားတဲ့ သူများလား…”
'တာအိုဆရာ ပိုင်ရှန်'က ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး... သူက ဝင်စားထားတဲ့ ခန္ဓာကိုယ် မဟုတ်ဘူး…”
ထို့နောက် သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ရင်း...
“ဒါပေမဲ့... ပြောရတော့ ခက်သား... ဟိုခေတ်တုန်းက အဘိုးကြီးတွေက တစ်ယောက်တစ်မျိုးစီ နည်းလမ်းတွေ သုံးခဲ့ကြတာကိုး... ဘယ်နည်းလမ်းက အလုပ်ဖြစ်မယ် ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ... တချို့ကတော့ အချိန်ကာလ ရေစီးကြောင်းထဲမှာ ပျောက်ကွယ်သွားကြတယ်... တချို့ကျတော့ ကံကောင်းထောက်မစွာနဲ့ ရှင်သန်ကျန်ရစ်ခဲ့ကြတာပေါ့... ဖြစ်နိုင်တာက ဗီဇပြောင်းလဲမှု တစ်ခုခု ဖြစ်သွားတာများလား…”
“ဒါဆို... အစ်ကိုကြီးက နင်ချီ ဆိုတဲ့ မိတ်ဆွေကို ဖိတ်ခေါ်ပြီး... သူဟာ အတိတ်က လူတွေထဲက တစ်ယောက် ဟုတ်မဟုတ် စစ်ဆေးချင်တာပေါ့... ဟုတ်လား ခင်ဗျာ…” ဟု စစ်မှန်သူ ပိုင်ယဲ့က ဝင်မေးလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်'က လက်ကာပြလိုက်ရင်း...
“သူ.. ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ... အဲဒါက သိပ် အရေးမကြီးပါဘူးကွာ... ငါကတော့ ဒီကောင်လေးကို စိတ်ဝင်စားလို့ ဖိတ်တာပါပဲ... တကယ်လို့သာ သူက ဟို အဘိုးကြီးတွေထဲက တစ်ယောက် မဟုတ်ဘူး ဆိုရင်တော့... သူဟာ ခေတ်မှားပြီး မွေးလာတဲ့ သူပဲ ဖြစ်ရမယ်…”
သူ့စကားသံထဲတွင် နှမြောတသ ဖြစ်ရသည့် လေသံများ စွန်းထင်းနေလေသည်။
စစ်မှန်သူ သုံးပါးစလုံး လေးနက်သွားကြ၏။ 'တာအိုဆရာ ပိုင်ရှန်' ဘာကို ရည်ညွှန်းနေလဲ ဆိုတာ သူတို့ နားလည်လိုက်ကြပြီလေ။
သိုင်းသူတော်စင် နယ်ပယ် ...။
သူတို့ကိုယ်တိုင်လည်း ရင်ထဲမှာ တောင့်တမိကြသော်လည်း၊ သိပ်ပြီး မျှော်မှန်းရဲခြင်း မရှိကြပေ။ ဒါဟာ ပြောမပြနိုင်သည့် လျှို့ဝှက်ချက် တစ်ခုလို ဖြစ်နေပြီး ဘိုးဘေးကြီး ကိုယ်တိုင်လည်း သေချာ ရှင်းပြလေ့ မရှိခဲ့ပေ။ အရိပ်အမြွက်တွေအရ ခန့်မှန်းရလျှင်တော့... သိုင်းသူတော်စင် နယ်ပယ် ဆိုတာ လက်လှမ်းမမီနိုင်လောက်အောင် ဝေးကွာနေသည့် အရာတစ်ခု ဖြစ်နေပုံရသည်။
ဒီအချက်က သူတို့ရင်ထဲမှာ ဝမ်းနည်းမှုရော ကြောက်ရွံ့မှုကိုပါ ဖြစ်စေခဲ့၏။
သည်အကြောင်း ပြောရင်းနှင့်..
'တာအိုဆရာ ပိုင်ရှန်' စိတ်မပါတော့သလို ဖြစ်သွားသည်။
“နင်ချီ ဆိုတဲ့ ကောင်လေးကို ပြောလိုက်... ငါကိုယ်တိုင် ဖိတ်တာမို့ မဖြစ်မနေ လာခဲ့ရမယ်လို့... သူ ရောက်လာရင် တခြားဂိုဏ်းတွေရဲ့ သိုင်းကျမ်းတိုက်တွေကို ဖောက်ထွင်းဖို့ ငါ ကိုယ်တိုင် ခေါ်သွားပေးမယ်လို့ ပြောလိုက်ကွာ…”
ပြောရင်းနဲ့ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်ပေါ်လာသည်။ သူ့စကားကြောင့် စစ်မှန်သူ သုံးပါးစလုံး ခါးသက်သက် ရယ်မောလိုက်မိကြ၏။
‘ဒီ ဘိုးဘေးကြီးကတော့ တကယ့်ကို ဘာကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်တတ်သူပါပဲလား။’
‘သို့သော် ဘိုးဘေးကြီး၏ ဂုဏ်ပုဒ်နှင့် ဆိုလျှင်မူ... သူ့အား တာအိုလောက၏ ခေါင်းဆောင်ဟု ခေါ်ဆိုလျှင်ပင် လွန်မည် မထင်ပေ။ အကယ်၍သာ သူသည် သူ၏ အစစ်အမှန် အထောက်အထားကို ထုတ်ဖော်ပြသလိုက်မည် ဆိုပါက... လောကတွင် နံပါတ်တစ်ဟု သတ်မှတ်ထားသော ယင်ယန်ဂိုဏ်း ပင်လျှင် မည်သို့မျှ စောဒက မတက်ရဲဘဲ သူ စေခိုင်းသည်ကို ဆောင်ရွက်ပေးရမည့် အနေအထားပင် ဖြစ်ပေသည်။’