အခန်း (၈၁)
Vol. 8 Ch. 81
" စုဝေးကျ ...."
" ဝှီး...ဝှီး..."
စစ်တန်းလျားအတွင်း ရှုပ်ထွေးနေသော်လည်း အခြေခံအကျဆုံး စနစ်ကို မပျက်စေဘဲ အရာရှိနှင့် စစ်သည် ကိုးရာကျော်တို့သည် အမြန်ဆုံးနှုန်းဖြင့် မစစ်ရေးလေ့ကျင့်ကွင်းတွင် စုဝေးလိုက်ကြသည်။
"သတင်းပို့"
"နယ်စပ်မှာ မီးရှူးတိုင်နှစ်ခု လင်းထိန်နေပါတယ်။ အချက်ပြမျှော်စင်တစ်ခုက 'တစ်' လို့ ပြနေပါတယ်။ ထင်းပုံတစ်ပုံ မီးရှို့ထားတာကို ကြည့်ခြင်းအားဖြင့် လူရိုင်းမြင်းတပ်ဆယ်ဦးထက်မနည်းတဲ့ ရုတ်တရက်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်တော့မယ်လို့ ဖော်ပြနေပါတယ်"
ရှန်ထင်ချွန် လျင်မြန်စွာ ဆုံးဖြတ်ချက်ချလိုက်သည် "ကျောက်ကန်၊ ငါ့အမိန့်ကို နားထောင်ပါ။ မင်းက မြင်းစစ်သည်တစ်ရာကို ဦးဆောင်ပြီး မဟာတံတိုင်းကို အမြန်ဆုံး သွားရောက်ကူညီရမယ်။ လူရိုင်းမြင်းတပ်အရေတွက်
တစ်ရာဆိုရင် ခံတပ်ကို ထိန်းထားပြီး အပြင်မထွက်ရ။ လူရိုင်းမြင်းတပ်ငါးဆယ်ဝန်းကျင်ဆိုရင်တော့ လိုက်လံချေမှုန်းတာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မြို့ပြင် လီ သုံးဆယ်အထိ လိုက်ရမယ်၊ လီ သုံးဆယ်ကိုတော့ လုံးဝမကျော်စေနဲ့"
" လျူချင်းကွေ့၊ ရှုံးချွမ်၊ ဝမ်ကျစ်၊ မင်းတို့သုံးယောက်ကတော့ မင်းတို့ရဲ့ တပ်ဖွဲ့တွေကို ဦးဆောင်ပြီး မဟာတံတိုင်းရဲ့ ခံစစ်ကို အားဖြည့်ပေးပြီး အခြေအနေမှန်ကို ချက်ချင်း သတင်းပို့ကြရမယ်"
"အမိန့်အတိုင်းပါ အရှင်"
ရာစုမှူးအရာရှိများစွာတို့သည် ချက်ချင်းပင် မိမိတို့တာဝန်များကို ထမ်းဆောင်ကြတော့သည်။
အထူးသဖြင့် ကျောက်ကန်၏ မြင်းတပ်သားတစ်ရာတို့ စစ်တန်းလျားထဲမှ ထွက်ခွာသွားချိန်တွင် ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ မြေမှုန့်များကို ဖုန်မှုန့်အောင် ပြေးထွက်သွားကြသည်မှာ ကြည့်ရသူအဖို့ တကယ်ကို အံ့မခန်း မြင်ကွင်းတစ်ခုပင်။
"ထောင်စုမှုး"
ချန်ဆန်းရှီက လက်သီးစုပ်ကာ "ရာစုမှုး ကျောက်နဲ့အတူ ကျွန်တော် လိုက်ပါခွင့်ပြုပါ" ဟု တောင်းဆိုလိုက်သည်။
"မင်းလား"
ရှန်ထင်ချွန်ခေတ္တမျှ ချီတုံချတုံဖြစ်နေပြီးနောက် "သွား ၊ဒါပေမဲ့ အမိန့်ကို လိုက်နာရမယ်၊ ကိုယ့်သဘောနဲ့ ကိုယ် လုပ်ဆောင်လို့မရဘူး"
"အမိန့်ကို နာခံပါ့မယ်"
ချန်ဆန်းရှီကသူ၏ ဗိုင်ဟူမြင်းပေါ်သို့ တက်လိုက်သည်။
နှစ်မိနစ်အတွင်း သူသည် အဓိကတပ်ကို မှီသွားပြီး ကျောက်ကန်၏ ဘေးသို့ ရောက်လာသည်။
"ဘယ်လောက်တောင် ကောင်းတဲ့မြင်းလဲ"
ကျောက်ကန်က မနာလိုစိတ်ဖြင့် ပြောသည် "မင်းရဲ့ မြင်းဖြူက ထောင်စုမှုးရဲ့မြင်းထက်တောင် ပိုမြန်နေလိမ့်မယ်"
ချန်ဆန်းရှီက သူ၏ မြင်းစီးကျွမ်းကျင်မှု တိုးတက်လာသည်နှင့်အမျှ သူ၏ ဗိုင်ဟူမြင်း၏ အရှိန်နှုန်း မြန်ဆန်လာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။
သို့သော် သူသည် ဤစစ်ဆင်ရေး၏ တပ်မှူးမဟုတ်သဖြင့် အဓိကတပ်ဖွဲ့ထက် ကျော်လွန်၍ ဦးဆောင်ရန် ၍မရဘဲ ကျောက်ကန်ဘေးမှ ကပ်ပါသွားသည်။
"ဒါ... တကယ် အခြေအနေတစ်ခုပဲ"
ကျောက်ကန်သည် မြင်းဇက်ကြိုးကို ဆွဲလိုက်သည် "ငါတို့ရဲ့ ပိုယန် နယ်မြေမှာ လူရိုင်းမြင်းတပ်တွေ လာရောက်မတိုက်ခိုက်တာ နှစ်ပေါင်းများစွာ ရှိနေပြီ"
"ရာစုမှုးကျောက်၊ ခင်ဗျား စစ်ပွဲတွေ တိုက်ဖူးလား"
ချန်ဆန်းရှီက မေးလိုက်သည်။
"သုံးလေးကြိမ်လောက်တော့ တိုက်ဖူးပါတယ်" ဟု ကျောက်ကန်က ခပ်အေးအေး ပြောသည်။ "ပထမဆုံးအကြိမ်ကတော့ လွန်ခဲ့တဲ့ကိုးနှစ်
လောက်က လူရိုင်းမြင်းတပ်အယောက်ရှစ်ဆယ် ရုတ်တရက် ဝင်ရောက်
တိုက်ခိုက်တာမြို့ရိုးကို ဖျက်ဆီးပြီးရွာတစ်ရွာလုံးကို သတ်ဖြတ်ခဲ့တယ်"
"အဲဒီအချိန်တုန်းက ရှန်တပ်မှူးချုပ်က ဒုတိယထောင်စုမှုးဖြစ်နေတုန်းပဲတပ်ဖွဲ့ရဲ့ စည်းကမ်းက မင်းရောက်လာတဲ့အချိန်တုံးကထက်တောင် ပိုပြီး ပေါ့လျော့နေသေးတယ်။ တကယ်တိုက်နိုင်တဲ့ စွမ်းရည် လုံးဝမရှိဘူး။ သူတို့တွေ သတ်ဖြတ်ပြီး လုယက်ပြီးနောက် ထွက်သွားတော့လည်း ငါတို့ လိုက်မမီခဲ့ဘူး"
"အဲဒီနေ့ နေ့လည်ပိုင်းမှာပဲ ရှန်တပ်မှူးချုပ်ရဲ့ မိခင်နဲ့ မောင်နှမတွေ အပါအဝင် သူ့ရဲ့ မိသားစုတစ်စုလုံးက ခရိုင်မြို့ကနေ ပစ္စည်းဝယ်ပြီး ပြန်လာတုန်း လမ်းမှာ လူရိုင်းတွေနဲ့ တွေ့ခဲ့ကြပြီးတစ်ယောက်မှ အသက်
မရှင်ခဲ့ဘူး"
"နောက်တစ်နှစ်မှာ ထောင်စုမှုးဟောင်းက ရာထူးတိုးပြီး ပြောင်းရွှေ့သွားတယ်။ ရှန်တပ်မှူး တာဝန်ယူပြီးနောက်မှာ စစ်စည်းကမ်းတွေ တဖြည်းဖြည်း တိုးတက်လာခဲ့တယ်"
"နောက်ပိုင်းမှာ လူရိုင်းမြင်းတပ်တွေ ထပ်လာတဲ့အခါ အထိနာသွားကျပြီး နောက်ဆုံးတော့ ဝင်ရောက်စီးနင်းတာတွေ ရပ်သွားခဲ့တယ်"
"ဒီနေ့ တိုက်ခိုက်မှုကတော့ တကယ်ကို ရုတ်တရက်ပါပဲ"
"..."
ချန်ဆန်းရှီနားလည်သွားသည်။
ဒါဆိုရင် ရှန်ထင်ချွန်က 'ရှီ' မြစ်မျိုးနွယ်စုတွေကို စစ်ချီဖို့ တောင်းဆိုနေတာကရာထူးတိုးဖို့အတွက်တင် မဟုတ်ဘဲ သူ့ရဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်တွေလည်း ပါနေပုံရသည်။
တပ်စခန်းသည် မဟာတံတိုင်းကို ကာကွယ်ရန် တည်ဆောက်ထားသည့်အတိုင်း မဟာတံတိုင်းနှင့် နီးစပ်သည့် နေရာတွင် တည်ရှိသည်။
စကားပြောနေရင်းပင် သူတို့သည် ဦးတည်ရာသို့ ရောက်ရှိလာသည်။
ဒါရှန်နှင့် လူရိုင်းနွယ်စုတွေကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတိုင်းသည် ကုန်သွယ်ရေးကို ဦးတည်လေ့ရှိသောကြောင့် မဟာတံတိုင်းကို လုံးဝပိတ်ထားခြင်းမရှိဘဲ ပုံမှန်အားဖြင့် တံခါးများ ဖွင့်ထားလေ့ရှိသည်။
မီးရှူးတိုင်များ ထွန်းညှိခဲ့သည့် နေရာသည် ထိုတံခါးများထဲမှ တစ်ခုဘေးတွင် ဖြစ်သည်။
မော့ကြည့်လိုက်လျှင် မြို့ရိုးတိုက်ခိုက်ခံရတဲ့ စစ်သည်နှစ်ဦးရဲ့ အလောင်းကို မြားတွေနဲ့ ဖောက်ထွင်းခံထားရပြီး သံတိုင်မှာ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။
"ရာစုမှုးကျောက်ရေ၊ မင်းတို့ ရောက်လာကြပြီလား" ရာစုမှုးဖန်က ခေါင်းငုံ့ပြီး ကျယ်လောင်စွာ အော်ပြောသည် "ရန်သူတွေ များများစားစားမရှိဘူး၊ အရိုးဖွဲ့စည်းခြင်းအဆင့်ဦးဆောင်တဲ့ အထက်တန်းစား မြင်းတပ်ငါးဆယ်ကျော်ပဲ"
လူရိုင်းမျိုးနွယ်စုတွေကလည်း ဒါရှန်မင်းဆက်ကို အတုယူပြီး စစ်မှုထမ်းစနစ်ကို ကျင့်သုံးကြသည်။
ဒါ့အပြင် မြက်ခင်းပြင်က အရွယ်ရောက်ပြီး အမျိုးသားတိုင်း စစ်မှုထမ်းရတယ်။ ဒါဟာလူတိုင်းက စစ်သားဖြစ်ပြီး အနားယူချိန်မှာတော့ သိုးထိန်းတယ် စစ်တိုက်ခြင်းနှင့် သိုးထိမ်းကျောင်းခြင်းကို ပေါင်းစပ်ထားသည့် စနစ်ကို ဖော်ဆောင်နေတာပဲ။
"မြို့တံခါးကို ဖွင့်"
ကျောက်ကန်က စကားများများမပြောဘဲ "ငါ ထောင်စုမှုးရဲ့ အမိန့်နဲ့ ရန်သူကို သွားရောက်သတ်ဖြတ်ဖို့ စစ်ချီလာတာ မြန်မြန် တံခါးဖွင့်"
"ကျွီ...ကျွီ..."
လေးလံခိုင်ခံ့သော တံခါးကြီး ပွင့်လာသည်။
မြင်းစစ်သည်တစ်ရာတို့သည် အစုလိုက်အပြုံလိုက် ထွက်လာကြသည်။
"လိုက်....လိုက်..."
ကျောက်ကန်က သူ၏ ဓားကို ဝှေ့ယမ်းလိုက်သည်။
သို့သော် သူတို့ မြို့တံခါးဖွင့်နေချိန်မှာပင် လူရိုင်းမြင်းတပ်သားများ စတင်ဆုတ်ခွာနေပြီ။ ရှန်မင်းဆက် စစ်သားများ လိုက်လံချေမှုန်းရန် ထွက်လာချိန်တွင် ရန်သူသည် အတော်အတန် ဝေးကွာသွားပြီဖြစ်သည်။ ဤအခြေအနေတွင် မည်သူ့မြင်းက ပိုမြန်သည်ကို ယှဉ်ပြိုင်ရမည့် အခြေအနေသို့ ရောက်သွားသည်။
ရှန်ထင်ချွန်ခက်ခက်ခဲခဲ ဝယ်ယူခဲ့သော စစ်မြင်းများသည် မဆိုးသော်လည်း မြက်ခင်းပြင်မှ မြင်းများထက် ပိုကောင်းသည်ဟု တပ်အပ်ပြော၍မရပေ။
လိုက်လံနေသည်မှာ အချိန်ကြာလာသည်နှင့်အမျှ သူတို့နှင့် လူရိုင်းများကြား အကွာအဝေး ပိုမိုဝေးကွာလာသည်။
ဤသို့ဆက်လက်လိုက်ပါက အကျိုးမရှိဘဲ ပြန်လှည့်ရမည့် အခြေအနေသို့ ရောက်လာပြီဟု ထင်ရသည်။
မြင်းဖြူတစ်ကောင်က ကြယ်ပျံတစ်ပွင့်နှယ် အားလုံးကို ကျော်လွန်သွားပြီး လူရိုင်း မြင်းတပ်များထံ အသက်ရှူနှုန်း အနည်းငယ်အတွင်းကိုပင် ပေတစ်ရာ့နှစ်ဆယ်အထိ ကွာဟချက်ကို ပိတ်ဆို့လိုက်သည်။
ကျားအရိုးဖြင့် ပြုလုပ်ထားသော လေးကြီးကို တိတ်တဆိတ် ဆွဲလိုက်ပြီး မိုးပြာရွက်မြားတစ်စင်းသည် ပြေးထွက်သွားကာ လူရိုင်း မြင်းတပ်သား တစ်ဦး၏ ကျောကို ထိုးဖောက်လိုက်ပြီး ထိုသူသည် မြင်းပေါ်မှ မတ်မတ်ကြီး ပြုတ်ကျသွားသည်။
ကျောက်ကန်ကအလွန်အမင်း တုန်လှုပ်သွားသည်။
မြေပြင်ပေါ်ကနေ မြှားပစ်တာနဲ့ မြင်းပေါ်ကနေ ပစ်တာဟာ လုံးဝခြားနားတဲ့ အရာတွေ ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤမြားပစ်ချက်သည် နှစ်ဖက်ကြား အကွာအဝေးကို ပိတ်ဆို့နိုင်ခြင်းမရှိခဲ့ဘဲ ရှန်းအရာရှိများသည် နောက်တွင် အတော်ပင် ဝေးကွာနေသေးသည်။
"ဟေး——"
ချန်ဆန်းရှီက ကျားအရိုးလေးကြီးကို သိမ်းဆည်းလိုက်ပြီး ကျူရွက်လှံကိုပြောင်းကိုင်ကာ မြင်း၏ ဝမ်းဗိုက်ကို ခြေနှင့် ပုတ်လိုက်သည်။ သူစီးလာသည့် ဗိုင်ဟူမြင်းသည် အရှိန်ထပ်တင်ကာ လူရိုင်းမြင်းတပ်များဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားသည်။
"အန္တရာယ်ရှိတယ်"
ရှေ့တွင် တောင်စောင်းတစ်ခု ရှိနေသဖြင့် ကျောက်ကန်ကသူ့ကို တားဆီးရန် နောက်ကျသွားခဲ့ပြီး လှံရှည်နှင့် မြင်းဖြူတို့သည် သူတို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ရင်ထဲတွင် စိုးရိမ်စိတ်များ ဝင်လာသည်။
လုရိုင်းမြင်းတပ်မှာ အရိုးဖွဲ့စည်းခြင်းအဆင့်တစ်ဦးတည်းသာ ရှိသော်လည်း မြင်းတပ်သားငါးဆယ်ကျော် ရှိနေသေးသည်။ ဒီလိုမျိုး တစ်ယောက်တည်း ဝင်တိုက်တာဟာ ဝိုင်းရံခံရဖို့ပဲ ရှိလိမ့်မယ်
"ဒီကောင်လေးရဲ့ အရည်အချင်းက ကောင်းပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေက အရမ်းရဲတင်းလွန်းတယ်"
"သူ မသေသင့်ဘူး သူသေသွားရင် ဝမ်ကျီက ငါနဲ့ လော်တုန်ချွမ် ပူးပေါင်းပြီး သူ့ကို တမင်သတ်လိုက်တာလို့ ထင်သွားနိုင်တယ်"
"လိုက်ကြ....လိုက်ကြ"
...
သံချပ်ကာဝတ် လူရိုင်းအရာရှိသည် တပ်ဖွဲ့၏ ရှေ့ဆုံးမှ မြင်းကို အရှိန်မြှင့် စီးနင်းနေသည်။
သူ နောက်လှည့်ကြည့်ပြီး မေးလိုက်သည် "သူတို့ကို ငါတို့ မျက်ခြေဖျက်
နိုင်ပြီလား"
"အရာရှိမင်း မြင်းဖြူစီးထားတဲ့ တစ်ယောက်က မယုံနိုင်လောက်အောင် မြန်ပြီး ကျွန်တော်တို့ကို မှီလာပါပြီ"
"ဘယ်နှစ်ယောက်လဲ"
"တစ်ယောက်တည်းပါ"
"ဒီလောက်ထဲတောင် ရဲတင်းတာ၊ ရှန်ထင်ချွန်ကိုယ်တိုင်များလား"
"မဟုတ်ဘူး၊ သံချပ်ကာကို ကြည့်ရင် ရာစုမှုးအရာရှိ တစ်ယောက်နဲ့ တူပါတယ်"
"ရာစုမှုးအရာရှိ တစ်ယောက်က ငါတို့ ငါးဆယ်ကို လိုက်ရဲတယ် သူ သေလမ်းရှာနေတာပဲ"
ကျန်ရှိနေသော လိုက်လံသူများ မည်မျှမြန်မြန် မှီနိုင်သည်ကို ခန့်မှန်းပြီးနောက် လူရိုင်းခေါင်းဆောင်သည် အချိန်အလုံအလောက်ရပြီဟု ခံစားရပြီး "လမ်းရှင်း၊ ငါ သူ့ခေါင်းကို ကိုယ်တိုင် ဖြတ်ပစ်မယ်" ဟု အမိန့်ပေးသည်။
"ဟေး——"
သူက မြင်းဇက်ကြိုးကို ဆွဲကာ နောက်လှည့်ကြည့်သည်။
မြင်းဖြူစီးထားသော စစ်အရာရှိတစ်ဦး လှံရှည်ကို ကိုင်ဆောင်လျက် ချဉ်းကပ်လာသည်ကို တွေ့ရသည်။ ထိုသူသည် လက်ကိုမြှောက်ပြီး လှံကို သွေးသန့်စင်ခြင်းအဆင့်တစ်ဦး၏ ကိုယ်ထဲသို့ တိုက်ရိုက်ထိုးသွင်းလိုက်ပြီး ထိုသူကို ချက်ချင်း သေဆုံးစေခဲ့သည်။
"ဘယ်လောက်တောင် ကြမ်းတမ်းတဲ့ လှံစွမ်းရည်လဲ"
လူရိုင်းအရာရှိက ချက်ချင်း စိတ်ပြောင်းသွားပြီး "ဝိုင်းပြီး သတ်ကြ၊ သူသေဆုံးသည်အထိ ဝိုင်းထား" ဟု အမိန့်ပေးလိုက်သည်။
မြင်းတပ်သားသည်ခြေလျင်တပ်သားများနှင့် မတူပေ။
စစ်မြင်းများ၏ အားမြှင့်မှုကြောင့် သူတို့၏ ခွန်အားနှင့် အရှိန်သည် ခြေလျင်တပ်သားများထက် အများကြီး သာလွန်သည်။
ပုံမှန်အားဖြင့် အရိုးဖွဲ့စည်းခြင်းအဆင့်တစ်ဦးကို အားကုန်စေရန် ခြေလျင်တပ်သား အယောက်နှစ်ဆယ် လိုအပ်သော်လည်း မြင်းတပ်သားဖြင့်ဆိုလျှင် ဆယ်ဦးကျော်သာ လိုအပ်သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် တိုက်ခိုက်မှုများဖြင့် စစ်သည်တော်တစ်ဦးသည်ပင် အကြိမ်များစွာကို ခံနိုင်ရည်မရှိပေ။
ထို့အပြင် မြင်းတပ် ငါးဆယ်ကျော်ထဲတွင် တိုက်ပွဲဝင် စစ်သားများသာမက သွေးသန့်စင်ခြင်းအဆင့် ပြီးမြောက်သူများနှင့် စစ်မှုထမ်း စစ်သားများလည်း ရှိသည်။ အရိုးဖွဲ့စည်းခြင်းအဆင့်တစ်ဦးပင် ပင်ပန်းပြီး သေဆုံးသွားနိုင်သည်။
လူရိုင်းအရာရှိက အမိန့်ပေးပြီးနောက် လူရိုင်းမြင်းတပ်များသည် ချက်ချင်း လှည့်ပြန်လာပြီး သင့်လျော်သော အကွာအဝေးသို့ ပြန့်ကျဲကာ အရပ်မျက်နှာ အားလုံးမှ ဝင်ရောက်တိုက်ခိုက်၍ မြင်းဖြူကို ဝိုင်းရံလိုက်ကြသည်။ ထို့နောက် သူတို့အားလုံးက ဖိအားပေးကာ တိုက်ခိုက်ကြသည်။
"ဝှစ်——"
ချန်ဆန်းရှီကမျက်နှာချင်းဆိုင် ချဉ်းကပ်လာသော ရန်သူကို လှံဖြင့် ထိုးသွင်း၍ သတ်လိုက်သည်။ လှံကို ပြန်ရုပ်လိုက်ချိန်တွင် နောက်ကွယ်မှ စူးရှသော လက်နက်သံကို ကြားလိုက်ရသည်။ သူသည် ချက်ချင်း မြင်းကျောပေါ်တွင် ငုံ့လိုက်ကာ ဓားခုတ်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် သူ၏ ခါးသည် ရေမြွေတစ်ကောင်ကဲ့သို့ ၃၆၀ ဒီဂရီ လှည့်ပတ်ကာ လှံရှည်ကို လေးဘက်လေးတန် ဝှေ့ယမ်းလိုက်သည်။ သူ့ကို ထောင့်အမျိုးမျိုးကနေ ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားနေတဲ့ ရန်သူတွေကို အတင်းအကြပ် နောက်ဆုတ်စေခဲ့သည်။ ဗိုင်ဟူမြင်းကဟီကာဆက်လက်တိုးဝင်သွားသည်။ ထိုခဏလေး အခွင့်အရေးကို အရယူကာ သူ၏ လှံကို လမ်းပိတ်နေသော ရန်သူမြင်းစီးသူရဲ နောက်တစ်ဦး၏ ကိုယ်ထဲသို့ ထိုးသွင်းလိုက်ပြီး ဝိုင်းရံမှုမှ လွတ်မြောက်သွားသည်။
စစ်သည်တော်တစ်ဦး မည်မျှပင် အင်အားကြီးသည်ဖြစ်စေ လက်နှစ်ဖက် ခြေနှစ်ချောင်းသာ ရှိသည်။
ဒါဟာ တပ်မတော် တည်ရှိရခြင်းရဲ့ အကြောင်းရင်းဖြစ်တယ်။ လူအင်အား လုံလုံလောက်လောက်နဲ့ အချိန်အလုံအလောက်ရရင်၊ အထူးတိုက်ခိုက်ရေးစွမ်းရည်များနဲ့ ပေါင်းစပ်ပြီး ရန်သူခေါင်းဆောင်ကို သတ်ဖို့ အခွင့်အရေးကို အမြဲရှာနိုင်တယ်။
ဒီလိုမျိုး အသက်နဲ့အသေ တိုက်ပွဲ၊ ဒီလိုမျိုး အရေးပါပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်က ချန်ဆန်းရှီရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သွေးများ ပွက်ပွက်ဆူစေခဲ့သည်။ သူ၏ 'ချီ-သွေး'၊ 'သွေးကြော'၊ 'သွေးကြောမ' များပင်လျှင် အသက်ရှင်လိုစိတ်ကြောင့် သူတို့ရဲ့ ကန့်သတ်ချက်များထက် ကျော်လွန်ပြီး လည်ပတ်နေကြသည်။ သူ၏ သွေးကြောထဲရှိ အဆိပ်အတောက် အကြွင်းအကျန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး သူ၏ လှံစွမ်းရည် ကျွမ်းကျင်မှုသည်လည်း သိသိသာသာ တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လူရိုင်းမြင်းတပ်သားများသည် သူတို့၏ ပုံစံကို ပြန်လည်ပြင်ဆင်ပြီး ဒုတိယအကြိမ် ဝိုင်းရံတိုက်ခိုက်မှုကို စတင်လိုက်သည်။
"လာခဲ့ကြ"