အခန်း (၃၂၃-၃၂၄)
Vol. 17 Ch. 323-324
အပိုင်း(၃၂၃)အားနည်းချက်
အမည် - ဇီဝသတ္တု (အသွင်ပြောင်းသတ္တဝါ၏ အကြွင်းအကျန်)
ရှားပါးမှုအဆင့် - အစိမ်းရင့်ရောင်
အလေးချိန် - ၆ ကီလိုဂရမ်
ထပ်တိုးအစွမ်း - စွမ်းအင်စုပ်ယူခြင်း
သုံးသပ်ချက် - အသွင်ပြောင်းသတ္တဝါသည် အစွမ်းအထက်ဆုံး ပုံတူကူးသူဖြစ်ပြီး ကိုင်တွယ်ရအခက်ဆုံး သတ္တဝါလည်း ဖြစ်သည်။ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ဇီဝသတ္တုသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို လုံးဝ ခုခံနိုင်စွမ်းရှိပြီး ဓာတ်စွမ်းအင်တိုက်ခိုက်မှုအချို့ကိုလည်း ခုခံနိုင်သည်။ ၎င်း၏ ကြီးမားသော ကိုယ်ထည်နှင့် အဆုံးမရှိ ခွဲခြားပွားများနိုင်သည့် ကြောက်မက်ဖွယ်ရာ ရှင်သန်နိုင်စွမ်းကလည်း လူတို့ကို လက်မှိုင်ချစေသည်။
စနစ်မှ ပေးပို့လာသော သတင်းအချက်အလက်က လော်ယွမ်၏ အမူအရာကို ပြောင်းလဲသွားစေသည်။ သူ မယုံနိုင်စွာဖြင့် ငွေရောင်ဘောလုံးလေးတစ်ခုကို ကောက်ယူလိုက်ပြီး စိတ်စွမ်းအားကို စုစည်းလိုက်ရာ လက်ဝါးထဲတွင် မီးတောက်တစ်ခု ရုတ်တရက် တောက်လောင်လာသည်။ စိတ်စွမ်းအားဖြင့် ဖန်တီးထားသော မီးတောက်၏ အပူချိန်မှာ မမြင့်မားလှသော်လည်း စင်တီဂရိတ် လေးငါးရာခန့်ရှိပြီး သက်ရှိသတ္တဝါများကို ပျက်စီးစေရန် လုံလောက်သည်။
သို့သော် မီးတောက် မည်မျှပင်လောင်ကျွမ်းစေကာမူ လက်ထဲမှ ငွေရောင်ဘောလုံးလေး၏ အပူချိန်မှာ အနည်းငယ်မျှပင် မပြောင်းလဲပေ။ ဆယ်စက္ကန့်ကျော်ကြာ လောင်ကျွမ်းစေပြီးနောက် မီးတောက်ပျောက်ကွယ်သွားပြီး ပြင်းထန်သော အအေးဓာတ်အဖြစ်သို့ ဖန်တီးလိုက်သည်။ ပတ်ဝန်းကျင်မှ လေထုသည် ရေခဲမှုန်များအဖြစ် ခဲသွားပြီး အေးစက်သော အငွေ့ဖြူများ ထွက်ပေါ်လာသည်။ နောက်ထပ် ဆယ်စက္ကန့်ကျော်ကြာမှ သူ တည်ငြိမ်စွာ ရပ်တန့်လိုက်ပြီး စိတ်ထဲတွင် ကျောက်တုံးကြီးတစ်တုံး ပိနေသကဲ့သို့ ခံစားနေရသည်။
ဤသတ္တဝါသည် သူထင်ထားသည်ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းကြောင်း သူတွေ့ရှိလိုက်ရသည်။ ရုပ်ဝတ္ထုနှင့် စွမ်းအင် နှစ်မျိုးစလုံးကို ခုခံနိုင်စွမ်းရှိခြင်းသည် လက်နက်အများစုက ၎င်းအပေါ် အရာမထင်ကြောင်း ဆိုလိုနေသည်။
ထို့အပြင် အဆုံးမရှိ ခွဲခြားပွားများနိုင်သည့် ဤရှင်သန်နိုင်စွမ်းကြောင့် အပိုင်းအစတစ်ခု လွတ်မြောက်သွားသည်နှင့် တစ်ဖက်လူမှာ ဆက်လက်ရှင်သန်ကြီးထွားလာနိုင်ပြီး ပြန်လည်တည်ဆောက်ရေးဇုန်အတွက် အဆုံးမဲ့သော အိပ်မက်ဆိုးတစ်ခု ဖြစ်လာစေမည်ဖြစ်သည်။
ဖြေရှင်းနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အနုမြူဗုံးဖြင့် တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အနုမြူဗုံး ပေါက်ကွဲသည့်အခါ ဗဟိုချက်မတွင် ဖြစ်ပေါ်လာသော သန်းနှင့်ချီသော အပူချိန်သည် မည်သည့်အရာဝတ္ထုကိုမဆို အငွေ့ပျံသွားစေနိုင်သည်။ ဤသတ္တဝါ၏ အသက်စွမ်းအင် မည်မျှပင်အားကောင်းစေကာမူ ချက်ချင်း အငွေ့ပျံသွားမည်ဖြစ်သည်။
သို့သော် ဤနေရာသည် မျှော်လင့်ချက်မြို့နှင့် မိုင်၂၅၀ခန့်သာ ကွာဝေးပြီး အနီးဆုံးမြို့နှင့်မူ ၁၂မိုင်ကျော်ခန့်သာ ဝေးသည်။ အနုမြူဗုံးပေါက်ကွဲမှုမှ ဖြစ်ပေါ်လာမည့် ဓာတ်ရောင်ခြည်သင့်မှုကို မဆိုထားနှင့် ဤနေရာ၏ မြေအောက်ရောက်နေသော ပတ်ဝန်းကျင်ကြောင့် ပြင်းထန်သော ပေါက်ကွဲမှုဖြစ်ပွားသည်နှင့် မကြာသေးမီကမှ တည်ငြိမ်သွားသော မြေလွှာများသည် တစ်ဖန်ပြန်၍ ရွေ့လျားသွားနိုင်ပြီး ကြီးမားသော မြေငလျင်တစ်ခု ထပ်မံဖြစ်ပွားစေနိုင်သည်။ ထိုအခါ လူမည်မျှ သေဆုံးထိခိုက်မည်ကို မသိနိုင်ပေ။
ထို့အပြင် ပြောင်းရွှေ့ရန်လည်း အချိန်မမီတော့ပေ။ အသွင်ပြောင်းသတ္တဝါသည် အကျပ်အတည်းမှ လွတ်မြောက်ရန် ကြိုးစားနေပြီး တစ်မိနစ်လျှင် အပိုင်းအစတစ်ခု ခွဲထွက်နေသည့်နှုန်းဖြင့် ဤကဲ့သို့သော ရန်သူကို ရင်ဆိုင်ရသည်မှာ လော်ယွမ်အနေဖြင့် တောင်ပို့ကို နှံကောင်ဝင်တိုက်သကဲ့သို့ပင် ဖြစ်နေပြီး ကြာရှည်တောင့်ခံနိုင်မည်မဟုတ်ပေ။
သူ၏ စိတ်စွမ်းအားမှာ အကန့်အသတ်ရှိပြီး ယခင်က ကုန်ဆုံးမှုနှုန်းအရဆိုလျှင် ဤကဲ့သို့သော အပိုင်းအစများကို ရာဂဏန်းခန့်သာ သူ ရင်ဆိုင်နိုင်မည်ဖြစ်ပြီး ထို့နောက် ပြန်လှည့်ရမည်ဖြစ်သည်။
လော်ယွမ်သည် ငွေရောင်ဘောလုံးလေးကို ကိုင်လျက် မျက်ခုံးများ တွန့်ချိုးနေမိသည်။
ထိုအချိန်တွင် အသွင်ပြောင်းသတ္တဝါ၏ အပိုင်းအစ ဆယ်ဂဏန်းကျော်သည် အရပ်လေးမျက်နှာမှ သူ့ဆီသို့ ပြေးဝင်လာကြသည်။
လော်ယွမ်၏ စိတ်ထဲတွင် ပိုမိုစိုးရိမ်လာပြီး လက်ကောက်ဝတ်ရှိ စမတ်လက်ပတ်နာရီကို ကြည့်ကာ တွန့်ဆုတ်နေမိသည်။ သူသည် ယနေ့မှသာ "ဓားတရား" ဌာနသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားဝင်အလုပ်မဝင်ရသေးသဖြင့် မှတ်တမ်းမှာ ဗလာနတ္ထိဖြစ်နေသည်။ မျှော်လင့်ချက်မြို့ရှိ "ဓားတရား" အဖွဲ့တွင် ယုံကြည်မှုအတိုင်းအတာတစ်ခုအထိ ရရှိထားသော်လည်း ထိုသူများမှာလည်း သာမန်အဖွဲ့ဝင်များသာဖြစ်ပြီး အရာမရောက်ပေ။ ဤနေရာမှ အခြေအနေကို မည်မျှပင် ဆိုးရွားကြောင်း ပြောပြစေကာမူ အထက်လူကြီးများက ချက်ချင်းအလေးထားလိမ့်မည် မဟုတ်ပေ။
ဤကိစ္စသည် အရေးပေါ်အင်အားနှင့် လူအများအပြား သေဆုံးထိခိုက်နိုင်မှုတို့နှင့် သက်ဆိုင်နေသဖြင့် မစဉ်းစားမဆင်ချင်ဘဲ ဆုံးဖြတ်နိုင်သော ကိစ္စမဟုတ်ပေ။
ထို့အပြင် ချက်ချင်းအရေးယူဆောင်ရွက်လျှင်ပင် အချိန်မမီတော့ပေ။
အသွင်ပြောင်းသတ္တဝါသည် တစ်မိနစ်လျှင် အပိုင်းအစအသစ်တစ်ခု ဖန်တီးနေသည်။ အနုမြူဗုံး ကျရောက်လာချိန်တွင် သောင်းနှင့်ချီသော အသွင်ပြောင်းသတ္တဝါများသည် ချောက်နက်ကြီးထဲမှ လွတ်မြောက်သွားပြီး ပြန်လည်တည်ဆောက်ရေးဇုန် အနှံ့အပြားသို့ ရောက်ရှိနေလောက်ပြီဖြစ်သည်။ ဤကြောက်မက်ဖွယ်ရာ မြင်ကွင်းကို တွေးမိသည်နှင့် လော်ယွမ်၏ နဖူးမှ ချွေးစေးများ စီးကျလာသည်။
သူသည် ယခင်က အပိုင်းအစတစ်ခုကို စိတ်စွမ်းအားဖြင့် လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့သော်လည်း သာမန်စစ်သားများနှင့် ဆင့်ကဲပြောင်းလဲသူအများစုအတွက်မူ မည်သည့်ဒဏ်ရာမှမရရှိနိုင်သော ဤသတ္တဝါသည် ဖြေရှင်းရန်မဖြစ်နိုင်သော ပြဿနာတစ်ခုဖြစ်သည်။ ထိုအခါ ဧရာမကပ်ဘေးကြီးတစ်ခု ကျရောက်လာမည်ဖြစ်ပြီး တစ်နိုင်ငံလုံးပျက်စီးသွားပေလိမ့်မည်။
"အသွင်ပြောင်းသတ္တဝါက အဲ့လောက်တော့ မစွမ်းနိုင်ဘူး... သူ့မှာအားနည်းချက်တခုခုတော့ ရှိမှာပဲ" လော်ယွမ်သည် မျက်နှာကို အားကုန်ပွတ်သပ်လိုက်ပြီး စိတ်ကိုတည်ငြိမ်အောင် ကြိုးစားကာ နောက်ဆုံးအကြိမ် ကြိုးစားအားထုတ်လိုက်သည်။
"အသွင်ပြောင်းသတ္တဝါက အရည်နဲ့ဖွဲ့စည်းထားတဲ့သတ္တဝါပဲ... အရည်တွေက ဘာကို အကြောက်ဆုံးလဲ"
"အပူချိန်မြင့်တာနဲ့အရမ်းအေးတာ" လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသော်လည်း ချက်ချင်းပင် ငြင်းပယ်လိုက်သည်။ သူ့တွင် အပူချိန်လွန်ကဲမှုနှင့် အအေးလွန်ကဲမှု ဖန်တီးနိုင်စွမ်း မရှိပေ။
ထိုအချိန်တွင် အပိုင်းအစ ဆယ်ဂဏန်းကျော် ရောက်ရှိလာသော်လည်း အနားမကပ်မီမှာပင် စိတ်လှုပ်ရှားနေသော လော်ယွမ်၏ လျှပ်စီးလက်သကဲ့သို့သော တိုက်ခိုက်မှုကြောင့် သေဆုံးသွားကြသည်။ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ငွေရောင်ဘောလုံးလေးများကို ကြည့်ရင်း လော်ယွမ်၏ မျက်လုံးများ တောက်ပလာသည်။
"နေဦး... ဒါက တကယ့်အရည်စစ်စစ် မဟုတ်ဘူး... သူ့မှာ အခြေခံဖွဲ့စည်းပုံ စနစ်တွေ ရှိတယ်... သူကစိတ်ကြိုက်စီးဆင်းနိုင်ပြီး ပုံစံပြောင်းလဲနိုင်ပေမယ့်... တစ်ခုချင်းစီရဲ့ အရွယ်အစားက မူလဖွဲ့စည်းပုံစနစ်ထက် သေးသွားရင် အသက်စွမ်းအင်ပျောက်ဆုံးပြီး လုံးဝသေသွားတယ်"
"အဓိကအချက်က သူ့ကို ဘယ်လို အပြည့်အဝ ခွဲထုတ်မလဲဆိုတာပဲ... အသွင်ပြောင်းသတ္တဝါရဲ့ ဇီဝသတ္တုမှာ အားကောင်းတဲ့ ကပ်ငြိနိုင်စွမ်းရှိလို့ သာမန်လက်နတ်တွေနဲ့ ဖြတ်တောက်လို့ ဘာမှမထူးဘူး"
ထိုအချိန်တွင် သူ၏ စိတ်ထဲတွင် ဉာဏ်ပွင့်သွားသကဲ့သို့ ကောင်းမွန်သော အကြံတစ်ခု လျှပ်စီးလက်သလို ဖြတ်ပြေးသွားသည်။
"မြေလှိုင်း... ဒီအရည်သတ္တဝါမျိုးကို သတ်ဖို့အတွက် မြေလှိုင်းအစွမ်းထက် ပိုကောင်းတာရှိဦးမလား"
စမ်းသပ်ကြည့်ရန် လိုအပ်သေးသော်လည်း လော်ယွမ်၏ စိတ်ထဲမှ ပူပမ်မှုများမှာ ထက်ဝက်ကျော် ပျောက်ကွယ်သွားပြီဖြစ်သည်။
နေ့စဉ် စိတ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးမှုကြောင့် ယခုအခါ သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းနှင့် ဆဲလ်တိုင်းတွင် စိတ်စွမ်းအားအမှတ်အသားများ နက်ရှိုင်းစွာ စွဲထင်နေပြီဖြစ်သည်။ ဆဲလ်များ၏ ရှုပ်ထွေးသော သတင်းအချက်အလက်များကို ပင်မစိတ်အာရုံက လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ စိတ်သွားတိုင်းကိုယ်ပါ ဖြစ်နေပြီဟု ဆိုနိုင်သည်။
အတွေးတစ်ချက်ဝင်လိုက်သည်နှင့် လော်ယွမ်၏ နှလုံးခုန်နှုန်းသည် မြေကမ္ဘာ၏ တုန်ခါမှုနှင့် လျင်မြန်စွာ ကိုက်ညီသွားသည်။ တစ်စက္ကန့်မပြည့်မီမှာပင် သူသည် မြေလှိုင်းကြိမ်နှုန်းအခြေအနေသို့ လုံးဝရောက်ရှိသွားသည်။
လေးလံပြီး ကြီးမားသော စွမ်းအားတစ်ရပ်သည် ခြေဖဝါးမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူ၏မျက်ဝန်းထဲမှ စိတ်ခံစားမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အေးစက်တည်ငြိမ်သွားသည်။
ထိုနှင့်တစ်ပြိုင်နက် ဖော်ပြရန်ခက်ခဲသော ဖိအားပေးသည့်အငွေ့အသက်တစ်ခု ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားရာ လေထုသည်ပင် မငြိမ်မသက် ဖြစ်လာသည်။
သူ ရှေ့သို့ မော့ကြည့်လိုက်သည်။ အဝေးမှ အသွင်ပြောင်းသတ္တဝါသည် အန္တရာယ်ကို သတိပြုမိလိုက်သည်ထင် မရေမတွက်နိုင်သော အပိုင်းအစများ အဘက်ဘက်မှ သူ့ထံသို့ လျင်မြန်စွာ ပြေးဝင်လာကြသည်။ အရေအတွက်မှာ ထောင်ချီ၍ ရှိနေ၏။
လော်ယွမ် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ရုတ်တရက် လှုပ်ရှားလိုက်သည်။ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မီတာရာကျော် ရောက်ရှိသွားသည်။ အသွင်ပြောင်းသတ္တဝါ၏ အပိုင်းအစများမှာ အရေအတွက်များပြားပြီး နေရာတိုင်းတွင် ပြည့်နှက်နေသော်လည်း ဤအမြန်နှုန်းကို လိုက်မီနိုင်စွမ်းမရှိဘဲ နောက်တွင် ကျန်ရစ်ခဲ့ကြသည်။ ဆယ်စက္ကန့်ကျော်အကြာတွင် သူသည် ပြဒါးကန်အစွန်းသို့ ပြန်လည်ရောက်ရှိသွားသည်။
ပြဒါးကန်သည် ရုတ်တရက် လှုပ်ရှားလာပြီး လေမတိုက်ဘဲ လှိုင်းထကာ ရေဝဲများစွာ ပေါ်ပေါက်လာသည်။ ရေဝဲအောက်ခြေမှ အပိုင်းအစများစွာ လျင်မြန်စွာ ခွဲထွက်လာကြသည်။
အသွင်ပြောင်းသတ္တဝါ၏ တုံ့ပြန်မှုကို လော်ယွမ် လုံးဝဂရုမစိုက်ဘဲ ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။ အပိုင်းအစများ အနားကပ်လာလျှင်ပင် မတိုက်ခိုက်ဘဲ ရှောင်တိမ်းရုံသာ ရှောင်တိမ်းနေသည်။
နောက်ကျကျန်ရစ်ခဲ့သော အပိုင်းအစများ ပြန်ရောက်လာကြပြီး နေရာအနှံ့ ရှာဖွေနေသော အပိုင်းအစများလည်း ဤနေရာသို့ စုဝေးလာကြသည်။
အချိန်ကြာလာသည်နှင့်အမျှ အသွင်ပြောင်းသတ္တဝါ၏ အပိုင်းအစများမှာ ထူထပ်များပြားလာပြီး စတုရန်းကီလိုမီတာ အတော်များများအထိ ပြန့်နှံ့သွားသည်။ ကြည့်လိုက်လျှင် မိုးနှင့်မြေကို ဖုံးလွှမ်းသွားသကဲ့သို့၊ စစ်တပ်ကြီး ချီတက်လာသကဲ့သို့ဖြစ်ပြီး ခြေချစရာနေရာပင် မရှိတော့ပေ။
လော်ယွမ်ပင်လျှင် လေထဲတွင် ပျံဝဲနေရပြီး အဆက်မပြတ်သော တိုက်ခိုက်မှုများကို ရှောင်တိမ်းနေရသည်။ အောက်ဘက်တွင် မရေမတွက်နိုင်သော အပိုင်းအစများက လက်သည်းခြေသည်းများ ထောင်လျက် အဆက်မပြတ် ခုန်ပေါက်နေကြသည်။
လော်ယွမ်သည် လုံးဝတည်ငြိမ်သော အခြေအနေတွင် ရှိနေသော်လည်း အနည်းငယ် ကံကောင်းသည်ဟု တွေးမိလိုက်သည်။ ဤအသွင်ပြောင်းသတ္တဝါသည် သက်ရှိများရှားပါးသော မြေအောက်တွင် အမြဲနေထိုင်ခဲ့ရသဖြင့် ၎င်း၏ အလားအလာကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်း မရှိခဲ့ပေ။ အဆင့်မြင့် သတ္တဝါပြောင်းများကို မဆိုထားနှင့်၊ အဆင့်အနိမ့်ဆုံး ငှက်များ သို့မဟုတ် ပိုးကောင်များကိုသာ ၎င်းဖမ်းဆီးနိုင်ခဲ့လျှင် ယခုအချိန်တွင် လော်ယွမ် ဤမျှ သက်သောင့်သက်သာ ရှိနေနိုင်မည်မဟုတ်ပေ။
"အမြန်ပြေး... ဒီကနေအမြန်သွား... အဲ့ဒါကရှင်ရင်ဆိုင်နိုင်တဲ့ဟာ မဟုတ်ဘူး" ဤနေရာမှ ကြီးမားသော လှုပ်ရှားမှုများကြောင့် ဝူချင်းယုသည် လော်ယွမ်ကို သတိထားမိသွားပြီး အဝေးမှ အသံကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူမ၏ မျက်နှာတွင် ဝမ်းနည်းမှုနှင့် မျှော်လင့်ချက်မဲ့မှုများ ထင်ဟပ်နေသည်။ "ဒီအခြေအနေ အထက်ကိုတင်ပြလိုက်... အချိန်မီပါစေလို့ဆုတောင်းရတာပဲ"
လော်ယွမ်သည် ဝူချန်ရူကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
လော်ယွမ်က ဂရုမစိုက်သည်ကို မြင်သောအခါ ဝူချန်ရူ ဒေါသထွက်သွားသည်။ "ရှင်ဘာနဲ့ရင်ဆိုင်နေရလဲဆိုတာ သိရဲ့လား... ရှင်ခုလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးရုံတင်မကဘူး... ပြန်လည်တည်ဆောက်ရေးဇုန်ကိုပါ ဒုက္ခရောက်စေလိမ့်မယ်"
သူမသည် လော်ယွမ်၏ လက်ပတ်နာရီကို မြင်လိုက်ရပြီး သူ၏ အဆင့်အတန်းကို သိရှိလိုက်ပြီဖြစ်သည်။ သို့သော် စိတ်ထဲတွင် မည်မျှပင် ရူးသွပ်နေစေကာမူ တစ်ဖက်လူသည် ဤကြောက်မက်ဖွယ်ကောင်းသော ဧရာမသတ္တဝါကြီးကို ရင်ဆိုင်နိုင်မည်ဟု သူမ မယုံကြည်ပေ။ ဤသတ္တဝါသည် အလွန်အစွမ်းထက်လွန်းပြီး လူသားတို့၏ သက်ရှိအပေါ် နားလည်မှုကို ကျော်လွန်နေကာ ကမ္ဘာလောကကိုပင် ပြောင်းလဲပစ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
"ပါးစပ်ပိတ်ထား" လော်ယွမ်က ခပ်တိုးတိုး ဟိန်းလိုက်သည်။
ထို့နောက် ကိုယ်ကိုလှုပ်ရှားလိုက်ပြီး နေရာလွတ်တစ်ခုရှာကာ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် အနီးအနားမှ အပိုင်းအစများမှာ အသားနံ့ရသော တောခွေးများကဲ့သို့ လက်သည်းခြေသည်းများ ထောင်လျက် ဤဘက်သို့ ပြေးဝင်လာကြသည်။
လော်ယွမ်၏ ကျန်းမာတောက်ဓားသည် ချက်ချင်း ဓားအိမ်မှ ထွက်လာပြီး လျှပ်စီးလက်သကဲ့သို့ ဝှေ့ယမ်းလိုက်ရာ အနီးအနားမှ အသွင်ပြောင်းသတ္တဝါ အပိုင်းအစများ၏ ကိုယ်ခန္ဓာများ တန့်သွားပြီး နောက်တစ်ခဏတွင် နှစ်ပိုင်းပြတ်သွားကြသည်။
ထိုအခွင့်အရေးကို အသုံးချပြီး လော်ယွမ်သည် ညာဘက်ခြေထောက်ကို အားကုန်မြှောက်တင်လိုက်သည်။ မျက်နှာများ နီရဲလာပြီး လည်ပင်းမှ သွေးကြောများ တီကောင်များသဖွယ် ထောင်ထလာသည်။ သူ မြှောက်တင်လိုက်သည်မှာ ညာဘက်ခြေထောက်တစ်ခုတည်း မဟုတ်ဘဲ ခြေထောက်အောက်မှ မြေကြီးကိုပါ မတင်လိုက်သကဲ့သို့ပင်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခု ဖြည်းညှင်းစွာ စုစည်းလာသည်။
နောက်တစ်ခဏတွင် ခြေထောက်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"အုန်းးးးး"
စိတ်စွမ်းအားနှင့် ခွန်အား နှစ်မျိုးစလုံး တစ်မှတ်စီ တိုးတက်လာပြီးနောက် သူ၏ မြေလှိုင်းအစွမ်းသည် အဆင့် ၅ သို့ ရောက်ရှိသွားပြီဖြစ်ရာ ယခုအချိန်တွင် စွမ်းအားမှာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံကြီးတစ်သံနှင့်အတူ ကမ္ဘာမြေကြီးသည် ကစဉ့်ကလျားဖြစ်သွားသကဲ့သို့ပင်။ တစ်ခဏအတွင်း မိုးပြိုမြေပြိုသကဲ့သို့ ဖြစ်သွားပြီး အနီးအနားမှ မရေမတွက်နိုင်သော အသွင်ပြောင်းသတ္တဝါ အပိုင်းအစများမှာ ချက်ချင်းပင် တုန်ခါမှုကြောင့် ပြိုကွဲသွားကြသည်။
အနီးအနားမှ ရေကန်ကမ်းပါးသည် ရေလောင်းထည့်လိုက်သော ဆီအိုးကဲ့သို့ ပေါက်ကွဲသွားသည်။ မူလက စီးဆင်းနေသော ငွေရောင်အရည်များသည် မရေမတွက်နိုင်သော ငွေရောင်အလုံးလေးများအဖြစ် ပေါက်ကွဲထွက်လာပြီး နတ်သမီး ပန်းကြဲသကဲ့သို့ နေရာအနှံ့ လွင့်စင်ကျရောက်သွားကာ ယခင်ကကဲ့သို့ သက်ဝင်လှုပ်ရှားမှု မရှိတော့ပေ။
ဆက်ရန်...
အပိုင်း(၃၂၄)ကယ်တင်ခြင်း
"မြေလှိုင်း" တိုက်ကွက်တစ်ခုတည်းဖြင့် မီတာတစ်ရာပတ်လည်အတွင်းရှိ အရာအားလုံးကို ရှင်းလင်းလိုက်ရာ ပဲစေ့အရွယ်အစားရှိသော ဘောလုံးလေးများမှာ မြေပြင်တစ်ခုလုံး ပြည့်နှက်သွားပြီး ငွေရောင်အတိ လွှမ်းသွားသည်။
သို့သော် ဤသည်မှာ လော်ယွမ်အတွက်ရော၊ ပုံသဏ္ဌာန်ပြောင်းလဲနိုင်သောသတ္တဝါအတွက်ပါ အစပြုခြင်းသာ ဖြစ်သည်။
မိုင်ဝက်နီးပါး အရွယ်ရှိသော ဧရာမသတ္တဝါကြီးအတွက်မူ ဤမျှသောထိခိုက်မှုသည် ပြောပလောက်စရာ မရှိပေ။
သို့သော် ဤအချက်က ၎င်းကို "ဒေါသအမျက်ခြောင်းခြောင်းထွက်" စေရန် လုံလောက်ခဲ့သည်။
ပြဒါးကန်ကြီးသည် လေမတိုက်ဘဲ လှုပ်ရှားနေပြီး ရေဝဲများ အလိုလိုဖြစ်ပေါ်နေ၏။ သံမဏိထက် သိပ်သည်းဆမနိမ့်သော ဤပြဒါးကန်ကြီးမှာ လှုပ်ရှားလိုက်တိုင်း မိုးခြိမ်းသံကြီးများကဲ့သို့ ကျယ်လောင်သော အသံဗလံများ ထွက်ပေါ်နေသည်။
သို့သော် ဆန်းကြယ်လှသော အရည်ခန္ဓာကိုယ်နှင့် ကိုယ်ပွားများဖန်တီးနိုင်ခြင်းမှလွဲ၍ ၎င်း၌ ကြီးမားသောခန္ဓာကိုယ်သာရှိပြီး လုံလောက်သော တုံ့ပြန်နိုင်စွမ်း မရှိပေ။ တန်ချိန်သန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာ လေးလံသော ခန္ဓာကိုယ်ကြောင့် ၎င်းမှာ ရွေ့လျားရန်ပင် မဖြစ်နိုင်ပေ။
ကိုယ်ပွားများ ထုတ်လုပ်မှုကို အရှိန်မြှင့်ခြင်းမှလွဲ၍ ၎င်းတွင် ထိရောက်သော ခုခံမှုနည်းလမ်း လုံးဝမရှိပေ။
၎င်း၏အရည်ခန္ဓာကိုယ်ကို အပြည့်အဝနှိမ်နင်းနိုင်သော လော်ယွမ်နှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် စဉ်းတီတုံးပေါ်မှ ငါးတစ်ကောင်အဖြစ်သို့ လျှောကျသွားခဲ့ပြီဖြစ်ပြီး သေဆုံးရန်မှာ အချိန်မရွေး ဖြစ်လာနိုင်သည်။
ဘေးမှ စောင့်ကြည့်နေသော ဝူချင်းယုမှာမူ အံ့ဩမှင်တက်နေရန် အခြေအနေမရှိတော့ပေ။ ပြဒါးကန်မှ လှိုင်းလုံးကြီးများမှာ ကြီးမားသော အင်အားများဖြင့် သူမ၏ခန္ဓာကိုယ်ကို အကြိမ်ကြိမ် ရိုက်ခတ်နေပြီး မရေမတွက်နိုင်သော လက်သီးများဖြင့် ရင်ဘတ်ကို ထုနှက်နေသကဲ့သို့ ခံစားရသည်။ တစ်စက္ကန့်မပြည့်မီမှာပင် သူမ၏မျက်နှာမှာ ဖြူဖျော့သွားပြီး ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။
သူမ အံကိုကြိတ်ကာ အားတင်းတောင့်ခံထားလိုက်သည်။ ထုံကျဉ်မျှော်လင့်ချက်မဲ့နေသော နှလုံးသားထဲသို့ ခွန်အားအသစ်များ ဝင်ရောက်လာပြီး ပြောမပြတတ်သော မျှော်လင့်ချက်တစ်ခု ရင်ထဲမှ ပေါက်ဖွားလာသည်။ သူမသည် ခေါင်းကိုမော့ကာ ငွေရောင်လှိုင်းလုံးများအောက်သို့ နစ်မြုပ်မသွားစေရန် အစွမ်းကုန် ကြိုးစားနေ၏။
..................................................................
လော်ယွမ် ခြေတစ်လှမ်းလှမ်းလိုက်တိုင်း "မြေလှိုင်း" တစ်ကြိမ် အသက်ဝင်သွားသည်။ ဆက်တိုက်တုန်ခါမှုများကြောင့် ဧရိယာတစ်ခုလုံးတွင် အဆင့် ၃၊ ၄ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ကျောက်တုံးကျောက်ခဲများ အပေါ်မှ ပြုတ်ကျလာသည်။ မြေကျွင်းပြိုကျနိုင်ခြေရှိသော်လည်း လော်ယွမ် ဂရုမစိုက်နိုင်တော့ပေ။
ကံကောင်းသည်မှာ ငွေရောင်အရည်၏ သိပ်သည်းဆမှာ အလွန်မြင့်မားပြီး စေးပျစ်မှုမှာလည်း အံ့မခန်းဖြစ်သဖြင့် စီးဆင်းနိုင်စွမ်း အလွန်နည်းပါးခြင်းဖြစ်သည်။ လော်ယွမ်၏ ဆက်တိုက်တိုက်ခိုက်မှုအောက်တွင် ပြဒါးကန်ကြီးမှာ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး အသက်မရှိသော ဇီဝသတ္တုပုံများအဖြစ် ပြောင်းလဲသွားသည်။ အကယ်၍ ရေကဲ့သို့ စီးဆင်းလွယ်ပါက လော်ယွမ် အမောဆို့သေသွားလျှင်ပင် ဤသတ္တဝါကြီးကို ဖျက်ဆီးနိုင်မည်မဟုတ်ပေ။
သို့သော် ထိုသို့ဖြစ်လင့်ကစား မြေကြီးထဲမှ လော်ယွမ့်စီသို့ အဆက်မပြတ် စီးဝင်နေသော စွမ်းအားများမှာ တဖြည်းဖြည်း မလုံမလောက်ဖြစ်လာပြီး "မြေလှိုင်း" ၏ အကျယ်အဝန်းမှာလည်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်။ သူ၏ရင်ထဲတွင် မနိုင်ဝန်ထမ်းရသလို ခံစားချက်မျိုး ဖြည်းဖြည်းချင်း ကြီးထွားလာသည်။
"မြေလှိုင်း" မှာ အကန့်အသတ်မရှိ အသုံးပြုနိုင်သည်မဟုတ်ပေ။ စိတ်စွမ်းအားနှင့် ကာယခွန်အားကို အသုံးပြုရသည်။ ယခုအချိန်တွင် သူသည် အကြိမ်လေးငါးဆယ်ခန့် အသုံးပြုပြီးဖြစ်သဖြင့် အကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော် ပြဒါးကန်ကြီးမှာ တစ်ဝက်ကျော် ကျန်ရှိနေသေးသည်။
သူ အားတင်း၍ အကြိမ်အနည်းငယ် ထပ်မံအသုံးပြုလိုက်ပြီးနောက် နှလုံးခုန် မူမမှန်ဖြစ်သွားကာ "မြေလှိုင်းကြိမ်နှုန်း" အခြေအနေမှ အလိုအလျောက် ထွက်ခွာသွားခဲ့ရသည်။
သူ၏တစ်ကိုယ်လုံးမှ အပူငွေ့များ ထွက်ပေါ်နေပြီး အရေပြားမှာ နီရဲကာ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကို ထုတ်လွှတ်နေသည်။ အသက်ရှူသံမှာလည်း လေမှုတ်စက်ကဲ့သို့ ပြင်းထန်နေသည်။ သူသည် ကြီးမားနေဆဲဖြစ်သော ပြဒါးကန်ကြီးနှင့် ပေ၃၀၀အကွာမှ မျှော်လင့်တကြီးကြည့်နေသော ဝူချင်းယုကို ပင်ပန်းနွမ်းနယ်စွာကြည့်ရင်း ခေါင်းကိုခါလိုက်ကာ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်တစ်ခု ပေါ်ထွက်လာသည်။
ယခုမစ်ရှင်မှာ ပြီးမြောက်နိုင်တော့မည်မဟုတ်ပေ။ စိတ်စွမ်းအားနှင့် ကာယခွန်အား ပြန်လည်ပြည့်ဝရန် အနည်းဆုံး ခြောက်နာရီ၊ ခုနစ်နာရီခန့် ကြာမြင့်မည်ဖြစ်သည်။ ထိုအချိန်ရောက်မှသာဆိုလျှင် သူမကို ကယ်တင်နိုင်တော့မည်မဟုတ်ပေ။
လော်ယွမ်၏အကြည့်ကို သတိပြုမိလိုက်သော ဝူချင်းယုမှာ တစ်ချက်ကြောင်သွားပြီး မျက်နှာမှာ ပြန်လည်ညှိုးငယ်သွားကာ မျက်ရည်များ စီးကျလာသည်။
သူမ သေချင်စိတ်ပေါက်သွားပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် လော်ယွမ် စိတ်မကောင်းဖြစ်သွားကာ အလျင်အမြန် ပြောလိုက်သည် "ဝူချင်းယု... လက်မလျှော့လိုက်နဲ့ ခဏတောင့်ခံထားဦး... ကျွန်တော်အားပြန်ပြည့်တာနဲ့ ကယ်ပေးမယ်"
ဝူချင်းယု၏မျက်နှာတွင် မျှော်လင့်ချက်ရောင်ခြည် ပြန်လည်သန်းလာသည်။ "ရှင် တကယ်ကယ်ပေးမှာလား"
"ကျွန်တော် ကယ်ပေးမှာပါ... ခင်ဗျားသာ အသက်ရှင်စိတ်ရှိဖို့လိုတယ်... အော်ဒါနဲ့ကျွန်တော်က ခင်ဗျားတို့ရဲ့အဖွဲ့သားအသစ်ပဲ... နောက်ကျအလုပ်အတူ တွဲလုပ်ကြတာပေါ့" ရှင်သန်ချင်စိတ် ပြန်လည်ရရှိလာသော မိန်းကလေးကိုကြည့်ရင်း လော်ယွမ် အားတင်းပြုံးလိုက်သော်လည်း မျက်နှာမှာ ခါးသက်နေသည်။
ပြဒါးကန်ကြီးမှာ စီးဆင်းမှုနှေးကွေးသော်လည်း အရည်အခြေအနေတွင် ရှိနေဆဲဖြစ်သည်။ ခြောက်နာရီ၊ ခုနစ်နာရီကြာပြီးနောက် ဤပြဒါးကန်ကြီးမှာ မူလအတိုင်း ပြန်လည်ကြီးမားလာပေလိမ့်မည်။ ထိုအခါကျလျှင် သူ ဘာမှတတ်နိုင်တော့မည်မဟုတ်ပေ။
"ကျွန်မလည်း အသက်ရှင်ချင်တာပေါ့... ရှင် မြန်မြန်လုပ်နော်... မဟုတ်ရင် ကျွန်မ ဆက်ပြီးတောင့်ခံနိုင်တော့မယ်မထင်ဘူး" ဝူချင်းယုက အားတင်းပြုံးရင်း ပြောလိုက်သည်။
"မပူပါနဲ့... ခင်ဗျားထင်တာထက် ပိုမြန်မှာပါ" လော်ယွမ်က ပြောသည် "ကျွန်တော် ဒီနားမှာပဲ အားပြန်ဖြည့်လိုက်ဦးမယ်... ခင်ဗျားမြင်ရတဲ့နေရာမှာပဲ နေမှာပါ"
ဝူချင်းယု ခေါင်းကို အားပါးတရညိတ်လိုက်ပြီး မျက်ရည်များ မထိန်းနိုင်ဘဲ စီးကျလာသည်။
လော်ယွမ် ဖြည်းညင်းစွာ လေပေါ်သို့ ပျံတက်သွားသည်။ သူ ပို၍ပို၍ မြင့်မားစွာ ပျံတက်သွားပြီး ပေ၁၂၀၀အကွာရှိ ကျောက်နံရံတစ်ခုပေါ်မှ လူဝင်ဆံ့သော ချိုင့်ခွက်တစ်ခုကို ရွေးချယ်ကာ ဆင်းသက်လိုက်ပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။
သူ အောက်ဘက်မှ ပြဒါးကန်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ အတွေးများကို ဖယ်ရှားလိုက်ပြီး မျက်လုံးမှိတ်၍ တရားမှတ်လိုက်သည်။
......................................................................................................
အချိန်များ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားသည်။ မည်မျှကြာသွားသည်မသိ အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေတွင် လော်ယွမ် ရုတ်တရက် လန့်နိုးလာခဲ့သည်။ သူ အချိန်ကိုကြည့်လိုက်ရာ မျက်နှာပျက်သွားသည်။ မသိလိုက်မသိဘာသာဖြင့် ငါးနာရီကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး မစ်ရှင်ပြီးဆုံးရန် နာရီဝက်ခန့်သာ လိုတော့သည်။
သူ ချက်ချင်းမတ်တပ်ထရပ်လိုက်ပြီး အောက်သို့ အလျင်အမြန်ပျံဆင်းသွားသည်။
ပြဒါးကန်ကြီးမှာ ပြန်လည်ငြိမ်သက်သွားပြီဖြစ်သည်။ ဧရိယာမှာ မူလအတိုင်း ပြန်လည်မကြီးမားသေးသော်လည်း လေးပုံသုံးပုံခန့် ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ အစွန်းဘက်သို့ ရောက်နေခဲ့သော ဝူချင်းယုမှာ ပြဒါးကန်အလယ်သို့ ပြန်လည်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
သူမ မျက်လုံးများမှိတ်ထားပြီး အိပ်ပျော်နေသကဲ့သို့ ရှိသော်လည်း မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေသည်။ ပြဒါးကန်၏ "ရေမျက်နှာပြင်" မှာ သူမ၏ ရင်ဘတ်နားအထိ ရောက်ရှိနေပြီး မရေမတွက်နိုင်သော ငွေရောင် "အသားစိုင်" များမှာ သူမ၏ ဒဏ်ရာများပေါ်တွင် ရှုပ်ထွေးပွေလီစွာ လှုပ်ရှားနေကြသည်။
လော်ယွမ်၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွားသည်။ သူ မစ်ရှင်လက်ခံထားပြီးဖြစ်၍ မစ်ရှင်မရှုံးနိမ့်သေးသောကြောင့်သာ သူမ အသက်ရှင်နေသေးကြောင်း သိရခြင်းဖြစ်သည်။ သို့မဟုတ်ပါက သူမ သေဆုံးသွားပြီဟု သူ ထင်မှတ်မိပေမည်။ သို့သော် သူမသည် သေလုမြောပါးအခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး ကြာရှည်ခံနိုင်တော့မည်မဟုတ်ပေ။
သူ၏စိတ်ထဲတွင် လေးလံသွားသည်။ ယခုအချိန်တွင် သူ၏ခွန်အားမှာ ပြန်လည်ပြည့်ဖြိုးလာပြီဖြစ်သော်လည်း စိတ်စွမ်းအားမှာမူ အပြည့်အဝပြန်မရသေးဘဲ အကောင်းဆုံးအခြေအနေ၏ သုံးပုံနှစ်ပုံခန့်သာ ရှိသေးသည်။ ဤအခြေအနေဖြင့် ဝူချင်းယုကို ကယ်ထုတ်ရန် မဖြစ်နိုင်ပေ။
"တခြားနည်းလမ်း ရှိဦးမှာပါ" လော်ယွမ် စိတ်ထဲတွင် တွေးတောရင်း ရှေ့မှ ပြဒါးကန်ကြီးကို ကြည့်လိုက်သည်။
ရုတ်တရက် သူ အကြံတစ်ခုရလိုက်သည်။ ဤသတ္တဝါမှာ သာမန်သတ္တဝါများနှင့် ကွဲပြားသော်လည်း တူညီသောအချက်တစ်ချက်ရှိနိုင်သည်။ ၎င်းတွင်"နာမ်ဝိညာဉ်" ရှိရမည်။ ၎င်း၏အဆင့်က မြင့်မားသော်လည်း ပုံသဏ္ဌာန်နှင့် ဉာဏ်ရည်မှာ သာမန်ပိုးကောင်များကဲ့သို့ အလွန်ရှေးကျသော အခြေအနေတွင် ရှိနေနိုင်သည်။
စနစ်က အစိမ်းရင့်ရောင်အဆင့်ဟု သတ်မှတ်ထားသော သက်ရှိတစ်ကောင်သည် ဤမျှကြောက်မက်ဖွယ်မကောင်းနိုင်ပေ။ သေစေနိုင်သော အားနည်းချက်တစ်ခု ရှိရမည်။ ဖြစ်နိုင်သည်မှာ ၎င်း၏ အရံအရည်အသွေးများ အလွန်နိမ့်ကျနေခြင်း ဖြစ်နိုင်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် လွယ်ကူသွားပြီဖြစ်သည်။
စိတ်စွမ်းအားတိုက်ခိုက်မှုအောက်တွင် ဤရှေးကျသောသက်ရှိမှာ လုံးဝခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။
သူ ယခင်က မစဉ်းစားမိခြင်းမှာ မသိစိတ်က ဤနည်းလမ်းကို ငြင်းပယ်နေသောကြောင့်ဖြစ်သည်။ ဤစွမ်းရည်မှာ သူ့ကို ချစ်စေသလို မုန်းလည်းမုန်းစေသည်။ ချစ်သည်မှာ ၎င်း၏စွမ်းအားကြီးမားမှုကြောင့်ဖြစ်ပြီး စိတ်စွမ်းအားမမြင့်မားသော သက်ရှိများ ခုခံနိုင်စွမ်းမရှိပေ။ မုန်းသည်မှာ ၎င်း၏နောက်ဆက်တွဲဆိုးကျိုးများ ပြင်းထန်လှသောကြောင့်ဖြစ်သည်။
ခေါင်းကိုက်ခြင်းမှာ အသေးအဖွဲ့သာဖြစ်ပြီး လေးဘက်မြင်လောကအာရုံကြောင့် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာမည်ကိုသာ သူ အစိုးရိမ်ဆုံးဖြစ်သည်။ လေးဘက်မြင်လောကမှ အဆုံးအစမရှိသော သတင်းအချက်အလက်များ ဝင်ရောက်လာခြင်းမှာ ကစားစရာမဟုတ်ပေ။ ပြင်းထန်လျှင် စိတ်ဝိညာဉ်ပျက်စီးသွားနိုင်ပြီး အခြေအနေမဆိုးလျှင် ဦးနှောက်အလုပ်မလုပ်တော့ဘဲ ဖြစ်သွားနိုင်သည်။
သို့သော် ယခုအချိန်တွင်မူ သူ ရွေးချယ်စရာမရှိတော့ပေ။ ဖြစ်နိုင်သည်မှာ တစ်ကြိမ်တည်းဖြင့် ပြင်းထန်သောဆိုးကျိုးများ ဖြစ်ပေါ်လာမည်မဟုတ်ပေ။
သူ မျက်နှာကို အားဖြင့်ပွတ်သပ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူသွင်းလိုက်သည်။
ပတ်ဝန်းကျင်မှ စိတ်စွမ်းအားများမှာ ဦးနှောက်ထဲသို့ အားကုန်ကျုံ့ဝင်လာပြီး ဖိသိပ်လာသည်။ မကြာမီမှာပင် ဦးနှောက်ထဲတွင် ပြည့်ကျပ်လာသလို ခံစားလိုက်ရသည်။ သူ အံကိုကြိတ်ကာ ပြဒါးကန်ကြီးဆီသို့ ခြေလှမ်းသွက်သွက်လျှောက်သွားရင်း ဆက်လက်ကျုံ့ဝင်စေလိုက်သည်။
ထိုအချိန်တွင် မတော်တဆမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်မှ စိတ်စွမ်းအားများ ရေစီးကြောင်းကဲ့သို့ ဦးနှောက်ထဲသို့ စီးဝင်လာသည်နှင့်အမျှ...
မျက်လုံးများတွင် ရောင်စုံစိုပြေသော ပုံရိပ်များ ရုတ်တရက် ပေါ်ထွက်လာပြီး နှဖူးတွင်ပတ်ထားသော ပလာစမာအလွှာမှာ အာနိသင်မဲ့သွားသကဲ့သို့ ဖြစ်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သူ၏ဦးနှောက်မှာ ဗလာကျင်းသွားပြီး အသိစိတ်ပင် ခေတ္တမျှ ပျောက်ကွယ်သွားခဲ့သည်။
သတိပြန်ဝင်လာသောအခါ သူ ယိုင်နဲ့သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။
မျက်မှောင်ကြားတွင် ဟာလာဟင်းလင်းဖြစ်သွားပြီး ခန္ဓာကိုယ်မှာလည်း အားကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ပျော့ခွေနေပြီး မတ်တပ်ပင် မရပ်နိုင်တော့ပေ။ အသိစိတ်လွတ်သွားသော အချိန်တိုအတွင်းတွင် ထူးဆန်းသောအရာတစ်ခုခု ဖြစ်ပျက်သွားပုံရသည်။
သို့သော် ယခုအချိန်တွင်မူ သူ သေချာစဉ်းစားနေရန် အချိန်မရှိတော့ပေ။ သူ ပြဒါးကန်ကြီးကို အလျင်အမြန် ကြည့်လိုက်သည်။
သူ ချက်ချင်းပင် ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်သွားသည်။ ပြဒါးကန်ကြီးမှာ ကြောက်မက်ဖွယ်အရှိန်ဖြင့် လျင်မြန်စွာ ခဲသွားသည်ကို တွေ့လိုက်ရသောကြောင့်ပင်တည်း။ တစ်စက္ကန့်အတွင်းမှာပင် ပြဒါးကန်တစ်ခုလုံး လှုပ်ရှားမှုရပ်တန့်သွားပြီး ဧရာမငွေရောင်သတ္တုပြားကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ အပေါ်တွင် လှိုင်းတွန့်များပင် ထင်ကျန်ရစ်နေသေးသည်။
လော်ယွမ် သတိပြန်ဝင်လာပြီး မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာအမူအရာ ပေါ်ထွက်လာသည်။
ပြီးနောက် သူ ကျန်းမာတောက်ဓားကို ကိုင်ဆောင်ကာ ယိုင်နဲ့နဲ့ဖြင့် ဝူချင်းယုရှိရာသို့ ပြေးသွားလိုက်သည်။
ဆက်ရန်...