ဝိညာဉ်စွမ်းအင် (အပိုင်း ၃)
Vol. 21 Ch. 315
~အစစ်အမှန် နက်ရှိုင်းတောင် တစ်ခုလုံး လူပင်လယ်ကြီး လွှမ်းမိုးသွားသကဲ့သို့ စည်ကားသိုက်မြိုက်နေလေသည်။
နေရာအနှံ့တွင် အစွမ်းထက်သော အရှိန်အဝါများ ပြည့်နှက်နေပြီး ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် အပါး (၃၀) ခန့် ရောက်ရှိနေကြသည်ကို တွေ့ရသည်။ ဟိုအရင် တာအိုဆရာ လုံရှန်း၏ ဂုဏ်ပြုပွဲတုန်းကလို ပွဲပြီးခါနီးမှ ရောက်လာကြတာမျိုး မဟုတ်ဘဲ၊ ယခုတစ်ကြိမ်တွင်တော့ အားလုံးက ကြိုတင်ရောက်ရှိနေကြပြီး နေရာယူထားကြလေသည်။
အစစ်အမှန် သိုင်းဂိုဏ်းသားများသည် ရှေ့ဆုံးတန်းတွင် နေရာရရှိထားကြ၏။ တပည့်များမှာမူ ဤမျှ ခမ်းနားထည်ဝါသော ပွဲကြီးမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေကြရှာသည်။
ဧည့်ပရိသတ် အစုံအလင် ရောက်ရှိပြီးနောက်...၊
အစစ်အမှန် နက်ရှိုင်းဂိုဏ်း၏ ဂိုဏ်းချုပ် စစ်မှန်သူ ပိုင်ယဲ့သည် လေပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကို ယှက်ကာ ပြုံးရွှင်စွာ နှုတ်ခွန်းဆက်စကား ပြောကြားလေသည်။
"ဧည့်သည်တော်ကြီးများ ခင်ဗျာ... ကျွန်တော့်အစ်ကိုကြီး စစ်မှန်သူ ‘ ပိုင်ရှန် ’ရဲ့ ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကို တကူးတက လာရောက် ချီးမြှင့်ပေးကြတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်... အစစ်အမှန် နက်ရှိုင်းဂိုဏ်း အနေနဲ့ ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး ခင်ဗျာ..."
ပရိသတ်များကလည်း ပြုံးရွှင်စွာဖြင့် တုံ့ပြန်ကြ၏။
'တာအိုဆရာ ပိုင်ရှန်'သည် အဓိက နေရာတွင် ထိုင်လိုက်လေသည်။
ယနေ့တွင်တော့ 'တာအိုဆရာ ပိုင်ရှန်'သည် နင်ချီ မြင်တွေ့နေကျ ပုံစံမျိုးနှင့် လုံးဝ ကွဲပြားခြားနားနေ၏။ ခရမ်းရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး တန်ခိုးထွားလှသည့်အပြင်၊ သေမျိုးလောကနှင့် ကင်းကွာနေသော နတ်ဘုရား တစ်ပါးအလား ခန့်ညားထည်ဝါနေလေသည်။
သူ့ဘေးနားရှိ စစ်မှန်သူ ပိုင်ရှန်း၊ ပိုင်ယဲ့ နှင့် ပိုင်ဟဲ တို့ကိုပါ လွှမ်းမိုးထားနိုင်ပြီး ပရိသတ်အပေါင်းကို တလေးတစား ဖြစ်စေသည်။
သို့သော် နင်ချီကတော့ ပြောစရာ စကားမဲ့နေမိလေ၏။ ဘာလို့လဲဆိုတော့ 'တာအိုဆရာ ပိုင်ရှန်'က တစ်ခါတစ်ရံ သူ့ကို လှမ်းကြည့်လိုက်တိုင်း မျက်လုံးအိမ်ထဲမှာ ကောက်ကျစ်စဉ်းလဲသည့် အကြည့်လေးတွေ ပါနေ၍ပါပဲ။ ထိုအကြည့်လေး တစ်ချက်နှင့်တင် ခုနက နတ်ဘုရားလို ခန့်ညားမှုတွေ အကုန် ပျောက်ကုန်ရောပင်။
"ကောင်းကင်ဘုံလူသား ဂုဏ်ပြုပွဲကြီးကို တရားဝင် စတင်ပါတော့မယ်..."
စစ်မှန်သူ ပိုင်ယဲ့၏ ကြေညာသံအဆုံးတွင်...၊
အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှ တပည့်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။ တာအိုဓားများကို ဝှေ့ယမ်း ကစားရင်း ထူးခြားအံ့ဖွယ် ကောင်းလှသော ဓားသိုင်းကွက်များကို ပြသကြလေသည်။
ယင်းက စစ်မှန်သူ ပိုင်ရှန်းကို ဂုဏ်ပြုသော လက်ဆောင်တည်း။
ဧည့်သည်တော် အများအပြားမှာ အံ့သြမဆုံး ဖြစ်နေကြ၏။ အစစ်အမှန် နက်ရှိုင်းဂိုဏ်းဟာ အမြဲတမ်း အနေအေးပြီး နှိမ့်ချနေခဲ့သော်လည်း တပည့်တွေ၏ စွမ်းရည်က သည်လောက်ထိ ကြောက်စရာ ကောင်းနေမည်ဟု ဘယ်သူ ထင်ထားမည်လဲ။ တခြားဂိုဏ်းက တပည့်တွေ ဆိုရင် မနာလိုစိတ်နဲ့ ပြိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ပေါ်ပေါက်လာကြ၏။
အစီအစဉ် အဆင့်ဆင့် ပြီးဆုံးသွားပြီးနောက် ပရိသတ်များက လက်ခုပ်တီးကာ ချီးကျူးကြ၏။
ဧည့်သည်ရော အိမ်ရှင်ပါ ပျော်ရွှင်နေကြသော ပွဲလေးပါပင်။
ထို့နောက် လက်ဆောင်ပစ္စည်း ပေးအပ်ခြင်း အစီအစဉ် ရောက်ရှိလာသည်။
နင်ချီ၏ ရင်ထဲတွင် ခံစားချက် တစ်ခု ဖြစ်ပေါ်လာ၏။ လွန်ခဲ့သော သုံးနှစ်က ဆရာ၏ ဂုဏ်ပြုပွဲတုန်းက လက်ဆောင်ပစ္စည်းတွေ အများကြီး ရခဲ့တာကို ပြန်သတိရမိလေ၏။
အဲဒီတုန်းကတော့ တော်တော် များလှပြီလို့ ထင်ခဲ့ပေမယ့်၊ ဒီနေ့ 'တာအိုဆရာ ပိုင်ရှန်'ရဲ့ ပွဲနဲ့ ယှဉ်လိုက်တော့မှ ‘စုန်းမအငယ်လေးက စုန်းမကြီးကို သွားတွေ့သလို’
ဖြစ်နေမှန်း သိလိုက်ရတော့၏။
‘ ဒီလက်ဆောင်တွေက တကယ့်ကို မျက်စိကျိန်းလောက်စရာပါပဲ။
ဂိုဏ်းအင်အားချင်း ကွာခြားမှုက ဒီနေရာမှာ အထင်းသား ပေါ်လွင်နေတော့တာပေါ့။’
‘နှစ်တစ်ထောင် ဂျင်ဆင်းဘုရင် တို့၊ ပင်လယ်နက် ရေခဲသံမဏိ တို့လို ရတနာတွေက ပေါမှပေါပဲ။’
မကြာမီမှာပင်...၊
အစစ်အမှန် သိုင်းဂိုဏ်း၏ အလှည့် ရောက်ရှိလာခဲ့၏။
တာအိုဆရာ လုံရှန်းက ပြုံးရွှင်စွာဖြင့် လက်ဆောင်ပစ္စည်းကို ပေးအပ်လိုက်သည်။
ထိုအရာမှာ... ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များနှင့်အတူ မိစ္ဆာဂိုဏ်း ဘဏ္ဍာတိုက်မှ ရရှိထားသော လက်ရာမြောက် လက်ဖက်ရည် ပန်းကန်ခွက်ယောက် တစ်စုံ ဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် အားလုံး၏ အံ့သြသော အကြည့်များ ကျရောက်လာကြ၏။
သူတို့ ထင်ထားတာက အစစ်အမှန် သိုင်းဂိုဏ်းဟာ နာမည်ကြီးနေသော်ငြား၊ အုတ်မြစ် မခိုင်မာသေးဘူး၊ ဘာမှ သိပ်ရှိမှာ မဟုတ်ဘူး ဟူ၍ပင်။
မထင်မှတ်ဘဲ ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်လို ရှားပါး ရတနာမျိုးကို ထုတ်ပေးနိုင်လိမ့်မည်ဟု ဘယ်သူမှ တွေးမထားခဲ့ကြပါပေ။ ယခုတော့ အားလုံးက အစစ်အမှန် သိုင်းဂိုဏ်းကို ပိုမို လေးစားသော မျက်လုံးများဖြင့် ကြည့်ရှုလာကြ၏။
စစ်မှန်သူ ပိုင်ဟဲ တွေးတောနေမိလေ၏။
သူ ရေးရေးမျှ ပြန်သတိရမိသည်မှာ... တာအိုဆရာ လုံရှန်း၏ ဂုဏ်ပြုပွဲတုန်းက ဘိုးဘေး ဝမ်ချွမ် က ဉာဏ်အလင်းပွင့် လက်ဖက်ပင်ရဲ့ အစေ့ တစ်စေ့ကို လက်ဆောင်ပေးခဲ့ဖူးသည်ကိုပင်။
‘အဲဒီ အစေ့က အပင်ပေါက်လာတာလား... အဲဒီတုန်းက မျိုးသုဉ်းနေတဲ့ အစေ့လို့ ကြားဖူးတာ…’
သူ အတော်လေး တုန်လှုပ်သွားမိလေ၏။ တကယ်လို့များ အစစ်အမှန် သိုင်းဂိုဏ်းမှာ အသက်ရှင်နေတဲ့ ဉာဏ်အလင်းပွင့် လက်ဖက်ပင် ရှိနေပြီ ဆိုရင်တော့... ဒါဟာ တကယ့်ကို တန်ဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်ပါပဲ။
သူသည် တာအိုဆရာ လုံရှန်းကို ပိုမို ရင်းနှီး ဖော်ရွေသော အကြည့်ဖြင့် ကြည့်လိုက်မိလေ၏။
ဂိုဏ်းအသီးသီးမှ လက်ဆောင်ပစ္စည်းများကို ဆက်လက် ပေးအပ်ကြ၏။
သို့သော် ပေးအပ်သူ အရေအတွက်က သိပ်မများလှပါ။
ယခုလို ပွဲကြီးမျိုးမှာ လူရှေ့ထွက်ပြီး လက်ဆောင်ပေးခွင့် ရဖို့ဆိုတာ ကောင်းကင်ဘုံလူသား အဆင့် ဖြစ်မှ တင့်တယ်သည်ကိုး။ ချီအနှစ်သာရ နယ်ပယ် အဆင့်လောက်နဲ့တော့ မျက်နှာပြခွင့် မရှိပါ။
နောက်ဆုံး ကောင်းကင်ဘုံလူသား အဆင့် ပညာရှင် လက်ဆောင်ပေးပြီးသွားသောအခါ...၊
စစ်မှန်သူ ပိုင်ရှန်းသည် ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပြုံးရွှင်စွာဖြင့် လက်ယှက်လိုက်သည်။
"မိတ်ဆွေများ အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ... အခု တစ်ဆက်တည်းမှာပဲ... ကျွန်တော်တို့ရဲ့ ကောင်းကင်ဘုံလူသား လမ်းစဉ်နဲ့ ပတ်သက်တဲ့ ထိုးထွင်းသိမြင်မှုတွေကို မျှဝေခွင့် ပြုပါ..."
အစစ်အမှန် နက်ရှိုင်းဂိုဏ်းမှ ယခုလို ပွဲကြီး ကျင်းပခြင်းက 'တာအိုဆရာ ပိုင်ရှန်' တစ်ယောက်တည်း တရားဟောဖို့ မဟုတ်ပါချေ။ တခြား စစ်မှန်သူတွေရော ပါဝင် ဆွေးနွေးကြမည်မို့ ဒါဟာ အင်အားပြပွဲ တစ်ခုလည်း ဖြစ်ပါသည်။ ဧည့်သည်တော် အများစုက စစ်မှန်သူ ပိုင်ရှန်း၏ တရားကို နာကြားချင်လို့ လာကြသည်ပင်။ သူ၏ စွမ်းအားက အလွန် ကြီးမားတယ်လို့ နာမည်ကြီးသည်ကိုး။
အားလုံးက မျှော်လင့်တကြီး စောင့်စားနေကြ၏။
သို့သော် စစ်မှန်သူ ပိုင်ရှန်း၏ စကားဆုံးသည်နှင့် တပြိုင်နက်...၊
အဝေးတစ်နေရာမှ ဩဇာရှိသော အသံ တစ်ခု ထွက်ပေါ်လာလေ၏။
"စစ်မှန်သူ ပိုင်ရှန်း ... မလောပါနဲ့ဦးဗျ... တာကျွယ် ကျောင်းတော်က လက်ဆောင် မပေးရသေးပါဘူး..."
ထိုအခိုက်အတန့်၌၊ ပရိသတ်များ၏ မျက်နှာထားများ ထူးဆန်းသွားကြ၏။.
‘တာကျွယ် ကျောင်းတော် တဲ့လား...။
ဒါ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး မဟုတ်ပါလား။ အစစ်အမှန် နက်ရှိုင်းဂိုဏ်းရဲ့ ပွဲမှာ ဗုဒ္ဓဘာသာက ဘယ်လိုလုပ်ပြီး ရုတ်တရက် ရောက်လာရတာလဲ…’