← Chapters

အခန်း (၃၃၉-၃၄၀)

Vol. 17 Ch. 339-340

အခန်း (၃၃၉-၃၄၀)

Vol. 17 Ch. 339-340

အပိုင်း(၃၃၉)အရေးပေါ်တာဝန်

လော်ယွမ်သည် မတ်တပ်ရပ်လိုက်ပြီး ယိုင်နဲ့ယိုင်နဲ့ဖြင့် ခြေလှမ်းအနည်းငယ် လှမ်းကြည့်ရာ လဲကျလုနီးပါးဖြစ်သွားသည်။ ရုတ်တရက်တိုးတက်လာသောခွန်အားကြောင့် ယခင်က အလေ့အကျင့်ရနေသော ကြွက်သားမှတ်ဉာဏ်များအားလုံး ပျက်စီးသွားပြီး အရာအားလုံးကို အစကနေပြန်လည်လေ့ကျင့်ယူရပေတော့မည်။ သို့သော် သူသည် ဤကိစ္စမျိုးကို အတွေ့အကြုံများစွာရှိနေပြီဖြစ်သည့်အပြင် ခန္ဓာကိုယ်ကို အကြွင်းမဲ့ထိန်းချုပ်နိုင်စွမ်းရှိသောကြောင့် မိနစ်အနည်းငယ်အတွင်းမှာပင် ပုံမှန်အတိုင်း လမ်းလျှောက်နိုင်လာသည်။ သို့သော် ဤသည်မှာ သူ၏တမင်ထိန်းချုပ်မှုကြောင့်သာဖြစ်ပြီး ပင်ကိုယ်အသိဖြင့် အလိုအလျောက်ဖြစ်ပေါ်လာရန်နှင့် ရုတ်တရက်တိုးတက်လာသောခွန်အားကို တိုက်ခိုက်ရေးစွမ်းရည်အဖြစ် အပြည့်အဝအသုံးချနိုင်ရန်မှာမူ အနည်းဆုံး တစ်ပတ်ခန့် မနားမနေ လေ့ကျင့်ရန် လိုအပ်ပေဦးမည်။

ယခုအချိန်တွင် သူ၏တစ်ကိုယ်လုံး၌ ခွန်အားများ ပြည့်လျှံနေပြီး စိတ်ကူး၍ပင်မရနိုင်လောက်အောင် ဖြစ်နေသည်။ နှလုံးနေရာရှိ တစ်ပိုင်းတစ်စဖောက်ထွင်းမြင်နိုင်သော စွမ်းအင်သလင်းခဲသည် စွမ်းအားကြီးမားသော အင်ဂျင်စက်တစ်ခုကဲ့သို့ဖြစ်ပြီး နှလုံးခုန်တိုင်း မကုန်ခမ်းနိုင်သောခွန်အားများကို သွေးနှင့်အတူ တစ်ကိုယ်လုံးသို့ စီးဆင်းစေကာ သူ့ကို တက်ကြွလန်းဆန်းစေသည်။ တစ်လလောက် ရေတစ်စက်မှမသောက်ဘဲနေလျှင်လည်း နဂါးလိုကျားလို သန်မာနေဦးမည်ဟု သူ ခံစားနေရသည်။

သူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေပြီး ရုတ်တရက်တိုးတက်လာသောခွန်အားကို ဖြည်းဖြည်းချင်း အသားကျအောင် ပြုလုပ်နေသည်။ နာရီဝက်ခန့်အကြာတွင် ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားကွက်များကို တစ်ကွက်ချင်း အဆက်မပြတ် လေ့ကျင့်သည်။ အစပိုင်းတွင် သူ၏လှုပ်ရှားမှုများမှာ နှေးကွေးပြီး တောင့်တင်းနေကာ စတင်လေ့ကျင့်သူတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ၏လှုပ်ရှားမှုများသည် ချောမွေ့သွက်လက်လာပြီး အရှိန်မှာလည်း ပိုမိုမြန်ဆန်လာကာ နောက်ဆုံးတွင် အရိပ်ယောင်များကိုသာ မြင်တွေ့ရတော့သည်။

မည်မျှကြာသွားသည်မသိ သူ၏နားရွက်များ အနည်းငယ်လှုပ်ရှားသွားပြီး လော်ယွမ်၏ ဝေဝါးနေသောပုံရိပ်သည် ချက်ချင်းရပ်တန့်သွားသည်။ အခန်းထဲတွင် တဝေါဝေါမြည်နေသော လေပြင်းသံများ ငြိမ်သက်သွားပြီး မရေမတွက်နိုင်သော အဝတ်စများနှင့် ဂွမ်းစများ လေထဲမှ တဖွဲဖွဲကျဆင်းလာသည်။ လော်ယွမ်သည် ကျန်းမာတောက်ဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်သည်။ ပေါင် ၅၀ နီးပါးလေးသော ကျန်းမာတောက်ဓားသည် ယခင်က အနည်းငယ်လေးလံသည်ဟု ခံစားရသော်လည်း ယခုမူ အနည်းငယ် ပေါ့ပါးနေသကဲ့သို့ ခံစားရသည်။

လေပြင်းမုန်တိုင်း တိုက်ခတ်သွားသကဲ့သို့ ရှုပ်ပွနေသော အိပ်ခန်းကိုကြည့်ရင်း လော်ယွမ် အံ့အားသင့်သွားသည်။ အိပ်ခန်းထဲရှိ စောင်များနှင့် အိပ်ရာခင်းများ နေရာအနှံ့ ပြန့်ကျဲနေပြီး ကုတင်တစ်လုံးလုံးမှာလည်း ခြေထောက်တစ်ချောင်းကျိုးကာ တစ်စောင်းလဲကျနေသည်။ အနည်းငယ်ဝေးသော ဗီရိုနှင့် နံရံများမှာ အနည်းငယ်သက်သာသော်လည်း နက်ရှိုင်းသော ခြစ်ရာများဖြင့် ပြည့်နှက်နေသည်။

အစပိုင်းတွင် အိပ်ခန်းကို မပျက်စီးစေရန် သူ၏ခွန်အားကို တမင်ထိန်းချုပ်ထားခဲ့သော်လည်း လေ့ကျင့်လေ ဇိမ်ရှိလေ၊ လေ့ကျင့်လေ စိတ်တက်ကြွလေဖြစ်လာပြီး တစ်ကိုယ်လုံးရှိခွန်အားများ အဆက်မပြတ်ထွက်ပေါ်လာကာ မထုတ်ဘဲမနေနိုင်လောက်အောင် ဖြစ်လာသဖြင့် နောက်ဆုံးတွင် အားကုန်သုံး၍ မေ့လျော့သွားသည်အထိ လေ့ကျင့်မိခဲ့ခြင်းဖြစ်သည်။

ရုတ်တရက်တိုးတက်လာသောခွန်အားကြောင့် ဓားချက်အကြိမ်အရေအတွက် တိုးမလာသည့်အပြင်၊ ရုတ်တရက်တိုးလာသောခွန်အားကို မကျွမ်းကျင်သေးခြင်းနှင့် အကြိမ်ကြိမ်လေ့ကျင့်မှုမရှိသေးခြင်းတို့ကြောင့် ဓားချက်တစ်ခုနှင့်တစ်ခုကြား ဟာကွက်ကြာချိန်မှာ ပိုမိုကြာမြင့်လာသည်။ သို့သော် ကြီးမားသောခွန်အား၏အကူအညီကြောင့် ဓားချက်တိုင်းသည် လျှပ်စီးလက်သကဲ့သို့ လျင်မြန်နေပြီး ယခင်က မည်သို့မျှမဖြစ်နိုင်ခဲ့သော အမြန်နှုန်းဖြစ်သည်။

အသံထက်မြန်သော ဓားရောင်များကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းတိုက်ခတ်မှုအောက်တွင် ဤအဆောက်အအုံများသည် အပြာရောင်အဆင့်သစ်သားများဖြင့် ဆောက်လုပ်ထားပြီး ထူထဲခိုင်ခံ့သောကြောင့်သာ ခံနိုင်ရည်ရှိခြင်းဖြစ်သည်။ သာမန်အဆောက်အအုံသာဆိုလျှင် နေရာအနှံ့ အပေါက်အပြဲများ ဖြစ်ကုန်လောက်ပေပြီ။

လော်ယွမ်သည် ဟွမ်ကျားဟွေ မလာမီ ရှင်းလင်းထားချင်သော်လည်း ချက်ချင်းလက်ငင်း မည်သည့်နေရာမှ စတင်ရမည်မသိ ဖြစ်နေသည်။ အပြင်ဘက် တံခါးပွင့်လာပြီး အမျိုးသမီးတစ်စု စကားပြောသံများ၊ ရယ်မောသံများဖြင့် ဝင်ရောက်လာသည်ကို ကြားလိုက်ရသောအခါ လော်ယွမ်သည် သက်ပြင်းချလိုက်ပြီး အိပ်ခန်းထဲမှ ခေါင်းငိုက်စိုက်ချကာ ထွက်ခွာလာခဲ့သည်။

ဈေးမှပြန်ရောက်လာကြသော အမျိုးသမီးများသည် ပုံစံအကြီးအကျယ်ပြောင်းလဲသွားသော လော်ယွမ်ကို မြင်လိုက်ရသောအခါ ကြက်ပျံမကျ စည်ကားသွားကြပြန်သည်။ လော်ယွမ်က အကျိုးအကြောင်းကို သေချာပြန်လည်ရှင်းပြလိုက်မှသာ သူတို့ စိတ်အေးသွားကြသည်။

သို့သော် နောက်ဆက်တွဲကိစ္စများကိုမူ လှည့်ဖြား၍မရတော့ပေ။ ဟွမ်ကျားဟွေသည် အထုပ်အပိုးများကိုဆွဲကာ အိပ်ခန်းထဲသို့ ဝင်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် အတွင်းမှ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာသည်။ မျက်နှာပျက်နေသော ဟွမ်ကျားဟွေသည် ဧည့်ခန်းထဲသို့ ပြန်ထွက်လာသောအခါ လော်ယွမ်မှာမူ တိတ်တဆိတ် ထွက်ပြေးသွားပြီးဖြစ်သည်။

သူသည် အပြင်ဘက်တွင် တစ်ပတ်ပတ်ပြီး ညစာစားချိန်ရောက်မှသာ ခေါင်းငိုက်စိုက်ချကာ ပြန်ရောက်လာသည်။

ညစာစားပွဲတစ်ခုလုံးတွင် ဟွမ်ကျားဟွေသည် စိတ်ထဲ၌ ဒေါသများပြည့်နှက်နေသော်လည်း ဖွင့်ထုတ်စရာနေရာမရှိသဖြင့် လော်ယွမ်နှင့် စကားတစ်ခွန်းမျှ မပြောဘဲနေသည်။ မူလက နံနက်ပိုင်းက ကိစ္စအတွက် ဒေါသ မပြေပျောက်သေးချိန်တွင် အိပ်ခန်းကိုပါ ဖျက်ဆီးပစ်လိုက်သဖြင့် သူမ မည်မျှပင် စိတ်သဘောထားပြည့်ဝသူဖြစ်စေကာမူ ဒေါသထွက်မိသည်မှာ အမှန်ပင်။

ညအိပ်ရာဝင်ချိန်ရောက်သောအခါ ဟွမ်ကျားဟွေသည် မျက်နှာတည်ဖြင့် အိပ်ခန်းဗီရိုထဲမှ စောင်ကိုထုတ်ယူကာ ကျိုးယလီ၏အခန်းထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားရာ လော်ယွမ်မှာမူ ခြောက်ကပ်ကပ် ရယ်မောရုံသာ တတ်နိုင်တော့သည်။

ညဘက်တွင် လော်ယွမ်သည် မျက်လုံးဖွင့်ထားပြီး မျက်နှာကြက်ကို ငေးကြည့်နေမိသည်။ ယနေ့ ခွန်အားများ လွန်ကဲနေပြီး ဝမ်ရှီရှီကို အလူးအလဲဖြစ်အောင် လုပ်ခဲ့သော်လည်း သူသည် တက်ကြွလန်းဆန်းနေဆဲဖြစ်ကာ မည်သို့မျှ အိပ်မပျော်နိုင်ဖြစ်နေသည်။ ရုတ်တရက် ကျိုးယလီနှင့် ဟွမ်ကျားဟွေတို့ တစ်ခန်းတည်း အတူအိပ်နေကြသည်ကို တွေးမိပြီး စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ဤသို့သောအခွင့်အရေးမျိုးသည် အလွန်ရှားပါးလှပြီး ယခုလက်လွှတ်လိုက်ပါက နောင်တွင် ကြုံရခဲပေလိမ့်မည်။

ဝမ်ရှီရှီ အိပ်ပျော်နေပြီဖြစ်သည်ကို မြင်သောအခါ သူသည် အဝတ်အစားများကို တိတ်တဆိတ်ဝတ်ဆင်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ ဤတစ်ကြိမ်တွင်မူ ကျိုးယလီ၏ အိပ်ခန်းကို သူ မမှားတော့ပေ။ တံခါးလက်ကိုင်ကို ညင်သာစွာ လှည့်ကြည့်လိုက်ရာ သော့ခတ်ထားသည်ကို တွေ့ရှိလိုက်ရသည်။ သို့သော် ဤကိစ္စသည် သူ့အတွက် အခက်အခဲမဟုတ်ပေ။

လက်ထဲမှ စိတ်စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး သော့ကို အလွယ်တကူ ဖွင့်လိုက်သည်။ သူသည် တံခါးကိုဖွင့်ကာ လျင်မြန်စွာ ဝင်ရောက်သွားပြီး အိပ်ခန်းတံခါးကို ညင်သာစွာ ပြန်ပိတ်လိုက်သည်။

မကြာမီ အတွင်းမှ တမင်ဖိနှိပ်ထားသော အော်သံများ၊ အာမေဋိတ်သံများ၊ ကျိန်ဆဲသံများနှင့် လော်ယွမ်၏ အရှက်မရှိသော ချော့မော့သံများ ထွက်ပေါ်လာသည်။ မကြာမီတွင် အသံအားလုံးသည် တဖြည်းဖြည်း တိုးညှင်းသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားကြသည်။

ညဉ့်နက်သန်းခေါင်ယံတွင် ရုတ်တရက် ဖုန်းမြည်သံကို လော်ယွမ် ကြားလိုက်ရသည်။

သူ့ကို ဖက်ထားသော လက်မောင်းများကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး ဖြူဖွေးနူးညံ့သော ပေါင်တန်များကြားမှ ခြေထောက်ကို ဆွဲထုတ်လိုက်သည်။ လော်ယွမ်၏ လှုပ်ရှားမှုမှာ မကြီးမားသော်လည်း ထိုနှစ်ဦးကို နိုးသွားစေခဲ့သည်။

"ရှင် ဘာလုပ်ဦးမလို့လဲ... တစ်ညလုံး ကျွန်မတို့ကို အနိုင်ကျင့်တာ မဝသေးဘူးလား" ဟွမ်ကျားဟွေက လော်ယွမ်၏ ခါးသားကို အားကုန်ဆွဲလိမ်လိုက်သော်လည်း တစ်ဖက်လူ၏အရေပြားမှာ အလိုအလျောက် ကျုံ့သွားပြီး တင်းမာနေသဖြင့် မည်သို့မျှ ဆွဲလိမ်၍မရပေ။

ကျိုးယလီကမူ လော်ယွမ်၏ ကာမစိတ်ကြွလာပြန်ပြီဟု ထင်မှတ်ကာ မျက်နှာများ ပူထူသွားပြီး နှာခေါင်းရှုံ့ကာ တစ်ဖက်သို့ လှည့်သွားပြီး ဂရုမစိုက်ဘဲ နေလိုက်သည်။

"မလုပ်နဲ့... ဖုန်းလာနေလို့"

"ဒီအချိန်ကြီး ဘယ်သူက ဖုန်းဆက်မှာလဲ" ဟွမ်ကျားဟွေက မကျေမနပ် ပြောလိုက်သည်။

"အဲ့တာ ဌာနရဲ့ ဂြိုဟ်တုဖုန်းပဲ... ကိစ္စတစ်ခုခု ဖြစ်နေလောက်ပြီ... ငါသွားကိုင်လိုက်ဦးမယ်" လော်ယွမ်သည် ထရပ်ပြီး အဝတ်အစားဝတ်ကာ နောက်သို့လှည့်၍ "နင်တို့ အရင်အိပ်နှင့်ကြ" ဟု ပြောလိုက်သည်။

ဖုန်းမှာ ဝမ်ရှီရှီ၏အခန်းထဲတွင် ရှိသည်။ လော်ယွမ် တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ရာ ဝမ်ရှီရှီမှာ နိုးနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ဆက်အိပ်ရန် အမူအရာဖြင့် ပြလိုက်ပြီးနောက် ဖုန်းကိုယူကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။

"လော်ယွမ်... အရေးပေါ်တာဝန်ရှိတယ်... ၄ နာရီမခွဲခင် ဓားတရားဌာနကို အရောက်လာခဲ့" ခေါင်းဆောင် လင်းဖေးယန်၏အသံဖြစ်ပြီး ဖုန်းထဲတွင် သူမ၏အသံမှာ တိုးညှင်းလေးနက်နေသဖြင့် ကိစ္စကြီးတစ်ခု ဖြစ်ပျက်နေသည်မှာ ထင်ရှားသည်။

"ဘာဖြစ်လို့လဲ" လော်ယွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

"ရောက်မှ ပြောမယ်"

"သိပြီ... ကျွန်တော် အခုလာခဲ့မယ်"

လော်ယွမ်၏ အဖြေကို ရသည်နှင့် သူမသည် ဖုန်းချသွားသည်။

လော်ယွမ်သည် ပစ္စည်းများကို တစ်ခုပြီးတစ်ခု ဝတ်ဆင်လိုက်ပြီး ကျန်းမာတောက်ဓားကို ယူလိုက်သည်။ ဧည့်ခန်းမှ ထွက်လာသောအခါ ဟွမ်ကျားဟွေနှင့် ကျိုးယလီတို့ နိုးနေကြပြီဖြစ်သည်။ လော်ယွမ်က ညတွင်းချင်း ခရီးထွက်မည့်ပုံစံကို မြင်သောအခါ စိုးရိမ်တကြီးဖြင့် "တစ်ခုခု အရင်စားသွားဦးမလား" ဟု မေးလိုက်ကြသည်။

"မစားတော့ဘူး... ဟိုမှာစားလို့ရတယ်... နင်တို့ ပြန်အိပ်ကြဦး... ဘာမှမပူနဲ့ ငါ မကြာခင် ပြန်လာခဲ့မယ်" လော်ယွမ်က လက်ကာပြလိုက်ပြီး ကျန်းမာတောက်ဓားကို ဆွဲကိုင်ကာ တံခါးပိတ်လိုက်သည်။

ကျိုးယလီနှင့် ဟွမ်ကျားဟွေတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံး မျက်နှာများ ရဲတွတ်သွားကြပြီး စောစောက မိမိတို့၏ ကြည့်မကောင်းသောအခြေအနေကို တစ်ဖက်လူမြင်တွေ့သွားသည်ကို သတိရကာ မျက်နှာပူသွားကြပြီး ခေတ္တမျှ စိုးရိမ်ပူပန်မှုများကိုပင် မေ့လျော့သွားကြသည်။

ဆယ်မိနစ်ကျော်အကြာတွင် လော်ယွမ် ဓားတရားဌာနသို့ ရောက်ရှိလာသည်။ အတွင်းထဲတွင် မီးများထိန်လင်းနေပြီး ရုံးအဆောက်အအုံ၏ ပထမထပ်ခန်းမဆောင်သို့ ဝင်လိုက်သောအခါ လူနှစ်ဦး ရောက်နှင့်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရှဲ့ကျွင်းဟွေ နှင့် ရွှီချန်ရှန်တို့၏ မျက်နှာများက တည်ကြည်လေးနက်နေပြီး လော်ယွမ်လာသည်ကိုမြင်သောအခါ နှုတ်ဆက်လိုက်ကြသည်။

"ဘာဖြစ်တာလဲ သိလား" လော်ယွမ်က ခေါင်းညိတ်ပြပြီးနောက် ဘေးနားရှိ ဆိုဖာပေါ်တွင် ဝင်ထိုင်ရင်း မေးလိုက်သည်။

"မသိဘူး... ကျွန်တော်လည်း စုံစမ်းနေတုန်းပဲ" ရှဲ့ကျွင်းဟွေက ဂနာမငြိမ်စွာ ပြောလိုက်သည်။ သူသည် ပုံစံအကြီးအကျယ်ပြောင်းလဲသွားသော လော်ယွမ်ကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩသွားသော်လည်း စကားပြောရန် စိတ်မပါတော့ပေ။ အရေးပေါ်တာဝန်ဆိုသည်မှာ ယေဘုယျအားဖြင့် ပြန်လည်တည်ဆောက်ရေးဇုန်၏ လုံခြုံရေးကို ထိပါးစေနိုင်သော ကြီးမားသည့်အဖြစ်အပျက်များ ဖြစ်ပွားခြင်းဖြစ်ပြီး အလွန်အန္တရာယ်များကာ အကြိမ်တိုင်းတွင် လူအသေအပျောက် ရှိတတ်သည်။

အခြားတာဝန်များကို သူ ငြင်းဆန်နိုင်သော်လည်း အရေးပေါ်တာဝန်မှာမူ မဖြစ်မနေ လိုက်ပါရမည်ဖြစ်ပြီး ငြင်းဆန်ခွင့်မရှိပေ။ သို့မဟုတ်ပါက ပြန်လည်တည်ဆောက်ရေးဇုန်မှ နှင်ထုတ်ခံရမည့် ကံကြမ္မာနှင့်သာ ရင်ဆိုင်ရပေမည်။ ဤတစ်ခေါက် အသက်ရှင်လျက် ပြန်လာနိုင်ပါဦးမည်လော။

မိနစ်အနည်းငယ်အကြာတွင် ဝမ်ဖုန်းကျစ် နှင့် လီတုန်း တို့ ရောက်ရှိလာကြသည်။ အပြန်အလှန် နှုတ်ဆက်ပြီးနောက် ဆိုဖာပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေကြရာ ဖိစီးသော လေထုတစ်ရပ် လွှမ်းခြုံလာသည်။

လူများ တဖြည်းဖြည်း ရောက်ရှိလာကြပြီး လင်းဖေးယန်သည် နောက်ဆုံးမှ ရောက်လာသူဖြစ်သည်။

လင်းဖေးယန်သည် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး "ဒီတာဝန်ရဲ့ အခြေအနေကို ကျွန်မလည်း အကြမ်းဖျင်းပဲ သိရသေးတယ်... အရှေ့တောင်စစ်ဒေသက ပို့လာတဲ့ သတင်းအရဆိုရင် မျှော်လင့်ချက်မြို့အနီးက ရေပူစမ်းမြို့လေးကို မြူခိုးတွေ ဖုံးလွှမ်းနေပြီး... မြို့ထဲကလူတွေအကုန်လုံး ထူးထူးဆန်းဆန်း အိပ်ပျော်ကုန်တယ်တဲ့... သူတို့ သေလားရှင်လား မသိရဘူး... အခု အဲ့ဒီမြူခိုးတွေက ဆက်ပြီးပြန့်နေတယ်... ကျွန်မတို့ရဲ့ တာဝန်က ရိုးရိုးလေးပါပဲ... အဲ့ဒီကိစ္စကို သေချာစုံစမ်းပြီး အခြေအနေပိုသိရအောင် လုပ်ဖို့ပဲ"

သူမသည် အချိန်ကို ကြည့်လိုက်ပြီး "ရှင်တို့ ပြင်ဆင်ဖို့ မိနစ် ၂၀ အချိန်ရမယ်... ၄ နာရီ ၄၅ မိနစ်မှာ လေယာဉ်ပေါ် အရောက်တက်ရမယ်... မေးစရာမရှိရင် လူစုခွဲလို့ရပြီ"

ဒင်... ဒီ+ အဆင့် မစ်ရှင် - ရေပူစမ်းမြို့၏အဖြစ်ကို ထောက်လှမ်းရန်၊ မြို့ကျဆုံးရခြင်း၏ အဓိကတရားခံကို ရှာဖွေဖော်ထုတ်ပြီး ရှင်းလင်ပါ။

အချိန်ကန့်သတ်ချက် - ၂၄ နာရီ။ လက်ခံ/ငြင်းပယ်

.............................................................................................

၄ နာရီ ၄၅ မိနစ်တွင် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ရေးလေယာဉ်၏ ပန်ကာဒလက်များ တဝေါဝေါလည်ပတ်လာပြီး မကြာမီ ကောင်းကင်ယံသို့ ပျံတက်ကာ အဝေးသို့ ထွက်ခွာသွားတော့သည်။

ဆက်ရန်...

အပိုင်း(၃၄၀)အထူးအဆန်း

နာရီဝက်ပင်မကြာမီတွင် သယ်ယူပို့ဆောင်ရေးလေယာဉ်သည် စစ်စခန်းတစ်ခုရှိ လေယာဉ်ကွင်း၌ ဖြည်းညင်းစွာ ဆင်းသက်လိုက်သည်။

လော်ယွမ်သည် အဖွဲ့သားများနှင့်အတူ လေယာဉ်ပေါ်မှ ခုန်ဆင်းပြီး ရေပူစမ်းမြို့ ဘက်သို့ လှမ်းမျှော်ကြည့်လိုက်သည်။ ဤနေရာသည် ရေပူစမ်းမြို့နှင့် သုံး၊ လေးမိုင်ခန့်သာ ကွာဝေးသော်လည်း နံနက်ခင်းအလင်းရောင်မှိန်မှိန်အောက်တွင် အဝေးမှ မည်းနက်သော အစုအဝေးကြီးတစ်ခုကိုသာ မြင်တွေ့ရသည်။ မကြာမီတွင် ဗိုလ်ချုပ်အဆင့်ရှိသော စစ်အရာရှိတစ်ဦး အပြေးအလွှား ရောက်ရှိလာပြီး လက်ဆွဲနှုတ်ဆက်ကာ မိတ်ဆက်လိုက်သည်။ "ကျွန်တော်က အရှေ့တောင်စစ်ဒေသရဲ့ ဒုတိယစစ်ဦးစီးမှူး ရွှီရှောက်ကျယ်ပါ... ဗိုလ်ချုပ်လင်း... ဗိုလ်ချုပ်ယွမ်နဲ့ ဓားတရား အဖွဲ့က ရဲဘော်တွေကို ကြိုဆိုပါတယ်... ဗိုလ်ချုပ်ကြီးက စစ်ဦးစီးဌာနမှာ စောင့်နေတာ ကြာပြီ"

"အပိုစကားတွေ ပြောမနေနဲ့တော့... အမြန်သွားရအောင်" ဟု လင်းဖေးယန်က လေသံအေးအေးဖြင့် ပြောလိုက်သည်။

လော်ယွမ်သည် အသစ်ရောက်ရှိလာသူဖြစ်၍ အရေးမပါသော ဇာတ်ပို့တစ်ဦးအနေဖြင့် နေထိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့် ခေါင်းညိတ်ပြရုံသာ ပြုလုပ်ပြီး စကားတစ်ခွန်းမျှ မပြောဘဲ နေလိုက်သည်။

စစ်အရာရှိ၏ မျက်နှာပေါ်တွင် မကျေနပ်သည့်အရိပ်အယောင် လုံးဝမပေါ်ဘဲ "လူကြီးမင်းများ ကျွန်တော့်နောက် လိုက်ခဲ့ပါ" ဟု ဆိုသည်။

ဤနေရာသည် တောနက်ထဲမှ ယာယီစခန်းတစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်တွင် စီတန်းနေသော တဲများဖြင့် ပြည့်နှက်နေသည်။ သစ်သားဖြင့် တည်ဆောက်ထားသော ကင်းစင်အချို့မှလွဲ၍ အခြားမည်သည့် လူလုပ်အဆောက်အအုံမျှ မရှိပေ။ လော်ယွမ်တို့အဖွဲ့သည် အမြောက်တပ်ရင်းတစ်ခုကို ဖြတ်သန်းပြီး မိနစ်အနည်းငယ်ကြာ လျှောက်သွားပြီးနောက် စစ်အရာရှိနှင့်အတူ စတုရန်းမီတာ ရာဂဏန်းခန့်ကျယ်ဝန်းသော တဲကြီးတစ်လုံးထဲသို့ ဝင်ရောက်သွားသည်။

အတွင်းထဲတွင် လူဆယ်ဂဏန်းခန့် ရှိနေသည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသော လူလတ်ပိုင်းအမျိုးသားတစ်ဦးက လော်ယွမ်တို့ ဝင်လာသည်ကို မြင်သောအခါ၊ မတ်တပ်ရပ်ကာ လူအုပ်နှင့်အတူ ကြိုဆိုလိုက်သည်။ "ကျွန်တော်က ချန်ကျန့်ဖုန်းပဲ... ညီနောင်တပ်ဖွဲ့က ရဲဘော်တွေကို ကြိုဆိုပါတယ်... အားနာစကားတွေ မပြောတော့ဘူး... လူကြီးမင်းတို့ ပင်ပန်းသွားကြပြီထင်တယ်"

"ဒါကကျွန်မတို့ တာဝန်ပဲလေ... ရှင်တို့ပေးတဲ့ သတင်းအချက်အလက်တွေက အရမ်းရိုးရှင်းလွန်းတယ်... ကျွန်မ ပိုပြီးအသေးစိတ်တဲ့ သတင်းအချက်အလက် လိုချင်တယ်" ဟု လင်းဖေးယန်က ပြတ်သားစွာ ပြောလိုက်သည်။

"မိတ်ဆက်ပေးပါရစေ... ဒီပုဂ္ဂိုလ်တွေကတော့ မျှော်လင့်ချက်မြို့ရဲ့ ဒုတိယဇီဝသုတေသနဌာနက သုတေသီကျန်း နဲ့ သူ့ရဲ့ လက်ထောက်တွေပဲ... မနေ့ကတည်းက သူတို့ မြူခိုးတွေကို စတင်လေ့လာနေတာ အခု အဖြေတချို့ ရရှိထားပြီးပြီ... လူကြီးမင်းတို့ အဲ့တာကို ကိုးကားလို့ရတယ်"

"ကျွန်တော်က သာမန်သုတေသီတစ်ယောက်ပါပဲ... မိတ်မဆက်တော့ပါဘူးနော်... ကျွန်တော်တို့က ဒါကို မြူခိုးလို့ ခေါ်ပေမဲ့... တကယ်တော့ ဒီအခေါ်အဝေါ်က မှားတယ်လို့ပြောရမယ်... ဒါက မြူခိုးပုံသဏ္ဌာန်ရှိတဲ့ ဂျယ်လီတစ်မျိုးပဲ... ဒါကြောင့် နေရောင်ခြည်ပဲဖြစ်ဖြစ်... လေပဲဖြစ်ဖြစ် သူ့ကို ဖြိုခွဲဖို့ခက်နေတာ... ဒီနှစ်ရက်အတွင်း ကျွန်တော် အပြင်စည်းကနေ စောင့်ကြည့်လေ့လာခဲ့ရသလောက်ဆို... သူက မရပ်မနား ကျယ်ပြန့်လာနေတာကို တွေ့ရတယ်... ကျွန်တော် စွန့်စားပြီး နမူနာတချို့ ကောက်ယူထားတယ်... လူကြီးမင်းတို့ ကြည့်လို့ရတယ်"

သုတေသီကျန်းက ဖန်ပြွန်တစ်ခုကို ထုတ်ပြလိုက်သည်။ လော်ယွမ် ကြည့်လိုက်ရာ အတွင်းထဲတွင် အစိမ်းနုရောင် အရည်တစ်မျိုး ရှိနေသည်။ သူ ဖန်ချောင်းဖြင့် မွှေကြည့်လိုက်ရာ ကော်ကဲ့သို့ စေးကပ်နေသည်ကို တွေ့ရသည်။ "သူ့ရဲ့ ပါဝင်ပစ္စည်းတွေထဲမှာ ရေက ၆၀ ရာခိုင်နှုန်းပဲ ပါတယ်... ကျန်တဲ့တစ်စိတ်တစ်ပိုင်းကတော့ အရင်က မတွေ့ရှိဖူးသေးတဲ့ မော်လီကျူးမြင့် ဒြပ်ပေါင်းတစ်မျိုးပဲ... စမ်းသပ်မှုတွေအရဆို သူက လျှပ်စစ်သံလိုက်လှိုင်းတွေကို စုပ်ယူနိုင်စွမ်းရှိတာ တွေ့ရတယ်... တကယ်လို့ လူလုပ်နည်းနဲ့ ပေါင်းစပ်ဖန်တီးနိုင်မယ်ဆိုရင်... ဒါက ပြီးပြည့်စုံတဲ့ ကိုယ်ပျောက်သုတ်ဆေးတစ်မျိုး ဖြစ်လာနိုင်တယ်... သူ့ကိုနယ်ပယ်တော်တော်များများမှာ..."

သူ ပြောလေ စိတ်လှုပ်ရှားလေဖြစ်ပြီး လမ်းကြောင်းလွဲလာသည်ကို မြင်သောအခါ လော်ယွမ်က မျက်မှောင်အနည်းငယ်ကြုတ်၍ သတိပေးလိုက်သည်။ "သုတေသီကျန်း... ကျွန်တော် ခင်ဗျားစကားကို မဖြတ်ချင်ပေမဲ့ ကျွန်တော်တို့မှာ အချိန်အကန့်အသတ်ရှိလို့ လိုရင်းပဲ ပြောပေးပါလား"

သုတေသီကျန်း သတိဝင်လာပြီး အားနာစွာ ပြုံးလိုက်သည်။ "ပြောရင်းပြောရင်းနဲ့ မေ့သွားတယ်ဗျာ... ဒါဆို ကျွန်တော် ဆက်ပြောပါ့မယ်... ခုနက ပြောခဲ့သလိုပဲ မြူခိုးတွေက လျှပ်စစ်သံလိုက်လှိုင်းတွေကို စုပ်ယူနိုင်တယ်... ဒါကြောင့် ခင်ဗျားတို့ အထဲရောက်သွားရင် ဘယ်လိုဆက်သွယ်မှုမှ လုပ်လို့ရမှာ မဟုတ်ဘူး... ပြီးတော့ မြူခိုးတွေရဲ့ သိပ်သည်းဆက အရမ်းများတော့ သာမန်မျက်စိနဲ့ မြင်နိုင်တဲ့ အကွာအဝေးက ၁ပေခွဲတောင် မရှိဘူး... ခင်ဗျားတို့ရဲ့ အမြင်အာရုံကို အရမ်းထိခိုက်စေလိမ့်မယ်"

"ဒါပေမဲ့ ဒါက အခက်ဆုံး မဟုတ်သေးပါဘူး... ဒီမြူခိုးတွေထဲမှာ ပါဝင်ပစ္စည်း နောက်တစ်မျိုး ရှိသေးတယ်... အဲ့တာကိုနည်းနည်းလေး ရှူမိရုံနဲ့ စိတ်ကယောင်ကတမ်း ဖြစ်စေနိုင်တယ်.. တစ်ဂရမ်လောက်သာ ရှူမိရင်တော့ မေ့မြောသွားနိုင်တယ်... စိတ်မကောင်းစရာက အဲ့ပါဝင်ပစ္စည်းက မြူခိုးစုစုပေါင်းထုထည်ရဲ့ ၁၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာပဲ... ပြောချင်တာကတော့ ခင်ဗျားတို့ အသက်နည်းနည်းလောက် ရှူလိုက်တာနဲ့ အိပ်ပျော်သွားလိမ့်မယ်... ဒါပေမဲ့ လူတစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့... ခန္ဓာကိုယ်ကြံ့ခိုင်တဲ့သူဆိုရင် ပိုပြီးတောင့်ခံနိုင်လောက်တယ်"

လူတိုင်း၏ မျက်နှာများ မကောင်းတော့ချေ။ လော်ယွမ်လည်း မျက်မှောင်ကြုတ်နေမိသည်။ ယခု သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် ဤစိတ်ကယောင်ကတမ်းဖြစ်စေသော ပါဝင်ပစ္စည်းကို ခုခံနိုင်စွမ်း ရှိမရှိ မသိနိုင်ပေ။

ပတ်ဝန်းကျင်အခြေအနေ မူမမှန်သည်ကို မြင်သောအခါ ဤလူများ နောက်ဆုတ်ချင်နေပြီဟု ယူဆကာ ဒုတိယဗိုလ်ချုပ်ကြီးချန်က အလျင်အမြန် ပြောလိုက်သည်။ "လူကြီးမင်းတို့ စိတ်မပူပါနဲ့... ကျွန်တော်တို့ မြူခိုးအပြင်စည်းမှာ လူတော်တော်များများ ကယ်ထုတ်ပြီးပြီ... သူတို့က အဆိပ်မရှိဘူး... အများကြီး ရှူမိရင်တောင် ရက်နည်းနည်းလောက် ပိုအိပ်ပျော်သွားရုံပဲ... သယ်ဆောင်ရလွယ်တဲ့ အသက်ရှူကိရိယာတွေ တပ်သွားရင် သူတို့ကို လုံးဝ ကာကွယ်နိုင်တယ်... ပြီးတော့ ခင်ဗျားတို့ရဲ့ တာဝန်ကလည်း မခက်ပါဘူး... မြူခိုးရဲ့ ဇာစ်မြစ်ကို ထောက်လှမ်းပြီး... လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်စက် အဲ့မှာတပ်ဆင်ပေးရုံပါပဲ... ကျန်တာကို ကျွန်တော်တို့ ဆက်လုပ်မယ်"

"ဒုဗိုလ်ချုပ်ကြီးချန်... ဘာမှ ဖုံးကွယ်ဖို့ မကြိုးစားနဲ့တော့... ကျွန်မ အခြေအနေအားလုံးကို သိချင်တယ်... ဒီကိစ္စက အဲ့လောက် ရိုးရှင်းနေရင် ရှင်တို့ အထက်ကို တင်ပြပြီး ကျွန်မတို့ကို ဒီလွှတ်ဖို့တောင် တောင်းဆိုမှာ မဟုတ်ဘူး... ကျွန်မပြောတာ ဟုတ်တယ်မလား" ဟု လင်းဖေးယန်က အေးစက်စွာ ကြည့်ရင်း အားမနာတမ်း ပြောလိုက်သည်။

လော်ယွမ်သည် ကလေးမျက်နှာနှင့်တူသော လင်းဖေးယန်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် တွေးလိုက်သည်။ "ဓားတရား အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ဒီလူတွေကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်တာ တကယ်ပဲ အပြင်ပန်းရုပ်သွင်ကို ကြည့်လို့မရဘူးပဲ"

ဒုတိယဗိုလ်ချုပ်ကြီးချန်သည် မျက်နှာချင်းဆိုင် အားမနာတမ်း မေးခွန်းထုတ်ခံရသဖြင့် မျက်နှာပျက်သွားသည်။ သို့သော် သူသည် "ငယ်ငယ်ရွယ်ရွယ်" နှင့် ရာထူးတက်လာခြင်းမှာ ကမ္ဘာပျက်ကာလတွင် စစ်တပ်အပြောင်းအလဲ မြန်ဆန်ခြင်းအပြင် သူ့တွင်လည်း ဉာဏ်နီဉာဏ်နက် ရှိသောကြောင့် ဖြစ်သည်။ သူသည် စိတ်ထဲမှ ဒေါသကို ကြိုးစားဖိနှိပ်ပြီး အပြုံးတစ်ခုကို ညှစ်ထုတ်ကာ ပြောလိုက်သည်။ "ကောင်းပါပြီ... မနေ့ကစပြီး ကျွန်တော်တို့ ရှေ့ပြေးတပ်ဖွဲ့အနေနဲ့ တပ်ခွဲ သုံးခုနဲ့ တင့်ကားတပ်ခွဲ တစ်ခုကို အသုတ်လိုက် စေလွှတ်ခဲ့တယ်... ဒါပေမဲ့ အခုထိ သူတို့ပြန်ရောက်မလာသလို ဘာပြန်ကြားချက်မှလည်း မရဘူး"

"တစ်ယောက်မှ ပြန်မလာဘူးလား" လော်ယွမ် စဉ်းစားပြီး မေးလိုက်သည်။

"တစ်ယောက်တော့ ပြန်လာတယ်... အထူးတပ်ဖွဲ့ဝင်တစ်ယောက်ပဲ... ဒါပေမဲ့ ပြန်ရောက်လာတဲ့အချိန်မှာ ရူးနေပြီ... ဘယ်လိုမှ ထိန်းလို့မရဘူး... ပြန်ရောက်ပြီးသိပ်မကြာခင်ပဲ သေသွားတယ်" ဟု ဒုတိယဗိုလ်ချုပ်ကြီးချန်က ပြောလိုက်သည်။

အထူးတပ်ဖွဲ့ဆိုသည်မှာ စစ်ဒေသ၏ ဆင့်ကဲပြောင်းလဲသူတပ်ဖွဲ့ ဖြစ်ပေလိမ့်မည်။ လော်ယွမ် စိတ်ထဲတွင် ခဏတာ စဉ်းစားပြီးနောက် "သူနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ခေါ်ပေးနိုင်မလား... ကျွန်တော်တို့ အခြေအနေကို မေးမြန်းချင်လို့"

………………………………………………………………………………………………………………

လော်ယွမ်တို့အဖွဲ့သည် ထိုရူးသွပ်သူနှင့် ထိတွေ့ခဲ့သော စစ်သားအချို့နှင့် ကုသပေးခဲ့သော ဆရာဝန်၊ သူနာပြုများကို အသေးစိတ် မေးမြန်းခဲ့ရာ ရလဒ်မှာ လူကို ကျောချမ်းသွားစေသည်။

ထိုသူ ပြန်ရောက်လာချိန်တွင် အသိစိတ်လွတ်နေပြီ ဖြစ်သည်။ ခြေလက်များ ယမ်းခါနေပြီး စိတ်ခံစားမှု အလွန်ပြင်းထန်နေသည်။ တစ်ခါတစ်ရံ အော်ဟစ်နေပြီး တစ်ခါတစ်ရံ ပေါက်ကရများ ပြောဆိုနေသည်။ ဝမ်းနည်းစရာမှာ ထိုအချိန်က သူ၏စကားသံများမှာ ဗလုံးဗထွေးဖြစ်နေ၍ ဘာပြောနေမှန်း လုံးဝ နားမလည်ခဲ့ကြပေ။

နောက်ပိုင်းတွင် ချုပ်နှောင်ထားပြီး စိတ်ငြိမ်ဆေး အပြင်းစားထိုးပေးလိုက်မှသာ ငြိမ်သက်သွားသည်။ ညဉ့်နက်သောအခါ စောင့်နေသော သူနာပြုက သူ ရုတ်တရက် နိုးလာသည်ကို တွေ့လိုက်ရသည်။ သို့သော် မျက်လုံးများက မျက်နှာကြက်ကို စိုက်ကြည့်နေပြီး ပုံမှန်လူနှင့် မတူပေ။ ပြင်ပလောကကိုလည်း အာရုံခံနိုင်စွမ်း မရှိတော့ပေ။ သူနာပြုက ဆရာဝန်ကို သွားခေါ်လာသောအခါ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်နေသည်ကို တွေ့လိုက်ရသည်။ လူလာသည်ကို မြင်သောအခါ သူသည် ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းသော စကားတစ်ခွန်း ပြောလိုက်သည်။ "ငါ နတ်ပြည်ကို သွားတော့မယ်"

ထို့နောက် ရုတ်တရက် သေဆုံးသွားခဲ့သည်။

ဖြစ်ရပ်တစ်ခုလုံးမှာ ထူးဆန်းအံ့ဩဖွယ်ရာ ကောင်းလှပြီး ဤမမြင်ရသော ရန်သူက လူကို ကြောက်လန့်စေသည်။ လူတိုင်း စိတ်မလုံမခြုံ ဖြစ်နေသည်ကို မြင်သောအခါ လော်ယွမ် ခဏတာ တိတ်ဆိတ်နေပြီးနောက် တည်ငြိမ်စွာ ပြောလိုက်သည်။ "ဒီတာဝန်က လူများလည်း အသုံးမဝင်ဘူး... အသေအပျောက်ပဲ ပိုများလိမ့်မယ်... ခင်ဗျားတို့ ဒီမှာနေခဲ့ကြ ကျွန်တော်ပဲ သွားလိုက်မယ်"

ဤတာဝန်တွင် ထိုထူးဆန်းသော တိုက်ခိုက်မှုကို မကာကွယ်နိုင်ပါက လူများခြင်းသည် အကူအညီမဖြစ်သည့်အပြင် ဝန်ထုပ်ဝန်ပိုးပင် ဖြစ်စေနိုင်သည်။ ထိုအချိန်ကျမှ ကယ်ရမလို၊ မကယ်ရမလို အကျပ်ရိုက်နေမည့်အစား မည်သို့ပင်ဖြစ်စေ သွားရမည်ဖြစ်သဖြင့် တစ်ယောက်တည်းသွားခြင်းက ပိုကောင်းပေသည်။

လော်ယွမ်၏ စကားဆုံးသည်နှင့် လူတိုင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။ လင်းဖေးယန်ပင်လျှင် မျက်လုံးများ အရောင်တောက်သွားပြီး လော်ယွမ်ကို ကြည့်သော အကြည့်မှာ ပိုမိုနွေးထွေးလာသည်။ သူမ ပြုံးလိုက်ပြီး "လူများရင် အသုံးမဝင်တာတော့ အမှန်ပဲ... ဒါပေမဲ့ ရှင်တစ်ယောက်တည်းတော့ ဘယ်ဖြစ်မလဲ... ကျွန်မ လိုက်ခဲ့မယ်... ကျန်တဲ့သူတွေ မလိုက်နဲ့တော့"

လင်းဖေးယန်၏ ဆုံးဖြတ်ချက်ဖြင့် ကိစ္စပြီးပြတ်သွားသည်။

……………………………………………………………………………………………………

"ဒါက လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်စက်ပဲ... အပေါ်မှာ ကော်အပြင်းစား သုတ်ထားတယ်... အချိန်ကိုက်ပြီးတာနဲ့ စတစ်ကာကို ခွာပြီး ပစ်မှတ်ကို မြင်တာနဲ့ ချက်ချင်း ပစ်ထည့်လိုက်... ဒီကော်က အရမ်းကပ်တယ်နော်... လက်နဲ့ လုံးဝ သွားမထိလိုက်နဲ့... ကိုင်ရမယ့်နေရာ သီးသန့်ရှိတယ်... လုံးဝ လုံးဝ မကိုင်မိစေနဲ့နော် မှားကိုင်မိရင် အရေခွံပါ လန်ထွက်သွားလိမ့်မယ်" စောစောက ကြိုဆိုခဲ့သော ဒုတိယစစ်ဦးစီးမှူး ရွှီရှောက်ကျယ်က အသုံးပြုပုံကို ရှင်းပြရင်း လေးနက်စွာ သတိပေးလိုက်သည်။

စိတ်မကြည်မလင်ဖြစ်နေသော ဒုတိယဗိုလ်ချုပ်ကြီးချန်မှာမူ စောစောကတည်းက အကြောင်းပြချက်တစ်ခုဖြင့် ထွက်ခွာသွားပြီ ဖြစ်သည်။ သို့သော် လင်းဖေးယန်ရော လော်ယွမ်ပါ သိပ်ဂရုမစိုက်ကြပေ။ ဌာနနှစ်ခုမှာ သီးခြားစီဖြစ်ပြီး စိတ်ဆိုးသွားလည်း ဘာမှမဖြစ်ပေ။ သို့သော် သိက္ခာဆယ်ရန်အတွက်နှင့် ဤမျှအရေးကြီးပြီး ဓားတရား အဖွဲ့ကို အကြီးအကျယ် ထိခိုက်စေနိုင်သော သတင်းအချက်အလက်ကို ဖုံးကွယ်ထားခြင်းမှာမူ လော်ယွမ်ကို စိတ်ပျက်စေသည်။

သို့သော် သူသည် လင်းဖေးယန်ကဲ့သို့ ပေါ့ပါးသူမဟုတ်ပေ။ ချစ်ခြင်းမုန်းခြင်း ရှင်းလင်းပြီး မည်သူ့ကိုမှ ဂရုမစိုက်တတ်သော လင်းဖေးယန်နှင့် ယှဉ်လျှင် လော်ယွမ်ကမူ အခြေခံစည်းမျဉ်းကို မကျော်လွန်သရွေ့ အနည်းငယ် ပို၍ လိုက်လျောညီထွေ နေတတ်သူ ဖြစ်သည်။

ရွှီရှောက်ကျယ်က ဆက်လက်မှာကြားသည်။ "အချိန်ကျတာနဲ့ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှတ်စက်ကနေ စွမ်းအားမြင့် လှိုင်းတစ်ခု ထုတ်လွှတ်ပြီး မြူခိုးတွေရဲ့ အကာအကွယ်ကို ဖောက်ထွက်ပြီး ပစ်မှတ်တည်နေရာကို တိတိကျကျ ပြပေးလိမ့်မယ်... ဒါပေမဲ့ အထူးသတိထားရမှာက ထုတ်လွှတ်စက် အလုပ်လုပ်ပြီးတာနဲ့ ပစ်မှတ်နဲ့ အနည်းဆုံး ပေ၆၀၀လောက် ဝေးအောင် နေရမယ်... ဝေးလေ ကောင်းလေပဲ... ဒါမှ လျှပ်စစ်သံလိုက်အမြောက်ဒဏ် မထိမှာ"

သူ အဝေးမှ ခံတပ်ကြီးများနှင့်တူသော မည်းနက်သည့် ဧရာမသတ္တုကြီးများကို ကြည့်လိုက်ပြီး စပ်စုစွာ မေးလိုက်သည်။ "လျှပ်စစ်သံလိုက်အမြောက်ဆိုတာ အဲ့တာတွေလား"

"ဗိုလ်ချုပ်ယွမ်က အမြင်စူးရှတာပဲ... သူတို့က စက်ရုံက အသစ်ထွက်လာတဲ့ အနုမြူစွမ်းအင်သုံး လျှပ်စစ်သံလိုက်အမြောက်တပ်ဆင်ထားတဲ့ တင့်ကားတွေပဲ... တိုင်းပြည်ကာကွယ်ရေး လက်နက်တွေပေါ့" ရွှီရှောက်ကျယ်က အနည်းငယ် မြှောက်ပင့်လိုက်ပြီး ထိုသံမဏိသားရဲကြီးများကို ကြည့်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။ "ပြီးတော့ သူတို့က နောက်ဆုံးပေါ် မွမ်းမံထားတဲ့ အမျိုးအစားတွေမို့လို့ မြို့ကာကွယ်ရေး အမြောက်တွေထက်တောင် စွမ်းအား ပိုမြင့်တယ်... ငါးကီလိုဂရမ်ရှိတဲ့ ကျည်ဆန်ကို အမြင့်ဆုံးစွမ်းအားနဲ့ ပစ်မယ်ဆိုရင် အသံထက် ကိုးဆနီးပါး မြန်တယ်... အဆင့်ရှစ် သန္ဓေပြောင်းသတ္တဝါတောင် ထိမှန်မိရင် ဒဏ်ရာအကြီးအကျယ် ရစေနိုင်တယ်... ဒါပေမဲ့ နှမျောစရာက... သန္ဓေပြောင်းသတ္တဝါတွေက အန္တရာယ်ကို ကြိုခံစားနိုင်တဲ့ ပင်ကိုအသိရှိကြပြီး အမြန်နှုန်းကလည်း အရမ်းမြန်တော့ ထိအောင်ပစ်ဖို့ ခက်တယ်"

(လျှပ်စစ်သံလိုက်အမြောက်ဆိုတာက လျှပ်စစ်သံလိုက်လှိုင်းနဲ့ပစ်ရတဲ့အမြောက်ဖြစ်ပြီး ပစ်တဲ့နှုန်းမှာ သာမန်အမြန်ဆုံးအမြောက်က အသံထက် ၅ဆ မြန်ရင် သူက အသံထက် ၈ဆကနေ ၉ဆထိ မြန်နိုင်ပါတယ်။ အမေရီကန်က စတီထွင်ခဲ့ပြီး တရုတ်က လိုက်ကူးချခဲ့ပေမယ့် ၂နိုင်ငံလုံး ချောချောမွေ့မွေ့သုံးနိုင်တဲ့အထိ မအောင်မြင်ခဲ့သေးပါဘူး။ အဓိက အကြောင်းကတော့ အမြောက်တစ်ချက် ပစ်လွှတ်ဖို့ ထုတ်ပေးမယ့် လျှပ်စစ်သံလိုက်လှိုင်းကို ဖန်တီးဖို့ လိုအပ်တဲ့ စွမ်းအင်ပမာဏက အကြီးစား စစ်သင်္ဘောတစ်စီးမောင်းဖို့လိုအပ်တဲ့စွမ်းအင်နဲ့ညီနေပြီး တစ်ခြားလိုအပ်ချက်တွေလည်း အများကြီးပါပဲ။ အခုတရုတ်က အနုမြူစွမ်းအင်နဲ့အစားထိုးပြီး စမ်းသပ်နေပေမယ့် အပြည့်အဝမအောင်မြင်သေးပါဘူး ဂျပန်ကတော့ ဒီ၂၀၂၅မှာ ပထမဦးဆုံးအဖြစ် အကုန်အကျနည်းနည်းနဲ့ ပစ်လွှတ်နိုင်တဲ့အထိ အောင်မြင်နေပြီလို့သိရပါတယ်။)

လော်ယွမ်သည် အဝေးမှ အမြင့်၂၇ပေနီးပါး၊ အလျားနှင့် အနံ ပေ၆၀ကျော်ရှိသော ဧရာမအမြောက်ကြီးများ၏ အရိပ်ကြီးများကို ကြည့်ရင်း ရိုသေလေးစားစိတ် ဖြစ်ပေါ်လာသည်။ ကမ္ဘာမပျက်မီကဆိုလျှင် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းများထဲတွင်သာ ရှိနိုင်သော ဤစူပါလက်နက်များသည် ယခုအခါ မျက်စိရှေ့မှောက်တွင် အမှန်တကယ် ရောက်ရှိနေပြီ ဖြစ်သည်။ လူသားမျိုးနွယ်သည် သေရေးရှင်ရေး ဖိအားအောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အလားအလာများကို ထုတ်ဖော်လာနိုင်ပုံရသည်။

ဆက်ရန်...

All Chapters