ဒီကောင်လေးက တကယ့်ကို ဘီလူးသဘက်ပါလား (အပိုင်း ၂)
Vol. 21 Ch. 312
~တာအိုဆရာ လုံရှန်းက တိတ်ဆိတ်စွာပင် ခေါင်းညိတ်လိုက်သည်။
မကြာသေးမီကာလအတွင်း အစစ်အမှန် သိုင်းဂိုဏ်း၏ တိုးတက်မှုသည် လွန်စွာ လျင်မြန်ခဲ့၏။ ထို့အပြင် စစ်မှန်သူ ထျန်းကျန့်၏ ကျော်ကြားသော ဂုဏ်သတင်းကြောင့် အစစ်အမှန် သိုင်းဂိုဏ်းသား အများအပြားသည် မာန်မာန ထောင်လွှားလာပြီး စိတ်လိုက်မာန်ပါ ဖြစ်လာခဲ့ကြ၏။ တချို့ဆိုလျှင် အစစ်အမှန် သိုင်းဂိုဏ်းသည် လောကတွင် အကောင်းဆုံး ဖြစ်နေပြီဟုပင် ထင်မှတ်နေကြ၏။
သို့သော်၊ သူတို့ နားလည်ထားရမည့် အချက်က... စစ်မှန်သူ ထျန်းကျန့် မည်မျှပင်၊ စွမ်းအားကြီးပါစေ၊ ဒါဟာ သူ့တစ်ယောက်တည်း၏ စွမ်းရည်သာ ဖြစ်သည်။ အစစ်အမှန် သိုင်းဂိုဏ်းသည် အလားအလာ အကန့်အသတ်မဲ့ ရှိနေသော်လည်း၊ လက်ရှိ အခြေအနေမှာတော့ အင်အား စုဆောင်းနေဆဲ ကာလသာ ရှိသေး၏။
အခုလို အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ ခိုင်မာသော အုတ်မြစ်ကို မြင်တွေ့လိုက်ရတာဟာ တပည့်အများစုကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်စေနိုင်ပြီး၊ ဒီအတွေ့အကြုံတွေကို အစစ်အမှန် သိုင်းတောင်ပေါ် ပြန်သယ်ဆောင်သွားနိုင်မည် ဆိုလျှင် ကောင်းသည့် အရာပါပင်။
ဒါဟာ လေ့လာရေး ခရီးစဉ်၏ စစ်မှန်သော အဓိပ္ပာယ်ပင် မဟုတ်ပါလား။
သို့သော် နင်ချီ၏ အာရုံသည် ထိုအရာများအပေါ်၌ ရှိမနေပေ။
အစစ်အမှန် နက်ရှိုင်းတောင်ပေါ်သို့ ရောက်ရှိလာကတည်းက သူသည် ထိုနေရာ၏ ခမ်းနားထည်ဝါသော အငွေ့အသက်ကို သေသေချာချာ အာရုံခံနေခဲ့၏။
ရင်ထဲတွင် လေးလံသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာပြီး၊ ဟို အင်မော်တယ် ကြိုးကြာငှက်သည် တကယ်ပဲ အသက်ဝင်လာတော့မည့်အလား ဝေဝါးစွာ ခံစားနေရ၏။
‘အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှာ ပြိုင်ဘက်ကင်း ပညာရှင်ကြီး တစ်ယောက် ရှိနေတာ သေချာတယ်…’
နင်ချီ အတပ်ပြောလိုက်နိုင်သည်။
ဤကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာရန်မှာ လူသား၏ ဇွဲလုံ့လနှင့် ကောင်းကင်ဘုံ၏ အလိုဆန္ဒတို့ ပေါင်းစပ်သွားမှသာလျှင် ဖြစ်နိုင်ခြင်း ဖြစ်ပေသည်။ အချိန်များ ကြာမြင့်လာသည်နှင့်အမျှ ကံကြမ္မာကို မသိမသာ ပြောင်းလဲပစ်နိုင်ကာ ပိုမို ထင်ရှားလာတတ်လေသည်။
အနည်းဆုံးမူ ဓားမ မိစ္ဆာ အဆင့်ခန့် ရှိသည့် ပညာရှင်မျိုးပင် ဖြစ်ပေသည်။ ထိုထက်ပင် ပိုချင် ပိုနေပေဦးမည်…။
သို့သော် နင်ချီသည် ထပ်မံ စုံစမ်းလိုစိတ် မရှိတော့ပေ။
လူတိုင်းမှာ ကိုယ်စီ လျှို့ဝှက်ချက်တွေ ရှိကြတာပဲလေ... အရာအားလုံးကို လိုက်စပ်စုနေစရာ မလိုပါ။
မကြာမီမှာပင်...၊
သူတို့သည် ခမ်းနားထည်ဝါစွာ ပြင်ဆင်ထားသော ဧည့်ရိပ်သာသို့ ရောက်ရှိသွားကြ၏။
စစ်မှန်သူ ပိုင်ဟဲသည် တာအိုဆရာ လုံရှန်းနှင့် နှုတ်ဆက် စကားပြောနေစဉ်မှာပင် တပည့်တစ်ဦး ရောက်လာပြီး သတင်းပို့လေသည်။
စစ်မှန်သူ ပိုင်ဟဲက တောင်းပန်စကား ဆိုလိုက်၏။
"မိတ်ဆွေ လုံရှန်း... ဂုဏ်ပြုပွဲက သဘက်ခါမှ စမှာပါ... ဒီနှစ်ရက်အတွင်း စိတ်ကြိုက် လှည့်လည် ကြည့်ရှုနိုင်ပါတယ်... လိုအပ်တာ ရှိရင် ချင်းလင် ကို ပြောလိုက်ပါ... သူ လိုက်ပို့ပေးပါလိမ့်မယ်..."
အနားရှိ တာအိုလူငယ်လေးက အလျင်အမြန်ပင် ဂါရဝပြုလိုက်သည်။
တာအိုဆရာ လုံရှန်းက ကောင်းကောင်းကြီး နားလည်ပေးပါသည်။ သူကိုယ်တိုင် ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကို စီစဉ်ခဲ့ဖူးသူ မဟုတ်ပါလား။
အလုပ်တာဝန် မည်မျှ များပြားကြောင်းကို သူ သိရှိထားပေသည်။
ယခင်က အစစ်အမှန် သိုင်းဂိုဏ်းသည် အမည်သတင်း သိပ်မကျော်ကြားသေးသဖြင့် ကောင်းကင်ဘုံလူသား အဆင့် ဧည့်သည် နည်းပါးခဲ့သော်လည်း၊ ယခု အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အခြေအနေနှင့် ဆိုလျှင်မူ အနည်းဆုံး (၁၀) ယောက်၊ အယောက် (၂၀) ခန့် လာရောက်ကြမည်မှာ သေချာလှပေသည်။
စစ်မှန်သူ ပိုင်ဟဲ ဤကဲ့သို့ အလျင်စလို ထွက်ခွာသွားရသည်ကို ထောက်ရှုသော် နောက်ထပ် ကောင်းကင်ဘုံလူသား အဆင့် ဧည့်သည်တော် တစ်ပါး ရောက်ရှိလာသောကြောင့်သာ ဖြစ်တန်ရာ၏။
သူ သက်ပြင်းတစ်ချက် ချလိုက်မိလေ၏။
‘ကိုယ့်ပွဲတုန်းက အဖြစ်အပျက်တွေက မနေ့တစ်နေ့ကလိုပါပဲလား။’
အစစ်အမှန် သိုင်းဂိုဏ်းမှ တပည့်များသည် ခရီးဆောင်အိတ်များကို ချထားရင်း တီးတိုး ပြောဆိုနေကြ၏။ နောက်နှစ်ရက်နေရင် ကျင်းပမယ့် ပွဲကြီးကို မျှော်လင့်နေကြပုံရသည်။
သန့်ရှင်းရေး လုပ်ပြီးနောက် သူတို့သည် အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှ တပည့်များ၏ လမ်းပြမှုဖြင့် လှည့်လည် ကြည့်ရှုရန် ထွက်ခွာသွားကြလေသည်။
ဧည့်ရိပ်သာတွင် နင်ချီနှင့် တာအိုဆရာ လုံရှန်းတို့ နှစ်ယောက်တည်း ကျန်ရစ်ခဲ့တော့၏။
...
နင်ချီသည် တာအိုကျမ်းစာအုပ်ကို ကိုင်ရင်း အတွေးနယ်ချဲ့နေမိလေ၏။
ပတ်ဝန်းကျင် အသစ်က စိတ်ခံစားမှု အသစ်ကို ပေးစွမ်းနိုင်သည် မဟုတ်ပါလား။ ခရီးတစ်လျှောက်လုံး သူသည် ကျမ်းစာအုပ်ထဲတွင်သာ စိတ်နှစ်ထားသယောင် ရှိသော်လည်း၊ တကယ်တမ်းတွင် သူသည် ဘေးပတ်ဝန်းကျင်ကို အခြားသူများထက် ပိုမို သတိထားမိခဲ့၏။ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပြီး သူ့အတွေးအမြင်များ ပိုမို ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။
‘စာအုပ်ပေါင်း တစ်သောင်း ဖတ်တာဟာ ခရီးမိုင်ပေါင်း တစ်သောင်း သွားတာနဲ့ ညီမျှတယ် ဆိုတာ တကယ်ပဲ မှန်ကန်ပါပေတယ်။’
နင်ချီသည် သိုင်းသူတော်စင် စွမ်းအားအကြောင်း ဆက်လက် တွေးတောနေသော်လည်း ယွီဘုရင် ပုလဲကို ထုတ်ယူ လေ့လာခြင်း မပြုခဲ့ပေ။ သူများနယ်မြေ ရောက်နေသည်ဆိုတော့ အနေအထိုင် ဆင်ခြင်တာ ပိုကောင်းပါသည်လေ။
အချိန်များ မသိမသာ ကုန်ဆုံးသွားခဲ့၏။
နင်ချီသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ နိုးထလာပြီး သူ၏ စိတ်ဝိညာဉ် အနည်းငယ် လှုပ်ခတ်သွားသည်။
သူ မျက်ခုံးပင့်လိုက်မိသော်လည်း ချက်ချင်းပင် တည်ငြိမ်စွာ နေလိုက်သည်။
မကြာမီမှာပင်...၊
ခရမ်းရောင် တာအိုဝတ်စုံနှင့် မျက်လုံးကလည်ကလည် လုပ်နေသော အဘိုးအိုတစ်ဦး တိတ်တဆိတ် ဝင်ရောက်လာသည်။ သူသည် သွားဖြဲလိုက်ပြီး နင်ချီ၏ နောက်ကျောဘက်သို့ ခြေသံလုံလုံဖြင့် ကပ်သွားကာ ပခုံးကို လှမ်းပုတ်လိုက်လေသည်။
"ဟေ့ကောင်လေး... မင်းက အခုထိ စာဖတ်ရတာ ကြိုက်တုန်းပဲလား..."
နင်ချီက လန့်သွားသလို ဟန်ဆောင်လိုက်ပြီး လက်ထဲက ကျမ်းစာအုပ်ကို နောက်ပြန် ရိုက်ချလိုက်ရာ ပြုံးစစ လုပ်နေသော အဘိုးအို၏ မျက်နှာကို ဘွတ်ခနဲ ထိသွားတော့၏။
"အား... သေနာလေး... လူကြီးသူမကို မရိုမသေ လုပ်ရသလားကွ..."
အဘိုးအိုက မျက်နှာကို ရှုံ့မဲ့လိုက်ပြီး နင်ချီကို လက်ညှိုးထိုးကာ ဆဲရမလို ဆိုရမလို ဖြစ်နေရှာသည်။
နင်ချီက လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်ရင်း...
"အော်... အဘိုးကြီး ဖြစ်နေတာကိုး... ကျွန်တော်က သူခိုး ဝင်လာတယ် မှတ်လို့... တောင်းပန်ပါတယ်..တောင်းပန်ပါတယ်. ..."
'တာအိုဆရာ ပိုင်ရှန်' ဒေါသထွက်လွန်း၍ အံကြိတ်လိုက်မိလေ၏။
ဒီကောင်လေး တမင် လုပ်လိုက်တာ ဆိုတာ သူ သိနေ၏။ သို့သော်၊ သက်သေပြစရာ မရှိနေပေ။
"မင်းလို ကောင်စုတ်လေးကတော့လေ..."
သူသည် နင်ချီကို လက်ညှိုးထိုးရင်း နောက်ဆုံးတော့ ရယ်မောလိုက်မိလေ၏။
'တာအိုဆရာ ပိုင်ရှန်'သည် စားပွဲပေါ်မှ သစ်တော်သီး တစ်လုံးကို လှမ်းယူလိုက်ပြီး မြိန်ရေယှက်ရေ စားလိုက်လေ၏။
နင်ချီက ရယ်မောရင်း မေးလိုက်သည်။
"စစ်မှန်သူ ပိုင်ဟဲ ပြောတော့ ခင်ဗျားက ရေချိုး၊ အဝတ်လဲ၊ အမွှေးတိုင်ထွန်းပြီး စိတ်တည်ငြိမ်အောင် လုပ်နေတယ် ဆို... ဘယ်လိုလုပ် ဒီရောက်လာတာလဲ..."
'တာအိုဆရာ ပိုင်ရှန်'က နှုတ်ခမ်းစူလိုက်ရင်း...
"အဲဒီ စည်းကမ်းတွေက အလကားပါကွာ... မင်း ရောက်နေတယ် ကြားလို့ ငါ ချက်ချင်း ထွက်လာခဲ့တာ... ဒါနဲ့ ငါ့ရဲ့ မျောက်ဖြူကော... မင်း မခေါ်လာဘူးလား... ငါ လုယူသွားမှာ ကြောက်လို့ မခေါ်လာတာမလား..."
နင်ချီက သူ့ကို တစ်ချက်သာ လှမ်းကြည့်ပြီး လက်ထဲက ကျမ်းစာအုပ်ကိုသာ ဆက်ဖတ်နေလိုက်သည်။
သို့သော် သူ့ရင်ထဲတွင် အနည်းငယ် အံ့သြသွားမိလေ၏။
အကြောင်းကတော့... သူ့ရှေ့က 'တာအိုဆရာ ပိုင်ရှန်'က နည်းနည်း ထူးခြားနေ၍ပင်။
သူ့ကို ထွင်းဖောက် မမြင်နိုင်ပေ...။
ပုံမှန်ဆိုရင် ကောင်းကင်ဘုံလူသား အဆင့်ကို အခုမှ ရောက်ခါစ လူတစ်ယောက်က သူ့ရဲ့ ဓမ္မမျက်လုံး အောက်မှာ ဖုံးကွယ်ထားနိုင်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ 'တာအိုဆရာ ပိုင်ရှန်'ရဲ့ အရှိန်အဝါက တစ်မျိုးကြီး ဖြစ်နေတယ်။ ကောင်းကင်ဘုံလူသား အဆင့်လိုလို၊ မဟုတ်သလိုလိုနဲ့။
‘ဒီ အဘိုးကြီးမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေတာပဲ…’
နင်ချီသည် အဘိုးအို၏ နောက်ပြောင်သော စကားများကို ပြန်ကြားယောင်မိလေ၏။
ကောင်းကင်ဘုံလူသား အဆင့်သို့ ရောက်ရှိသည်နှင့် သိုင်းသူတော်စင် အဆင့်သို့ တန်းသွားမည်၊ မကြာမီ ပြိုင်ဘက်ကင်း ဖြစ်လာမည် ဆိုသော စကားများပင် ဖြစ်လေသည်။ သို့သော် သူ ဆက်လက်၍ စပ်စုလိုစိတ် မရှိတော့ချေ။ သူတစ်ပါး၏ လျှို့ဝှက်ချက်ကို လေးစားရမည်သာ ဖြစ်ပေသည်။
သို့သော် နင်ချီ မသိလိုက်သည်မှာ...၊
သူ့ရှေ့မှ အဘိုးအိုသည်လည်း သူ့ကဲ့သို့ပင် စိတ်ရှုပ်ထွေးနေသည် ဆိုသည့် အချက်ပင် ဖြစ်ချေသည်။
အဘယ်ကြောင့်ဆိုသော်... သူသည်လည်း နင်ချီကို ထွင်းဖောက် မမြင်နိုင်သောကြောင့် ဖြစ်ပေသည်။
‘ဒီကောင်လေးက တော်တော် ဆန်းကြယ်တာပဲ... လွန်ခဲ့တဲ့ သုံးနှစ်က သူ့ကို မြူဖြူ နယ်ပယ်မှာ ရှိနေတယ်လို့ ငါ မြင်ခဲ့ရသေးတယ်... သုံးနှစ်အတွင်းမှာ ဘယ်လိုလုပ်ပြီး ဒီလောက် နက်နဲသွားရတာလဲ... တကယ့်ကို အံ့ဖွယ်ပဲ…’
သူ စိတ်ထဲမှ တိတ်တဆိတ် ချီးကျူးလိုက်မိလေ၏။
သူသည် ယခင်က အဘိုးအို မဟုတ်တော့ချေ။
မွေးရာပါ ဉာဏ်အလင်း နိုးထလာရုံမျှမက၊ စွမ်းအား အဆင့်အတန်းသည်လည်း နိုးထလာခဲ့ပြီ ဖြစ်သည်။ သို့တိုင်အောင် နင်ချီ၏ အစစ်အမှန် အခြေအနေကို မမြင်နိုင်သေးဟု ဆိုရာ...
အမှန်တကယ်ပင် အံ့သြဖွယ်ရာ ကောင်းလှပေသည်။
သို့သော် သူသည် သဘောထားကြီးသူ ပီပီ စိတ်ထဲ၌ ချီးကျူးပြီးသည်နှင့် မေ့ပျောက်ထားလိုက်တော့၏။
သူ နင်ချီအား သဘောကျနှစ်သက်ရခြင်းမှာ ကျင့်ကြံခြင်း အဆင့်ကြောင့် မဟုတ်ဘဲ၊ လွတ်လပ်ပေါ့ပါးသည့် စရိုက်သဘာဝကြောင့်သာ ဖြစ်ပေသည်။
နင်ချီ တစ်ဦးတည်းသာလျှင် သူ့အား မည်သူမည်ဝါမှန်း ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ဆက်ဆံရဲခြင်း ဖြစ်ပေသည်။
ဤအချက်က သူ့ကို ပျော်ရွှင်စေခဲ့လေသည်။
နင်ချီက သူ့ကို ဂရုမစိုက်ဘဲ စာအုပ်ပဲ ဖတ်နေတာကို မြင်တော့...
'တာအိုဆရာ ပိုင်ရှန်' သက်ပြင်းချလိုက်ပြီး ပြုံးစစ ပြောလေသည်။
"ဟေ့ကောင်လေး... အခု ငါက ကောင်းကင်ဘုံလူသား အဆင့်ကို ရောက်နေပြီနော်... အရင်တုန်းက ငါ့ကို အထင်သေးခဲ့တာ နောင်တရနေပြီမလား..."
သူ့လေသံက ကြွားဝါချင်နေ၏။
သို့ရာတွင်၊ နင်ချီကတော့ "အင်း" တစ်လုံးပဲ ပြောလိုက်သည်။
'တာအိုဆရာ ပိုင်ရှန်' စိတ်မရှည်တော့ပေ။
"ဟေ့ကောင်... ဒါ ကောင်းကင်ဘုံလူသား အဆင့်ကွ... သန်းတစ်ထောင်မှာ တစ်ယောက်ပဲ ရှိတဲ့ ကောင်းကင်ဘုံလူသား အဆင့်... မင်း ငါ့ကို ကောင်းကောင်းမွန်မွန် ပြောမယ်ဆိုရင်လေ... ငါ မင်းကို ကာကွယ်ပေးထားမှာ... တလောကလုံးကို စိတ်ကြိုက် လှည့်ပတ်သွားလာလို့ ရစေရမယ်..."
နင်ချီက စာမျက်နှာ နှစ်ရွက်လောက် လှန်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
"ခင်ဗျား ကောင်းကင်ဘုံလူသား အဆင့် ရောက်တာ ကျွန်တော့်အတွက် ဘာမှ အကျိုးမရှိဘူးလေ... အဲဒီတော့ ခင်ဗျား အဆင့်တက်တာ၊ မတက်တာ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ..."
'တာအိုဆရာ ပိုင်ရှန်' ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
‘အဲဒါက... ဟုတ်သလိုလိုတော့ ရှိသား…’
သူ အလျင်အမြန် ခေါင်းခါလိုက်ပြီး...
"မဟုတ်ဘူးလေ... ဘယ်လိုလုပ် မဆိုင်ရမှာလဲ... အရင်က ငါတို့ ကတိပေးထားတာ ရှိတယ်လေ... ငါ ကောင်းကင်ဘုံလူသား အဆင့် ရောက်တာနဲ့ လောကမှာ ရှိတဲ့ တာအိုဂိုဏ်း အားလုံးကို လိုက်ဖောက်ထွင်းပြီး ပစ္စည်းတွေ ခွဲယူကြမယ် ဆိုတာလေ... ဂုဏ်ပြုပွဲ ပြီးတာနဲ့ စကြစို့..."
ဒီတစ်ခါတော့ နင်ချီ စာအုပ်ကို ပိတ်လိုက်သည်။
သူ ခပ်ဖွဖွ ပြုံးလိုက်ရင်း...
"ကျွန်တော်ကတော့ လေလုံးထွားတာတွေ နားမထောင်ချင်ဘူးဗျာ..."
'တာအိုဆရာ ပိုင်ရှန်' စိတ်လှုပ်ရှားသွားပြန်၏။
"ဘယ်သူက လေလုံးထွားနေလို့လဲ... ငါက မင်းနဲ့ ကြီးကျယ်တဲ့ ကိစ္စကြီး တစ်ခုကို လေးလေးနက်နက် ဆွေးနွေးနေတာကွ... ကြီးကျယ်တဲ့ ကိစ္စကြီး နားလည်လား... မင်း ငါ့စွမ်းအားကို မယုံဘူးလား... ငါ အာမခံတယ်... ငါက အခုမှ အဆင့်တက်ခါစ ဆိုပေမယ့်၊ သာမန် ကောင်းကင်ဘုံလူသား အဆင့်လောက်ကတော့ ငါ့ကို မယှဉ်နိုင်ပါဘူးကွ..."
သူ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
နင်ချီကတော့ ပြဇာတ် ကြည့်နေသလို မျက်နှာထားနှင့် သူ့ကို မှင်သေသေ ကြည့်နေဆဲပင်။
'တာအိုဆရာ ပိုင်ရှန်' ခေါင်းကုတ်လိုက်၊ နားရွက်ကုတ်လိုက်နှင့် ဂနာမငြိမ် ဖြစ်လာသည်။
"မင်း ဘာလို့ ငါ့ကို မယုံတာလဲကွာ..."
နင်ချီ စာအုပ်ကို ပြန်ဖွင့်လိုက်သည်။
'တာအိုဆရာ ပိုင်ရှန်'က စာအုပ်ကို ချက်ချင်း ပြန်ပိတ်လိုက်ပြီး...
"ပြောစမ်း... ဘယ်လိုလုပ်မှ မင်း ငါ့ကို ယုံမှာလဲ..."
နင်ချီက အရေးမစိုက်သော လေသံဖြင့် ပြောလိုက်သည်။
"ခင်ဗျားက လောကမှာ ရှိတဲ့ တာအိုဂိုဏ်း အားလုံးကို ဖောက်ထွင်းမယ် ဆို... အစစ်အမှန် နက်ရှိုင်းဂိုဏ်းကလည်း အဲဒီအထဲမှာ ပါတာပဲလေ... ဘယ်လိုလဲ..."
'တာအိုဆရာ ပိုင်ရှန်' ကြောင်အသွားသည်။
‘ဒီကောင်လေးရဲ့ တွေးခေါ်ပုံက တော်တော် ဆန်းတာပဲ။’
သို့ရာတွင်၊ ချက်ချင်းပင် သူ ရယ်မောလိုက်သည်။
"ဟားဟား၊ အဓိပ္ပာယ် ရှိတယ်... လာ... အစစ်အမှန် နက်ရှိုင်းဂိုဏ်းရဲ့ သိုင်းကျမ်းတိုက်ကို အခု သွားကြမယ်..."
"တကယ် ပြောတာလား..."
ဒီတစ်ခါတော့ နင်ချီ အငိုက်မိသွားသည်။
မူလက အဘိုးကြီးကို စနောက်ချင်ရုံ သက်သက် ပြောလိုက်တာပါ။
တကယ်ကြီး လုပ်မလို့လား။
'တာအိုဆရာ ပိုင်ရှန်'က အောင်နိုင်သူလို ခံစားလိုက်ရပြီး...
"အခုချက်ချင်း သွားမယ်... ငါက မင်းကို လိမ်စရာလား..."
ပြောပြောဆိုဆို သူသည် နင်ချီ၏ လက်မောင်းကို ဆွဲပြီး တိတ်တဆိတ် ခိုးထွက်သွားကြလေတော့၏။
ခဏကြာတော့...
သူတို့နှစ်ဦး သိုင်းကျမ်းတိုက်ထဲသို့ ရောက်ရှိသွားကြ၏။ 'တာအိုဆရာ ပိုင်ရှန်' လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ စောင့်ကြပ်နေသော ဂိုဏ်းသားများ အိပ်ပျော်သွားကြလေ၏။
ကျယ်ပြောလှသော ကျမ်းစာအုပ်များကို ကြည့်ရင်း နင်ချီ၏ မျက်လုံးများ အရောင်တောက်လာသည်။
‘ဘုရားရေ... အစစ်အမှန် နက်ရှိုင်းဂိုဏ်းရဲ့ ရတနာတွေက တကယ်ပဲ ပေါများလိုက်တာ..’