← Chapters

ဝိညာဉ်စွမ်းအင် (အပိုင်း ၂)

Vol. 21 Ch. 314

ဝိညာဉ်စွမ်းအင် (အပိုင်း ၂)

Vol. 21 Ch. 314

~’သိုင်းသူတော်စင်ရဲ့ စွမ်းအားမှာ ထူးခြားဆန်းပြားတဲ့ ဝိညာဉ်သဘာဝတွေ ပါဝင်နေတယ်။ ဒါက သိုင်းသူတော်စင် စွမ်းအားရဲ့ ကိုယ်ပိုင် လက္ခဏာရပ် မဟုတ်ဘူး... ဝိညာဉ်စွမ်းအင် (Spiritual Qi) ရဲ့ မူလ သဘာဝပဲ... ဒါပေမဲ့ အခု ငါ အာရုံခံကြည့်တဲ့ ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာကျတော့ အဲဒီအချက်ကို မတွေ့ရဘူး။ ဒါဆိုရင် လောကကြီးမှာ ဖြစ်ပျက်ခဲ့တဲ့ အပြောင်းအလဲကြီးက ဝိညာဉ်စွမ်းအင်ရဲ့ ဝိညာဉ်သဘာဝကို အားနည်းသွားစေတာများလား...

တကယ်လို့ အားနည်းသွားစေနိုင်တယ် ဆိုရင်... ဝိညာဉ်စွမ်းအင်ထဲက ဝိညာဉ်သဘာဝကို သီးသန့် ထုတ်ယူလို့ ရနိုင်မလား…’

နင်ချီသည် နောက်ထပ် လမ်းကြောင်းတစ်ခုကို တွေးမိလိုက်သည်။

သူ့စိတ်အစဉ်သည် တဖြည်းဖြည်း နက်ရှိုင်းသော တွေးတောခြင်း နွံထဲသို့ ကျရောက်သွားလေ၏။

"နောက်ပြီးတော့... 'ပန်းပွင့်သုံးပွင့် ထိပ်မှာ စုဝေးခြင်း' ဆိုတာ ကောင်းကင်ဘုံလူသား အဆင့်ကို ရည်ညွှန်းတာလေ... ရှေးဟောင်း စာအုပ် တစ်အုပ်ထဲမှာ ပါတဲ့ 'ချီငါးပါး မူလသို့ ဦးတည်ခြင်း’ဆိုတာက ဘာကို ပြောချင်တာလဲ... အဲဒါကများ သိုင်းသူတော်စင် နယ်ပယ်ရဲ့ လျှို့ဝှက်ချက် ဖြစ်နေမလား..."

'တာအိုဆရာ ပိုင်ရှန်'သည် နင်ချီက သူ့ကို လုံးဝ ဂရုမစိုက်တော့သည်ကို သတိပြုမိပြီး စိတ်ပျက်သွားသလို ဖြစ်မိလေ၏။ သို့သော် နင်ချီ၏ ပြင်းပြသော စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ တိတ်တဆိတ် အံ့သြသွားရပြန်၏။

ဒီစာအုပ်တွေနှင့် သူ ရင်းနှီးကျွမ်းဝင်နေခဲ့တာ ကြာပါပြီ။ သာမန်လူတွေဆိုလျှင် နားလည်ဖို့တောင် ခက်ခဲလှပေမယ့်၊ နင်ချီကတော့ လေးလေးနက်နက်ကို စဉ်းစားနေပုံရသည်။

‘ဒီ နင်ချီ ဆိုတဲ့ ကောင်လေးက ငါ ထင်ထားတာထက် ပိုပြီး ထူးခြားနေပါလား…’

'တာအိုဆရာ ပိုင်ရှန်’ ပိုပြီး အလေးထားလာမိလေ၏။

သိချင်စိတ်တွေက တားမရ ဆီးမရ ဖြစ်ပေါ်လာပြီး ပထမဆုံး အကြိမ်အဖြစ် နင်ချီ၏ အတွင်းသဘောကို အစွမ်းကုန် ထိုးဖောက် ကြည့်ရှုလိုက်မိလေ၏။

ထိုခဏ၌...၊

မြူခိုးများ ကင်းစင်သွားသယောင်။

သို့သော် သူ့ကို အံ့အားသင့်သွားစေသည်မှာ... တောင်ထိပ်တစ်ခုတည်းကို မြင်ရခြင်း မဟုတ်ဘဲ၊ အဆုံးမရှိ ကျယ်ပြန့်သော တောင်တန်းကြီးများကို တွေ့လိုက်ရခြင်းပင်။ ဘယ်တောင်ထိပ်က နင်ချီဧ။် အစစ်အမှန် ကိုယ်ပွားလဲ ဆိုတာကို သူ လုံးဝ ခွဲခြား၍ မရနိုင်ခဲ့ပေ။

‘ဒါက…’

'တာအိုဆရာ ပိုင်ရှန်'၏ ရင်ထဲတွင် လေးနက်မှုများ နေရာယူလာသည်။

သူ၏ မွေးရာပါ ဉာဏ်အလင်းမှာ ယခုမှ နိုးထစ ဖြစ်သည် ဆိုသော်ငြား၊ သူ၏ စွမ်းအား အပြည့်အဝ ပြန်လည် မရရှိသေးသော်ငြား၊ သူသည် လောက၏ ထိပ်ဆုံး၌ ရပ်တည်နေသူ တစ်ဦး ဖြစ်ပေ၏။ သို့တိုင်အောင် (၁၁) နှစ်သားအရွယ် ကလေးငယ်တစ်ဦးကို သူ ထွင်းဖောက် မမြင်နိုင်သည် ဆိုခြင်းမှာ...။

ယခင်က ပေါ့ပေါ့ပါးပါး ကြည့်ရှုခဲ့ခြင်းကြောင့်ဟု ထားရှိစေကာမူ၊ ယခု အစွမ်းကုန် ကြည့်ရှုသည်တိုင် မမြင်နိုင်ခြင်းမှာမူ များစွာ ကွာခြားလွန်းနေချေပြီ။

ယခင်က နင်ချီနှင့် တာအိုဆရာ လုံရှန်းတို့အား ဖိတ်ခေါ်ခဲ့စဉ်က၊ စစ်မှန်သူ ပိုင်ဟဲနှင့် အခြားသူများအား သူ ထုတ်ဖော် မပြောကြားခဲ့သည့် အချက်တစ်ချက် ရှိခဲ့လေသည်။ အစစ်အမှန် သိုင်းဂိုဏ်း၏ မျိုးရိုးစဉ်ဆက်သည် အစစ်အမှန် နက်ရှိုင်းဂိုဏ်းထက်ပင် စောစီးစွာ တည်ရှိခဲ့သည် ဆိုခြင်းပင် ဖြစ်၏။ ကြားကာလ၌ မျိုးဆက် ပြတ်တောက်သွားခဲ့ရ၍သာလျှင် ဖြစ်ပေသည်။

သူ၏ မွေးရာပါ ဉာဏ်အလင်း နိုးထလာပြီးသည့်နောက်၊ အစစ်အမှန် သိုင်းဂိုဏ်းနှင့် ပတ်သက်သော သတင်းအချို့ကို ကြားသိလိုက်ရသောအခါ၊ သူ၏ ထင်မြင်ယူဆချက်များ မှန်ကန်ကြောင်း သေချာသွားခဲ့လေသည်။

နင်ချီအား ဖိတ်ခေါ်လိုက်ခြင်းသည်လည်း တိတ်တဆိတ် အကဲခတ်ရန် အခွင့်အရေး တစ်ရပ်ပင် ဖြစ်ပေသည်။

မူလကမူ တာအိုဆရာ လုံရှန်းသည် ကံကောင်းထောက်မစွာဖြင့် အစစ်အမှန် သိုင်းဂိုဏ်း၏ အမွေအနှစ် တစ်စွန်းတစ်စကို ရရှိခဲ့ခြင်းသာ ဖြစ်မည်ဟု ထင်မှတ်ထားခဲ့မိ၏။ အဘယ်ကြောင့်ဆိုသော် တာအိုဆရာ လုံရှန်း၏ စွမ်းဆောင်ရည်မှာ များစွာ ထူးခြားနေခြင်း မရှိသောကြောင့်ပင်။

သို့သော် ယခုအခါ နင်ချီထံမှ ရှုပ်ထွေးနက်နဲမှုများကို ခံစားမိလိုက်ရသဖြင့်၊ သူ၏ ယူဆချက်များကို ပြန်လည် သုံးသပ်ရတော့မည် ဖြစ်ချေသည်။

'မိစ္ဆာအိုကြီး တစ်ကောင်ကများ ငါ့ကို တမင် လာကစားနေတာလား…’

'တာအိုဆရာ ပိုင်ရှန်'သည် သံသယ ဝင်မိလိုက်သည်။

သို့သော် ချက်ချင်းပင် ခေါင်းခါလိုက်၏။

သူတို့လို လူစားမျိုးတွေမှာ အချင်းချင်း ဖုံးကွယ်၍ မရနိုင်သော အရှိန်အဝါမျိုး ရှိတတ်စမြဲလေ။

‘လိပ်အိုကြီးရဲ့ အကြံအစည်များလား…’

'တာအိုဆရာ ပိုင်ရှန်' နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုကို သတိရသွားသည်။

အစစ်အမှန် သိုင်းဂိုဏ်း၏ အမွေအနှစ် ဆိုတာ သာမန် မဟုတ်ကြောင်း သူ တစ်ယောက်တည်းသာ သိထားသည်ကိုး။

‘အဲဒီ လိပ်အိုကြီးက အသက်ရှင်နေတာ ကြာလှပြီ... ဘာတွေ ကြံစည်နေလဲ ဘယ်သူ သိနိုင်မလဲ... တာအိုဆရာ လုံရှန်းက သူ ရွေးချယ်ထားတဲ့ ဆက်ခံသူ မဟုတ်ဘဲ၊ နင်ချီကများ ဖြစ်နေမလား... ဒါပေမဲ့ မဖြစ်နိုင်သေးပါဘူး... တကယ်လို့ နင်ချီက သူ ရွေးချယ်ထားသူ ဆိုရင် သိုင်းသူတော်စင် နယ်ပယ်အကြောင်း နည်းနည်းပါးပါးတော့ သိထားသင့်တယ်…’

ခဏတာတော့ 'တာအိုဆရာ ပိုင်ရှန်'သည် နင်ချီ၏ ဇာစ်မြစ်ကို သေချာ မခန့်မှန်းနိုင်သေးပေ။

နည်းနည်းလောက် ဆက်ပြီး စောင့်ကြည့်ရဦးမည်။

နင်ချီက ရှေးဟောင်း စာအုပ်ကို ပိတ်လိုက်တာ မြင်တော့ သူ အလျင်အမြန်ပင် ဖော်ရွေသည့် ပုံစံနှင့် ကပ်သွားလိုက်၏။

"မောင်နင်ချီ... ရှေးဟောင်း တာအိုကျမ်းစာအုပ်တွေ ထပ်ကြည့်ချင်သေးလား..."

နင်ချီ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ဂုဏ်ပြုပွဲ ပြီးတာနဲ့ တခြား တာအိုဂိုဏ်းတွေကို လိုက်လည်ကြတာပေါ့... ဘယ်လိုလဲ..."

'တာအိုဆရာ ပိုင်ရှန်'က ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ပြောလိုက်သည်။

နင်ချီ ခဏ စဉ်းစားပြီးနောက် ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဦးဆောင်သူ မဟုတ်ချေ။ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက 'တာအိုဆရာ ပိုင်ရှန်' သာလျှင် ခေါင်းခံရမည် ဖြစ်သည်။ မိုးပြိုလျှင် ဒူးတောင့်သူ ခံရမည်သာ ဖြစ်လေသည်။

အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ စာကြည့်တိုက်မှ သိုင်းသူတော်စင် နယ်ပယ်နှင့် ပတ်သက်သည့် အချက်အလက် အတော်များများကို ရရှိခဲ့ပြီ ဖြစ်ရာ၊ အခြား တာအိုဂိုဏ်းများ၏ ရတနာများသည်လည်း မည်မျှတိုင် ကြွယ်ဝနေမည်ကို သိလိုစိတ်များ ဖြစ်ပေါ်မိလေ၏။

သို့သော် အရေးအကြီးဆုံး အချက်မှာမူ... သူသည် 'တာအိုဆရာ ပိုင်ရှန်'၏ အတိမ်အနက်ကို စမ်းသပ်လိုနေခြင်း ဖြစ်ပေသည်။

လူတစ်ဦးတစ်ယောက်ကို ထွင်းဖောက် မမြင်နိုင်သည်မှာ ဤသည်က ပထမဆုံးအကြိမ်ပင် ဖြစ်ပါသည်။

နင်ချီ သဘောတူလိုက်သည်ကို မြင်တော့ 'တာအိုဆရာ ပိုင်ရှန်' ပျော်လွန်း၍ ဂျွမ်းထိုးမတတ် ဖြစ်သွားရှာသည်။

"ကဲ... ဒါဆို သဘောတူလိုက်ပြီနော်..."

နင်ချီ မနေနိုင်တော့ဘဲ ပြုံးလိုက်မိလေ၏။

...

နောက်ရက်တွေမှာတော့...၊

'တာအိုဆရာ ပိုင်ရှန်'ရဲ့ အဖော်ပြုမှုနှင့်အတူ နင်ချီဟာ အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ တားမြစ်နယ်မြေ အတော်များများအား ဝင်ရောက် လေ့လာခွင့် ရခဲ့၏။

သိုင်းကျမ်းတိုက်၊ ရတနာ စံအိမ်၊ နတ်ဘုရား လက်နက်တိုက်၊ ဝိညာဉ် ဆေးဥယျာဉ်...

ရတနာပေါင်းများစွာကို တွေ့ခဲ့ရ၍ အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ ကြွယ်ဝမှုကို ချီးကျူးမိပေမယ့်၊ တစ်ဖက်မှာလည်း ထူးဆန်းနေမိလေ၏။

'တာအိုဆရာ ပိုင်ရှန်'က ဘာစည်းကမ်းကိုမှ ဂရုမစိုက်ဘဲ လုပ်ချင်ရာ လုပ်နေသလိုပါပင်။ တစ်ခါတစ်လေကျတော့ နင်ချီ တွေးမိ၏... ။

‘ဒီလူကြီးကများ သူတို့ဂိုဏ်းရဲ့ ကြွယ်ဝမှုကို တမင် ကြွားပြပြီး ငါ့ကို "ဂိုဏ်းပြောင်းလာအောင်" စည်းရုံးနေတာများလား။’

ထို့အပြင်...၊

နင်ချီက စူးစမ်းလိုစိတ်နှင့် "အစစ်အမှန် နက်ရှိုင်း စစ်မှန်သူ ဧကရာဇ်" အကြောင်း ခဏခဏ မေးကြည့်ပေမယ့်၊ 'တာအိုဆရာ ပိုင်ရှန်'ကတော့ လေးစားမှု တစ်စက်မှ မပါဘဲ ပေါ့ပေါ့တန်တန်သာ ဖြေလေ့ရှိသည်။ ဒါက နင်ချီကို ပိုပြီး သံသယ ဝင်စေသည်။

‘ဒီလူကြီးကများ... အစစ်အမှန် နက်ရှိုင်းဂိုဏ်းရဲ့ သက်ရှိထင်ရှား ဘိုးဘေးကြီး ဖြစ်နေလို့များ ဒီလောက် လွတ်လွတ်လပ်လပ် နေနိုင်တာလား…’

‘ဘာပဲဖြစ်ဖြစ် ဒီနှစ်ရက်အတွင်း ငါတို့ရဲ့ ဗရုတ်သုတ်ခ လုပ်ရပ်တွေကို ဂိုဏ်းရဲ့ အထက်ပိုင်း လူကြီးတွေ မသိဘဲ နေမှာမှ မဟုတ်တာ။’

နင်ချီ လေးလေးနက်နက် တွေးတောနေမိလေ၏။

မည်သို့ပင် ဖြစ်စေကာမူ၊ သူ အလောတကြီး မလုပ်ပါ။

ဒီရက်ပိုင်းအတွင်းမှာ...၊

သိုင်းဂိုဏ်း အများအပြား ရောက်ရှိလာကြ၏။ ထိပ်တန်း တာအိုဂိုဏ်းကြီးတွေကလည်း ကောင်းကင်ဘုံလူသား အဆင့် ပညာရှင်တွေကို စေလွှတ်ပြီး အားဖြည့်ပေးကြ၏။ အစစ်အမှန် နက်ရှိုင်းတောင်ကြီးက ပိုမို စည်ကား သိုက်မြိုက်လာပြီး၊ တာအိုဆရာ လုံရှန်းပင် ပြဿနာ မဖြစ်ရအောင် တပည့်တွေကို သတိပေးနေရသည်။

ကံကောင်းသည်က အစစ်အမှန် နက်ရှိုင်းဂိုဏ်းက ကြားဝင် ဖြေရှင်းပေး၍ ကြီးကြီးမားမား ပြဿနာ မရှိခဲ့ပါပေ။

ထိုအစား လူအများအပြားက အစစ်အမှန် သိုင်းဂိုဏ်း၏ ဧည့်ရိပ်သာကို လာရောက်ပြီး မိတ်ဆွေဖွဲ့ကြ၊ စစ်မှန်သူ ထျန်းကျန့်ကို လေးစားကြောင်း ပြောဆိုကြနှင့်..စည်ကားနေလေသည်။

ထိုနေ့တွင်...၊

ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကြီး အချိန်ကိုက် စတင်ပါတော့၏။

ယခုလို ကြီးကျယ်ခမ်းနားသော ပွဲကြီးက တာအိုပြည်နယ် တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့၏။ အထူးသဖြင့် အစစ်အမှန် နက်ရှိုင်းဂိုဏ်းက အသံတိတ် နေမနေတော့ဘဲ ပွဲကြမ်းလိုက်သည့်အတွက် သိုင်းသမားပေါင်းများစွာ တောင်ခြေမှာ လာရောက် စုဝေးနေကြ၏။

သို့သော် အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ အုတ်မြစ်က အစစ်အမှန် သိုင်းဂိုဏ်းထက် အများကြီး ပိုနက်ရှိုင်းသည့်အတွက် သည်လောက် လူအုပ်ကြီးအား အလွယ်တကူ လက်ခံ နေရာချထားနိုင်ခဲ့လေသည်။

All Chapters