ယွီဘုရင်ပုလဲမှ ကောက်ချက်ချခြင်း
Vol. 21 Ch. 302
~လေပြေညင်းတို့က အသွင်သဏ္ဍာန်မဲ့စွာ တိုက်ခတ်နေလေ၏။ ဉာဏ်အလင်း လက်ဖက်ပင်မှ သင်းပျံ့သော ရနံ့တို့ကလည်း ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထား၍ နေပါသည်။
နင်ချီသည် စိတ်ကို စုစည်းပြီး ငြိမ်သက်ခြင်းကို ရှာဖွေလိုက်မိလေ၏။ သူ၏ ရင်ထဲတွင် လှိုင်းထနေသော စိုးရိမ်စိတ် အနည်းငယ်မှာလည်း တဖြည်းဖြည်းချင်း ငြိမ်သက်သွားခဲ့လေပြီ ဖြစ်၏။
အတွေးစတို့က သူ့ခေါင်းထဲတွင် တရိပ်ရိပ် ဖြတ်သန်းသွားကြပြီး၊ ရရှိထားသော သတင်းအချက်အလက်များ၏ နောက်ကွယ်မှ ဆက်နွှယ်မှုများကို သေသေချာချာ ချိတ်ဆက် စဉ်းစားကြည့်နေမိလေ၏။
‘အခြေအနေက ငါ ထင်သလောက် မဆိုးရွားလောက်ပါဘူး…’
နင်ချီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်မိလေ၏။ ဧရာမ မျောက်ဝံကြီး၏ ဝမ်းနည်းဖွယ် နိဂုံးကို မျက်ဝါးထင်ထင် တွေ့လိုက်ရချိန်၌ သူ့စိတ်အပေါ် ကြီးမားသော ရိုက်ခတ်မှု ရှိခဲ့သည်ကိုတော့ ဝန်ခံရပေလိမ့်မည်။ သို့သော် သေချာ ပြန်စဉ်းစားကြည့်လိုက်သော
အခါတွင်မူ မေးခွန်းထုတ်စရာများ ပေါ်လာပြန်၏။
ထိုဖြစ်ရပ် ဖြစ်ပျက်ခဲ့သည့် အချိန်ကာလကို အတိအကျ မသိရသော်လည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ခဲ့သည်မှာ သေချာသလောက် ရှိနေ၏။ အချိန်ကာလ ကြာမြင့်စွာ ကုန်ဆုံးပြီးနောက်တွင် ကောင်းကင်နှင့် မြေကြီး စွမ်းအားသည် ယခင်ကလောက် ကြောက်မက်ဖွယ် ကောင်းနေပါဦးမည်လော။
နင်ချီ၏ စိတ်ထဲတွင်တော့ ထိုသို့ မဖြစ်နိုင်လောက်ဟု ထင်မြင်မိလေသည်။
ကောင်းကင်နှင့် မြေကြီး စွမ်းအားမှာ ပုံမှန် မဟုတ်သော အပြောင်းအလဲများ ရှိနေလျှင်တောင်မှ၊ ၎င်းပြင်းအားက လျော့နည်းသွားလောက်လေပြီ ဖြစ်၏။
ထိုသို့ ယူဆရခြင်း၏ သက်သေမှာ ယနေ့ခေတ်တွင် သိုင်းသူတော်စင်များ ရှိနေကြသေးခြင်းကြောင့်ပင် ဖြစ်ပေ၏။ သိုင်းသူတော်စင် လမ်းစဉ် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို ခန္ဓာကိုယ်ထဲသို့ သန့်စင် ပေါင်းစပ်ခြင်း မဟုတ်ပါလား။
နင်ချီ၏ မျက်ဝန်းများ တဖြည်းဖြည်း တောက်ပလာပြီး လမ်းစကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ပထမဆုံး အချက်မှာ မဟာယန် သိုင်းသူတော်စင် ရှိနေခြင်းပင် ဖြစ်သည်...။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်သည် ဆိုကတည်းက ဤပြဿနာကို ဖြေရှင်းမည့် နည်းလမ်းအား ရှာဖွေတွေ့ရှိထားသောကြောင့် ဖြစ်တန်ရာ၏။
၎င်းအချက်က ကောင်းကင်နှင့် မြေကြီး၏ ပြောင်းလဲမှုသည် ဖြေရှင်း၍ မရနိုင်သောအရာ မဟုတ်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်...။
ဒုတိယ အချက်မှာမူ မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ်မှ လျှို့ဝှက် နည်းစနစ်များပင် ဖြစ်သည်။
မိစ္ဆာဂိုဏ်း မဟာအကြီးအကဲ၏ ပြောစကားအရဆိုလျှင် ယခင်က မြင့်မြတ်သော ဆေးလုံး ပညာရပ်ကို အသုံးပြု၍ သိုင်းသူတော်စင်များအား ဖန်တီးခဲ့ဖူးသည်ဟု ဆို၏။ မဟာယန် သိုင်းသူတော်စင်၏ လက်ချက်ဖြင့် ပျက်စီးသွားခဲ့ရသော်လည်း ဖြစ်သည်။
ဤအရာကို ထောက်ရှုလျှင် ကောင်းကင်နှင့် မြေကြီး စွမ်းအားထဲမှ ကြောက်မက်ဖွယ်ရာ အရာများသည် သူ ထင်မှတ်ထားသလောက် အစွန်းရောက်မနေကြောင်း သေချာသလောက်ပင် ဖြစ်ပေသည်…။
နောက်ဆုံး အချက်ကတော့ ယွီဘုရင် ပုလဲ ဖြစ်ပေသည်။ ယွီဘုရင် ပုလဲထဲတွင် သိုင်းသူတော်စင် စွမ်းအားများ၊ သို့တည်းမဟုတ် သန့်စင်ပြီးသား ကောင်းကင်နှင့် မြေကြီး စွမ်းအားများ ကိန်းအောင်းနေသည် မဟုတ်ပါလော။ သို့သော် ထိုပုလဲကြောင့် အခြား ကြောက်မက်ဖွယ်ရာ ဘေးဒုက္ခများ ဖြစ်ပေါ်လာခြင်း မရှိခဲ့ချေ။
သို့ဆိုလျှင် ကောင်းကင်နှင့် မြေကြီး စွမ်းအား၏ ပြောင်းလဲမှုက သက်ရှိတွေ အပေါ်မှာသာ သက်ရောက်မှု ရှိသည်လား...။
နင်ချီ လေးလေးနက်နက် တွေးတောနေမိလေ၏။
ဤသည်မှာ သူ စူးစမ်းလေ့လာနိုင်သော လမ်းကြောင်း သုံးခုပင် ဖြစ်သည်။ သို့သော် အခက်အခဲများကတော့ ကွဲပြားခြားနားနေပြ၏။
မဟာယန် သိုင်းသူတော်စင်၏ သဘောထားကို ခန့်မှန်းရ ခက်ခဲလွန်းလှသည်။ သိုင်းသူတော်စင် နည်းစနစ်ကို ဖျက်ဆီးပစ်ခဲ့သူမှာ သူ ဖြစ်ဖို့ များနေသဖြင့် သူ့ထံသို့ ရုတ်တရက် သွားရောက်ခြင်းသည် ကြီးမားသော ပြဿနာများကို ဖိတ်ခေါ်သလို ဖြစ်သွားနိုင်ပေသည်။
မိစ္ဆာဂိုဏ်း ဘက်တွင်လည်း ထွက်ပြေး လွတ်မြောက်သွားသော ဂိုဏ်းချုပ်သာ ကျန်ရှိတော့သဖြင့် သူ့ကို ရှာဖွေဖို့ရာ မလွယ်ကူပေ။ မျှော်လင့်ချက် အနည်းငယ် ရှိသည်မှာ တောင်ပိုင်းနယ်စပ်မှ သွေးဧကရာဇ်ကူ နည်းစနစ်သာ ရှိတော့၏။
‘,လက်လှမ်းအမီဆုံးကတော့ ယွီဘုရင် ပုလဲ ပါပဲ။ ဒီပုလဲထဲက စွမ်းအားတွေကို သေသေချာချာ သုတေသန လုပ်ကြည့်ရင် အကြောင်းရင်း တချို့ကို ဖော်ထုတ်နိုင်ကောင်းပါရဲ့... တောင်ပိုင်းနယ်စပ် ကိစ္စကတော့... လန်ရီရီဆီကနေ သတင်းအချက်အလက် တစ်စုံတစ်ရာ ရနိုင်မလား…’
ထိုသို့ တွေးမိလိုက်သည်နှင့် နင်ချီ၏ ရင်ထဲတွင် အားနာစိတ် တစ်ခု ဖြစ်ပေါ်လာရလေသည်။
ဘယ်လိုပဲဖြစ်ဖြစ် လန်ရီရီသည် အစ်ကိုရှစ်ကို ကယ်တင်ရန် ရောက်လာသူ ဖြစ်သည်။ အကယ်၍ သူမက တောင်ပိုင်းနယ်စပ်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော် ပြောကြားလိုစိတ် မရှိပါက နင်ချီအနေဖြင့် လုံးဝ အတင်းအကျပ် တောင်းဆိုမည် မဟုတ်ပေ။ နောင်မှ အခြား နည်းလမ်းများကိုသာ စဉ်းစားတော့မည်ဟု ဆုံးဖြတ်လိုက်သည်။
‘ယွီဘုရင် ပုလဲကိုပဲ အရင်ဆုံး အာရုံစိုက် လေ့လာတာ ပိုကောင်းပါလိမ့်မယ်…’
နင်ချီ သက်ပြင်းတစ်ချက်ကို ရှိုက်သွင်းလိုက်ရင်း ရှေ့ဆက်မည့် ကျင့်ကြံခြင်း လမ်းကြောင်းကို ဆုံးဖြတ်ချက် ချလိုက်တော့၏။
ယခုအခါ သူ၏ ကျင့်ကြံခြင်း အဆင့်သည် ကောင်းကင်ဘုံလူသား အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ဆက်လက် တက်လှမ်းစရာ အဆင့် မရှိတော့ပေ။ သူ လုပ်နိုင်သည်မှာ လျှို့ဝှက် နည်းစနစ်များကို လေ့လာခြင်း၊ သိုင်းစိတ်ဆန္ဒကို ထက်မြက်အောင် သွေးခြင်း စသည့် နည်းလမ်းများဖြင့် တိုက်ခိုက်ရေး စွမ်းရည်ကို မြှင့်တင်ရန်သာ ရှိတော့၏။
သို့သော် ကောင်းကင်နှင့် မြေကြီး စွမ်းအား ပြဿနာကို ရှာဖွေခြင်းကသာ အဓိက သော့ချက် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် နယ်ပယ်တူ အတွင်းတွင် မည်မျှပင် စွမ်းအားကြီးစေကာမူ နယ်ပယ် အဆင့်မြင့်သူ၏ အားသာချက်ကို မယှဉ်နိုင်သောကြောင့်ပင်။ ဤသည်မှာ သဘာဝတရား၏ ခြားနားချက် ဖြစ်ပေသည်။
ခဏတာ မျှော်တွေးနေပြီးနောက်...၊
မျောက်ဖြူသည် တဖြည်းဖြည်း နိုးထလာခဲ့လေ၏။
သူ့ခန္ဓာကိုယ်တွင် ဘာတွေ ဖြစ်ပျက်သွားသည်ကို မျောက်ဖြူ ကိုယ်တိုင်လည်း မသိလိုက်ပါ။ သူ၏ သွေးမျိုးဆက်များ ရုတ်တရက် ဖွံ့ဖြိုးလာပြီး စွမ်းအားများ အဆက်မပြတ် တိုးပွားလာသည်ကိုသာ ခံစားလိုက်ရသည်။ ထို အကျိုးကျေးဇူးများကို ချေဖျက်ရန် အချိန်အနည်းငယ် ယူလိုက်ရုံဖြင့် ကောင်းကင်ဘုံလူသား အဆင့် သိုင်းပညာရှင်များကိုပင် ယှဉ်ပြိုင်နိုင်တော့မည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြည့်ဝနေလေသည်။ ထိုအချိန်ကျလျှင် သူ၏ သိုင်းပညာ အဆင့်အတန်းသည်လည်း လိုက်ပါ မြင့်တက်လာပေလိမ့်မည်။
မျောက်ဖြူသည် ဖော်ပြမတတ်အောင် ဝမ်းသာ ပီတိဖြစ်နေရှာသည်။
“ကျေးဇူးတင်ပါတယ် ဆရာ…”
မျောက်ဖြူက ရိုသေစွာဖြင့် ဦးညွှတ်ကာ ပြောလိုက်သည်။
နင်ချီက အပြုံးဖြင့်သာ တုံ့ပြန်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ခဏကြာတော့ သူ၏ စိတ်ထဲတွင် ယခင်က မြင်တွေ့ခဲ့ရသော ငွေရောင် ဧရာမ မျောက်ဝံကြီး၏ ဝမ်းနည်းဖွယ် ကံကြမ္မာကို ပြန်လည် သတိရမိသဖြင့် သတိပေးစကား ပြောလိုက်မိလေ၏။
“ထျန်းရှန်း... နောက်နောင် မင်းရဲ့ သွေးမျိုးဆက်မှာ ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုခု ဖြစ်လာခဲ့ရင် ငါ့ကို ချက်ချင်း အသိပေးနော်... အထူးသဖြင့် ကောင်းကင်နှင့် မြေကြီး စွမ်းအားနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုမျိုး ဆိုရင်ပေါ့... လုံးဝ မပေါ့ဆနဲ့…”
နင်ချီ၏ လေးနက်သော လေသံကြောင့် ယွမ်ထျန်းရှန်း၏ ရင်ထဲတွင် ထိတ်လန့်မှု အနည်းငယ် ဖြစ်ပေါ်သွားပြီး ခေါင်းကို အလျင်အမြန် ညိတ်ပြလိုက်လေသည်။
ထိုစဉ် နင်ချီ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပြန်၏။
‘သားရဲဧကရာဇ်။’
တောင်တစ်သိန်း ဒေသတွင် ရှိသော သားရဲဧကရာဇ် ဆိုသည်မှာလည်း စူးစမ်းလေ့လာသင့်သော လမ်းကြောင်းတစ်ခု ဖြစ်နိုင်ပေသည်။
သားရဲဧကရာဇ် ဆိုသည်မှာ သိုင်းသူတော်စင်နှင့် အဆင့်တူသော ဖြစ်တည်မှု တစ်ခုပင် ဖြစ်သည်။
သူသည် ကောင်းကင်ဘုံ သားရဲ သွေးမျိုးဆက် နိုးထလာ၍ အဆင့် တစ်ခုအထိ ရောက်ရှိနေသည့် သားရဲ တစ်ကောင် ဖြစ်ရန် အလားအလာ အလွန်များပေသည်။ တစ်နေ့နေ့တွင်မူ တောင်တစ်သိန်း ဒေသသို့ အလည်အပတ် သွားရောက် ကြည့်ရှုရပေမည်…။
နင်ချီသည် ရှုပ်ထွေးသော အတွေးများကို ဘေးဖယ်လိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ လှမ်းကြည့်လိုက်လေ၏။
အဝေးတစ်နေရာမှ လူရိပ် နှစ်ခု အတူတကွ လျှောက်လှမ်းလာကြ၏။
ကျွမ်းချန် နှင့် လီလင် တို့ပင် ဖြစ်ချေ၏။
နင်ချီ၏ အစစ်အမှန် ဂုဏ်ပုဒ်ကို သိရှိသွားကြပြီးသည့် နောက်ပိုင်းတွင် သူတို့နှစ်ဦးသည် လဝက်လျှင် တစ်ကြိမ် ဓားသိုင်းပညာကို လာရောက် သင်ယူလေ့ရှိကြ၏။ နင်ချီကလည်း ဘက်လိုက်ခြင်း မရှိဘဲ နှစ်ဦးစလုံးကို သေသေချာချာ သင်ကြားပေးလေ့
ရှိသည်။
လီလင်၏ ဓားသိုင်း ပါရမီသည် ကျွမ်းချန်၏ မူလ ဓားအရိုး လောက် အားမကောင်းသော်ငြားလည်း သူ၏ ဇွဲလုံ့လနှင့် ရိုးသားသော ကြိုးစားမှုကတော့ ချီးကျူးဖွယ်ရာပင် ဖြစ်ပေသည်။ နင်ချီသည် သူ့အား မူလဓားခန္ဓာ လျှို့ဝှက် နည်းစနစ်ကို သင်ကြားပေးထားပြီး၊ နောက်ပိုင်းမှ ကျင့်ကြံရယူသော နည်းလမ်းဖြင့် မူလ ဓားအရိုး ကဲ့သို့သော အထူး ခန္ဓာကိုယ်မျိုး ရရှိနိုင်မလား ဆိုသည်ကို သုတေသန ပြုနေခြင်းလည်း ဖြစ်၏။
ကိုးလေး...
သူတို့နှစ်ဦးက ရိုသေစွာဖြင့် နှုတ်ဆက်လာကြ၏။ သူတို့၏ မျက်ဝန်းများတွင် လေးစား အားကျမှုများ ပြည့်နှက်နေလေသည်။
နင်ချီက ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
အခုဆိုရင် သူတို့နှင့် ဆက်ဆံရေးက အများကြီး ပိုအဆင်ပြေလာခဲ့လေ၏။ အစပိုင်းတုန်းကတော့ သူ၏ သိုင်းပညာရှင် အဆင့်အတန်းကို သိလိုက်ရ၍ လာတိုင်း ရွံ့တွန့်တွန့် ဖြစ်နေခဲ့ကြသော်လည်း၊ နောက်ပိုင်းမှာတော့ နင်ချီဟာ အရင်က သူတို့ သိခဲ့သော အေးဆေးတည်ငြိမ်သည့်
စီနီယာအစ်ကို ကိုးလေးပင် ဖြစ်ကြောင်း.. နားလည်လာကြလေသည်။ ရင်းနှီးမှု ပြန်ရလာသလို လေးစားမှုတွေကလည်း ပိုတိုးလာခဲ့ကြ၏။
သူတို့ မသိလိုက်သည်ကတော့... နင်ချီက သူတို့ကို ပစ်မှတ်ထားနေပြီ
ဖြစ်ကြောင်း ပါပင်။
“လာ... ဒီမှာ တင်ပျဉ်ခွေ ထိုင်လိုက်ကြ…”
နင်ချီသည် ကျွမ်းချန်၏ မူလ ဓားအရိုးကို နောက်ထပ်တစ်ကြိမ် စစ်ဆေးကြည့်ချင်နေ၏။ ကောင်းကင်ဘုံလူသား အဆင့် ပြည့်စုံခြင်းသို့ ရောက်ရှိသွားပြီးနောက်တွင် အပြောင်းအလဲသစ်များ ရှိမရှိ သိလိုသောကြောင့်ပင်။
သူတို့နှစ်ဦးလည်း ရိုသေစွာဖြင့် နင်ချီ ပြောသည့်အတိုင်း လိုက်နာကြလေတော့၏။