← Chapters

ယွီဘုရင်ပုလဲမှ ကောက်ချက်ချခြင်း (အပိုင်း ၃)

Vol. 21 Ch. 304

ယွီဘုရင်ပုလဲမှ ကောက်ချက်ချခြင်း (အပိုင်း ၃)

Vol. 21 Ch. 304

~နင်ချီ မျက်လုံးများကို ဖွင့်လိုက်လေ၏။

သူ့ရင်ထဲ၌ ဝမ်းသာပီတိ လှိုင်းတံပိုးတို့ ရိုက်ခတ်နေ၏။

"အစ်ကိုရှစ် နိုးလာပြီလား..."

သူ့မေးခွန်းအား မျောက်ဖြူက ခေါင်းကို ကုတ်လိုက်ရင်း ပြန်ဖြေလေသည်။

"အစ်ကိုရှစ် မဟုတ်ဘူးဗျ... ဟို မိန်းကလေး လန်ရီရီပါ..."

ထိုစကားကို ကြားသည်နှင့် နင်ချီ၏ ပုံရိပ်သည် တာအိုရှာဖွေခြင်း ကျောင်းတော်ထဲမှ ဖျတ်ခနဲ ပျောက်ကွယ်သွားတော့၏။

သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် "မြေကမ္ဘာကို လက်မအရွယ် ကျုံ့ပစ်လိုက်သကဲ့သို့" လျင်မြန်သော ခြေလှမ်းများဖြင့် အသက်ရှူချိန် အနည်းငယ် အတွင်းမှာပင် တောက်ပအလင်း သိုင်းခန်းမဆောင်ရှေ့သို့ ရောက်ရှိသွားတော့၏။

"အစ်ကိုကြီး... ဘာပြဿနာ ရှိလို့လဲဗျ..."

လော့ဝမ်ထျန်းကို မြင်လိုက်သည်နှင့် နင်ချီ အလျင်စလို မေးလိုက်မိလေ၏။

လော့ဝမ်ထျန်းက ခေါင်းခါပြလိုက်ရင်း...

"မိန်းကလေး ရီရီက မင်းနဲ့ တွေ့ချင်တယ် ဆိုလို့ပါ..."

ထိုသို့ ပြောပြီးနောက် သူနှင့် တာအိုဆရာ လုံရှန်းတို့သည် လေးစားသမှုဖြင့် ရှောင်ထွက်သွားကြလေသည်။

တောက်ပအလင်း သိုင်းခန်းမဆောင် အတွင်းဝယ်... လန်ရီရီနှင့် နင်ချီတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့၏။

နင်ချီ အနည်းငယ် အံ့သြသွားမိလေ၏။ သူသည် ရေခဲကျောက်စိမ်း ကုတင်နားသို့ ဖြည်းညင်းစွာ တိုးကပ်သွားလိုက်ရာ နိုးထနေပြီဖြစ်သော လန်ရီရီကို တွေ့လိုက်ရသည်။

သူမသည် ကုတင်ဘေးတွင် ငူငူငိုင်ငိုင် ရပ်လျက် ချင်ယွင်၏ မျက်နှာကို ငေးကြည့်နေရှာသည်။ ယခုအချိန်တွင်မူ ချင်ယွင်၏ မျက်နှာသည် အတော်အတန် သွေးရောင်လွှမ်းနေပြီ ဖြစ်သလို၊ သူ့ခန္ဓာကိုယ်ထဲတွင်လည်း ဆန်းကြယ်သော စွမ်းအားတစ်ခု ပျိုးထောင် ရှင်သန်နေသည်ကို ခံစားမိလိုက်ရသည်။

"မိန်းကလေး ရီရီ..."

နင်ချီက တိုးညင်းစွာ ခေါ်လိုက်၏။

"ရှင် ရောက်လာပြီလား..."

လန်ရီရီက နင်ချီကို တစ်ချက်လှမ်းကြည့်ရင်း ပြောလေသည်။

"စိတ်ချပါ... အားလုံး အဆင်ပြေပါတယ်။ ကံကြမ္မာ မျှဝေခံစားခြင်း ကူကောင်လေးကို ချင်ယွင်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပြီးပါပြီ။ နောက်ထပ် တစ်လ၊ နှစ်လလောက်ဆိုရင် ကူကောင်လေးက အသက်စွမ်းအားတွေကို သူ့ဆီ လွှဲပြောင်းပေးပြီး သူ ပြန်နိုးလာပါလိမ့်မယ်..."

နင်ချီ၏ စိတ်နှလုံးသည် ပေါ့ပါးသွားပြီး ချက်ချင်းပင် တုံ့ပြန်ပြောကြားလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းကလေး ရီရီ... ဒီတစ်ခေါက် အစ်ကိုရှစ် ပြန်နိုးထလာနိုင်တာဟာ မိန်းကလေးရဲ့ ရက်ရောတဲ့.. စွန့်လွှတ်အနစ်နာခံမှုကြောင့်ပါပဲ... ဒီကျေးဇူးတရားကို ကျွန်တော့် ရင်ထဲမှာ အမြဲ မှတ်သားထားပါ့မယ်..."

ထိုအခါ၊ လန်ရီရီက တခစ်ခစ် ရယ်မောလိုက်ရင်း ခေါင်းကို ခါရမ်းပြလိုက်၏။

"ဒါ.. ကျွန်မ ဆန္ဒနဲ့ ကျွန်မ လုပ်ခဲ့တာပါရှင်..."

နင်ချီ စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွ ချလိုက်မိလေ၏။

"ဒါနဲ့... မိန်းကလေး ရီရီ.. ကျွန်တော့်ကို ခေါ်လိုက်တာ ဘာပြောစရာ ရှိလို့များလဲ..."

လန်ရီရီသည် ဖြည်းညင်းစွာ လှည့်ကြည့်လာပြီး ပထမဆုံး အကြိမ်အဖြစ် နင်ချီကို သေသေချာချာ အကဲခတ် ကြည့်ရှုလိုက်လေသည်။ သူမ၏ မျက်ဝန်းထဲတွင် အံ့သြရိပ် အနည်းငယ် ယှက်သန်းသွားသည်ကို ရှောင်လွှဲ၍ မရနိုင်ပေ။

သူမ၏ ရှေ့မှောက်တွင် ရပ်နေသော တာအိုဝတ်စုံနှင့် လူငယ်လေးသည် သူမ တွေ့ဖူးသမျှသော ကောင်းကင်ဘုံလူသား အဆင့် ပါရမီရှင်များနှင့် မတူဘဲ ထူးခြားသော အရှိန်အဝါ တစ်မျိုးကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

သူမသည် လေပူ တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"တကယ်တော့... ချင်ယွင်က ရှင့်အကြောင်း ကျွန်မကို ပြောပြဖူးပါတယ်..."

နင်ချီ၏ ခန္ဓာကိုယ် တစ်ချက် တုန်သွားသော်လည်း စကားဝင်မပြောဘဲ နားစွင့်နေလိုက်သည်။

လန်ရီရီ၏ မျက်ဝန်းများသည် အတိတ်ရိပ်များကို ပြန်လည် တူးဆွနေသကဲ့သို့ ငေးငိုင်သွားလေ၏။

"သူက အတိတ်က အကြောင်းတွေကို ကျွန်မကို ပြောပြဖူးတယ်... ရှင် တောင်ပေါ်ကို စရောက်လာတုန်းက သူ ဘယ်လောက် ပျော်ခဲ့ရတယ် ဆိုတာလေ... နောက်ဆုံးတော့ သူလည်း အစ်ကိုကြီး ဖြစ်ခွင့်ရပြီ ဆိုပြီးတော့ပေါ့..."

"သူက လောကမှာ အတော်ဆုံး ဖြစ်ချင်ခဲ့တယ်... ဆရာ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်တယ်... အစစ်အမှန် သိုင်းဂိုဏ်းကို ပြန်လည် ထွန်းကားစေချင်တယ်... အဲဒီအတွက် သူ အမြဲတမ်း ကြိုးစားခဲ့ပါတယ်တဲ့..."

"ပြီးတော့... အတိတ်က ဖြစ်ရပ်တွေ အားလုံးအတွက် သူ အရမ်း နောင်တရမိတယ် လို့လည်း ပြောရှာတယ်... သူဟာ အစ်ကိုကောင်း တစ်ယောက် မဖြစ်ခဲ့သလို၊ တပည့်ကောင်း တစ်ယောက်လည်း မပီသခဲ့ပါဘူးတဲ့..."

"သူ လမ်းမှား ရောက်သွားခဲ့တာပါ... ပြန်လှည့်လို့ ရနိုင်ပါဦးမလား ဆိုတာ သူ မသိတော့ဘူး... တကယ်လို့သာ အခွင့်အရေး ရရင်လေ... သူ ရှင့်ကို လူကိုယ်တိုင် တောင်းပန်ချင်နေခဲ့တာ..."

နင်ချီ နားထောင်နေရင်း ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ရောပြွမ်းလာရသည်။

ဒီနှစ်တွေ အတောအတွင်းမှာ သူကိုယ်တိုင်လည်း အတိတ်ကို မကြာခဏ ပြန်တွေးမိပါသည်။

အကယ်၍များ ထိုစဉ်က သူ၏ ကျင့်ကြံခြင်း အဆင့်ကို ချင်ယွင်ထံမှ ဖုံးကွယ်မထားခဲ့ပါက ဤအဖြစ်ဆိုးများ ဖြစ်လာပါဦးမည်လော။ သို့သော် ဤအရာများသည် ဖြေရှင်း၍ မရနိုင်သော ပုစ္ဆာများသာ ဖြစ်ပေသည်။

သူ၏ ဉာဏ်အလင်းသည် ပြိုင်ဘက်ကင်းသည် ဆိုစေကာမူ၊ လူ့သဘောသဘာဝ ဆိုသည်မှာ ထိန်းချုပ်၍ ရနိုင်သည် မဟုတ်ချေ။

နင်ချီ တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ကျေးဇူးပါပဲ..."

လန်ရီရီက ခေါင်းခါလိုက်ပြန်၏။

"ကျွန်မက ဒီနှစ်တွေအတွင်း ချင်ယွင် ဘယ်လို ခံစားခဲ့ရတယ် ဆိုတာကို ပြောပြချင်ရုံ သက်သက်ပါ... သူ အမှား လုပ်ခဲ့မိတာ မှန်ပါတယ်... ဒါပေမဲ့ သူကိုယ်တိုင်လည်း ခံစားခဲ့ရရှာတာပါ... တကယ်လို့ ဖြစ်နိုင်ရင်... သူ့ကို ခွင့်လွှတ်ပေးစေချင်တယ်..."

နင်ချီသည် အစ်ကို ချင်ယွင်၏ အိုမင်းရင့်ရော်နေသော မျက်နှာကို ငေးကြည့်ရင်း အတွေးထဲတွင် နစ်မြောသွားမိလေ၏။

လွန်ခဲ့သော (၁၁) နှစ်က တောင်ပေါ်သို့ စတင် ရောက်ရှိလာစဉ် သူ့ကို ကြိုဆိုခဲ့သော လူငယ်လေး၏ စိတ်လှုပ်ရှားနေသည့် ပုံရိပ်ကို ပြန်မြင်ယောင်လာသည့်နှယ်..။

"စိတ်မပူပါနဲ့... ကျွန်တော် အစ်ကိုရှစ်ကို ဘယ်တုန်းကမှ အပြစ်မတင်ခဲ့ဖူးပါဘူး... ဖြစ်နိုင်တာက ကျွန်တော့်ဘက်မှာလည်း လိုအပ်ချက်တွေ ရှိခဲ့မှာပါ... အခု အရာအားလုံးကို အစကနေ ပြန်စခွင့် ရပြီပဲ... ကျွန်တော်တို့ အားလုံး တန်ဖိုးထားကြရမှာပေါ့..."

လန်ရီရီ ပြုံးလိုက်သည်။ မျက်နှာလွှမ်း ပုဝါအမည်း အောက်မှ သူမ၏ စိတ်သက်သာရာ ရသွားမှုကို အတိုင်းသား ခံစားနေရ၏။

"ဒီလိုဆိုရင်လည်း... ကျွန်မ တောင်ပေါ်က ဆင်းပါတော့မယ်..."

နင်ချီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်... ဒီတစ်ခေါက် အစ်ကိုရှစ် ကိစ္စအတွက် မိန်းကလေး ရီရီကို ကျွန်တော် အကြွေးတင်သွားပါပြီ... နောက်နောင် အကူအညီ လိုအပ်တာ ရှိရင် စာရေးပြီး ပြောပါ..."

တောင်ပိုင်းနယ်စပ်က တောင်ပိုင်းနယ်စပ်၊ လန်ရီရီက လန်ရီရီ... ။

နင်ချီက ထိုအရာ နှစ်ခုကို သေချာ ခွဲခြားထားပါသည်။

လန်ရီရီ အံ့သြသွားပြီးနောက် သူမ၏ မျက်ဝန်းလေးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်လေသည်။

"ကောင်းပါပြီရှင်..."

သူမသည် နင်ချီ၏ ကတိကို အလေးအနက် မျှော်ကိုးခြင်း မရှိသော်လည်း၊ သူမ၏ ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုခံရသည့်အတွက် ကျေနပ်မိသွားခြင်း ဖြစ်သည်။

နင်ချီသည် လန်ရီရီအား တောက်ပအလင်း သိုင်းခန်းမဆောင် အပြင်ဘက်အထိ လိုက်ပါ ပို့ဆောင်ပေးလိုက်လေသည်။

သူတို့နှစ်ဦး၏ ပုံရိပ်များ ပျောက်ကွယ်သွားသည်ကို သတိထားမိလိုက်ကြသော်လည်း ... အိုမင်းရင့်ရော်နေသော ချင်ယွင်၏ မျက်နှာထက်၌ မျက်ရည်တစ်စက် တိတ်တဆိတ် စီးကျလာခဲ့သည်ကိုတော့ မည်သူမှ မမြင်လိုက်ကြချေ…။

All Chapters