အခန်း (၃၂၁-၃၂၂)
Vol. 17 Ch. 321-322
အပိုင်း(၃၂၁)ထူးဆန်းသောသက်ရှိ
လော်ယွမ်ကို ထူးဆန်းစေသည်မှာ သူ၏အဖွဲ့သားများ ဖြတ်သန်းသွားခဲ့သည့် ခြေရာလက်ရာ တစ်စိုးတစ်စိမျှ မတွေ့ရခြင်းပင်ဖြစ်သည်။ အကယ်၍ လက်ပတ်နာရီရှိ ဂျီပီအက်စ် ညွှန်ပြချက်က ဤမြေကျွင်းကြီး၏ တည်နေရာကို မှန်ကန်စွာ မပြသနေပါက သူအမြင်မှားသည်ဟုပင် သံသယဝင်မိပေလိမ့်မည်။
သူ၏မျက်မှောင်များမှာ တင်းတင်းကြုတ်လျက် ဤဧရာမမြေကျွင်းကြီးကို အသေးစိတ်လေ့လာကြည့်ရှုနေမိသည်။ မကြာမီတွင် ထောင့်ချိုးတစ်နေရာ၌ တောင်စောင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။ ထိုတောင်စောင်းသည် အလွန်မတ်စောက်ပြီး ဒေါင်လိုက်နီးပါးဖြစ်နေကာ လော်ယွမ်၏ မျက်မြင်မှန်းဆချက်အရ ခြောက်ဆယ်၊ ခုနစ်ဆယ်ဒီဂရီခန့် ရှိပေမည်။
တောင်စောင်းတွင် ထူးဆန်းသော ကျောက်တုံးများ ပြန့်ကျဲနေပြီး အလွန်အန္တရာယ်များလှသည်။ မျက်နှာပြင်တွင် စိုစွတ်သော ရေညှိများ ဖုံးလွှမ်းနေသဖြင့် အလွန်ချောမွတ်အန္တရာယ်ရှိပုံရပြီး အနည်းငယ်သတိလွတ်လိုက်သည်နှင့် ချောက်ကမ်းပါးအောက်သို့ လိမ့်ကျသွားနိုင်ပေသည်။ သို့သော် ပျံသန်းနိုင်နေပြီဖြစ်သော လော်ယွမ်အတွက်မူ မည်မျှပင်မတ်စောက်သော တောင်စောင်းဖြစ်ပါစေ သာမန်မျှသာဖြစ်သည်။ သူလိုအပ်သည်မှာ ခြေချစရာနေရာတစ်ခုသာ ဖြစ်သည်။
အမှန်မှာ သူတိုက်ရိုက်ပျံသန်းဝင်ရောက်သွားနိုင်သည်။ သို့သော် အတွင်းပိုင်းသည် မှောင်မိုက်နေရုံသာမက မြေပြင်အနေအထားကိုလည်း မသိရဘဲ အောက်ခြေအခြေအနေမှာ လုံးဝ ဗလာဖြစ်နေသည်။
သာမန်မစ်ရှင်တစ်ခု သို့မဟုတ် (ဒီ)အဆင့်မစ်ရှင်တစ်ခုဆိုလျှင်ပင် လော်ယွမ် ဤမျှ သတိထားနေမည် မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်မစ်ရှင်သည် အလွန်အန္တရာယ်များပြီး မကြုံဖူးသေးသော (ဒီ+) အဆင့်မစ်ရှင်ဖြစ်ရာ အစိမ်းရင့်ရောင်အဆင့် ထိပ်တန်းသတ္တဝါကြီးတစ်ကောင်နှင့် တွေ့ကြုံရနိုင်ခြေ အလွန်များလှသည်။
ပျံသန်းချိန်တွင် "နှေးကွေး" သော တုံ့ပြန်မှုနှုန်းဖြင့် မဆင်မခြင် ဝင်ရောက်သွားပါက ထိပ်တန်းသတ္တဝါကြီး၏ သတိပြုမိခြင်းခံရလျှင် အရိုးတစ်စမျှမကျန်အောင် အစားခံရမည့် ကံကြမ္မာနှင့် ကြုံတွေ့ရပေလိမ့်မည်။ ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းပြီး အမည်မသိသော ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် လော်ယွမ် မည်မျှပင် သတိထားစေကာမူ လွန်ကဲသည်ဟုမဆိုနိုင်ပေ။
လော်ယွမ်က ထောင့်ချိုးနေရာသို့ အမြန်လျှောက်သွားပြီး အောက်သို့ တစ်ချက်ငုံ့ကြည့်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူပြီး ခုန်ချလိုက်သည်။
သူသည် မည်သည့်အရှိန်လျော့နည်းကိုမျှ မသုံးဘဲ ကမ္ဘာမြေဆွဲအားအတိုင်း တဟုန်ထိုး ကျဆင်းသွားသည်။ သုံးစက္ကန့်အကြာတွင် မညီညာသော ကျောက်တုံးများပေါ်သို့ ခြေဖျားဖြင့် အကြိမ်ကြိမ်နင်းကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကို လျင်မြန်စွာ လျှော့ချလိုက်သည်။
သူ၏ ရွေ့လျားနှုန်းသည် အလွန်မြန်ဆန်လှပြီး ပတ်ဝန်းကျင်အခြေအနေသည် လျင်မြန်စွာ မှောင်မိုက်သွားသည်။ စက္ကန့်သုံးဆယ်အကြာတွင် သူသည် လုံးဝအမှောင်ထုထဲသို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် အလင်းရောင်သည် အလွန်အားနည်းလှသည်။ ဤအောက်ခြေမရှိသော ချောက်နက်ကြီးသည် အလင်းရောင်အားလုံးကို မျိုချထားသကဲ့သို့ပင်။ လော်ယွမ်၏ အလင်းမှိန်အမြင်အာရုံပင်လျှင် ဤနေရာတွင် အကျိုးသက်ရောက်မှု များစွာလျော့ကျသွားသည်။ အကယ်၍ လော်ယွမ်၏ အာရုံခံစားမှုသာ မရှိပါက ရှေ့ဆက်သွားရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် လော်ယွမ် ရုတ်တရက် ရပ်တန့်လိုက်သည်။ ရှေ့တွင် လမ်းမရှိတော့ဘဲ ခြေအောက်တွင် ကြီးမားသော တွင်းပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။
ဤမြေကျွင်းကြီးသည် အကြီးနှင့်အသေး စက်ဝိုင်းနှစ်ခု ဆက်စပ်ထားသော ဧရာမဘူးသီးခြောက်ကြီးတစ်ခုနှင့် တူနေသည်။ အပေါ်ပိုင်းတွင်းပေါက်သည် အစိတ်အပိုင်းငယ်တစ်ခုမျှသာဖြစ်ပြီး အောက်ပိုင်းက ပိုမိုကျယ်ဝန်းကာ မြေအောက်ကမ္ဘာတစ်ခုသဖွယ် ဖြစ်နေသည်။
လော်ယွမ် တိုက်ရိုက်ခုန်မချဘဲ မျက်လုံးမှိတ်ကာ ခေတ္တမျှ ငြိမ်သက်စွာ နားစွင့်နေလိုက်သည်။
ဤနေရာသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး ရေစီးသံ သဲ့သဲ့ကိုသာ အောက်ဘက်မှ ရှင်းလင်းစွာ ကြားနေရသဖြင့် အောက်ခြေသို့ရောက်ရန် မဝေးတော့ကြောင်း ထင်ရှား၏။ သို့သော် ထိုအသံမှလွဲ၍ အခြားမည်သည့်လှုပ်ရှားသံမျှ မကြားရပေ။
တစ်မိနစ်ခန့်အကြာတွင် သူ မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
အနီးအနားရှိ ကျောက်တုံးများပေါ်တွင် ရေညှိများ ပျောက်ကွယ်သွားပြီး သာမန်ပိုးမွှားတိရစ္ဆာန်များပင် အရိပ်အယောင်မျှ မတွေ့ရသည်ကို သူ သတိပြုမိလိုက်သည်။ ဤနေရာသည် သက်ရှိကင်းမဲ့နေပြီး အန္တရာယ်မရှိသကဲ့သို့ ထင်ရသော်လည်း ဤသည်မှာ အပေါ်ယံမျှသာဖြစ်သည်။ ခံစားမိနေသော အန္တရာယ်တစ်ခုက ဤနေရာ အလွန်အန္တရာယ်များကြောင်း လော်ယွမ်အား အချိန်ပြည့် သတိပေးနေ၏။
သူသည် အတန်ကြာ ချီတုံချတုံဖြစ်နေပြီးနောက် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်ကာ တစ်ကိုယ်လုံးမှ အငွေ့အသက်များကို ထိန်းချုပ်လိုက်ပြီး ခုန်ချလိုက်သည်။
ဆယ့်ငါးစက္ကန့်ခန့်အကြာတွင် သူသည် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။
မြေကျွင်းကြီး၏ အောက်ခြေသို့ ရောက်သောအခါ ဤနေရာသည် အလွန်အမင်း မှောင်မိုက်မနေဘဲ အလင်းရောင်ထွက်နေသော ကျောက်တုံးများက နေရာအနှံ့တွင် ပြန့်ကျဲနေသဖြင့် ညဘက်ကောင်းကင်ယံသို့ ရောက်ရှိနေသကဲ့သို့ ကြယ်ရောင်စုံလင်နေသည်။
မှိန်ပျပျအလင်းရောင်ကို အမှီပြု၍ လော်ယွမ်သည် မိမိကိုယ်ကို သစ်တောအုပ်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ မရေမတွက်နိုင်သော ထူးဆန်းပြီး ကောက်ကွေးနေသော မီးခိုးရောင် ကျောက်တိုင်များသည် ထူထပ်သိပ်သည်းစွာ တည်ရှိနေပြီး အဆုံးအစမမြင်ရပေ။
ကျောက်တိုင်ဟုဆိုသော်လည်း တိကျမည်မဟုတ်ပေ။ ဤသည်မှာ ကျောက်ဖြစ်ရုပ်ကြွင်း သစ်တောအုပ်ကြီးတစ်ခု ဖြစ်သည်။ ကျိုးပဲ့နေသော ကျောက်တိုင်တစ်တိုင်ကို ကြည့်လိုက်ရာ ကျောက်စိမ်းရောင်အလင်းတန်းများ ထွက်ပေါ်နေသော သက်တမ်းကိုဖော်ပြသည့်ကွင်းများကို လော်ယွမ် မြင်တွေ့လိုက်ရသည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဤနေရာသည် သစ်တောအုပ်ကြီးတစ်ခု ဖြစ်ခဲ့ဖူးပေမည်။ သို့သော် ရာသီဥတုပြောင်းလဲမှု၊ ရေကြီးရေလျှံမှုများကြောင့် သစ်တောအုပ်ကြီးသည် ရေအောက်ရောက်ရှိသွားပြီးနောက် မြေအောက်သို့ နစ်မြုပ်သွားခဲ့သည်။ နှစ်ကာလကြာရှည်လာသည်နှင့်အမျှ ဤနေရာသည် ကျောက်ဖြစ်ရုပ်ကြွင်းသစ်တောအုပ်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။
လော်ယွမ် ရှေ့ဆက်လျှောက်လာသည်နှင့်အမျှ ကာဗွန်နစ်ဖရပ်စ်ခေတ် (လွန်ခဲ့တဲ့နှစ်သန်းပေါင်း၃၅၀) မှ ကျောက်ဖြစ်ရုပ်ကြွင်းများကို အခါအားလျော်စွာ တွေ့မြင်နေရသည်။ ၁၇ပေ၊ ၁၈ပေရှည်သော ရှေးဟောင်းပုစဉ်းကောင်များ၊ ပေ၃၀ရှည်သော ဧရာမကင်းခြေများ...
လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက် ဝင်လာသည်။ ကာဗွန်နစ်ဖရပ်စ်ခေတ်နှင့် ယခုကမ္ဘာပျက်ခေတ်သည် အလွန်တူညီနေသည်ကို သူ သတိပြုမိလိုက်သည်။ ထိုခေတ်ကလည်း အပင်များ အကြီးအကျယ် ပေါက်ရောက်ရှင်သန်ခဲ့ပြီး ကမ္ဘာ့ကျောက်မီးသွေးသိုက်၏ ၅၀ ရာခိုင်နှုန်းကျော်သည် ထိုခေတ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် သက်ရှိများလည်း ဧရာမအရွယ်အစားသို့ ပြောင်းလဲခဲ့ကြသည်။
သို့သော် လော်ယွမ်သည် ထိုအတွေးကို လျင်မြန်စွာ ပယ်ချလိုက်သည်။ ဤနှစ်ခေတ်ကလုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။
သတ္တဝါများ၏ ကြောက်မက်ဖွယ်ကောင်းမှုနှင့် အပင်များ၏ ရှင်သန်ကြီးထွားမှုနှုန်းကို ယှဉ်လျှင် ကာဗွန်နစ်ဖရပ်စ်ခေတ်သည် ယခုခေတ်နှင့် လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။ ကာဗွန်နစ်ဖရပ်စ်ခေတ်သည် သက်ရှိများ ရှင်သန်ဖွံ့ဖြိုးသော ကာလတစ်ခုမျှသာဖြစ်ပြီး ပုံမှန်ဟု ဆိုနိုင်သော်လည်း ကမ္ဘာပျက်ကပ်ကာလသည်ကား သက်ရှိများ ခုန်ပျံကျော်လွှားပြောင်းလဲသော ကာလဖြစ်သည်။ သာမန်သက်ရှိတစ်ကောင်သည် နှစ်အနည်းငယ်အတွင်း အသက်အဆင့်အတန်း လျင်မြန်စွာ မြင့်တက်လာပြီး ထိပ်တန်းသက်ရှိအဆင့်သို့ ရောက်ရှိသွားခြင်းသည် လက်ရှိသီအိုရီများဖြင့် ရှင်းပြ၍မရနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်သည်။
ရှေ့မှ ရေစီးသံသဲ့သဲ့ကို ဆက်တိုက်ကြားနေရသော်လည်း ထူးဆန်းသည်မှာ အနီးအနားတွင် မြစ်ချောင်းတစ်ခုမျှ မတွေ့ရခြင်းပင်။ သို့သော်သူ သိပ်ဂရုမစိုက်ပေ။ ရှေ့နားတွင် ရေရှိကောင်းရှိနိုင်ပေမည်။
ဝူချင်းယု၏ တည်နေရာသည် သူ့ထံမှ ၂မိုင်ပင် မဝေးတော့ကြောင်း လော်ယွမ် သတိပြုမိလိုက်သည်။ လော်ယွမ်က အချိန်ယူ၍ စာတစ်စောင်ပို့လိုက်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရရှိပေ။
သို့သော် ဤသည်မှာလည်း ဖြစ်သင့်ပေသည်။ ဤအသုံးမကျသော စက်ပစ္စည်းသည် စာဝင်လာလျှင် မည်သည့်အချက်ပြမှုမျှ မပြသပေ။ အမြဲမပြတ် သတိမထားပါက စာဝင်လာသည်ကို သိရှိနိုင်မည်မဟုတ်ပေ။
သို့သော် သေချာသည်မှာ တစ်ဖက်လူ အသက်ရှင်နေသေးခြင်းပင်။ အဘယ်ကြောင့်ဆိုသော် မစ်ရှင်ပျက်ပြယ်သွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေသောကြောင့် ဖြစ်သည်။
သူသည် ကျောက်တောအုပ်ထဲတွင် ကိုယ်ကိုကိုင်းလျက် အသံတိတ် ဖြည်းညင်းစွာ လျှောက်လှမ်းနေသည်။ ၂မိုင်အကွာအဝေးသည် တိုသည်မဆိုနိုင်၊ ရှည်သည်မဆိုနိုင်သော်လည်း လော်ယွမ်နှင့် ထိပ်တန်းသတ္တဝါများအတွက်မူ "အနီးအနား" မျှသာ ဖြစ်သည်။ ဝူချင်းယုသည် "လက်တစ်ကမ်း" အကွာတွင် ရှိနေသော်လည်း လော်ယွမ်သည် စိုးစဉ်းမျှ ပေါ့ဆရဲခြင်းမရှိပေ။
စနစ်၏ သဘောသဘာဝအရ ဖြတ်လမ်းနည်းသုံး၍ရသော မစ်ရှင်မျိုး လုံးဝပေါ်ထွက်လာမည် မဟုတ်ပေ။ (ဒီ+) အဆင့်မစ်ရှင်သည် (ဒီ+) အဆင့်အခက်အခဲ ရှိစမြဲပင်။
အချိန်ကြာလာသည်နှင့်အမျှ ရှေ့မှရေစီးသံသည် ပို၍ပို၍ ရှင်းလင်းလာသည်။ ထိုအချိန်တွင် သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး မျက်ဝန်းထဲတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ ထူထပ်သော ကျောက်တောအုပ်ကြားမှ ပြဒါးကဲ့သို့သော အရည်တစ်မျိုးသည် ဤဘက်သို့ တဟုန်ထိုး စီးဆင်းလာသည်ကို တွေ့လိုက်ရသည်။
၎င်းသည် အသက်ရှိပုံရပြီး ကျောက်တောအုပ်ထဲတွင် မြွေတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ဖြတ်သန်းသွားလာနေကာ အခါအားလျော်စွာ ခေါင်းထောင်ကာ ဘယ်ညာယိမ်းနွဲ့လျက် ပတ်ဝန်းကျင်ကို အကဲခတ်နေသကဲ့သို့ ရှိသည်။
၎င်းသည် အလွန်ကြီးမားပြီး အရှည် ပေ၅၀ခန့်၊ အကျယ်၁ပေခွဲခန့် ရှိသည်။ မျက်နှာပြင်သည် ရေလှိုင်းများကဲ့သို့ တလက်လက်တောက်ပနေပြီး အဆက်မပြတ် စီးဆင်းနေသည်။ ပုံမှန်ခန္ဓာကိုယ်ဖွဲ့စည်းပုံ မရှိဘဲ တစ်ချက်ကြည့်လိုက်ရုံဖြင့် ခေါင်းဘယ်မှာ၊ အမြီးဘယ်မှာ ခွဲခြား၍မရပေ။ သို့မဟုတ် နှစ်ခုလုံး မရှိခြင်းလည်း ဖြစ်နိုင်သည်။
၎င်းသည် အလွန်အားကောင်းသော ဇီဝလက္ခဏာများကို ပြသနေသောကြောင့်သာ၊ သို့မဟုတ်လျှင် လော်ယွမ်သည် ၎င်းကို သက်ရှိဟုတ်မဟုတ် သံသယဝင်မိပေလိမ့်မည်။
၎င်းက ဤနေရာသို့ လျင်မြန်စွာ နီးကပ်လာသည်ကို မြင်သောအခါ လော်ယွမ် ဘေးတစ်ဖက်သို့ အမြန်ရှောင်တိမ်းလိုက်သည်။
ထိုမြွေဆန်းကြီးသည် လော်ယွမ်အနားမှ ဖြတ်သန်းသွားပြီးနောက် စိုးစဉ်းမျှ မရပ်တန့်ဘဲ အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
ထွက်ခွာသွားသော မြွေဆန်းကြီးကို ကြည့်ရင်း လော်ယွမ်၏ အမူအရာ တည်ကြည်လေးနက်သွားသည်။ ဤသတ္တဝါမျိုးသည် သူ၏ စိတ်ကူးဉာဏ်ထက်ပင် ကျော်လွန်နေ၏။ အရည်ကဲ့သို့ စီးဆင်းနေသော ၎င်း၏ခန္ဓာကိုယ်ကြောင့် ဓားဖြင့်တိုက်ခိုက်ခြင်းသည် အရာရောက်ချင်မှရောက်ပေမည်။
ထို့အပြင် သူ့စိတ်ကို ပိုမိုလေးလံစေသည်မှာ မြွေဆန်းကြီး ထွက်ခွာသွားသော်လည်း ရှေ့မှရေစီးသံသည် လုံးဝပျောက်ကွယ်သွားခြင်းမရှိဘဲ နီးကပ်လာသည်နှင့်အမျှ ပိုမိုကျယ်လောင်လာခြင်းပင်ဖြစ်သည်။
နောက်ဆုံးတွင် ဆယ်မိနစ်ခန့်အကြာ၌ သူသည် ဧရာမကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်ကြည့်လိုက်ရာ ပါးစပ်အဟောင်းသားဖြစ်သွားမိသည်။
သူ မီတာရာပေါင်းများစွာအကွာတွင် ဧရာမ "ပြဒါး" ကန်ကြီးတစ်ခုကို တွေ့မြင်လိုက်ရသည်။
ကန်ရေပြင်သည် ဆန်ပြုတ်အိုးပွက်နေသကဲ့သို့ မကြာခဏ လှိမ့်တက်ဆူပွက်နေသည်။ ကန်အစွန်းမှနေ၍ မရေမတွက်နိုင်သော မြွေဆန်းကြီးများသည် "ပြဒါး" ကန်ထဲမှ ခွဲထွက်ကာ အဝေးသို့ ထွက်ခွာသွားကြပြီး အခြားမြွေဆန်းကြီးအများအပြားသည်လည်း အရပ်လေးမျက်နှာမှ ပြန်လည်ရောက်ရှိလာကာ ကန်ထဲသို့ ဝင်ရောက်ပေါင်းစည်းသွားကြသည်။ အလွန်ပင် အလုပ်ရှုပ်နေပုံရသည်။
လော်ယွမ်ကို ပို၍ ကြက်သီးထစေသည်မှာ ငယ်ရွယ်သော အမျိုးသမီးတစ်ဦးက ပြဒါးကန်အလယ်တွင် "ထိုင်" နေခြင်းပင်ဖြစ်သည်။ ထိုင်သည်ဟုဆိုခြင်းသည် မမှန်ကန်ပေ။ အမှန်တကယ်တွင် ရင်ဘတ်နှင့် ဦးခေါင်းမှလွဲ၍ သူမ၏ ကျန်အစိတ်အပိုင်းများသည် လုံးဝပျောက်ကွယ်သွားပြီး "ပြဒါး" ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပြောင်းလဲနေသောကြောင့်ဖြစ်သည်။
သို့သော် မယုံနိုင်စရာကောင်းသည်မှာ သူမ အသက်ရှင်နေသေးခြင်းပင်။ သူမ၏မျက်နှာထားသည် ထုံကျင်ပြီး မျှော်လင့်ချက်ကင်းမဲ့နေကာ အရေပြားသည်လည်း မီးခိုးရောင်သန်းလျက် သွေးရောင်ကင်းမဲ့နေသော်လည်း မျက်နှာပေါ်တွင် နာကျင်သော အရိပ်အယောင် စိုးစဉ်းမျှမရှိပေ။
ဆက်ရန်...
အပိုင်း(၃၂၂)ကိုင်တွယ်ရခက်ခြင်း
ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်များ၏ ရှုပ်ထွေးသော အကိုင်းအခက်များကြားမှ လှမ်းကြည့်ရင်း လော်ယွမ်၏ မျက်နှာသည် တည်ကြည်လေးနက်နေ၏။ ဤသည်မှာ သူတစ်ခါမျှ မမြင်တွေ့ဖူးသော ထူးဆန်းသည့် သက်ရှိတစ်မျိုးပင် ဖြစ်သည်။
ကမ္ဘာပျက်ကပ် စတင်ကတည်းက သက်ရှိများ၏ ပုံသဏ္ဌာန်၊ ခန္ဓာကိုယ်အရွယ်အစားနှင့် စွမ်းရည်များသည် မိုးနှင့်မြေကဲ့သို့ ပြောင်းလဲသွားခဲ့သော်လည်း ၎င်းတို့သည် သာမန်လူသားများ နားလည်နိုင်သော သက်ရှိအမျိုးအစားများထဲတွင် ပါဝင်နေဆဲဖြစ်သည်။
ဥပမာအားဖြင့် သားရဲတိရစ္ဆာန်များသည် သန္ဓေပြောင်းပြီးနောက် သားရဲတိရစ္ဆာန်များ ဖြစ်နေဆဲ၊ ငှက်များသည် ငှက်များ ဖြစ်နေဆဲ၊ ပိုးမွှားများသည် ပိုးမွှားများ ဖြစ်နေဆဲ ဖြစ်သည်။ အနည်းဆုံးတော့ အပြင်ပန်းပုံသဏ္ဌာန်အရ တစ်ချက်ကြည့်ရုံဖြင့် သိသာထင်ရှားနေဆဲပင်။
သို့သော် ဤလျှို့ဝှက်ဆန်းကြယ်သော သက်ရှိသည် လော်ယွမ်၏ အသိအမြင်များကို လုံးဝ ပြောင်းလဲသွားစေခဲ့ပြီး သူ့ကို အလွန်အမင်း သတိထားစေခဲ့သည်။
ထိုအချိန်၌ ပြဒါးရေကန်ကြီးသည် နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ရေကန်၏ အစွန်းဘက်တစ်နေရာ၌ ၆ပေခန့် ကျယ်ဝန်းသော ရေဝဲတစ်ခု ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။ ရေဝဲသည် အလွန်နက်ရှိုင်းပြီး အဝေးမှကြည့်လျှင် ၁၅ပေခန့် နက်မည်ဟု ထင်ရသော်လည်း အောက်ခြေကို မမြင်ရသေးချေ။ ဤရေဝဲသည် ရေကန်၏ အစွန်းဘက်၌ တည်ရှိနေသည်ကို ထည့်သွင်းစဉ်းစားပါက ရေကန်သည် အလွန်နက်ရှိုင်းကြောင်း ညွှန်ပြနေသည်။ မိုင်ဝက်ခန့် ကျယ်ဝန်းသော ဧရိယာအရဆိုလျှင် ဤလျှို့ဝှက်ဆန်းကြယ်သော သက်ရှိသည် စိတ်ကူး၍မရနိုင်လောက်အောင် ကြီးမားသော ဧရာမသတ္တဝါကြီးတစ်ကောင် ဖြစ်သည်မှာ ထင်ရှားလှ၏။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ရေဝဲ၏ ထိပ်ပိုင်း၌ စက်လုံးပုံသဏ္ဌာန်တစ်ခု စတင်ပေါ်ထွက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ လူ့ဦးခေါင်းတစ်ခုက ၃ဘက်မြင်ပုံနှိပ်စက်(3d printer)ဖြင့် ရိုက်နှိပ်ထားသကဲ့သို့ ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ထို့နောက် လည်ပင်း၊ ကိုယ်ထည်၊ ခြေလက်များနှင့် နောက်ဆုံး၌ အဝတ်အစားများပါ စတင်ပေါ်ထွက်လာသည်။
လူကို ကြောက်လန့်တုန်လှုပ်စေသည်မှာ ဤလူ့ခန္ဓာကိုယ်သည် အသက်ရှိသကဲ့သို့ တူညီနေပြီး အလွန်အမင်း သေးစိတ်ကျလှသည်။ မျက်နှာပေါ်မှ အမာရွတ်တစ်ခုကအစ အတိအကျ တူညီနေပြီး တစ်ကိုယ်လုံး ငွေဖြူရောင် ဖြစ်နေသည်မှလွဲ၍ လူအစစ်နှင့် ခြားနားခြင်းမရှိပေ။
ယခင်က ထုံထိုင်းနေပြီး ရင်ဘတ်မှလွဲ၍ ကျန်အစိတ်အပိုင်းများ ဆွေးမြေ့ပျက်စီးနေပြီဖြစ်သော ဝူချင်းယုသည် ဤလူပုံသဏ္ဌာန် ပေါ်ထွက်လာသည်ကို မြင်သောအခါ ရုတ်တရက် ကြောက်လန့်တကြားဖြစ်သွားပြီး အသည်းအသန် ရုန်းကန်နေတော့သည်။ သို့သော် အောက်ဘက်မှ "ပြဒါး" သည် ပြင်းထန်သော ကပ်ငြိမှု ပါဝင်နေသကဲ့သို့ သူမကို တင်းကျပ်စွာ ကပ်ငြိထားပြီး မည်မျှပင် ရုန်းကန်စေကာမူ လှုပ်ရှား၍မရတော့ချေ။
"ဒါဆိုရင် ဒီလူပုံစံက ဒုခေါင်းဆောင် ဖြစ်ရမယ်" အဝေးမှ မြင်ကွင်းကို ကြည့်ရင်း လော်ယွမ်၏ မျက်လုံးများသည် တည်ကြည်သွားပြီး စိတ်ထဲ၌ တွေးတောမိလိုက်သည်။
ဤပြဒါးရေကန်၌ စစ်မှန်သော ပုံသဏ္ဌာန် ရှိပုံမရပေ။ ၎င်း၏ အဓိကစွမ်းရည်မှာ ဖမ်းမိသော သက်ရှိမှန်သမျှကို ကူးယူခြင်း ဖြစ်တန်ရာ၏။ ယခင်က မြေအောက်၌ ပိတ်မိနေစဉ်တွင် သက်ရှိများ ရှားပါးပြီး မြွေ သို့မဟုတ် တီကောင်နှင့်တူသော သတ္တဝါမှလွဲ၍ အခြားသက်ရှိများနှင့် မတွေ့ဆုံခဲ့ရပေ။
ထို့ကြောင့် ယခင်က ၎င်းပြောင်းလဲနိုင်သော တစ်ခုတည်းသော ပုံသဏ္ဌာန်မှာ ထိုမြွေ သို့မဟုတ် တီကောင်ပုံသဏ္ဌာန်သာ ဖြစ်ခဲ့ပြီး ဒုတိယမြောက် သက်ရှိဖြစ်သော လူသားကို ဖမ်းမိပြီးမှသာလျှင် လူပုံသဏ္ဌာန်သို့ စတင်ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။
"ဒုအဖွဲ့ခေါင်းဆောင်အတု" သည် မျက်နှာသေဖြင့် ကုန်းပေါ်သို့ တက်လာပြီးနောက် ထိုပြဒါးတီကောင်ကဲ့သို့ပင် ရှေ့သို့ ပြေးထွက်သွားသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော သက်ရှိက ဤသို့ ပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ဤအချုပ်အနှောင်မှ လွတ်မြောက်ရန်နှင့် ထွက်ပေါက်ရှာဖွေရန် ဖြစ်တန်ရာ၏။
လော်ယွမ်၏ မျက်နှာသည် မည်းမှောင်သွားသည်။ ဤနေရာသည် ပြန်လည်တည်ဆောက်ရေးဇုန်၏ အတွင်းပိုင်း၌ တည်ရှိရာ အကယ်၍သာ ၎င်းကို လွတ်မြောက်ခွင့်ပေးလိုက်ပါက အကျိုးဆက်ကို လော်ယွမ် စိတ်ကူးပင် မကြည့်ရဲတော့ချေ။
အချိန်အလုံအလောက် ပေးလိုက်ပါက ၎င်းသည် ကြီးမားသော စစ်တပ်ကြီးတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ထို့အပြင် သက်ရှိများ ပိုမိုများပြားလာသည်နှင့်အမျှ ၎င်း၏ ခန္ဓာကိုယ်သည်လည်း ပိုမိုကြီးထွားလာမည်ဖြစ်သည်။ အချိန်မီ သတ်ဖြတ်ခြင်းမပြုနိုင်ပါက အခြေအနေဆိုးရွားလာသည့်အခါ အနိုင်နိုင် ရပ်တည်နေရသော လူသားမျိုးနွယ်သည် ကြီးမားသော ထိခိုက်နစ်နာမှုကို ခံစားရပေလိမ့်မည်။
သူသည် အဝေးမှ "ကိုယ်ပွား" များ ဆက်လက်မွေးဖွားပေးနေသော ပြဒါးရေကန်ကြီးကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ဤမျှ ကြီးမားပြီး လျှို့ဝှက်ဆန်းကြယ်သော သက်ရှိကြီးကို ရင်ဆိုင်ရာ၌ သူ ဂုဏ်ယူရသော ဓားသိုင်းသည် အသုံးဝင်ခြင်းမရှိတော့ပေ။ ဓားသည် ဤသို့သော အရည်ပုံသဏ္ဌာန် သက်ရှိအပေါ်၌ မည်သည့်ထိခိုက်ဒဏ်ရာမျှ မပေးနိုင်ချေ။
နောက်တစ်လှမ်းဆုတ်၍ စဉ်းစားကြည့်လျှင်ပင် ကိုယ်ပွားတစ်ခု၊ နှစ်ခု သို့မဟုတ် ရာဂဏန်း၊ ထောင်ဂဏန်းအထိ သတ်ဖြတ်နိုင်သည့်တိုင်အောင် ၎င်း၏ ကြီးမားသော မူလခန္ဓာကိုယ်ကြီးကို သူရင်ဆိုင်နိုင်မည်မဟုတ်ပေ။
သူ၏ အသိစိတ်က သူ့အား မျှော်လင့်ချက်မြို့သို့ ချက်ချင်းပြန်သွားပြီး ဤနေရာမှ အခြေအနေကို အထက်သို့ အချိန်မီ တင်ပြရန် သတိပေးနေသည်။
ထို့အပြင် ယခုအချိန်အထိ သူသည် မစ်ရှင်ကို လက်ခံထားခြင်းမရှိသေးရာ ထွက်ခွာသွားခြင်းသည် သူ့အတွက် မည်သည့်ဆုံးရှုံးမှုမျှ မရှိချေ။ ဝူချင်းယုနှင့် ပတ်သက်၍မူ လမ်းကြုံ၍ တွေ့ဆုံရသူတစ်ဦးသာဖြစ်ပြီး ဤမတိုင်မီက သူမကို သိပင်မသိခဲ့ပေ။
သူမသေဆုံးသွားလျှင်လည်း သူ၌ မည်သည့်အပြစ်ရှိစိတ်မျှ ရှိနေမည်မဟုတ်ပေ။
သူသည် ဘယ်သောအခါမျှ အကြင်နာတရား ပိုလျှံနေသူတစ်ဦး မဟုတ်ခဲ့ဖူးချေ။ ကယ်ဆယ်ခြင်းသည်လည်း မိမိတတ်နိုင်သလောက်သာ ကယ်ဆယ်ခြင်းဖြစ်ပြီး အသက်ကို စွန့်စား၍ လူကယ်မည့်သူမဟုတ်ပေ။
သူသည် စိတ်မကောင်းစွာဖြင့် အဝေးမှ ဝူချင်းယုကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် လျင်မြန်စွာ လေပေါ်သို့ ပျံတက်သွားပြီး ခေါင်းပေါ်မှ ထွက်ပေါက်ဆီသို့ ဦးတည်သွားလိုက်သည်။ သူ၏ စိတ်ထဲ၌ အနည်းငယ် စိုးရိမ်ပူပန်မှု ဖြစ်ပေါ်လာပြီး ခဏတာအတွင်းမှာပင် နောက်ထပ် "လူပုံသဏ္ဌာန်" ကိုယ်ပွားသုံးခု ထပ်မံပေါ်ထွက်လာပြီး လေးဘက်လေးတန်သို့ ပြေးထွက်သွားကြသည်။
သို့သော် စက္ကန့်သုံးဆယ်ပင် မပျံသန်းရသေးမီမှာပင် သူ ရုတ်တရက် ရပ်တန့်လိုက်ပြီး ဘယ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
လူပုံသဏ္ဌာန် ကိုယ်ပွားတစ်ခုသည် ကျောက်နံရံပေါ်၌ လျင်မြန်စွာ တွားသွားနေသည်။ ၎င်း၏ အရှိန်သည် အလွန်မြန်ဆန်ပြီး သွက်လက်သော မျောက်ဝံတစ်ကောင်ကဲ့သို့ပင်။ အရည်ပုံသဏ္ဌာန် ခန္ဓာကိုယ်သည် ကျောက်နံရံနှင့် ထိတွေ့လိုက်သည်နှင့် စုပ်ယူအားတစ်မျိုး ဖြစ်ပေါ်စေဟန်တူပြီး ဤနေရာမှ ကျောက်နံရံသည် မြေပြင်နှင့် မျဉ်းပြိုင်နီးပါး ဖြစ်နေသော်လည်း ၎င်းအပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိချေ။
မြွေပုံသဏ္ဌာန် ခန္ဓာကိုယ်၏ ကန့်သတ်ချက်ကြောင့် ၎င်းသည် ဤနေရာမှ ထွက်ခွာနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ယခုဖြစ်ပေါ်လာသော လူပုံသဏ္ဌာန် ကိုယ်ပွားသည် အကျဉ်းထောင်မှ လွတ်မြောက်ရန် အခွင့်အလမ်းကို ဖန်တီးပေးလိုက်ပြီဖြစ်သည်။
"ဒီကိုယ်ပွားကို ဒီနေရာကနေ ထွက်သွားခွင့်ပေးလို့ လုံးဝမဖြစ်ဘူး" လော်ယွမ်၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ အကယ်၍သာ မူလခန္ဓာကိုယ်က ထွက်ပေါက်ကို ရှာတွေ့သွားပြီး ဤနေရာမှ လွတ်မြောက်သွားပါက အကျိုးဆက်သည် တွေးရဲစရာပင် မရှိချေ။ ထို့အပြင် ကိုယ်ပွားသည် သီးခြားလွတ်လပ်သော သက်ရှိတစ်ခု ဖြစ်လာနိုင်ခြင်း ရှိ၊ မရှိကို သူ မသိသော်လည်း ဖြစ်နိုင်ခြေ အနည်းငယ်ရှိရုံမျှဖြင့် သူ လောင်းကြေးမထပ်ရဲပေ။
သူသည် အသံတိတ် ကျောက်နံရံသို့ ချဉ်းကပ်သွားပြီးနောက် ခြေထောက်ဖြင့် အားကုန်ကန်ထုတ်လိုက်ရာ ခန္ဓာကိုယ်သည် လေးကိုင်းမှ လွတ်ထွက်သွားသော မြားတစ်စင်းအလား ၎င်းထံသို့ အရှိန်ပြင်းစွာ ပျံသန်းသွားသည်။ လူပုံသဏ္ဌာန် ကိုယ်ပွားသည် အနည်းငယ် သတိထားမိဟန်တူပြီး ခန္ဓာကိုယ်သည် အနည်းငယ် တုန့်ဆိုင်းသွားသော်လည်း မြေအောက်၌ အချိန်ကြာမြင့်စွာ ပုန်းအောင်းနေထိုင်ခဲ့ရမှုကြောင့် အခြေခံ အန္တရာယ်အာရုံခံစားမှု ပျောက်ဆုံးသွားခြင်းဖြစ်မည်။ လော်ယွမ် ဓားကို ဆွဲထုတ်လိုက်ပြီး ဓားရောင်ခြည် လက်ခနဲဖြစ်သွားကာ ၎င်း၏ ဦးခေါင်းနှင့် ခန္ဓာကိုယ် ကွဲကွာသွားသည်အထိ မည်သည့်တုံ့ပြန်မှုမျှ မပြုလုပ်ခဲ့ချေ။
သို့သော် ၎င်းကလုံးဝ အသုံးမဝင်ပေ။ ပြဒါးနှင့်တူသော ဤအရည်သည် သိပ်သည်းဆနှင့် စေးကပ်မှု အလွန်မြင့်မားလှရာ လော်ယွမ် ဓားဖြင့် ခုတ်ဖြတ်လိုက်သည်နှင့် ဒဏ်ရာသည် လျင်မြန်စွာ ပြန်လည်စေးကပ်သွားခဲ့သည်။ သို့သော် သူ၏ စိတ်ထဲ၌ ကြိုတင်တွက်ဆထားပြီးဖြစ်သည့်အတွက် စိုးရိမ်ပူပမ်ခြင်းမရှိချေ။
၎င်း တုံ့ပြန်မှုမပြုလုပ်မီမှာပင် မရေမတွက်နိုင်သော ဓားရောင်ခြည်များ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာပြီး မျက်စိရှေ့၌ ဝေဝါးသော အလင်းရောင်များ ဖုံးလွှမ်းသွားသည်။
လည်ပင်း၊ နားထင်၊ နှလုံး၊ ရင်ဘတ်... ဓားချက်များသည် မိုးသက်မုန်တိုင်းကဲ့သို့ အဆက်မပြတ် ကျရောက်လာပြီး တစ်စက္ကန့်အတွင်းမှာပင် ဤလူပုံသဏ္ဌာန် ကိုယ်ပွားသည် ဓားချက်ပေါင်း ခြောက်ဆယ်၊ ခုနစ်ဆယ်ခန့် ခုတ်ဖြတ်ခံလိုက်ရသည်။
သာမန်သက်ရှိတစ်ကောင်သာဆိုလျှင် သေသည်ထက်ပင် ပို၍ သေသွားလောက်ပြီ ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ အကျိုးသက်ရောက်မှု အလွန်နည်းပါးခြင်းပင်။ ၎င်းသည် ဒဏ်ရာတစ်စက်မျှပင် မရရှိခဲ့ဘဲ တိုက်ခိုက်မှု ရပ်တန့်လိုက်သည်နှင့် ဒဏ်ရာများ ပြန်လည်ကောင်းမွန်သွားသည်။
"မင်းရဲ့မူရင်းခန္ဓာကိုယ်ကို မယှဉ်နိုင်ရင်တောင်... ကိုယ်ပွားကိုမသတ်နိုင်ဘူးလို့ငါမယုံဘူး" လော်ယွမ်၏ စိတ်ထဲ၌ တုန်လှုပ်သွားသော်လည်း ဒေါသက ပို၍ ကြီးစိုးနေသည်။
ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်ရှိပြီးနောက် အချိန်အများစုကို သက်တောင့်သက်သာ နေထိုင်ခဲ့ရသော်လည်း သူ၏ စွမ်းအားသည် ရပ်တန့်မသွားခဲ့ဘဲ အသွင်ပြောင်းလဲမှုကာလကြောင့် ယခင်ကထက်ပင် ပို၍ လျင်မြန်စွာ တိုးတက်လာခဲ့သည်။
ပြန်လည်တည်ဆောက်ရေးဇုန်သို့ ရောက်စက အစိမ်းရောင်အဆင့် သတ္တဝါကို ရင်ဆိုင်ရလျှင် သေလုမြောပါး ဖြစ်ခဲ့ရသော်လည်း ယခုအခါ အစိမ်းရင့်ရောင်အဆင့် သတ္တဝါကိုပင် စမ်းသပ်တိုက်ခိုက်ချင်စိတ် ဖြစ်ပေါ်နေသည်နှင့် နှိုင်းယှဉ်လျှင် စွမ်းအားတိုးတက်မှုသည် ဆယ်ဆမက ရှိနေပြီဖြစ်သည်။
သို့သော် ယခုအခါ အဆင့်ခုနစ် သက်ရှိမျှသာဖြစ်သော ကိုယ်ပွားတစ်ခုကို ရင်ဆိုင်ရာ၌ ထူးခြားသော မိမိကိုယ်ကို ကုစားနိုင်စွမ်းကြောင့် သူ ဘာမှမတတ်နိုင်ဖြစ်နေရခြင်းက သူ့ကို ဒေါသထွက်စေသည်မှာ အဆန်းမဟုတ်ချေ။
အကြိမ်ပေါင်းများစွာ ခုတ်ဖြတ်ခံရပြီးနောက် ဤလူပုံသဏ္ဌာန် ကိုယ်ပွားသည် နောက်ဆုံး၌ သတိဝင်လာပြီး ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း လော်ယွမ်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်၌ ပြန်လည်နစ်မြုပ်သွားခဲ့သည်။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ကို လျင်မြန်စွာ တည်ငြိမ်စေလိုက်သည်။ ဤကိုယ်ပွား၏ စွမ်းအားက သိပ်မကြီးမားလှဘဲ အပြာရင့်ရောင်အဆင့်နှင့် အစိမ်းနုရောင်အဆင့်ကြားတွင်သာ ရှိပြီး လက်ရှိ လော်ယွမ်အတွက်မူ ပြောပလောက်သည့်အရာ မဟုတ်ပေ။ အဓိကပြဿနာမှာ ၎င်းကို မည်သို့ သတ်ဖြတ်ရမည်နည်း ဟူသည့်အချက်ပင် ဖြစ်သည်။
လော်ယွမ်သည် ပြန်ရန် မလောတော့ဘဲ စမ်းသပ်မှုများ စတင်ပြုလုပ်တော့သည်။
ပထမဦးစွာ စိတ်စွမ်းအား ဓားရောင်ခြည်ဖြင့် စမ်းသပ်ကြည့်ရာ အကျိုးသက်ရောက်မှု အနည်းငယ် ရှိသည်။ ဓားတစ်ချက်တည်းဖြင့် ၎င်း၏ ဦးခေါင်းကို ဖြတ်တောက်လိုက်ရာ အောက်သို့ ပြုတ်ကျသွားခဲ့သည်။ ဒဏ်ရာမှ သွေး သို့မဟုတ် အခြားအရည်များ စီးကျလာခြင်းမရှိဘဲ ဖြတ်တောက်ထားသော မျက်နှာပြင်သည် ချောမွေ့ပြန့်ပြူးနေပြီး အရည်ပျော်နိုင်စွမ်း ပျောက်ဆုံးသွားကာ သတ္တုတစ်ပိုင်းကဲ့သို့ ဖြစ်နေသည်။ ထို့အပြင် စိတ်စွမ်းအားဖြင့် ခုတ်ဖြတ်ခံရပြီးနောက် ဒဏ်ရာသည် ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင် လုံးဝမရှိဘဲ အစွန်းပိုင်းများသည် စိတ်စွမ်းအား၏ ဖျက်ဆီးမှုကို ခံလိုက်ရသည့်အတွက် အသက်စွမ်းအင် လုံးဝ ပျောက်ဆုံးသွားဟန်တူသည်။
သို့သော် ဤသို့သော အရည်ပုံသဏ္ဌာန် သက်ရှိအတွက် ဦးခေါင်းသည် အလှဆင်ပစ္စည်းမျှသာ ဖြစ်ပြီး ဦးခေါင်းမရှိသည့်တိုင်အောင် ၎င်းအပေါ်၌ မည်သည့်သက်ရောက်မှုမျှ မရှိဘဲ ဆက်လက်ခုန်ပေါက် လှုပ်ရှားနေနိုင်သေးသည်။
လော်ယွမ်သည် ပို၍ပင် စိတ်ဝင်စားလာခဲ့သည်။ သူသည် မုန်လာဥကို အခွံနွှာသကဲ့သို့ ၎င်း၏ ကိုယ်ပေါ်မှ "ပြဒါး" များကို တစ်လွှာချင်း ခွာချလိုက်သည်။ အလွှာတိုင်းသည် ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာလှသည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင် ၎င်းသည် ၁ပေခွဲခန့်သာ ကျန်ရှိတော့သည်။ သို့သော် လော်ယွမ်ကို အံ့ဩစေသည်မှာ ၎င်းသည် ဆက်လက်၍ "အသက်ရှင်" နေဆဲပင်တည်း။ ၎င်းက လက်ဖဝါးအရွယ်ခန့်သာ ကျန်ရှိတော့သည့်အချိန်ကျမှသာ ရုတ်တရက် တစ်လုံးတည်းအဖြစ်သို့ ကျုံ့ဝင်သွားပြီး လုံးဝ မလှုပ်မယှက်တော့ဘဲ ရပ်တန့်သွားတော့သည်။
လော်ယွမ်သည် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် အန္တရာယ်မရှိသည်ကို တွေ့ရှိရသဖြင့် လက်ဖဝါးပေါ်၌ တင်လိုက်သည်။
၎င်းသည် အေးစက်နေပြီး အလွန်လေးလံသည်။ ၄လက်မခန့်အရွယ်ရှိသော ဤဘောလုံးလေးသည် ပြီးပြည့်စုံသော စက်လုံးပုံသဏ္ဌာန်ရှိပြီး အလေးချိန် ငါးကီလိုဂရမ်ခန့် ရှိသည်။ ၎င်းကသံလုံးတစ်လုံးနှင့် ခြားနားခြင်းမရှိဘဲ မည်သည့်ဒြပ်စင်များဖြင့် ဖွဲ့စည်းထားသည်ကို မသိနိုင်ချေ။
အသက်ရှင်နေစဉ်က ဖြည်းညင်းစွာ စီးဆင်းနိုင်သည်နှင့် နှိုင်းယှဉ်ပါက ယခုအခါ၌မူ အလွန်အမင်း မာကျောနေသည်။ သို့သော် အားကုန်သုံး၍ ညှစ်လိုက်ပါက အနည်းငယ် ပျော့ပျောင်းမှုရှိနေသေးရာ အလွန် ထူးဆန်းလှသည်။
လော်ယွမ်သည် အောက်သို့ ဆင်းသက်လိုက်သည်။ အောက်ခြေ၌ ငွေရောင်ဘောလုံးငယ်အများအပြား စုပုံနေသည်။ လော်ယွမ်သည် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ရာ ပြုတ်ကျသွားသော ဦးခေါင်းကို လျင်မြန်စွာ ရှာတွေ့လိုက်သည်။ သို့သော် ထိုအချိန်၌ ဦးခေါင်းသည် ၁၅လက်မခန့်ရှိသော လူပုံသဏ္ဌာန်အသေးစားလေးအဖြစ်သို့ ပြောင်းလဲသွားပြီး မူလခန္ဓာကိုယ်ရှိရာသို့ အသည်းအသန် ပြေးသွားနေသည်။ သို့သော် မည်သို့လျှင် လွတ်မြောက်နိုင်မည်နည်း။ ဓားတစ်ချက် ခုတ်လိုက်သည်နှင့် တစ်ပုံစံထဲနီးပါးရှိသော ငွေရောင်ဘောလုံးလေး နှစ်လုံးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
သူ၏ စိတ်ထဲ၌ အတွေးတစ်ချက် ဝင်လာပြီး ငွေရောင်ဘောလုံးလေးတစ်လုံးအပေါ် အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။
ဆက်ရန်...