← Chapters

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အခန်း (၃၃၇-၃၃၈)

Vol. 17 Ch. 337-338

အပိုင်း(၃၃၇)ပုံရိပ်ယောင်

သဘာဝလောကတွင် ကိုယ်တိုင် အလင်းထုတ်လွှတ်နိုင်သော အရာဝတ္ထုမှာ အလွန်ရှားပါးလှပြီး အမျိုးအစားအနည်းငယ်သာရှိရာ ၎င်းတို့အားလုံးမှာ ရေဒီယိုသတ္တိကြွ ပစ္စည်းများ ဖြစ်ကြသည်။

ဤပစ္စည်းများသည် ခြွင်းချက်မရှိ ကြီးမားသောစွမ်းအင်များ ပါဝင်နေကြသည်။ ယူရေနီယမ်သန့်စင်ပြီးသား တစ်ဂရမ်ကို ဥပမာထားကြည့်လျှင် အနုမြူပြိုကွဲမှုဖြစ်စဉ်မှ ၂×၁၀^၁၀ ဂျိုးလ်စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။ ၎င်းသည် လျှပ်စစ်ထုတ်လုပ်ရန်အတွက် မီးသွေး ၁.၅ တန် အသုံးပြုသည်နှင့် ညီမျှပြီး လျှပ်စစ်ဓာတ်အား ၅၅၅၅.၅၆ ယူနစ် ထွက်ရှိစေသည်။ သာမန်ဟု ထင်ရသော်လည်း ထွက်ပေါ်လာသော စွမ်းအင်သည် သံမဏိ ခုနစ်တန်၊ ရှစ်တန်ခန့်ကို သံရည်ပူအဖြစ် အရည်ပျော်သွားစေနိုင်ပြီး လူတစ်ဦးကိုလည်း အကြိမ်ပေါင်းများစွာ ပြာကျသွားစေနိုင်သည်။

သို့သော် လူက ဖန်တီးထားသော အနုမြူပြိုကွဲမှုမဟုတ်ပါက ယူရေနီယမ်၏ သက်တမ်းတဝက်သည် နှစ်သန်းပေါင်းများစွာ ကြာမြင့်သည်။ ယူရေနီယမ်တစ်ဂရမ်သည် သဘာဝအတိုင်း ဆွေးမြေ့မည်ဆိုပါက ၎င်း၏စွမ်းအင်ထက်ဝက်ကို ကုန်ဆုံးရန် နှစ်သန်းပေါင်းများစွာ ကြာမြင့်မည်ဖြစ်ပြီး တစ်စက္ကန့်လျှင် ဓာတ်ရောင်ခြည်အဖြစ် ထုတ်လွှတ်သော စွမ်းအင်မှာ အလွန်နည်းပါးလှရာ လျစ်လျူရှုထားနိုင်သည်။

ဤသလင်းကျောက်တုံးမှာမူ မည်သည့်အရာဝတ္ထုဖြစ်သည်ကို မသိရသော်လည်း တစ်ချက်သေချာသည်မှာ ရေဒီယိုသတ္တိကြွပစ္စည်း လုံးဝမဟုတ်ပေ။ ထို့အပြင် ဤကဲ့သို့ အလင်းနှင့်အပူပုံစံဖြင့် စွမ်းအင်ထုတ်လွှတ်နေခြင်းသည် နှစ်အနည်းငယ်အတွင်း စွမ်းအင်ကုန်ခမ်းသွားနိုင်ဖွယ်ရှိသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ဤတက်ကြွစွမ်းအင်အစိုင်အခဲမှ ထုတ်လွှတ်သော အလင်းနှင့်အပူသည် ယူရေနီယမ်သန့်စင်ပြီးသားထက် အဆပေါင်းထောင်ချီ၍ ပိုမိုအားကောင်းသည်။ ထို့အပြင် အလေးချိန်မှာလည်း ဂရမ်ငါးဆယ်ကျော် ရှိနေသည်။ အတွင်း၌ စွမ်းအင်မည်မျှ ပါဝင်နေသည်ကို ခန့်မှန်းရခက်လှသည်။ အဆင့်ရှစ် သန္ဓေပြောင်းသတ္တဝါ၏ ကြောက်မက်ဖွယ်အစွမ်းနှင့် ကြီးမားသော ကိုယ်ခန္ဓာကို ထည့်သွင်းစဉ်းစားပါက ၎င်းတွင်ပါဝင်သော စွမ်းအင်သည် ယူရေနီယမ်သန့်စင်ပြီးသား တစ်ဂရမ်ထက် လျော့နည်းလိမ့်မည်မဟုတ်ဟု လော်ယွမ် ခန့်မှန်းမိသည်။

လော်ယွမ်သည် မျက်နှာတည်ကြည်စွာဖြင့် ဖန်ပြွန်ကို ချထားလိုက်သည်။ ဤအရာသည် အလွန်အန္တရာယ်များလှသောကြောင့် ထိုဦးချိုကို အရင်စီမံပြီးမှ ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

သူသည် ဖန်ပြွန်ကို သေတ္တာထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်ပြီး အဖုံးပိတ်လိုက်သည်။ ထို့နောက် ဘေးနားရှိ ဝက်အူရစ်ပုံစံ ဦးချိုထည့်ထားသော စက္ကူသေတ္တာကို ဆွဲဖွင့်လိုက်သည်။

စက္ကူသေတ္တာထဲတွင် ၆ပေနီးပါးရှည်သော သစ်သားသေတ္တာရှည်တစ်ခု ရှိနေသည်။ သေတ္တာ၏ သစ်သားမှာ သိပ်သည်းပြီး အရောင်ရင့်ကာ သတ္တုနှင့် တူနေသည်။ အမျိုးအမည်ခွဲခြားအစွမ်းမသုံးဘဲနှင့်ပင် အပြာရင့်ရောင်အဆင့် သစ်သားတစ်မျိုးဖြစ်မည်ဟု လော်ယွမ် အကြမ်းဖျင်း ခန့်မှန်းမိသည်။

သစ်သားသေတ္တာကို အခြောက်ခံထားသော ကြိမ်နွယ်များဖြင့် တင်းကျပ်စွာ စည်းနှောင်ထားပြီး လေလုံအောင် ပိတ်ထားသည်။ လော်ယွမ် အားကုန်ဆွဲဖြဲကြည့်သော်လည်း မပြတ်ဘဲ စိတ်စွမ်းအားကို အသုံးပြုမှသာ ထိုမာကျောသော ကြိမ်နွယ်များကို တစ်ချောင်းချင်း ဖြတ်တောက်နိုင်ခဲ့သည်။

သူ သေတ္တာကို ဖွင့်ရန် ပြင်လိုက်စဉ် သေတ္တာအဖုံးကြားသို့ လက်ချောင်းအနည်းငယ် ထိမိရုံရှိသေး၊ လက်ချောင်းများ ထုံကျင်သွားပြီး အပ်ဖြင့်ထိုးသကဲ့သို့ ခံစားလိုက်ရသည်။ သူ လက်ကို အလျင်အမြန် ပြန်ရုတ်လိုက်ပြီး ကြည့်လိုက်ရာ လက်ချောင်းပေါ်တွင် သေးငယ်သော အနီစက်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

အကယ်၍ သူ၏အရေပြားသာ မာကျောခြင်းမရှိပါက သွေးထွက်သံယို ဖြစ်သွားလောက်ပြီဖြစ်သည်။

ဦးချိုက ဤမျှပင်ကြောက်မက်ဖွယ်ကောင်းနေသည်။ ဖြတ်တောက်ထားသော အသက်မဲ့ပစ္စည်းဖြစ်ပြီး မူလအစွမ်း၏ တစ်ဝက်ခန့်ပင် မရှိတော့သော်လည်း ဤမျှပြင်းထန်နေသေးသည်။ ဦးချိုသည် သန္ဓေပြောင်းသတ္တဝါ၏ ကိုယ်ပေါ်တွင် ရှိနေစဉ်က မည်မျှကြောက်မက်ဖွယ်ကောင်းသော လက်နက်ဖြစ်ခဲ့မည်ကို လော်ယွမ် စိတ်ကူးပင် မယဉ်နိုင်တော့ပေ။ ထိတွေ့ခြင်းမရှိဘဲနှင့်ပင် ရန်သူကို အပေါက်ပေါင်းများစွာ ဖြစ်သွားစေနိုင်သည်။

သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး လုံးဝပေါ့ဆမနေရဲတော့ပေ။ စိတ်စွမ်းအားကို စုစည်းလိုက်ရာ ကိုယ်ခန္ဓာပေါ်တွင် ပျော့ပျောင်းသော စိတ်စွမ်းအားအလင်းပါးလွှာတစ်ခု ဖုံးလွှမ်းသွားသည်။ သူ သစ်သားသေတ္တာကို ညင်သာစွာ ဖွင့်လိုက်ရာ မျက်လုံးများ အလိုလို မှေးစင်းသွားသည်။ အကယ်၍ စိတ်စွမ်းအားဖြင့် ကြိုတင်ကာကွယ်မထားပါက မျက်စိဖွင့်ကြည့်ရန်ပင် မဖြစ်နိုင်ပေ။ ပလက်တီနမ်ရောင် ဦးချိုတစ်ခုလုံးသည် ထက်မြက်သော အရှိန်အဝါဖြင့် တောက်ပနေပြီး မမြင်ရသော စွမ်းအားတစ်ခု လေထုထဲတွင် ရမ်းကားဖြတ်တောက်နေသကဲ့သို့ ရှိနေသည်။ ထိုစွမ်းအားကြောင့် ဦးချိုအောက်မှ သစ်သားသေတ္တာသည် လခြမ်းပုံသဏ္ဌာန် စားသွားပြီး သစ်သားမှုန့်များ အောက်ခြေတွင် ထူထဲစွာ စုပုံနေသည်။

ဝက်ဘ်ဆိုက်ပေါ်မှ ပုံများနှင့် နှိုင်းယှဉ်လျှင် အပြင်လက်တွေ့မြင်ကွင်းသည် ဦးချို၏ အစွမ်းထက်မြက်မှုကို တထောင်ပုံတစ်ပုံပင် ဖော်ပြနိုင်ခြင်းမရှိပေ။

လော်ယွမ်သည် လက်ကိုဆန့်ထုတ်၍ ဦးချိုကို ထိတွေ့လိုက်ရာ စိတ်စွမ်းအားများ အဆက်မပြတ် ကုန်ဆုံးနေသည်ကို ခံစားလိုက်ရသဖြင့် မျက်နှာပေါ်တွင် ဝမ်းမြောက်မှုအပြုံးများ ပေါ်လာသည်။ မူလ ကျန်းမာတောက်ဓားသည်လည်း ထက်မြက်သော အရှိန်အဝါရှိသော်လည်း ခံစားချက်မျှသာဖြစ်သည်။ ယခု လက်တွေ့မြင်ရသော စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ဆရာကန်တော့ပွဲနှင့် ကျောင်းသားပွဲကဲ့သို့ ကွာခြားလွန်းလှသည်။

သူ အမျိုးအမည်ခွဲခြားအစွမ်းကို အသုံးပြုလိုက်သည်။

အမည် - အရိပ်နတ်မြင်းပျံ၏ ဦးချို

ရှားပါးမှုအဆင့် - အစိမ်းရင့်ရောင်

အလေးချိန် - ၆၅ ကီလိုဂရမ်

ထပ်တိုးအစွမ်း - ဆွဲဖြဲခြင်း၊ သွေးထွက်လွန်စေခြင်း

သုံးသပ်ချက် - အရိပ်နတ်မြင်းပျံသည် လျှင်မြန်မှု၏ အချစ်တော်ဖြစ်သည်။ ပိုင်နက်နယ်မြေ အတည်တကျမရှိဘဲ စိတ်ပါဝင်စားရာ နေရာဒေသများသို့ သွားလာတတ်သည်။ အမြန်နှုန်းနှင့် ဦးချိုသည် မိမိကိုယ်ကို ကာကွယ်ရန် လက်နက်များဖြစ်သည်။

လော်ယွမ် တစ်ချက်ကြည့်လိုက်ရာ ဦးချို၏ ထပ်တိုးအစွမ်းသည် ကျန်းမာတောက်ဓားနှင့် အလွန်ကိုက်ညီမှုရှိကြောင်း တွေ့ရှိလိုက်ရသည်။ ဓားဆိုသည်မှာ ထက်မြက်လျှင် ပြီးပြီ။ အခြားရှုပ်ထွေးသော စွမ်းရည်များသည် လော်ယွမ်အတွက် အသုံးမဝင်ပေ။

သူ ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားထိပ်ဖျားတွင် စိတ်စွမ်းအားများ စုဝေးနေသည်။ ထို့နောက် ဓားကို ပြောင်းပြန်ကိုင်၍ ဦးချိုအလယ်တည့်တည့်သို့ အားကုန်ထိုးစိုက်လိုက်ပြီး ပေါင်းစပ်အစွမ်းကို အသုံးပြုလိုက်သည်။

တဖြည်းဖြည်းနှင့် ဦးချိုသည် ပူနွေးလာပြီး အပူလှိုင်းများ ထွက်ပေါ်လာသည်။ ဓားကို ဗဟိုပြု၍ ဦးချို၏ ပလက်တီနမ်ရောင်သည် လျင်မြန်စွာ မှေးမှိန်သွားပြီး အမှုန့်များ တဖွဲဖွဲ ကျဆင်းလာသည်။ ထို့အတူ အဖြူရောင်အောက်ခံ အနက်ရောင်အစင်းများပါသော ကျန်းမာတောက်ဓားပေါ်တွင် ပလက်တီနမ်ရောင် အရိပ်အယောင်များ ပေါ်လာပြီး မမြင်ရသော စွမ်းအားတစ်ခု ဓားပေါ်တွင် ပျံ့နှံ့လာသည်။

အချိန်သည် တဖြည်းဖြည်း ကုန်လွန်သွားပြီး ဦးချိုအများစုက ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားကာ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပြီး ဆက်လက်ပေါင်းစပ်၍ မရတော့ပေ။

လော်ယွမ် ဓားကို ဆွဲထုတ်ကြည့်လိုက်ရာ ကျန်းမာတောက်ဓားတစ်ခုလုံးသည် စစ်မှန်သော လူသတ်လက်နက်အဖြစ်သို့ ပြောင်းလဲသွားပြီဖြစ်သည်။ ဓားတစ်လက်လုံး ထက်မြက်သော အရှိန်အဝါဖြင့် တောက်ပနေပြီး ဖိအားပေးမှုများ ပါဝင်နေသည်။ အဝေးမှကြည့်ရုံဖြင့် အပ်ဖြင့်ထိုးသကဲ့သို့ ခံစားရစေသည်။ သူ၏စိတ်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ဓားပေါ်မှ ဆွဲဖြဲနိုင်သော ထက်မြက်သည့် အရှိန်အဝါအားလုံး ရုတ်တရက် ပြန်လည်သိမ်းဆည်းသွားပြီး ဓားသွားပေါ်တွင် စုစည်းသွားသည်။ ယခင်က မသိစိတ်ဖြင့် ထုတ်လွှတ်နေသော စွမ်းအားထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော ထက်မြက်သည့် စွမ်းအားတစ်ခု လေထုထဲတွင် ရမ်းကားဖြတ်တောက်နေသည်။

မူလက ဦးချိုထည့်ထားသော သစ်သားသေတ္တာကို ကြည့်ပြီး ကျန်းမာတောက်ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ဓားထိပ်ဖျားသည် သစ်သားသေတ္တာအပေါ်မှ ဖြတ်သန်းသွားပြီး ထိတွေ့ခြင်းပင်မရှိပေ။ နှစ်ခုကြား အကွာအဝေးမှာ တစ်ပေခန့် ကွာဝေးနေသေးသည်။ သို့သော် အံ့ဩစရာအဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ကျန်းမာတောက်ဓား လျင်မြန်စွာ ဖြတ်သန်းသွားသည်နှင့် သစ်သားသေတ္တာတစ်ခုလုံး အသံတိတ် နှစ်ပိုင်းကွဲသွားတော့သည်။

ဖြတ်ပိုင်းရာမှာ ချောမွေ့ပြောင်လက်နေပြီး မှန်သားပြင်တစ်ခုအလားပင်။

စုစည်းထားသော ဤထက်မြက်သည့် စွမ်းအားသည် ၁ပေခွဲခန့် ရှည်လျားပြီး အလွန်ထက်မြက်လှသည်။ ၁ပေခွဲကျော်လွန်သွားပါက ဤစွမ်းအားသည် လုံးဝပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ တဖြည်းဖြည်း အားနည်းသွားခြင်းသာဖြစ်ကာ သစ်သားသေတ္တာကို ဖြတ်တောက်နိုင်စွမ်း မရှိတော့ပေ။

အကယ်၍ ဤမျှသာဖြစ်ပါက ဤစွမ်းအားသည် အထောက်အကူပြု စွမ်းအားတစ်ခုသာ ဖြစ်ပေလိမ့်မည်။ စိတ်စွမ်းအားဖြင့် ဖန်တီးထားသော ဓားသွားအလင်းတန်းက ၎င်းထက် အဆပေါင်းများစွာ ပိုမိုထက်မြက်သည်။

သို့သော် လော်ယွမ် စမ်းသပ်ကြည့်ရာ ဤထက်မြက်သော စွမ်းအားသည် စိတ်စွမ်းအားနှင့် အပြန်အလှန် အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ဤစွမ်းအားရှိနေခြင်းကြောင့် စိတ်စွမ်းအားသည် ရုပ်ခန္ဓာတစ်ခုရှိနေသကဲ့သို့ ပိုမိုတည်ငြိမ်ပြီး ထက်မြက်လာရုံသာမက အကွာအဝေးမှာလည်း ၄ပေခွဲအထိ တိုးချဲ့နိုင်ခဲ့သည်။ ပိုမိုအံ့ဩစရာကောင်းသည်မှာ စိတ်စွမ်းအားကုန်ဆုံးမှုမှာလည်း သိသိသာသာ လျော့နည်းသွားခြင်းပင်။

အမည် - အရိပ်ကျန်းမာတောက်ဓား

ရှားပါးမှုအဆင့် - အစိမ်းရင့်ရောင်

အလေးချိန် - ၂၄ ကီလိုဂရမ်

တိုက်ခိုက်စွမ်းအား - ၄၀-၄၆

ထပ်တိုးအစွမ်း - တိုက်ခိုက်နှုန်းအလျင် +၃

ထပ်တိုးအစွမ်း၂ - ပိုင်းဖြတ်ခြင်း (အလိုအလျောက်) ၎င်း၏ ထက်မြက်မှုသည် မည်သည့်အရာဝတ္ထုကိုမဆို လွယ်ကူစွာ ဖြတ်တောက်နိုင်သည်။ (အကျိုးသက်ရောက်မှု အလယ်အလတ်)

ထပ်တိုးအစွမ်း၃ - သွေးထွက်လွန်စေခြင်း (အလိုအလျောက်) ဒဏ်ရာမှ သွေးဆက်တိုက်ထွက်စေပြီး ကုသ၍မရနိုင်။

သုံးသပ်ချက် - ဤသည်မှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများပိုင်ဆိုင်သည့် ကျန်းမာတောက်ဓားတစ်လက်ဖြစ်သည်။ အလွန်ထက်မြက်ပြီး ပိုင်ရှင်မှလွဲ၍ အခြားမည်သူမျှ ကိုင်တွယ်နိုင်ခြင်းမရှိပေ။

စိတ်ထဲတွင် ပေါ်လာသော အစွမ်းထက်သည့် အချက်အလက်များကို ကြည့်ရင်း လော်ယွမ်၏ မျက်နှာတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။ အတိုင်းအတာတစ်ခုအရဆိုလျှင် ဤအစိမ်းရင့်ရောင်အဆင့် (အဆင့် ၇) ဦးချိုသည် လော်ယွမ်အတွက် သာမန် အဆင့် ၈ ပစ္စည်းများထက်ပင် တန်ဖိုးပိုရှိနေသည်။

တစ်ခုတည်းသော အဆင်မပြေမှုမှာ ဓားသည် အနည်းငယ်လေးလံသွားခြင်းပင်။ ပေါင်ငါးဆယ်နီးပါး ရှိနေသဖြင့် မူလကျန်းမာတောက်ဓားနှင့် အသားကျနေသော သူ့အတွက် ချက်ချင်းလက်ချက် မမိသလို ခံစားရစေသည်။ အသားကျအောင် အချိန်ယူ၍ လေ့ကျင့်ရဦးမည်။ ဤသေးငယ်သော အပြစ်အနာအဆာလေးမှလွဲ၍ ကျန်အရာအားလုံးမှာ ပြီးပြည့်စုံနေသည်။

ပေါင်းစပ်ပြီးနောက် ဦးချို သုံးပုံတစ်ပုံ ကျန်ရှိနေသေးသည်။ လော်ယွမ်က ဦးချိုကို ကောက်ယူပြီး အခန်းရှင်းလင်းရန် ပြင်လိုက်စဉ် ရုတ်တရက် အာမေဋိတ်သံတစ်ချက် ပြုလိုက်မိသည်။ ကျန်ရှိနေသော ဦးချိုတွင် ထက်မြက်သော စွမ်းအား လုံးဝပျောက်ကွယ်သွားသည်ကို တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။

အားလုံး ကျန်းမာတောက်ဓားထဲသို့ ပေါင်းစပ်သွားပြီလော။ သို့မဟုတ် ကျန်းမာတောက်ဓား၏ စွမ်းရည်စုပ်ယူမှုက အကန့်အသတ်မရှိ ဖြစ်နေပြီလော။

သူ၏ မျက်နှာအမူအရာမှာ မယုံနိုင်စရာဖြစ်နေသည်။ ဤအခြေအနေမျိုးကို ပထမဆုံးအကြိမ် သတိထားမိခြင်းဖြစ်သည်။ ယခင်က ကျန်းမာတောက်ဓားကို ပေါင်းစပ်ရာတွင် ပစ္စည်းမလုံလောက်၍ တစ်စက်မျှမကျန်အောင် ပေါင်းစပ်မိခြင်း သို့မဟုတ် စွမ်းရည်မှာ မထင်ရှားသဖြင့် အပြင်ပန်းကြည့်ရုံဖြင့် မဆုံးဖြတ်နိုင်ခြင်းတို့ကြောင့် သတိမထားမိခဲ့ခြင်း ဖြစ်နိုင်သည်။

သို့သော် သက်သေအထောက်အထား မလုံလောက်သဖြင့် ချက်ချင်းဆုံးဖြတ်၍မရသေးပေ။ နောင်တွင် သတိထားကြည့်ရမည်။

လော်ယွမ်သည် ကျန်းမာတောက်ဓား၏ ထက်မြက်သော အရှိန်အဝါအားလုံးကို ရုတ်သိမ်းလိုက်ပြီး သာမန်ဓားတစ်လက်ကဲ့သို့ ဖြစ်သွားစေကာ ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး ဘေးတွင် ချထားလိုက်သည်။

ဘေးနားရှိ သေတ္တာငယ်ကို ကြည့်ရင်း သူ၏စိတ်ထဲတွင် တစ်ဖန်ပြန်လည် လှုပ်ရှားလာပြန်သည်။ လူကို ချက်ချင်း အစွမ်းထက်လာစေနိုင်သည့် ဤပစ္စည်းမျိုးကို ချက်ချင်း လေ့လာမကြည့်ရလျှင် စိတ်ထဲတွင် ယားယံနေသကဲ့သို့ ခံစားရသည်။

သူ သေတ္တာကို ဖွင့်လိုက်ပြီး ဖန်ပုလင်းကို ဂရုတစိုက် ထုတ်ယူလိုက်သည်။ ပုလင်းဝမှ ဖယောင်းချက်ကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး အတွင်းမှ ဖော့ဆို့ကို ဆွဲထုတ်လိုက်သည်။

ထိုတစ်ခဏချင်းတွင် မထင်မရှား ဖိအားပေးအငွေ့အသက်တစ်ခု ပျံ့နှံ့လာရာ လော်ယွမ်၏ အသက်ရှူသံများ ရပ်တန့်သွားပြီး အမူအရာ လေးနက်သွားသည်။ ဤဖိအားသည် စစ်မှန်သော အဆင့်ရှစ် သန္ဓေပြောင်းသတ္တဝါနှင့် နှိုင်းယှဉ်လျှင် တသောင်းပုံတစ်ပုံပင် ရှိမည်မဟုတ်သော်လည်း သူ၏စိတ်ထဲတွင် ဖိစီးမှုတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာသည်။

သူ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ စစ်မှန်သော အဆင့်ရှစ် သန္ဓေပြောင်းသတ္တဝါသည် မည်မျှ အစွမ်းထက်မည်ကို မသိနိုင်သော်လည်း အနည်းငယ် တွေးကြည့်လိုက်ရုံဖြင့် ရင်ထဲမှ မျှော်လင့်ချက်ကင်းမဲ့သလို ခံစားရစေသည်။ ထိုအချိန်ကျလျှင် အရှိန်အဝါသက်သက်ဖြင့်ပင် သူ အနားကပ်နိုင်မည်မဟုတ်ဟု ထင်မိသည်။

လော်ယွမ် ခေါင်းခါလိုက်ပြီး မလိုအပ်သော အတွေးများကို မောင်းထုတ်လိုက်သည်။ သူ အချိန်ဆွဲမနေရဲတော့ပေ။ ဤတက်ကြွစွမ်းအင်အစိုင်အခဲသည် ဓာတ်ပြုလွယ်ပြီး လေထဲတွင် ကြာရှည်ထားပါက အာနိသင်လျော့နည်းသွားနိုင်သည်။

မတော်တဆမှုများ မဖြစ်ပွားစေရန်အတွက် သူ၏ကိုယ်ပေါ်တွင် ပါးလွှာသော စိတ်စွမ်းအားအလွှာတစ်ခု ချက်ချင်း ဖုံးလွှမ်းလိုက်ပြီး သလင်းခဲကို လက်ထဲသို့ လျင်မြန်စွာ လောင်းထည့်လိုက်သည်။

သို့သော် လက်ဖဝါးနှင့် သလင်းခဲ ထိတွေ့လိုက်သည်နှင့် ဤတက်ကြွစွမ်းအင်အစိုင်အခဲသည် သက်ရှိသတ္တဝါကဲ့သို့ ပြင်းထန်စွာ တုန်ခါလာသည်။ ထိုနှင့်တစ်ပြိုင်နက် လော်ယွမ်၏ စိတ်အာရုံ ထွေပြားသွားပြီး မမြင်ရသော ဟိန်းဟောက်သံတစ်သံ သူ၏စိတ်ထဲတွင် ပေါ်ထွက်လာသည်။ ဝိုးတဝါးအမြင်တွင် ပုံသဏ္ဌာန်လှပပြီး အရောင်အသွေးစုံလင်သော ဧရာမသတ္တဝါကြီးတစ်ကောင် ခေါင်းမော့၍ ဒေါသတကြီး ဟိန်းဟောက်နေသည်ကို မြင်လိုက်ရသကဲ့သို့ပင်။

လော်ယွမ်သည် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားပြီး သတိပြန်ဝင်လာသောအခါ မျက်နှာဖြူဖျော့နေသည်။

စိတ်စွမ်းအားသည် မသိမသာပင် ထက်ဝက်ကျော် ကုန်ဆုံးသွားခဲ့ပြီး ကုန်ခမ်းလုနီးပါး ဖြစ်နေသည်။ ကိုယ်ပေါ်မှ စိတ်စွမ်းအားအလွှာပါးသည်လည်း ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။

သူ လက်ဖဝါးကို ငုံ့ကြည့်လိုက်ရာ စောစောက သူ မသိလိုက်ဘဲ သလင်းခဲကို ဆုပ်ကိုင်ထားမိကြောင်း တွေ့လိုက်ရသည်။ လက်ဖဝါးကို ဖြန့်လိုက်သောအခါ တက်ကြွစွမ်းအင်အစိုင်အခဲသည် လက်ထဲတွင် ရှိနေဆဲပင်။ သို့သော် ထွက်ပြေးရန် ကြိုးစားသကဲ့သို့ ပြင်းထန်စွာ တုန်ခါနေခဲ့သော အခြေအနေနှင့် မတူတော့ဘဲ ယခုအခါ ဤတက်ကြွစွမ်းအင်အစိုင်အခဲသည် ငြိမ်သက်နေပြီး စောစောက အဖြစ်အပျက်မှာ စိတ်ထင်ယောင်ထင်မှား ဖြစ်ခဲ့သကဲ့သို့ပင်။

လော်ယွမ် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရာ ကျောပြင်တွင် အေးစက်စက်ဖြစ်နေသည်ကို ခံစားလိုက်ရသည်။ ထိုအခါမှ သူ တစ်ကိုယ်လုံး ချွေးစိုရွှဲနေကြောင်း သတိပြုမိလိုက်သည်။

"စောစောက ဘာဖြစ်သွားတာလဲ" သူ၏ မျက်နှာမှာ လေးနက်နေပြီး ယခုထက်တိုင် ရင်တုန်ပန်းတုန် ဖြစ်နေဆဲပင်။

ဆက်ရန်...

အပိုင်း(၃၃၈)သန့်စင်ခြင်း

အမည် - တက်ကြွစွမ်းအင်အစိုင်အခဲ

အဆင့် - အလယ်အလတ်

အလေးချိန် - ၅၃ ဂရမ်

သုံးသပ်ချက် - ဤသည်မှာ သလင်းကျောက်အဖြစ်သို့ တစ်ဝက်တစ်ပျက် ပြောင်းလဲနေပြီဖြစ်သော အလယ်အလတ်အဆင့် တက်ကြွစွမ်းအင်အစိုင်အခဲဖြစ်ပြီး အတွင်း၌ အညစ်အကြေးအနည်းငယ် ပါဝင်သည်။ တက်ကြွစွမ်းအင်အစိုင်အခဲသည် အဆီထက် ပိုမိုထိရောက်သော စွမ်းအင်သိုလှောင်မှုနည်းလမ်းတစ်ခုဖြစ်ပြီး အများအားဖြင့် အစိမ်းရောင်အဆင့်နှင့်အထက် အဆင့်မြင့်သတ္တဝါများတွင် တွေ့ရလေ့ရှိသည်။ အစားအသောက်အမြောက်အမြား စားသုံးခြင်းနှင့် အခြားစွမ်းအင်များကို စုပ်ယူခြင်းအားဖြင့် ခန္ဓာကိုယ်မှ ပိုလျှံနေသော တက်ကြွစွမ်းအင်များကို လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန် သိုလှောင်ထားနိုင်သည်။

ဦးနှောက်ထဲမှ အချက်အလက်များကို ကြည့်ပြီးနောက် ဤသည်မှာ စွမ်းအင်သလင်းကျောက်ဖြစ်ကြောင်း သေချာသွားပြီဖြစ်သည်။

လော်ယွမ်၏စိတ်မှာ ဖြည်းညင်းစွာ တည်ငြိမ်လာပြီး ဆင်ခြင်တုံတရားများ ပြန်လည်ရောက်ရှိလာသည်။ လက်ပေါ်မှ မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်နေသော စိတ်စွမ်းအားအလွှာပါးကို ကြည့်ရင်း ယခင်က ဖြစ်ပျက်ခဲ့သော ကြီးမားသောပြောင်းလဲမှုများကို ပြန်လည်ဆက်စပ်စဉ်းစားမိရာ လော်ယွမ်၏ ဦးနှောက်ထဲတွင် လျှပ်စီးလက်သကဲ့သို့ အတွေးတစ်ခု ဖြတ်ပြေးသွားပြီး တစ်စုံတစ်ခုကို မရေမရာ ဖမ်းဆုပ်မိလိုက်သည်။

စိတ်စွမ်းအားနှင့် ထိပ်တိုက်တွေ့ဆုံနိုင်သည့်အရာမှာ စိတ်စွမ်းအားသာ ရှိသည်။

ဤစွမ်းအင်သလင်းကျောက်တွင် ဧရာမသားရဲကြီး၏ စိတ်စွမ်းအားအမှတ်အသား ကျန်ရှိနေကြောင်း ထင်ရှားလှသည်။

မျိုးဗီဇ၏ ကျူးကျော်တတ်သောသဘောသဘာဝကို ပြန်လည်စဉ်းစားမိသောအခါ လော်ယွမ် အနည်းငယ် မှန်းဆမိလာသည်။ မျိုးဗီဇဆိုသည်မှာ အဘယ်နည်း။ ဇီဝဗေဒသီအိုရီအရ မျိုးဗီဇဆိုသည်မှာ မျိုးရိုးလိုက်သော ဒြပ်ပစ္စည်းများဖြစ်ပြီး ဒီအန်အေ နှင့် အာအန်အေ တို့ ပါဝင်သည်။ ပုံတူကူးယူရာတွင် အထောက်အကူပြုသော အာအန်အေ ကို ခဏဖယ်ထားဦးမည်။

ဒီအန်အေ ကို ဒီအောက်စီရိုင်ဘိုနျူကလီယိုတိုက် (Deoxyribonucleotide) ကွင်းဆက်များဖြင့် ဖွဲ့စည်းထားပြီး ၎င်းကွင်းဆက်များကို ဒီအောက်စီရိုင်ဘို့စ် (Deoxyribose)၊ ဖော့စဖိတ် (Phosphate) နှင့် အယ်ကာလီအခြေခံလေးမျိုးတို့ဖြင့် ထပ်မံခွဲခြားနိုင်သည်။ ဤအယ်ကာလီအခြေခံလေးမျိုး၏ အတွဲလိုက်စီစဉ်ပုံသည် ကမ္ဘာမြေ၏ ရှုပ်ထွေးပွေလီသော ဂေဟစနစ်တစ်ခုလုံးကို ဖွဲ့စည်းထားသည်။

(ဒီအန်အေ အကြောင်းက ရှင်းပြဖို့ဆိုရင် တကြောင်း နှစ်ကြောင်းနဲ့ မရလို့ မင်မင် မရှင်းပြတော့ဘူးနော်)

ဆဲလ်တစ်လုံးတည်းရှိသော ပါရာမီးစီယမ်ကဲ့သို့ အနိမ့်တန်းစားသတ္တဝါမှ ယဉ်ကျေးမှုထူထောင်နိုင်သော လူသားကဲ့သို့ အဆင့်မြင့်သတ္တဝါအထိ ၎င်းတို့၏ မျိုးဗီဇအခြေခံယူနစ်များမှာ အတူတူပင်ဖြစ်သည်။

ယခုအခါ ကမ္ဘာကြီးတွင် ကြီးမားသောပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီး မျိုးစိတ်များ ပေါက်ကွဲထွက်ပေါ်လာကာ ထူးဆန်းအံ့သြဖွယ်ကောင်းသော သက်ရှိများ ဆက်တိုက်ပေါ်ထွက်လာနေသည်။ သို့သော် လျှို့ဝှက်ဆန်းကြယ်မှုများကို ဖယ်ရှားပြီး မူလအစကို ပြန်လည်ခြေရာခံကြည့်ပါက ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ သက်ရှိများမှ တစ်ဆင့်ချင်းစီ ဆင့်ကဲပြောင်းလဲလာခြင်းသာ ဖြစ်သည်။ အနည်းငယ်သော (ပုံသဏ္ဌာန်ပြောင်းလဲနိုင်သောသတ္တဝါများ) မှလွဲ၍ အများစုမှာ ကာဗိုဟိုက်ဒရိတ်များဖြင့် ဖွဲ့စည်းထားဆဲဖြစ်ပြီး မျိုးရိုးဗီဇပစ္စည်းများကိုလည်း ဒီအန်အေ စနစ်ဖြင့်ပင် ဖွဲ့စည်းထားလောက်သည်။ အနှစ်သာရအားဖြင့် ကြည့်လျှင် ကွာခြားမှုမရှိပေ။ အခြားအကြောင်းရင်းများကို ဖယ်ရှားပြီး ရူပဗေဒသဘောတရားအရ ကြည့်မည်ဆိုပါက မျိုးဗီဇကျူးကျော်မှုဟူ၍ ပြောစရာပင်မရှိပေ။

လော်ယွမ်သည် ဆင့်ကဲပြောင်းလဲမှုမအောင်မြင်သော ဗီဇပြောင်းလူသားများ၏ ပြောင်းလဲသွားသော စိတ်နေသဘောထားနှင့် လူသားများအပေါ် မုန်းတီးမှုကို ရုတ်တရက် သတိရလိုက်မိသည်။ ဤအရာမှာ ပြင်ပမျိုးရိုးဗီဇက ခန္ဓာကိုယ်ကို သိမ်းပိုက်ခြင်းနှင့် အလွန်တူညီနေပြီး လုံးဝမအောင်မြင်သေးခြင်းသာ ဖြစ်နိုင်သည်။

လော်ယွမ်၏ နှလုံးခုန်သံများ မြန်ဆန်လာသည်။ ဖြစ်နိုင်သည်မှာ မျိုးဗီဇကျူးကျော်မှုဆိုသည်မှာ သာမန်လူများ ထင်မြင်ထားသလောက် လျှို့ဝှက်ဆန်းကြယ်ခြင်း မရှိပေ။ အဓိကအကြောင်းရင်းမှာ အတွင်းမှ စိတ်စွမ်းအားအမှတ်အသား၏ လွှမ်းမိုးမှုကြောင့်သာ ဖြစ်နိုင်သည်။ သူ၏လက်ဝါးပေါ်တွင် ငြိမ်သက်စွာရှိနေသော စွမ်းအင်သလင်းကျောက်ကို ကြည့်ရင်း သူ၏အကြည့်များမှာ ပူလောင်လာခဲ့သည်။

သာမန်လူများအတွက် စားသုံး၍မရသော အဆိပ်အတောက်ဖြစ်သော်လည်း သူ့အတွက်မူ အားစိုက်ထုတ်မှုအနည်းငယ်နှင့် စိတ်စွမ်းအားအချို့ ကုန်ဆုံးရုံသာဖြစ်သည်။

သို့သော် အရာအားလုံးမှာ သူ၏မှန်းဆချက်သာဖြစ်သည်။ ဤအရာမှာ အလွန်အန္တရာယ်များပြီး မဆင်မခြင်အသုံးပြုပါက အသက်နှင့်ရင်းရသလို ဖြစ်သွားနိုင်သည်။ ထပ်မံစမ်းသပ်မှုများ ပြုလုပ်ရန် လိုအပ်သေးသည်။

လော်ယွမ်သည် စိတ်စွမ်းအားအမှတ်အသား ကျန်ရှိနေမည်ကို စိုးရိမ်သဖြင့် ကျန်ရှိနေသေးသော စိတ်စွမ်းအားများကို ရေစီးကြောင်းကဲ့သို့ သလင်းကျောက်ထဲသို့ စီးဝင်စေလိုက်သည်။ ထင်သည့်အတိုင်းပင် စွမ်းအင်သလင်းကျောက်မှာ အကြိမ်အနည်းငယ် ခုန်လှုပ်သွားသော်လည်း ယခုတစ်ကြိမ်တွင်မူ ယခင်ကကဲ့သို့ သိသာထင်ရှားသော စိတ်စွမ်းအားတိုက်ခိုက်မှုမျိုး မရှိတော့ပေ။ စက္ကန့်အနည်းငယ်အကြာတွင် စွမ်းအင်သလင်းကျောက်မှာ လုံးဝငြိမ်သက်သွားတော့သည်။

လော်ယွမ် စိတ်မချသေးဘဲ မိနစ်အနည်းငယ်ကြာအောင် ထပ်ခါထပ်ခါ သန့်စင်နေခဲ့သည်။ စွမ်းအင်သလင်းကျောက်ထဲတွင် သူ၏ကိုယ်ပိုင် စိတ်စွမ်းအားအမှတ်အသား ကျန်ရှိသွားပြီး စွမ်းအင်သလင်းကျောက်နှင့် သူ၏ကြားတွင် အားနည်းသော ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာမှသာ ရပ်တန့်လိုက်သည်။

သူ လက်ကိုဝှေ့ယမ်းလိုက်ရာ ကျန်းမာတောက်ဓားသည် အလိုအလျောက် ဓားအိမ်မှထွက်လာပြီး လက်ထဲသို့ လျင်မြန်စွာ ရောက်ရှိလာသည်။ နောက်တစ်ခဏတွင် ဓားသွားဖြင့် လက်ကောက်ဝတ်သွေးလွှတ်ကြောကို ညင်သာစွာ ပွတ်ဆွဲလိုက်ရာ သွေးများ ချက်ချင်းပင် ဖြည်းညင်းစွာ စီးထွက်လာပြီး လေထဲတွင် ဝဲပျံနေသည်။ သွေးများ စီးထွက်လာလေ များလေဖြစ်ပြီး မကြာမီမှာပင် လက်သီးဆုပ်အရွယ်အစားခန့် စုဝေးသွားသည်။

သွေးပမာဏ လုံလောက်ပြီဟု ယူဆသောအခါ လော်ယွမ်၏ထိန်းချုပ်မှုအောက်တွင် လက်မောင်းမှဒဏ်ရာမှာ လျင်မြန်စွာ ပြန်စေ့သွားပြီး သေးငယ်သော သွေးကြောင်းလေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ဒဏ်ရာမှ စူးရှသောနာကျင်မှုများ ရှိနေဆဲဖြစ်ပြီး သွေးစများ စိမ့်ထွက်နေသည်ကိုမြင်သောအခါ လော်ယွမ် မျက်မှောင်ကြုတ်လိုက်သည်။ လက်မောင်းကြွက်သားများကို အနည်းငယ်တုန်ခါစေလိုက်ရာ ဒဏ်ရာတွင် ကျန်ရှိနေသော မမြင်နိုင်သော ဓားလေစီးကြောင်းတစ်စွန်းတစ်စမှာ စိတ်စွမ်းအားကြောင့် ချက်ချင်း ပြိုကွဲပျောက်ကွယ်သွားသည်။ ယခုတစ်ကြိမ်တွင်မူ သွေးကြောင်းမှာ အောင်မြင်စွာ ပြန်စေ့သွားပြီး လျင်မြန်စွာ မှေးမှိန်သွားကာ စက္ကန့်အနည်းငယ်အကြာတွင် ပျောက်ကွယ်သွားတော့သည်။

အသစ်ပေါင်းစပ်ထားသော ကျန်းမာတောက်ဓားတွင် "သွေးထွက်လွန်စေခြင်း" အာနိသင်ရှိသည်ကို သူ ခေတ္တမေ့လျော့နေခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူသည် စွမ်းအင်သလင်းကျောက်၏ မျက်နှာပြင်မှ အမှုန့်အနည်းငယ်ကို ခြစ်ယူပြီး သွေးလုံးထဲသို့ ဖြူးထည့်လိုက်သည်။

အမှုန့်များမှာ သွေးနှင့်ထိသည်နှင့် ပျော်ဝင်သွားသည်။ အချိန်အကြာကြီး စောင့်စရာမလိုဘဲ အပြောင်းအလဲများ ချက်ချင်းပေါ်ထွက်လာသည်။ သွေး၏အပူချိန်မှာ တဖြည်းဖြည်း မြင့်တက်လာပြီး တစ်ချိန်တည်းမှာပင် ငြိမ်သက်နေသောသွေးလုံးမှာ ရေနွေးဆူသကဲ့သို့ ပြင်းထန်စွာ လှုပ်ရှားလာသည်။ အာရုံခံနိုင်စွမ်းထဲတွင် မူလက မီးခိုးရောင်သန်းနေသောသွေးလုံးမှာ တဖြည်းဖြည်း လင်းလက်လာပြီး အဖြူရောင်စစ်စစ်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဤပြောင်းလဲမှုများနှင့်အတူ မွှေးကြိုင်သောရနံ့တစ်ခုမှာ သွေးလုံးထဲမှ ဖြည်းညင်းစွာ ပျံ့နှံ့ထွက်ပေါ်လာပြီး လော်ယွမ်ကို အကြောင်းမဲ့ ဗိုက်ဆာလာစေသည်။

မကြာမီမှာပင် သွေးလုံး၏လှုပ်ရှားမှုများ ဖြည်းညင်းစွာ ငြိမ်သက်သွားသည်။ သူသည် ထိုသွေးလုံးကို စူးစိုက်ကြည့်ရင်း နောက်ထပ်မိနစ်အနည်းငယ်ကြာအောင် စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။ မျိုးဗီဇပြိုကွဲခြင်းမရှိ၊ အာရုံခံနိုင်စွမ်းနှင့် အဆက်အသွယ်ပြတ်တောက်ခြင်းလည်း မရှိပေ။ ယခင်ကနှင့်ယှဉ်လျှင် ဤသွေးလုံးမှာ သွေးရောင်တောက်နေသော ကျောက်နီတစ်လုံးကဲ့သို့ဖြစ်နေပြီး မျက်နှာပြင်တွင် ကြွေရည်သုတ်ထားသကဲ့သို့ အလွှာပါးလေးတစ်ခု ဖုံးအုပ်နေသည်။ မလှုပ်မယှက်နေသောအခါ အစိုင်အခဲတစ်ခုကဲ့သို့ပင် ထင်ရပြီး စိုပြေတောက်ပနေသည်။

သူ သက်ပြင်းချလိုက်ပြီး စိတ်ထဲတွင် "ငါထင်တာ မှန်တာပဲ" ဟု တွေးလိုက်သည်။

နောက်တစ်ဆင့်မှာ အရေးအကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး စမ်းသပ်မှုဖြစ်သည်။ သူ စိတ်ကူးတစ်ချက် လှုပ်ရှားလိုက်ရာ သွေးလုံးသည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ဆွဲငင်မှုကြောင့် ပါးစပ်ထဲသို့ ဝင်ရောက်လာပြီး လျင်မြန်စွာ မျိုချလိုက်သည်။

လော်ယွမ်သည် သွေးလုံးကို မိမိသွေးကြောထဲသို့ ပြန်မသွင်းဘဲ မျိုချလိုက်ခြင်းမှာ ဤသည်က နောက်ဆုံးအကာအကွယ်ဖြစ်သောကြောင့်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ရာမှားယွင်းပါက အန်ထုတ်ပြီး မိမိကိုယ်ကို ကယ်တင်နိုင်မည်ဖြစ်သည်။

သွေးလုံးသည် လည်ချောင်းမှတဆင့် အစာအိမ်ထဲသို့ လျှောကျသွားသည်။ ချက်ချင်းဆိုသလိုပင် အစာအိမ်ထဲတွင် မီးလောင်နေသကဲ့သို့ ဖြစ်သွားပြီး နောက်တစ်ခဏတွင် တစ်ကိုယ်လုံး ပူနွေးလာသည်။ သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ပြောမပြတတ်သော သာယာမှုတစ်ခုက စိတ်နှလုံးကို လွှမ်းခြုံသွားသည်။ ဆဲလ်အားလုံးက ထိုတက်ကြွစွမ်းအင်များကို လောဘတကြီး စုပ်ယူရင်း ညည်းတွားနေသကဲ့သို့ ခံစားရသည်။

ကံမကောင်းသည်မှာ ဤစွမ်းအင်ပမာဏမှာ နည်းပါးလွန်းလှသဖြင့် သာယာမှုမှာ ရောက်လာသလိုပင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ စက္ကန့်အနည်းငယ်အတွင်းမှာပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားခဲ့သည်။

အထွတ်အထိပ်ရောက်နေစဉ် ရုတ်တရက် ရပ်တန့်သွားသကဲ့သို့ သူ သတိပြန်ဝင်လာသောအခါ တစ်စုံတစ်ရာ ဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။

အန္တရာယ်ကင်းကြောင်း သေချာပြီဖြစ်၍ လော်ယွမ်တွင် စိုးရိမ်စရာမရှိတော့ပေ။ သူ စွမ်းအင်သလင်းကျောက်မှ အပိုင်းအစသေးသေးလေးတစ်ခုကို ဖြတ်ယူပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ယခုတစ်ကြိမ် စွမ်းအင်မှာ ယခင်ကထက် အဆတစ်ရာမက ပိုမိုများပြားလှသည်။ ချက်ချင်းဆိုသလိုပင် မိုးကြိုးပစ်ခံရသကဲ့သို့ ဦးနှောက်ထဲတွင် ဗလာကျင်းသွားသည်။ သူ၏တစ်ကိုယ်လုံး နီရဲလာပြီး ရေနွေးငွေ့များ ထွက်ပေါ်လာကာ အပူရှိန်များ ထုတ်လွှတ်နေသည်။

သူသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် ထိုင်နေသည်။ ကြီးမားသောစွမ်းအင်များက သူ၏ခန္ဓာကိုယ်အတွင်းတွင် စီးဆင်းပျံ့နှံ့နေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးက ဤစွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေကြသည်။ ဆဲလ်များကြားတွင် သိပ်သည်းပျော့ပျောင်းလာပြီး မိုင်တိုကွန်ဒရီးယားများ လျင်မြန်စွာ ကွဲပွားကြီးထွားလာကာ အရိုးများ ပိုမိုသိပ်သည်းမာကျောလာသည်။

(မိုင်တိုကွန်ဒရီးယား ဆိုတာ ခန္ဓာကိုယ်မှာရှိတဲ့ စွမ်းအင်ထုတ်ပေးတဲ့ ဂျင်နရေတာလိုဟာလေးတွေပါ)

"တက်ကြွစွမ်းအင်အစိုင်အခဲကို စားသုံးခြင်းကြောင့် သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု +1"

"တက်ကြွစွမ်းအင်အစိုင်အခဲကို စားသုံးခြင်းကြောင့် သင်၏ ခွန်အား +1"

စနစ်၏ သတိပေးသံများ ဆက်တိုက်ထွက်ပေါ်လာသော်လည်း သူ မကြားမိသကဲ့သို့ပင်။ တစ်မိနစ်ခန့်ကြာမှသာ သူ အားပါးတရ အော်ဟစ်လိုက်သည်။ မျက်နှာပေါ်တွင် စိတ်ခံစားမှု ထိန်းချုပ်မရဖြစ်ခဲ့သည့် ထိတ်လန့်မှု အရိပ်အယောင်များ ကျန်ရှိနေသေးသည်။

"ကိုကြီးယွမ်... ဘာဖြစ်တာလဲ" ထိုအချိန်တွင် တံခါးပွင့်သွားပြီး ချန်ကျားယီ အလောတကြီး ပြေးဝင်လာသည်။ လော်ယွမ်၏ အော်ဟစ်သံကြောင့် လန့်သွားပုံရသည်။

"ဘာမှမဖြစ်ပါဘူး... နင်အပြင်ထွက်နေဦး" လော်ယွမ်က လှည့်ကြည့်ပြီး နူးညံ့စွာ ပြောလိုက်သည်။

သို့သော် ချန်ကျားယီက လော်ယွမ်၏မျက်နှာကို မြင်လိုက်သောအခါ ထိတ်လန့်တကြားဖြင့် "ကိုကြီးယွမ်... ကိုကြီးရဲ့မျက်နှာက... မျက်နှာက အရမ်းပိန်သွားတယ်"

လော်ယွမ် ထိုအခါမှ သူ၏အဝတ်အစားများ ချောင်ချိနေပြီး လေဝင်နေသည်ကို သတိထားမိလိုက်သည်။ မျက်နှာကို စမ်းကြည့်လိုက်ရာ မူလက ပြည့်ဖောင်းနေသော ပါးပြင်များမှာ အနည်းငယ် ချိုင့်ဝင်နေသည်။

သို့သော် ဤအရာများမှာ အသေးအဖွဲကိစ္စများသာ ဖြစ်ပြီး သူ လုံးဝဂရုမစိုက်ပေ။ ယခင်က ကန္တာရမြို့ထောင်တွင် ဒဏ်ရာကုသစဉ်ကလည်း တစ်ကြိမ်ဖြစ်ဖူးသည်။ အစားအသောက် အလုံအလောက်စားလိုက်လျှင် မကြာမီ ပြန်ပြည့်လာမည်ဖြစ်သည်။

ချန်ကျားယီကို ပြန်လွှတ်လိုက်ပြီးနောက် လော်ယွမ် ဆက်လက်စားသုံးလိုက်သည်။ ဤစွမ်းအင်သလင်းကျောက်၏ စွမ်းအင်အဆင့်မှာ အလွန်မြင့်မားပြီး စွမ်းအင်ပမာဏမှာလည်း ယခင်တစ်ခုထက် များစွာသာလွန်သည်။ စားသုံးနေစဉ်အတွင်း သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု နှစ်မှတ်နှင့် ခွန်အား တစ်မှတ် ထပ်မံတိုးလာခဲ့သည်။ ထို့နောက်တွင်မူ မည်သည့်ပြောင်းလဲမှုမှ မရှိတော့ပေ။ မကြာမီမှာပင် သလင်းကျောက်တစ်ခုလုံး ကုန်ဆုံးသွားပြီး နှလုံးနေရာတွင် ပဲစိမ်းစေ့အရွယ်အစားရှိသော တစ်ဝက်တစ်ပျက်ဖောက်ထွင်းမြင်နိုင်သည့် သလင်းကျောက်တစ်ခု ပြန်လည်စုစည်းလာခဲ့သည်။

ယခုအချိန်တွင် သူ၏ခွန်အားနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ၁၇ မှတ်စီသို့ ရောက်ရှိသွားပြီး လျင်မြန်မှုကိုပင် ကျော်လွန်သွားခဲ့သည်။ စွမ်းအင်သလင်းကျောက်တစ်ခုလုံးက သူ့ကို စုစုပေါင်း စွမ်းရည်အမှတ် ၅ မှတ်အထိ တိုးတက်စေခဲ့ခြင်းမှာ အံ့မခန်းပင်တည်း။

ဤပိန်လှီနေသော ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည့် ပေါက်ကွဲထွက်မတတ်သော စွမ်းအားများနှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာပြီးနောက် အာရုံခံစားမှု အင်္ဂါငါးပါး၏ သိမ်မွေ့သော ပြောင်းလဲမှုများကို သူ ခံစားလိုက်ရသည်။

မူလက တိတ်ဆိတ်ငြိမ်သက်နေသော အခန်းထဲတွင် ဆူညံသံအမျိုးမျိုးဖြင့် ပြည့်နှက်နေသည်။ ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ဖုန်မှုန့်များမှာ ဥက္ကာခဲများကဲ့သို့ လေထဲတွင် လွင့်မျောနေသည်။ ဘေးအခန်းမှ ဝမ်ရှီရှီ ခိုးဝှက်သိမ်းဆည်းထားသော မုန့်များ၏ အနံ့ကိုပင် သူ ရနေသည်။ လေထုထဲမှ အားနည်းသော လေစီးကြောင်းများက အရေပြားကို လာရောက်ထိတွေ့နေမှုကြောင့် ယားယံမှုကိုလည်း ခံစားနေရသည်။

ဤသည်မှာ ပြောမပြတတ်အောင် သာယာသော ခံစားမှုတစ်ခုပင်။ ကမ္ဘာကြီးသည် မျက်နှာဖုံးတစ်ချပ်ကို ဖယ်ရှားလိုက်ပြီး မူလရှိရင်းစွဲ ရင်သပ်ရှုမောဖွယ် အလှတရားများကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ပင်။

.........................................................................................................

သို့သော် အထောက်အကူပြုသော ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် နှိုင်းယှဉ်လျှင် တိုက်ခိုက်ရေးစွမ်းရည်ကို ကိုယ်စားပြုသော ခွန်အားမှာလည်း ကြီးမားစွာ ပြောင်းလဲသွားခဲ့သည်။

ခွန်အား ၁၇ မှတ်သို့ ရောက်ရှိသွားခြင်းသည် သာမန်လူတစ်ဦး၏ ၁၆ ဆခန့်ရှိသည်။ ခွန်အားသက်သက်ဖြင့်ဆိုလျှင် ၁.၂ တန်နီးပါးရှိပြီး ၁၅ မှတ်ရှိသော လျင်မြန်ဖျတ်လတ်မှုနှင့် ပေါင်းစပ်လိုက်ပါက လက်သီးတစ်ချက်၏အင်အားမှာ ၁၀ တန်အထက်တွင် ရှိပေမည်။

မိုက်တိုင်ဆန်၏ တန်ဝက်ခန့်ရှိသော ခွန်အားက ၅ မီလီမီတာ သံမဏိပြားကို ဖောက်ထွင်းနိုင်လျှင် လော်ယွမ်၏ ယခုခွန်အားဖြင့်ဆိုပါက သံချပ်ကာကားကိုပင် လက်သီးတစ်ချက်တည်းဖြင့် ဖောက်ထွင်းနိုင်ပြီး အမြောက်ကြီးတစ်လက် ပစ်ခတ်လိုက်သည်နှင့် တူပေမည်။ ယခုအချိန်တွင် လော်ယွမ်သည် ဖန်းဖေ့ပင်နှင့် ထပ်မံတိုက်ခိုက်ရပါက စိတ်စွမ်းအားကို အသုံးပြု၍ မသမာသောနည်းလမ်းသုံးရန် မလိုတော့ဘဲ ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့်ပင် အပြတ်အသတ် အနိုင်ယူနိုင်ပြီဖြစ်သည်။

ဆက်ရန်...

All Chapters