အခန်း (၃၂၉-၃၃၀)
Vol. 17 Ch. 329-330
အပိုင်း(၃၂၉)လေ့ကျင့်ခြင်း
မြေအောက် အထပ်၁၅ လေ့ကျင့်ရေးကွင်း။
ဝေဝါးသော အရိပ်တစ်ခုက ရှေ့နောက် အဆက်မပြတ် ပြေးလွှားနေပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့် ကျယ်ဝန်းသော ခန်းမဆောင်ကြီးအတွင်း၌ လေပြင်းများ ရံဖန်ရံခါ တိုက်ခတ်နေသည်။
ဓားတရားအထူးတပ်ဖွဲ့၏ ပြန်မရောက်သေးသော အဖွဲ့ခေါင်းဆောင်နှင့် သေဆုံးသွားသော ဒုအဖွဲ့ခေါင်းဆောင်မှလွဲ၍ ကျန်လူအားလုံးသည် မနီးမဝေး၌ စုဝေးကြည့်ရှုနေကြသည်။ ဤသို့သော အရှိန်မျိုးကို သူတို့ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။ "လေနတ်သား" ဟု အမည်ပြောင်ရရှိထားသော ရွှီချန်ရှန်ပင်လျှင် အနည်းငယ် အားနည်းနေသေးသည်။
ရွှီချန်ရှန်ကိုယ်တိုင် ကောင်းကောင်းသိသည်။ ဤသို့သော အရှိန်မြင့်မားစွာ လှုပ်ရှားနေသည့်တိုင် လော်ယွမ်ကဲ့သို့ ပေါ့ပါးသွက်လက်ပြီး သက်သောင့်သက်သာရှိအောင် သူ လုံးဝ မလုပ်ဆောင်နိုင်ပေ။ အတင်းအကျပ် နှိုင်းယှဉ်ရလျှင် သူသည် ရှေ့တိုးနောက်ဆုတ် တရကြမ်းဝင်တိုက်သော ကြံ့တစ်ကောင်နှင့်တူပြီး လော်ယွမ်မှာမူ ပေါ့ပါးသွက်လက်သော ကျားသစ်တစ်ကောင်နှင့် တူနေသည်။ ကွာခြားချက်မှာ အနည်းငယ်မျှမက ကြီးမားလှသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ အကြိမ်ကြိမ် ပြေးလွှားနေသည်နှင့်အမျှ တစ်ဖက်လူ၏ အရှိန်သည် မျက်စိဖြင့် မြင်နိုင်သော အတိုင်းအတာဖြင့် ဖြည်းညင်းစွာ တိုးတက်လာနေခြင်းပင်ဖြစ်သည်။
"၃.၆ စက္ကန့်ထဲ ဝင်သွားပြီ... ပြောရမယ်ဆိုရင် ပေ၃၀၀ကို ဝ.၉ စက္ကန့်ပဲ" လီတုန်းက စံချိန်မှတ်နာရီကို ကြည့်ပြီး လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"စပြေးတုန်းက အကိုယွမ် ပေ၃၀၀ကို ၁.၁ စက္ကန့်ပဲ ရှိသေးတာ ငါမှတ်မိတယ်... အခု တစ်စက္ကန့်အောက်တောင် ရောက်သွားတာလား... သူက ပြေးလေ မြန်လေ ဖြစ်နေတာလား" ရှဲ့ကျွင်းပန်က မယုံနိုင်စွာဖြင့် ပြောလိုက်သည်။
"ဆရာက သူ့ရဲ့ ပြေးပုံပြေးနည်းကို အဆက်မပြတ် ပြုပြင်နေတာ မင်းတို့ မမြင်ဘူးလား... သူက အမြန်ဆုံး အားစိုက်ထုတ်နိုင်မယ့် နည်းလမ်းကို ရှာနေတာ" ဖန်းဖေ့ပင်က ဝေဝါးသော အရိပ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။
လူအုပ်စုသည် ထိုစကားကို ကြားသောအခါ အံ့ဩသွားကြပြီး လော်ယွမ်၏ ပုံရိပ်ကို အလျင်အမြန် လိုက်လံကြည့်ရှုလိုက်ကြရာ တစ်ဖက်လူ၏ ပြေးပုံပြေးနည်းက အလွန်ထူးဆန်းနေသည်ကို တွေ့လိုက်ရသည်။ ခန္ဓာကိုယ်သည် မြေပြင်နှင့် မျဉ်းပြိုင်နီးပါး ဖြစ်နေပြီး ဦးခေါင်းသည် မြေပြင်မှ လက်မ၂၀ခန့်သာ ကွာဝေးကာ မြေကြီးနှင့် ကပ်လုနီးပါး ဖြစ်နေသည်။
ပေ၁၂၀၀ ပြေးလမ်းတစ်ခုလုံးကို ဆယ်လှမ်းကျော်မျှဖြင့် ပြေးလွှားသွားခဲ့ပြီး အသက်ရှူအနည်းငယ်အတွင်းမှာပင် အဆုံးထိ ရောက်ရှိသွားခဲ့သည်။ ခြေလှမ်းတစ်လှမ်းတိုင်းက ပေ၁၂၀ခန့် ကျယ်ဝန်းသည်။
ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ခြေအောက်မှ ကျောက်တုံးများဖြင့် ခင်းထားသော မြေပြင်သည် ချက်ချင်း ကွဲအက်သွားပြီး အမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ လေပြင်းနှင့်အတူ ဖုန်မှုန့်များ လွင့်ပျံလာခဲ့သည်။
"ကြည့်မနေနဲ့တော့... ငါတို့ သင်လည်း အသုံးမဝင်ဘူး" အရူးဝမ်က ဟီးဟီးရယ်လိုက်ပြီး အဝေးမှ လော်ယွမ်ကို ကြည့်ကာ မျက်လုံးများထဲ၌ ကြောက်ရွံ့မှုတစ်စ ဖြတ်ပြေးသွားသည်။ "သူက ပျံနိုင်တာပဲကို... သူအခု မြေကြီးပေါ်မှာ ပြေးနေတယ်လို့ ထင်ရပေမယ့် တကယ်တော့ ခန္ဓာကိုယ်အလေးချိန်က သိပ်မရှိဘူး... သူက စွမ်းအင်မျှခြေတစ်ခုကို ရှာနေတာ"
အရူးဝမ်သည် လူက အနည်းငယ် ရူးသွပ်သော်လည်း အမြင်မှာမူ ထက်မြက်လှသည်။ အထူးသဖြင့် မနေ့က လိုက်လံဖမ်းဆီးမှုတွင် သူ အကြီးအကျယ် ဒုက္ခရောက်ခဲ့ရသကဲ့သို့ လော်ယွမ်၏ အရှိန်အပေါ်၌လည်း နက်ရှိုင်းသော အမှတ်တရ ရှိနေခဲ့သည်။
တကယ်တမ်းတွင်လည်း ထိုအတိုင်းပင်။ ပြေးလွှားနေစဉ် စိတ်စွမ်းအားဖြင့် တွန်းအားပေးလိုက်သောအခါ ပြင်းထန်သော ဓာတုဓာတ်ပြုမှုများ ဖြစ်ပေါ်လာပြီး အကျိုးသက်ရောက်မှုက အလွန်အမင်း ထူးခြားလှသည်။ ယခင်က မကျော်လွှားနိုင်ခဲ့သော အရှိန်ကန့်သတ်ချက်ကို လွယ်ကူစွာ ချိုးဖျက်နိုင်ခဲ့သည်။ မနေ့ကမူ အစမ်းသဘောမျှသာ ဖြစ်ပြီး ပထမဆုံးအကြိမ် စမ်းသပ်ခြင်းဖြစ်သောကြောင့် သိပ်မပြီးပြည့်စုံဘဲ အလွန်ကြမ်းတမ်းနေသေးသည်။ သို့သော် အကြိမ်ကြိမ် လေ့ကျင့်ပြုပြင်ပြီးနောက် သူ၏ အရှိန်သည် အမြင့်ဆုံး ကန့်သတ်ချက်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။
လော်ယွမ်သည် အသွားအပြန် အကြိမ်ကြိမ် ပြေးလွှားနေခဲ့သည်။ အရှိန်သည် ပေ၃၀၀လျှင် ဝ.၈ စက္ကန့်သို့ ရောက်ရှိသွားသောအခါ ဆက်လက်၍ တိုးတက်ခြင်းမရှိတော့ပေ။ သူသည် နောက်ထပ် ငါးမိနစ်၊ ခြောက်မိနစ်ခန့် ဆက်လက်ပြေးလွှားပြီး ခန္ဓာကိုယ်က ဤစွမ်းအားမျှခြေကို တဖြည်းဖြည်း မှတ်မိလာစေပြီးမှ ဖြည်းညင်းစွာ ရပ်တန့်လိုက်သည်။
သေချာသည်မှာ တစ်ရက်တည်းဖြင့် လုံလောက်မည်မဟုတ်ပေ။ သို့သော် နောက်ထပ် ငါးရက်၊ ခြောက်ရက်ခန့် ဆက်လက်လေ့ကျင့်လိုက်ပါက ခန္ဓာကိုယ်ထဲ၌ စွဲမြဲသွားပြီး အလိုအလျောက် တုံ့ပြန်မှုအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပေလိမ့်မည်။
ပြင်းထန်သော လှုပ်ရှားမှုကြောင့် သူ၏ တစ်ကိုယ်လုံးမှ အသားသည် နီရဲနေပြီး ရေငွေ့များ ထွက်ပေါ်နေကာ အပူငွေ့များ ထုတ်လွှတ်နေသည်။
မူလက ရှက်ရွံ့စွာဖြင့် တိတ်ဆိတ်နေခဲ့သော ဝူချင်းယုသည် မျက်နှာသုတ်ပုဝါတစ်ထည်ကို ကောက်ယူလိုက်ပြီး လော်ယွမ်ထံသို့ ခြေလှမ်းတိုလေးများဖြင့် ပြေးသွားလိုက်သည်။ "အကိုယွမ်... ညီမ ချွေးသုတ်ပေးမယ်"
သူမသည် လော်ယွမ်ကို ရဲရဲတင်းတင်း အကဲခတ်ကြည့်ရှုလိုက်သည်။ သူသည် သူမထက် ခေါင်းတစ်လုံးခန့် ပိုမြင့်ကာ ဖြောင့်မတ်ပြီး သွယ်လျသော ခန္ဓာကိုယ်က သူရဲကောင်းဆန်ပြီး တက်ကြွနေသည်။ ရှင်းလင်းပြတ်သားသော ကြွက်သားများသည် တောက်ပသော အရောင်အသွေးကို ထုတ်လွှတ်နေပြီး အလင်းရောင် ထွက်နေသကဲ့သို့ပင်။ လက်မောင်း အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ရေလှိုင်းများကဲ့သို့ လှုပ်ခါသွားသည်။ ထူထဲသော မျက်ခုံးမွေးအောက်၌ မည်းနက်သော မျက်လုံးတစ်စုံ ရှိနေပြီး ကျောက်စိမ်းကဲ့သို့ ကြည်လင်ကာ အောက်ခြေမမြင်ရသော ရေကန်ကြီးတစ်ခုနှင့်ပင် တူနေသည်။
ထိုအချိန်၌ သူ၏ ဦးခေါင်းတစ်ခုလုံး ချွေးများဖြင့် ပြည့်နှက်နေပြီး ချွေးစက်များသည် မျက်နှာပေါ်မှ အဆက်မပြတ် စီးကျနေကာ စွပ်ကျယ်အင်္ကျီပင်လျှင် စိုရွှဲနေသည်။ သို့သော် သူမသည် မည်သည့်အနံ့ဆိုးမျှ မရရှိဘဲ ထူးခြားသော ရနံ့သဲ့သဲ့ကိုသာ ရရှိနေပြီး နှာခေါင်းဝ၌ ဝဲပျံနေသည်။ ညစ်ပတ်သော ယောက်ျားလေးအနံ့မျိုး လုံးဝ မရှိပေ။
လော်ယွမ်သည် ကြောင်သွားပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။
သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာသည် ရှက်သွေးဖြာနေပြီး သွယ်လျသော လည်တိုင်ဖြူဖြူလေးပေါ်၌ပင် အနီရောင်သန်းနေသည်။ ရေလွှမ်းနေသော မျက်ဝန်းလှလှလေးများသည် သူ့ကို စိုက်ကြည့်နေပြီး ဖောင်းကြွနေသော ရင်အုပ်သည် နိမ့်ချည်မြင့်ချည် ဖြစ်နေကာ အလွန်အမင်း စိတ်လှုပ်ရှားနေဟန်တူသည်။
လော်ယွမ်က အလျင်အမြန် ငြင်းပယ်လိုက်ပြီး မျက်နှာသုတ်ပုဝါကို ခေါင်းကိုက်စွာဖြင့် လှမ်းယူလိုက်သည်။ "ဟာ ရတယ်... မလိုပါဘူး... ငါ့ဘာသာ လုပ်လိုက်ပါ့မယ်... ကျေးဇူးနော်"
"ရပါတယ်" ဝူချင်းယုသည် မျက်နှာသုတ်ပုဝါကို ပေးပြီးသည်နှင့် ခေါင်းကို အလျင်အမြန် ငုံ့လိုက်သည်။ စောစောက အပြုအမူသည် သူမ၏ သတ္တိအားလုံးကို ကုန်ဆုံးသွားစေခဲ့ဟန်တူသည်။ ခေါင်းကို ဘေးသို့လှည့်ကာ မျက်နှာနီရဲစွာဖြင့် အသံတိုးတိုး ပြောလိုက်သည်။ "ဟိုလေ... မနေ့က အကို့အင်္ကျ ီကိုလျှော်ရင်း မတော်တဆ ပြဲသွားတယ်... အဲ့ဒါ ညီမ... အသစ်တစ်ထည် ပြန်ပေးမယ်နော်"
သူမသည် စိတ်ထဲ၌ သူမ၏ ဝမ်းကွဲညီမကို ကျိတ်၍ ကျိန်ဆဲလိုက်သည်။ မနေ့က ဘာဖြစ်သွားသည် မသိ နံနက်စောစောစီးစီး အဝတ်အစားများကို ထူးထူးခြားခြား လျှော်ဖွပ်နေခဲ့သည်။ သူမ၏ အဝတ်အစားများသာမက ဝူချင်းယု၏ အဝတ်အစားများနှင့် ထိုတိုက်ပွဲဝတ်စုံကိုပါ ရောနှောလျှော်ဖွပ်လိုက်သည်။ နှစ်ဦးသား၏ အဝတ်အစားများမှာ မပြဲသော်လည်း တိုက်ပွဲဝတ်စုံမှာမူ ထူးဆန်းစွာ ပြဲသွားခဲ့သည်။ ကျောဘက်မှ ပန်းကန်လုံးအရွယ်ခန့်ရှိသော အပေါက်ကြီးကို ကြည့်ရင်း သူမသည် ဒေါသထွက်လွန်း၍ မနက်စာပင် ကောင်းကောင်း မစားနိုင်ခဲ့ပေ။
ဤတိုက်ပွဲဝတ်စုံ၏ ကုန်ကြမ်းသည် ကမ္ဘာပျက်ကပ်နောက်ပိုင်း အပင်အမျှင်များဖြစ်ပြီး ဂျင်းစထက်ပင် ပို၍ ခိုင်ခံ့သည်။ လျှော်ရင်း ပြဲသွားရန်မှာ မလွယ်ကူလှပေ။
"ဟွန့်... ဒါ တမင်သက်သက် လုပ်တာပဲ... မနေ့ညကတည်းက ကြည့်ရတာ တစ်မျိုးကြီးဖြစ်နေတာ... သူကမသိဘူးလို့တောင် ပြောလိုက်သေးတယ်"
သူမနှင့် ဝမ်ယိကျဲတို့သည် ဝမ်းကွဲညီအစ်မများ ဖြစ်ကြသော်လည်း အသက်အရွယ် မတိမ်းမယိမ်းဖြစ်ကြသည်။ သူမသည် ဝမ်ယိကျဲထက် တစ်လသာ ကြီးသည်။ နှစ်ဦးသား မူကြို၊ မူလတန်း၊ အလယ်တန်းတို့ကို အတူတူ တက်ရောက်ခဲ့ကြပြီး အထက်တန်းကျောင်းရောက်မှသာ တစ်နှစ်ခန့် ခွဲခွာခဲ့ကြရသည်။ ထို့နောက် ကမ္ဘာပျက်ကပ် ရောက်ရှိလာခဲ့သည်။
ပုံမှန်အားဖြင့် ပြောရလျှင် နှစ်ဦးသား၏ ဆက်ဆံရေးသည် ကောင်းမွန်သင့်သည်။ သို့သော် တကယ်တမ်းတွင်မူ ထိုသို့မဟုတ်ပေ။ ငယ်စဉ်က အရုပ်လုခြင်း၊ မုန့်လုခြင်းမှစ၍ ကြီးလာသောအခါ အမှတ်စာရင်း ပြိုင်ဆိုင်ခြင်းအထိ ဖြစ်ခဲ့ကြသည်။ တစ်ယောက်က စာမေးပွဲ၌ အမှတ်ကောင်းလျှင် အရှေ့တိုင်း၏ထုံးစံအတိုင်း "နင့်ညီမ (နင့်အစ်မ) က ဘယ်လိုဘယ်လို၊ နင်ကတော့ ဘယ်လိုဘယ်လို" စသည်ဖြင့် မိဘများက နားပူအောင် ပြောဆိုလေ့ရှိသည်။ နှစ်ဦးသား ညီအစ်မအရင်းကဲ့သို့ ချစ်ခင်ရန်မှာ မဖြစ်နိုင်ပေ။ ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီး ကမ္ဘာလောကကြီး ပြောင်းလဲသွားမှသာလျှင် နှစ်ဦးသား၏ ဆက်ဆံရေးသည် အနည်းငယ် ကောင်းမွန်လာခဲ့ခြင်း ဖြစ်သည်။
လော်ယွမ်သည် တစ်ဖက်လူ၏ ရှုပ်ထွေးသော စိတ်ခံစားချက်များကို မသိရှိသော်လည်း သာမန်အဝတ်အစားတစ်ထည်မျှသာ ဖြစ်သည့်အတွက် သိပ်ဂရုမစိုက်ပေ။ လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ "ပြဲသွားရင်လည်း ထားလိုက်ပါတော့... ဘာမှမဖြစ်ဘူး... ဒါနဲ့ မင်း ဒဏ်ရာ ကောင်းသွားပြီလား"
ဝူချင်းယု၏ မျက်နှာပေါ်၌ ဝမ်းမြောက်မှု ပေါ်လာပြီး ရှက်သွေးဖြာလျက် ပြောလိုက်သည်။ "အစ်ကိုယွမ် ညီမကို စိတ်ပူပေးတဲ့အတွက် ကျေးဇူးပါ... ညီမအခု တော်တော်လေး ကောင်းနေပါပြီ... လုံးဝ ပြန်ကောင်းဖို့ကတော့ တစ်လလောက် လိုဦးမယ်... ဒီအတောအတွင်းမှာ အသားကျအောင် လေ့ကျင့်ခန်း နည်းနည်းပါးပါးပဲ လုပ်လို့ရမယ်"
"ဒါလည်း ကောင်းတာပါပဲ... မင်းအန္တရာယ်ကြုံပြီးတော့ အဖွဲ့သားတွေမင်းကိုအရမ်းစိတ်ပူနေတာ... နောက်ဆိုအဲ့လောက် မပေါ့ဆနဲ့တော့ ဟုတ်လား" လော်ယွမ်က တမင်တကာ လူကြီးလေသံဖြင့် ပြောလိုက်သည်။ တစ်ဖက်လူ၏ အသက်သည် သိပ်မကြီးသေးဘဲ ဝမ်ရှီရှီထက် အနည်းငယ်သာ ကြီးမည်ဖြစ်ကြောင်း သူ ခံစားမိနေသည်။
ဝူချင်းယုက ချိုမြိန်စွာ တုံ့ပြန်လိုက်သည်။
သူမက တုန့်ဆိုင်းနေပြီး ထွက်ခွာသွားလိုစိတ်မရှိသည်ကို မြင်သောအခါ လော်ယွမ်သည် မျက်လုံးဖြင့် ဝေ့ကြည့်လိုက်ရာ မနီးမဝေးမှ လူအုပ်စု၏ ထူးဆန်းသော မျက်နှာထားများကို သတိပြုမိလိုက်သည်။ ဖျော်ဖြေစရာတခုအလား ကြည့်နေကြသည်မှာ ထင်ရှားလှ၏။ သူသည် စိတ်ထဲ၌ သက်ပြင်းချလိုက်ပြီး ဖန်းဖေ့ပင်ကို လက်လှမ်းပြလိုက်သည်။
ဖန်းဖေ့ပင်သည် အလျင်အမြန် ပြေးလာပြီး တဟီးဟီးရယ်ကာ ပြောလိုက်သည်။ "ဆရာ... ဘာခိုင်းစရာ ရှိလို့လဲ"
လော်ယွမ်က တစ်ဖက်လူ၏ ထူးဆန်းသော မျက်နှာထားကို ကြည့်ပြီး ခပ်အေးအေး ပြောလိုက်သည်။ "မင်းက ငါ့ကို ဆရာလို့ ခေါ်မှတော့ ငါလည်း မင်းကို တစ်ခုခု သင်ပေးရမှာပေါ့... ခုပဲစလိုက်ရအောင်... လေ့ကျင့်ရေးကွင်းကို လိုက်ခဲ့"
ဖန်းဖေ့ပင်၏ မျက်နှာသည် တည်ကြည်သွားပြီး လေးနက်စွာ ပြောလိုက်သည်။ "ဟုတ်ကဲ့ ဆရာ"
လော်ယွမ်၏ စိတ်ထဲ၌ ကျေနပ်သွားသည်။ အကယ်၍သာ တပည့်တစ်ယောက် လက်ခံလိုက်ပြီး အမြဲတမ်း တဟီးဟီး တဟားဟားဖြင့် အကြီးအငယ်မသိ ဖြစ်နေလျှင် ပါးစပ်က ထုတ်မပြောသော်လည်း စိတ်ထဲ၌ ဘဝင်ကျမည်မဟုတ်ပေ။ တစ်ဖက်လူ၏ ပထမအမြင်သည် သိပ်မကောင်းလှသော်လည်း နောက်ပိုင်းတွင် ပြုမူပုံများက ဤတပည့်ကို အကြမ်းဖျင်း လက်ခံနိုင်စေခဲ့သည်။
နှစ်ဦးသား ရှေ့ဆင့်နောက်ဆင့် လေ့ကျင့်ရေးကွင်းသို့ လျှောက်သွားကြသည်။ ဝူချင်းယုက လိုက်ပါသွားလိုသေးသော်လည်း လျှောက်လာသော လီတုန်းနှင့် အခြားသူများက တားဆီးလိုက်ကြသည်။
ဝက်သားမစားဖူးသော်လည်း ဝက်ကိုတော့ မြင်ဖူးကြသည်ပင်။ သိုင်းပညာကို ခိုးယူသင်ကြားခြင်းသည် သိုင်းလောက၏ တားမြစ်ချက်တစ်ခု ဖြစ်သည်။ အများစုက ဂရုမစိုက်ကြသော်လည်း အနည်းဆုံး လော်ယွမ်၏ သဘောတူညီချက်မရှိဘဲ အခြားသူ သင်ကြားနေသည်ကို ကြည့်ရှုခြင်းသည် ယဉ်ကျေးမှုမရှိသော ကိစ္စတစ်ခု ဖြစ်သည်။
နှစ်ဦးသား လျင်မြန်စွာ လျှောက်လှမ်းသွားကြပြီး ခဏကြာလျှင် လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိသွားကြသည်။
လော်ယွမ်သည် ကျန်းမာတောက်ဓားကို ဘေးသို့ ပစ်လိုက်ပြီး လက်နှစ်ဖက်ကို စက်ဝိုင်းပုံ ဝှေ့ယမ်းကာ ထိုက်ကျိသိုင်းကွက်တစ်ခု ပြင်ဆင်လိုက်သည်။ "မင်းရဲ့ စွမ်းအား အတိအကျကို မသိသေးဘူး... လာ ငါ့ကိုအားကုန်သုံးပြီးတိုက်"
သူ၏ လှုပ်ရှားမှုသည် နှေးကွေးပြီး လေးလံနေသည်။ လက်နှစ်ဖက်သည် ကြိတ်ခုံကို မွှေနေသကဲ့သို့ ဖြစ်နေပြီး ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ လေထုမဟုတ်ဘဲ စေးကပ်သော ကော်များ ရှိနေသကဲ့သို့ပင်။ ဤလှုပ်ရှားမှုတစ်ခုတည်းဖြင့်ပင် ဖန်းဖေ့ပင်၏ မျက်လုံးများကို အရောင်တောက်သွားစေခဲ့သည်။ တစ်ဖက်လူသည် ပေါ့ပေါ့ပါးပါး ရပ်နေသယောင် ထင်ရသော်လည်း တောင်တစ်လုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်သော အငွေ့အသက်တစ်ခု ပါဝင်နေပြီး မြေကြီးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
"ဆရာ... အပြစ်ပြုမိပြီ" ဖန်းဖေ့ပင်က တောင်းပန်စကားဆိုလိုက်ပြီး ခြေဖျားဖြင့် မြေကြီးကို နင်းလိုက်ကာ သွက်လက်သော ကျားသစ်တစ်ကောင် အစာဟပ်သကဲ့သို့ လော်ယွမ်ထံသို့ လျှပ်စီးပမာ ရောက်ရှိသွားသည်။ သူ၏ စွမ်းအားသည် အလွန်ကြီးမားပြီး ဆယ့်ခြောက်မှတ်အထိ ရောက်ရှိနေပြီဖြစ်ရာ ဤအကွာအဝေးတိုအတွင်း ချက်ချင်း ပေါက်ကွဲထွက်လိုက်သောအခါ အမြောက်ဆန် ပစ်လွှတ်လိုက်သကဲ့သို့ပင်။
သို့သော် အနားသို့ ရောက်ရှိလာသည်နှင့် လက်တစ်ဖက်သည် နှေးကွေးသော လှုပ်ရှားမှုဖြင့် သူ၏ လက်မောင်းပေါ်သို့ ဖြည်းညင်းစွာ တင်လိုက်ပြီး သူ လာရာ လမ်းကြောင်းအတိုင်း ညင်သာစွာ တွန်းပို့လိုက်သည်။ သူ ပြန်လည်မတုံ့ပြန်နိုင်မီမှာပင် တစ်ကိုယ်လုံးသည် တိမ်စီးပြီး ကောင်းကင်သို့ ပျံတက်သွားသကဲ့သို့ ဖြစ်သွားကာ ၁၅ပေအကွာသို့ လွင့်စဉ်ကျသွားတော့သည်။
ဖန်းဖေ့ပင် လူးလဲထလိုက်သောအခါ လော်ယွမ်သည် မူလနေရာ၌ပင် ဆက်လက်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဤတစ်ကြိမ်တွင် သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး လက်နှစ်ဖက်ကို စက်ဝိုင်းပုံ ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ထပ်လာခဲ့"
ဖန်းဖေ့ပင်၏ အမူအရာ တည်ကြည်သွားသည်။ ဤတစ်ကြိမ်တွင် မဆင်မခြင် တိုက်ခိုက်ရန် မဝံ့ရဲတော့ဘဲ လော်ယွမ်၏ ပတ်ပတ်လည်၌ လှည့်ပတ်နေတော့သည်။ ဆရာသည် မလှုပ်မယှက်ဘဲ မျက်လုံးများ မှိတ်ထားသည်ကို မြင်သောအခါ အခွင့်ကောင်းဟု ထင်မှတ်လိုက်ပြီး ခြေဖွနင်းကာ သရဲတစ္ဆေကဲ့သို့ လျင်မြန်စွာ ချဉ်းကပ်သွားသည်။
သို့သော် ဤသည်မှာ မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်ခြင်းမရှိပေ။ လက်သီးဖြင့် ထိုးလိုက်သည်နှင့် ယခင်မြင်ကွင်းအတိုင်း ထပ်မံဖြစ်ပေါ်လာပြန်သည်။ ခေါင်းမူးဝေသွားပြီး သတိပြန်ဝင်လာသောအခါ မြေပြင်ပေါ်၌ လဲလျောင်းနေပြီဖြစ်သည်။
လော်ယွမ်၏ လက်နက်မဲ့ တိုက်ခိုက်ခြင်းစွမ်းရည်သည် ဓားသိုင်းနှင့် မယှဉ်နိုင်သော်လည်း ၁၉မှတ်ထိ ရောက်ရှိနေပြီဖြစ်ရာ ကျွမ်းကျင်သူအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။ လက်တွေ့ဘဝ၌ဆိုလျှင် သိုင်းဆရာကြီးတစ်ဆူပင် ဖြစ်နေပြီဖြစ်သည်။ ထို့အပြင် လော်ယွမ် လေ့ကျင့်သည်မှာ ထိုက်ကျိသိုင်းဖြစ်ပြီး တစ်ဖက်လူ၏ အားကို အသုံးပြု၍ ပြန်လည်တိုက်ခိုက်ရာ၌ ကျွမ်းကျင်သည်။ ထို့အပြင် လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံကို အလွန်အမင်း နားလည်ထားပြီး အထိအတွေ့ဖြင့် အားကို နားထောင်ခြင်း၌ ကျွမ်းကျင်နေပြီဖြစ်ရာ လက်ဖြင့် ထိလိုက်သည်နှင့် တစ်ဖက်လူ မည်သည့်ဘက်သို့ ရွေ့လျားမည်၊ ကြွက်သားမည်မျှ ပါဝင်နေသည်ကို သိရှိနိုင်သည်။ တစ်ဖက်လူ၏ စွမ်းအား တစ်ဆ ပိုမိုကြီးမားနေသည့်တိုင်အောင် သူ့အတွက်မူ အသုံးမဝင်ပေ။
တကယ်တမ်းတွင် ဤယှဉ်ပြိုင်လေ့ကျင့်မှု၌ သူသည် အရှိန်နှင့် စွမ်းအား၏ တစ်ဝက်ခန့်ကိုသာ အသုံးပြုခဲ့သည်။ သို့တိုင်အောင် ဖန်းဖေ့ပင်သည် တစ်ကွက်မျှပင် မခံနိုင်ခဲ့ပေ။
"ထပ်လာခဲ့... ဒီတစ်ခါ မင်းရဲ့ သန္ဓေပြောင်းအစွမ်းကို သုံး" လော်ယွမ်က ပြောလိုက်သည်။
"သိပြီ... ဆရာ သတိထားနော်... ကျွန်တော့်ရဲ့ အစွမ်းက နည်းနည်းကြီးတယ်... ပြီးတော့ ထိန်းချုပ်ရတာလည်း နည်းနည်းခက်တယ်" ဖန်းဖေ့ပင်က သတိပေးလိုက်သည်။
လော်ယွမ်က ခေါင်းညိတ်လိုက်ပြီး ပေ၁၂၀ခန့် နောက်ဆုတ်ကာ အဝေး၌ ရပ်လိုက်သည်။ သူသည် ပေါ့ဆရန် မဝံ့ရဲပေ။ အထူးဆင့်ကဲပြောင်းလဲသူများ၏ စွမ်းအားကြီးမှုကို သူ ကြုံဖူးသည်။ စွမ်းရည်အများစုသည် သူပင်လျှင် ကြောက်ရွံ့ရသည်အထိ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ သူသည် မည်မျှပင် အားကောင်းစေကာမူ အသွေးအသားခန္ဓာကိုယ်သာ ဖြစ်၏။ တိုက်ခိုက်အားပြင်းထန်သော စွမ်းရည်အချို့ ထိမှန်သွားပါက သေဆုံးရန်သာ ရှိတော့သည်။
ဖန်းဖေ့ပင်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အသံနိမ့်ဖြင့် အော်ဟစ်လိုက်ရာ တစ်ကိုယ်လုံးမှ ကြွက်သားများ ရုတ်တရက် ဖောင်းပွလာသည်။ မရေမတွက်နိုင်သော သွေးကြောများသည် တီကောင်များကဲ့သို့ နေရာအနှံ့ တွားသွားနေကြသည်။ အရိုးအဆစ်များ တဂျွတ်ဂျွတ်မြည်သံနှင့်အတူ မူလက ၅.၅ပေသာရှိသော ခန္ဓာကိုယ်သည် အဆက်မပြတ် ကြီးထွားလာပြီး ဆွဲဆန့်ခံလိုက်ရသည်။
စက္ကန့်ဝက်အတွင်းမှာပင် ဖန်းဖေ့ပင်သည် ၆ပေကျော်အထိ ရောက်ရှိသွားသည်။ ခန္ဓာကိုယ် ဖောင်းပွလာမှုကြောင့် အရေပြားသည် တင်းရင်းပါးလွှာသွားပြီး ခန္ဓာကိုယ်မှ အဆီများ လုံးဝ ပျောက်ကွယ်သွားသည့်အလား သွေးရောင်လွှမ်းနေသော ကြွက်သားများကို မြင်တွေ့နေရသည်။ တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး အရေခွံဆုတ်ထားသကဲ့သို့ပင်။
ပို၍ အံ့ဩစရာကောင်းသည်မှာ နှာခေါင်းပေါက်မှ လေကြမ်းများ အဆက်မပြတ် ထွက်ပေါ်နေပြီး မီးပွားများ လွင့်စဉ်ထွက်နေခြင်းပင်ဖြစ်သည်။ မူလက အဖြူအမည်း သဲကွဲသော မျက်လုံးများသည်လည်း လုံးဝ အနီရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြမ်းကြုတ်ရက်စက်သော အငွေ့အသက်တစ်ခု တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။
"သန္ဓေပြောင်းတာလား" လော်ယွမ်သည် ကြည့်ရင်း လန့်သွားသည်။ ဤအငွေ့အသက်သည် ရှုပ်ထွေးကြမ်းကြုတ်ပြီး ရက်စက်နေကာ ဆင့်ကဲပြောင်းလဲမှု မအောင်မြင်သော သန္ဓေပြောင်းလူသားနှင့် အလွန်ဆင်တူသည်။ သို့သော် မတူပြန်ချေ။ အနည်းဆုံး ဖန်းဖေ့ပင်သည် သန္ဓေမပြောင်းလဲမီအချိန်၌ ပုံမှန်အတိုင်းပင် ဖြစ်သည်။ သို့သော် ဤသို့သော သန္ဓေပြောင်းလဲခြင်းသည် လော်ယွမ်အား ပြောမပြတတ်သော မကောင်းသည့် ခံစားချက်မျိုးကို ဖြစ်ပေါ်စေပြီး တစ်နေ့နေ့တွင် ထိန်းချုပ်မရ ဖြစ်သွားမည်ဟု ခံစားမိစေသည်။
လော်ယွမ်၏ စိတ်ထဲ၌ အတွေးတစ်ချက် ဖြတ်ပြေးသွားစဉ်မှာပင် ဖန်းဖေ့ပင်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ့ထံသို့ အော်ဟစ်ပြေးဝင်လာခဲ့သည်။
အသံသည် မိုးခြိမ်းသံကဲ့သို့ မြေအောက် အထပ်၁၅၌ အပြန်အလှန် ပဲ့တင်ထပ်နေတော့သည်။
ဆက်ရန်...
အပိုင်း(၃၃၀)အနိုင်ယူခြင်း
သန္ဓေပြောင်းအစွမ်းကို အသုံးပြုလိုက်သောအခါ ဖန်းဖေ့ပင်၏ အမြန်နှုန်းမှာ အဆပေါင်းများစွာ မြန်ဆန်သွား၏။ သန်မာကြမ်းတမ်းသော ခန္ဓာကိုယ်ကြီးသည် အဆုံးမဲ့ခွန်အားများဖြင့် ပြည့်နှက်နေသကဲ့သို့ပင်။ သူသည် ရှေ့သို့ တရစပ်တိုးဝင်လာသော တင့်ကားတစ်စီးပမာ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မြေကြီးက ဗုံးကွဲသကဲ့သို့ တုန်ခါသွား၏။
သို့သော် လော်ယွမ်အတွက်မူ အရာမထင်ပေ။ စိတ်စွမ်းအားထပ်ပေါင်းထားသည့် အမြန်နှုန်းနှင့် မနှိုင်းယှဉ်နှင့်ဦး၊ ခန္ဓာကိုယ်မူလအမြန်နှုန်းသက်သက်ဖြင့်ပင် တစ်ဆင့်နိမ့်နေသေးသည်။
လူမရောက်မီမှာပင် လေပြင်းများရစ်ပတ်ထားသော လက်သီးချက်တစ်ချက်သည် အမြောက်ဆံတစ်တောင့်ကဲ့သို့ လေထုကိုခွဲ၍ ရောက်ရှိလာ၏။ ပတ်ဝန်းကျင်လေထု စုတ်ပြဲသွားပြီး စူးရှသောအသံများ ထွက်ပေါ်လာကာ အသံထက်မြန်သောအရှိန်ဖြင့် ရိုက်ခတ်လာသည်။ သာမန်လူတစ်ဦးဆိုလျှင် တိုက်ရိုက်ထိမှန်ရန်မလို လက်သီးလေအဟုန်ဖြင့် ထိမိရုံမျှဖြင့်ပင် အရိုးများကျိုးကြေကာ သေလုမျောပါး ဖြစ်သွားနိုင်၏။ ဤမျှပြင်းထန်သော လက်သီးချက်ကို လော်ယွမ်ပင်လျှင် မျက်နှာပျက်သွားသည်။
လေပြင်းများသည် သူ၏ဆံပင်များကို ပြင်းထန်စွာ ဆွဲကိုင်ထားသကဲ့သို့ဖြစ်ပြီး မျက်နှာမှ အရေပြားများမှာလည်း ဓားဖြင့်လှီးဖြတ်နေသကဲ့သို့ နာကျင်နေသည်။ ဖန်းဖေ့ပင်၏ ပြေးလွှားနိုင်မှုအရှိန်မှာ လော်ယွမ်အတွက် အရာမထင်သော်လည်း ရုတ်တရက် ပေါက်ကွဲထွက်လာသော တိုက်ခိုက်မှုအရှိန်မှာမူ လော်ယွမ်ကို ခြိမ်းခြောက်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။
ဤကဲ့သို့ ကြမ်းတမ်းသော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် သူ၏မျက်နှာမှာ တည်ငြိမ်သွားသည်။ ခေါင်းကို အနောက်သို့ အနည်းငယ် ယိမ်းလိုက်ပြီး ညာဘက်ခြေထောက်ဖြင့် စက်ဝိုင်းပုံသဏ္ဌာန် ရေးဆွဲလိုက်ကာ ခါးကို တင်းကျပ်ထားသော လေးကိုင်းတစ်ခုသဖွယ် ကွေးလိုက်သည်။
ညာဘက်လက်သည် လက်သည်းကုတ်ဟန်ဖြင့် လေပြင်းထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး တစ်ဖက်လူ၏ လက်မောင်းကို ဆွဲကိုင်ရန် ကြိုးစားလိုက်သည်။ သို့သော် ထိမိရုံရှိသေး သူ၏လက်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ပြန်ကန်ထွက်သွားသည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်တွင် ထူးဆန်းသော တွန်းကန်အားစက်ကွင်းတစ်ခု ရှိနေသကဲ့သို့ အနားကပ်ရန်ပင် မဖြစ်နိုင်ပေ။
ထိုက်ချိသိုင်းပညာတွင် အာရုံခံစားမှုကို အလေးအနက်ထားသည်။ ရစ်ပတ်ခြင်းဖြစ်စေ၊ အားယူခြင်းဖြစ်စေ၊ ထိတွေ့၍မရလျှင် တစ်ဝက်ခန့် အရာမထင်တော့ပေ။
ရုတ်တရက် အပြောင်းအလဲနှင့် ကြုံတွေ့ရသော်လည်း လော်ယွမ်၏ မျက်နှာမှာ ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲပင်။ လက်လှုပ်ရှားမှုမှာ အနည်းငယ်မျှ နှေးကွေးသွားခြင်းမရှိ။ တစ္ဆေသရဲကဲ့သို့ ကိုယ်ကိုတိမ်းရှောင်လိုက်ပြီး တစ်ဖက်လူ၏ လက်သီးလေလှိုင်းကို ရှောင်ကွင်းကာ ဘယ်ဘက်လက်ဖြင့် ဂျိုင်းအောက်ကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ အားလျှော့ထားခြင်းမရှိတော့ပေ။ လေထု ပေါက်ကွဲသွားပြီး တန်ပေါင်းများစွာ လေးလံသော လက်သီးချက်သည် တစ်ဖက်လူ၏ ကိုယ်ပေါ်မှ မမြင်ရသော တွန်းကန်အားစက်ကွင်းကို ဖောက်ထွင်းဝင်ရောက်သွားသည်။ သို့သော် ကိုယ်ခန္ဓာနှင့် ထိတွေ့ချိန်တွင် အရှိန်ကုန်ဆုံးသွားပြီဖြစ်ရာ မည်သို့မျှ မလှုပ်ရှားစေနိုင်တော့ပေ။
အချိန်ဆိုင်းငံ့ခြင်းမရှိဘဲ လော်ယွမ်သည် တစ်ချက်ထိုးနှက်ပြီးနောက် ဖန်းဖေ့ပင် ကိုယ်ကိုစောင်း၍ အနေအထားမပျက်သေးမီ တရွတ်တိုက် လျှောက်လှမ်းကာ အနားသို့ တိုးကပ်သွားသည်။ ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး အားယူကာ လက်သီးနှစ်ဖက်ဖြင့် ခါးနှင့် နံရိုးအောက်ပိုင်းတို့ကို လျှပ်စီးလက်သကဲ့သို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ ထို့နောက် ချက်ချင်းဆိုသလိုပင် ကိုယ်ကို လှည့်လိုက်သည်။ ခြေထောက်မှ အားသည် ခါးသို့ရောက်ရှိလာပြီး ကိုယ်ခန္ဓာကို လေထဲတွင် ၁၈၀ ဒီဂရီ လှည့်ပတ်လိုက်ကာ ဘယ်ဘက်ခြေဖျားဖြင့် ဖန်းဖေ့ပင်၏ နားထင်ကို "ဘုန်း" ခနဲ ကန်ထည့်လိုက်သည်။ လှုပ်ရှားမှုအားလုံးမှာ တစ်ဆက်တည်းဖြစ်ပြီး မိုးကြိုးပစ်သကဲ့သို့ လျင်မြန်လှသည်။
ခြေထောက်၏ အားသည် လက်မောင်းထက် အဆပေါင်းများစွာ ပိုမိုသန်မာ၏။ နောက်ဆုံး ကန်ချက်သည် အနည်းဆုံး တန် ၂၀ ခန့် လေးလံပေလိမ့်မည်။
ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အားကြောင့် ဖြစ်ပေါ်လာသည့် လေပြင်းသည် ဖန်းဖေ့ပင်၏ တွန်းကန်အားစက်ကွင်းနှင့် မထိတွေ့မီမှာပင် ပေါက်ကွဲထွက်သွားသည်။ သို့သော် သန္ဓေပြောင်းအစွမ်းကို အသုံးပြုထားသော ဖန်းဖေ့ပင်တွင် စိတ်ကူးမယဉ်နိုင်လောက်သော တိုက်ပွဲအာရုံခံစားမှု ရှိနေသည်။ အန္တရာယ်ကို အာရုံခံမိသကဲ့သို့ သေရေးရှင်ရေး အခိုက်အတန့်တွင် ညာဘက်လက်ဖြင့် လျင်မြန်စွာ ကာကွယ်လိုက်သည်။
"ဘုန်း" လေထုထဲတွင် မမြင်ရသော လှိုင်းဂယက်များ ပေါက်ကွဲထွက်လာသည်။
ထို့နောက် လော်ယွမ်သည် ကြီးမားသော ပြန်ကန်အားကြောင့် လွင့်စင်သွားပြီး လေထဲတွင် ဝဲပျံကာ နောက်ဆုတ်လိုက်သည်။
ထိုအချိန်တွင် ဖန်းဖေ့ပင်သည်လည်း နောက်သို့ ခြေလှမ်းအနည်းငယ် ယိုင်နဲ့သွားသည်။ လော်ယွမ်၏ နတ်တပါးကဲ့သို့ ပေါ့ပါးလှပသော လှုပ်ရှားမှုနှင့် နှိုင်းယှဉ်လျှင် ဖန်းဖေ့ပင်မှာမူ သားရဲကြီးတစ်ကောင် သောင်းကျန်းနေသကဲ့သို့ပင်။ ကွင်းပြင်၏ မြေသားများ ကွဲအက်သွားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်တိုင်း မရေမတွက်နိုင်သော အက်ကြောင်းများ ဖြစ်ပေါ်လာသည်။
ဤနေရာသည် နောက်ဆုံးအထပ်ဖြစ်နေသောကြောင့်သာ တော်သေးသည်။ သို့မဟုတ်ပါက ဤကွင်းပြင်သည် ကြာရှည်ခံနိုင်မည်မဟုတ်ဘဲ ပြိုကျသွားပေလိမ့်မည်။
အန္တရာယ်၏ လှုံ့ဆော်မှုကြောင့် ဖန်းဖေ့ပင်သည် လော်ယွမ်ကို ကြိမ်ဖန်များစွာ ဟိန်းဟောက်လိုက်သည်။ ဒေါသအလွန်ထွက်နေပြီး မျက်လုံးများထဲမှ အနီရောင်အလင်းတန်းများမှာ ပိုမိုတောက်ပလာကာ တစ်ကိုယ်လုံးမှ ကြွက်သားများ ထပ်မံ ဖောင်းပွလာသည်။ သန္ဓေပြောင်းအစွမ်းကို အသုံးပြုပြီးနောက် သူ၏ စကားပြောနိုင်စွမ်း ပျောက်ဆုံးသွားပုံရပြီး စရိုက်မှာလည်း အလွန်ကြမ်းတမ်းလာကာ အသိဉာဏ် ကင်းမဲ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ဖန်းဖေ့ပင် ကြမ်းတမ်းသော အရှိန်ဖြင့် ပြေးဝင်လာသည်ကို ကြည့်ရင်း လော်ယွမ်သည် ခြေဖျားမှ နာကျင်မှုကို ခံစားလိုက်ရပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ "သေစမ်း... ဒါ လူလား သတ္တဝါပြောင်းလားဟ... သူ့ခွန်အားက အနည်းဆုံး ၁၇ မှတ်လောက် ရှိနေပြီ ငါ့ထက် နှစ်ဆကျော် ပိုသန်မာတယ်... သူအားအကုန်မထုတ်နိုင်လို့သာ မဟုတ်ရင် ၁၈ မှတ်တောင် ကျော်လောက်တယ်... မယုံနိုင်စရာပဲ"
အကယ်၍ သတ္တဝါပြောင်းသာဖြစ်ပါက သူ ဓားတစ်ချက်တည်းဖြင့် ဖြေရှင်းလိုက်ပြီဖြစ်သည်။ ကိုယ်ခန္ဓာခွန်အားနှင့် နှိုင်းယှဉ်လျှင် သူ၏ အစွမ်းထက်မှုသည် နည်းစနစ်နှင့် အမြန်နှုန်းတွင် ရှိပြီး၊ ထက်မြက်လှသော ကျန်းမာတောက်ဓားနှင့် ပေါင်းစပ်လိုက်ပါက ဤကဲ့သို့ ခွန်အားနှင့် ကာကွယ်ရေး အလွန်ကောင်းမွန်သော သတ္တဝါမျိုးကို ထင်းခွဲသကဲ့သို့ လွယ်ကူစွာ ဖြေရှင်းနိုင်၏။
သို့သော် ကိုယ်ခန္ဓာသက်သက်ဖြင့်ဆိုလျှင် အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်ကပင် သူ့ကို ခေါင်းကိုက်စေနိုင်သည်။ ယခု မျက်စိရှေ့မှ ဖန်းဖေ့ပင်၏ အလုံးစုံစွမ်းဆောင်ရည်မှာ သာမန် အစိမ်းနုရောင်အဆင့် သတ္တဝါထက် မနိမ့်ကျပေ။
လော်ယွမ် ခါးသက်စွာ ပြုံးလိုက်သည်။ နောက်တစ်ခဏတွင် နှစ်ယောက်သား ထပ်မံတိုက်ခိုက်ကြပြန်သည်။ ကြီးမားသော အားအရှိန်များကြောင့် ကွင်းပြင်တွင် လေပြင်းများ တိုက်ခတ်နေပြီး ပေါက်ကွဲသံကြီးများ မကြာခဏ ထွက်ပေါ်နေကာ ကျောက်စရစ်ခဲများက ကျည်ဆန်များသဖွယ် အရပ်ရပ်သို့ လွင့်စင်နေသည်။
တိုက်ပွဲမှာ တစ်ဖက်သတ်နီးပါးပင်။ ဖန်းဖေ့ပင်သည် ခွန်အားကြီးမားသော်လည်း လျင်မြန်မှုတွင်မူ လော်ယွမ်ကို လုံးဝမမီပေ။ လော်ယွမ်၏ ထိုးနှက်မှုများကို ဆက်တိုက်ခံနေရပြီး နောက်သို့ တရစပ်ဆုတ်ခွာနေရသည်။ တစ်စက္ကန့်လျှင် လက်သီးချက် ဆယ်ဂဏန်းကျော် ထိမှန်နေပြီး မိုးသက်မုန်တိုင်းကျရောက်သကဲ့သို့ ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်နေသည်။ သူသည် ခုခံရန်ပင် မအားလပ်တော့ဘဲ အထိုးခံနေရုံသာ တတ်နိုင်တော့သည်။ လက်သီးတစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် လော်ယွမ်၏ လေးလံသောလက်သီးချက်ကြောင့် ပြတ်တောက်သွားပြီး ကာကွယ်ရန် ပြင်လိုက်သည်နှင့် တိုက်ခိုက်မှုလမ်းကြောင်း ပြောင်းသွားပြန်ရာ မည်သို့မျှ ကာကွယ်တားဆီး၍ မရနိုင်တော့ပေ။
သူ၏ကိုယ်ပေါ်မှ တိုက်ခိုက်ရေးဝတ်စုံသည် လေတိုက်စားခံရသကဲ့သို့ လျင်မြန်စွာ စုတ်ပြဲသွားပြီး အဝတ်စလေးများ လေထဲတွင် လွင့်ပျံနေသည်။
ဤကဲ့သို့ အသားချင်းထိ၊ ရိုးချင်းရိုက် တိုက်ခိုက်ရသော တိုက်ပွဲမျိုးသည် လော်ယွမ်၏ သွေးများကို ဆူပွက်လာစေသည်။ ဤမျှကောင်းမွန်သော သဲအိတ်မျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ ယခင်က တိုက်ပွဲများတွင် အားနည်းချက်ကိုရှာ၍ တစ်ချက်တည်းဖြင့် အသေသတ်ရန်သာ အာရုံစိုက်ခဲ့ရသည်။ သန္ဓေပြောင်းသတ္တဝါများမှာ ကိုယ်ခန္ဓာကြီးမားပြီး ခွန်အားကြီးမားလှသဖြင့် ထိပ်တိုက်ရင်ဆိုင်ခြင်းသည် တောင်ပို့ကို နှံကောင်ဝင်တိုက်သကဲ့သို့ မိမိကိုယ်ကို အထင်ကြီးလွန်းရာ ကျပေလိမ့်မည်။
ထို့ကြောင့် လော်ယွမ်၏ တိုက်ခိုက်မှုပုံစံမှာ သရဲတစ္ဆေကဲ့သို့၊ လုပ်ကြံသတ်ဖြတ်သူကဲ့သို့ ဖြစ်လာခဲ့သည်။ အသားချင်းထိ တိုက်ခိုက်ခြင်းကို မနှစ်သက်၍ မဟုတ်ဘဲ မတတ်နိုင်သောကြောင့်သာ ဖြစ်သည်။
ယနေ့တွင်မူ ဤမျှခံနိုင်ရည်ရှိသော လေ့ကျင့်ဖော်တစ်ဦးကို တွေ့ရှိလိမ့်မည်ဟု မထင်မှတ်ခဲ့မိပေ။ သူ့ကို စိတ်ရှိလက်ရှိ တိုက်ခိုက်ခွင့်ရစေပြီး သွေးဆူစေကာ အလွန်အားရကျေနပ်စေသည်။
သို့သော် လော်ယွမ်သည် ဖန်းဖေ့ပင်အပေါ် တိတ်တဆိတ် အံ့အားသင့်နေမိသည်။ သူသည် အထိုးခံနေရပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသကဲ့သို့ ထင်ရသော်လည်း လော်ယွမ်၏ လက်သီးချက် တစ်ချက်စီက တန်ပေါင်းများစွာ လေးလံ၏။ သာမန်လူတစ်ဦးဆိုလျှင် တစ်ချက်တည်းဖြင့် တစစီဖြစ်သွားမည်ဖြစ်ပြီး သာမန် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူများပင် ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ သို့သော် ဤစက္ကန့်ပိုင်းအတွင်း သူ၏ကိုယ်ပေါ်သို့ လက်သီးချက် ရာပေါင်း၊ ထောင်ပေါင်းများစွာ ကျရောက်ခဲ့သော်လည်း သူ၏ကိုယ်ပေါ်မှ တွန်းကန်အားစက်ကွင်းကြောင့် မည်သည့်ဒဏ်ရာမျှ မရရှိခဲ့သည့်အပြင် တိုက်ခိုက်လေ ပိုမိုသန်စွမ်းလာလေ ဖြစ်နေသည်။
ပို၍ အံ့ဩစရာကောင်းသည်မှာ ထိုလျှို့ဝှက်ဆန်းကြယ်သော တွန်းကန်အားစက်ကွင်းသည် ဖျက်စီးလိုက်တိုင်း ချက်ချင်း ပြန်လည်ပေါင်းစပ်သွားပြီး ဟာကွက်မရှိသလောက်ပင်။ ဤကဲ့သို့ ကာကွယ်နိုင်စွမ်းမှာ မယုံနိုင်စရာပင်တည်း။
ဆယ်မိနစ်ခန့်အကြာတွင် နှစ်ယောက်စလုံး မောဟိုက်လာကြသည်။ ပြင်းထန်သော တိုက်ပွဲအတွင်း အားအင်ကုန်ခမ်းမှုသည် မီတာတစ်ရာ အပြေးပြိုင်ပွဲထက် မလျော့နည်းပေ။ လော်ယွမ်ရော ဖန်းဖေ့ပင်ပါ တစ်ကိုယ်လုံးမှ ရေငွေ့များ ထွက်ပေါ်နေပြီး အသက်ရှူသံများ ပြင်းထန်လာသည်။
လော်ယွမ်သည် တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ စိတ်တစ်ချက် လှုပ်ရှားလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရေလှိုင်းကဲ့သို့သော အလင်းရောင်တစ်ခု လွှမ်းခြုံသွားပြီး မီးရောင်အောက်တွင် ထင်ရှားစွာ မြင်တွေ့နေရသည်။ စိတ်စွမ်းအား ၁၇ မှတ်သို့ ရောက်ရှိသောအခါ စိတ်စွမ်းအားအလင်းရောင်သည် ဒြပ်ရှိသောအရာဝတ္ထုကဲ့သို့၊ စီးဆင်းနေသော အရည်ကဲ့သို့ ဖြစ်လာသည်။ နောက်တစ်ခဏတွင် မှိန်ဖျော့ဖျော့အလင်းရောင် ထွက်ပေါ်နေသော လက်သီးတစ်လုံးသည် တစ်ဖက်လူ၏ အကာအကွယ်စက်ကွင်းကို တိတ်တဆိတ် ဖောက်ထွင်းဝင်ရောက်သွားသည်။ အလင်းရောင်သည် တစ်ခဏမျှ မှေးမှိန်သွားပြီးနောက် ချက်ချင်း တောက်ပလာကာ ဖန်းဖေ့ပင်၏ ရင်ဘတ်ထဲသို့ စိုက်ဝင်သွားသည်။
ချက်ချင်းပင် ဖန်းဖေ့ပင်၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်လုံးများ ဗလာနတ္ထိဖြစ်သွားကာ မလှုပ်မယှက် ရပ်တန့်သွားသည်။
မကြာမီ သူ၏ကိုယ်ပေါ်မှ ထူးခြားမှုများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျုံ့သွားသကဲ့သို့ဖြစ်ကာ မြေပြင်ပေါ်သို့ ပျော့ခွေစွာ လဲကျသွားတော့သည်။
ဆယ်စက္ကန့်ကျော်ကြာမှ ဖန်းဖေ့ပင်သည် သတိပြန်လည်လာသည်။ ခေါင်းတစ်ခုလုံး ကွဲထွက်မတတ် နာကျင်နေပြီး စိတ်ဝိညာဉ်ကိုပင် ပြင်းထန်စွာ ရိုက်နှက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အနီးအနားတွင် တင်ပျဉ်ခွေထိုင်နေသော လော်ယွမ်ကို ကြည့်ရင်း စိတ်ထဲတွင် ပိုမိုလေးစားရိုသေသွားမိသည်။
သူသည် သန္ဓေပြောင်းအစွမ်းကို အသုံးပြုပြီးနောက် မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ရန် ခက်ခဲပြီး စကားလည်း မပြောနိုင်တော့ဘဲ တစ်ကိုယ်လုံး ရှင်းပြမရသော ဒေါသနှင့် ကြမ်းတမ်းမှုတို့ဖြင့် ပြည့်နှက်နေလေ့ရှိသည်။ သို့သော် အသိစိတ်မရှိသည်တော့ မဟုတ်ပေ။ နောက်ဆုံးတိုက်ခိုက်မှု ထိမှန်လိုက်သည့်အချိန်တွင် သူ၏ဦးနှောက်သည် ဗလာဖြစ်သွားပြီး ဘာမျှမတွေးနိုင်တော့ပေ။ ထိုတစ်ခဏတာတွင် မိမိသေဆုံးသွားပြီဟုပင် ထင်မှတ်လိုက်မိသည်။
ဖန်းဖေ့ပင်သည် လုံးဝ အရှုံးပေးလိုက်ရပြီး မာနများလည်း ပျောက်ဆုံးသွားခဲ့ပြီဖြစ်သည်။ လော်ယွမ် မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ သူ သက်ပြင်းတစ်ချက်ချလိုက်ပြီး မတ်တပ်ထရပ်ကာ "ဆရာ" ဟု ခေါ်လိုက်သည်။
"ထိုင်" လော်ယွမ်က ပြောလိုက်သည်။
"ဟုတ်ကဲ့ ဆရာ"
လော်ယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အဲ့လောက် ယဉ်ကျေးဖို့မလိုပါဘူး... ငါ အရင်က ပြောဖူးသလိုပဲ မင်းမှာ မူလအခြေခံရှိပြီးသားဆိုတော့ အဲ့ဒီအခြေခံက အသားကျနေပြီ ပြောင်းလဲဖို့က အရမ်းခက်တယ်... အဲ့တော့အခြေခံကနေ ပြန်စမှပဲရမှာ... ဒါပေမဲ့ ဒါတွေက နည်းစနစ်တွေပဲမလား... ကြိုးစားလေ့ကျင့်ရင် တစ်နေ့ ပြောင်းလဲလာမှာပါ"
"ဒါပေမဲ့ သူများတွေပြောသလိုပေါ့... ခန္ဓာကိုယ်ကိုလေ့ကျင့်ဖို့ လွယ်ကူပေမယ့် စိတ်ကို ပြုပြင်ဖို့ ခက်တယ်တဲ့... ခန္ဓာကိုယ်လေ့ကျင့်တာက ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ပဲ... စိတ်ကိုလေ့ကျင့်တာက ကိုယ့်ရဲ့စိတ်ခံစားချက်ကို ထိန်းချုပ်တာပဲ... ပုံမှန်ဆို သာမန်လူတွေအတွက် တစ်ဆင့်ချင်းသွားလို့ရတယ်... ခန္ဓာကိုယ်ကိုအရင်လေ့ကျင့်ပြီးမှ စိတ်ကိုလေ့ကျင့်လို့ရတယ်... ဒါပေမဲ့ မင်းကတော့ မတူဘူး... မင်းရဲ့ သန္ဓေပြောင်းအစွမ်းက ပြဿနာရှိနေတယ်"
"မင်းကိုယ့်အစွမ်းကို ထိန်းချုပ်ဖို့ ခက်နေတယ် မလား"
ဖန်းဖေ့ပင်က အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တယ်... ဘာလို့လဲမသိဘူး အဲ့အစွမ်းသုံးလိုက်တာနဲ့ ဒေါသတွေအရမ်းထွက် စိတ်တွေတိုလာပြီး အားလုံးကို ဖျက်ဆီးချင်စိတ်တွေ ပေါ်လာတာပဲ... ပြီးတော့ အားကုန်ပြီးပင်ပမ်းသွားတဲ့အထိ ကိုယ့်သဘောနဲ့ကိုယ် ရပ်လိုက်လို့မရဘူး... ပုံမှန်ဆို သေရေးရှင်ရေးအခြေအနေကလွဲရင် ကျွန်တော်လုံးဝမသုံးဘူး... ဒီနေ့တောင် ဆရာ့အစွမ်းကို သိထားလို့သာ... မဟုတ်ရင် ကျွန်တော် သုံးရဲမှာ မဟုတ်ဘူး"
"ဒါဆို ပုံမှန်အချိန်တွေမှာရော သက်ရောက်လား" လော်ယွမ်က မေးလိုက်သည်။ ဖန်းဖေ့ပင်၏ မျက်လုံးများကို ကြည့်လိုက်ရာ မျက်ဆံထဲတွင် အနီရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့ ကျန်ရှိနေသေးသည်ကို သတိပြုမိလိုက်သည်။
လော်ယွမ်၏ စူးရှသော အကြည့်အောက်တွင် ဖန်းဖေ့ပင်သည် မသိစိတ်ဖြင့် ခေါင်းငုံ့လိုက်မိပြီး လုံးဝဖုံးကွယ်မထားရဲတော့ပေ။ "နည်းနည်းတော့ သက်ရောက်တာမျိုးရှိတယ်... ဒါပေမဲ့ ထိန်းချုပ်နိုင်ပါတယ်... အထူးသဖြင့် အစွမ်းသုံးပြီးကာစ အချိန်တွေမှာဆို စိတ်တိုအရမ်းလွယ်တယ်... ခဏနေရင်တော့ ကောင်းသွားတာပါပဲ"
လော်ယွမ် မျက်မှောင်ကြုတ်လိုက်ပြီး စဉ်းစားခန်းဝင်သွားသည်။ ဆင့်ပဲပြောင်းလဲမှုမအောင်မြင်သည့် လူသားများမှလွဲ၍ အစွမ်းက စိတ်နေသဘောထားအပေါ် လွှမ်းမိုးမှုရှိသည်ကို ဤသည် ပထမဆုံးအကြိမ် တွေ့ရှိရခြင်းဖြစ်သည်။ သူ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "အခုကြည့်ရတာတော့ မင်းရဲ့ပြဿနာက အရမ်မကြီးသေးဘူး... ဒါပေမဲ့ မဖြေရှင်းပဲဒီတိုင်းထားရင်တော့ အန္တရာယ်ရှိနိုင်တယ်... မင်း တရားထိုင်နည်းသင်ဖူးလား"
"အရင် သိုင်းလေ့ကျင့်တုန်းကတော့ ယောဂကျင့်စဉ်ရဲ့ တရားထိုင်နည်းကို သင်ဖူးတယ်... တင်ပျဉ်ခွေထိုင်တာလည်း လေ့ကျင့်ဖူးတယ်... ဒါပေမဲ့ သိပ်အသုံးမဝင်သလိုပဲ" ဖန်းဖေ့ပင်က ရိုးသားစွာ ဖြေသည်။
"အသုံးမဝင်ဘူးလား ဟုတ်လား..." လော်ယွမ်က တိုးတိုးလေး ရေရွတ်လိုက်သည်။
သို့သော် နောက်တစ်ခဏတွင် ဖန်းဖေ့ပင် မျက်လုံးပြူးသွားသည်။ တောင်ကြီးတစ်လုံးပမာ ကြီးမားသော အရှိန်အဝါတစ်ခု လော်ယွမ်၏ ကိုယ်ပေါ်မှ ထွက်ပေါ်လာသည်။ မမြင်ရသော စွမ်းအားကြောင့် ပတ်ဝန်းကျင်မှ ကျောက်စရစ်ခဲများ လေထဲသို့ လွင့်တက်လာပြီး လေထုပင် ခဲသွားသကဲ့သို့ ဖြစ်သွားရာ အသက်ရှူရန်ပင် ခက်ခဲလာသည်။ သူ နောက်ဆုတ်ရန် ကြိုးစားသော်လည်း ကိုယ်ခန္ဓာမှာ ဘီလူးစီးခံနေသကဲ့သို့ လုံးဝမလှုပ်ရှားနိုင်တော့ပေ။ အဆုံးမဲ့သော မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ကြောက်ရွံ့မှုတို့က သူ၏ နှလုံးသားကို လွှမ်းမိုးသွားသည်။
လော်ယွမ် ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသော လက်ချောင်းကို ဆန့်ထုတ်လိုက်သည်ကို သူ မျက်မြင်တွေ့လိုက်ရသည်။ ထို့နောက် ရေကဲ့သို့သော အလင်းရောင်များ လက်ချောင်းမှ ထွက်ပေါ်လာပြီး ၃ပေကျော်ရှည်သော အလင်းတန်းတစ်ခုအဖြစ် ပန်းထွက်လာသည်။ ၁၂ပေ၊ ၁၃ပေအကွာမှပင် သူ၏အရေပြားကို အပ်ဖြင့်ထိုးသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရသည်။ ထို့နောက် လော်ယွမ်က ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ကျောက်သားဖြင့်ပြုလုပ်ထားသော ကွင်းပြင်တွင် ၁၅ပေရှည်သော အက်ကြောင်းတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။ သေးငယ်လွန်း၍ မမြင်ရလုနီးပါးဖြစ်သော အက်ကြောင်းတစ်ခုပင်။
လော်ယွမ်၏ စိတ်စွမ်းအား ၁၇ မှတ်သို့ ရောက်ရှိပြီးနောက် သူ၏ ဓားအလင်းတန်းသည် လက်နက်မပါဘဲ တိုက်ခိုက်နိုင်သည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ကျန်းမာတောက်ဓား မရှိလျှင်ပင် အချိန်တိုအတွင်း သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ လျော့ကျသွားမည်မဟုတ်ပေ။ သို့သော် ဤသို့ လက်ဗလာဖြင့် စိတ်စွမ်းအားအသုံးပြုခြင်းသည် စွမ်းအင်ကုန်ဆုံးမှု များပြားလှပြီး ကျန်းမာတောက်ဓားကို အသုံးပြုခြင်းလောက် သက်သာလွယ်ကူခြင်း မရှိပေ။
ဖန်းဖေ့ပင် ကြောင်ငေးနေစဉ်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ရုတ်တရက် ပျောက်ကွယ်သွားရာ အိပ်မက်မက်နေသကဲ့သို့ပင်။ လေထဲမှ ပြုတ်ကျလာသော ကျောက်တုံးများနှင့် အလယ်မှ သေးငယ်သော အက်ကြောင်းသာ မရှိခဲ့လျှင် အရာအားလုံးသည် စိတ်ထင်ယောင်ထင်မှား ဖြစ်သည်ဟုပင် သူ ထင်မိပေလိမ့်မည်။
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မျက်နှာဖြူဖျော့စွာဖြင့် ကြောက်လန့်တကြား မေးလိုက်သည်။ "ဆရာ... ဒါ... ဒါက ဘာလဲ... ဆရာ့ရဲ့ စူပါအစွမ်းလား"
"မဟုတ်ဘူး... ဒါက ငါမင်းကို သင်ပေးမယ့်ဟာပဲ"
ဆက်ရန်...